Friday, May 31, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂)


 ပေါ်တူဂီ စစ်ဗိုလ် ဆာလ်ဗာ ဒေါ်ရီ ဘေအီရိုဒေ ဘော်ဆာသည် ခရစ်သက္ကရာဇ် (၁၅၅၀) အကုန် လောက်တွင်  ရခိုင်မင်း ရာဇာကြီးထံ ဗိုလ်မှူးအဖြစ် ၀င်ရောက် အမှုထမ်းရာ သူနှင့် တွဲဖက်၍ ဖီးလစ် ဒီဗရစ်တိုနီကိုတီလည်း အမှုထမ်းသည်။ ခရစ်သက္ကရာဇ် (၁၅၉၉-၁၆၀၀) တွင် တောင်ငူနှင့် ရခိုင် ပူပေါင်း၍ ဟံသာဝတီ နန္ဒဘုရင်ကို တိုက်ခိုက်သည့် အခါ ဖီးလစ်ဒီဗရစ်တိုသည် ရခိုင်ဘက်မှ ၀င်ရောက် တိုက်ခိုက် ပေးခဲ့သည်။ ရခိုင်ဘုရင်မင်း ရာဇာကြီးသည် ပဲခူးကို အောင်မြင်သော အခါ မိမိအား အကူအညီ ပေးခဲ့သော ဖီးလစ်ဒီဗစရစ်တို ခေါင်းဆောင်သည့် ပေါ်တူဂီတို့အား သံလျင်ဆိပ်ကမ်းကို ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် ဖီးလစ်ဒီဗရစ်တိုသည် သံလျင်ကို ခိုင်ခန့်အောင် တပ်များ ဆောက်လုပ်၍ အင်အားဖြည့် တင်းလျက်ရှိသည်။ နောက်ပိုင်းတွင် ဒီဗရစ်တိုသည် သံလျင်တွင် ရှင်ဘုရင် အခေါ်ခံ၍ သီးခြား အုပ်စိုးသည်။ ပုသိမ် ဒလ စသော သင်္ဘောဆိပ်များကိုလည်း သိမ်းပိုက် ထားသည်။ မြန်မာတနိုင်ငံလုံး သိမ်းယူရန် ကြံစည်နေသည်။ ဒီဗရစ်တိုသည် ရိုမင်ကက်သလစ်ဘာသာကို အားပေးသည်။ ဘုရင်ဂျီ ဘုန်းကြီး ကူမာဇာ ယူအန်တိုနီနှင့် အယူတူဆိုသော ပုဂ္ဂိုလ်နှစ်ဦးက ဘုရင်ဂျီ ဘာသာဝင်တို့ကို ဘိသိတ်ပေးသည်။

    ထိုအချိန်မှ စ၍ ပေါ်တူဂီ လူမျိုး အမြောက်အများ သံလျင် နေထိုင်လာကြသည်။ ဂျေဇွိတ်ဂိုဏ်းမှ ဘုန်းတော်ကြီး ဖါသာရဗောဗစ် (Fr.Boves)နှင့် ဘုန်းတော်ကြီး ဖါသာရ် ဖါနန်ဒစ်ဇ် (Fr.Femandez)တို့ ရောက်လာ၍ နှစ်အနည်းငယ် ကြာသောအခါ ဘုန်းတော်ကြီး နှစ်ပါး အိန္ဒိယသို့ ပြန်သွားကြသည်။ ၄င်းအသင်းဂိုဏ်းမှ ပင် ဘုန်းတော်ကြီး ဖါသာရ် ဒေဖုန်းဆေးကား (Fr.Defonseca) နှင့် ဘုန်းတော်ကြီး ဖါသာရ် ဒီအေဂိုနူးနစ် (Fr.DiegoNunes)တို့ ရောက်လာကြသည်။

    ခရစ်သက္ကရာဇ် (၁၆၁၂)ခုတွင် ဒီဗရစ်တိုသည် မုတ္တမစား ဗညားဒလနှင့် ရေကြောင်း ကြည်းကြောင်း တောင်ငူသို့ ချီတက် တိုက်ခိုက်သည်။ တောင်ငူတွင် (၁၀)ရက် ခန့်နေ၍ ရွှေနန်းတော်ကို မီးတိုက်သည် ဆင်မြင်း လူသူ ရွှေငွေတို့ကို ယူ၍ သံလျင်ကို ပြန်သည်။ တောင်ငူ ဘုရင် နတ်ရှင်နောင်ကိုလည်း သံလျင်သို့ ခေါ်ဆောင် သွားသည်။ သံလျင်တွင် နတ်သျှင်နောင် ဘုရင်ဂျီ ဘာသာသို့ဝင်ကြောင်း အဆိုရှိသည်။

    ခရစ်သက္ကရာဇ် (၁၆၀၅)ခုတွင် မဟာဓမ္မရာဇာ (နောက်ဘက်လွန်မင်း) အင်းဝထီးနန်းကို စိုးစံတော်မူုသည်။ (၁၆၁၃)ခုတွင် အနောက်ဘက်လွန်မင်းသည် သံလျင်ကို တိုက်ခိုက် အောင်မြင်သည်။ ဖီးလစ် ဒီဗရစ်တိုကို လျှို၍ သတ်သည်။ ကျန် ပေါ်တူဂီလူမျိုးတို့နှင့် ၄င်းတို့၏ သားမယား အဆက်အနွယ် အပေါ်တူဂီ ခရစ်ယာန် လေးထောင်ကျော်ကို အင်းဝသို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားသည်။ သံလျင်မှ အင်းဝသို့ သွားသော ခရီးလမ်းမှာ နှိပ်စက်ခြင်း အမျိုးမျိုး ခံကြရသည်။ ဘုန်းတော်ကြီး ဖါသာရ် ဒီအေဂိုနူးနစ် (Fr.Diego  Nunes) မှာ ညှင်းပန်း နှိပ်စက်မှု ဒဏ်ကြောင့် သံလျင် အင်းဝခရီးတွင် ပျံလွန်တော်မူသည်။

    ဘုန်းတော်ကြီး ဖါသာရ် ဒေးဖုန်းဆေးကား (Fr.Defonseca)က အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ရှိ၊ ဘုရင်ခံထံသို့ အင်းဝမှ (၁၆၁၆)ခု၊ ဒီဇင်ဘာ (၂၉)ရက် နေ့စွဲဖြင့် ရေးသား ပေးပို့သောစာ၏ တစိတ်တသေကို အောက်ပါအတိုင်း ဖေါ်ပြပါသည်။ ပဲခူးမြို့ ပျက်စီးရခြင်း အကြောင်းနှင့် ကျွန်ုပ်တို့ ခရစ်ယာန် (၅၀၀၀) ကျော် အဖမ်းခံရခြင်း၊ အကြောင်းရင်း အမှန်ကို အရှင်မင်းမြတ်၏ တိုင်းပြည်၏ အကျိုးအတွက် သိရှိစိမ့်သောငှာ ရေးသား ဖေါ်ပြရခြင်း ဖြစ်ပါသည်။ သံလျင်မြို့ကို မဟာ ဓမ္မရာဇာ အနောက်ဖက်လွန်မင်းသည် ခရစ်သက္ကရာဇ် (၁၆၁၃) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀)ရက် မှ မတ်လ (၂၇)ရက်နေ့ အထိ ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက် ခဲ့ကြသည်။ အင်အား မမျှ၍ သံလျင်မြို့ ကျဆုံးရာ ကျွန်ုပ်တို့ ခရစ်ယာန်များ အားလုံးကို ကျေးကျွန်များ အဖြစ် သတ်မှတ်ခြင်း ခံရပါသည်။ ကျွန်ုပ်နှင့် ဘုန်းတော်ကြီး ဖါသာရ် ဒီအေဂိုးနူးနစ်တို့လည်း သံခြေကျင်း အခတ်ခံ ရပါသည်။ အဆိုးဝါးဆုံး ရက်စက် ကြမ်းကြုပ်သည့် ညှင်းပန်း နှိပ်စက်မှုကို ခံကြရပါသည်။ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရေး အတွက် အံကြိတ် ခံခဲ့ကြရပါသည်။ ပထ၀ီ မြေကြီးသည် ကျွန်ုပ်တို့၏ မွေ့ရာနှင့် ကုတင်များ ဖြစ်ကြပါသည်။ အစာ အတွက် တစ်နေ့လျင် ဆန်ပြုတ် တစ်ခွက် ရရှိပါသည်။ မြန်မာ စစ်သားများကလည်း ၄င်းတို့၏ ဘုရင် နှစ်ချိုက်စေရန် လူများရှေ့တွင် ကျွန်ုပ်တို့အား မကြာခဏ ရိုက်နှက်လေ့ ရှိပါသည်။ ကျွန်ုပ်တို့အား လက်နက်ချ အညံ့ခံရန် ငြင်းဆန်သူများဟု စွပ်စွဲလျက် ကျွန်ုပ်တို့၏ ပါးများကို လက်ဝါးဖြင့် ရိုက်ပါသည်။ မျက်နှာကိုလည်း မကြာခဏ လက်သီးနှင့် ထိုးပါသည်။ အစာငတ် ရေငတ်ဖြင့် အင်းဝသို့ ရောက်သော အခါတွင်လည်း ရက်စစ် ကြမ်းကြုတ်စွာ ညှင်းပန်း နှိပ်စက်မှုကို ခံစားကြရပါသည်။ မင်းစိုး ရာဇာ အမျိုးသမီးများသည် ၄င်း၊ သာမန် အမျိုးသမီးများသည် ၄င်း၊ ငတ်လွန်း လှသဖြင့် တအိမ်တက်ဆင်း တအိမ်တက် တောင်းရမ်း စားသောက် ကြရပါသည်။ မိသားစုများမှာလည်း မယား တကွဲ သားတကွဲ ဖြစ်နေ ကြရပါသည်။ ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ဖြင့် ပြန်လည် ရရှိမည့် လွတ်လပ်ရေး အတွက် ယုံကြည် ကိုးစားစွာဖြင့် ဆုတောင်းရင်း ကြံ့ကြံ့ခံ ရင်ဆိုင်လျက် ရှိကြပါသည်။ ဘုန်းတော်ကြီး ဖါသာရ် ဒေဖုန်းဆေးကားသည် အင်းဝတွင် နှစ်ပေါင်းများစွာ စစ်အကျဉ်းသား အဖြစ် နေထိုင်ရ၍ ခရစ်ယာန် (၅၀၀၀)ကျော် တို့ကို စောင့်ရှောက်ရသည်။  

    ခရစ်သက္ကရာဇ် (၁၆၂၈) တွင် မဟာဓမ္မရာဇာ (အနောက်ဘက်လွန်မင်း) သည် ဟံသာဝတီ ပဲခူးချောင်းသစ် အနောက်ဘက် ယာယီ စံနန်းတော်၌ နေထိုင်စဉ်သားတော် မင်းရဲဒိဗ္ဗ လုပ်ကြံ၍ အနိစ္စရောက်သည်။ အနောက်ဘက်လွန်မင်း၏ ညီဖြစ်သော သတိုးဓမ္မရာဇာ (သာလွန်မင်း)သည် ဟံသာဝတီ ပဲခူးတွင်မင်း ဖြစ်လာသည်။ သာလွန်မင်းသည် ပထမဦးစွာ ဟံသာဝတီကို နေပြည်တော်ပြု၍ လေးနှစ် ပတ်လုံး ပြည်ရေး ရွာမှုစီရင်ပြီး (၁၆၃၃) တွင် ဟံသာဝတီ နေပြည်တော်၌ ဘိသိတ်ခံသည်။

    ခရစ်သက္ကရာဇ် (၁၆၃၅) တွင် သာလွန်မင်းသည် မြန်မာ နေပြည်တော်ကို အင်းဝသို့ ရွှေ့ပြောင်း တည်ထောင်သည်။ ၁၀ သာလွန်မင်းသည် (၁၆၃၅)ခု စက်တင်ဘာလ အတွင်း၌ ဒတ်ကုန်သည်များ ဖြစ်သော ဒီရက်စ်တွိုင်းရဲ နှင့် ဗီဒယဲရတ်ဆိန် ပေါပတာ (Dirck Steur and Wiert Jansen Popta) တို့ကို အင်းဝ နန်းတော်၌ တွေ့ဆုံ လက်ခံ၍ ကောင်းမွန်စွာ လက်ခံသည်။ ၁၁ လစ္စဘွန်းမြို့ (၁၆၉၅) က ဘုန်းတော်ကြီး သြဂုတ်စတင်း ဒေဂျေဇူး (Fr.Augustin De Jesu) ရေးခဲ့သော မှတ်တမ်းတွင် (၁၆၃၅) ခုနှစ် သူ အင်းဝ ရောက်စဉ်က သံလျင်မှ ဖမ်းလာသော ကက်သလစ် ခရစ်ယာန် (၄၀၀၀) ကျော်ကို အင်းဝ၌ တွေ့ရှိခဲ့ကြောင်းဖော်ပြထားသည်။ ၁၂

    သာလွန်မင်း ထီးနန်း စိုးစံစဉ် အင်းဝ နေပြည်တော်တွင် နိုင်ငံခြားသားများ များပြား လာသည်ကို စိုးရိမ်တော်မူသဖြင့် စစ်မှုထမ်းရာ၌ အသုံးဝင်သည့် လူအချို့နှင့် အကြီးအကဲများကို နန်းတော်၌ ဆက်လက် အမှုထမ်းစေ၍ ကျန်လူများကို စစ်ကိုင်းနယ် ပရိမ္မသို့ ရှေးဦးစွာ ပို့ဆောင်ပြီးနောက် ချင်းတွင်းမြစ်နှင့် မူးမြစ် အကြား ရွာများသို့ ပို့ကာ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသည်။ ၄င်း အချိန်မှာပင် ယိုးဒယားသို့ ချီတက် တိုက်ခိုက်ရာ၌ ဖမ်းဆီး ရမိခဲ့သည့် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ခ်ျတို့ကို မူလ ရှိရင်း ပေါ်တူဂီများနှင့် အတူ နေရာ ချထားခဲ့သည်။ ၁၃ ၄င်းတို့ ဘာသာ ထုံးစံအတိုင်း ဘုရင်ဂျီ လူမျိုး သာသနာပြု ဘုန်းတော်ကြီးများနှင့် ကိုးကွယ် နေထိုင်ကြရသည်။ ၄င်းတို့ နေထိုင်ရာ ရွာများကို ဘုရင်ဂျီရွာ (ဖရင်ဂျီ)ရွာများဟု ယခုတိုင် တွင်သည်။ ထိုဘုရင်ဂျီတို့ အဆက်အနွယ်က ယခုအခါ (၂၄၀၀) ခန့် ရှိသည်။ သုံ့လူ ပေါ်တူဂီလူမျိုးတို့ကား မြန်မာမင်း အဆက်ဆက်တို့တွင် အမြောက်သား အဖြစ် အမှုထမ်း ကြသည်။ နောင်မင်းတို့ လက်ထက် သုံ့ပန်းဖြစ်သော ကုလားဖြူ လူမျိုးတို့ကိုလည်း ထိုဘုရင်ဂျီ ရွာများသို့ ပို့၍ နေထိုင်စေသည်။ ၁၄

    မြန်မာနိုင်ငံ အထက်အညာ ဒေသသို့ ပေါ်တူဂီ ကက်သလစ် ခရစ်ယာန်များ ပထမဆုံး စတင် ရောက်ရှိသည့် ခုနှစ် သက္ကရာဇ်နှင့် ပတ်သက်၍ (၁၈၆၁) ခုနှစ်တွင် ဆရာတော်ကြီး ဘီဂန်းဒက်သည် ဘုရင်ဂျီ ရွာများသို့ လှည့်လည် သွားရောက်၍ ဘာသာဝင်များကို ကြည့်ရှု ခဲ့သည်။ ဆရာတော်ကြီးသည် ဘုရင်ဂျီရွာတိုင်းရှိ အစဉ်အဆက် မှတ်သား ထားတတ်ကြသော လူကြီး သူမများကို ပေါ်တူဂီ ခရစ်ယာန် ဘိုးဘွားများ ပထမဆုံး ရောက်ရှိသည့် အချိန်ကာလကို မေးမြန်း စုံစမ်းခဲ့ရာ ကက်သလစ် ဘိုးဘွားများ ဤရွာများသို့  ပထမဆုံး ရောက်ရှိခဲ့ကြသော အချိန် ကာလမှာ မြန်မာသက္ကရာဇ် (၉၉၉) ဖြစ်ကြောင်း ဘုရင်ဂျီ ရွာတိုင်းမှ တူညီသော အဖြေကို ရရှိသဖြင့် ဤ ဘုရင်ဂျီ ရွာများသို့ ပထမဆုံး ပေါ်တူဂီ ကက်သလစ် ခရစ်ယာန်များ ရောက်ရှိလာသည့်နှစ် အတိအကျမှာ မြန်မာသက္ကရာဇ် (၉၉၉) ခရစ်သက္ကရာဇ် (၁၆၃၇) ဖြစ်ကြောင်း သိရသည်။ ၁၅


။ အခြေပြမြန်မာနိုင်ငံရေး သမိုင်း၊ ပထမတွဲမြန်မာ ဆိုရှယ်လစ် လမ်းစဉ်ပါတီ မူပိုင်။ စာပေ ဗိမာန် ပုံနှိပ်တိုက်၊ ပထမ အကြိမ် (၁၉၇၀) စာမျက်နှာ ၄၀၄-၄၁၀ နောင် ဤ စာအုပ်ကို ကိုးကားလျင် အခြေပြနိုင်ငံရေး သမိုင်း ပတွဲ ဟုဖေါ်ပြမည်။
။ ကက်သလစ် အသင်းတော် ရာဇ၀င် အကျဉ်းချုပ်၊ ကက်သလစ် ပုံနှိပ်တိုက် ၊တောင်ငူ (၁၉၆၂) စာမျက်နှာ ၃၁၉ ၊နောင် ဤ စာအုပ်ကို ကိုးကားလျင် ကက်သလစ် ရာဇ၀င်ဟု အတိုဖေါ်ပြ မည်။
။ အခြေပြနိုင်ငံရေး သမိုင်း၊ ပတွဲ စာမျက်နှာ ၄၁၄
။ ဦးဘသန်း ကျောင်းသုံးမြန်မာ ရာဇ၀င် စာမျက်နှာ၂၄၂
။ ကက်သလစ် ရာဇ၀င် စာမျက်နှာ - ၃၂၀
။ The Annual Letter of 1615, The Voice, Dec,1926.
။ The letter from Fr.De Fonseca, The voice, Dec,1926.
။ Extract from the annual letter of 1620.The voice,1926.
။ အခြေပြုနိုင်ငံရေး သမိုင်း ပထမတွဲ စာမျက်နှာ ၄၂၅-၂၈
၁၀။ ခင်မြကြူ ၊ဒေါက်တာ၊ ကုန်းဘောင်ခေတ် ၊ပြင်သစ်မြန်မာ ဆက်ဆံရေး သမိုင်း ဒီဇင်ဘာလ ၁၉၇၆၊ ပထမနှိပ်ခြင်း စာပေဗိမာန် ပုံနှိပ်တိုက် ရန်ကုန် စာမျက်နှာ ၂။ န၀မတန်းမြန်မာ သမိုင်း စာမျက်နှာ-၅၄
၁၁။ အခြေပြုနိုင်ငံရေး သမိုင်း ပတွဲ စာမျက်နှာ -၄၃၈
၁၂။ The voice,oct,1941,p-12
၁၃။ The voice,sept,1941
၁၄။ ဦးဘသန်းကျောင်းသုံးမြန်မာ ရာဇ၀င်၊ စာမျက်နှာ -၂၇၁
၁၅။ Biganaet,An outline of the History of the catholic Burmese  Mission, From the year 1720 to 1887 printed at Hanthawaddy press,1887 p-8 နောင် ဤစာအုပ်ကို ကိုးကားလျင် Bigandet, Catholic Burmese Mission ဟုအတိုဖေါ်ပြမည်။


အထက်မြန်မာနိုင်ငံရှိ ဘုရင်ဂျီ ရွာကြီးများတွင်
နေထိုင်ကြသော ကက်သလစ် ခရစ်ယာန် ဘာသာဝင်များကို
ကြည့်ရှု ထိန်းသိမ်းရန် လာရောက်ခဲ့ကြသည့် နိုင်ငံခြား သာသနာပြု ရဟန်းဘုန်းတော်ကြီးများ

ဖါသာရ်ဒေဖုန်းဆေးကား
Fr. De Fonseca (Jesuit)
    ဂျေဇွိတ် ဂိုဏ်းမှ ဘုန်းတော်ကြီးများ ဖြစ်ကြသော ဖါသာရ် ဒေဖုန်းဆေးကားနှင့် ဖါသာရ် ဒီအေဂိုနူးနစ်တို့သည် သံလျင်တွင် ဖီးလစ်ဒီဗရစ်တို အုပ်စိုးသည့် အချိန်က ပေါ်တူဂီ ကက်သလစ် ခရစ်ယာန်များကို ကြည့်ရှုရန် ရောက်ရှိ လာခဲ့ကြသည်။ (၁၆၁၃) ခုနှစ်တွင် မြန်မာဘုရင် အနောက်ဘက်လွန်မင်းသည် သံလျင်ကို တိုက်ခိုက် အောင်မြင်၍ ဖီးလစ် ဒီဗရစ်တိုတို့ကို ကွပ်မျက် ခဲ့သည်။ သံလျင်ရှိ ပေါ်တူဂီ ခရစ်ယာန်(၄၀၀၀) ကျော်ကို စစ်သုံပန်း အဖြစ်နှင့် အင်းဝသို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။ ဖါသာရ် ဒေဖုန်းဆေးကားနှင့် ဖါသာရ် ဒီအေဂိုဒူးနစ်တို့လည်း ပေါ်တူဂီ ခရစ်ယာန်များနှင့် အတူ စစ်သုံပန်း အဖြစ် ပါရှိခဲ့ကြသည်။ ဖါသာရ် ဒီအေဂိုနူးနစ်သည် ဗမာ စစ်သားများ၏ ညှင်းပန်း နှိပ်စက်မှု ဒဏ်ကြောင့် သံလျင်နှင့် အင်းဝ ခရီး၌ပင် ပျံလွန် တော်မူသည်။ ဖါသာရ် ဒေဖုန်းဆေးကားသည် အင်းဝတွင် နှစ်ပေါင်း များစွာ စစ် အကျဉ်းသားအဖြစ် နေထိုင် ကြရသော ပေါ်တူဂီ ကက်သလစ် ခရစ်ယာန်များကို ကြည့်ရှု စောင့်ရှောက် ထိန်းသိမ်းခဲ့သည်။ ပေါ်တူဂီ ခရစ်ယာန်များကို မူးမြစ်နှင့် ချင်းတွင်းမြစ် အကြား ရွာများသို့ ပို့သောအခါတွင်လည်း ခရစ်ယာန် ဘာသာဝင်များ နှင့် အတူ လိုက်ပါ၍ ဘာသာဝင်များကို ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ ဖါသာရ် ဒေဖုန်းဆေးကားသည် ဘုရင်ဂျီ ရွာကြီး (၈)ရွာတွင် ဘုရားရှိခိုးကျောင်း (၃)ကျောင်း ဆောက်လုပ်၍ (၂၆)နှစ်တိုင်တိုင် ဘာသာဝင်များကို ထိန်းသိမ်း စောင့်ရှောက် ခဲ့သည်။

။ (က) The  voice,Dec,1926 (ခ) The annual letter of 1615 (ဂ) ကက်သလစ်ရာဇ၀င် စာမျက်နှာ ၃၂၀

 ဖါသာရ်ဒေနိစ်အာတူးမက်
(Fr. Denis Atumes)(Jesuit)
    ဘုန်းတော်ကြီး ဖါသာရ် ဒေဖုန်းဆေးကား နောက်တွင် ဂျေဇွိတ်အသင်းမှ ဘုန်းတော်ကြီး ဖါသာရ် ဒေနိစ် အာတူးမက်စ် ရောက်လာသည်။ ဤဘုန်းတော်ကြီးသည် အသက်အရွယ် နုပျို၍ ရဲရင့် ဖြတ်လတ် သူ ဖြစ်သည်။ ဘုရင်ဂျီ ရွာကြီး (၈)ရွာကို  လှည်လည် ကြည့်ရှု ရသည်။ ဖါသာရ် အာတူးမက် လက်ထက် ဘုရင်ဂျီရွာကြီး (၈)၇ွာတွင် နေထိုင်ကြသော ဘာသာဝင် ဦးရေမှာ အင်းဝ (၁၅၀)။ နဘက် (၃၀၀)။ လက်တော်ရာ ချောင်းဦး(၄၀၀)။ မုဆိုးဘို ရွှေဘို (၇၀)။ အာလံ ဟလင်း (၆၀)။ ဆီကိမ် သစ်ဆိမ့် (၂၀၀)။ စဉ်ဂွင်၊ စဉ့်ဂူ (၈၀)တို့ ဖြစ်ကြ လေသည်။ ဖါသာရ် အာတူးမက်စ်သည် (၅)နှစ် ကြာသောအခါ အိန္ဒိယသို့ ပြန်ကြွ သွားသည်။

။ ကက်သလစ် ရာဇ၀င်၊ စာမျက်နှာ ၃၂၁

ဖါသာရ် စီမောင်ရော ဒရီဂဲဇ်
Fr. Simon Rodrigues  (Jesuit)
    သက္ကရာဇ် (၁၆၅၂) ခုနှစ်တွင် အိန္ဒိယရှိ ဂျေဇွိတ်အသင်းမှ ဘုန်းတော်ကြီး ဖါသာရ် စီမောင်ရောဒရီဂဲဇ် ရောက်လာသည်။ ထိုအချိန်တွင် ဖါသာရ် ဒေဖုန်းဆေးကားမှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ ဘုရင်ဂျီ ရွာကြီးများကို ဖါသာရ် စီမောင်ရောဒရီဂဲဇ် အုပ်ချုပ်ရသည်။ ၄င်း ဘုန်းတော်ကြီး နောက် ဂျေဇွိတ်ဂိုဏ်းမှ ရဟန်းတော်များ ရောက်လာခြင်း မရှိတော့ပေ။ သံလျင်၊ ပဲခူး၊ မုတ္တမ၊ ရခိုင်ပြည်များတွင် နေထိုင်ကြသော ပေါ်တူဂီ ခရစ်ယာန်များကိုမူ ပေါ်တူဂီ ဘုန်းကြီး အချို့လာရောက် ကြည့်ရူ ကြသည်။ ၄င်း ဘုန်းတော်ကြီးတို့သည် သာသနာ ပျံ့ပွားရေး အတွက် ဆောင်ရွက်ခြင်း မပြုကြပေ။ ခရစ်သက္ကရာဇ် (၁၆၉၀) ပြည့်နှစ်တွင် ပြင်သစ်ပြည် ပါရီမြို့ သာသနာပြု အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး ဖါသာရ်ဂျေနိုး (Fr.Joret) တို့ ယိုးဒယားပြည်မှ ပဲခူးသို့ ရောက်လာကြ၍ သာသနာပြု လုပ်ငန်းများ လုပ်ဆောင်ကြရာ အောင်မြင်မှု ရရှိငြားသော်လည်း ပေါ်တူဂီ လူမျိုးတို့၏ ဂုံးချောမှုကြောင့် တောတောင် ထူထပ်သော နေရာသို့ နှင်ထုတ်ခြင်း ခံရသည်။

။ ကက်သလစ် ရာဇ၀င်၊ စာမျက်နှာ ၃၂၁ - ၃၂၂

ဖါသာရ်ဂျေနိုးနှင့် ဖါသာရ်ဂျောရက်
Fr. Genoud and Fr.Joret (Paris Foreign Mission)
     ခရစ်သက္ကရာဇ် (၁၆၉၂) ခုနှစ်တွင် ဘုန်းတော်ကြီး နှစ်ပါးတို့သည် ပဲခူးမြို့ အနီး ညောင်ဝိုင်းရပ်၊ ပဲခူး ချောင်းနားတွင် ဆင်းရဲ ဒုက္ခ္ခ ခြိုးခြံစွာနှင့် တရားကျင့်လျက် ကက်သလစ် ခရစ်ယာန် တရား ဒေသနာတော်ကို ဟောပြော သီတင်းသုံးလျက် ရှိသည်။ ထိုစဉ်က ပဲခူးမြို့သည် ရွာငယ်မျှသာ ဖြစ်၍ ညောင်ဝိုင်း အရပ်သည် တော အတိသာ ဖြစ်နေ၏။ ထိုဘုန်းတော်ကြီးများ သီတင်း သုံးရာဒေသသို့ ထိုအရပ် ဒေသမှ သားအဖ နှစ်ဦးတို့သည် ဟင်းချက် စရာ အသီးအနှံ ရှာရင်း ရောက်ရှိလာကြသည်။ ထိုတော်ထဲတွင် သားဖြစ်သူကို မြွေ ကိုက် ခံလိုက်ရသဖြင့် ဖခင် ဖြစ်သူမှာ လက်မှိုင်ချလျက် နေသည့် အတွင်း ထိုဘုန်းကြီး နှစ်ပါးနှင့် တွေ့၍ ဆေးကု ပေးရာ ကောင်းမွန်စွာ ပျောက်ကင်း သွားသည်။ ထိုအခါ လယ်သမား သားအဖ နှစ်ယောက်တို့သည် အားရ ၀မ်းသာစွာနှင့် အိမ်မှာ ဆောင်ထားရန် ဆေးနည်း ပေးပါ။ ဆရာကြီးတို့ ကျေးဇူးကို ဘယ်အခါမျှ မမေ့ပါ၊၊ ကျေးဇူးကြီး လှပါသည်ဟု တောင်းပန်ကြသည်။ ဘုန်းတော်ကြီး နှစ်ပါးမှ ပြန်ပြောသည်မှာ ကျွန်ုပ်တို့တွင် အသင့် ဖေါ်စပ်ထားသော ဆေး မရှိပါ။ ကျွန်ုပ်တို့ တန်ခိုး ကျွန်ုပ်တို့၏ အစွမ်းသတ္တိနှင့် သင်တို့ အသက် ချမ်းသာသည် မဟုတ် ကျွန်ုပ်တို့ကိုးကွယ်သော ဘုရား၏ ဟုတ်မှန်သော ဂုဏ်ကျေးဇူးတော်ကြောင့်သာ သင်တို့ အသက် ချမ်းသာရသည်။ သင်တို့အား တိုက်ကျွေး ပက်ဖျန်းသော ရေသည် ဘုရားသခင် စီမံ ထားသော ပရိတ်ရေများ ဖြစ်သည်။ သင်တို့ ကိုယ်၌ လိမ်းပေးသော ဆေးများသည၊်လည်း ဤတော်ထဲ၌ ရှိသော သစ်ပင် အမျိုးမျိုးတို့သည် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ဆေးပင်များ ဖြစ်ကြသည်။ ဘုရားသခင်၏ စကားကို ယုံ့ကြည် နားထောင် ကတိ သစ္စာ တည်ကြည်သော သူများသည် ဆေးဝါး လိုက်တတ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အကြောင်း မျိုးစုံတို့ကို သားအဖ နှစ်ဦးတို့အား ကောင်းမွန်စွာ နားလည်အောင် သွန်သင် ပြသ ဟောပြောရာတွင် ၄င်းတို့သည် စိတ်အား ထက်သန်ခြင်းနှင့် သဒ္ဓ္စါ ကြည်လင်စွာ ကိုးကွယ်ပါမည်။ ဆရာကြီးတို့ တရားများကို ပြောပြပါဟု အမျိုးမျိုး တောင်းပန်ကြသော အခါ ဘုန်းတော်ကြီး နှစ်ပါးက သင်တို့ အခု ချက်ချင်း မဖြစ်နိုင်သေးပါ ကျွန်ုပ်တို့ ဆိုသော ဆုတောင်း မေတ္တာများကို သင်ကြား ပေးမည်။ ကောင်းမွန်စွာ ရရှိအောင် ကျက်မှတ်ရမည်။ မှတ်မိသောအခါ ကျွန်ုပ်တို့ဆီ ပြန်လာပါဟု မှာကြား လိုက်လေသည်။ ထို သားအဖ နှစ်ယောက်တို့သည် အိမ်ကို ပြန်ရောက်၍ အကြောင်းမျိုးစုံကို အားရ ၀မ်းသာစွာနှင့် ပြန်ပြောသောအခါ တစ်ယောက်စကား တစ်ရာကြားသဖြင့် သတင်းပျံ့ သွား၏ တခြား ရောဂါ ကပ်ရောက်သူ စုန်းပူး နတ်ပူးသော သူတို့သည်လည်း ထိုဘုန်းတော်ကြီး (၂)ပါးထံ သွားရောက် ကုသ ကြသည်။ ရောဂါ ပျောက်ကင်းသော လူမမာ တို့သည် ဘုရင်ဂျီ ဘုန်းကြီး (၂)ပါး၏ ကြင်နာ သနားတတ်ခြင်းနှင့် ပညာရှိခြင်း အကြောင်းကို အနီးအဝေး အရပ်များတွင် ပြောကြားခြင်းကြောင့် မင်းမှုထမ်း အရာရှိများနှင့် တရားသူကြီးများပင် နာမကျန်း ရှိသော မိမိတို့၏ ဆွေမျိုးသားချင်းတို့ကို ဘုန်းတော်ကြီးများ ထံသို့ ခေါ်ဆောင် လာခဲ့ကြသည်။

    မိမိတို့ ပင်ပန်းစွာ တည်ထောင် ဖွင့်လှစ်သော ရပ်ကွက်သစ်၌ မိမိတို့ ခံစားရသော ယုံကြည် ကိုးစားခြင်းသည် သေ၀နီး ကလေး များစွာတို့ကို ဆေးကြောရန်နှင့် လူကြီးများကို တရားဟောရန် အခွင့်ကို ပြုလုပ် နိုင်လေသည်။ ဤကဲ့သို့ စည်ကား လာသဖြင့် ဘုရင်ဂျီ သာသနာ၏ ဗဟိုရ်ဌာန တစ်ခု ဖွင့်လှစ်နိုင်ရန် အခြေသို့ ရောက်လာလေသည်။ ဘုန်းတော်ကြီး နှစ်ပါးတို့သည် ဆေးကုသ ပေးကြရင်း ဟုတ်မှန်သော ဘုရားသခင်၏ နှုတ်ကပတ်တော် တရားတော် ဟောပြော ကြသဖြင့် လူ ပရိတ်သတ်များ တို့သည် နှစ်ချိုက်စွာ နှင့် တရားတော်ကို နာယူကြ၍ ဘုရားသခင် ဂုဏ်ကျေးဇူးတော်ကို ချီးကျူး ကြလေသည်။ ဤနည်းဖြင့် လူ ပရိတ်သတ်များသည် တနေ့ထက် တနေ့ တိုးပွား၍ များပြားလာ လေရာ၊ မလိုသော သူများသည် စည်းဝေး တိုင်ပင်ကြပြီး ဘုရင့်ထံ ဂုံးတိုက် သံတော်ဦး တင်ကြသည်။ ဘုရင်သည် အကြောင်းမျိုးစုံကို သိရလျှင် လူ ပရိတ်သတ်များအား တရား မဟောရ၊ အသင်း ကြီးပွားအောင် မလုပ်ရ၊ ဘာသာ မသွင်းရ၊ ဆေးတမျိုးတည်းသာ ကုသရမည်ဟု အမိန့်ချ လိုက်သည်။ ဘုန်းတော်ကြီး နှစ်ပါးတို့က အမိန့်ရှိသည်မှာ ကျွန်ုပ်တို့သည် စီးပွားရှာသည် မဟုတ်၊ သူတပါးကိုလည်း ရန်ပြုသည် မဟုတ်၊ ဟုတ်မှန်သော ဘုရားသခင်၏ အလိုတော်နှင့် အသက်ကို စွန့်၍ ဟုတ်မှန်သော တရားကို ဟောပြော ပါသည်။ ဘုရား၏ အလုပ်ကို လုပ်ပါသည်ဟု ဆိုပြီး တရားများကို ဟောပြောမြဲ အတိုင်း ဟောပြော လေသည်။

    ထိုအခါ မလိုသူများက ဘုရင်ထံ ထပ်မံ လျောက်ထားကြလျှင် ရှင်ဘုရင် အမျက်ထွက်၍ ထိုဘုန်းကြီး နှစ်ပါးကို ရိုက်နှက်ပြီး နှင်ထုတ်ကြ။ သူတို့ကို သူတို့ တိုင်းပြည်သို့ ပြန်ပါစေ။ ၄င်းတို့ စီသွားသော လူတိုင်း၏ အိမ်များကို သွားရောက် ရှာဖွေရမည်။ ဘုရားနှင့် ဆိုင်သော အရာဝတ္တူများကို အကုန်သိမ်း၍ ယူခဲ့ရမည်ဟု အမိန့်ထုတ် သဖြင့် အမိန့်အတိုင်း အာဏာသားများသည် ရက်စက်စွာ ပြုလုပ်ကြသောကြောင့် ဘုန်းတော်ကြီး နှစ်ပါးတို့မှာ နေစရာ မရှိ ဒုက္ခ္ခ ဆင်းရဲကြီးစွာနှင့် မိမိတို့ နေရာမှ အနောက်မြောက်ဘက် သုံး လေးမိုင်ခန့် ကွာသော တောထဲသို့ ရွှေ့ပြောင်းကြပြီးသော် တရား အားထုတ် နေကြပြန်သည်။ ကျန်ရစ်သော တပြည့်တို့သည် မနေနိုင် ကြသဖြင့် တွေ့ရှိအောင် လိုက်လံ ရှာဖွေကြပြန်ရာ တောတွင်း၌ တွေ့ကြရ၏။ ဘုန်းတော်ကြီးများ သတင်းသုံး နေသော နေရာသည် မြေနိမ့် ချိုင့်ဝှမ်းသော နေရာဖြစ်သောကြောင့် ရွှံ့နွံနှင့် မြက်ပင်များ ထူထပ်ပြီး ခြင်များ အလွန် ပေါများလေသည်။ တွေ့ရှိသော တပြည့်တို့သည် အလွန် ၀မ်းနဲစွာ နှင့် ရွာသို့ ပြန်လာကြ၍ အကြောင်းမျိုးစုံကို မိမိတို့ အပေါင်း အသင်းတို့အား ပြောကြလေသည်။ သိရှိကြသမျှသော လူများတို့သည် စုဝေး ကြပြီး ကောင်းသော သဲမြေများကို လိုက်လံ ရှာဖွေကြရာ သဲရှိသော တောင်ပူဇာကလေး တစ်ခုကို တွေ့ရှိကြ သဖြင့် ထိုသဲမြေများကို တူးယူ၍ ထမ်းသူကထမ်း ရွက်သူကရွက် ကြပြီးလျှင် ဘုန်းကြီး နှစ်ပါးနေသော ကျောင်း ပတ်လည်၌ ရွံ့နွံများ၊ မြက်များ ခြင်များ ပျောက်ကင်း သက်သာခွင့် ရစေရန် ဖြန့်ဖြူး ခင်းကျင်း ဖို့ပေးကြလေသည်။ ထို သဲဖြူကလေးများ တူးယူသော နေရာသည် ချောင်း ဖြစ်နေသဖြင့် ၄င်းချောင်းကို သဲဖြူချောင်း ဟူ၍ ယခုတိုင် အမည်တွင်လေသည်။

    ဘုန်းတောကြီး နှစ်ပါးသည် ၀တ္တရား မပျက်ဘဲ လူအများတို့အား တရား ရေအေး တိုက်ကျွေး ကြလေရာ လူပရိတ်သတ်များသည် ရှေးအထက်က ပိုများပြား လာလေသည်။ ထိုအချိန်တွင် မဟာမေဒင် ပသီဘာသာ အမျိုးသား ယောက်ျားပျို တစ်ယောက်သည် ဘုရင်ဂျီ ဘာသာထဲမှ အမျိုးသမီး တစ်ယောက်နှင့် မေတ္တာ မျှကြသဖြင့် ယောက်ျားပျို၏ မိဘများသည် မိမိတို့ အမျိုးဘာသာကို စွန့်ပစ်မည်ကို စိုးရိမ်ကြ၍ ဆွေမျိုး တစ်စုတို့သည် ဘုန်းတော်ကြီးများကို သေခြင်းဖြင့်၎င်း ပြည်မှ နှင့်ထုတ်ခြင်းဖြင့် ၄င်း ဖျောက်ဖျက်ရန် စီမံကြပြီးသော် မိမိတို့ အကြံ အောင်မြင်ရန် မနာလို နေကြသော သူများနှင့် ပေါင်းသင်းကြ၍ ဥရောပ တိုက်သား ဘုန်းကြီးများကို သီးခံနေကြပါလျှင် သင်တို့၏ သြဇာ ကိက္ကမနှင့် နောက်လိုက် နောက်ပါများတို့သည် မကြာမီ ဆုံးရှုံး ကုန်ကြလိမ့်မည်။ စသည်ဖြင့် စိုးရိမ်စိတ်နှင့် မနာလိုစိတ်ကို ထကြွစေရန် တိုက်တွန်း ပြောကြားကြလေသည်။

    မနာလို ၀န်တိုသူများသည် သဘော တူညီကြပြီး နိုင်ငံခြား ဘာသာ အယူဝါဒကို ဟော၍ တိုင်းပြည်တွင် အနှောက်အယှက် ဖြစ်ပါသည်ဟု အမျိုးမျိုးသော စွပ်စွဲချက်များဖြင့် ရှင်ဘုရင်ထံ လျှေက်လွှာ တစ်စောင် တင်သွင်းကြလေသည်။ ၄င်းစာလွှာကို ဖတ်ပြီးနောက် ရှင်ဘုရင်သည် ဘုရင်ဂျီ ဘုန်းကြီးနှစ်ပါးကို ဖမ်းဆီး၍ ခရစ်သက္ကရာဇ် (၁၆၉၃) ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် ဘုရင် ရှေ့တော်သို့ တင်သွင်းရန် အမိန့်ထုတ် ပြန်လိုက်သည်။ ဘုန်းတော်ကြီး ဂျောရက်သည် ရှင်ဘုရင်၏ အမိန့်ကို ခံယူရသည်နှင့် တပြိုင်နက် ဘုရင်၏ အမိန့်ကို ဆရာတော်ကြီး လာနော်ထံသို့ နောက်ဆုံး စာတစ်စောင် ရေးသား လျောက်ထားခဲ့သည်။ စာ၌ ရေးသားချက်သည်ကား မနက်ဖြန်၌ တပြည့်တော်တို့သည် ရှင်ဘုရင်၏ ရှေ့မှောက်သို့ အမိန့်အရ လိုက်ပါ သွားရတော့မည်။ တပြည့်တော်တို့ ပေါ်၌ စွပ်စွဲချက်မှာ ပဲခူးသား မြန်မာများနှင့် အခြား လူမျိုးခြားထဲမှ အယူဝါဒ ပြောင်းလဲစေသော ကိစ္စပင် ဖြစ်ပါသည်။ တပြည့်တော်တို့နှင့် အတူ မကွာ လိုက်ရန် စေလိုက်သော များစွာသော အစောင့်အကြပ် တို့သည် စိုးရိမ် ကြောက်ရွံ့ရန် အကြောင်းရှိသည်ဟု တပြည့်တော်တို့ကို သံသယ မကင်းဖြစ်စေပါသည်။ သို့ရာတွင် တပြည့်တော်တို့ အမှုထမ်းလျက်ရှိသော ဘုရားသခင်ကို တပြည့်တော်တို့ သိပါသည်။ တပြည့်တော်တို့ အားပေးမည့် လက္ခ္ခဏာရှိသော အပြစ်ဒဏ် စီရင်ခြင်းကြောင့် ခံရမည့် ဒုက္ခ္ခ္ခ ဆင်းရဲကို သီးခံခြင်းနှင့် ကြိုးစား၍ ခံထမ်းရန် တပြည့်တော်တို့၏ အပြစ်အတွက် ဒဏ်ခံနေသည့် အနေနှင့် ထာဝရ ဘုရားသခင်ကို ပူဇော်ပါသည် ဘုရားဟူ၍ ဖြစ်သည်။

    ဘုန်းတော်ကြီး နှစ်ပါးတို့သည် ဘုရင်ရှေ့တော်သို့ ရောက်ရှိသော အခါ ဘုရင်သည် အမျက် ပြင်းစွာ ထွက်သဖြင့် ထိုဘုန်းကြီး နှစ်ပါးကို သစ်ပင်ကြီးမှာ ကြိုးနှင် ချည်နှောင်ပြီး အစာရေစာ အငတ်ထား ၀တ်ဆင်ထားသော ၀တ်ရုံ သင်္ကန်းများ လှပ်ထားပြီးလျှင် ခြင်စာ ကျွေး၍ သတ်ရမည်ဟု အမိန့်ထုတ် လိုက်လေသည်။ အာဏာသား တို့သည် အမိန့်အတိုင်း ရက်စက်စွာ ပြုလုပ်ကြသဖြင့် တပြည့် ဖြစ်သူတို့သည် ထိုအချင်းအရာကို မြင်တွေ့ ကြသောအခါ ဟစ်အော် ငိုကြွေး ဆုတောင်း ကြလေသည်။ ဘုန်းတော်ကြီး နှစ်ပါးက ငါ့တပြည့်များတို့ မငိုကြနှင့် ၀မ်းမနည်းကြနှင့် မပူပင်ကြနှင့် ကမ္ဘာပေါ်၌ တွေ့ရသော ဒုက္ခသည် ဒုက္ခမဟုတ် တခဏသာ ဖြစ်သည်ဟုဆို၍ တရား ရေအေး တိုက်ကျွေး တော်မူသည်။ ဘုန်းကြီး နှစ်ပါးတို့သည် သီတင်းကျွတ်လဆန်း (၁၃.၁၄.၁၅) ရက် နေ့ တိုင် (၃)ရက် တိတိမသေဘဲ ဒုက္ခ ခံကြရသည်ကို မလိုလားသူများသည် ရှင်ဘုရင်ထံ တိုင်ကြားကြပြန်သည်။ ထိုဘုန်းကြီး နှစ်ပါးတို့သည် သတ္တိကောင်းသော လူများဖြစ်ကြသည့် အတွက် (၃)ရက် တိုင်တိုင် မသေဘဲ ဒုက္ခခံလျက် နေကြသော်လည်း ဂရုမစိုက်ဘဲ ခံနေကြသည်ဟု ပြောကြလျှင် ရှင်ဘုရင်က သည်လောက် အစွမ်းကောင်းလျှင် ဂုံအိတ်တွင် ထည့်ပြီး သဲ အုတ်ခဲများဖြင့် ဖုံးဖိ၍ တင်းကြပ်စွာ ချည်နှောင်ပြီးသော် ချောင်းထဲသို့ ချစေဟု အမိန့်ထုတ်ပြန် လေသည်။ အမိန့်အတိုင်း ပြုလုပ်ပြီး သကာလ ပဲခူးချောင်းထဲသို့ ပစ်ချ လိုက်ကြသည်။

ထို ဘုန်းကြီးနှစ်ပါးကို ရေသို့ ပစ်ချ၍ ပျံလွန် တော်မူသော နေ့က စ၍ ယနေ့တိုင်အောင် ပဲခူးချောင်းကို ဇာမဏီချောင်းဟု တွင်လျက် ရှိသည်။ ဤအချိန်တွင် အုပ်စိုးသော မြန်မာ ရှင်ဘုရင်မှာ မြန်မာ ရာဇ၀င်အရ မင်းရဲကျော်ထင် ဖြစ်သည်။ ဇာမဏီချောင်းဟု အမည်တွင်ခြင်းမှာ ဘုန်းကြီး နှစ်ပါးက ဇာမဏီလူမျိုးများဟု ထင်မှတ် နေကြသောကြောင့် ဖြစ်သည်။ ဘုန်းကြီးနှစ်ပါးမှာ ပြင်သစ်ပြည် ပါရီမြို့ နိုင်ငံခြား သာသနာပြုအသင်းမှ ပြင်သစ်လူမျိုး ဘုန်းတော်ကြီး ဖါသာရ် ဂျေနိုးနှင့် စစ္စလံပြည်သား ဘုန်းတော်ကြီး ဖါသာရ် ဂျောရက်တို့ ဖြစ်ကြသည်။

    ဘုန်းတော်ကြီး နှစ်ပါးတို့သည် (၃)ရက်လုံးလုံး နှိပ်စက် ညှင်းဆဲခြင်း အမျိုးမျိုးခံရပြီး နောက် သီတင်းကျွတ် လဆုပ် (၁) ရက် နေ့တွင် ချောင်းထဲသို့ ပစ်ချခံရသဖြင့် အသက်ကို စွန့်ကြရလေသည်။ ဘုန်းတော်ကြီးတို့၏ တပည့် အားလုံးတို့သည် အလွန်တရာ စိတ် မချမ်းသာစရာ ပူဆွေးခြင်းနှင့် ဆီမီးများ ပန်းများနှင့် ဆုတောင်း မေတ္တာပြု ကြလေသည်။ ညအခါမှာ မူကား ရှားသားများကို ၀ါဂွမ်းနှင့် ပတ်၍ ဆီစိမ်ပြီးလျှင် ငှက်ပျောဖောင်၌ စိုက်၍ မီးထွန်းပြီး ဘုန်းကြီးနှစ်ပါး အသက်စွန့် အထိမ်းအမှတ်ဖြင့် တချောင်းလုံး ပြည့်အောင် မျှောကြလေသည်။ သားစဉ် မြေးဆက် နှစ်စဉ်မပြတ် ထိုနေ့ ကျရောက်သောအခါ ဆီမီးများ မျှောကြရသည်။ ကျန်သော တပြည့်များသည်လည်း စိတ်ထင်တိုင်း ပြုလုပ်ကြသည်။ လူမမာများ ကလေးသူငယ် ရှိသော သူတို့သည် ဘုန်းကြီးများ နေခဲ့ဘူးသော ကျောင်းနေရာသို့ သွားကြ၍ ငိုသူ ငို မေတ္တာပို့သူ ပို့ ပြုလုပ်ကြပြီး ကျန်ရစ်သော ၀တ်ရုံ သင်္ကန်းများ သဲများကို ယူဆောင် ခဲ့ကြပြီးနောက် သဲများကို ဘမ်းတခု၌ ထည့်ကြပြီး လူမမာများ၏ အနားမှာ ထား၍ ဆေးကုကြသည်။ ၀န်ရုံ သင်္ကန်းများကိုလည်း ချည်မျှင်များ ထုတ်ယူပြီး လူတစ်ယောက်လျှင် ခုနှစ်ပင်စီ လက်မှာ ၄င်း၊ လည်ပင်းမှာ ၄င်း တပ်ချည်ထားကြသည်။ ၄င်းတို့၏ အယူအဆမှာ (၉၆) ပါးသော ရောဂါဝေဒနာများ ကင်းရှင်း၍ စုန်း ပယောဂများ နတ်ဆိုးများ မနှောက်ယှက် မနှိပ်စက်နိုင်ဟု အယူရှိကြသည်။    

    လူကြီး သူမများကလည်း သားစဉ် မြေးဆက် မှာထား ခဲ့ကြသည်။ ဤ ဇာမဏီချောင်းသည် သူတော်ကောင်းများ သွေးစွန်းထားသည့် အတွက် ဘယ်သော အခါမှ တိမ်ကော လိမ့်မည် မဟုတ်၊ ထိုချောင်းကို အမှီပြု၍ ကောက်ပဲသီးနှံ လုပ်ကိုင် စားသောက်ကြပါ၊ မြေသြဇာကောင်း၍ အကျိုး ကျေးဇူး ခံစား ရလိမ့်မည်။ ငါတို့၏ ဘုရင်ဂျီ ဘာသာထုံးစံကို မပစ်ပယ်ကြနှင့် ဘုရားသခင်၏ ကျေးဇူးကို ခံစားရလိမ့်မည်။ ငါတို့အတွက် အသက်တော်များ စွန့်သွားခဲ့သော ကိုယ်တော် နှစ်ပါးတို့ကို သနားအောင့်မေ့ တမ်းတခြင်းနှင့် သေသည်တိုင်အောင် မမေ့ကြနှင့် ပြုကြမြဲ အစဉ်အလာကို သတိအမှတ်ရရန် အဆက်မပြတ် ဆောင်ရွက်ကြပါဟု မှာကြား စကားရပ်များ အတိုင်း ဇာမဏီ ချောင်းရိုး တလျောက်တွင် လုပ်ကိုင် စားသောက်ကြရာ များစွာ အကျိုး ခံစားရသည်ကို အခြားအရပ်က လူများသည် တွေ့မြင်ကြ၍ အများ လာရောက် လုပ်ကိုင် နေထိုင် စားသောက်ကြလေသည်။ ဘာသပများသည် အမျိုးမျိုး နှိပ်စက်ကြ သဖြင့် ဘာသာဝင်များ နည်းပါး စပြုလာသည်။ ထိုကဲ့သို့ ကျန်ရှိသော လူများကို နှောက်ယှက်၍ မရလျှင် အယူသီးသော ဘာသာ သိရလိမ့်မည်ဟု ကြိမ်းဝါး ပြီးသော် ဘုရင်ထံသွားရောက် ဂုံးချော လျောက်ထားကြသည် ဖြစ်၍ ရာဇဒဏ်နှင့် အမျိုးမျိုး နှိပ်စက်ခံရသည်က တကြောင်း တဖြည်းဖြည်း သေသူကသေ ဘာသာပျက်သူကပျက် အခွန်ဘဏ္ဍာရေးနှင့် ထွက်ပြေးရသူကထွက် ပြေးရသည်က တကြောင်း ထိုအချိန်တွင် ရဟန်း ဘုန်းတော်ကြီးနှင့် မတွေ့ကြရသဖြင့် ဘာသာတရားကို မကျွမ်းကျင် နားမလည်ကြသောကြောင့် တကြောင်း ထင်သလိုဖြစ်ပြီးလျင် ဘာသာ ပျက်စီး ရလေသည်။ ဘုန်းတော်ကြီး နှစ်ပါးကို ပဲခူးမြစ်ထဲ ပစ်ချသည် နေရာမှာ ကား မီးရထားလမ်း သံတံတား၏ အထက်ပိုင်း နှစ်မိုင် ကွာတွင် ဖြစ်သည်။

    ပြင်သစ်ပြည် ပါရီမြို့ နိုင်ငံခြား သာသနာပြု အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး ဖါသာရ်ဂျေနိုးနှင့် ဖါသာရ် ဂျောရက်တို့သည် ယိုးဒယားမှ တဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့ကြသော်လည်း၊ အထက်မြန်မာနိုင်ငံ.....

။ ဦးချို၊ ဆရာ၊ နဘက်၏ မှတ်တမ်း။
။ ထို    
။ (က) ဦးချို၊ ဆရာ၊ နဘက်၏ မှတ်တမ်း၊ (ခ) Bishop Usher,  The History of Catholic Church in Burma
။ (က) ဦးချို၊ ဆရာ၊ နဘက်၏ မှတ်တမ်း၊ (ခ) Bishop Usher,  The History of Catholic Church in Burma 
။ ဦးချို၊ ဆရာ၊ နဘက် မှတ်တမ်း

။ (က) ဦးချို၊ ဆရာ၊ နဘက်၏ မှတ်တမ်း၊ (ခ) Bishop Usher,  The History of Catholic Church in Burma
။ ဦးချို၊ဆရာ၊နဘက်၏မှတ်တမ်း၊
။ ထို


ဆက်ရန်... 

Read More...

Monday, May 27, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁)

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ

ဖိတ်ခေါ်အပ်ပါသည် မိတ်ဆွေ ...

"မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ" စာအုပ်ကို ဆရာအောင်ညွှန့် မှ ရေးသား ပြီး အသင်းတော်အတွင်း စာအုပ် ထုတ်ဝေခဲ့သည်မှာ နှစ် အတော်ကြာ ခဲ့ပါသည်။ ထို့ကြောင့်လည်း ယခုလို မန္တလေးသာသနာ အင်တာနက် ၀က်ဆိုဒ်ပေါ်တင်ရန် နှင့် Ebook တခုလုပ်ရန် ဖြစ်လာသော အခါ ဆရာ့အား သွားရောက် ပြီး soft copy တောင်းဆိုကြည့်ရာ သူ့တွင်လည်း soft copy မရှိတော့ကြောင်း၊ ပုံနှိပ်တိုက်တွင် စုံစမ်းပေးခဲ့ရာ သူတို့တွင်လည်း မရှိတော့ ကြောင်း သိခဲ့ရပါသည်။ အလွန်ပင် နှမျှော်မိခဲ့ရပါသည်။

 ဒီလို အဖိုးတန် စာမူ soft copy ပျောက်သွားတော့ တနည်းဘဲ ရှိတော့ ပါသည်။ စာအုပ်မှ ပြန်ရိုက်ရန်ပင်ဖြစ်သည်။ စာမျက်နှာပေါင်း ၂၀၀ ကျော်ရှိသော စာအုပ်ကို ပြန်ရိုက်ရန် တော်ပင် အချိန်ယူရပေမည်။ တဖြည်းဖြည်းချင်း ရိုက်သွားလျှင် ပြီးနိုင်ပါသည်။ ယခု စာအုပ်မှ ပြန်လည် ရိုက်ပြီးသား စာများကို အပိုင်းလိုက် ဖြည်းဖြည်းခြင်း အတက်နိုင်ဆုံး တင်ပေးသွားမည်ဖြစ်ပါသည်။

ယခုစာအုပ်ကဲ့သို့ အလွန်တန်ဖိုးရှိသော ဖာသာကိုလေး ရေးသားသည့် "အင်းဝရောက် ခြေရာများ" စာအုပ်လည်း soft copy မတွေ့တော့ပါ။ အတက်နိုင်ဆုံး ကြိုးစားပေးပါမည်။ စာဖတ်သူများသို့လည်း အကူအညီ တခုအနေဖြင့် တောင်းခံအပ်ပါသည်။ မိမိတို့ နိုင်သလောက် "အင်းဝရောက် ခြေရာများ" စာအုပ်ကို စာစီရိုက်ပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် mandalay.archdiocese@gmail.com နှင့် administrator@mandalayarchdiocese.org စသည့် အီးမေးလ်များဖြင့် ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။





မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ 
ဆရာအောင်ညွှန့် (မန္တလေး)

အပိုင်း(၁)

အမှာစာ

    ““မန္တလေး ကက်သလိခ် သာသနာ အစ ဘုရင်ဂျီရွာကြီးများက”” ဆိုလျှင် မမှားနိုင်ပါ။ ဤစာအုပ် မျက်နှာဖုံး တွင်““ဘုရင်ဂျီ ရွာကြီးများ”” ဟုခေါင်းစဉ် တပ်ထားသော်လည်း တကယ် စင်စစ် မန္တလေး ကက်သလိခ် သာသနာ တစ်ခုလုံး၏ သမိုင်းမှတ်တမ်း တစ်စောင်သာ ဖြစ်သည်။ ““အတိတ်၏ အကျိုးကား ပစ္စပ္ပန်တည်း”” ဟူသော စကားအရ အတိတ်မှ အတွေ့အကြုံ တို့သည် ပစ္စပ္ပန် အတွက်အထောက်အပံ့ အကျိုးပြု ဖြစ်လာ သကဲ့သို့ ပစ္စပ္ပန်၏ အတွေ့အကြုံ တို့သည်လည်း အနာဂတ်အတွက် အထောက်အပံ့ ဖြစ်ရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ အတိတ်မှဖြစ်ပျက်ပြောင်းလဲ ခဲ့ကြသော ဖြစ်ရပ် မှန်များကို အကောင်းဘက်မှ ရှုမြင်လျှင် အကောင်းပိုင်းများ ရှိသကဲ့သို့ အဆိုးပိုင်းမှ ရှုမြင်လျှင်လည်း အဆိုးပိုင်း များတွေ့ရပေမည်။ အကောင်းနှင့် အဆိုး အကျိုးနှင့် အပြစ်တို့သည် ဒွန်တွဲလျက် ရှိပေသည်။ အဆိုးထဲမှ အကောင်းကို ရှာဖွေ ထုတ်ယူတတ်ခြင်း၊ အတွေ့အကြုံများ ထဲမှ အသဥာဏ်ရယူတတ်ခြင်းတို့သည် လူတို့၏လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အသိပညာမှ အတတ်ပညာ ပေါ်ထွန်းလာသလို ထပ်ဆင့်အတွေ့အကြုံများမှလည်း ထပ်ဆင့် အတတ်ပညာမျာ ရရှိကြမည်ဖြစ်သည်။ရရှိပြီးသောအသိဥာဏ် အတွေ့အကြုံများကို အခြေခံ၍ ရှေ့အဘို့ တိုးတက်ဖွံ့ဖြိုးလာစေရန် တွေးခေါ်မြော်မြင်စူးစမ်း ရှာဖွေ ကြံဆကြရမည်ဖြစ်သည်။

    ပစ္စပ္ပန်အခြေအနေကို ကောင်းစွာ နားလည်နိုင်ရန် အတိတ်အကြောင်းကို လေ့လာကြရမည်။ အတိတ်အကြောင်းကို လေ့လာနိုင်ရန် အတိတ်မှဖြစ်ရပ်မှန်များကို မှတ်တမ်းတင်ထားသော မှတ်တမ်း မှတ်ရာများ ရှိဘို့လိုသည်။ယင်းမှတ်တမ်းမှတ်ရာများ စုစည်း တင်ပြထားသော စာအုပ်စာပေများကို သမိုင်းဟုခေါ်သည်။အထူးသဖြင့် ကျွန်ုပ်တို့ မန္တလေး ကက်သလစ် သာသနာပြုလုပ်ငန်းနှင့် ပတ်သက်၍ မျက်မှောက်ခေတ် လူများအတွက်သော်၎င်း၊နှောင်းခေတ် လူများအတွက်သော်၎င်း၊ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ရှိသော သမိုင်းမှတ်တမ်းများရှိဘို့ လိုအပ်ပေသည်။ယင်းမှတ်တမ်းများကို အခြေခံမှသာ ရှေ့လုပ်ငန်းစဉ်အတွက် အစဉ်ချောမွေ့ မည်ဖြစ်သည်။

    ယခုမန္တလေးကက်သလိခ်သာသနာ အကြောင်းကို““ဘုရင်ဂျီရွာကြီးများ”” ဟူသောခေါင်းစဉ်ဖြင့်ဖေါ်ပြ ထားရာတွင် (၁၇)ရာစု အစောပိုင်း ကက်သလိခ်ခရစ်ယာန်သာသနာ အထက်မြန်မာနိုင်ငံ အညာဒေသသို့ ရောက်ရှိလာချိန်မှ (၂၁)ရာစုအစောပိုင်းကာလအထိ ရှေးဦးပိုင်း နိုင်ငံခြားသာသနာပြု ဘုန်းတော်ကြီးများ အစဉ်အဆက်လက်သလိခ်ဘာသာဝင်များကို ကြည့်ရှု ထိန်းသိမ်းအုပ်ချုပ်ခဲ့ကြပုံ နှောင်းပိုင်းတွင် တိုင်းရင်းသား ဘုန်းတော်ကြီးများ ဆက်လက်တာဝန်ယူ အုပ်ချုပ်ထိန်းသိမ်း ခဲ့ကြပုံများ ကို လက်လှမ်းမှီသ၍ ရှာဖွေတင်ပြထားသည်ကို တွေ့ရပေသည်။ ဤစာအုပ်သည် ကျမ်းအကိုးအကား အထောက်အထားများနှင့် ကိုးကားရေးသားထားသည့်အတွက် ခိုင်မာခြေမြစ်ရှိသော စာအုပ်တစ်အုပ် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ သာသနာအတွက် သမိုင်းမှတ်တမ်းမှတ်ရာများ လိုအပ်နေချိန်တွင် အခု လို သမိုင်းမှတ်တမ်း တစ်စောင် ရှာဖွေရေးသားပြုစုပေးသူကိုလည်း ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ ဤ စာအုပ်ကို ကျွန်ုပ်အနေနှင့် မန္တလေးကက်သလိခ်သာသနာ၏ သမိုင်းမှတ်တမ်း တစ်စောင်အဖြစ် ထားစေလိုပါသည်။

 အေဦးသန်းအောင်
အငြိမ်းစားဂိုဏ်းချုပ်ဆရာတော်
 မန္တလေးသာသနာ၊မန္တလေးမြှို။
 (၂၀၀၄-ခုဧပြီလ ၂၅ ရက်)

ဥယျောဇဉ်
   
    မန္တလေး ကက်သလစ်သာသနာ အငြိမ်းစားဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်သည် မန္တလေးသာသနာ၏ မှတ်တမ်းတခုအဖြစ် ကျန်ရစ်စေရန်အတွက် ဘုရင်ဂျီရွာကြီးများ စာအုပ်ကိုထုတ် ဝေလိုသော ဆန္ဒပြင်းပြသည့်အလျောက် ယ္ခုဤစာအုပ်ကိုထုတ်ဝေနိုင်သဖြင့် ကျွန်ုပ်အနေဖြင့် ဆရာ တော်ကြီးနှင့်ထပ်တူထပ်မျှဝမ်းမြောက်ပါသည်။
   
    ဤစာအုပ်တွင် အထက်မြန်မာနိုင်ငံ အညာဒေသရှိ ဘုရင်ဂျီ ရွာကြီးများသို့ ကက်သလစ် ခရစ်ယာန် သာသနာ မျိုးစေ့များ ကျခဲ့ပြီးနောက် ဤခရစ်ယာန်မျိုးစေ့များ ရှင်သန် တိုးပွား တည်တန့်စေရန် သက်စွန့် ကြိုးပမ်း လာရောက်၍ သာသနာပြုခဲ့ကြသော နိုင်ငံခြားသာသနာပြု ရဟန်းဘုန်းတော်ကြီးများ ၄င်းနောက်သာသနာပြုလုပ်ငန်းကို လက်ဆင့်ကမ်းတာဝန်ယူ ဆောင်ရွက်ခဲ့ကြသော  နိုင်ငံသား ဘုန်းတော်ကြီးများနှင့်ယနေ့မျက်မှောက်ခေတ်ကာလတွင် သာသနာတော် အဓွန့်ရှည်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပန်းနေကြသော ရဟန်းတော်များအကြောင်းကို လက်လှမ်းမီသ၍ ရှာဖွေတင်ပြထားသော သမိုင်းမှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်ပါသည်။
   
    နောင်မန္တလေးကက်သလစ်သာသနာကို ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အနာဂါတ် ရဟန်းတော်များ အတွက်လည်း ဤစာအုပ်သည် အထောက်အကူပြု စာအုပ် တစ်အုပ်ဖြစ်ပါလိမ့်မည်။ ဤ စာအုပ်ဖြစ်မြောက်အောင်ပြုစုရေးသားပေးသော ဆရာဦးအောင်ညွှန့်ကို အထူးကျေးဇူးတင်ပါသည်။

 ပေါလ်ဇိန်ထုန်းဂရောင်
 ဂိုဏ်းချုပ်ဆရာတော်
မန္တလေးကက်သလစ်သာသနာ
 မန္တလေးမြို့။


ဘုရင်ဂျီရွာကြီးများ
နိဒါန်း။   ။   ။

    ဘုရင်ဂျီဟူသော ဝေါဟာရမှာ မြန်မာနိုင်ငံရှိ ကက်သလစ် ခရစ်ယာန်များကို ခေါ်ဝေါ်သော အသုံးအနှုံး ဝေါဟာရတစ်ခု ဖြစ်ပါသည်။ လူမျိုး တစ်မျိုး၏ အမည် မဟုတ်ပါ။ မွတ်စလင်နှင့် ခရစ်ယာန်တို့ ဖြစ်ပွားသော ခရုးဆိတ် စစ်ပွဲအချိန်က မွတ်စလင် ဘာသာဝင်များက ခရစ်ယာန် ဘာသာဝင်များကို ဖရင်ကီဟု ခေါ်ဝေါ် ခဲ့ကြသည်။ ယင်းဖရင်ကီမှ ဘုရင်ဂျီ အမည်သို့ပြောင်းလာသည်ဟု ယူဆရသည်။ အနောက်အာရှသားများကလည်း ခရစ်ယာန်များကို ဘုရင်ဂျီဟု ခေါ်ခဲ့ကြရာမ ဤဝေါဟာရအာရှ အလယ်ပိုင်းနှင့် အိန္ဒိယသို့ ပျံ့နှံ့လာခဲ့သည်။ အာဖကန်နစ္စတန်တွင်လည်း တိုင်းရင်းသားများက အင်္ဂလိပ်များကို ဘုရင်ဂျီဟု ခေါ်ခဲ့ကြကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည့် ပေါ်တူဂီများကိုလည်း ဘုရင်ဂျီဟု ခေါ်ခဲ့ကြသည်။ ပေါ်တူဂီနွယ် ကက်သလစ် ခရစ်ယာန်များကိုလည်း ယနေ့တိုင် ဘုရင်ဂျီဟု ခေါ်လျက်ရှိကြသည်။ ယင်း ဘုရင်ဂျီများ နေထိုင်ရာ ရွာများကိုလည်း ဘုရင်ဂျီရွာများဟု ခေါ်ကြသည်။ မြို့ကြီးများပေါ်တွင်လည်း ကက်သလစ် ခရစ်ယာန်များ နေထိုင်ရာ ရပ်ကွက်ကို ဘုရင်ဂျီရပ်ကွက် ဟု၍ ယနေ့တိုင် ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။

    ဘုရင်ဂျီရွာကြီးများ ပေါ်ပေါက်လာပုံမှာ အင်းဝဘုရင် အနောက်ဘက်လွန်မင်းသည် သံလျင်တွင် ဘုရင်တဆူ သဖွယ် မင်းမူနေသော ပေါ်တူဂီ ခေါင်းဆောင် ဖီးလစ် ဒီဗရစ်တိုကို (၁၆၁၃)ခု တွင်သွားရောက် တိုက်ခိုက်ရာ အောင်မြင်သဖြင့် ပေါ်တူဂီ ခေါင်းဆောင် ဖီးလစ် ဒီဗရစ်တိုကို ကွက်မျက်ပြီး ကျန် ပေါ်တူဂီနွယ်ဝင် အားလုံးကို စစ်သုံ့ပန်းများအဖြစ် အင်းဝသို့ ခေါ်ဆောင်ခဲ့သည်။ ပေါ်တူဂီနွယ်ဝင် အားလုံးကို အင်းဝတွင် စစ်အကျဉ်းသား အဖြစ် နှစ်ပေါင်းများစွာ ထားခဲ့သည်။ သာလွန်မင်းတရား လက်ထက်ရောက်သောအခါ နိုင်ငံခြားသားများ များပြားလာသည်ကို စိုးရိမ်တော်မူသဖြင့် စစ်မှုထမ်းရာ၌ အသုံးဝင်သော လူအချို့နှင့် အကြီးအကဲများကို နန်းတော်၌ ဆက်လက် အမှုထမ်း စေသည်။ ကျန် ပေါ်တူဂီနွယ် အားလုံးကို ရှေးဦးစွာ စစ်ကိုင်းနယ် ပရိမ္မသို့ ပို့ပြီး နောက် ချင်းတွင်းမြစ်နှင့် မူးမြစ်ကြား ရှိရွာများသို့ ပို့ကာ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ် ခွင့်ပြုထားသည်။ ထိုအချိန်မှ စပြီး ဘုရင်ဂျီရွာကြီးများပေါ် ပေါက်လာသည်။ ဘုရင်ဂျီ ဘာသာဝင်များသည် ဘုရင် လိုအပ်သော အချိန်တွင် စစ်မှုထမ်း ပေးရသည်။ ယနေ့တိုင် အထင်အရှား တွေ့ရှိနိုင်သော ဘုရင်ဂျီ ရွာကြီးများမှာ ချမ်းသာရွာ၊ချောင်းရိုး၊ မုံလှ၊ ချောင်းဦးနှင့် နဘက်ရွာကြီးများ ဖြစ်သည်။ ချောင်းရိုး ရွာမှအပ ဤရွာကြီးများသည် ဘုရင်ဂျီများ မရောက်ခင်  နှစ်ပေါင်းများစွာက တည်ရှိခဲ့သည်ဟု သိရသည်။

    ချမ်းသာရွာသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အတွင်း တည်ရှိ၍ ရေဦးမြို့မှ အနောက်ဘက် (၆)မိုင်ခန့် အကွာတွင် တည်ရှိသည်။ ချမ်းသာရွာကို မည်သည့် အချိန်က စတင် တည်ရှိခဲ့ကြောင်း မသိရ သော်လည်း ပုဂံဘုရင် ကျန်စစ်သားမင်းကြီး နယ်လှည့်လာစဉ် ဤရွာ၏ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် စီးတော်မူသော မြင်းတော်မှာ ပေါင်ခွင်သွား၍ ထိုနေရာရှိ ရွာကို တောင်ခွင်ရွာဟု ခေါ်ဝေါ် ခဲ့ကြကြောင်း ဤ ရွာရောက်မှ မြင်းတော်မှာ ချမ်းသာရ သွားသဖြင့် ချမ်းသာရွာဟု အမည် တွင်ခဲ့ကြောင်း ရှေးအစဉ်အလာ အဆိုရှိခဲ့သည်။

    မုံလှရွာသည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် တည်ရှိပြီး ခင်ဦးမြို့၏ အနောက်ဘက်(၁၄)မိုင် ခန့်အကွာတွင် တည်ရှိသည်။မုံလှရွာကို အင်းဝဘုရင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ(၈၆၃-၈၈၈) လက်ထက်တွင် စတင်တည်သည် ဟုဆိုသည်။ 

    ချောင်းရိုးရွာသည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တည်ရှိသည်။ ရေဦး တန့်ဆည်ကားလမ်း ပေါ်တွင် ရှိ၍ ရေဦးမှ (၈)မိုင်ခန့် ဝေးပါသည်။ ချောင်းရိုးရွာကို ခရစ်သက္ကရာဇ် (၁၇၃၇) ခုနှစ်လောက်က တည်ခဲ့သည်။ ကောဇာသက္ကရာဇ် (၁၀၉၉)တွင် ရတနာကုန်းရိုးရှိ ဘုရင်ဂျီ ဘာသာဝင်များ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ အခြေချ နေထိုင်ရာမှ ချောင်းရိုး ဘုရင်ဂျီရွာ တည်ရှိခဲ့သည်။

    ချောင်းဦးမြို့သည် မုံရွာမြို့၏အရှေ့တောင်ဘက်(၁၄)မိုင်အကွာ မုံရွာ မန္တလေးကားလမ်းပေါ် တွင် တည်ရှိသည်။ ချောင်းဦး(၁၀)ရွာစစ်တမ်းသမိုင်းသည်(၅)ကြိမ်တိုင်တိုင် ပြုစုထားကြောင်းတွေ့ရ သည်။ ပထမစစ်တမ်းအရ ပုဂံပြည်စောရဟန်းမင်းပြုစဉ်မြို့ပေါင်း(၈)မြို့ ရွာ(၁၀)ရွာပြုစုခဲ့သည့်အထဲ တွင် မြန်မာသက္ကရာဇ်(၂၈၇)ခုနှစ်တွင် သံထောက်(၁၀)ရွာကို ပြုစုခဲ့သည်။ ယခုအခါ သံထောက်အမည်ပျောက်၍ ချောင်းဦးဟုအမည်တွင်သည်။

    နဘက်ရွာသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ရှိ၍ မြောင်မြို့၏ တောင်ဘက် (၇) မိုင်ကွာတွင် တည်ရှိသည်။ နဘက်ရွာကို မြန်မာသက္ကရာဇ်(၄၆၀) ခရစ်သက္ကရာဇ် (၁၀၉၈) တွင် တည်ထောင် ခဲ့သည်ဟု (၁၃၁၄)ခု တန်ဆောင်မုန်းလ္ဆုတ် (၆)ရက်နေ့ ထုတ် အရေးပေါ် သတင်းစာအရ သိရသည်။

    ဘုရင်ဂျီ ဘာသာဝင်များသည် ရဟန်း ဘုန်းတော်ကြီးရှိမှ အသက်ရှင်ကြသလို ဘုရင်ဂျီရွာကြီးများသည်လည်း ရဟန်း ဘုန်းတော်ကြီးရှိမှ အသက်ဝင် ပါသည်။ ဆိုလိုသည်မှာ ဘုရင်ဂျီ ဘာသာဝင်တို့၏ ဘာသာရေး ကိစ္စအ၀၀ အတွက် ရဟန်းဘုန်းတော်ကြီး ရှိဘို့ လိုအပ်ပါသည်။ ရဟန်း ဘုန်းတော်ကြီးရှိမှ ပြည့်စုံပါသည်။ ထို့အတူ ဘုရင်ဂျီ ရွာကြီးများ၏ လူမှုရေး၊ စီးပွားရေး၊ ကျမ်းမာရေး ၊ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ရဟန်း ဘုန်းတော်ကြီးက ဦးဆောင်လေ့ ရှိပါသည်။ ဘုရင်ဂျီ ရွာကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အုပ်ချုပ်သော ဘုန်းတော်ကြီး၏ လုပ်ဆောင်မှု အပေါ် မူတည်ပါသည်။ ဘုရင်ဂျီရွာကြီးများ အကြောင်း တင်ပြရာတွင် ဤ ရွာကြီးများကို ထိန်းသိမ်း အုပ်ချုပ်ခဲ့သော ရဟန်း ဘုန်းတော်ကြီးများ အကြောင်းကို တင်ပြခြင်းဖြင့် ဘုရင်ဂျီရွာကြီးများ အကြောင်းကို နားလည် သဘော ပေါက်လိမ့်မည်ဟု ယူဆပါသည်။ သို့ဖြစ်၍ ဘုရင်ဂျီရွာကြီးများ ပေါ်ပေါက်လာသည့် အချိန်မှ စ၍ ယနေ့ မျက်မှောက် ကာလအထိ အစဉ် အဆက် အုပ်ချုပ်ခဲ့သော ရဟန်း ဘုန်းတော်ကြီးများ အကြောင်းကို တင်ပြအပ်ပါသည်။

    ဘုရင်ဂျီရွာကြီးများကို တရွာစီ အကြောင်းကိုသိလိုပါက ထိုရွာကြီးများကို အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများအကြောင်း အစဉ်လိုက် ဖတ်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။ ထိုသို့ သိလိုသူများအတွက် ဘုရင်ဂျီရွာကြီးများကို အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ အစဉ်အဆက်စာရင်းကို အောက်တွင် ဖေါ်ပြထားပါသည်။

ချမ်းသာရွာတွင် အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ ဖါသာရ်ဂေတာနိုမန်တေဂါးဇား ၁၁။ ဖါသာရ် အန်ဒြူးဦးဘချို
၂။    ။    လူဝစ်ဂရွန်ဒိုးနား ၁၂။    ။    လေအိုဦးဝန်
၃။    ။    ဘူထီရိုနီ ၁၃။    ။    မိုးဇယ်ဦးဘခင်
၎။    ။    ပိုလီညာနီ ၁၄။    ။    ပေါလ်ဦးကျော်
၅။    ။    အန်ဒရီနော ၁၅။    ။    စခရီးဗင်းဦးဘတုတ်
၆။    ။    ဂျိုဇက်ဖိုး ၁၆။    ။    ယူးစတေ့ဦးချစ်ဦး
၇။    ။    ဂျီရိုး ၁၇။    ။  ဂျွန်ဦးမောင်ကလေး
၈။    ။    ဘူးလီးရက်စ် ၁၈။    ။    ပီတာဦးမြအောင်
၉။    ။    ဂရမ်းနီးရဲ ၁၉။    ။    ပေါလ်ဦးထွန်းမြင့်
၁၀။    ။    ပလေးတီးယား ၂၀။    ။ ဘော်စကိုကျော်ထွန်းမြင့်  

မုံလှရွာ အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ ဖါသာရ်ဂါလီးဇီးယား ၁၁။ဖါသာရ်ရေမန်းဒက်
၂။ ဖါသာရ်ပဲရ်ကော်တို ၁၂။ဖါသာရ္ကြီးရုိး
၃။ ဖါသာရ္ပုိလီညာနီ ၁၃။ဖါသာရ်လူဝီဦးချိပ်
၎။ ဖါသာရ်အင်ရီချီ ၁၄။ဖါသာရ်စတီးဗင်းဦးဘအို
၅။ ဖါသာရ်အီဇိုလာ ၁၅။ဖါသာရ်ဖီးလစ်ဦးလင်း
၆။ ဖါသာရ်ဂျိုးဇက်မောင်ကြီး  ၁၆။ဖါသာရ်အာလ်ဖုန်းစ်ဦးကိုလေး
၇။ ဖါသာရ်ဒါမာတို ၁၇။ဖါသာရ်ဖီးလစ် ဦးဘရွှေ
၈။ ဖါသာရ်လောရင်း ၁၈။ဖါသာရ်ဒေါမနစ်ဂျိုတု
၉။ ဖါသာရ်လေဂျမ်းဒရယ် ၁၉။ဖါသာရ်ပီတာစိန်လှိုင်ဦး
၁၀။ ဖါသာရ်ဟဲ

ချောင်းရိုးရွာ အုပ်ချုပ်ခဲ့သော ဘုန်းတော်ကြီးများ
၁။ဖါသာရ်ပိုလီညာနီ ၅။ဖါသာရ်ရာဖါအဲလ်ဦးဘရီ
၂။ဖါသာရ်လောရင်း ၆။ဖါသာရ်ဇေးဗီးယားဗင်ဒါရင်
၃။ဖါသာရ်အာလိုက်ဆီဦးဘဒင်         ၇။ဖါသာရ်ဂျော့ဦးခင်မောင်ထွေး
၎။ဖါသာရ်အန်ထော်နီဦးကျော်မင်း         ၈။ဖါသာရ်ပေါလ်ဦးထွန်းမြင့်

ချောင်းဦးတွင် အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ဖါသာရ်ဒေါ်နာတီ ၁၇။ဖါသာရ်ဂျိုဇက်မိုး           
၂။ဖါသာရ်ဂါလီဇီယား ၁၈။ဖါသာရ်ဒူးဟန်း           
၃။ဖါသာရ်ပဲရ်ကော်တို ၁၉။ဖါသာရ်ဂျီးရိုး           
၎။ဖါသာရ်အန်ထော်နီရေး ၂၀။ဖါသာရ်ရေမန်းဒက်           
၅။ဖါသာရ်ရိုဗာရိဇို ၂၁။ဖါသာရ်တောမား
၆။ဖါသာရ်ရစ်ကား ၂၂။ဖါသာရ်အာလာ
၇။ဖါသာရ်ဗာတစ်လီ ၂၃။ဖါသာရ်ဂျိုးဇက်ဦးဝင်း
၈။ဖါသာရ်အန်ဒရီနော ၂၄။ဖါသာရ်ပီတာ
၉။ဖါသာရ်ပိုဂိုလိုတီ ၂၅။ဖါသာရ်သြဂုတ်စတင်းဦးဖေ
၁၀။ဖါသာရ်ဂါတူတီ ၂၆။ဖါသာရ်ပေါလ်ဦးကျော်
၁၁။ဖါသာရ်ပါချီအိုတီ ၂၇။ဖါသာရ်ရာဖါအဲလ်ဦးဘရီ
၁၂။ဖါသာရ်တက်ဆီအို ၂၈။ဖါသာရ်ဂျွန်ဦးမောင်ကလေး
၁၃။ဖါသာရ်ပရီနိုအီဇိုလာ ၂၉။ဖါသာရ်ယူးစတေ့စ်ဦးချစ်ဦး
၁၄။ဖါသာရ်ဖော်နယ်လီ ၃၀။ဖါသာရ်အန်ထော်နီမောင်မောင်ခင်
၁၅။ဖါသာရ်လေကောင်း ၃၁။ဖါသာရ်ဂျွန်မောင်ဆန်း
၁၆။ဖါသာရ်ဂီးလားမက် ၃၂။ဖါသာရ်ပီတာမျိုးအောင်

နဘက်တွင် အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ ဖါသာရ်စံဂျဲရ်မာနို ၁၃။ ဖါသာရ်ဖူးလ်ကီးယေး
 ၂။ ဖါသာရ်ရစ်ကား ၁၄။ ဖါသာရ်ကွီးရိုး
 ၃။ ဖါသာရ်ဗါတစ်လီ ၁၅။ ဖါသာရ်ရူးပင်
 ၄။ ဖါသာရ်အန်ဒရီနော ၁၆။ ဖါသာရ်အန်ဒြူးဦးဘချို
 ၅။ ဖါသာရ်ဂါဘူတီ ၁၇။ ဖါသာရ်ဂျော့ဦးမောင်ငယ်
 ၆။ ဖါသာရ်ပါချီအိုတီ ၁၈။ ဖါသာရ်ပေါလ်ဦးကျော်
 ၇။ ဖါသာရ်ဖေါ်နယ်လီ ၁၉။ ဖါသာရ်ဟင်နရီဦးစန်းကြည်
 ၈။ ဖါသာရ်ပါရိုတို ၂၀။ ဖါသာရ်လေအိုဦးဝန်
 ၉။ ဖါသာရ်လေကောင်း ၂၁။ ဖါသာရ်ယူးစတေ့စ်ဦးချစ်ဦး
၁၀။ ဖါသာရ်ဗိယက် ၂၂။ ဖါသာရ်အန်ထော်နီဦးမောင်မောင်ခင်
၁၁။ ဖါသာရ်လာဘွန်း ၂၃။ ဖါသာရ်ဂျွန်မောင်ဆန်း
၁၂။ ဖါသာရ်လောရင်း ၂၄။ ဖါသာရ်နီကောလပ်ပြုံးချို

ဆရာအောင်ညွှန့်
မန္တလေး

အထက်မြန်မာနိုင်ငံအညာဒေသသို့
ကက်သလစ်ခရစ်ယာန်များရောက်ရှိလာခြင်း

တစ်ဆယ့်ခြောက်ရာစုကစ၍ ပေါ်တူဂီတို့ မြန်မာနိုင်ငံနှင့်အဆက်အသွယ်များ ရှိခဲ့သည်။ ပေါ် တူဂီခေါင်းဆောင် အယ်လဗူကပ်သည်(၁၅၁၁)ခုနှစ်မှာ မလေးကျွန်းဆွယ်နှင့် မလက္ကာကိုသိမ်း၍ တနင်္သာရီ၊ မုတ္တမနှင့် ပဂိုးမြို့များသို့ စေတမန်များစေလွှတ်၍ ရောင်းဝယ်ရေး စကားကမ်းလှမ်းခဲ့သည်။ အန်ထော်နီကော်ရီယာက(၁၅၁၉)ခုတွင် ပေါ်တူဂီကိုယ်စား မုတ္တမမြို့စားနှင့် သဘောတူညီချက်ရခဲ့သည် တစ်ဆယ့်ခြောက်ရာစုအလယ်မှ စ၍ စစ်တကောင်းတွင် အခြေပြုပြီး ပေါ်တူဂီတို့ အရောင်းအ၀ယ် အ ကြီးအကျယ် ဖြစ်ထွန်းခဲ့ရာ မြန်မာနိုင်ငံသို့ သေနတ်၊အမြောက်များစွာ တင်သွင်းခဲ့သည်။ ထို့ပြင် ပေါ်တူ ဂီနိုင်ငံသားတို့ ကိုယ်တိုင်ကတည်းကလည်း မြန်မာမင်းတို့ထံ၌ သေနတ်အမှုထမ်းအဖြစ် ၀င်ရောက်အမှု ထမ်းကြသည်။ တပင်ရွှေထီးလက်အောက်၌ ဂျိုဝါနောကယယ်ရော ခေါင်းဆောင်သည့်ပေါ်တူဂီ အမှု ထမ်းခုနှစ်ရာရှိခဲ့ဘူးသည်။

ပေါ်တူဂီစစ်ဗိုလ်ဆာလ်ဗာဒေါ်ရီဘေအီရိုဒေဘော်ဆာသည် ခရစ်သက္ကရာဇ်(၁၅၅၀) အကုန် လောက်တွင်  ရခိုင်မင်းရာဇာကြီးထံ ဗိုလ်မှူးအဖြစ်ဝင်ရောက်အမှုထမ်းရာ သူနှင့်တွဲဖက်၍ ဖီးလစ်ဒီဗ ရစ်တိုနီကိုတီလည်း အမှုထမ်းသည်။ ခရစ်သက္ကရာဇ်(၁၅၉၉-၁၆၀၀) တွင် တောင်ငူ နှင့် ရခိုင် ပူပေါင်း ၍ ဟံသာဝတီနန္ဒဘုရင်ကို တိုက်ခိုက်သည့်အခါ ဖီးလစ်ဒီဗရစ်တိုသည် ရခိုင်ဘက်မှ ၀င်ရောက်တိုက် ခိုက်ပေးခဲ့သည်။ ရခိုင်ဘုရင်မင်းရာဇာကြီးသည် ပဲခူးကို အောင်မြင်သောအခါမိမိအား အကူအညီပေး ခဲ့သော ဖီးလစ်ဒီဗစရစ်တို ခေါင်းဆောင်သည့် ပေါ်တူဂီတို့အား သံလျင်ဆိပ်ကမ်းကို ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် ဖီးလစ်ဒီဗရစ်တိုသည် သံလျင်ကို ခိုင်ခန့်အောင် တပ်များဆောက်လုပ်၍အင်အားဖြည့် .....

ဆက်ရန်... 

သန်းထွန်း ၊ဒေါက်တာ ၊ခေတ်သစ်ရာဇ၀င်၊ မဟာ ဒဂုံ စာပုံနှိပ်တိုက်၊ အမှတ် ၇၂ ရေတာရှည် လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့၊ ဒုတိယအကြိမ် စာမျက်နှာ ၆၉ - ၇၀

Read More...

Friday, May 24, 2013

မင်္ဂလာပွဲဝင်ပစ္စည်းများနဲ့ ပုဂ္ဂိုလ်များ

  • သုတ္တံကျမ်း ၆း ၂၀-၂၁ “အမိပေးသော တရားကို မပယ်နှင့် နှလုံးပေါ်မှာ အမြဲ ချည်လျက်၊ လည်ပင်း၌ ဆွဲထားလော့။”
  • ­အမိ မယ်တော်ပေးသော တရားက ဘာလဲ။
  • ­“သူစေခိုင်း သမျှ ကိုပြုကြပါ။” (ယောဟန် ၂း၅)
  • ­သူဆိုတာ ဘယ်သူလဲ၊ ခရစ်တော် ဘုရားရှင်ပါပဲ၊ ခရစ်တော်ယေဇူး ဘုရားရှင်ရဲ့ စကားကို လိုက်နာဖို့၊ နာခံဖို့၊ လိုက်လျှောက်ဖို့ ပါပဲ။
 ­ဒီတော့ -
  • ­ကျွန်တော်တို့ အသက်တာမှာ - တနည်း မဟုတ် တနည်း  အခက် အခဲပြဿနာတွေ ကြုံနေရပြီ ဆိုရင် ကာနန်မြို့ မင်္ဂလာ လက်ထပ်ပွဲက သတို့သားနဲ့ သတို့ သမီးတို့လို ခရစ်တော် ဘုရားရှင်နဲ့ မယ်တော်တို့ကို ပင့်ဖိတ်ပြီး အသက်တာ မှာနေရာပေးပါ။ ပြဿနာကို ဖြေရှင်းနိုင် ပါလိမ့်မယ်။ သူခိုင်းသမျှ ကိုပြုပါ ဆိုတဲ့ အတိုင်း သူ့ရဲ့ တရားတော်၊ စကားတော်ကို လိုက်နာပါ။
  • ­မင်္ဂလာ လက်ထပ်ပွဲက ကိုယ်တော်ရှင်ရဲ့ အမိန့် တော်ကို နာခံ၍ ကျောက်အိုးတွေ ထဲရေဖြည့် ကြလို့ အံ့ဖွယ် တန်းခိုးကို ဖူးတွေ့ခွင့် ရကြသလို ကျွန်တော်တို့ အသက်တာမှာ ဘုရား အလိုတော်ကို လိုက် လျှောက်ပြီး မိမိတို့ အသက်တာ ကျောက်အိုးများ ကို ဖြည့်ကြမယ်ဆိုရင် တန်ခိုးတော် ကိုနေ့စဉ် ခံစား ကြရတဲ့ ဘုရားရှင်ရဲ့သား သမီးများ ဖြစ်လာ ပါလိမ့်မယ်။
  • ­မင်္ဂလာ လက်ထပ်ပွဲက ပွဲအုပ်ဟာ ယေဇူး ဘုရားရှင်ရဲ့ တန်ခိုး အာနုဘော်တော်ကို မမြင်လိုက်၊ မသိ လိုက်ရ သလို ကျွန်တော်တို့ ဘ၀ အသက်တာမှာ နည်းမျိုးစုံနဲ့ ရောက်လာတဲ့ ဘုရား တန်ခိုးတော်တွေကို မသိလိုက်ရတဲ့ ပွဲအုပ်လို နမော်နမဲ့ ဘ၀ မဖြစ်စေဖို့ သတိပြုဘို့ လိုပါတယ်။ ဖြစ်ပျက်နေသမျှ အရာတွေမှာ ဘုရားရှင်ရဲ့ အလိုတော်ကို ရှာရပါ့မယ်
  • ­မင်္ဂလာ ပွဲတော်သို့ ဘုရားနဲ့အတူ လိုက်ခဲ့တဲ့ တမန် တော်များ လို ကျွန်တော်တို့ ဘယ်လို အခြေအနေ မှာပဲ ရှိရှိ ဘုရားနဲ့အတူ လိုက်လျှောက် တတ်တဲ့ အသက်တာကို ရယူ ကြစို့။
  • ­သားတူ မအေ၊ သားရဲ့ ခြေတော်ရာကို လိုက် လျှောက်တဲ့ မယ်တော်လို နေ့စဉ် ဘ၀ အသက်တာမှာ ဘုရားရဲ့ခြေတော်ရာကို မယ်တော်ကဲ့သို့၊ မယ်တော်နဲ့ အတူလျှောက်လှမ်းနိုင်တဲ့ ဘုရားတူ သား သမီးများ ဖြစ်ဖို့ လိုအပ် ပါတယ်။
  • ­လက်ထပ် မင်္ဂလာပွဲက ခြေဆေး လက်ဆေး သန့်စင်ဖို့၊ မကွဲ မအက်၊ ရေညှိ မတက်ဘဲ အမြဲရေဖြည့်ခံ နေရတဲ့ ကျောက်အိုးကြီး (၆) လုံးလို၊ ကျွန်တော်တို့သည် မကွဲမအက် အပြစ် ကင်းစင်လျက် ဘုရားရှင်ရဲ့  ကျေးဇူးတော် အမြဲဖြည့်ခံနေရတဲ့ အသက် တာ ကျောက်အိုးကြီး များဖြစ်ဖို့ လိုပါတယ်။
    ဒါမှ ဘုရားနဲ့ ထိတွေ့ကာ သူခိုင်းသမျှ ကိုပြုလုပ်မယ်ဆိုရင်
    - ရိုးရိုးရေ မှသည် - အသက်ရေ အဖြစ်သို့
    - ရိုးရိုးမုန့် မှသည် - အသက်မုန့် အဖြစ်သို့
  - လောကီ သတို့သား၊ သတို့သမီး အဖြစ် မှသည် -ကောင်းကင်ရွှေပြည်တော် မင်္ဂလာဆောင်ပွဲ မှ ခရစ် တော် ဘုရားရဲ့ သတို့သား၊ သတို့သမီး အဖြစ်သို့ ပြောင်းလဲ လာပါလိမ့်မယ် မိတ်ဆွေ။
 
R V A ထုတ်လွှင့်ချက်မှ

Read More...

Tuesday, May 21, 2013

အပြင်ပုံပန်းသဏ္ဍာန်

ကျွန်ုပ်တို့သည် လူသားများ ဖြစ်သည့်အလျောက် လောကရဲ့ အလှအပများကို မက်မော တွယ်တာ ကြသည်။ မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်ကိုယ်ကို အလှပြင် တတ်ကြသည်။ မျက်နှာမှာ အမည်းစက် ကလေးတွေ တွေ့မိခဲ့လျှင် ကြောက်စရာတစ်ခုလို သဘောထားပြီး ဒီ ဆရာဝန် ပြ၊ ဟို ဆရာဝန် ပြနှင့် စိုးရိမ်တတ်ကြသည်။ ဆံပင်ကိုလည်း ရောင်စုံ ဆေးဆိုးထားကြပြီး နောက်ဆုံးပေါ် ဆံပင် ပုံစံလေး စသည်ဖြင့် ကျွန်ုပ်တို့ရဲ့ အပေါ်ယံ အလှအပတွေကိုသာ ဦးစား ပေးပြီး ကိုယ်ကြိုက်သလို ဖြတ်၊ ညှပ်၊ ကပ်၊ ထုတ်ကာ ပုံစံ မျိုးစုံ သွင်းတတ်ကြ၏။ မျက်နှာအလှ ပိုပြီးတော့ ၀င်းပ လာအောင် ရည်ရွယ်လျက် ဘုရားသခင် ပေးထားသည့် သဘာဝ အလှကိုတောင်မှ အားမနာ၊ ငွေကြေး သိန်းပေါင်းများစွာ အကုန် အကျခံပြီး နောက်ဆုံးပေါ် ပလပ်စတစ် ဆာရ်ဂျာရီ နည်းပညာဖြင့် ခွဲစိတ်တဲ့ သူတွေတောင် ရှိသေး၏။ ကိုယ့်ရဲ့ အတ္တ၊ လောဘ၊ မာန်မာနတွေ အတွက်သာ ကြိုးစားကြပြီး စာတန် မာရ်နတ်ရဲ့ကျော့ကွင်းထဲ ပိတ်မိ နေကြသည်ကို သတိ မထားမိကြသည်မှာ ဆင်ခြင်ဖွယ် ဖြစ်ပေသည်။

    ဤကဲ့သို့ အပေါ်ယံ အလှအပ ပြုပြင်ခြင်းကိုသာ အာရုံစိုက်ပြီး ကိုယ့် စိတ်ကြိုက် အမျိုးမျိုး ပုံသွင်း နေကြပါသော်လည်း ကိုယ့်ရဲ့ စိတ်ပိုင်း ဆိုင်ရာ၊ ၀ိညာဉ် ရေးရာများကိုတော့ဖြင့် ထုဆစ် ပုံဖော်ဖို့ အတွက် မေ့လျော့ နေတတ်ကြ၏။ လောကကြီးရဲ့ အားပေး၊ အားမြှောက်မှုကို အဟုတ်မှတ်ကာ ဘုရားမေ့၊ တရားမေ့နှင့် နေရသည်ကိုတော့ဖြင့် ပျော်စရာလို့ သတ်မှတ်ပြီး မှားယွင်းသော အယူအဆများကို လက်ခံ လာကြပါသည်။ ဘာသာတရားကို ပေါ့ပျက်ပျက် သဘောထားကာ ခေတ်ကြီးရဲ့ မာယာ လှည့်စားမှုအောက်တွင် နစ်မွန်း နေကြသည်မှာ ဆင်ခြင် စဖွယ်ကောင်းလှ၏။ ခေတ်ကြီးကို ဘေးချိတ် ရမည်ဟု မဆိုလို။ ခေတ်ကြီးရဲ့ ပြောင်းလဲ တိုးတက်မှု နောက်တွင် အကောင်းဘက်သို့ ပြောင်းလဲခြင်း ရှိလာနိုင် သလို၊ အဆိုးဘက်သို့ ဦးတည်ကာ ပြောင်းလဲခြင်းတွေလည်း ရှိလာနိုင်သည်။ အဆိုးဘက်သို့ ပြောင်းလဲလာသည့် အရာ မှန်သမျှကို အကောင်းဘက်သို့ ပြောင်းလဲပေးရန် ကျွန်ုပ်တို့ ကက်သလစ် ဘာသာဝင်များ အားလုံး အပေါ်တွင် တာဝန်ရှိပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ နှလုံးသားတိုင်းကို ဖန်ဆင်းရှင် ဘုရားသခင် အလိုတော်ရှိသည့် အတိုင်း ပုံသွင်း ကြရပါမည်။

    ကျွန်ုပ်တို့သည် မှန်တစ်ချပ်ကို ကိုင်ပြီး ကိုယ့်ကိုယ်ကို အလှပြင် တတ်ကြပေမယ့် ကျွန်ုပ်တို့ရဲ့ အတွင်း နှလုံးသားကိုတော့ ပြုပြင်ဖို့ လျစ်လျူ ရှုတတ်ကြ၏။ ကျွန်ုပ်တို့ အားလုံးဟာ အဖဘုရားသခင် ကိုယ်တိုင် ဖန်ဆင်းထားတဲ့ ဖန်ဆင်းခံ သတ္တ၀ါများ ဖြစ်သောကြောင့် ခရစ်တော် အရှင်ကို အစဉ် ချီးမွမ်းရင်း သူ၏ အလိုတော် အတိုင်း လိုက်ကျင့် နေထိုင်တတ်ဖို့ ကြိုးစား သင့်သည်။ ကျွန်ုပ်တို့ရဲ့ နှလုံးသားများကို သခင်ခရစ်တော် အလိုတော်ရှိသည့် အတိုင်း ပြုပြင် ထုဆစ်ခြင်းကို ခွင့်ပြုရမယ်။ သခင်ယေဇူးကို ပိုပြီးတော့ ချစ်တတ်တဲ့ စိတ်တွေ မွေးမြူသင့်သည်။ ကျွန်ုပ်တို့ရဲ့ မြင်နိုင်ရာ အလှအပကိုသာ မြတ်နိုးခြင်း၊ အပေါ်ယံ အရောင်ဆိုးခြင်းတွေကို ပြောင်းလဲတတ်ဖို့ ကြိုးစား ရလိမ့်မည်။ သခင် ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ အပေါ်ယံ သဘောထားကိုသာ နှစ်သက်တာ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ အတွင်း စိတ်ဓာတ် နှလုံးသား ဖြူစင်ခြင်းကိုသာ အလိုတော် ရှိပါသည်။ ကျွန်ုပ်တို့ရဲ့ အပြုအမူ၊ အပြောအဆိုများကိုလည်း ပြုပြင် တတ်ဖို့ လိုပါလိမ့်မည်။ ကျွန်ုပ်တို့ရဲ့ အပြင် ပုံပန်း သဏ္ဍာန်ကို ဘယ်လိုပဲ အလှတွေခြယ်သကာ လိမ်းကျံ နေပါစေ ကျွန်ုပ်တို့ရဲ့ ဒေါသ၊ မောဟ၊ မာန်မာန၊ မကောင်းတဲ့ စိတ်တွေကိုတော့ဖြင့် ဖုံးကွယ်လို့ မရ နိုင်ပါ။ ခဏ တစ်ဖြုတ်တော့ ဟန်ဆောင်ကာ ဖုံးကွယ်လို့ ရတာပေါ့ ရေရှည်မှာတော့ ပေါ်လာ စမြဲပါ။ ဒါကြောင့် ဒီအရာတွေကို ဖယ်ရှားနိုင်ဖို့ ကြိုးစားကြရမည်။ လက်တွေ့ကျင့်ကြံ လုပ်ဆောင် တတ်ရပါလိမ့်မည်။

    သခင် ခရစ်တော် ကိုယ်တိုင် မူလ ဖန်ဆင်းထားသည့် အတိုင်း အရောင်၊ အဆင်း ခြယ်သ လိမ်းကျံခြင်း မရှိဘဲ၊ ကနဦး အလှတိုင်း တည်ရှိတာကို “သဘာဝ အလှ”လို့ ခေါ်ဆိုပါတယ်။ လူတိုင်း၌ ကိုယ်ပိုင် အလှ ကိုယ်စီ ရှိကြ၏။ ပင်ကိုယ် အစွမ်းအစတွေလည်း ရှိကြ၏။ သို့သော်လည်း မကောင်းသည့် စိတ်ဓာတ်များလည်း ရှိ၏။ ယင်းတို့ကို ဖြိုခွဲ ရမည်။ ဖျောက်ပစ် ရပါမည်။ သင်သည် လူတစ်ယောက်ကို ကြည့်သည့် အခါတိုင်း ကြည့်မှန် တစ်ချပ်ကို ကြည့်ရသလို မြင်တတ်ရမည်။ ကိုယ်က ကြည့်မှန်ကို ပြုံးပြရင် ကြည့်မှန် ကလည်း ပြန်လည်ပြီး ပြုံးပြတာပေါ့။ ကိုယ်က စိတ်ဆိုး ပြရင် ကြည့်မှန်ကလည်း ပြန်လည် တုံ့ပြန် လာပါလိမ့်မည်။ ဒီလိုပါပဲ လူ တစ်ယောက်ကို ကိုယ့်ရဲ့ စိတ်ထဲကနေ ဖြစ်စေချင်သည့်အတိုင်း ကိုယ့်ဆီကို ပြန်လည် လာရောက် အကျိုးပေး တတ်၏။

    ကျွန်ုပ်တို့ရဲ့ မာကျောနေတဲ့ နှလုံးသားတွေကို သခင် ခရစ်တော်ရဲ့ နှုတ်ကပါတ်တော်ကို ဖတ်ရှုခြင်းအားဖြင့် ပြုပြင်လို့ ရပါသည်။ ကျမ်းစာတော်မြတ်ကို နေ့စဉ် ဖတ်၊ မှတ်၊ လေ့လာ၊ မှတ်သား၊ ထောက်ရှု၊ သုံးသပ် ရပါမည်။ စိပ်ပုတီး စိပ်ခြင်းအားဖြင့်လည်း တည်ငြိမ်၊ ရင့်ကျက်တဲ့ စိတ်ကို ရနိုင်သည်။ အပြင် ပုံပန်း သဏ္ဍာန်ကိုသာ အာရုံစိုက်ပြီး ဘုရားကျောင်း တက်ရသည်ထက် ကျွန်ုပ်တို့ရဲ့ စိတ် လိုအင်ဆန္ဒ၏ တောင့်တမှု အားဖြင့် ဘုရားကျောင်း တက်ခြင်းမျိုး ဖြစ်သင့်သည်။ နှလုံးသားရဲ့ လှုံ့ဆော်မှုကြောင့် ကိုယ်တော်မြတ် ဖူးမျှော်ခြင်း၊ ဆုတောင်းခြင်းမျိုး ဖြစ်သင့်သည်။ “ဆုတောင်းခြင်း သည် ဘုရားသခင်နှင့် စကားပြောခြင်း ဖြစ်သည်။” ဟု ဆိုထားသကဲ့သို့ ဘုရားသခင်နှင့် ထိတွေ့ စကားပြောဖို့ရန် အတွက် မကြာခဏ ဆုတောင်း ရပါမည်။ ဆုတောင်းရာတွင်လည်း အာရုံ ပျံ့နှံ့ခြင်း မရှိဘဲ စိတ် ပါဝင်စားစွာ ဆုတောင်း နိုင်ရမည်။

    ကျွန်ုပ်တို့ အားလုံးသည် သခင် ခရစ်တော်ကို မြင်နိုင်ရန် အတွက် ဆုတောင်းရာတွင် စိတ် နှလုံး ဖြူစင် သန့်ရှင်းဖို့ လိုအပ်ပါသည်။ ဒါကြောင့်မို့ ကျွန်ုပ်တို့ရဲ့ အပြင် ပုံပန်း သဏ္ဍာန်များကို ပြုပြင်နေကြသည့် အတိုင်း ကျွန်ုပ်တို့ရဲ့ စိတ် နှလုံးများကို အသစ်တဖန် ဖြူစင် သန့်ရှင်းအောင် ကြိုးစား ကြပါစို့။

ရှင်မဿဲ ၅း၈ “စိတ် နှလုံး ဖြူစင်သော သူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ကြရ လတ္တံ့။”

M.Khaidal (Bot)



Read More...

Sunday, May 19, 2013

သက်သေ

နံနက်စောစော        နံ့သာဆောင်လျက်
ရင်ခုန်နွမ်းလျ      

ဦးစွာရောက်ခဲ့        သခင့်ဂူရှေ့          
ထိုနေရာ

ဘယ်မှသခင်        အော်ဟစ်ဖွေရှာ
နှစ်ဦးသခင်

တောက်ပ၀တ်ရုံ    ဆင်ကာမြန်းလျက်
ရှင်ပြန်လေပြီ . . . .

နူးညံ့သံချို မြွတ်ဆို၏။
အာလေလုယား
သခင်အောင်မြင်
သခင့်အောင်မြင်ခြင်းသည်    သေခြင်းမာန်ကား
ရှုံးနိမ့်လေပြီ။

အို . . . .
    ကြီးမားအံ့ဖွယ်        ကျွန်ုပ်၏အရှင်သခင်
    အဦးမှာရှုံးနိမ့်ဟန်    အဆုံးမှာတော့ ဘုန်းစိုးစံ
    ကိုယ်တော်အားဖြင့်    အောင်ပွဲခံရ သုခခံစားရမှာ
    ဧကန်မုချပင် . . . . .။


အခြေပြုကျမ်း - ရှင်လုကာ ၂၄း၁-၁၂။

ဥယောဂျာလ (မိုးကောင်း)

Read More...

Saturday, May 18, 2013

လင်းမြွေကျောလား၊ ငါ့ကျောလား။

    ဒီခေါင်းစဉ်လေးက စာရေးသူငယ်စဉ်က ဖတ်ခဲ့ဘူးတဲ့ ပုံပြင်လေးထဲက တစ်ခုပါ။ ဇာတ်လမ်း အကျဉ်း ကတော့ တစ်ခါက လင်းမြွေတစ်ကောင်နဲ့ လိပ်တစ်ကောင်ဟာ အဆွေ ခင်ပွန်းဖွဲ့ပြီး နေကြသတဲ့။ တစ်နေ့တော့ သူတို့နေတဲ့ တောင်ကုန်းထိပ်က မီးတောင်ဟောင်းက ထပေါက်ကွဲလို့ ချော်ရည်တွေနဲ့ ကျောက်တုံး အပိုင်းအစတွေ လွင့်စင် လာပါသတဲ့။ အဲ့ဒီ အခါမှာ လွှင့်စင်လာတဲ့ ကျောက်တုံး အပိုင်းအစ တစ်ခုက လိပ်ရဲ့ ကျောကုန်း လာပြီး ထိမှန် သတဲ့။ အဲဒီ အခါမှာ “ဒေါင်” ကနဲ အသံ တစ်ခု ထွက်လာပါ သတဲ့။ အဲဒီ အချိန်မှာ လိပ်ကနေပြီး ပြောသတဲ့၊ ခုနက ကျောက်ခဲ လာမှန်လို့ မြည်တဲ့ အသံကို လင်းမြွေ ကျောလား၊ ငါ့ကျောလား ဆိုပြီး အော်လိုက် သတဲ့။ လိပ် ပြောလိုက်တဲ့ အသံကြောင့် လင်းမြွေခမျာ အူကြောင်ကြောင် ဖြစ်သွားပြီး ဘယ်နဲ့ ငါ့ ကျောက ပျော့စိစိနဲ့ ကျောက်ခဲမှန်ရင် ဘယ်နဲ့ အသံ ထွက်ပါ့မလဲ။ လိပ် ကျောကုန်းထိလို့သာ “ဒေါင်” ကနဲ အသံ ထွက်လာတာကို လိပ်ကပဲ ဦးအောင် ပြောရတယ် ရှိသေး ဆိုပြီး ပြေးရင်း လွှားရင်း လင်းမြွေက တွေးမိ သတဲ့။

    အဲဒီတော့ ဒီ ဇာတ်လမ်းလေး အကျဉ်းကို ပြောရတာ အကြောင်း ရှိလို့ပါ။ ခုခေတ် လူငယ်လေးတွေက မိမိ ပတ်ဝန်းကျင်မှာ ပြဿနာတွေ၊ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ၊ မပြေလည်မှုတွေ ဖြစ်နေတာကို မိမိနဲ့ မသက်ဆိုင်ဘူး ဆိုပြီး ခပ်ပေါ့ပေါ့ နေနေကြတာကို တွေ့နေရလို့ သတိ ပေးတာပါ။ မိမိရဲ့ အနာဂတ် အခြေအနေကို ဘယ်သူမှ ကြို မသိနိုင်တော့ ကြိုတင် သတိထားမှု၊ ပြင်ဆင်မှုတွေ မလုပ်ကြတဲ့ လူငယ်တွေက အများစု ဖြစ်နေကြတာ တွေ့နေရပါတယ်။

    သိပ် မကြာသေးပါဘူး။  အသိ မိတ်ဆွေ မိသားစု တစ်စု သူတို့ ကိုယ်ပိုင် ဗန် ဆလွန်းလေးနဲ့ နေပြည်တော်ဘက် ကိစ္စတစ်ခုနဲ့ ခရီး သွားကြတာ၊ လမ်းမှာ မထင်မှတ်ဘဲ နေပြည်တော် ဘက်မှလာတဲ့ ရှပ်ဖ်ကား တစ်စီးက အရှိန် ပြင်းပြင်းနဲ့ ဒလိမ့်ခေါက်ကွေး မြှောက်ပြီး လာနေတာကို သူတို့ ကားပေါ်မှာ ပါတဲ့ သားငယ်က မြင်တော့ မောင်းနေတဲ့ သူ့အဖေကို ပါပါး ဟိုမှာ ကားတစ်စီး မြှောက်ပြီး သားတို့ ကားဆီ လာနေတာ မြင်လားလို့ ပြောနေတုံး အဲဒီကားက မြှောက်လိုက် လှန်လိုက်နဲ့ အရှိန်နဲ့ လာနေရာက သူတို့ကားနားလည်း ရောက်ရော သူတို့ကား အပေါ်ပြုတ်ကျပြီး ကားထဲ ပါလာတဲ့ သူတို့ မိသားစုထဲက အဖေနဲ့ အမေဟာ ပွဲချင်းပြီး ကားပိပြီး သေဆုံး သွားပါတယ်။ ခုနက သတိပေးတဲ့ သားငယ်က ခြေထောက်နဲ့ ခေါင်းမှာ ဒဏ်ရာရပြီး အတွင်း လူနာအဖြစ်နဲ့ နေပြည်တော် ဆေးရုံမှာ ကုသမှုကို ခံယူနေရပြီး၊ သားကြီးကတော့ အပြင်ဘက် လွင့်ပြီး ပွန်းပဲ့ရုံပဲ ဖြစ်ပြီး အသက် ဘေးက လွတ်သွား ပါတယ်။ ဒီတော့ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် သားကြီးက House Surgeon ဆင်း နေတဲ့ ဆရာဝန်ပါ။ သားငယ်ကတော့ ရှစ်တန်း ကျောင်းသားပါ။ အဖေက ကန်ထရိုက်တာ တစ်ဦးပါ။ ခုတော့ အရွယ်မမယ် သားငယ်နဲ့ သားကြီး House Surgeon ဆင်းနေတဲ့ သားနှစ်ယောက် လောက အလယ် ကျန်ခဲ့ပါတယ်။ သားကြီးကလည်း သူ့ကျောင်းကိစ္စနဲ့ ဆိုတော့ သူ့အဖေ အလုပ်က ဘာမှ မလုပ်တတ် မကိုင်တတ်၊ ညီငယ်ကလည်း နေပြည်တော် ဆေးရုံမှာ တင်ထားဆဲ ဆိုတော့ စာဖတ်သူတွေပဲ စဉ်းစား ကြည့်ပါ။ ဘယ်လောက် သနားစရာ ကောင်းသလဲ။ အဲဒီတော့ အနာဂတ်မှာ ဒီလို မဖြစ်မျိုးတွေနဲ့ ကြုံတွေ့ ရလိမ့်မယ်လို့ ဘယ်သူကမှ ကြို မတွက် ထားပါဘူး။ ဖြစ်လာခဲ့တော့မှ ဘာမှ မပြင်ဆင် ရသေးတော့ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့မှာကို နောင် လူငယ်တွေ မဖြစ်ရလေအောင်လို့ သက်ရှိ ထင်ရှား ရှိနေစဉ် မိဘနှစ်ပါးကို ဂါရ၀တရား ထားတတ်ဖို့၊ ဆရာသမားတွေရဲ့ စကားကို မပယ်ရှားဖို့၊ တတ်သိ နားလည်တဲ့ လူကြီးသူမတွေ ဆိုဆုံးမတဲ့ အခါ သေသေချာချာ နားထောင်ပြီး လိုက်နာ ကြဖို့၊ အချိန်မ လွန်ခင် အမှားတွေ ပြင်ဆင်နိုင်အောင် သတိပေး တာပါ။

 
   ဘယ်သူမဆို မှန်တယ် ထင်လို့ လုပ်တဲ့သူတွေ အထဲမှာ တကယ် မှန်၏၊ မမှန်၏ ဆိုတာ တရားတော်တွေနဲ့ ညှိကြည့်ပြီး လိုနေရင် ဖြည့်၊ ပိုနေရင် လျော့ပေးဖို့ ပြောတာပါ။ သေခြင်းတရားနဲ့ မနက်ဖြန် ဘယ်ဟာ ပိုနီးသလဲ ဆိုရင် သေခြင်းတရားက ပိုနီးတယ်ဆိုတာ ခုနက သာဓကလေးက သက်သေ ပြနေပါတယ်။ လူဆိုတာ မွေးဖွားလာပြီး ဘယ်သူမဆို သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမှာ ဓမ္မတာ ဆိုပေမဲ့၊ အသေဆိုးနဲ့ မကြုံဖို့၊ ကောင်းတာလေးတွေ ခုကတည်းက ကြိုတင် လုပ်ကြပြီး၊ မလုပ်ရသေးဘူးဆိုရင် အခု စလုပ်ကြဖို့၊   လုပ်နေဆဲ လူတွေက ဆက်လက်ပြီး ဇွဲ မလျော့ပဲ ဆက်လက် လုပ်ဆောင်ကြဖို့ သတိ ပေးတာပါ။ ဘယ်သူ မဆို၊ အိုကြ ရမယ်။ ပြီးရင် နာရအုံးမယ်။ နောက်ဆုံး သေရအုံးမှာပါ။ အဲဒီတော့ မလိုအပ်တဲ့ မကောင်းမှုကို ရှောင်ပြီး၊ ကောင်းမှုတွေကိုပဲ ခုကတည်း လုပ်ကြဖို့ သတိပေး တိုက်တွန်း လိုက်တာပါ။ ဒီ ခေါင်းစဉ်ထဲကလို ကိုယ့် တည့်တည့် ထိမှန်တာကို လင်းမြွေ ကျောလား၊ ငါ့ ကျောလား ဆိုပြီး အော်နေတဲ့ လိပ်ကလေးလို ဖြစ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့် သတိပေးရင်း အားလုံး ကျန်းမာ ရွှင်လန်းပြီး သာယာ ဖြောင့်ဖြူးတဲ့ အနာဂတ်လေးတွေ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုဆိုနီ

Read More...

Thursday, May 16, 2013

ကားတိုင်နှင့်ခရစ်တော်

ဒုက္ခ ..... မရချင်
သောက .....မကျချင်ဘဲနဲ့
သုခ ..... “တ” ချင်နေတဲ့သူတွေ။

             လောကဓံ ..... မခံချင်
            ဘ၀ဒဏ် ..... မလှန်ချင်ဘဲနဲ့
            စည်းစိမ်ခံ ..... “စံ” ချင်နေတဲ့သူတွေ။

 ချွေး  ..... မပေးချင်
 သွေး ..... မစတေးချင်ဘဲနဲ့
 အေးဆေး ...... “ကလေး” မွေးချင်နေတဲ့သူတွေ။

            မျက်ရည် ..... မကြွေချင်
            ဆပ်ဖြေ  ..... မနေချင်ဘဲနဲ့
            အရှက်ပြေ  ...... “ပြုံး” ချင်နေတဲ့သူတွေ။

ကားတိုင်လမ်း ...... မလှမ်းချင်
ဒုက္ခပန်း  ...... မနမ်းချင်ဘဲနဲ့
ခရစ်တော်ကို ..... ဟစ်အော်နေလည်း
အလကားပဲ မိတ်ဆွေ။

            ကားတိုင်ပါမှ   ...... ခရစ်တော်လာမည်
            ရင်မှာမှတ်သား  ..... ဘုရားနှင့်ကားတိုင်
            မခွာနိုင်၍  ....... ဘုရားကိုခေါ်
            ကားတိုင်တော်ပါ  ...... ပြေးကာပွေ့ပိုက်
             နှစ်ခြိုက်ကြိုဆို   ...... လက်ခံဖို့လိုသည်။
  

ပါစကားသီကိုရှင်း။

Read More...

Monday, May 13, 2013

ရဟန္တာမ ဘဲနားဒက် (Bernadette)

    Bernadette Soubirous ဟာ ၁၈၄၄ခုနှစ်၊ ပြင်သစ်ပြည် Lourdes လု(ဒ်)(စ်)မြို့မှ တောင်သူ လယ်သမား မိသားစုမှ မွေးဖွားခဲ့ပါတယ်။ ၁၈၅၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ရက်နေ့ မှာ သူ့ ညီမလေးနဲ့ သူ့ သူငယ်ချင်းရယ် သုံးယောက်သားဟာ ထင်းခွေဖို့ တောထဲကို ဖြတ်ပြီး ထင်းခွေ ထွက်ကြရတာပါ။ သူ့ညီမနဲ့ သူ့သူငယ်ချင်းကတော့ အရင် စမ်းချောင်းလေးကို ဖြတ်သွား ကြပြီး ဘဲနားဒက်ကတော့ အင်မတန် ဆိုးရွားတဲ့ ပန်းနာရင်ကျပ်ရောဂါ ရှိတော့ စမ်းချောင်းကို ဖြတ်ဖို့ ခြေစွပ်ကို ချွတ်ပြီးတဲ့ အချိန်မှာ ပြင်းထန်တဲ့ လေတစ်ချက် ဝှေ့လိုက်ပြီး သစ်ပင်တွေကလည်း လှိုင်ဂူအနားမှာ ယိမ်းယိုင်နေတာကို တွေ့လိုက်ရတယ်။ ထူးဆန်းတာက ဘေးပတ်ဝန်းကျင်က သစ်ပင်တွေက ငြိမ်နေပြီး ရေထဲကို သူမ ခြေချလိုက်တဲ့ အချိန်မှာ လှိုင်ဂူနားကနေ လေက အပြင်းအထန် တချက်ထပ် တိုက်လိုက်ပြန်တော့ ဘေးနားမှရှိတဲ့ ချုံပုတ်တွေက ဘယ်ညာယိမ်းပြီး ကြောက်မက်သော အသံတစ်ခု ကြားလိုက်ရပါတယ်။ ဒါနဲ့ ဘဲနားဒက်က လှိုင်ဂူကို ကြည့်လိုက်တဲ့အခါ သူနဲ့ ရွယ်တူ လှပတဲ့ မိန်းကလေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ မိန်းကလေးဟာ အဖြူရောင်ဝတ်ရုံကို ၀တ်ထားပြီး၊ အပြာရောင် ခါးစည်းကြိုးနဲ့ စိတ်ပုတီးတစ်ကုံး လက်မှာ ကိုင်ထားတာကို တပါတည်း တွေ့လိုက် ရပါတယ်။အဲ့ဒီ မိန်းကလေးက ဘဲနားဒက် ရှေ့လာပြီး ဦးညွှတ်လိုက်တယ်။ ဒါနဲ့ ဘဲနားဒက်က သူ ငါ့ကို ဘုရားရှိခိုးစေချင်တယ် ထင်ပြီး သူ့ အိတ်ကပ်ထဲ ပါလာတဲ့ စိတ်ပုတီးကို ထုတ်ပြီး စိပ်လိုက်တယ်။ သူတွေ့တဲ့ မိန်းကလေးကလည်း ပုတီးစိပ် နေတဲ့ သူမ လက်ချောင်းလေးတွေကို သူ မြင်တွေ့ နေရတယ်။ ဒါပေမယ့် သူမ နှုတ်ခမ်းလှုပ်နေတာကိုတော့ မတွေ့ရဘူးတဲ့။ ပုတီး အလုံး(၅၀) ၅ Decades စိပ်ပြီးတဲ့ အခါမှ ထိုမိန်းကလေးက ဘဲနားဒက်ကို ပြုံးပြီး ပျောက်ကွယ်သွားပါတယ်။
 
    အဲ့ဒီ အချိန်မှာပဲ သူနဲ့အတူ လာတဲ့ နှစ်ယောက်က ထင်းတွေ တပွေ့တပိုက်နဲ့ ထင်းခွေပြီး ပြန်လာတဲ့ အချိန်မှာ ဘဲနားဒက်က ဒူးထောက်နေတာကို တွေ့တော့ ကျန်တဲ့ နှစ်ယောက်က သူတို့နဲ့ လိုက်ပြီး ထင်းမခွေချင်လို့ အထင်နဲ့ သူ့ကို သူ့ညီမက ဆူပူ ကြိမ်းမောင်းတယ်။ သူ့ သူငယ်ချင်းကတော့ နင့်ကို ကြည့်ရတာ ကြောက်နေတဲ့ ပုံပေါက်နေတယ်။ “နင် ဘာကို မြင်လို့လဲ” လို့ မေးလိုက်တယ်။ ဘဲနားဒက်က “အဖြူရောင် ၀တ်စုံ ၀တ်ထားတဲ့ မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရတယ်” လို့ ပြန် ဖြေလိုက်တယ်။ အိမ်ပြန်ရောက်တော့ ညမှာ အမေ့ကို အဖြစ်အပျက်တွေ ပြောပြတော့ သူ့ အမေက “နင် ထင်ယောင် ထင်မှား ဖြစ်တာပါ။ အဲ့ဒါက အဖြူရောင် ကျောက်တုံးကြီး တစ်ခုပါ။ ဒါမှမဟုတ် ငရဲငယ်က ၀ိညာဉ်တစ်ဦး ရောက်လာတာ များလား။ နောက်တစ်ခါ လှိုင်ဂူသနားကို မသွားနဲ့” လို့ သတိပေး လိုက်တယ်။
 
    နောက် နှစ်ရက်လောက် လှိုင်ဂူနားကို မသွားပဲ နေပေမယ့် လူအများကတော့ ဘဲနားဒက် မြင်ခဲ့တဲ့ အကြောင်းတွေကို ပြောနေကြတယ်။ သုံးရက်မြောက်တဲ့ နေ့မှာ သူ့အဖေက သွားဖို့ ခွင့်ပြုတဲ့ အတွက် လှိုင်ဂူဆီကို သွားပြီး ပုတီးစိတ်ပြီးတဲ့ အချိန်မှာ ၀တ်စုံဖြူ ၀တ်ထားတဲ့ မိန်းကလေးက ပေါ်လာတာကို မြင်တော့ ဘဲနားဒက်က သူမ ဘေးက ကလေးမရဲ့ ပုခုံးကို ကိုင်ပြီး “ဟိုမှာ ဟိုမှာ” ဆိုပြီး ပြောလိုက်ပါတယ်။ ဒါပေမယ့် သူမ ဘေးက ကလေးမလေးက “ဘာမှ မမြင်ရဘူး” လို့ ပြန်ပြောလိုက်တယ်။ ဘဲနားဒက်ကလည်း ခေတ္တ သတိမေ့သလို ဖြစ်သွားပြီး သူ့ထက် နည်းနည်း အသက်ကြီးတဲ့ သူက သူ့ကို ကြိုးစားပြီး လှုပ်နှိုးပေမယ့် သူက သတိလည်းမရ လှုပ်လို့လည်း မရ ဖြစ်နေပါတယ်။ နောက်ဆုံးတော့ သူမကို တောင်ပေါ် ခေါ် သွားတော့မှ သတိ ပြန်ရလာပြီး သူမ ငိုပါတော့တယ်။ သူ တစ်ဦး တစ်ယောက်ကမျှ သူ မြင်ခဲ့တဲ့အရာကို မယုံကြည် ကြဘူး။ ရက် အနည်းငယ်ကြာတဲ့ အခါမှာ ဘဲနားဒက်ဟာ လှိုင်ဂူကို ပြန်လာ ပြန်တယ်။ ဒီအချိန်မှာ အဖြူရောင် ၀တ်စုံနဲ့ မိန်းကလေး ပြန်ပေါ်လာပြီး “သင် ကျေးဇူးပြုပြီး ဒီနေရာကို နှစ်ပတ်လောက် နေ့စဉ် လာနိုင်မလား” ငါ ကတော့ နင့်ကို ဒီဘ၀မှာတော့ ပျော်ရွှင်အောင် မထား နိုင်ပေမယ့်၊ နောင်ဘ၀ ကျရင်တော့” ဆိုပြီး ပြောလိုက် ပါတယ်။ ဒီ အဖြစ်အပျက်တွေကို ကြားကြတဲ့ သူတွေဟာ လှိုင်ဂူကို သွားကြတော့၊ ရဲတွေကလည်း ကန့်သတ်နယ်မြေ မသွားရဘူးဆိုပြီး တားမြစ် ကြတယ်။ ဒါပေမယ့် ဘဲနားဒက်ကတော့ ရဲတွေရဲ့ တားမြစ်ချက်ကို ဂရုမစိုက် ခဲ့ပါဘူး။
 
    ဘဲနားဒက်က နောက်တစ်ကြိမ် ၀တ်ဖြူ စင်ကြယ် ၀တ်ထားတဲ့ မိန်းကလေးကို ပြန်တွေ့တော့ သူမကို “စမ်းချောင်းထဲက ရေကို သောက်ပါ။ ခြေ လက် ဆေးပါ။ အဲ့ဒီနားက မြက်ကို စားလိုက်ပါ”လို့ ပြောလိုက်တယ်။ ၀တ်ဖြူ စင်ကြယ်ဝတ်ထားသူ ညွှန်လိုက်တဲ့ နေရာက ကျောက်ဆောင် ဖြစ်နေပြီး ဘဲနားဒက်က လက်နဲ့ ယက်ပြီး တူးလိုက်တဲ့အခါ စမ်းရေတွင်းပေါ်က ဘဲနားဒက်က ချစ်ခင် မြတ်နိုးစွာနဲ့ “သင် ကျွန်ုပ်ကို ပြောပြပါ သင် ဘယ်သူလဲ” လို့ မေးလိုက်တဲ့ အခါ ထိုမိန်းကလေး က “ကျွန်မဟာ အပြစ်မဲ့ သန္ဓေယူသောသူ ဖြစ်တယ် ဒီနေရာမှာ ဘုရားကျောင်း တစ်ခု လိုချင်ပါတယ်” “I am the Immaculate Conception I want a Chapel here” လို့ ပြန်ဖြေ လိုက်ပါတယ်။
 
    အဲ့ဒီ နေရာမှာ ထောင်ပေါင်း များစွာသော ဘုရားဖူးတွေ ရောက်လာ ဖူးမျှော်ကြပြီး အင်မတန်မှ ထူးဆန်း အံ့ဖွယ်တွေဖြစ်တဲ့ မပျောက်ကင်းနိုင်တဲ့ ရောဂါတွေ၊ ဆုကျေးဇူးတွေ အံ့မခန်း နိုင်အောင် ရရှိ ကြပါတယ်။ အဲ့အချိန်ကလည်း ၁၈၅၈ ခုနှစ် ဖြစ်ပါတယ်။ ဘဲနားဒက်ဟာလည်း မယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို အထမြောက်အောင် ပြုလုပ်နိုင်တဲ့သူ ဖြစ်ပြီး ရွေးကောက်ခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာ မချမ်းသာဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ ဒါပေမယ့် ဘုရားသခင်နဲ့ မယ်တော်ကို ချစ်တဲ့အတွက် မယ်တော်ရဲ့ အမှုတော်ကို ထမ်းတဲ့အနေနဲ့ ဒုက္ခများစွာ အခက်အခဲ များစွာကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ သူဟာ လူ့ပြည်မှာ အကြာကြီးနေခဲ့တဲ့ အချိန်မှာ သီလရှင်ကျောင်းကို ရောက်သွားပြီး သူ့မွေးရပ်မြေ (Lourdes) ကို ဘယ်တော့မှ ပြန် မရောက်တော့ဘူး။ သူမဟာ အဖြူရောင် ၀တ်စုံဝတ်ထားတဲ့ မယ်တော်သခင်မ ပြောတဲ့ အတိုင်း အကုန် လုပ်ဆောင်ရွက် ခဲ့ပါတယ်။ သူ မြင်တွေ့ခဲ့ရတဲ့ မယ်တော်သခင်မရဲ့ အကြောင်းကိုလည်း အမြဲ အမှတ်ရပြီး ပီတိတွေ ဖြစ်လျက် နေတော့တယ်။


    တစ်နေ့ သူမ အရမ်းဖျားနေတဲ့ အချိန်မှာ အဖြူရောင် ၀တ်စုံ ၀တ်ထားတဲ့ မယ်တော် သခင်မ ရောက်လာပြီး “ငါနဲ့ လိုက်ခဲ့” ဆိုပြီး သူမကို ခေါ်သွားတယ်။ သူမ ၁၈၇၉ ခုနှစ်မှာ သေဆုံး သွားတယ်။ သူမရဲ့ ရုပ်ကလပ်ကို မှန်အခေါင်းနဲ့ ထည့်သွင်းထားပြီး ပုပ်သိုးခြင်း မရှိပဲ နေတာကို ပြင်သစ်နိုင်ငံရှိ Vevers သီလရှင်ကျောင်းမှာ ယနေ့တိုင် ရှိနေတယ်။ သူမ အသက်ထွက်ခါနီး နောက်ဆုံး ပြောတဲ့ စကားကတော့ “ဘုရားရှင်နဲ့ ရဟန္တာများကို ဆုတောင်းပါ” တဲ့ သူမဟာ အဲ့ဒီ ၀တ်ဖြူ စင်ကြယ်ဝတ်ထားတဲ့ မယ်တော်သခင်မနဲ့ ကောင်းကင်နိုင်ငံမှာ ယနေ့ထက်တိုင် အတူတကွ နေထိုင်လျက် ရှိပါတယ်။
 
June Rose

Read More...

Sunday, May 12, 2013

ကက်သလစ်ခရစ်ယာန်ဘာသာအကြောင်း တစ်စွန်းတစ်စ (၃)

၎။ သုံးပါး တစ်ဆူဘုရား

    “ဘုရား”အား ကြည်ညို ကိုးကွယ်ခြင်းသည် ကက်သလစ် ခရစ်ယာန်ဘာသာ၏ အဓိက မဏ္ဍိုင်ဖြစ် သကဲ့သို့၊ ထိုဘုရား ကိုယ်တော်မြတ်အား သုံးပါး တစ်ဆူဘုရားအဖြစ် ကြည်ညို၏။ သုံးပါး တစ်ဆူဘုရား ရှင်တော်မြတ်အား “ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား”ဟု ခေါ်တကိုးကွယ်ကြ၏။ သုံးပါး တစ်ဆူဘုရား ကိုယ်တော်သည် ဘုရားသုံးဆူ မဟုတ်ဘဲ၊ တစ်ဆူဘုရားသာ ဖြစ်၏။


    ယေဇူးဘုရား၏ တရားတော်ဖြစ်သော သမ္မာကျမ်းစာတော် သွန်သင်ချက် အရ “ဘုရား”ကို “ခမည်းတော်ဘုရား”ဟူ၍ လည်းကောင်း၊ ဘုရားရှင်၏ နှုတ် တော်ထွက် စကား (The Word တရားတော်)သည် လူ့အဖြစ် ယူတော်မူ၍ “ခရစ်တော်ဘုရား”၌ တည်ရှိတော်မူသည် ဟူ၍ လည်းကောင်း၊ လူသားတို့နှင့် အတူ ဘုရားအဖြစ်တော် အနန္တ ဘုန်းတန်ခိုးတော်နှင့် ရှိတော်မူခြင်းအား “ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား” ဟူ၍ လည်းကောင်း ကက်သလစ် ခရစ်ယာန်များက မြတ်နိုး သဒ္ဒါပွား ကြ၏။ ဤသည်မှာ ခရစ်ယာန်ဘာသာ၏ ယုံကြည်မှု ဖြစ်၏။    အသင်္ခတ ဂုဏ်တော်ရှင်တည်း ဟူသော ဘုရားရှင်တော်သည် “နက်နဲရာ MYSTERY ဖြစ်ပါသည်ဟု ခရစ်ယာန်များက ပြောလေ့ရှိ၏။ ဤ စကားလုံးကြောင့် ခရစ်ယာန်များ တုန်လှုပ် သွားလေ့ မရှိကြပါ။ ပဟေဠိ ဆန်သော သို့တည်းမဟုတ် အကန်းယုံ အရမ်းယုံခြင်းဟုလည်း ဘယ်သော အခါမှ မအောက်မေ့ ကြပါ။ စကားလုံး ကြီးကြီးနှင့် ရှောင်လွဲခြင်းမျိုးလည်း မဟုတ်ပါ။ သို့သော် “ဘုရား”ဟူသည် ပုထုစဉ်တို့၏ မြင်-ကြား-နံ-ရသာ-တို့ထိ-သိရှိနိုင်စွမ်းများ ထက်၊ ချင့်-ချိန်-တိုင်းထွာ နိုင်ခြင်းများထက် ပိုလွန်သော ဧကန်ဒိဌ ရှိသည့် အနန္တ ပရမတ္တတရားဖြစ်ကြောင်း ၀န်ခံခြင်းသာ ဖြစ်၏။ အစမဲ့၊ အဆုံးမဲ့၊ အတုမဲ့၊ အနိုင်းမဲ့ တော်မူသော ကိုယ်တော်မြတ်၏ တန်ခိုးတော်အနန္တ၊ ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တကို လူသားတစ်ဦး အနေနှင့် ၀န်ခံခြင်းသာ ဖြစ်ပါသည်။ ကိုယ်တော်မြတ်၏ အဖြစ်တော် စင်စစ်ကို ပုထုစဉ် လူသားတစ်ဦး အနေဖြင့် ပြောရမည် ဆိုပါလျှင် သူ့စိတ်နှင့် မကြံဆ မမှန်းဆ နိုင်စွမ်းကြောင်း၊သူ့ စံချိန် စံနှုန်းနှင့် နှိုင်းဆ ပြဖို့ မစွမ်းကြောင်း၊ ပြည့်စုံအောင် ပြောပြဖို့ သူ့ ဝေါဟာရစကား နှင့် မတတ်စွမ်း ပါကြောင်း အသိအမှတ်ပြု ၀န်ခံလိုက်ခြင်းသာ ဖြစ်ပါသည်။   

    ခရစ်ယာန်များက ဘုရားအား “ခမည်းတော်ဘုရား”ဟု ကြည်ညိုမြတ်နိုးစွာ ခေါ်တ ကြ၏။ ဤသို့ခေါ် တသောအခါ (၁) “ဘုရားရှင်သည် အရာအားလုံး၏ အစ ဖြစ်တော်မူကြောင်း၊ ကိုယ်တော်သည် လူ့စိတ်ဖြင့် မကြံဆ မမှန်းဆနိုင်သော၊ လူ့စံနှုန်းဖြင့် မနှိုင်းယှဉ် စွမ်းသော၊ လူ့ဝေါဟာရနှင့် မခေါ်နိုင် စွမ်းသော၊ လူ့ဥာဏ် ပညာဖြင့် မသိနိုင်သော အရှင် (transcendent) ဖြစ်တော်မူကြောင်း နှင့် (၂) “ဖခင်တစ်ဦး သဖွယ် ကိုယ်တော်သည် လူသားများ အပေါ် ကရုဏာ ကြီးမားတော်မူသော် မူကြောင်း ဖေါ်ပြပါသည်။ သို့ပါသော်လည်း ခရစ်ယာန် ယုံကြည်မှုတွင် ဘုရားဟူသည် သူ၊ ငါ၊ ယောက်ျား၊ မိန်းမ မဟုတ်ပါ။ ကိုယ်တော်သည် ထိုဝေါဟာရ စကားများ အလွန်မှ အဖြစ်တော်ရှင်သာ ဖြစ်တော်မူပါသည်။

    သားတော်ဘုရား ဟူသည် ယေဇူး(ယေရှု) ကိုယ်တော်မြတ်ကို ခေါ်ခြင်း ဖြစ်၏။ ယေဇူးက လူသားတို့ မကြားဖူးသော စကားလုံးနှင့် ဘုရားအား “အဖဘုရား၊ ခမည်းတော်ဘုရား” ဟု ခေါ်ကြဖို့၊ မိမိ ကိုယ်တော်ကိုလည်း “(ခမည်းတော်ဘုရား၏) သားတော်”ဟု ခေါ်ဆိုကြဖို့၊ သွန်သင်တော်မူခဲ့၏။ “ခမည်းတော် ဘုရားနှင့် ငါသည် အတူဖြစ်၏”ဟုလည်း ဆုံးမ၏။ လူ့ဝေါဟာရ စကားလုံးနှင့် “ခမည်းတော်ဘုရား၊ သားတော်ဘုရား”ဟု ခေါ်ဆို ပါသော်လည်း ပုထုစဉ်သားများကဲ့သို့ သွေးသား ခန္ဓာကိုယ်အရ အဖေနှင့် သားတော်စပ်ခြင်း အဓိပ္ပါယ် မဟုတ်ပါ။ ဘုရားက သားသမီး မွေးဖွားခြင်းဆိုသော ခံယူချက်မျိုးကိုလည်း မဟုတ်ပါ။ ဆိုလိုရင်းမှာ ယေဇူးကိုယ် တော်သည် ခမည်းတော်ဘုရားနှင့် တကွ ဘုရား ဇာတိ အဖြစ်တော်တွင် အတူ ရှိတော်မူ၏။ ခမည်းတော် ဘုရားနှင့် အတူ တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် “အလင်းမှ အလင်း၊ ဘုရားစစ် မှ ဘုရားစစ် ဖြစ်တော်မူ၏၊ ဖန်ဆင်းခြင်းမခံ မွေးဖွားခြင်း ခံတော်မူသဖြင့် ခမည်းတော်နှင့် ဘုရား ဇာတိတော်၌ တစ်လုံး တစ်ဝတည်း ဖြစ်တော်မူ၏။” ထို့အပြင် ယေဇူး ကိုယ်တော်က “ပါရာကလက်”တည်း ဟူသော ၀ိညာဉ်တော်မြတ်ဘုရား ကြွလာဦးမည့် အကြောင်း မိန့်ကြား တော်မူခဲ့၏။ ၀ိညာဉ်တော်မြတ် ဘုရားသည် ယေဇူး နောက် တပည့်တမန်တော်များနှင့် အတူ ရှိတော်မူ၏။ ဤသို့သောအားဖြင့် ၀ိညာဉ်တော်မြတ်ကို ပုဂ္ဂိုလ် တော် တစ်ပါးအဖြစ်နှင့် ကိုယ်တော်က သွန်သင်တော်မူ ခဲ့ပါသည်။ “သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားသည် ခမည်းတော်ဘုရားနှင့် ခရစ်တော်ဘုရားနည်းတူ ဘုရား စင်စစ် ဖြစ်တော်မူ၍ ခမည်းတော်ဘုရား၊ သားတော် ဘုရားနှင့် တစ်လုံးတစ်ဝတည်း ကိုးကွယ်ခြင်းနှင့် ချီး မွမ်း ထောမနာပြုခြင်းကို ခံရတော်မူ၏” ဟု ခရစ်ယာန်များက ၀န်ခံကြ၏။

၅။ ထာဝရသုခချမ်းသာ

    လူ၏ သဘောသဘာဝသည် သေနိုင်သည် ဖြစ်သော်လည်း ဘုရားရှင်သည် အစအဦး ကပင်လျှင် သူ့ကို ထာဝရ အသက်ရှင်စေဖို့ ဖန်ဆင်း ထားတော်မူခဲ့၏။ သေဆုံး ပျောက်ကွယ်သွားဖို့မဟုတ်ပါ။    သေမင်းကို ဘုရား မဖန်ဆင်းပါ။ သေခြင်းတရားသည် သတ္တ၀ါ အပေါင်းတို့ အောင်မြင်စွာ ကျော်ဖြတ် သွားကြရမည့် နောက်ဆုံး ဒုက္ခတရားပင် ဖြစ်၏။ သေခြင်း တရားကြီးသည် သူ့ကို အောင်မြင်တော်မူလျက် ဘုန်းတော် ဂုဏ်တော်ဖြင့် ပြန်ရှင် ထမြောက်တော်မူသော ယေဇူး ကိုယ်တော်အားဖြင့် ပြောင်းလဲခြင်း ခံရ ၏။ ထို့ကြောင့် ယေရှုဘုရား ကိုယ်တော်အား ကြည်ညို ကိုးကွယ်သူတစ်ဦး အဖို့မူကား သေခြင်း အမင်္ဂလာမှ သည်၊ ရှင်ခြင်း ကောင်းခြင်း မင်္ဂလာသို့ ပြောင်းလဲစေပြီ ဖြစ်၏။ သေခြင်းကို အောင်မြင်တော်မူလျက် ဘုန်းတော်နှင့် ပြန်ရှင်တော်မူသော အရှင်ကြောင့် သေဆုံးခြင်းကို ခရစ်တော်၌ အိပ်ပျော်ခြင်းဟု ခေါ်ဆို၏။ လော ကီသား ဘ၀သည် လောကီဘုံ ဘုရားဖူးခရီး တစ်ခုပမာဖြစ်၏။ သေဆုံးခြင်းသည် ဤလောကီ ဘုံဘ၀ ဘုရားဖူးခရီးကြီး၏ အဆုံးသာလျှင် ဖြစ်၏။ အသက်တာ၏ အဆုံး မဟုတ်ပေ။

    လူသည် တစ်ကြိမ်တည်းသာ လူဖြစ်ခွင့် ရ၍၊ တစ်ကြိမ် တစ်ခါတည်းသာ သေ၏။ ဘ၀ သံသရာလည်ခြင်း မရှိပေ။ တစ်ခုတည်းသော လောကီ ဘ၀ တာ ပြီးဆုံးသွားသော အခါ လောကီဘုံသား ဘ၀သို့ နောက်တစ်ဖန် ပြန်ရောက်ကြတော့မှာ မဟုတ်ပေ။ ထို့အပြင် လောကီဘုံ ဘုရားဖူး ခရီး အချိန်ကာလသည် လူတစ်ယောက်၏ လောကုတ္တရာ ချမ်းသာ သုခအတွက် အဆုံးအဖြတ် ဖြစ်၏။

     သုခချမ်းသာကို ထာဝရ သုခချမ်းသာ သို့မဟုတ် ထာဝရအသက်ဟု ခေါ်ဆို၏။ ထာဝရ အသက်ဟူသည် ဘုရားကိုယ်တော်မြတ်၏ အသက်တော်ကို ရည်ညွှန်း၏ (Eternal life means life such as God Himself lives.) ။  လူတို့ နားလည်ထားသည့် အဆုံး မသိသော အသက်ရှည်ခြင်းမျိုး မဟုတ်ပါ။ မရွေ့လျောခြင်း(အစ္စုတ)၊ မသေခြင်း (အမတ)၊ အမြဲတည်ခြင်း (နိစ္စ) ဂုဏ်တော်များနှင့် ပြည့်သော ဘုရားရှင် ပိုင်သ စိုးစံတော်မူသော အသက်ဟု ဆိုလိုပါသည်။

    ထာဝရ ချမ်းသာခြင်း ဟူသည်မှာ အနန္တ ဘုန်းတော်ရှင် ထာဝရ ဘုရားသခင်အား ဘုရားမယ်တော်၊ သိကြား၊ ရဟန္တာ သူတော်စင်သူတော်မြတ်အပေါင်း နှင့်အတူ ကိုယ်တော်မြတ်၏ ဘုန်းအာနုဘော်တော်နှင့် ဘုရားအဖြစ်တော် စင်စစ်ကို မျက်ဝါး ထင်ထင် ထာဝစဉ် ဖူးမြော်ရခြင်း သုခဖြစ်၏။ တစ်နည်းအားဖြင့် လူသည် ဘုရားကိုယ်တော်မြတ်၏ အဆင်းတော် အသွင်တော်နှင့် ပါဝင်ခွင့်ကို ထာဝစဉ် ခံယူရရှိခြင်းပင် ဖြစ်၏။ ထာဝရ သုခ ချမ်းသာတော်မြတ်သို့ ဆိုက်တွေ့ သူကို ရဟန္တာဟု ခေါ်ပါသည်။ ဘုရားရှင် ထံတော်မြတ်မှာသာ ရရှိကြမည့် သုခ ချမ်းသာတော်သည် လူ့စိတ်ဖြင့် စဉ်းစား၍ ပြည့်ပြည့်၀၀ မမီနိုင်သော (incomprehensible)၊ လူ့ စံနှုန်းဖြင့် တိတိကျ ကျ နှိုင်းယှဉ် မစွမ်းသော (immeasurable)၊ လူ့ဝေါ ဟာရဖြင့် စုံစုံစေ့စေ့ မခေါ် နှိုင်စွမ်းသော (indescribable, beyond name and form) အဆုံးမဲ့ ချမ်းသာခြင်း ဖြစ်၏။   

    ထာဝရ သုခ ချမ်းသာတော်သည် ဘယ်သောအခါမှ ဖောက်ပြန် ပျောက်ပျက်ခြင်း မရှိ။ ရွေ့လျား ပြောင်းလဲခြင်း မရှိ။ ပျက်ပြား ကုန်ဆုံးခြင်း မရှိ။ လူ့ သ ဘာဝ တရားများဖြစ်သည့် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ငိုကြွေးခြင်း စသည့် ဒုက္ခများ ကင်း၏။ ကိလေသာ တရားများ ချုပ်ငြိမ်း၏။ စွဲလမ်း တပ်မက်ခြင်းနှင့် ဆာလောင် မွတ်သိပ်ခြင်း ရာဂများမှ ကင်းစင်၏။ အကုသိုလ် တရား၊ မာန်မာန တရား၊ မုန်းတီးခြင်း တရား၊ မသိခြင်း အမှောင် ပယောဂများမှ ကင်းလွတ်၏။

    ထာဝရ ဖြစ်ခြင်းကြောင့် အေးချမ်းသည့် သုခ ဖြစ်၏။ ချမ်းသာခြင်း အစစ်အမှန် ဖြစ်၏။ တောင့်တခြင်း ကင်းဝေးရာ ဖြစ်ခြင်းကြောင့် ငြိမ်းချမ်း သာယာခြင်းနှင့် မြင့်မြတ် ဖြူစင်သော ပျော်ရွှင်ခြင်းဖြစ်၏။ အမြင့်ဆုံးနှင့် အပြည့်စုံဆုံးသော ထာဝရ သုခဖြစ်၏။ ထို သုခတော်မြတ်သည်သာ လူသားတို့ မျှော်လင့်ရာ ရတနာမှန် ဖြစ်၏။ ထို ရတနာမြတ်ကို ပိုင်ဆိုင်ခြင်းသည်သာ လူသားတို့၏ ချမ်းသာစစ် ချမ်းသာမှန် ဖြစ်၏။ ခရစ်ယာန် သမ္မာကျမ်းစာတော်မြတ်က သုခ ချမ်းသာတော်ကို အသက်၊ အလင်း၊ ငြိမ်းချမ်းမှု၊ မင်္ဂလာပွဲ၊ မိုးကောင်းကင်၊ ကောင်းကင်ဘုံ၊ ကောင်းကင်နိုင်ငံတော်၊ အိမ်တော်၊ ခမည်းတော်ဘုရား၏ အိမ်၊ ကောင်းကင် ယေရုဆလိမ်၊ ပါရာဒီဇူးဘုံ၊ နိုင်ငံတော်၊ ဘုရားနိုင်ငံတော်စသဖြင့် အဓိပ္ပါယ်တူ သဒ္ဒါတူ ဓမ္မဝေါဟာရ (inter- changeable synonyms) တို့ဖြင့်လည်း ပြောင်းလဲ ခိုင်းနှိုင်းလေ့ ရှိပါသည်။


    လောကီ သဘောတရား ပါဝင်သည့် ဘုံ၊ နေရာ၊ အရပ်၊ ဒေသ၊ ဌာန အဓိပ္ပါယ်လိုမျိုး မယူအပ်ပေ။ ရုပ်ဒြပ် အကောင်အထည် မရှိပါ။ လောကီ ပစ္စည်း ဥစ္စာ များဖြင့် တည်ဆောက် မထားပါ။ လူ့ လက်ဖြင့် ဖန်တီး မထားပါ။ တိမ်တောင် တိမ်လိပ်များ ခြံရံနေသည့် ရုပ်ပိုင်း ဆိုင်ရာနေရာ တစ်ခုလည်း မဟုတ်ပါ။ မျက်စိဖြင့် မြင် နိုင်သော အရာ၌ မတည်ပါ။ ဤအရပ်မှာ ကြည့်ပါ။ ထို အရပ်မှာ ကြည့်ပါဟု မပြောနိုင်ပါ။ စိတ်ထဲမှာသာ ထင်ရသည့် စိတ်ကူး သက်သက်လည်း မဟုတ်ပါ။ သို့သော် ဧကန်ရှိ ဧကန်ဆိုက်တွေ့ နိုင်သည့် တကယ့် အရှိတရား၊ အမှန် သစ္စာတရား၊ ပရမတ်တရားဖြစ်၏။     ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ ကြွယ်ဝခြင်း၊ စိုးစံခြင်း၊ ခံစားခြင်း အစရှိသော ခိုင်းနှိုင်း သဒ္ဒါများသည်လည်း သုခ ချမ်းသာတော် အကြောင်းကို လူသားတို့ သဘောပေါက် အာရုံပြုနိုင်ရန် အလို့ငှါ လူ့စကားနှင့် ပုံခိုင်းထားသော ဝေါဟာများ အဖြစ် အလားတူ မှတ်ယူရာ၏။
    သုခ ချမ်းသာတော်သည် ပရမတ္တတရား ဖြစ်ခြင်းကြောင့် ဤကမ္ဘာ ဤလောကမှာပင် ဧကန်ရှိ၊ ဧကန် ဆိုက်တွေ့နိုင်၏။ သို့သော် ထာဝရ သုခ ချမ်းသာ တော်မြတ်ကို ဘုရား ကိုယ်တော်မြတ်အား မျက်ဝါး ထင်ထင် ဖူးမြော်ရချိန်၌သာ ဆိုက်တွေ့ ခံစားနိုင်၏။ အကြောင်းမူ ပြည့်စုံသော သုခတော်မြတ်သည်  မျက်စေ့ဖြင့် မမြင်စဖူး၊ နားဖြင့် မကြားစဖူး၊ နှလုံးသားဖြင့် မခံစား စဖူးသော ချမ်းသာတော်မြတ်ဖြစ်၏။

    ထာဝရသုခတော်သည် လူ့နှလုံးသားမှ အနက်ရှိုင်းဆုံး တမ်းတသည့် အမြင့်မြတ်ဆုံးနှင့် အဖြူစင်ဆုံးသော အဆုံးအစွန် အန္တိမပြည့်စုံခြင်း ဖြစ်၏။ ယာယီ တဲသာ ဖြစ်သော လောကီ မြေအိမ်၌ ရှိစဉ်တွင် ထိုသုခကိုရစေခြင်းငှါ အလွန် တောင့်တစိတ်နှင့် ညည်းတွား ကြ၏။ မြဲသော နေရာကို ရောက်လို ဆန္ဒပြင်းပြကြ၏။ (၂ ကောရိ န္တု၅း ၁-၄)

    လူသည် မိမိသဘောနှင့် လွတ်လပ်စွာ မရွေးချယ်ဘဲနှင့် ထာဝရ သုခတော်မြတ်ကို မဆိုက်တွေ့နိုင်ပါ။ တစ်ပါးသူများ ကိုသော်လည်းကောင်း မိမိကိုယ်ရှင် ကို သော်လည်းကောင်း မေတ္တာ မထားနိုင်သူသည် ဘုရားအား ကြည်ညိုသဒ္ဒါ မပွားနိုင်သည်ဖြစ်၍ အကုသိုလ် ဒုစရိုက်၌ နစ်မွန်းနေရကား ဘုရားအထံတော်၌ မရှိချေ။ ဘုရားရှင်နှင့် ရှိမနေခြင်း အခြေအနေ၊ သူတော်စဉ် သူတော်မြတ်များနှင့် ရှိမနေသည့် အခြေအနေကို ငရဲဟု ခေါ်ပါသည်။

    ငရဲ ဆိုတာ ရှိ၏။ နောင်တ သံဝေဂ မရဘဲ၊ အကုသိုလ် အပြစ်ဒုစရိုက်၌ သေဆုံးသူတို့သည် အပယ် ငရဲသို့ ကျရောက်၏။ မည်သူကမှ ဆွဲချလို့ မဟုတ်ပါ။ ဘုရားကလည်း ငရဲကျရမည်ဟု မည်သူ့ကိုမှ ကြိုတင် စီရင် မထားပါ။ ကိုယ်တိုင်က လွတ်လွတ်လပ်လပ် ရွေး ချယ်ပြီး ရောက်ရှိသွားခြင်း ဖြစ်၏။ ငရဲ၏ ဆင်းရဲခြင်းမှာကား အနန္တ ဘုန်းတော်ရှင် ထာဝရ ဘုရားသခင်အား ဘုရားမယ်တော်၊ သိကြား၊ ရဟန္တာ၊ သူတော်စင် သူတော်မြတ်အပေါင်းနှင့် အတူ ဖူးမြော်ရခြင်း အခွင့် ထာဝစဉ် မရရှိတော့ခြင်း ဖြစ်၏။ မည်သောအခါမှ ကျွတ်လွတ်ခြင်း မရနိုင်တော့ဘဲ၊ ထာဝရ သုခချမ်းသာတော်သို့လည်း ဘယ်သောအခါ မှ မဆိုက်တွေ့နိုင်တော့ခြင်း ဖြစ်၏။ ငရဲကျခြင်းသည် ထာဝရ ပျက်စီးခြင်း ဖြစ်၍ ထာဝရဆင်းရဲခြင်း ဖြစ်၏။

    လောက အသက်တာ၌ မိမိ ပြုမိ အပြစ်များအတွက် နောင်တ သံဝေဂတရား ရခဲ့ပေသော်လည်း၊ ပြုမိ အပြစ်များ အတွက် ကုန်စင်အောင် ဆပ်ဖြေခြင်း မပြုရသေးမီ ကွယ်လွန်သွားသူများသည် သုခတော်မြတ်သို့ မရောက်နိုင်သေးဘဲ၊ သုခတော်မြတ်သို့ ဆိုက်တွေ့နိုင်ရန် ထိုက်တန်သည် အထိ အကုန်အစင် ဆပ်ဖြေနေရခြင်း ဆိုတာမျိုး ရှိ၏။ ထိုသူတို့သည် သုခတော်မြတ်သို့ ရောက်ရှိ နိုင်ကြ၏။ သုခ ချမ်းသာတော်မြတ်နှင့် ထိုက်တန်သော စင်ကြယ်ခြင်း ရရှိကြချိန်တွင် သုခ ချမ်းသာတော်မြတ်ကို ဆိုက်တွေ့ နိုင်ပေသည်။ ထိုသူတို့၏ ဆင်းရဲခြင်းသည် ဘုရားရှင် ကိုယ်တော်မြတ်အား ဖူးမြော်လိုသော ဆန္ဒ ပြင်းပြလွန်းသော ဆင်းရဲခြင်းမျိုး ဖြစ်၏။

    ထိုသူတို့သည် မိမိတို့ကိုယ်တိုင်၌က ဘာမျှ မတတ်နိုင်ကြတာကြောင့် အသက်ရှင်နေသူ ဘာသာဝင် အပေါင်းက ထိုကွယ်လွန်သူများ အဖို့ ရည်စူးကာ ဆုတောင်း မေတ္တာ ပို့သခြင်း၊ ပရိတ် မေတ္တာ ရွတ်ဖတ် သရဇ္ဖျယ်ခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်း၊ အလှူ အတန်းပေးခြင်း၊ ဘုန်းတော်ကြီးများထံမှ တရားတောင်း ခံခြင်းများ ပြုလေ့ရှိကြပါသည်။ ငရဲကျခြင်းသည် အဆုံး မရှိသော ဆင်းရဲခြင်း ဖြစ်၏၊ သို့သော် ထာဝရ သုခ ချမ်းသာတော်သို့လည်း မဆိုက်တွေ့ ထိုက်ရသေး၊ ငရဲသို့လည်း မရောက်ထိုက် သော ကွယ်လွန်သူတို့မှာမူ တစ်ချိန်တွင် ထာဝရ သုခတော်မြတ်သို့ ရောက်ရှိနိုင် ကြပေသည်။ ထို အဖြစ်အခြေ အနေမျိုးကို ကက်သလစ် ခရစ်ယာန်ဘာသာ စကားဖြင့် “ပူကာတောရီအို” ဟု အမည်ပေးပါသည်။
              
မာကုဒဿန

Read More...