Saturday, May 11, 2013

မိခင်များနေ့


    ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ကြတဲ့ သူတွေ၊ နေထိုင် နေဆဲနဲ့ ဆက်လက်ပြီး နေထိုင်ကြအုံးမယ့် သူတိုင်းဟာ မိခင်ဆိုတဲ့ ဂုဏ်ပြုထိုက်တဲ့ အမျိုးသမီးတစ်ဦးစီတော့ ရှိခဲ့ကြ ၊ ရှိနေကြ ၊ ရှိနေလိမ့်အုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်ပြု ရိုသေထိုက်သူကို ဂါရ၀ပြုရမယ့် အစဉ် အလာရှိတာမို့ အသက်ပေးပြီး ကျမတို့ကို လူသားတစ်ဦး အဖြစ် လောကကြီးကို ပို့ဆောင် ပေးခဲ့ကြတဲ့ မိခင်တို့ရဲ့နေ့ သတ်မှတ်တဲ့ သမိုင်းကြောင်း နောက်ခံကို တင်ပြရမယ် ဆိုရင် . . . .

မိခင်များနေ့ကို ကမ္ဘာ့နိုင်ငံ အသီးသီးက မေလမှာ အမြဲလိုလို ကျင်းပ ကြပါတယ်။ အမေရိက၊ ဥရောပနဲ့ ဂျပန်၊ တရုတ် စတဲ့နိုင်ငံလို အာရှနိုင်ငံ အချို့တွေကတော့ မိခင်များနေ့ကို နှစ်စဉ် မေလ ဒုတိယပါတ်မှာ ကျင်းပလေ့ ရှိကြပါတယ်။ မိခင်များနေ့ကို သတ်သတ် မှတ်မှတ် ကျင်းပဖို့ အစပြုခဲ့တဲ့ သူကတော့ မစ္စ Anne Jarvis ဆိုသူ Grafton မြို့က Andrews Methodist  ခရစ်ယာန် ဘာသာဝင် အမျိုးသမီးပဲ ဖြစ်ပါတယ်။ မစ္စအန်းနီ ဂျာနစ်ရဲ့ မိခင်ဟာ အန်းနီ အပါအ၀င် သားသမီး ၁၁ ဦးကို မွေးဖွားခဲ့ပေမယ့် ၄ ယောက်ပဲ အသက်ရှင် ခဲ့ပါတယ်။ အန်းရဲ့ မိခင်ဟာ ၁၉၀၅ ခုနှစ် မေလ ၉ ရက်နေ့ မှာ ကွယ်လွန် ခဲ့ပါတယ်။ ဒါနဲ့ သူမဟာ ၁၉၀၇ ခုနှစ်မှာ အနောက် ဗာဂျီးနီးယားနဲ့ ဖီလာဒဲဖီးယား (Philadephia) ဒေသတွေမှာ မိခင်များနေ့ကို ကျင်းပ ပြုလုပ်ကြဖို့ ဟောပြောပွဲနဲ့ စည်းရုံး ခဲ့ပါတယ်။

     ၁၉၀၈ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ဂရာဖတန် (Grafton) နဲ့ ဖီလာဒဲဖီးယား (Philadephia) Andrews Methodist ခရစ်ယာန်အသင်းတွေက မိခင်များနေ့ကို ကျင်းပဖို့ သဘောတူပြီး မစ္စအန်းနီ ဂျာနစ် (Anne Jarnis) ရဲ့ မိခင်ကို ဂုဏ်ပြုတဲ့ အောက်မေ့ဘွယ် အခမ်းအနားလေးနဲ့ စတင် ခဲ့ပါတယ်။

    ၁၉၁၂ ခုနှစ်မှာ မီနေရာပိုလစ်မက်သဒစ် (Mineapolis Methodist Espicopal) အသင်းရဲ့ ညီလာခံ အချိန်မှာ တက်ရောက်ခဲ့ကြတဲ့ အန်ဒြူးစ် မက်သဒစ် (Andrews Methodists) အသင်းတော်က ကိုယ်စားလှယ်တော်တွေက မိခင်များနေ့ စတင်သူ အဖြစ် မစ္စ အန်းနီ ဂျာနစ် (Miss Anne Jarnis) ကို အသိအမှတ် ပြုဖို့ အဆို တင်သွင်းခဲ့ပါတယ်။ မစ္စအန်းနီ ဂျာနစ် (Miss Anne Jarnis) ရဲ့  မိခင် ကွယ်လွန်ချိန်တုန်းက သူမဟာ အသက် ၄၁ နှစ်ရှိပြီ ဖြစ်ပြီး အဲဒီအချိန် ကစပြီး နှစ်တိုင်း မေလ ဒုတိယပါတ် ရောက်တိုင်း သူမရဲ့ မိခင်အပါအ၀င် အသက်ရှင်နေဆဲ မိခင်များနဲ့ ကွယ်လွန်ပြီးသော မိခင်များကို သတိရ အောက်မေ့တဲ့ အနေနဲ့ မိခင်များနေ့ကို ကျင်းပပြီး ဆုတောင်းပွဲ ကျင်းပ ပြုလုပ် ပေးခဲ့ပါတယ်။

    အဲဒီနေ့မှာ အမျိုးသမီးများဟာ ကာနေးရှင်း (Carnation) ဇော်မွှားပန်း အနီရောင်ကို အ သက်ရှင်လျက် ရှိနေသေးသော မိခင်များကို သတိရ အောက်မေ့တဲ့ အနေနဲ့ ကိုယ်စားပြု ပန်ဆင်ကြပြီး၊ အဖြူရောင်ကိုတော့ သေဆုံးပြီးသော မိခင်များကို အောက်မေ့ သတိရတဲ့ သင်္ကေတအဖြစ် ပန်ဆင်ကြကြောင်း သိရှိရပါတယ်။

    ၁၉၁၅ ခုနှစ်မှာ အမေရိကန် သမ္မတ WoodrowWilson က နှစ်စဉ် မေလ ဒုတိယ တနင်္ဂနွေနေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကြောင်း အတည်ပြု ကြေညာ ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ နှစ်ပေါင်းများစွာ ကတည်းက ၀ါတွင်း ကာလရဲ့ အလယ်ပိုင်း တနင်္ဂနွေနေ့တစ်နေ့ကို မိခင်များနေ့ အဖြစ် ကျင်းပခဲ့ကြောင်း သိရှိရသလို ယူဂိုဆလဗ်နဲ့ အခြားနိုင်ငံမှာတော့ မိခင်များနေ့ကို အထူးနေ့အဖြစ် အစီအစဉ် အမျိုးမျိုးနဲ့ ကျင်းပကြကြောင်း သိရှိရပြန် ပါတယ်။



    ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၀ ခုနှစ်တုံးက သမ္မတ မားကို့စ်က နိုင်ငံတော် ဥပဒေ နံပါတ် ၂၀၉၇ အရ ဒီဇင်္ဘာလ ပထမပတ် တနင်္ဂနွေနေ့ကို ဖခင်များနေ့ ကျင်းပဖို့နဲ့ ဒီဇင်္ဘာလ ပထမပတ်ရဲ့ တနင်္လာနေ့က မိခင်များနေ့ ကျင်းပဖို့ ပြဋ္ဌာန်း ပေးခဲ့ပေမယ့်၊ ဖိလစ်ပိုင် လူမျိုးတွေက အခြား ကမ္ဘာ့နိုင်ငံကြီးတွေလိုပဲ မေလ ဒုတိယပတ်မှာ ကျင်းပလိုတဲ့ အတွက် ဖိလစ်ပိုင်နိုင်ငံ မှာလည်း မိခင်များနေ့ကို မေလ ဒုတိယပတ်မှာ ကျင်းပကြကြောင်း သိရှိရပါတယ်။ မိခင်များနေ့ဟာ မိသားစုရဲ့ ထူးမြတ်တဲ့ နေ့တစ်နေ့အဖြစ် ခံယူ ထားကြပါတယ်။ ကျောင်းတွေမှာ ကလေးတွေက သူတို့ရဲ့ မုန့်ဘိုးလေး တွေနဲ့ နှုတ်ခွန်းဆက်တဲ့ ကဒ်တွေနဲ့ အတူ မိခင်တွေကို စာလေးတစ်စောင်စီ ရေးပြီး၊ ကျောင်းက ဆရာ၊ ဆရာမတွေက မိခင်တွေကို ကျောင်းမှာ ဖိတ်ပြီး မိခင်တွေရဲ့ ရှေ့မှာ ကလေးတွေက သူတို့တွေ ရေးထားတဲ့ စာကို ဖတ်ပြ ကြပါတယ်။ အဲဒီနေ့မှာ ခင်ပွန်းသည်နဲ့ ကလေးတွေက မိခင်ဖြစ်သူကို ဘာမှ မလုပ်ခိုင်းဘဲ သူတို့က ပြန်ပြုစု ကြပါတယ်။ ဘုရားကျောင်း အတူတက်ပြီး ဆုတောင်းခြင်းနဲ့ မိသားစုအတူတကွ တွေ့ဆုံပြီး ပျော်ပွဲ၊ ရွှင်ပွဲတွေနဲ့ တစ်နေ့တာကို ကုန်ဆုံး စေပါတယ်။

    ပုခက်လွှဲသော လက်သည် ကမ္ဘာကို ချုပ်ကိုင် လိမ့်မည်ဆိုတဲ့ စကားရပ်ဟာ မိခင်တိုင်းအတွက် တွန်းအားတစ်ခု ဖြစ်ပါတယ်။ မိခင်ဟာ အသက်ရဲ့ မူရင်းဖြစ်တယ် ဆိုတာ သိပြီး ဖြစ်တဲ့ အတိုင်း မိခင်ဘ၀ဟာ ကိုးလ လွယ်ပြီး ရင်သွေး မွေးဖွားပြီးတာနဲ့ ပြီးဆုံးပြီလို့ မသတ်မှတ် နိုင်ပါဘူး။ မိခင် ဘ၀ဟာ သူမရဲ့ သက်တမ်းကုန်ဆုံးတဲ့ အထိ တည်ရှိနေမှာ ဖြစ်ပါတယ်။ အမှန်တော့ မိခင်ဟာ မိမိရဲ့ ဘ၀တစ်ခုလုံးကို အနစ်နာခံပြီး ဘ၀ကို မိမိရဲ့ ခင်ပွန်းသည်နဲ့ သားသမီးတွေဆီမှာ ပုံအပ်ထားတဲ့ ကိုယ်ကျိုးစွန့် နှလုံးသား ပိုင်ရှင်လို့ ခေါ်ဆိုရင် မမှားပါဘူး။


ဒါကြောင့် စာဖတ် ပရိသတ်များအနေနဲ့ ဘ၀မှာ အရေးပါဆုံး ပုဂ္ဂိုလ်နဲ့ အရိုသေ ထိုက်ဆုံး၊ ကျေးဇူး အကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မိမိတို့ရဲ့ မိခင်တိုင်းကို နေ့စဉ် နေ့တိုင်း ဂါရ၀ပြု ဦးညွှတ်ကြသလို တထူးတခြား ဂုဏ်ပြုတဲ့ အနေနဲ့ ကျမတို့ မြန်မာပြည်က အမျိုးသမီးများ အနေနဲ့လည်း မိခင်များနေ့ကို ကျင်းပကြဖို့ နေ့လေးတစ်နေ့ကို ရွေးချယ်ပြီး မိခင်များ အားလုံးကို ဂုဏ်ပြုဖို့ ကြိုးစားသင့်ကြောင်း တင်ပြရင်း အေးမြတဲ့ နားခိုရာ နေရာဖြစ်တဲ့  “အမေ-ချစ်သော အမေ - အမေ” ဆိုတဲ့ စာလုံးလေးနဲ့ မိခင်များ အားလုံးကို ဂါဝရပြုလိုက်ပါတယ်။
          
RVA ထုတ်လွှင့်ချက်မှ