Saturday, May 18, 2013

လင်းမြွေကျောလား၊ ငါ့ကျောလား။

    ဒီခေါင်းစဉ်လေးက စာရေးသူငယ်စဉ်က ဖတ်ခဲ့ဘူးတဲ့ ပုံပြင်လေးထဲက တစ်ခုပါ။ ဇာတ်လမ်း အကျဉ်း ကတော့ တစ်ခါက လင်းမြွေတစ်ကောင်နဲ့ လိပ်တစ်ကောင်ဟာ အဆွေ ခင်ပွန်းဖွဲ့ပြီး နေကြသတဲ့။ တစ်နေ့တော့ သူတို့နေတဲ့ တောင်ကုန်းထိပ်က မီးတောင်ဟောင်းက ထပေါက်ကွဲလို့ ချော်ရည်တွေနဲ့ ကျောက်တုံး အပိုင်းအစတွေ လွင့်စင် လာပါသတဲ့။ အဲ့ဒီ အခါမှာ လွှင့်စင်လာတဲ့ ကျောက်တုံး အပိုင်းအစ တစ်ခုက လိပ်ရဲ့ ကျောကုန်း လာပြီး ထိမှန် သတဲ့။ အဲဒီ အခါမှာ “ဒေါင်” ကနဲ အသံ တစ်ခု ထွက်လာပါ သတဲ့။ အဲဒီ အချိန်မှာ လိပ်ကနေပြီး ပြောသတဲ့၊ ခုနက ကျောက်ခဲ လာမှန်လို့ မြည်တဲ့ အသံကို လင်းမြွေ ကျောလား၊ ငါ့ကျောလား ဆိုပြီး အော်လိုက် သတဲ့။ လိပ် ပြောလိုက်တဲ့ အသံကြောင့် လင်းမြွေခမျာ အူကြောင်ကြောင် ဖြစ်သွားပြီး ဘယ်နဲ့ ငါ့ ကျောက ပျော့စိစိနဲ့ ကျောက်ခဲမှန်ရင် ဘယ်နဲ့ အသံ ထွက်ပါ့မလဲ။ လိပ် ကျောကုန်းထိလို့သာ “ဒေါင်” ကနဲ အသံ ထွက်လာတာကို လိပ်ကပဲ ဦးအောင် ပြောရတယ် ရှိသေး ဆိုပြီး ပြေးရင်း လွှားရင်း လင်းမြွေက တွေးမိ သတဲ့။

    အဲဒီတော့ ဒီ ဇာတ်လမ်းလေး အကျဉ်းကို ပြောရတာ အကြောင်း ရှိလို့ပါ။ ခုခေတ် လူငယ်လေးတွေက မိမိ ပတ်ဝန်းကျင်မှာ ပြဿနာတွေ၊ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ၊ မပြေလည်မှုတွေ ဖြစ်နေတာကို မိမိနဲ့ မသက်ဆိုင်ဘူး ဆိုပြီး ခပ်ပေါ့ပေါ့ နေနေကြတာကို တွေ့နေရလို့ သတိ ပေးတာပါ။ မိမိရဲ့ အနာဂတ် အခြေအနေကို ဘယ်သူမှ ကြို မသိနိုင်တော့ ကြိုတင် သတိထားမှု၊ ပြင်ဆင်မှုတွေ မလုပ်ကြတဲ့ လူငယ်တွေက အများစု ဖြစ်နေကြတာ တွေ့နေရပါတယ်။

    သိပ် မကြာသေးပါဘူး။  အသိ မိတ်ဆွေ မိသားစု တစ်စု သူတို့ ကိုယ်ပိုင် ဗန် ဆလွန်းလေးနဲ့ နေပြည်တော်ဘက် ကိစ္စတစ်ခုနဲ့ ခရီး သွားကြတာ၊ လမ်းမှာ မထင်မှတ်ဘဲ နေပြည်တော် ဘက်မှလာတဲ့ ရှပ်ဖ်ကား တစ်စီးက အရှိန် ပြင်းပြင်းနဲ့ ဒလိမ့်ခေါက်ကွေး မြှောက်ပြီး လာနေတာကို သူတို့ ကားပေါ်မှာ ပါတဲ့ သားငယ်က မြင်တော့ မောင်းနေတဲ့ သူ့အဖေကို ပါပါး ဟိုမှာ ကားတစ်စီး မြှောက်ပြီး သားတို့ ကားဆီ လာနေတာ မြင်လားလို့ ပြောနေတုံး အဲဒီကားက မြှောက်လိုက် လှန်လိုက်နဲ့ အရှိန်နဲ့ လာနေရာက သူတို့ကားနားလည်း ရောက်ရော သူတို့ကား အပေါ်ပြုတ်ကျပြီး ကားထဲ ပါလာတဲ့ သူတို့ မိသားစုထဲက အဖေနဲ့ အမေဟာ ပွဲချင်းပြီး ကားပိပြီး သေဆုံး သွားပါတယ်။ ခုနက သတိပေးတဲ့ သားငယ်က ခြေထောက်နဲ့ ခေါင်းမှာ ဒဏ်ရာရပြီး အတွင်း လူနာအဖြစ်နဲ့ နေပြည်တော် ဆေးရုံမှာ ကုသမှုကို ခံယူနေရပြီး၊ သားကြီးကတော့ အပြင်ဘက် လွင့်ပြီး ပွန်းပဲ့ရုံပဲ ဖြစ်ပြီး အသက် ဘေးက လွတ်သွား ပါတယ်။ ဒီတော့ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် သားကြီးက House Surgeon ဆင်း နေတဲ့ ဆရာဝန်ပါ။ သားငယ်ကတော့ ရှစ်တန်း ကျောင်းသားပါ။ အဖေက ကန်ထရိုက်တာ တစ်ဦးပါ။ ခုတော့ အရွယ်မမယ် သားငယ်နဲ့ သားကြီး House Surgeon ဆင်းနေတဲ့ သားနှစ်ယောက် လောက အလယ် ကျန်ခဲ့ပါတယ်။ သားကြီးကလည်း သူ့ကျောင်းကိစ္စနဲ့ ဆိုတော့ သူ့အဖေ အလုပ်က ဘာမှ မလုပ်တတ် မကိုင်တတ်၊ ညီငယ်ကလည်း နေပြည်တော် ဆေးရုံမှာ တင်ထားဆဲ ဆိုတော့ စာဖတ်သူတွေပဲ စဉ်းစား ကြည့်ပါ။ ဘယ်လောက် သနားစရာ ကောင်းသလဲ။ အဲဒီတော့ အနာဂတ်မှာ ဒီလို မဖြစ်မျိုးတွေနဲ့ ကြုံတွေ့ ရလိမ့်မယ်လို့ ဘယ်သူကမှ ကြို မတွက် ထားပါဘူး။ ဖြစ်လာခဲ့တော့မှ ဘာမှ မပြင်ဆင် ရသေးတော့ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့မှာကို နောင် လူငယ်တွေ မဖြစ်ရလေအောင်လို့ သက်ရှိ ထင်ရှား ရှိနေစဉ် မိဘနှစ်ပါးကို ဂါရ၀တရား ထားတတ်ဖို့၊ ဆရာသမားတွေရဲ့ စကားကို မပယ်ရှားဖို့၊ တတ်သိ နားလည်တဲ့ လူကြီးသူမတွေ ဆိုဆုံးမတဲ့ အခါ သေသေချာချာ နားထောင်ပြီး လိုက်နာ ကြဖို့၊ အချိန်မ လွန်ခင် အမှားတွေ ပြင်ဆင်နိုင်အောင် သတိပေး တာပါ။

 
   ဘယ်သူမဆို မှန်တယ် ထင်လို့ လုပ်တဲ့သူတွေ အထဲမှာ တကယ် မှန်၏၊ မမှန်၏ ဆိုတာ တရားတော်တွေနဲ့ ညှိကြည့်ပြီး လိုနေရင် ဖြည့်၊ ပိုနေရင် လျော့ပေးဖို့ ပြောတာပါ။ သေခြင်းတရားနဲ့ မနက်ဖြန် ဘယ်ဟာ ပိုနီးသလဲ ဆိုရင် သေခြင်းတရားက ပိုနီးတယ်ဆိုတာ ခုနက သာဓကလေးက သက်သေ ပြနေပါတယ်။ လူဆိုတာ မွေးဖွားလာပြီး ဘယ်သူမဆို သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမှာ ဓမ္မတာ ဆိုပေမဲ့၊ အသေဆိုးနဲ့ မကြုံဖို့၊ ကောင်းတာလေးတွေ ခုကတည်းက ကြိုတင် လုပ်ကြပြီး၊ မလုပ်ရသေးဘူးဆိုရင် အခု စလုပ်ကြဖို့၊   လုပ်နေဆဲ လူတွေက ဆက်လက်ပြီး ဇွဲ မလျော့ပဲ ဆက်လက် လုပ်ဆောင်ကြဖို့ သတိ ပေးတာပါ။ ဘယ်သူ မဆို၊ အိုကြ ရမယ်။ ပြီးရင် နာရအုံးမယ်။ နောက်ဆုံး သေရအုံးမှာပါ။ အဲဒီတော့ မလိုအပ်တဲ့ မကောင်းမှုကို ရှောင်ပြီး၊ ကောင်းမှုတွေကိုပဲ ခုကတည်း လုပ်ကြဖို့ သတိပေး တိုက်တွန်း လိုက်တာပါ။ ဒီ ခေါင်းစဉ်ထဲကလို ကိုယ့် တည့်တည့် ထိမှန်တာကို လင်းမြွေ ကျောလား၊ ငါ့ ကျောလား ဆိုပြီး အော်နေတဲ့ လိပ်ကလေးလို ဖြစ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့် သတိပေးရင်း အားလုံး ကျန်းမာ ရွှင်လန်းပြီး သာယာ ဖြောင့်ဖြူးတဲ့ အနာဂတ်လေးတွေ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုဆိုနီ