Friday, March 8, 2013

ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ (၂)

ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ မှ အဆက်

၂။ ဘုရားရှင် လူ့အဖြစ် ယူတော်မူခြင်း

မပြည့်စုံသော အခြေအနေ၊ ချို့တဲ့သော အခြေအနေ၊ အပြစ်ရှိသော အခြေအနေ (သို့မဟုတ်) အပြစ်နှင့် သေခြင်းတရားတည်း ဟူသော ပညတ်တရားကြီး အောက် ကျရောက်နေသော လူသားများနှင့် ကမ္ဘာ စကြ၀ဠာကြီးကို ဘုရား ကိုယ်တော် စွန့်ပစ် ထားတော်မမူပေ။ ဘုရား ကျေးဇူးတော် တန်ခိုးဖြင့် မကောင်းမှုများမှ ကျွတ်လွတ်နိုင်မည့် အကြောင်း၊ ပညတ်တရားနှင့် အပြစ် တရားအောက်မှ ရွေးနှုတ် ကယ်တင်တော်မူမည့် အကြောင်း ကမ္ဘာဦး အစမှပင် ဗျာဒိတ် ထားတော်မူ၏။ မိမိကိုယ်တော်တိုင် လူ့အဖြစ် ယူတော်မူ၍ ကြွလာမည့် အကြောင်း ရာစုနှစ်ပေါင်း ကြာညောင်းစွာ ဗျာဒိတ်ပေး ပြင်ဆင် တော်မူခဲ့၏။ ထို့ကြောင့် ဘုရား လူ့ အဖြစ်ယူတော်မူခြင်းသည် ရှေးအခါ ကတည်းက ပေးတော်မူခဲ့သော ဘုရား ဗျာဒိတ်တော် ပြည့်စုံတော်မူခြင်း ဖြစ်ကြောင်း ကက်သလစ် ဘာသာက သွန်သင်၏။

ဘုရား လူ့အဖြစ် ယူတော်မူရာတွင် ကိန်းဝပ်တော်မူရာ ကိုယ်ခန္ဓာတော် အတွက် ကိုယ်တော်တိုင် ဖန်ဆင်း ထားသော လူသတ္တ၀ါတစ်ဦး၏ ပါဝင်ခြင်းကို အလိုရှိ တော်မူခဲ့လေသည်။ မယ်တော် ဖြစ်ရမည့်သူ တစ်ဦးကို ကိုယ်တော်သည် ကြိုတင် ရွေးချယ် ပြင်ဆင်တော်မူခဲ့၏။ ထို့ကြောင့် မယ်တော်ဖြစ်သူကို ဂါလီလေယ ပြည်နယ်၊ ဣသရေလ လူမျိုး၊ နာဇရက်မြို့သူ တစ်ဦးကို ရွေးချယ် တော်မူခဲ့၏။ သူမ၏ အမည်မှာ မာရီယား ဖြစ်သတည်း။ မာရီယားကား ပညာ အလိမ္မာနှင့် ပြည့်စုံပြီး သီလ၊ သမာဓိနှင့် ကြီးမြင့်မြတ်သော ”ကျေးဇူးတော် အပေါင်းနှင့် ပြည့်စုံတော်မူသော” အပျို ကညာစင်ဖြစ်၏။


အချိန် ကျရာက် တော်မူသောအခါ ”သူမ၏ ၀မ်းတော်မြတ်မှာ ဘုရား ပဋိသန္ဓေယူမည့် အကြောင်း၊ ထိုသားကို သူမ လွယ်ပိုက်ရမည့် အကြောင်း” သိကြား တမန်တော်တစ်ပါး ကြွလာ၍ ကညာ မာရီယားအား မိန့်ဆိုလေ၏။ မိမိသည် ခင်ပွန်း မရှိ၊ ကညာစင် အဖြစ်နှင့်ပင် ကိုယ်ဝန် ဆောင်ကာ သားမွေးရမည် ဆိုသည်ကို ကညာမာရီယား မည်သို့မျှ နားမလည်နိုင် ရှာခဲ့ပေ။

သို့ပါသော်လည်း သိကြားတမန်တော်က ”ဘုရား၏ တန်ခိုးတော်သည် သူမအပေါ်မှာ လွှမ်းမိုးတော်မူ သဖြင့် ၀မ်းတော်မြတ်မှာ ပဋိသန္ဓေ ယူတော်မူမည်” ဟု မိန့်ဆို ပြန်လေ၏။ လူတစ်ဦး အနေနှင့် မည်သို့မျှ နားမလည် နိုင်ပါသော်လည်း ကညာ မာရီယားသည် ဘုရား တန်ခိုးတော်ကို ယုံကြည်ခြင်းကြောင့် လွတ်လပ်သော စိတ်နှင့် လက်ခံ ခဲ့လေသည်။

ဤသို့ဖြင့် ကညာ မာရီယားသည် မိမိ ၀မ်းတော်မှာ ပဋိသန္ဓေသားကို လွယ်ပိုက်တော်မူ၍ ကိုးလလွယ် ဆယ်လမြောက်သော အခါ ထိုသားငယ်ကို "ယေဇူး"ဟု မှည့်ခေါ်လေ၏။ မိမိအား သိကြားမင်း ကိုယ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ရန် ရှင်ဇူဇယ်(ရှင်ဂျိုးဇက်) ကို အုပ်ထိန်းသူ အဖြစ် ဘုရားရှင် ရွေးကောက် ခန့်အပ် တော်မူခဲ့ပါသည်။

ထိုကဲ့သို့ လူ့အဖြစ် ယူတော်မူ၍ ကြွလာတော်မူသော၊ လူတို့နှင့် အတူ ရှိတော်မူသော ယေဇူး (ယေရှု) ကိုယ်တော်သည် အစ အဆုံး ကင်းတော်မူသော၊ ဖေါက်ပြန်ခြင်း ကင်းတော်မူသော ဘုရား နှုတ်ကပါတ်တော် (တရားတော်) ဖြစ်၏။ ဘုရား ကိုယ်တော်တိုင် ဖြစ်တော်မူသကဲ့သို့ ကိုယ်တော်တိုင် တရားတော် ဖြစ်တော်မူကြောင်း ကက်သလစ် ခရစ်ယာန်များက ယုံကြည်၏။ ထို့ကြောင့် ဘုရား နှုတ်ကပါတ်တော် (တရားတော်) ကို ယေရှုရှင်၌ အထင်အရှား ဖူးမြင်ကြရခြင်း ဖြစ်၏။ "ကျွန်ုပ်တို့နှင့် အတူ အထင်ရှား ရှိတော်မူသော ဘုရား” ဟု မြတ်နိုးစွာ ဦးချ ကိုးကွယ်ကြ၏။

လူ့အဖြစ် ယူတော်မူသော ဘုရား ကိုယ်တော်မြတ်အား ကြည်ညိုရခြင်းကြောင့် မကြံစည်အပ်၊ မနှိုင်း ယှဉ်အပ်၊ အပြည့်အ၀ နားမလည် နိုင်စွမ်းသော ပုဂ္ဂိုလ်တော်မြတ်အား လူသားတို့ မျက်ဝါး ထင်ထင် ဖူးမျှော်ခွင့် ရကြ၏။ သန့်စင် ပြည့်ဝသော လူတစ်ယောက် ဖြစ်လာရန် ကိုယ်တော် မိန့်ကြား ဆုံးမတော်မူသော တရားတော်မြတ်ကို နှလုံးသွင်းလျက်၊ ကိုယ်တော်မြတ်၏
(၁) ပညတ်တရား၏ ကျေးကျွန်ဖြစ်ခြင်း ဟူသာ အိုခြင်း သေခြင်း၊ နာခြင်း။ ဒုက္ခဆင်းရဲ အပေါင်းနှင့် မမြဲခြင်း၊ ဖေါက်ပြန်ခြင်း၊ ပျက်စီး ယိုယွင်းခြင်း၏ ကျေးကျွန်ဖြစ်၏။ သက်တော်စဉ်အား အတုယူ လိုက်ကျင့်ခြင်းဖြင့် အပြစ်တရားနှင့် သေခြင်း တရား အောက်မှ လွတ်မြောက်ခြင်း ဆုကို ခံစား ခွင့်ရကြ ကုန်၏။

၃။ ယေဇူး ခရစ်တော်

    ”ယေဇူး” (ရှေးအာရာမိုက် ဘာသာစကားဖြင့် Yehowshuwa) ဟူသည် ကောင်းကင် သိကြား တမန်တော်က မယ်တော် မာရီယားအား အမိန့်တော် ရှိစဉ်က ပေးခဲ့သော အမည်ဖြစ်၏။ “ဘုရားသခင် ကယ်မတော်သည် (God saves)”ဟု အဓိပ္ပါယ် ရ၏။ “ခရစ်တော်” ဟူသည် ဘွဲ့ အမည်ဖြစ်၏။ ”ဆီဖြင့် လိမ်းကျံ ဘိသိက်ခံရသူ (annointed one)”  ဟု အဓိပ္ပါယ် ရသော ဂရိတ် ဘာသာ စကားလုံး (Christos)၊ ဟီဘရူး ဘာသာ စကားလုံး ”မေဆိယ(Messiah)” ကို ဘာသာပြန် ဆိုထားခြင်း ဖြစ်၏။

ယေဇူးရှင်သည် ရောမ လူတို့ သိမ်းပိုက် အုပ်ချုပ် ထားသော ရှေး ပါလက်စတိုင်းပြည် ယုဒ လူမျိုး အနွယ်ဝင်၊ နာဇရက် မြို့သား ဖြစ်ပါသည်။ ကိုယ်တော်သည် ယုဒပြည် ဘက်သလေဟင်မြို့တွင် ဖွားမြင်ခြင်း ခံတော်မူပါသည်။ မိဘများမှာ မိခင် မယ်တော် မာရီယားနှင့် အုပ်ထိန်းသူ ရှင်ဇူဇယ် (ရှင်ဂျိုးဇက်) ဖြစ်၏။ ဘုရား မယ်တော် ကညာမာရီယားသည် သားတော် ဘုရားကို မမွေးမီ အချိန်ကရော သူငယ်တော် မွေးဖွားပြီး နောက်မှာပါ ထာဝရ ကညာစင် အဖြစ်နှင့် နေထိုင်ခဲ့ လေသည်။

”ကိုယ်တော်ရှင်သည် ဘုရား အဖြစ်တော်၌ ရှိသော်လည်း ဘုရားနှင့် တန်းတူညီတူ အဖြစ်ကို ရယူ အပ်သည်ဟု ထင်မှတ်ခြင်း မရှိဘဲ၊ မိမိ၌ ရှိသမျှကို စွန့် လွှတ်ပြီးလျှင် အစေခံ ဘ၀ကို ယူ၍ လူတို့၏ ပုံသဏ္ဍန်အတိုင်း မွေးဖွားခြင်း ခံတော်မူ၏။” (ဖိလိပိ သြ၀ါဒစာ ၂း၅-၈) ဟူသော ကျမ်းစကား အတိုင်း၊ ယေရှုသည် သူငယ်တော် ဘ၀တစ်လျှောက် မိမိ လူမျိုး၏ ရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာများနှင့် နီတိအစုံစုံကို လိုက်နာခြင်း၊ ဘုရားကျောင်းကန်နှင့် တရား ဇရပ် တက်ရောက်ခြင်း၊ စာပေ ကျမ်းဂန် သင်ယူ ကျက်မှတ်ခြင်း၊ မိဘ ဘိုးဘွားများ၏ သွန်သင် ဆုံးမ ပဲ့ပြင်ခြင်းကို ခံယူခြင်း၊ ရိုသေ ကူညီခြင်းဖြင့် ကြီးပြင်း လာခဲ့ပါသည်။ သူငယ်တော်သည် ကြီးထွား သန်စွမ်းလာ၍ ဥာဏ်ပညာဖြင့် ပြည့်စုံပြီးလျှင် ဘုရား ကျေးဇူးတော်သည်လည်း သူ့အပေါ် သက်ရောက် လေ၏။

ကိုယ်တော်၏ သက်တော်စဉ် တစ်လျှောက် အများပိုင်းမှာ ကြီမားသော အချင်းအရာများကို ပြုတော်မူခြင်း မရှိဘဲ၊ တိတ်တိတ် ဆိတ်ဆိတ် မထင်ရှား ကုန်လွန် စေတော်မူပါသည်။ ဤအချိန်ကာလ အတွင်း ယေဇူး သူငယ်တော်သည် တခြားသော နာဇရက်မြို့သား သာမန် လူငယ်လေးများ နည်းတူ နိစ္စ ဓူဝအလုပ်များကို နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရင်း နေထိုင်တော်မူ ခဲ့ပါသည်။

ထို့အပြင် အုပ်ထိန်းသူ ရှင်ဇူဇယ် ကွယ်လွန်တော်မူသဖြင့် လက်လုတ် လက်ရင်း ဖြစ်သော လက်သမား အလုပ် လုပ်ကိုင်လျက် မယ်တော်ကို ကျေးဇူးဆပ် တော်မူလေ၏။ ယုဒတိုင်းနိုင်ငံမှ လွဲ၍ တခြား မည်သည့် အရပ်ဒေသသို့မှ ခရီး ရှည်ထွက်ကြွခြင်း မရှိခဲ့ပါ။

ဤ မထင်မရှား ကာလ တစ်လျှောက်လုံးမှ ကိုယ်တော်၏ အကြောင်းကို ကျမ်းစာတော်တွင် အကျဉ်းဆုံး ဖေါ်ပြ ထားပုံမှာ “သူ၏ မိဘများကို နာခံလျက်၊ ယေဇူး ကိုယ်တော်သည်လည်း ဥာဏ်ပညာနှင့် ပြည့်စုံလျက် ကြီးပြင်းလာပြီး ဘုရားရှင် ရှေ့တော်၌ လည်းကောင်း၊ လူတို့ရှေ့၌ လည်းကောင်း မျက်နှာ ရလေ၏” (ရှင်လုကာ ၂း ၅၁-၅၂)။  ထိုသို့ လူ့မြင်ကွင်းမှ ဖုံးကွယ် ထားသော ကိုယ်တော်၏ ဘ၀ အသက်တာအားဖြင့် နားထောင်ခြင်း၊ သိမ်မွေ့ နှိမ့်ချခြင်း၊ ရောင့်ရဲ တင်းတိမ်ခြင်း၊ ဆိတ်ငြိမ်ခြင်း၊ တပ်မက်မှု ကင်းခြင်း၊ စွန့်လွှတ်ခြင်း အစရှိသည့် ပါရမီများကို လူသားတို့ သင်ယူ ကြရ၏။  ထို့အပြင် ရိုးစဉ်းသော ဘ၀နှင့်၊ မိသားစု တန်ဖိုး၊ မိမိ ကိုယ်ကိုယ် အားကိုးတတ်သော စိတ်ဓာတ်၊ မိမိ အလုပ်ကို ရိုသေတတ်ခြင်းနှင့် အလုပ်ကို တန်ဖိုးထား မြတ်နိုးတတ်သော စိတ်ထားမြတ် တို့ကို  သင်ကြား ပေး၏။

သက်တော် (၃၀) အရွယ် ရောက်သော် ယေဇူး ကိုယ်တော်သည် ဇာတိ မွေးရပ်မြေ နာဇရက် မြို့တော်မှ ထွက်ကြွ တော်မူကာ လူသားတို့အတွက် ၀မ်းမြောက်ဖွယ်ရာ တရား ဒေသနာတော်ကို စတင် ဟောပြော တော်မူပါသည်။  ယေဇူး ဘုရား၏ တရား ဒေသနာတော်သည် အချုပ်အားဖြင့်
၁။ နောင်တ သံဝေဂ ရကြဖို့၊
၂။ ဘုရားရှင်အား ကိုးကွယ်ရာ ဟူ၍ ကြည်ညို မြတ်နိုးခြင်း ရှိကြဖို့နှင့် ကိုယ်တော်၏ တရားတော်အား လိုက်လျှောက်ရာဟူ၍ ယုံကြည်စွာဆည်းကပ်ကြဖို့ ဟောပြောခြင်းဖြစ်ပါသည်။  ကိုယ်တော်သည် တရား ဒေသနာတော်မြတ်ကိုသာ ဟောကြားရုံ မဟုတ်ဘဲ

  • အံ့ဖွယ် တန်ခိုးများ ပြုလုပ်ခြင်းနှင့် နာတာရှည် ရောဂါသည်များကို ပျောက်ကင်း စေခြင်း။
  • ဘုရား နာမတော်၌ အပြစ် ဒုစရိုက်များကို အခွင့်လွှတ်ခြင်း။
  • ဆင်းရဲခြင်း အထွေထွေ ခံစား နေရသူများနှင့် ပူဆွေး သောက ဖြစ်နေသူများ၊ ငိုကျွေးနေသူ ဒုက္ခသည်များအား ထောက်ပံ ကူမခြင်း၊ တရားတော်နှင့် နှစ်သိမ့်ပေးခြင်း။
  • အပြစ်သားများနှင့် ဒုစရိုက် သမားများအား အေးချမ်းသည့် ဘုရား မေတ္တာတော်ကို ခံစား နားလည်စေခြင်း။
  • ပညာရှိ ကျမ်းတတ် ဆရာများနှင့် ဣသရေလ လူမျိုး ခေါင်းဆောင်များ၏ အကျင့်ပျက်များ၊ ကောက်ကျစ်မှု များကို ထောက်ပြ သွန်သင် တော်မူခြင်း။
  • လာက ကမ္ဘာကြီး၏ အနိ ဌာရုံများ၊ ဒုက္ခ ဆင်းရဲခြင်း၊ သေခြင်းနှင့် ဆိုးသွမ်း ညစ်ညမ်းမှုများကို ချုပ်ငြိမ်း အောင်မြင်တော်မူမည့် အကြောင်း ပုံနိမိတ် စကားများ မိန့်ကြားခြင်း။
  •  သေသူများကို အသက်ရှင်စေခြင်း
  •  မိမိ ကိုယ်တော်မြတ်၏ တရားတော်ကို ယုံကြည်ကာ ဘ၀တူ လူသားများအား ဆက်လက် ဟောပြောမည့် တပည့်တော် အစုကို လက်ခံ တော်မူခဲ့ပါသည်။

တပည့်တော် စုထဲမှ တမန်တော်ကြီး (၁၂)ပါးကို ရွေးကောက် တော်မူ ခဲ့ပါသည်။  ယေဇူး ဘုရား၏ တရားတော်ကြောင့် တုန်လှုပ် ခြောက်ခြားခဲ့သော ယုဒဘာသာရေး ခေါင်းဆောင်များက အရှင်မြတ်ကို လွန်စွာ မျက်မောင်းကျိုး ခဲ့ကြလေသည်။  ယေဇူးရှင်ကို သူတို့၏ ဘာသာတရား ကျင့်ဝတ်များကို ဖောက်ဖျက်သူဟု အမျိုးမျိုး မဟုတ် မမှန် စွပ်စွဲကြ၏။ ထို့နောက် တပည့်ရင်း တမန်တော် ယုဒ၏ အကူအညီနှင့်  ရောမ အင်ပါယာ ဘုရင်ခံထံ အင်ပါယာကို အံတုမည့် ယုဒလူမျိုး ဘုရင်တစ်ပါး အဖြစ် မတရား စွပ်စွဲကာ အပ်နှံ ခဲ့ကြပါသည်။

ယေဇူး ဘုရားသည် အပ်နှံခြင်း မခံယူမီ နောက်ဆုံး ညစာ စားပွဲတော်ကို တပည့် တမန်တော်ကြီး (၁၂) ပါးနှင့် အတူ ဘုန်းပေး တော်မူပါသည်။ ထို့နောက် ကိုယ်တော်သည် ယေရုဇလင် မြို့ပြင်ရှိ သံလွင် ဥယျာဉ်တွင်းသို့ ကြွတော်မူ၏။  ထို ဥယျာဉ်တော်တွင် ကိုယ်တော်ရှင် အပ်နှံခြင်း ခံတော်မူပါသည်။  ထို့နောက် ယုဒဘာသာ တရားကို ဖျက်ဆီးသူ၊ ရောမား သြဇာကို ဖီဆန်ကာ ဘုရင်ပြုသူ အစရှိသော မတရား စွပ်စွဲမှုများကို နိမ့်ကျလှစွာ ခံယူတော်မူပါသည်။ ကာလ၀ါရီ တောင်ကုန်းပေါ်မှာ ကားတိုင်တင် ကွပ်မျက်ခြင်း ခံတော်မူပါသည်။ အသက်တော် စွန့်လွှတ်တော် မမူမီ သူသတ်တို့အား ခွင့်လွှတ် စကား မိန့်ကြားတော်မူ၍၊ သူတို့အဖို့ မေတ္တာပို့ ဆုတောင်း ပေးတော်မူ ခဲ့ပါသည်။ ယေရှု ဘုရား အသက်တော် စွန့်တော်မူချိန်တွင်  တစ်တိုင်း တစ်ပြည်လုံးတွင် အံ့ဖွယ် တံခိုး နိမိတ်များ ဖြစ်ပေါ်ခဲ့ပါသည်။

ကိုယ်တော်အား ကြည်ညိုသူများ ထဲမှ အာရီမာတေးယမြို့သား တစ်ဦးနှင့်  အမျိုးသမီး တပည့်တော် တချို့သည် ယေဇူး၏ အသက်မဲ့ အလောင်းတော်ကို သူတို့၏ သင်္ဂြိုလ်ခြင်း ဓလေ့ထုံးနှင့် အညီ ပြုကြ၍ ကျောက်တွင် ထွှင်းထားသော သင်္ချိုင်းဂူ အသစ်တစ်ခု အတွင်း သွင်းထား ခဲ့ကြလေသည်။

ယေဇူးဘုရားကို ကားတိုင်တင် ကွပ်မျက်ခြင်း အဖြစ်အပျက်သည် အံဖွယ်ရာ သတင်းတပုဒ် မဟုတ်ခဲ့ပါလျှင် နပိုလီယန် (သို့) မဟတ္တမ ဂန္ဓီ (သို့) ဆီဇာဘုရင်တို့လို သူတို့ သေသွားတာနှင့် သူတို့၏ သမိုင်း တစ်ခု နိဂုံးချုပ်သွားကာ၊ လူတိုင်းအတွက်လည်း မေ့မေ့ ပျောက်ပျောက် ဖြစ်သွားခဲ့မှာပါ။  အလွန် ကြေကွဲစရာအဖြစ် တစ်ခု အနေနှင့်သာ ထိုစဉ်က တစ်ခန်းရပ် ဇာတ်သိမ်း သွားခဲ့မှာ ဖြစ်ပါသည်။  အံ့ဖွယ် ဒဏ္ဏာရီ တစ်ပုဒ်ကဲ့သို့  ဖာသိ ဖာသာ ပြီးဆုံး သွားခဲ့မှာပါ။

သို့သော် အလွန် ထူးဆန်း အံသြဖွယ်ရာ သမိုင်း တစ်ပုဒ်အဖြစ် ယနေ့ထက်တိုင် ကမ္ဘာ တစ်လွှား ကျော်ကြားနေသည့် သတင်းထူးက တခြား မဟုတ်ပါ။ အသက်တော် စွန့်လွှတ်ပြီးနောက် ကျောက်ဂူ အတွင်း ရောမ စစ်တပ် အစောင့်အရှောက်နှင့် အခိုင်အမာ မြှုပ်နှံ သင်္ဂြိုလ်ခြင်း ခံခဲ့ရသော ယေဇူး ဘုရားသည် သုံးရက်မြောက်သောနေ့၌ သေသူတို့ အစုမှ ဘုန်းတော်ပွင့်ကာ ပြန်ရှင်လေသည် ဟူသော သတင်း ဖြစ်ပါသည်။

ယေဇူး ပြန်ရှင် ထမြောက်တော်မူခြင်းသည် နက်နဲ အံ့သြဖွယ် အမှန်ဖြစ်သကဲ့သို့ သမိုင်း အထောက်  အထားတို့ဖြင့်လည်း အထင်အရှား ဖြစ်၏။  ကျမ်းစာတော်မြတ်ကလည်း သက်သေ ခံလျက် ရှိပေသည်။  ကိုယ်တော် ပြန်ရှင် ထမြောက်တော်မူခြင်းကို အဦးဆုံး ဖူးတွေ့ခဲ့ရသူ များတွင် တပည့်မ သူတော်စဉ် မာရီယား မာဒလေးနာနှင့် တခြား သူတော်ကောင်း အမျိုးသမီးများ ဖြစ်ကြ လေသည်။  ထို့အပြင် ယေဇူးဘုရားသည် တပည့်ကြီး ရှင်ပေထရုနှင့် ကျန် တပည့်တော်ကြီး တစ်ဆယ့်နှစ်ပါးအား ဘုန်းတော် ပွင့်သော ခန္ဓာတော်နှင့် အထင် အရှား ပြတော်မူခဲ့၏။

ယေဇူး ကိုယ်တော်သည် ယုံကြည်သူ တပည့် သားသမီးများကို အကြိမ်ပေါင်း များစွာ အထင်အရှား ပြခဲ့ပြီး နောက် ဘုရား သုခ ရွှေနိုင်ငံတော်သို့ တက်ကြွတော်မူ၍ ဘုန်းတော် ၀င်စား တော်မူ၏။ ယေဇူး၏ သုခတော်သို့ ဘုန်းတော် ၀င်စားခြင်းကို ရည်ညွှန်း၍ “ကိုယ်တော်သည် ကောင်းကင် သုခ နိုင်ငံတော်သို့ ဘုန်းဂုဏ်တော်နှင့် တက်ကြွ တော်မူလေ၏” ဟု ဆို၏။ ကိုယ်တော်၏ တပည့်ကြီးများ သည်လည်း ၀ိညာဉ်တော် ဘုရားမြတ်ကို ခံယူပြီးနောက် ကမ္ဘာတစ်ဝှမ်းသို့ သွားရောက်ကာ ဤ တရားတော်ကို ဆက်လက် ဟောပြော သက်သေခံ ကြလေ၏။

ခရစ်တော်ရှင်၏ ဘုန်းတော် အသက်နှင့် ပြန်ရှင်တော်မူခြင်းကို ယုံကြည်ကြခြင်းမှာ ကိုယ်တော်ကို မျက်မြင် ကိုယ်တွေ့ ဖူးမျှော် ခွင့်ရခဲ့ကြသော ဘုရား တပည့်တော်ကြီးများနှင့် ရှေးဦး ခရစ်ယာန်များ၏ သက်သေခံချက်ကြောင့် ဖြစ်ပါသည်။ ခရစ်တော် ပြန်ရှင်ထမြောက်တော်မူပြီး နောက် သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင် ကိုယ်ကျ တို့ထိ ဖူးတွေ့ခဲ့ကြရသည်။ ကိုယ်တော်နှင့် အတူ ဆက်လက် နေထိုင် ခဲ့ကြရပါသည်။ ထို ကိုယ်တွေ့ အဖြစ်အပျက်များက သူတို့၏ အသက်တာများကို လုံးဝ ပြောင်းလဲ ပစ်လိုက်ပါသည်။

တပည့်တော်ကြီးတို့၏ ယုံကြည်ခြင်းမှ ဆင်းသက် လာသော ခရစ်ယာန် ဘာသာသည် ယေဇူး ခရစ်တော်ကို လူစင်စစ်၊ ဘုရားစင်စစ် ဖြစ်တော်မူကြောင်း ယုံကြည်ရုံ မျှမက၊ ကိုယ်တော်သည် လက်ဝါးကားတိုင်ပေါ်မှာ အမှန်ပင် အသေခံတော်မူခဲ့ကြောင်း၊ သင်္ချိုင်းဂူ အတွင်းမှာ အသေအချာ သင်္ဂြိုလ်ခံခဲ့ကြောင်း၊ သုံးရက် ပြည့်မြောက်သည့်နေ့ ဥပုသ် တနင်္ဂနွေနေ့ နံနက် အာရုံတက်ချိန်မှာ ဘုန်းတော် အသက်နှင့် ပြန်ရှင် ထမြောက် တော်မူခဲ့ကြောင်း၊ ကိုယ်တော်သည် မနေ့၊ ယနေ့၊ မနက်ဖြန်၊ ထာဝစဉ် အသက် ရှင်တော်မူသော ဘုရား ဖြစ်တော်မူကြောင်း၊ ထို့အပြင် ကိုယ်တော်သည် ဘုန်းတော် ဂုဏ်တော်နှင့် တဖန် ဒုတိယ အကြိမ် ကြွလာတော်မူမည့် အကြောင်းတို့ကို ယနေ့ထက်တိုင် ရဲဝံ့စွာ ဟောပြော၏။

ယေဇူး ဘုရား၏ ပြန်ရှင်တော်မူခြင်းသည် “သေရွာမှ ပြန်လာခြင်း (သို့မဟုတ်) အသေခံတော် မမူခင်က ကိုယ်ခန္ဓာ အတိုင်း အသက် ပြန်ရှင်လာခြင်း” မဟုတ်ပါ။ အကယ်၍သာ ယေဇူးရှင်သည် သေဆုံးပြီးနောက် သည်လိုပဲ အသက် ပြန်ရှင်ခဲ့ပါသည် ဆိုပါလျှင် ကိုယ်တော်၏ ခန္ဓာတော်သည် အနိစ္စ တရားကြီး၏ အရိပ်အောက်မှာပင် ရှိနေသေးသည့် သဘော သက်ရောက်ပါသည်။ အဘယ်ကြောင့် ဆိုသော် အနိစ္စ တရားကြီးသည် မျက်မှောက် ရူပ ခန္ဓာကြီး မရှောင် မလွှဲနိုင်သည့် အရင်းခံတရား ဖြစ်နေသောကြောင့် ဖြစ်၏။

သို့သော် ဘုန်းတော်နှင့်ပြန်ရှင်တော်မူခဲ့သော ကိုယ်တော်ရှင်၏ ခန္ဓာတော်မူကား ဘုန်းတော်ပွင့်သော ခန္ဓာတော် ဖြစ်ပါသည်။ “ဒုက္ခနှင့် အနိစ္စ တရား အစုစုတို့၏ တို့ထိ ငြိစွန်းမှုကင်းသည့် (ဒုက္ခ၊ အနိစ္စ၊ အနတ္တမှ အလွတ် အကျွတ် ဖြစ်သည့်)-တစ်နည်း - ဘုန်းတော် ပွင့်ရာ၊ ဒုက္ခ အစုစု ချုပ်ငြိမ်းရာ၊ မဖောက်ပြန်၊ မပျက်စီးနိုင်သည့် နိစ္စ ထာဝရ အသက် ခန္ဓာမြတ်သို့ ဘုန်းပွင့်တော်မူခြင်း” ဖြစ်ပါသည်။

ယေဇူးဘုရား၏ ခန္ဓာကိုယ်ကို ဤလောက ကမ္ဘာ၏ သြဇာသည် လည်းကောင်း၊ မင်း စိုးရာဇာသည် လည်းကောင်း၊ ယုဒ ဘာသာတရားသည် လည်းကောင်း၊ ဆင်းရဲခြင်း တရားသည်လည်းကောင်း၊ ဒုက္ခ တရားကြီးကသော် လည်းကောင်း၊ အနိစ္စ သေခြင်း တရားကြီးသည် လည်းကောင်း မထိနိုင်၊ မလွှမ်း နိုင်တော့ပါ။ ယေဇူးသည် မည်သူ တစ်ဦးတစ်ယောက်ကမှ နောက်ထပ် တစ်ဖန် ဖမ်းချုပ် နိုင်စွမ်း၊ နှိပ်စက် နိုင်စွမ်း၊ ကားတိုင် တင်နိုင်စွမ်း၊ အသေသတ် နိုင်စွမ်း မရှိတော့ပါ။ ဘုန်းပွင့်သော ယေဇူး၏ ခန္ဓာတော်တွင် အိုခြင်း၊ နာခြင်း သေခြင်းတရားများ မရှိတော့ပါ။ ဤလောက သံသရာဝဋ် ဆင်းရဲမှ လွတ်မြောက်တော်မူသော ခန္ဓာတော်ဖြစ် တော်မူပါသည်။

မာကုဒဿန