Sunday, May 12, 2013

ကက်သလစ်ခရစ်ယာန်ဘာသာအကြောင်း တစ်စွန်းတစ်စ (၃)

၎။ သုံးပါး တစ်ဆူဘုရား

    “ဘုရား”အား ကြည်ညို ကိုးကွယ်ခြင်းသည် ကက်သလစ် ခရစ်ယာန်ဘာသာ၏ အဓိက မဏ္ဍိုင်ဖြစ် သကဲ့သို့၊ ထိုဘုရား ကိုယ်တော်မြတ်အား သုံးပါး တစ်ဆူဘုရားအဖြစ် ကြည်ညို၏။ သုံးပါး တစ်ဆူဘုရား ရှင်တော်မြတ်အား “ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား”ဟု ခေါ်တကိုးကွယ်ကြ၏။ သုံးပါး တစ်ဆူဘုရား ကိုယ်တော်သည် ဘုရားသုံးဆူ မဟုတ်ဘဲ၊ တစ်ဆူဘုရားသာ ဖြစ်၏။


    ယေဇူးဘုရား၏ တရားတော်ဖြစ်သော သမ္မာကျမ်းစာတော် သွန်သင်ချက် အရ “ဘုရား”ကို “ခမည်းတော်ဘုရား”ဟူ၍ လည်းကောင်း၊ ဘုရားရှင်၏ နှုတ် တော်ထွက် စကား (The Word တရားတော်)သည် လူ့အဖြစ် ယူတော်မူ၍ “ခရစ်တော်ဘုရား”၌ တည်ရှိတော်မူသည် ဟူ၍ လည်းကောင်း၊ လူသားတို့နှင့် အတူ ဘုရားအဖြစ်တော် အနန္တ ဘုန်းတန်ခိုးတော်နှင့် ရှိတော်မူခြင်းအား “ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား” ဟူ၍ လည်းကောင်း ကက်သလစ် ခရစ်ယာန်များက မြတ်နိုး သဒ္ဒါပွား ကြ၏။ ဤသည်မှာ ခရစ်ယာန်ဘာသာ၏ ယုံကြည်မှု ဖြစ်၏။    အသင်္ခတ ဂုဏ်တော်ရှင်တည်း ဟူသော ဘုရားရှင်တော်သည် “နက်နဲရာ MYSTERY ဖြစ်ပါသည်ဟု ခရစ်ယာန်များက ပြောလေ့ရှိ၏။ ဤ စကားလုံးကြောင့် ခရစ်ယာန်များ တုန်လှုပ် သွားလေ့ မရှိကြပါ။ ပဟေဠိ ဆန်သော သို့တည်းမဟုတ် အကန်းယုံ အရမ်းယုံခြင်းဟုလည်း ဘယ်သော အခါမှ မအောက်မေ့ ကြပါ။ စကားလုံး ကြီးကြီးနှင့် ရှောင်လွဲခြင်းမျိုးလည်း မဟုတ်ပါ။ သို့သော် “ဘုရား”ဟူသည် ပုထုစဉ်တို့၏ မြင်-ကြား-နံ-ရသာ-တို့ထိ-သိရှိနိုင်စွမ်းများ ထက်၊ ချင့်-ချိန်-တိုင်းထွာ နိုင်ခြင်းများထက် ပိုလွန်သော ဧကန်ဒိဌ ရှိသည့် အနန္တ ပရမတ္တတရားဖြစ်ကြောင်း ၀န်ခံခြင်းသာ ဖြစ်၏။ အစမဲ့၊ အဆုံးမဲ့၊ အတုမဲ့၊ အနိုင်းမဲ့ တော်မူသော ကိုယ်တော်မြတ်၏ တန်ခိုးတော်အနန္တ၊ ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တကို လူသားတစ်ဦး အနေနှင့် ၀န်ခံခြင်းသာ ဖြစ်ပါသည်။ ကိုယ်တော်မြတ်၏ အဖြစ်တော် စင်စစ်ကို ပုထုစဉ် လူသားတစ်ဦး အနေဖြင့် ပြောရမည် ဆိုပါလျှင် သူ့စိတ်နှင့် မကြံဆ မမှန်းဆ နိုင်စွမ်းကြောင်း၊သူ့ စံချိန် စံနှုန်းနှင့် နှိုင်းဆ ပြဖို့ မစွမ်းကြောင်း၊ ပြည့်စုံအောင် ပြောပြဖို့ သူ့ ဝေါဟာရစကား နှင့် မတတ်စွမ်း ပါကြောင်း အသိအမှတ်ပြု ၀န်ခံလိုက်ခြင်းသာ ဖြစ်ပါသည်။   

    ခရစ်ယာန်များက ဘုရားအား “ခမည်းတော်ဘုရား”ဟု ကြည်ညိုမြတ်နိုးစွာ ခေါ်တ ကြ၏။ ဤသို့ခေါ် တသောအခါ (၁) “ဘုရားရှင်သည် အရာအားလုံး၏ အစ ဖြစ်တော်မူကြောင်း၊ ကိုယ်တော်သည် လူ့စိတ်ဖြင့် မကြံဆ မမှန်းဆနိုင်သော၊ လူ့စံနှုန်းဖြင့် မနှိုင်းယှဉ် စွမ်းသော၊ လူ့ဝေါဟာရနှင့် မခေါ်နိုင် စွမ်းသော၊ လူ့ဥာဏ် ပညာဖြင့် မသိနိုင်သော အရှင် (transcendent) ဖြစ်တော်မူကြောင်း နှင့် (၂) “ဖခင်တစ်ဦး သဖွယ် ကိုယ်တော်သည် လူသားများ အပေါ် ကရုဏာ ကြီးမားတော်မူသော် မူကြောင်း ဖေါ်ပြပါသည်။ သို့ပါသော်လည်း ခရစ်ယာန် ယုံကြည်မှုတွင် ဘုရားဟူသည် သူ၊ ငါ၊ ယောက်ျား၊ မိန်းမ မဟုတ်ပါ။ ကိုယ်တော်သည် ထိုဝေါဟာရ စကားများ အလွန်မှ အဖြစ်တော်ရှင်သာ ဖြစ်တော်မူပါသည်။

    သားတော်ဘုရား ဟူသည် ယေဇူး(ယေရှု) ကိုယ်တော်မြတ်ကို ခေါ်ခြင်း ဖြစ်၏။ ယေဇူးက လူသားတို့ မကြားဖူးသော စကားလုံးနှင့် ဘုရားအား “အဖဘုရား၊ ခမည်းတော်ဘုရား” ဟု ခေါ်ကြဖို့၊ မိမိ ကိုယ်တော်ကိုလည်း “(ခမည်းတော်ဘုရား၏) သားတော်”ဟု ခေါ်ဆိုကြဖို့၊ သွန်သင်တော်မူခဲ့၏။ “ခမည်းတော် ဘုရားနှင့် ငါသည် အတူဖြစ်၏”ဟုလည်း ဆုံးမ၏။ လူ့ဝေါဟာရ စကားလုံးနှင့် “ခမည်းတော်ဘုရား၊ သားတော်ဘုရား”ဟု ခေါ်ဆို ပါသော်လည်း ပုထုစဉ်သားများကဲ့သို့ သွေးသား ခန္ဓာကိုယ်အရ အဖေနှင့် သားတော်စပ်ခြင်း အဓိပ္ပါယ် မဟုတ်ပါ။ ဘုရားက သားသမီး မွေးဖွားခြင်းဆိုသော ခံယူချက်မျိုးကိုလည်း မဟုတ်ပါ။ ဆိုလိုရင်းမှာ ယေဇူးကိုယ် တော်သည် ခမည်းတော်ဘုရားနှင့် တကွ ဘုရား ဇာတိ အဖြစ်တော်တွင် အတူ ရှိတော်မူ၏။ ခမည်းတော် ဘုရားနှင့် အတူ တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် “အလင်းမှ အလင်း၊ ဘုရားစစ် မှ ဘုရားစစ် ဖြစ်တော်မူ၏၊ ဖန်ဆင်းခြင်းမခံ မွေးဖွားခြင်း ခံတော်မူသဖြင့် ခမည်းတော်နှင့် ဘုရား ဇာတိတော်၌ တစ်လုံး တစ်ဝတည်း ဖြစ်တော်မူ၏။” ထို့အပြင် ယေဇူး ကိုယ်တော်က “ပါရာကလက်”တည်း ဟူသော ၀ိညာဉ်တော်မြတ်ဘုရား ကြွလာဦးမည့် အကြောင်း မိန့်ကြား တော်မူခဲ့၏။ ၀ိညာဉ်တော်မြတ် ဘုရားသည် ယေဇူး နောက် တပည့်တမန်တော်များနှင့် အတူ ရှိတော်မူ၏။ ဤသို့သောအားဖြင့် ၀ိညာဉ်တော်မြတ်ကို ပုဂ္ဂိုလ် တော် တစ်ပါးအဖြစ်နှင့် ကိုယ်တော်က သွန်သင်တော်မူ ခဲ့ပါသည်။ “သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားသည် ခမည်းတော်ဘုရားနှင့် ခရစ်တော်ဘုရားနည်းတူ ဘုရား စင်စစ် ဖြစ်တော်မူ၍ ခမည်းတော်ဘုရား၊ သားတော် ဘုရားနှင့် တစ်လုံးတစ်ဝတည်း ကိုးကွယ်ခြင်းနှင့် ချီး မွမ်း ထောမနာပြုခြင်းကို ခံရတော်မူ၏” ဟု ခရစ်ယာန်များက ၀န်ခံကြ၏။

၅။ ထာဝရသုခချမ်းသာ

    လူ၏ သဘောသဘာဝသည် သေနိုင်သည် ဖြစ်သော်လည်း ဘုရားရှင်သည် အစအဦး ကပင်လျှင် သူ့ကို ထာဝရ အသက်ရှင်စေဖို့ ဖန်ဆင်း ထားတော်မူခဲ့၏။ သေဆုံး ပျောက်ကွယ်သွားဖို့မဟုတ်ပါ။    သေမင်းကို ဘုရား မဖန်ဆင်းပါ။ သေခြင်းတရားသည် သတ္တ၀ါ အပေါင်းတို့ အောင်မြင်စွာ ကျော်ဖြတ် သွားကြရမည့် နောက်ဆုံး ဒုက္ခတရားပင် ဖြစ်၏။ သေခြင်း တရားကြီးသည် သူ့ကို အောင်မြင်တော်မူလျက် ဘုန်းတော် ဂုဏ်တော်ဖြင့် ပြန်ရှင် ထမြောက်တော်မူသော ယေဇူး ကိုယ်တော်အားဖြင့် ပြောင်းလဲခြင်း ခံရ ၏။ ထို့ကြောင့် ယေရှုဘုရား ကိုယ်တော်အား ကြည်ညို ကိုးကွယ်သူတစ်ဦး အဖို့မူကား သေခြင်း အမင်္ဂလာမှ သည်၊ ရှင်ခြင်း ကောင်းခြင်း မင်္ဂလာသို့ ပြောင်းလဲစေပြီ ဖြစ်၏။ သေခြင်းကို အောင်မြင်တော်မူလျက် ဘုန်းတော်နှင့် ပြန်ရှင်တော်မူသော အရှင်ကြောင့် သေဆုံးခြင်းကို ခရစ်တော်၌ အိပ်ပျော်ခြင်းဟု ခေါ်ဆို၏။ လော ကီသား ဘ၀သည် လောကီဘုံ ဘုရားဖူးခရီး တစ်ခုပမာဖြစ်၏။ သေဆုံးခြင်းသည် ဤလောကီ ဘုံဘ၀ ဘုရားဖူးခရီးကြီး၏ အဆုံးသာလျှင် ဖြစ်၏။ အသက်တာ၏ အဆုံး မဟုတ်ပေ။

    လူသည် တစ်ကြိမ်တည်းသာ လူဖြစ်ခွင့် ရ၍၊ တစ်ကြိမ် တစ်ခါတည်းသာ သေ၏။ ဘ၀ သံသရာလည်ခြင်း မရှိပေ။ တစ်ခုတည်းသော လောကီ ဘ၀ တာ ပြီးဆုံးသွားသော အခါ လောကီဘုံသား ဘ၀သို့ နောက်တစ်ဖန် ပြန်ရောက်ကြတော့မှာ မဟုတ်ပေ။ ထို့အပြင် လောကီဘုံ ဘုရားဖူး ခရီး အချိန်ကာလသည် လူတစ်ယောက်၏ လောကုတ္တရာ ချမ်းသာ သုခအတွက် အဆုံးအဖြတ် ဖြစ်၏။

     သုခချမ်းသာကို ထာဝရ သုခချမ်းသာ သို့မဟုတ် ထာဝရအသက်ဟု ခေါ်ဆို၏။ ထာဝရ အသက်ဟူသည် ဘုရားကိုယ်တော်မြတ်၏ အသက်တော်ကို ရည်ညွှန်း၏ (Eternal life means life such as God Himself lives.) ။  လူတို့ နားလည်ထားသည့် အဆုံး မသိသော အသက်ရှည်ခြင်းမျိုး မဟုတ်ပါ။ မရွေ့လျောခြင်း(အစ္စုတ)၊ မသေခြင်း (အမတ)၊ အမြဲတည်ခြင်း (နိစ္စ) ဂုဏ်တော်များနှင့် ပြည့်သော ဘုရားရှင် ပိုင်သ စိုးစံတော်မူသော အသက်ဟု ဆိုလိုပါသည်။

    ထာဝရ ချမ်းသာခြင်း ဟူသည်မှာ အနန္တ ဘုန်းတော်ရှင် ထာဝရ ဘုရားသခင်အား ဘုရားမယ်တော်၊ သိကြား၊ ရဟန္တာ သူတော်စင်သူတော်မြတ်အပေါင်း နှင့်အတူ ကိုယ်တော်မြတ်၏ ဘုန်းအာနုဘော်တော်နှင့် ဘုရားအဖြစ်တော် စင်စစ်ကို မျက်ဝါး ထင်ထင် ထာဝစဉ် ဖူးမြော်ရခြင်း သုခဖြစ်၏။ တစ်နည်းအားဖြင့် လူသည် ဘုရားကိုယ်တော်မြတ်၏ အဆင်းတော် အသွင်တော်နှင့် ပါဝင်ခွင့်ကို ထာဝစဉ် ခံယူရရှိခြင်းပင် ဖြစ်၏။ ထာဝရ သုခ ချမ်းသာတော်မြတ်သို့ ဆိုက်တွေ့ သူကို ရဟန္တာဟု ခေါ်ပါသည်။ ဘုရားရှင် ထံတော်မြတ်မှာသာ ရရှိကြမည့် သုခ ချမ်းသာတော်သည် လူ့စိတ်ဖြင့် စဉ်းစား၍ ပြည့်ပြည့်၀၀ မမီနိုင်သော (incomprehensible)၊ လူ့ စံနှုန်းဖြင့် တိတိကျ ကျ နှိုင်းယှဉ် မစွမ်းသော (immeasurable)၊ လူ့ဝေါ ဟာရဖြင့် စုံစုံစေ့စေ့ မခေါ် နှိုင်စွမ်းသော (indescribable, beyond name and form) အဆုံးမဲ့ ချမ်းသာခြင်း ဖြစ်၏။   

    ထာဝရ သုခ ချမ်းသာတော်သည် ဘယ်သောအခါမှ ဖောက်ပြန် ပျောက်ပျက်ခြင်း မရှိ။ ရွေ့လျား ပြောင်းလဲခြင်း မရှိ။ ပျက်ပြား ကုန်ဆုံးခြင်း မရှိ။ လူ့ သ ဘာဝ တရားများဖြစ်သည့် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ငိုကြွေးခြင်း စသည့် ဒုက္ခများ ကင်း၏။ ကိလေသာ တရားများ ချုပ်ငြိမ်း၏။ စွဲလမ်း တပ်မက်ခြင်းနှင့် ဆာလောင် မွတ်သိပ်ခြင်း ရာဂများမှ ကင်းစင်၏။ အကုသိုလ် တရား၊ မာန်မာန တရား၊ မုန်းတီးခြင်း တရား၊ မသိခြင်း အမှောင် ပယောဂများမှ ကင်းလွတ်၏။

    ထာဝရ ဖြစ်ခြင်းကြောင့် အေးချမ်းသည့် သုခ ဖြစ်၏။ ချမ်းသာခြင်း အစစ်အမှန် ဖြစ်၏။ တောင့်တခြင်း ကင်းဝေးရာ ဖြစ်ခြင်းကြောင့် ငြိမ်းချမ်း သာယာခြင်းနှင့် မြင့်မြတ် ဖြူစင်သော ပျော်ရွှင်ခြင်းဖြစ်၏။ အမြင့်ဆုံးနှင့် အပြည့်စုံဆုံးသော ထာဝရ သုခဖြစ်၏။ ထို သုခတော်မြတ်သည်သာ လူသားတို့ မျှော်လင့်ရာ ရတနာမှန် ဖြစ်၏။ ထို ရတနာမြတ်ကို ပိုင်ဆိုင်ခြင်းသည်သာ လူသားတို့၏ ချမ်းသာစစ် ချမ်းသာမှန် ဖြစ်၏။ ခရစ်ယာန် သမ္မာကျမ်းစာတော်မြတ်က သုခ ချမ်းသာတော်ကို အသက်၊ အလင်း၊ ငြိမ်းချမ်းမှု၊ မင်္ဂလာပွဲ၊ မိုးကောင်းကင်၊ ကောင်းကင်ဘုံ၊ ကောင်းကင်နိုင်ငံတော်၊ အိမ်တော်၊ ခမည်းတော်ဘုရား၏ အိမ်၊ ကောင်းကင် ယေရုဆလိမ်၊ ပါရာဒီဇူးဘုံ၊ နိုင်ငံတော်၊ ဘုရားနိုင်ငံတော်စသဖြင့် အဓိပ္ပါယ်တူ သဒ္ဒါတူ ဓမ္မဝေါဟာရ (inter- changeable synonyms) တို့ဖြင့်လည်း ပြောင်းလဲ ခိုင်းနှိုင်းလေ့ ရှိပါသည်။


    လောကီ သဘောတရား ပါဝင်သည့် ဘုံ၊ နေရာ၊ အရပ်၊ ဒေသ၊ ဌာန အဓိပ္ပါယ်လိုမျိုး မယူအပ်ပေ။ ရုပ်ဒြပ် အကောင်အထည် မရှိပါ။ လောကီ ပစ္စည်း ဥစ္စာ များဖြင့် တည်ဆောက် မထားပါ။ လူ့ လက်ဖြင့် ဖန်တီး မထားပါ။ တိမ်တောင် တိမ်လိပ်များ ခြံရံနေသည့် ရုပ်ပိုင်း ဆိုင်ရာနေရာ တစ်ခုလည်း မဟုတ်ပါ။ မျက်စိဖြင့် မြင် နိုင်သော အရာ၌ မတည်ပါ။ ဤအရပ်မှာ ကြည့်ပါ။ ထို အရပ်မှာ ကြည့်ပါဟု မပြောနိုင်ပါ။ စိတ်ထဲမှာသာ ထင်ရသည့် စိတ်ကူး သက်သက်လည်း မဟုတ်ပါ။ သို့သော် ဧကန်ရှိ ဧကန်ဆိုက်တွေ့ နိုင်သည့် တကယ့် အရှိတရား၊ အမှန် သစ္စာတရား၊ ပရမတ်တရားဖြစ်၏။     ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ ကြွယ်ဝခြင်း၊ စိုးစံခြင်း၊ ခံစားခြင်း အစရှိသော ခိုင်းနှိုင်း သဒ္ဒါများသည်လည်း သုခ ချမ်းသာတော် အကြောင်းကို လူသားတို့ သဘောပေါက် အာရုံပြုနိုင်ရန် အလို့ငှါ လူ့စကားနှင့် ပုံခိုင်းထားသော ဝေါဟာများ အဖြစ် အလားတူ မှတ်ယူရာ၏။
    သုခ ချမ်းသာတော်သည် ပရမတ္တတရား ဖြစ်ခြင်းကြောင့် ဤကမ္ဘာ ဤလောကမှာပင် ဧကန်ရှိ၊ ဧကန် ဆိုက်တွေ့နိုင်၏။ သို့သော် ထာဝရ သုခ ချမ်းသာ တော်မြတ်ကို ဘုရား ကိုယ်တော်မြတ်အား မျက်ဝါး ထင်ထင် ဖူးမြော်ရချိန်၌သာ ဆိုက်တွေ့ ခံစားနိုင်၏။ အကြောင်းမူ ပြည့်စုံသော သုခတော်မြတ်သည်  မျက်စေ့ဖြင့် မမြင်စဖူး၊ နားဖြင့် မကြားစဖူး၊ နှလုံးသားဖြင့် မခံစား စဖူးသော ချမ်းသာတော်မြတ်ဖြစ်၏။

    ထာဝရသုခတော်သည် လူ့နှလုံးသားမှ အနက်ရှိုင်းဆုံး တမ်းတသည့် အမြင့်မြတ်ဆုံးနှင့် အဖြူစင်ဆုံးသော အဆုံးအစွန် အန္တိမပြည့်စုံခြင်း ဖြစ်၏။ ယာယီ တဲသာ ဖြစ်သော လောကီ မြေအိမ်၌ ရှိစဉ်တွင် ထိုသုခကိုရစေခြင်းငှါ အလွန် တောင့်တစိတ်နှင့် ညည်းတွား ကြ၏။ မြဲသော နေရာကို ရောက်လို ဆန္ဒပြင်းပြကြ၏။ (၂ ကောရိ န္တု၅း ၁-၄)

    လူသည် မိမိသဘောနှင့် လွတ်လပ်စွာ မရွေးချယ်ဘဲနှင့် ထာဝရ သုခတော်မြတ်ကို မဆိုက်တွေ့နိုင်ပါ။ တစ်ပါးသူများ ကိုသော်လည်းကောင်း မိမိကိုယ်ရှင် ကို သော်လည်းကောင်း မေတ္တာ မထားနိုင်သူသည် ဘုရားအား ကြည်ညိုသဒ္ဒါ မပွားနိုင်သည်ဖြစ်၍ အကုသိုလ် ဒုစရိုက်၌ နစ်မွန်းနေရကား ဘုရားအထံတော်၌ မရှိချေ။ ဘုရားရှင်နှင့် ရှိမနေခြင်း အခြေအနေ၊ သူတော်စဉ် သူတော်မြတ်များနှင့် ရှိမနေသည့် အခြေအနေကို ငရဲဟု ခေါ်ပါသည်။

    ငရဲ ဆိုတာ ရှိ၏။ နောင်တ သံဝေဂ မရဘဲ၊ အကုသိုလ် အပြစ်ဒုစရိုက်၌ သေဆုံးသူတို့သည် အပယ် ငရဲသို့ ကျရောက်၏။ မည်သူကမှ ဆွဲချလို့ မဟုတ်ပါ။ ဘုရားကလည်း ငရဲကျရမည်ဟု မည်သူ့ကိုမှ ကြိုတင် စီရင် မထားပါ။ ကိုယ်တိုင်က လွတ်လွတ်လပ်လပ် ရွေး ချယ်ပြီး ရောက်ရှိသွားခြင်း ဖြစ်၏။ ငရဲ၏ ဆင်းရဲခြင်းမှာကား အနန္တ ဘုန်းတော်ရှင် ထာဝရ ဘုရားသခင်အား ဘုရားမယ်တော်၊ သိကြား၊ ရဟန္တာ၊ သူတော်စင် သူတော်မြတ်အပေါင်းနှင့် အတူ ဖူးမြော်ရခြင်း အခွင့် ထာဝစဉ် မရရှိတော့ခြင်း ဖြစ်၏။ မည်သောအခါမှ ကျွတ်လွတ်ခြင်း မရနိုင်တော့ဘဲ၊ ထာဝရ သုခချမ်းသာတော်သို့လည်း ဘယ်သောအခါ မှ မဆိုက်တွေ့နိုင်တော့ခြင်း ဖြစ်၏။ ငရဲကျခြင်းသည် ထာဝရ ပျက်စီးခြင်း ဖြစ်၍ ထာဝရဆင်းရဲခြင်း ဖြစ်၏။

    လောက အသက်တာ၌ မိမိ ပြုမိ အပြစ်များအတွက် နောင်တ သံဝေဂတရား ရခဲ့ပေသော်လည်း၊ ပြုမိ အပြစ်များ အတွက် ကုန်စင်အောင် ဆပ်ဖြေခြင်း မပြုရသေးမီ ကွယ်လွန်သွားသူများသည် သုခတော်မြတ်သို့ မရောက်နိုင်သေးဘဲ၊ သုခတော်မြတ်သို့ ဆိုက်တွေ့နိုင်ရန် ထိုက်တန်သည် အထိ အကုန်အစင် ဆပ်ဖြေနေရခြင်း ဆိုတာမျိုး ရှိ၏။ ထိုသူတို့သည် သုခတော်မြတ်သို့ ရောက်ရှိ နိုင်ကြ၏။ သုခ ချမ်းသာတော်မြတ်နှင့် ထိုက်တန်သော စင်ကြယ်ခြင်း ရရှိကြချိန်တွင် သုခ ချမ်းသာတော်မြတ်ကို ဆိုက်တွေ့ နိုင်ပေသည်။ ထိုသူတို့၏ ဆင်းရဲခြင်းသည် ဘုရားရှင် ကိုယ်တော်မြတ်အား ဖူးမြော်လိုသော ဆန္ဒ ပြင်းပြလွန်းသော ဆင်းရဲခြင်းမျိုး ဖြစ်၏။

    ထိုသူတို့သည် မိမိတို့ကိုယ်တိုင်၌က ဘာမျှ မတတ်နိုင်ကြတာကြောင့် အသက်ရှင်နေသူ ဘာသာဝင် အပေါင်းက ထိုကွယ်လွန်သူများ အဖို့ ရည်စူးကာ ဆုတောင်း မေတ္တာ ပို့သခြင်း၊ ပရိတ် မေတ္တာ ရွတ်ဖတ် သရဇ္ဖျယ်ခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်း၊ အလှူ အတန်းပေးခြင်း၊ ဘုန်းတော်ကြီးများထံမှ တရားတောင်း ခံခြင်းများ ပြုလေ့ရှိကြပါသည်။ ငရဲကျခြင်းသည် အဆုံး မရှိသော ဆင်းရဲခြင်း ဖြစ်၏၊ သို့သော် ထာဝရ သုခ ချမ်းသာတော်သို့လည်း မဆိုက်တွေ့ ထိုက်ရသေး၊ ငရဲသို့လည်း မရောက်ထိုက် သော ကွယ်လွန်သူတို့မှာမူ တစ်ချိန်တွင် ထာဝရ သုခတော်မြတ်သို့ ရောက်ရှိနိုင် ကြပေသည်။ ထို အဖြစ်အခြေ အနေမျိုးကို ကက်သလစ် ခရစ်ယာန်ဘာသာ စကားဖြင့် “ပူကာတောရီအို” ဟု အမည်ပေးပါသည်။
              
မာကုဒဿန