Monday, May 13, 2013

ရဟန္တာမ ဘဲနားဒက် (Bernadette)

    Bernadette Soubirous ဟာ ၁၈၄၄ခုနှစ်၊ ပြင်သစ်ပြည် Lourdes လု(ဒ်)(စ်)မြို့မှ တောင်သူ လယ်သမား မိသားစုမှ မွေးဖွားခဲ့ပါတယ်။ ၁၈၅၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ရက်နေ့ မှာ သူ့ ညီမလေးနဲ့ သူ့ သူငယ်ချင်းရယ် သုံးယောက်သားဟာ ထင်းခွေဖို့ တောထဲကို ဖြတ်ပြီး ထင်းခွေ ထွက်ကြရတာပါ။ သူ့ညီမနဲ့ သူ့သူငယ်ချင်းကတော့ အရင် စမ်းချောင်းလေးကို ဖြတ်သွား ကြပြီး ဘဲနားဒက်ကတော့ အင်မတန် ဆိုးရွားတဲ့ ပန်းနာရင်ကျပ်ရောဂါ ရှိတော့ စမ်းချောင်းကို ဖြတ်ဖို့ ခြေစွပ်ကို ချွတ်ပြီးတဲ့ အချိန်မှာ ပြင်းထန်တဲ့ လေတစ်ချက် ဝှေ့လိုက်ပြီး သစ်ပင်တွေကလည်း လှိုင်ဂူအနားမှာ ယိမ်းယိုင်နေတာကို တွေ့လိုက်ရတယ်။ ထူးဆန်းတာက ဘေးပတ်ဝန်းကျင်က သစ်ပင်တွေက ငြိမ်နေပြီး ရေထဲကို သူမ ခြေချလိုက်တဲ့ အချိန်မှာ လှိုင်ဂူနားကနေ လေက အပြင်းအထန် တချက်ထပ် တိုက်လိုက်ပြန်တော့ ဘေးနားမှရှိတဲ့ ချုံပုတ်တွေက ဘယ်ညာယိမ်းပြီး ကြောက်မက်သော အသံတစ်ခု ကြားလိုက်ရပါတယ်။ ဒါနဲ့ ဘဲနားဒက်က လှိုင်ဂူကို ကြည့်လိုက်တဲ့အခါ သူနဲ့ ရွယ်တူ လှပတဲ့ မိန်းကလေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ မိန်းကလေးဟာ အဖြူရောင်ဝတ်ရုံကို ၀တ်ထားပြီး၊ အပြာရောင် ခါးစည်းကြိုးနဲ့ စိတ်ပုတီးတစ်ကုံး လက်မှာ ကိုင်ထားတာကို တပါတည်း တွေ့လိုက် ရပါတယ်။အဲ့ဒီ မိန်းကလေးက ဘဲနားဒက် ရှေ့လာပြီး ဦးညွှတ်လိုက်တယ်။ ဒါနဲ့ ဘဲနားဒက်က သူ ငါ့ကို ဘုရားရှိခိုးစေချင်တယ် ထင်ပြီး သူ့ အိတ်ကပ်ထဲ ပါလာတဲ့ စိတ်ပုတီးကို ထုတ်ပြီး စိပ်လိုက်တယ်။ သူတွေ့တဲ့ မိန်းကလေးကလည်း ပုတီးစိပ် နေတဲ့ သူမ လက်ချောင်းလေးတွေကို သူ မြင်တွေ့ နေရတယ်။ ဒါပေမယ့် သူမ နှုတ်ခမ်းလှုပ်နေတာကိုတော့ မတွေ့ရဘူးတဲ့။ ပုတီး အလုံး(၅၀) ၅ Decades စိပ်ပြီးတဲ့ အခါမှ ထိုမိန်းကလေးက ဘဲနားဒက်ကို ပြုံးပြီး ပျောက်ကွယ်သွားပါတယ်။
 
    အဲ့ဒီ အချိန်မှာပဲ သူနဲ့အတူ လာတဲ့ နှစ်ယောက်က ထင်းတွေ တပွေ့တပိုက်နဲ့ ထင်းခွေပြီး ပြန်လာတဲ့ အချိန်မှာ ဘဲနားဒက်က ဒူးထောက်နေတာကို တွေ့တော့ ကျန်တဲ့ နှစ်ယောက်က သူတို့နဲ့ လိုက်ပြီး ထင်းမခွေချင်လို့ အထင်နဲ့ သူ့ကို သူ့ညီမက ဆူပူ ကြိမ်းမောင်းတယ်။ သူ့ သူငယ်ချင်းကတော့ နင့်ကို ကြည့်ရတာ ကြောက်နေတဲ့ ပုံပေါက်နေတယ်။ “နင် ဘာကို မြင်လို့လဲ” လို့ မေးလိုက်တယ်။ ဘဲနားဒက်က “အဖြူရောင် ၀တ်စုံ ၀တ်ထားတဲ့ မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရတယ်” လို့ ပြန် ဖြေလိုက်တယ်။ အိမ်ပြန်ရောက်တော့ ညမှာ အမေ့ကို အဖြစ်အပျက်တွေ ပြောပြတော့ သူ့ အမေက “နင် ထင်ယောင် ထင်မှား ဖြစ်တာပါ။ အဲ့ဒါက အဖြူရောင် ကျောက်တုံးကြီး တစ်ခုပါ။ ဒါမှမဟုတ် ငရဲငယ်က ၀ိညာဉ်တစ်ဦး ရောက်လာတာ များလား။ နောက်တစ်ခါ လှိုင်ဂူသနားကို မသွားနဲ့” လို့ သတိပေး လိုက်တယ်။
 
    နောက် နှစ်ရက်လောက် လှိုင်ဂူနားကို မသွားပဲ နေပေမယ့် လူအများကတော့ ဘဲနားဒက် မြင်ခဲ့တဲ့ အကြောင်းတွေကို ပြောနေကြတယ်။ သုံးရက်မြောက်တဲ့ နေ့မှာ သူ့အဖေက သွားဖို့ ခွင့်ပြုတဲ့ အတွက် လှိုင်ဂူဆီကို သွားပြီး ပုတီးစိတ်ပြီးတဲ့ အချိန်မှာ ၀တ်စုံဖြူ ၀တ်ထားတဲ့ မိန်းကလေးက ပေါ်လာတာကို မြင်တော့ ဘဲနားဒက်က သူမ ဘေးက ကလေးမရဲ့ ပုခုံးကို ကိုင်ပြီး “ဟိုမှာ ဟိုမှာ” ဆိုပြီး ပြောလိုက်ပါတယ်။ ဒါပေမယ့် သူမ ဘေးက ကလေးမလေးက “ဘာမှ မမြင်ရဘူး” လို့ ပြန်ပြောလိုက်တယ်။ ဘဲနားဒက်ကလည်း ခေတ္တ သတိမေ့သလို ဖြစ်သွားပြီး သူ့ထက် နည်းနည်း အသက်ကြီးတဲ့ သူက သူ့ကို ကြိုးစားပြီး လှုပ်နှိုးပေမယ့် သူက သတိလည်းမရ လှုပ်လို့လည်း မရ ဖြစ်နေပါတယ်။ နောက်ဆုံးတော့ သူမကို တောင်ပေါ် ခေါ် သွားတော့မှ သတိ ပြန်ရလာပြီး သူမ ငိုပါတော့တယ်။ သူ တစ်ဦး တစ်ယောက်ကမျှ သူ မြင်ခဲ့တဲ့အရာကို မယုံကြည် ကြဘူး။ ရက် အနည်းငယ်ကြာတဲ့ အခါမှာ ဘဲနားဒက်ဟာ လှိုင်ဂူကို ပြန်လာ ပြန်တယ်။ ဒီအချိန်မှာ အဖြူရောင် ၀တ်စုံနဲ့ မိန်းကလေး ပြန်ပေါ်လာပြီး “သင် ကျေးဇူးပြုပြီး ဒီနေရာကို နှစ်ပတ်လောက် နေ့စဉ် လာနိုင်မလား” ငါ ကတော့ နင့်ကို ဒီဘ၀မှာတော့ ပျော်ရွှင်အောင် မထား နိုင်ပေမယ့်၊ နောင်ဘ၀ ကျရင်တော့” ဆိုပြီး ပြောလိုက် ပါတယ်။ ဒီ အဖြစ်အပျက်တွေကို ကြားကြတဲ့ သူတွေဟာ လှိုင်ဂူကို သွားကြတော့၊ ရဲတွေကလည်း ကန့်သတ်နယ်မြေ မသွားရဘူးဆိုပြီး တားမြစ် ကြတယ်။ ဒါပေမယ့် ဘဲနားဒက်ကတော့ ရဲတွေရဲ့ တားမြစ်ချက်ကို ဂရုမစိုက် ခဲ့ပါဘူး။
 
    ဘဲနားဒက်က နောက်တစ်ကြိမ် ၀တ်ဖြူ စင်ကြယ် ၀တ်ထားတဲ့ မိန်းကလေးကို ပြန်တွေ့တော့ သူမကို “စမ်းချောင်းထဲက ရေကို သောက်ပါ။ ခြေ လက် ဆေးပါ။ အဲ့ဒီနားက မြက်ကို စားလိုက်ပါ”လို့ ပြောလိုက်တယ်။ ၀တ်ဖြူ စင်ကြယ်ဝတ်ထားသူ ညွှန်လိုက်တဲ့ နေရာက ကျောက်ဆောင် ဖြစ်နေပြီး ဘဲနားဒက်က လက်နဲ့ ယက်ပြီး တူးလိုက်တဲ့အခါ စမ်းရေတွင်းပေါ်က ဘဲနားဒက်က ချစ်ခင် မြတ်နိုးစွာနဲ့ “သင် ကျွန်ုပ်ကို ပြောပြပါ သင် ဘယ်သူလဲ” လို့ မေးလိုက်တဲ့ အခါ ထိုမိန်းကလေး က “ကျွန်မဟာ အပြစ်မဲ့ သန္ဓေယူသောသူ ဖြစ်တယ် ဒီနေရာမှာ ဘုရားကျောင်း တစ်ခု လိုချင်ပါတယ်” “I am the Immaculate Conception I want a Chapel here” လို့ ပြန်ဖြေ လိုက်ပါတယ်။
 
    အဲ့ဒီ နေရာမှာ ထောင်ပေါင်း များစွာသော ဘုရားဖူးတွေ ရောက်လာ ဖူးမျှော်ကြပြီး အင်မတန်မှ ထူးဆန်း အံ့ဖွယ်တွေဖြစ်တဲ့ မပျောက်ကင်းနိုင်တဲ့ ရောဂါတွေ၊ ဆုကျေးဇူးတွေ အံ့မခန်း နိုင်အောင် ရရှိ ကြပါတယ်။ အဲ့အချိန်ကလည်း ၁၈၅၈ ခုနှစ် ဖြစ်ပါတယ်။ ဘဲနားဒက်ဟာလည်း မယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို အထမြောက်အောင် ပြုလုပ်နိုင်တဲ့သူ ဖြစ်ပြီး ရွေးကောက်ခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာ မချမ်းသာဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ ဒါပေမယ့် ဘုရားသခင်နဲ့ မယ်တော်ကို ချစ်တဲ့အတွက် မယ်တော်ရဲ့ အမှုတော်ကို ထမ်းတဲ့အနေနဲ့ ဒုက္ခများစွာ အခက်အခဲ များစွာကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ သူဟာ လူ့ပြည်မှာ အကြာကြီးနေခဲ့တဲ့ အချိန်မှာ သီလရှင်ကျောင်းကို ရောက်သွားပြီး သူ့မွေးရပ်မြေ (Lourdes) ကို ဘယ်တော့မှ ပြန် မရောက်တော့ဘူး။ သူမဟာ အဖြူရောင် ၀တ်စုံဝတ်ထားတဲ့ မယ်တော်သခင်မ ပြောတဲ့ အတိုင်း အကုန် လုပ်ဆောင်ရွက် ခဲ့ပါတယ်။ သူ မြင်တွေ့ခဲ့ရတဲ့ မယ်တော်သခင်မရဲ့ အကြောင်းကိုလည်း အမြဲ အမှတ်ရပြီး ပီတိတွေ ဖြစ်လျက် နေတော့တယ်။


    တစ်နေ့ သူမ အရမ်းဖျားနေတဲ့ အချိန်မှာ အဖြူရောင် ၀တ်စုံ ၀တ်ထားတဲ့ မယ်တော် သခင်မ ရောက်လာပြီး “ငါနဲ့ လိုက်ခဲ့” ဆိုပြီး သူမကို ခေါ်သွားတယ်။ သူမ ၁၈၇၉ ခုနှစ်မှာ သေဆုံး သွားတယ်။ သူမရဲ့ ရုပ်ကလပ်ကို မှန်အခေါင်းနဲ့ ထည့်သွင်းထားပြီး ပုပ်သိုးခြင်း မရှိပဲ နေတာကို ပြင်သစ်နိုင်ငံရှိ Vevers သီလရှင်ကျောင်းမှာ ယနေ့တိုင် ရှိနေတယ်။ သူမ အသက်ထွက်ခါနီး နောက်ဆုံး ပြောတဲ့ စကားကတော့ “ဘုရားရှင်နဲ့ ရဟန္တာများကို ဆုတောင်းပါ” တဲ့ သူမဟာ အဲ့ဒီ ၀တ်ဖြူ စင်ကြယ်ဝတ်ထားတဲ့ မယ်တော်သခင်မနဲ့ ကောင်းကင်နိုင်ငံမှာ ယနေ့ထက်တိုင် အတူတကွ နေထိုင်လျက် ရှိပါတယ်။
 
June Rose