Friday, May 10, 2013

သင်သည် အထူးကောင်းချီး မင်္ဂလာ ခံစားရသောသူ ဖြစ်ကြောင်း ယုံကြည်ပါ။

    သင်၏ ထင်မြင် ယူဆချက်များသည် သင်၏ လက်တွေ့ဘ၀ကို အဆုံးအဖြတ် ပေးသည်။ ကျွန်တော့် သားသည် ရွှံများနှင့် ကစားရန် အလွန် နှစ်သက်ပါသည် ရွှံ့များသည် ကစားစရာ အလွန်ကောင်းသည်ဟု ကျွန်တော် ထင်ပါသည်။ ကျွန်တော့် ကလေးများက ဖေဖေ ဘောလုံးတစ်လုံး ပြုလုပ်ပေးပါဟု တောင်းဆိုနိုင် ပါသည်။ ထိုအခါ ကျွန်တော်သည် ရွှံ့ကို လက်ထဲတွင် လုံးအောင်လှိမ့်၍ ဘောလုံးတစ်လုံး ပြုလုပ် ပေးနိုင်သည်။ ဖေဖေ ဟော့ဒေါ့ မုန့် လုပ်ပေးပါဟု ကျွန်တော့် ကလေးများက တောင်းဆို နိုင်ပါသည်။ ထိုအခါ ကျွန်တော်သည် ရွှံ့ကို လက်ဖ၀ါးများ ပေါ်တွင် လှိမ့်နယ်၍ ဟော့ဒေါ့ မုန့်တစ်ခု လုပ်၍ ပေးနိုင်ပါသည်။ ကျွန်တော့် သားများက ဖေဖေ ဒိုးနတ်မုန့် လုပ်ပေးပါဟု တောင်းဆို နိုင်ပါသည်။ ထိုအခါ ကျွန်တော်သည် အစွန်းနှစ်ဖက်ကို ဆက်၍ ဒိုးနတ်မုန့် လုပ်ပေးနိုင်ပါသည်။ ကျွန်တော့် ကလေးများက ဖေဖေ အကောင်းဆုံး စက်ရုပ်တစ်ခု လုပ်ပေးပါလို့ တောင်းဆိုနိုင်ပါသည်။ ထိုအခါ ကျွန်တော်က သား ဒါ လွယ်လွယ်လေးပဲ၊ သား မင်းဖါသာ မင်းကြိုးစား ကြည့်ပါလား။
 
    မိတ်ဆွေ ဤနေရာတွင် သင့်အတွက် ရှည်ကြာစွာ ဖုံးကွယ်ထားသော အမှန်တရား တစ်ခုကို မြင်တွေ့ နိုင်ပါသည်။ သင့်ဘ၀သည် သင့် လက်ထဲတွင် ရှိသော ရွှံ့ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် သင့်ဘ၀ကို ပုံသွင်းရန် စွမ်းအားများ ပေးထားသောကြောင့် ဖြစ်သည်။ သင့်ဘ၀ကို မည်ကဲ့သို့ ဖြစ်စေလို သနည်း။ ၎င်းင်းသည် သင် အမှန်တကယ် နောက်ဆုံး ဖြစ်လိုသောအရာ ဟုတ်ရဲ့လား။ ၎င်းင်းသည် သင်၏ ရွေးချယ်မှု ဖြစ်သည်။ ဤ ကြိုးပမ်းချက် အားလုံးကို သင် သတ်မှတ်သည်။ သင့် ဘ၀ကြမ္မာကို သင် ဆုံးဖြတ်ပေးသည်။
 
    ကျွန်တော် ထပ် ပြောမယ်။ သင့်ဘ၀ဟာ ရွှံ့တုံး တစ်ခု ဖြစ်တယ်။ သင့်ဘ၀ ပုံသွင်းရန် ဘုရားသခင်က သင့်အား အစွမ်းထက်သော လက်နက် နှစ်ခု ပေးထားသည်။ ထိုအစွမ်းထက်သော လက်နက်နှစ်ခုမှာ သင်၏ ယုံကြည်မှုနှင့် သင်၏ လုပ်ဆောင်မှု ဖြစ်သည်။
 
    အမှန်မှာ ယုံကြည်မှုနှင့် လုပ်ဆောင်မှုသည် တစ်ခုတည်း ဖြစ်သည်။ အကြောင်းမှာ သင်ယုံကြည်သည့် အတိုင်း သင်လုပ်ဆောင်သော အခါတွင် သင်၏ ယုံကြည်ခြင်းကို အရှင်းလင်းဆုံး ဖော်ပြပေးခြင်း ဖြစ်သည်။ သင်သည် သင်ယုံကြည်သော ထိုဘ၀ကို သင်ရှာဖွေ တွေ့ရှိလိမ့်မည်။ ဘုရားသခင် ဖန်ဆင်းထားသော အ ရာ အားလုံးသည် သင်၏ ယုံကြည်မှုနှင့် လုပ်ဆောင်မှုကို အလိုက်သင့် ပြုပြင် ပေးလိမ့်မည်။
 
အပျက်သဘော ယုံကြည်မှု
    လူအတော်တော်များတွင် အပျက်သဘော ယုံကြည်မှု ရှိကြသည်။ ထို အပျက်သဘော ယုံကြည်မှုသည် သူတို့၏ အပျက်ဘ၀ကို ဖန်တီး ပေးသည်။ ငါမနှစ်က ငွေ အကြပ်အတည်း တွေ့ခဲ့တယ်။ ဒီနှစ်လည်း ပြောင်းလဲမှ မဟုတ်ပါဘူးဟု သူတို့ တွေးတတ်သည်။ သို့မဟုတ် ငါမနှစ်က စိတ်ဆင်းရဲစရာ အများ ကြုံခဲ့ရတယ်။ ဒီနှစ်လည်း ဒီလို နေမှာပဲ။ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ သူတို့ တွေးတတ်ကြသည်။ ကျွန်တော့်တွင် မိတ်ဆွေ တစ်ယောက်ရှိသည်။ သူမသည် အပျက် သဘော ယုံကြည်မှု ရှိသည်။ အပျက်စိတ် ရှိသော မနီ လို့ ဆိုကြပါစို့။ သူမသည် ခေါင်းကိုက် တတ်သည်။ ၎င်းင်းသည် သာမန် ရိုးရိုး ခေါင်းကိုက်ခြင်း ဖြစ်သည်။ သို့သော် မနီ၏ စိတ်တွင် တွေးတောလျက်ရှိတာက- ဒါ ကင်ဆာ ဖြစ်မယ် ထင်တယ်။ ငါနဲ့ ရုံးမှာ အတူတူလုပ်တဲ့ သူတစ်ယောက်လည်း ဒီအတိုင်းပဲ ဖြစ်ခဲ့တယ်။ သူ့ကို ဆရာဝန်က ကင်ဆာလို့ မပြောမီ သူလည်း ဒီလိုပဲ ခေါင်းကိုက်ခဲ့တယ်။ အမှန်အားဖြင့် မနီ ခေါင်းကိုက်ခြင်းသည် ယခင် ညက တီဗွီကို အချိန်ကြာမြင့်စွာ ကြည့်ခဲ့လို့ ဖြစ်ပါတယ်။ သို့သော် နေ့ရက်များ ရှည်ကြာလာသည်နှင့် အမျှ သူမ ၏ ကြောက်ရွံ့မှု ပို၍ ကြီးလာသည်။
 
    မနီ၊ သင့်ရဲ့ ခန္ဓာကိုယ်ဟာ သင့်ရဲ့ စိတ်ကို နာခံသူ ဖြစ်တယ်။ မကြာမီ သင့်မှာရှိတယ်လို့ ယုံကြည်တဲ့ ကင်ဆာကို သင့်ရဲ့ ခန္ဓာကိုယ်က သင့်ကို ဖေါ်ထုတ်ပေး လိမ့်မယ်လို့ ကျွန်တော်က မနီအား သတိပေး စကား ပြောကြားသည်။
 
    မိတ်ဆွေ မနီကဲ့သို့ အပျက်သဘော ယုံကြည်မှု မရှိ ပါစေနှင့်။ မနီကဲ့သို့ အပျက်စိတ် မရှိ ပါစေနှင့်။ အပြုသဘော ယုံကြည်မှု ရှိသောသူ၊ အပြုစိတ် ရှိသောသူ ဖြစ်ပါစေ။ ဒီနှစ်မှာ သင်သည် ၀င်ငွေ တိုးတက်သောသူ ဖြစ်လို ပါသလား။ ဤကြေညာချက်ကို အသံထွက် ဆိုပါ။ “ဒီနှစ်မှာ ငါ၏ ရင်းနှီးမြုပ်နှံမှုများ ပိုမို များပြားလာ လိမ့်မည်။ ငါရဲ့ အကြွေးများ အားလုံး ဆပ်နိုင်မည်။ ငါ၏ ၀င်ငွေ ပိုမို များပြား လာလိမ့်မည်။ ငါသည် ပိုမို ပေးကမ်း စွန့်ကြဲမည်။”သင်၏ မိသားစု ပို၍ ကောင်းကြီး မင်္ဂလာ ခံစားရသည်ကို သင် မြင်လိုပါသလား။ ဤကြေညာချက်ကို အသံထွက်၍ ဆိုပါ။ “ဤနှစ်တွင် ငါ၏ ချစ်ခြင်းမေတ္တာသည် ပိုမို နက်ရှိုင်း လိမ့်မည်။ ငါ၏ ဆက်ဆံရေးသည် ပိုမို ခိုင်မာလိမ့်မည်။ ငါ၏ မိသားစုသည် ရင်းနှီး ကျွမ်းဝင်မှု ပိုမို ကြီးမား လာလိမ့်မည်။ ငါသည် ယုံကြည် စိတ်ချမှု ပိုမို တိုးလာလိမ့်မည်။ ငါ၏ စိုးရိမ်ပူပန်မှုများလည်း လျော့နည်းသွား ရလိမ့်မည်။ ငါသည် ရုပ်ပိုင်းဆိုင်ရာများ လျော့နည်းသွားပြီး ဘုရားသခင်၏ စစ်မှန်သော ပျော်ရွှင်ခြင်းများကို ပိုမို တွေ့ကြုံ ခံစား ရလိမ့်မည်။” သင် ယုံကြည်မှု၏ စွမ်းအား တန်ခိုးအကြောင်း သင့်အား ရှင်းပြပါရစေ။
 
    စိတ်ပညာရှင်များက စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ အလွန် ကြီးမားသော ရေစည်ကြီး တစ်ခုတွင် ကြွက်တစ်ကောင်ကို လွှတ်ထားသည်။ ထိုရေစည်ကြီး ကို လုံးဝ မှောင်ချ ထားသည်။ ထိုအခါ ကြွက်သည် အလင်းရောင်ကို မမြင် ရသောကြောင့် တခဏဖြင့် အရှုံး ပေးလိုက်သည်။မည်မျှလောက် မြန်ဆန် သနည်း။ ကြွက်သည် သုံးမိနစ်သာ ရေကူးနိုင်သည်။ ထို့နောက် နစ်မြုပ် သွားသည်။ သို့သော် ထိုအလွန် ကြီးမားသော ရေထုကြီးအား အနည်းငယ်မျှသော အလင်းရောင်ကို ပေးထားလျှင် ကြွက်သည် ဆက်၍ ရေကူးနေမည်။ အံ့သြဖွယ် ကောင်းလောက်အောင် ၃၆နာရီ ကြာသည် အထိ ရေကူး နေနိုင်သည်။  ၃ မိနစ်နှင့် ၃၆ နာရီ ကွာခြားမှုသည် မျှော်လင့်ခြင်းကြောင့် ဖြစ်သည်။
 
    ၎င်းင်းသည် အပြုသဘော ယုံကြည်မှု၏ စွမ်းအား တန်ခိုး ဖြစ်သည်။ အပြုစိတ်၏ စွမ်းအား တန်ခိုး ဖြစ်သည်။ ၎င်းင်းသည် သင့်အား မျှော်လင့်ခြင်းကို ပေးသည်။
 
ထိုမှောင်ချ ခံထားရသည့် ကြွက်ကဲ့သို့သော သူများစွာတို့ကို ကျွန်တော်တွေ့ ကြုံဖူးပါသည်။ အကြောင်းမှာ သူတို့ ရှေ့၌ ရှိသည့်တောက်ပသော အနာဂတ်ကို သူတို့ မတွေ့ မမြင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လက်လျော့ အရှုံးပေး လိုက်သည်။ သူတို့၏ အိပ်မက်များကို အရှုံး ခံလိုက်သည်။ သူတို့၏ အတိတ် မှောင်မိုက်တွင် ပိတ်မိနေသည်။ သူတို့၏ စိတ်ပျက် ၀မ်းနည်းဘွယ် ကောင်းသော ဘ၀ကို မည်သို့မှ မပြောင်းလဲနိုင်ဟု ခံစားရသည်။
 
    သင်သည် ယခု လတ်တလောတွင် ရေဆန်ကို ကူးခတ်နေရသည်ဟု ခံစား ရနိုင်သည်။ ထိုကဲ့သို့ ခံစားမှုမျိုး အချိန်မရွေး ခံစား ရနိုင်သည်။ သင်သည် သင်၏ ပြသနာများတွင် နစ်မြှပ်၍ နေနိုင်သည်။ သို့သော် မကြောက်ပါနှင့်။ အလွန် မှောင်မိုက်သော သင်၏ လိုဏ်ခေါင်း အဆုံးတွင် အလင်းရောင် ရှိပါသည်။ ယနေ့ ဘုရားသခင်သည် သင့်အား မျှော်လင့်ခြင်းကို ပေးလိုသည်။ ဖန်ဆင်းခြင်း ပဌမနေ့တွင် ဘုရားသခင်က “အလင်းဖြစ်စေ”ဟု မိန့်ကြား ခဲ့ပါတယ်။ ဘုရားသခင် ဆက်လက် မိန့်ကြားနေသည် “အလင်းဖြစ်စေ။”  သင်၏ အနာဂတ် သင်၏ အတိတ်ထက်သာ၍ တောက်ပ ပါသည်။
 
 ဤဆောင်းပါးသည် သင့်အား အပြုသဘော ဖြည့်ဆည်း ပေးပါစေ။ ဖတ်ရှု၍ အပျက်သဘော သင့်၌ ရှိနေလျှင် သင့်ဘ၀ကို ပြောင်းလိုက်ပါ။         
              
Ref; Bo SANCHZ \ How Your Words Can Change Your World ကို ဘာသာပြန် ဆိုသည်။    
အုတ်လှ