Saturday, March 16, 2013

ထိုက်တန်သောရင်းနှီးမှုတစ်ခု

ကျွန်တော်တို့ အားလုံး နိဗ္ဗာန် (သို့) ကောင်းကင်ဘုံကို သွားချင်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မသေ ချင်ကြဘူး။ ပြောဆိုတဲ့ အဆိုကောင်းလေး ရှိပါတယ်။ နာကျင်ခြင်း ဒုက္ခဝေဒနာ ဆိုတာ ဖွံ့ဖြိုး၊ ကြီးထွား၊ ရင့်သန်ခြင်း၊ အသီးအပွင့် များပြားခြင်း၊ မွေးဖွားခြင်း၊ အသွင် သဏ္ဍာန် ပြောင်းလဲခြင်း တို့ရဲ့ အထွတ်အထိပ် အချိန် အမြင့်ဆုံးကာလတွေရဲ့ မရှိ မဖြစ်တဲ့ နိဒါန်း ဖြစ်ပါတယ်။

    အပင် သစ်တစ်ပင် ပေါက်ပြီး အညွှန့်ထွက်လာဖို့ မျိုးစေ့ဟာ မြေမှာကျပြီး အရင် သေရပါတယ်။ သား၊ သမီး မွေးဖွားတဲ့ အခါမှာ မိခင်က ကြောက်စရာ ကောင်းလှတဲ့ နာကျင်မှု ဝေဒနာကို အလူအလဲ ခံစားရပြီးမှ ကလေးဟာ လောက ကမ္ဘာထဲကို ရောက်ရှိ လာရပါတယ်။ နှင်းဆီပင်ဟာ အလင်းရောင် ကုန်ကာ ကောင်းကင်ယံကို အမှောင်ထု လွှမ်းမှ ကြယ်ကလေးတွေကို မြင်နိုင် ပါတယ်။

    အဲဒီလိုပါပဲ “ဘုရားရဲ့ အလွန် လှပတဲ့ ကျေးဇူးတော် လက်ဆောင်ဟာ နာကျင်ခြင်း ဝေဒနာဆိုတဲ့ Packing Paper လက်ဆောင်ထုပ်တဲ့ စက္ကူနဲ့ ထုပ်ပြီးလာပါတယ်။ အနာခံမှ အသာစံ ရတယ်။ ဒုက္ခရှိမှ သုခ ရှိမယ်။ အသေခံတဲ့ သောကြာနေ့ကြီး ရှိမှ ဘုန်းဂုဏ်တော်နဲ့ ရှင်ပြန် ထမြောက်တဲ့ တနင်္ဂနွေ ရှိမှာ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် နာကျင်ခြင်း ဝေဒနာ ဒုက္ခ အခက်အခဲဆိုတာ ရှောင်ရှားလို့ မရပါဘူး။ အစဉ် အမြဲ ရှိနေတယ်လို့ ဆိုလိုခြင်း ပါပဲ။ အသာစံ ရဖို့၊ သုခ ရဖို့ ဒုက္ခ ဝေဒနာဆိုတဲ့ တန်ဖိုး ပေးရမယ်ဆိုတဲ့ သဘောပါပဲ။
    ဒါပေမယ့်လည်း လူရော၊ တိရိစ္ဆာန်ရော အားလုံးသော သတ္တ၀ါတွေမှာ The Survival Instinct လို့ ခေါ်တဲ့ အသက်ရှင် သန်ရပ်တည်ရေး ပင်ကိုယ် မွေးရာပါ ဇာတိ သဘောလေးက နာကျင်မှု ဝေဒနာပေးတဲ့ အရာတိုင်းကနေ ချက်ခြင်း ရှောင်ရှား နောက်ဆုတ်အောင် ပြုလုပ် ထားပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံထဲက ဆဲလ်တိုင်းမှာ ဒီမွေးရာပါ ဇာတိက ပါဝင်ပြီး ဖြစ်ပါတယ်။

    နာကျင်မှု ဝေဒနာ လိုအပ်တယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြု လက်ခံဖို့ကတော့ လူတွေပဲ သီးသန့် ပြုလုပ်နိုင်တဲ့ ထိုးထွင်း အသိတရား လိုအပ်ပါတယ်။ နာကျင်မှု ဝေဒနာအား မနှစ်သက်၊ မလိုလားမှုကို ကျော်လွှားရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ တင်းမာမှုကို လူသားတွေကသာ တွေ့ကြုံ နိုင်ပါတယ်။

    ခရစ်တော်က “လူသားသည် ဝေဒနာများစွာကို ခံတော်မူရမည်။ ဘာသာရေး ခေါင်းဆောင်များ၊ ယဇ် ပရောဟိတ်ကြီးများနှင့် ကျမ်းတတ် ဆရာများသည် သူ့ကို ပစ်ပယ် ကြလိမ့်မည်။ လူသားသည် အသေခံ ရမည်။ သုံး ရက်မြောက်သောနေ့၌ ရှင်ပြန် ထမြောက်လိမ့်မည်။ ” (လုကား ၉း၂၂) လို့ ကြေညာ လိုက်တဲ့ အခါ တပည့်တော်ကြီးတွေဟာ အဲ့ဒီ တင်းမာမှု မျိုးကို ခံစား လိုက်ရပါတယ်။ ခရစ်တော် သူတို့ကို ထိုးထွင်း သိမြင် စေချင်တဲ့ ဝေဒနာ ခံထမ်းရမယ်။ လွတ်ဖို့၊ ရှောင်ဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ကို တပည့်တော်ကြီးတွေ မရရှိ၊ မမြင်နိုင် ဖြစ်သွားခဲ့ ပါတယ်။ ခရစ်တော် ဝေဒနာ ခံရမယ်၊ သေရမယ် ဆိုတဲ့ Idea သဘော တရားဟာ သူတို့ရဲ့ စိတ်ထဲမှာ လုံးဝ မရှိဘူး ဖြစ်နေခဲ့ ပါတယ်။ ခရစ်တော် ကတော့ သူ ဒုက္ခခံ၊ အသေခံ ရမယ့် အကြောင်း ရှင်းရှင်း လင်းလင်းပဲ ၃ ခါတောင် ကြိုတင် ပြောခဲ့ပြီး ဖြစ်ပါတယ်။ (မာကု ၈း၃၁-၃၃၊ ၈း၃၀-၃၂၊ ၁၀း၃၂-၃၄)

    ဒါကို ရှင်ပေတရုက (မာကု ၈း၃၂) အရ ပြင်းပြင်း ထန်ထန် ကန့်ကွက် ခဲ့ပါတယ်။ ခရစ်တော် ရှင်ပြန် ထမြောက်ပြီးတဲ့ အခါမှာတောင် ခရစ်တော် ဘာကြောင့် ဒုက္ခ ဝေဒနာ ခံထမ်းရတယ် ဆိုတာကို နားမလည် နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ဧမောက် ရွာသွား လမ်းပေါ်မှာ တပည့်တော် ၂ ပါးကို “မေရှိယသည် ဘုန်းအသရေတော်ကို မခံယူမှီ ဤသို့သော ဒုက္ခ ဝေဒနာကို ခံစားဖို့ရန် လိုအပ်သည် မဟုတ်ပါလော” လို့ ခရစ်တော်က မိန့်ကြား ခဲ့ပါတယ်။ ခရစ်တော် ဒီလို ဒုက္ခ ဝေဒနာ ခံစားလို့ ကျွန်တော်တို့လည်း ဒုက္ခ ဝေဒနာတွေ ရှိနေမယ်ဆို တာဟာ ဘုရားရဲ့ အလိုတော် ခွင့်ပြုချက် ဖြစ်ပါတယ်။

    ခရစ်တော် ဝေဒနာခံပြီး ကျွန်တော်တို့ကို ရွေးနှုတ် ကယ်တင် ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သေခြင်းမှ ထမြောက် ရှင်ပြန်ပြီး အီစတာ ဘုန်းဂုဏ်တော် ထွန်းတောက် ခဲ့ပါတယ်။ ချစ်ခြင်းနဲ့ နာခံခြင်းမှာ ဝေဒနာကို လက်ခံဖို့ ခရစ်တော် ကိုယ်တိုင် သင်ယူခဲ့ပါတယ်။ ဟေဗြဲ ၅း၈- မှာ “ကိုယ်တော်သည် ထာဝရ ဘုရား၏ သားတော်ပင် ဖြစ်သော်လည်း ဆင်းရဲ ဒုက္ခများကို ခံခြင်း အားဖြင့် ထာဝရဘုရား၏ စကားတော်ကို နားထောင်တတ်ရန် သင်ယူ တော်မူ၏။” လို့ မှတ်တမ်း တင်ထားပါတယ်။

    ခရစ်တော်ဟာ ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်း ခံစဉ် ကတည်းက မိမိ ဖြည့်ဆည်း ရမယ့် ဟေရှာယ အနာဂတ္တိကျမ်း ၅၂း၁၃ မှ ၅၃း၁၂ က ဒုက္ခ ဝေဒနာ ခံစားရတဲ့ ထာဝရဘုရားရဲ့ အစေခံ အကြောင်း ဆင်ခြင်နေပြီး ဖြစ်ပါ လိမ့်မယ်။ ခရစ်တော်ဟာ ကားတိုင်ပေါ်မှာ ကျွန်တစ်ယောက်လို အသေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်များ အတွက် ဒဏ် ဆပ်ဖြေခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီအတွက်ကြောင့်လည်းပဲ မဟာ တန်ခိုးတော်နဲ့ ပြည့်စုံတဲ့ ထာဝရ ဘုရားရဲ့ သားတော် အဖြစ် ဘုန်းတော် ထင်ရှား ခဲ့ရပါတယ်။

    ဂျော်ဒန်မြစ်မှာ ကောင်းကင်က အသံဟာ (မာကု ၁း၁၁) “သင်ကား ငါ၏ ချစ်သား ပေတည်း။ သင့်ကို ငါ နှစ်သက် မြတ်နိုး ၏။” လို့ ဖြစ်ပေ မယ့်၊ ဟေရှာယ ၄၂း၁ က “ငါ ထောက်မသော ငါ့ကျွန်၊ ငါ နှစ်သက်မြတ်နိုးရာ၊ ငါ ရွေးချယ်သော သူကို ကြည့်ရူလော့၊” ဆိုတဲ့ ဘုရားရဲ့ ကျွန်တော်ကို ရှင်းရှင်း လင်းလင်း ရည်ညွှန်း ထားပါတယ်။

    အဲ့ဒီ ကျွန်ဟာ ဟေရှာယ ၄၂း၁-အရ သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားနဲ့ ပြည့်ဝ ပါတယ်။ ဟေရှာယ ၆၁း၃- သူဟာ ဆင်းရဲသားများကို သတင်းကောင်း ကြေညာ ဟောပြောမဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် (ဟေရှာယ ၄၂း၆၊ ဟေရှာယ ၅၀း၁၀၊ ဟေရှာယ ၅၃း၁၁) အရ ဂျူး မဟုတ်သူတွေရဲ့ အလင်းတော်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် (ဟေရှာယ ၅၃း ၁၂ ၊ ၃၊ ၄၊ ၇၊ ၈) က သူဟာ အများအတွက် ဝေဒနာ ခံထမ်းပြီး အများ ကိုယ်စား ဒုက္ခစရိယာ ခံတဲ့သူ ဖြစ်ပါတယ်။ (ဟေရှာယ ၅၃း၁၀)

    ဓမ္မဟောင်းကို ပြည့်စုံစေမယ့် ဒုက္ခ ဝေဒနာခံ စားရခြင်း အကြောင်းတွေကို ပြောတဲ့အခါ တပည့်တော်ကြီး တွေဟာ ထိတ်လန့်ရုံသာ ဖြစ်ပြီး နားမလည် နိုင်ခဲ့ကြပါဘူး။ တပည့်တော်ဟာ သူ့အတွက် စိုးရိမ် ပူပန်မှုကြီး ခဲ့ပါတယ်။ ခရစ်တော် ကိုယ်တိုင်လည်းပဲ ငြင်းပယ်ခြင်း ခံနေ ခဲ့ရပါတယ်။

    အဲ့ဒီ အခြေအနေတွေ အတိုင်းပဲ ခရစ်တော်ဟာ ငြင်းပယ် ခံနေရတယ်။ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဆန့်ကျင်ဘက် လုပ်တာကို ခံနေရပါတယ်။ တရား ဇရပ်တွေကလည်း သူ့ကို လက်မခံ တော့ဘူး။ တရားဟောခဲ့တဲ့ မြို့ရွာတွေကလည်း သူ့ကို ရန်လို နေကြတယ်။ သူ့ရဲ့ အသက်ဟာ အန္တရာယ်တွေ ၀ိုင်းဝိုင်းလည် နေပါတယ်။ တပည့်တော် တွေကလည်း သူ့အတွက် စိုးရိမ် ပူပန် နေကြပါတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကလည်း အားနည်း နေခဲ့ပါပြီ။ လူ့ အဖြစ်ယူတဲ့ ဘုရား ကယ်တင်ရှင် မက်ဆီးယားပါလို့ ကြွေးကြော် ၀န်ခံမှုက ဘယ်အချိန်မှာများ အကောင်အထည် ဖော်မလဲ။ ဘုရားရဲ့ သားတော်ဆိုတာကို သူတို့ မသိ။ ဒါကို ခရစ်တော် အနေနဲ့ အကောင်အထည် မဖော်ခဲ့ရင် သူတကယ်လို့ ကားတိုင်မှာ အသေခံ ခဲ့တဲ့ အချိန် ဘယ်လိုများ ရပ်တည် ကြမလဲ။ ဘယ်ပုံများ လက်ခံ ကြမလဲ။

    အဲ့ဒီလို ခွန်အားတွေ ယုတ်လျော့ပြီး ယုံကြည်မှုတွေ ယိမ်းယိုင်နေတဲ့ အချိန် စိုးရိမ် ပူပန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်၊ မိမိ ကိုယ်တိုင်နဲ့ရော သူတစ်ပါးနဲ့ရော တင်းမာမှုတွေ ဖြစ်နေချိန်၊ ရန်သူတွေ ၀ိုင်းဝိုင်း လည်နေတဲ့ အချိန်၊ လူတွေ ငြင်းပယ်ပြီး ရန်လိုနေတဲ့ အချိန်မှာ ခရစ်တော်ဟာ တပည့်တော် သုံးပါးကို ခေါ်ကာ တာဘော တောင်ပေါ်တက်ပြီး ဒူးထောက် ဆုတောင်း မေတ္တာ ပြုခဲ့ပါတယ်။  ဆုတောင်း မေတ္တာ ပြုနေစဉ်မှာပဲ မျက်နှာတော်ရဲ့ အဆင်းအရောင်ဟာ ထူးခြား လာပြီး အ၀တ်တော်ဟာ ဖြူဖွေး တောက်ပ လာပါတယ်။ ဘုန်း အသေရေတော်နဲ့ ထွန်းတောက် လာခဲ့ပါတယ်။ တစ်နည်း ပြောရရင် အဆင်း သဏ္ဍာန် ပြောင်းလဲ ခဲ့ပါတယ်။ ပရောဖက် မောရှေနဲ့ ဧလိယကလည်း ပေါ်လာပြီး ခရစ်တော် ဂျေရုဇလင်မြို့မှာ အသေခံရမယ့် အကြောင်းကို ကိုယ်တော်နဲ့ အတူ ပြောဆို ကြပါတယ်။ မိုးတိမ်တစ်ခု ဖုံးအုပ်လာပြီး “ဤသူကား ငါ၏ သားတော် ဖြစ်၏။ သူ့အား ငါ ရွေးကောက်တော်မူပြီ။ သူ၏ စကားကို နားထောင် ကြလော့” ဆိုတဲ့ အသံ ထွက်ပေါ် လာခဲ့ကြောင်း ဒီနေ့ ကြားနာ ခဲ့ရပါတယ်။

    ဒီ ဖြစ်ရပ်အားဖြင့် ခရစ်တော်ဟာ တပည့်တော်ကြီးကို တရား ပေးလိုက်တာက “ငါဟာ ဒုက္ခ ဝေဒနာ ခံစားရမယ်လို့ ပြောခဲ့တဲ့ အတွက်ကြောင့် အမြင်မှားပြီး ခလုတ် မဖြစ်စေနဲ့။ ဝေဒနာ ခံစားခြင်းနဲ့ သေခြင်းမှ ရှင်ပြန် ထမြောက်ဟာ ပိုက်ဆံ အကြွေစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပဲ ခွာပစ်လို့ မရဘူး။ အတူတူ ရှိနေမယ်။ မင်းတို့နဲ့ ငါ အခု ရှိတာကတော့ ပထမ အဆင့်ဖြစ်တဲ့ ဒုက္ခ ဝေဒနာ ခံစား နေကြရတယ်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တစ်နည်း ကားတိုင်မှာ ဝေဒနာ ခံစားခြင်းဆိုတာဟာ တပည့်တော်တွေ အနေနှဲ့ Scandal ခလုတ် မဖြစ်စေဖို့ ဘုန်းဂုဏ်ပြ အဆင်းပြောင်းလဲ ခဲ့တာပါပဲ။ ကျမ်းရေး ပုဂ္ဂိုလ် ရှင်လုကားက- ခရစ်တော် ဆုတောင်း ပတ္ထာနာ ပြုဖို့ တောင်ပေါ် တက်တယ်လို့ ပြောထားပါတယ်။ ဒီနေရာမှာ ခရစ်တော်က ပရောဖက်တွေရဲ့ မျှော်လင့်ချက်၊ ကြိုတင် အနာဂတ္တိ စကားတွေ ပြည့်စုံဖို့၊ ဘုရားရဲ့ အလိုတော်ကို ပြည့်ပြည့်၀၀ ဖြည့်ဆည်း နိုင်ဖို့ တစ်နည်းပြော ရရင် ဒုက္ခ ဝေဒနာ ခံစားရမယ် ဆိုတာတွေကို လူ့ သဘောအရ မငြင်းပယ်ပဲ လက်ခံနိုင်ဖို့ ခွန်အားကို တောင်းတာ ဖြစ်တယ်လို့ ကျွန်တော် ရဲရဲကြီး ပြောလို့ရပါတယ်။

    တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် အဆင်း သဏ္ဍာန် ပြောင်းလဲခြင်းဆိုတာ မဖြစ်ခင် ဆုတောင်း ပတ္ထနာပြုခြင်းက အရင် လာပါတယ်။ ရှင်လုကား ရေးသားထားတဲ့ ရှင်လုကား ခရစ်ဝင်ကျမ်းနဲ့ တမန်တော် ၀တ္ထုတွေမှာ ထူးခြားတဲ့ ဖြစ်ရပ် မဖြစ်ပေါ်ခင် ဆုတောင်း မေတ္တာပြုတယ် ဆိုတာက အမြဲ လာပါတယ်။ ရှင်လုကားက ကြီးမားတဲ့ ဘုရားရဲ့ ကျေးဇူးတော်၊ ဘုရားရဲ့ တန်ခိုးတော် ဖော်ပြခြင်းနဲ့ ဆုတောင်း မေတ္တာကို တစ်ထူး တစ်ခြား တွဲလျှက် ရှိနေတာကို အလေးထား ပြောဆို ရေးသား တရားပေး ခဲ့ပါတယ်။

    ဒီနေ့ မျက်မှောက်ခေတ်မှာ ဆုတောင်း ပတ္ထနာ ပြုခြင်းဟာ အလွန် အင်မတန် လိုအပ် နေပါတယ်။ ကျွန်တော်တို့ ဆုတောင်းသင့် သလောက် ဆုတောင်းဖို့ အသင်းတော်က လုံလောက်တဲ့ ဇွဲ လုံ့လ မရှိဘူး ဖြစ်နေပါတယ်။ သင်တို့ မရတာ၊ မဖြစ်တာက ဘုရားဆီ သင်တို့ ဆုမတောင်းကြတဲ့ အတွက် ဖြစ်တယ် ဆိုတဲ့ ယာကုပ် ၄း၂ ကို သတိ ထားသင့်ပါတယ်။

    ဒီတော့ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာမှာလည်း ခက်ခဲ ပူဆွေးပြီး အနှောင့် အယှက်ဖြစ်နေတာတွေကို ဖြေရှင်း ကျော်လွှားဖို့ ခရစ်တော်လိုပဲ အဆင်း သဏ္ဍန်ပြောင်းလဲတဲ့ အတွေ့အကြုံမျိုးကို ခံစားရပြီး ကောင်းကင်ရဲ့ အရသာလေးကို ကြိုတင် ခံစား ရဖို့၊ ကြီးကျယ် မြင့်မြတ်တဲ့ ဖြစ်ရပ်တွေ မဖြစ်ခင်မှာ ဆုတောင်း မေတ္တာပြုကြဖို့ တရားပေး နေပါတယ်။ ဆုတောင်း မေတ္တာပြုမှလည်း ကြီးကျယ် မြင့်မြတ်တာတွေ၊ ဘုရား ကျေးဇူးတော်တွေ ရရှိ ခံစား ရမှာ ဖြစ်ပါတယ်။ ဆုတောင်း မေတ္တာ ပြုရမယ်။ ဘုရားနဲ့ သီးသန့်တွေ့ဖို့ အချိန် သတ်မှတ် ထားရမယ်။ သမ္မာကျမ်းစာ၊ တရားစာ လေ့လာ ဖတ်ရှု ဆုတောင်းဖို့ အချိန် ပေးရမယ်။ ဘုရားကို အစေခံဖို့၊ သာသနာတော်မှာ ပါဝင် လှုပ်ရှားဖို့ ဆက်ကပ် ရပါ့မယ်။
    ရှင်မာကု ၉း၇-၈ မှာ အသံတော် ထွက်တော်မူပြီးနောက် သခင် ယေဇူး တစ်ပါးတည်းကို သာလျှင် တပည့်တော် တို့ မြင်ကြရ၏ လို့ ဆိုကာ မှတ်တမ်းတင် ထားခဲ့ပါတယ်။ မိုးဇယ်လည်း မရှိတော့၊ ဧလိယလည်း ပျောက်သွား ခဲ့ပါပြီ။ သူတို့ သိတဲ့ ခရစ်တော်၊ တစ်ခါ တစ်ရံ ဆာလောင်တဲ့ ခရစ်တော်ကိုသာ တွေ့ရပါတယ်။ အရောင်တွေ၊ ဘုန်း ဂုဏ်တော်တွေ ထွန်းတောက် နေတဲ့ စပါယ်ရှယ် ခရစ်တော်ကို မတွေ့ရပဲ နေ့စဉ် တွေ့မြင် နေကျ ခရစ်တော်ကိုပဲ တွေ့မြင် နေရပါတယ်။

    ကျွန်တော်တို့ အားလုံးဟာလည်း ဒီလိုပါပဲ နေ့ စဉ် ဘ၀ အသက်တာမှာ သွားလာ လှုပ်ရှား ရုန်းကန်နေတဲ့ အချိန်၊ အလုပ်ခွင်မှာ လုပ်ကိုင်နေစဉ်၊ လမ်းပေါ်မှာ သွားလာ နေစဉ်၊ ဆုတောင်း နေစဉ်မှာ ခရစ်တော် တွေ့ရှိဖို့ပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ကို သာမန် အရာတွေမှာ နေ့စဉ် တွေ့နိုင်အောင် ကြိုးစား ရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခရစ်တော်က ထူးထူး ခြားခြား ကြီးကြီး ကျယ်ကျယ် သာမန်ထက် ကဲလွန်ပြီး မပြ တတ်ပါဘူး။

    တာဘော တောင်ပေါ်မှာ တပည့်တော် သုံးပါးကို အဆင်းသဏ္ဍာန် ပြောင်းလဲပြီး ဘုန်း ဂုဏ်တော်နဲ့ ထွန်းတောက်လျှက် ထင်ရှား ပြခဲ့တဲ့ ခရစ်တော်ဟာ နေ့စဉ် ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာမှာ ကျွန်တော် တို့နဲ့ အတူ ရှိနေပါတယ်။ ကျွန်တော်တို့လည်း ဘုရားကျောင်းထဲမှာ ဆုတောင်း နေတဲ့ အချိန်၊ သမ္မာ ကျမ်းစာ ဖတ်ရှု လေ့လာနေတဲ့ အချိန်၊ သမ္မာကျမ်းစာက ဖြစ်ရပ်တွေကို ကမ္မဌါန်း ရှုပြီး စိတ်ပုတီး စိပ်နေတဲ့ အချိန်၊ ကိုယ်တော်မြတ် ပင့်နေတဲ့ အချိန်၊ ကိုယ်တော်မြတ်ဖူးတဲ့ အချိန်မှာ စိတ်ချမ်းမြေ့ ပျော်ရွှင်မှု ရကြပါတယ်။ အဆင်း သဏ္ဍာန် ပြောင်းလဲသလို ၀ိညာဉ်မှာ ခံစား ရပါတယ်။ စိတ်အား တက်ကြွမှုတွေ၊ ဘာသာရေးမှာ ကြိုးစားချင်စိတ်တွေ တဖွားဖွား ဖြစ်လာပြီး ဘုရားကို ဆပ်ကပ်လိုတဲ့ စိတ်လည်း တဖွားဖွား ဖြစ်တတ် ပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့ အခါမှာတော့ သာမန် ငြီးငွေ့စရာ ဘ၀၊ လုပ်နေကျ ဘ၀ ပြန်လှုပ်ရှား ရပြန်တယ်။

    ဒါကြောင့် ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာမှာ ကောင်းကင်က အသံ ဖြစ်တဲ့ “သူ၏ စကားကို နားထောင် ကြလော့” ဆိုတဲ့ အတိုင်း နေ့စဉ် တွေ့ကြုံ နေရတဲ့ ဒုက္ခ ဝေဒနာတွေကို ခံထမ်းပြီး နေ့စဉ် ဖြစ်သမျှ အရာတွေ၊ ကြုံဆုံ ရသမျှတွေမှာ ခရစ်တော်ကို ရှာဖွေ ကြပါစို့။ ဧ၀ံဂေလိ သမ္မာကျမ်းစာ တော်မြတ်ထဲမှာ   လူတစ်ယောက်သည် အထံတော်သို့ ပြေး၍ ဒူးထောက်လျက် ကောင်းမြတ်သော ဆရာ ထာဝရအသက်ကို အမွေ ရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော် ယေဇူးက ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။  ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ် တော်မူ၏။

    ဟုတ်ပါတယ်။ ကောင်းမြတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုရားသခင် တပါးထဲပဲ ရှိပါတယ်။  ဘုရားသခင်သည် သာလျှင် ပကတိအားဖြင့် ကောင်းတယ်။  လူဟာ ဇာတိ သဘောအားဖြင့် ကောင်းတာ မဟုတ်ဘူး။  ဒါပေမဲ့လို့ ကျေးဇူးတော်အားဖြင့်တော့ ကောင်းနိုင် ပြန်သေးတယ်။

    တကယ်တော့ သခင်ယေဇူးဟာ ကောင်းမြတ်ခြင်း ဆိုတဲ့ ဂုဏ်ပုဒ် ၀ိသေသနနဲ့ လုံးလုံး လျားလျားကြီးကို ထိုက်တန် ပါတယ်။  ဒါပေမဲ့လို့ ဒီနေရာမှာ ကိုယ်တော်ဟာ ခမည်းတော် ဘုရားရဲ့ ဂုဏ်တော်ကိုသာ ရှေ့တန်း တင်ပြီး ချီးမွမ်း လိုက်တယ်။  အဓိပ္ပါယ်ကတော့ ၀ိညာဉ်ရေး ပြေးလမ်းမှာ ပြေးပွဲ ၀င်နေကြတဲ့ ကျွန်ုပ်တို့ကို လောကရဲ့ အပင့် အမြှောက်တွေကြောင့် စိတ်ကြီး ၀င်ပြီး ၀ိညာဉ်ရေးမှာ သောင်တင် သွားမှာစိုးတဲ့ အတွက် အခုလို သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်တယ်။

    မိမိရဲ့ အားနည်းခြင်း အမှုကို အရင်ဆုံး မြင်တွေ့မှ အောင်မြင်မှုကို ရနိုင်မယ်။  စွမ်းအင်ကို လိုချင်ရင် ပထမဦးဆုံး မိမိဟာ စွမ်းအား မဲ့နေကြောင်းကို သိဖို့ လိုတယ်။ အောင်မြင်မှုကို လိုချင်ရင် ငါဟာ မအောင်မြင် သေးပါလားဆိုတာ သတိတရ ရှိနေဖို့ လိုလိမ့်မယ်။

    ကောင်းမြတ်တဲ့သူ ဖြစ်လာချင်ရင် ရှေးဦးစွာ မိမိဟာ အပြစ်နဲ့ ပြည့်ဝနေသူ ချို့တဲ့အားနဲ နေသူ တန်ဖိုးမဲ့ ဖြစ်နေသေးသူရယ်လို့ ၀န်ခံဖို့ လိုတယ်။  ဒီတော့မှ မိမိဟာ ငါ အများကြီး လိုနေပါသေးလားလို့ အဖြစ်မှန်ကို မြင်တွေ့ လာပြီး မိမိရဲ့ နိမ့်ကျတဲ့ အဖြစ်တွေကြောင့် နှိမ့်ချတဲ့စိတ် ရှိလာမယ်။  တချိန်ထဲမှာပဲ ဘုရားရှင် အပေါ်မှာ ပိုမို မှီခို အားထား လာမယ်။  ဒီလို ပုဂ္ဂိုလ်မျိုးမှ မင်္ဂလာရှိတယ်ဆိုတဲ့ အကြောင်း သံမာတေဦး အခန်းကြီး ၅၊ အခန်းငယ် ၃ မှာ အခုလို တွေ့ရပါတယ်။  “စိတ် နှလုံး နှိမ့်ချသော သူတို့သည် မင်္ဂလာ ရှိကြ၏။  အကြောင်းမူကား ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံ ဖြစ်၏။”

    ဖာရီဇေဦးတွေကို ကြည့်ပါ။ ပညတ်တော် အချို့ကို ၉၀ ဒီဂရီ ထောင့်မှန် ကျအောင် လိုက်လျှောက်ခြင်း အားဖြင့် မိမိတို့ဟာ အင်မတန်မှ ဖြောင့်မတ် လှပြီ၊ သူတော်စင် သူတော်ကောင်း၊ ကောင်းမြတ်တဲ့ သူဟာ ငါ တို့တွေပဲလို့ ခံယူထားတဲ့ အတွက် မိမိရဲ့ အမှန်တကယ် ဆင်းရဲ အားနည်းနေမှုတွေကို မမြင် မတွေ့နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။  ဖာရီဇေဦးတွေရဲ့ ဘ၀ ဖြစ်ရပ်မှန်ကို ပုံဖေါ်ပြီး ကြည့်မယ် ဆိုရင် သူတို့ဟာ စောင်းနေတဲ့ အိုး တအိုးနဲ့ သွားတူတယ်။ စောင်းနေတဲ့ အိုးထဲ မိုးရေ ဘယ်လောက်ပဲ ကျကျ မပြည့်ပဲနဲ့ကို လျှံကျ သွားလိမ့်မယ်။  လောကရဲ့ ယေဘူယျ စည်းမျဉ်းအရ ဆိုရင် ပြည့်နေတဲ့ အရာထဲ ထပ်ထည့်ရင် လျှံကျ လိမ့်မယ်။  အဲလို မဟုတ်လား လျှံတယ် ဆိုတဲ့ သဘော လက္ခဏာဟာ ပြည့်နေလို့ပါ ဆိုပြီး ကောက်ချက် ချနိုင်တယ်။ ဒါပေမဲ့လို့ စောင်းနေတဲ့ အိုးကျတော့ သူ့ရဲ့ အနေအထား ပုံမမှန်မှုဟာ မပြည့်ပဲနဲ့ကို လျှံကျ စေပါတယ်။  လျှံကျတဲ့ ဖြစ်ရပ် သက်သက်လေးကိုသာ ကြည့်ပြီး ဖာရီဇေဦးတွေက ငါတို့ဟာ ပြည့်ဝ နေပြီလို့ မှားယွင်းစွာနဲ့ မှတ်ယူခဲ့တယ်။  တကယ်တော့ ဒီနေရာမှာ လျှံကျရတဲ့ တရားခံဟာ ပြည့်ဝလို့ မဟုတ်ပဲ စောင်းနေလို့သာ ဖြစ်တယ်။ ငါ ဟာ ကောင်းပါတယ် ဆိုတဲ့ ခံယူချက်နဲ့ ဘုရားသခင်ဆီကို ချဉ်းကပ်ရင် သင်သွားရမယ့် ခရီးကို ဆွဲဆန့် ပစ်မဲ့ အရာဟာ အဲ့ဒီ ကောင်းပါတယ်ဆိုတဲ့ အချက်ပဲ။

    ဒီကနေ့ သမ္မာ ကျမ်းစာတော်မြတ်ထဲမှာ ထာဝရ အသက်ကို ရယူချင်တဲ့ အတွက် ဘာတွေများ လုပ်ရမလဲလို့ သခင်ယေဇူးကို မေးလိုက်တဲ့ အခါ ကိုယ်တော် ပြန်ဖြေတဲ့ အချက်တွေဟာ အံ့သြစရာ ဖြစ်ဖို့ ကောင်းသလို ခံစား ရနိုင်တယ်။  ဘာဖြစ်လို့လဲ ဆိုရင် ပညတ်တော် ၁၀ ပါးရှိတဲ့ အနက် ဘုရားနဲ့ ဆိုင်တဲ့ ပညတ်တော်တွေကို ကိုယ်တော် တချက်လေးမှ ထည့်မပြောပဲ၊ လူနဲ့ ဆိုင်တဲ့ ပညတ်တော်တွေကိုသာ တစ်ခုစီ တန်း ဒေါက်ဒေါက်ဒေါက်ဒေါက်နဲ့ ပြောချ သွားတယ်။  ဒါဆိုရင် ကိုယ်တော်ရှင် အလုပ်တွေ ရှုပ်လွန်းလို့ ပြောဘို့ မေ့များ သွားသလား။  မမေ့ဘူး။ မမေ့ဘူး ကိုယ်တော်ရှင်ဟာ သံယောဟန် ပြောခဲ့တဲ့ မြင်နိုင်တဲ့ လူကိုမှ သင် မချစ်နိုင်ရင် မမြင်နိုင်တဲ့ ဘုရားကို ဘယ်လိုလုပ်ပြီး ချစ်နိုင်မှာလဲ ဆိုတဲ့ အချက်ကို အခြေခံ ထားပြီး လူနဲ့ ဆိုင်တဲ့အရာတွေကိုသာ တာစူ ပေးလိုက်ခြင်း ဖြစ်တယ်။
    သခင်ယေဇူးဟာ ပြည့်ဝ စုံလင်စေဖို့အတွက် ပိုင်ဆိုင်တာတွေကို ထုခွဲပြီး ဆင်းရဲသားတွေကို ပေးရမယ်လို့ ဆိုထားပါတယ်။  အဓိပ္ပါယ် တစ်ခြမ်းကတော့ ကပ်လာတဲ့ ရေညှိတွေကို အခြစ်ချ ခိုင်းတဲ့ သဘောပဲ။  သစ်ချသီးထက် မကြီးတဲ့ ပုစွန်ဆိတ်၊ ဂဏန်းငယ်စတဲ့ အကောင် သေးသေးလေးတွေဟာ တန်ပေါင်းများစွာ လေးလံတဲ့ သင်္ဘောကြီး တစီးရဲ့ အသွားနှုန်းကို နှေးပစ်နိုင်တယ်။  ပင်လယ်ကူး သင်္ဘောကြီးတစီးဟာ ၆ လ လောက်ကြာတဲ့ အခါ ၂ လက်မကနေ ၃ လက်မလောက် ရှိတဲ့ ရေညှိတွေ တက်လာနိုင်တယ်။  အဲ့ဒီ အလွှာဟာ တန် ၁၀၀ အထိ လေးနိုင်တဲ့ အတွက် သင်္ဘောရဲ့ အမြန်နှုန်းကို ၁၀% ထက်ကျော်ပြီး လျှော့ချ လိုက်နိုင်တယ်။  အနှောင့် အယှက်ပေးနေတဲ့ ရေညှိနဲ့ အဲ့ဒီ သတ္တ၀ါလေးတွေကို ဖယ်ရှား ပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ သင်္ဘော ဒေါက်တင်တဲ့အခါ ဒီအရာတွေကို ခြစ်ပစ် လိုက်ခြင်းသာ ဖြစ်တယ်။

    အဘ ခမည်းတော် ဘုရားဆီကို ပန်းတိုင် ထားပြီး ဘ၀ ရွက်လွင့်နေကြတဲ့ ကျွန်ုပ်တို့မှာလည်း ကြွယ်ဝမှုတွေကြောင့် အလားတူ လောဘ၊ ဒေါသ၊ မာန အစရှိတဲ့ ရေညှိ အမျိုးမျိုး ကပ်ငြိ လာနိုင်တယ်။  ဒီအခါ အလွန် လေးလံလာပြီး  မိမိတို့ရဲ့ လူသား ဘ၀ တိုးတက်မှု အထူးသဖြင့် ၀ိညာဉ်ရေးရဲ့အသွားနှုန်းကို ဆုတ်ယုတ် လာစေပါတယ်။  ရွှေတွေ၊ ငွေတွေ၊ ဂုဏ်တွေ၊ ပကာသနတွေဟာ လူ့ဘ၀ကို အတိုင်းအတာ တခုအထိ နှေးကွေးစေနိုင်တဲ့ အတွက် ခရီး ဝေးဝေးသွားရမယ့် သူဟာ ပေါ့ပေါ့ ပါးပါး သွားမှ ဖြစ်မယ်။

    နောက် အဓိပ္ပါယ် တခြမ်းကတော့ မျှဝေခြင်းပဲ ဖြစ်ပါတယ်။  ရေဟာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းသလို၊ ကြွယ်ဝမှု တွေဟာလဲ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းဖို့ ကောင်းတယ်။ ဒါမှ ကျန်းမာရေးနဲ့ ညီမှာ ဒါကြောင့်လဲ သူတော်စင် တဦးက အခုလို “သင့်ဆီမှာ ပိုလျှံ နေတဲ့ အရာတွေဟာ၊ ဆင်းရဲသားတွေရဲ့ အမွေ အနှစ်နဲ့ ရပိုင်ခွင့် များဖြစ်တယ်။  သင်က ဆင်းရဲသားတွေကို ပေးတယ်။  လက်ခံလိုက်တဲ့ သူဟာ ဘုရား  .  .  .။  ဒါဟာ ဘုရားသခင် ကိုယ်တော်တိုင် ခွဲတန်းချ ထားတဲ့ အခွန် အကောက်တွေသာ ဖြစ်တယ်လို့” ဆိုပါတယ်။

    ဧ၀ံဂေလိ ကျမ်းစာတော်မြတ်မှာ သခင် ယေဇူးဟာ ဆင်းရဲသားတွေကို ဝေငှဖို့ ပြောပြီးတဲ့နောက် သူ့ နောက်ကို လိုက်ဖို့ ဖိတ်ခေါ် ထားတယ်။  သခင် ယေဇူးရဲ့ နောက်တော်ကို လိုက်ဖို့ ဒီလောကကို စွန့်ပစ်ခြင်းက ကောင်းကင် နိုင်ငံတော်ရဲ့ ကြီးမြတ်တဲ့ ဘဏ္ဍာကို ရယူခြင်း ဖြစ်တယ်။  လောကီ စိုးပိုင်ခြင်းတွေနဲ့ လေးလံနေတဲ့ သူတယောက်က ခေါ်တော်မူခြင်းကို နား မလည်နိုင်ဘူး။  နားမလည်တဲ့ အပြင် ခေါ်တော်မူခြင်း နောက်ကို လိုက်တဲ့ သူတွေကိုတောင်မှ မိုက်မဲသူ တွေပါလို့ သဘောပေါက် တတ်တယ်။  ငါ့ နောက်လိုက် ဆိုတာ သူ့ ခြေရာကို အနင်း ခိုင်းတာ။  ခြေရာ အနင်းခိုင်းတယ် ဆိုတာက သူ ကျင့်ကြံ တွေးခေါ် ပြောဆို ပြုမူတာတွေကို ကော်ပီကူး ခိုင်းတာ။  မိတ္တူ လုပ်ခိုင်းတာ။  တနည်းအားဖြင့် ပြောရရင် လက်ရှိ ဘ၀ကြီးကို ပြောင်းပစ် ခိုင်းနေတာ။

    ဒီကနေ့ သမ္မာ ကျမ်းစာတော်မြတ်ထဲမှာ ငါ့နောက်လိုက်လို့ အပြောခံ လိုက်ရတဲ့ ပုဂ္ဂိုလ်ဟာ မျက်စိ၊ မျက်နှာတွေ ပျက်ပြီး စိတ် မသက်မသာနဲ့ အထံတော်ကနေ ထွက်ခွါ သွားတယ်လို့ ဆိုပါတယ်။  ထွက်ခွါရတဲ့ အကြောင်းကလည်း ချမ်းသာ ကြွယ်ဝမှုကြောင့် ဖြစ်တယ်လို့ ဆက်လက် ဖေါ်ပြထားတယ်။

    ဒီနေရာမှာ ကျွန်ုပ်ကြားခဲ့ဘူးတဲ့ အဖြစ် အပျက်လေးတခုက ဒီလို .  .  .

    တခါတုန်းက အလွန် ချမ်းသာ ကြွယ်ဝပေမယ့်လို့ တကိုယ်ကောင်း ဆန်ဆန်၊ မလှူ မတန်း၊ မပေး မကမ်းပဲ အသက်ရှင်နေတဲ့ ဘာသာဝင် တစ်ဦးကို ဆုံးမ ပဲ့ပြင်ချင်တဲ့ အတွက် ဓမ္မဆရာကြီး တစ်ဦးဟာ အဲ့ဒီ ပုဂ္ဂိုလ်ဆီကို သွားရောက်ခဲ့တယ်။ သူ့ရှေ့ကို ရောက်တဲ့ အခါ သမ္မာကျမ်းစာအုပ်ကို ဖွင့်လိုက်တယ်။  ဒါပေမဲ့ ကျမ်းချက်တွေကိုတော့ တစ်ချက်လေးမှ ရွတ်မပြဘူး။  ကျမ်းစာထဲမှာ ပါတဲ့ ဘုရားသခင်ဆိုတဲ့ စာလုံးကို လက်ညှိုးနဲ့ ထောက်ပြပြီး အဲ့ဒီ စကားလုံးကို ခင်ဗျား တွေ့ရလားလို့ မေးလိုက်တယ်။  အဲ့ဒီ သူကလဲ ခေါင်းကို ညိတ်ရင်း နှုတ်က “တွေ့ရတယ်၊ ဘုရားသခင်လို့ ရေးထား ပါတယ်” ဆိုပြီး အဖြေပြန်ပေး လိုက်တယ်။

    ဒီ နောက်မှာတော့ ဓမ္မဆရာကြီးဟာ အသင့် ပါလာတဲ့ပိုက်ဆံ အကြွေစေ့ တစေ့ကို ယူပြီး အခုန မြင်ရ တဲ့ ဘုရားသခင်ဆိုတဲ့ စကားလုံး အပေါ်ကို တင်ထားလိုက်ရင်း နှုတ်က “ကဲ .  .  . ဘယ့်နှယ့်လဲ၊ အခုကော .  .  . ဘုရားသခင်ကို မြင်ရသေးလားလို့ ထပ်မံ ဆိုလိုက်တယ်။  ဒီအခါ ချမ်းသာ ကြွယ်ဝတဲ့ လူကလည်း အမှန် အတိုင်းပဲ ခေါင်းကို ခါရင်း မမြင်ရတော့ကြောင်း အဖြေ ပေးလိုက်တယ်။  ဓမ္မဆရာကြီးဟာ ဘာစကားကိုမှ မဆိုတော့ပဲ ကျမ်းစာအုပ်ကို ပိုက်ပြီး သူ့အိမ်ကို သူ ပြန် သွားတယ်လို့ ဆိုပါတယ်။
    ဒီနေရာမှာ ပေးချင်တဲ့ သတင်းစကားက ပိုက်ဆံ ကြေးငွေဆိုတာက ဘုရားသခင်ကို မမြင်နိုင်လောက်အောင် ဖုံးကွယ် ထားနိုင်စွမ်း ရှိတယ် ဆိုတဲ့ အချက်ပဲ။

    ဒါကြောင့်လည်း သူတော်စင် တစ်ဦးက အခုလို ဆိုမိန့်ခဲ့တယ်။  “ငါဟာလေ မြွေထည့်ထားတဲ့ အိတ်နဲ့ ငွေထည့်ထားတဲ့ အိတ်နှစ်ခု ရှိတဲ့ အနက် တအိတ် အိတ်ကို မဖြစ်မနေ နှိုက်ရမယ်ဆိုရင် ငါမြွေအိတ်ကိုပဲ နှိုက်မယ်။  ဘာဖြစ်လို့လဲ ဆိုရင် မြွေဟာ အလွန်ဆုံး ငါ့ရဲ့ ကာယကိုပဲ ဒုက္ခပေးနိုင်မယ်။  ငွေကတော့ ငါ့ရဲ့ ၀ိညာဉ် တစ်ခုလုံးကို တုံးကနဲ “ဘုံး” ဆိုပြီး လဲသွား စေနိုင်တယ်။

    လဲတာလည်း မပြောနဲ့ ငွေဆိုတဲ့ အသံကြားရင်ကိုပဲ မျက်ကန်းတောင် သူ့မျက်လုံးတွေကို အသာ ဖွင့်ကြည့်တယ်လို့ ဆိုရိုး ရှိတယ်။  လူ့ရဲ့ ခေါင်းထဲမှာ ငွေ ငွေ ဆိုပြီး ငွေတွေ များလာရင် သူ့ ဦးနှောက်က နဲ့နဲ့ပြီး လာတယ်။  ဆိုလိုတာက ဆင်ခြင်တုံ ကန်းသွားတဲ့ သဘောပဲ။  ဒီ ပုဂ္ဂိုလ်ဟာ လုပ်ရမဲ့ဟာကို မလုပ်ဘူး၊ မလုပ်ရမဲ့ ဟာတွေကိုတော့ လျှောက်လုပ် နေမိတတ်တယ်။  ပေးကမ်း လှူဒါန်းခြင်းမျိုးမှာ အားနဲ လာပြီး ဘယ်နေရာမျိုးမှာ အားကောင်း မောင်းသန် သွားသလဲဆိုတော့ ခေါင်းပုံဖြတ်၊ လည်ပင်းလှီး၊ သူများ မျက်ခုံးမွှေးပေါ်မှာ လေချွန်ပြီး စင်္ကြံလျှောက်တဲ့ အလေ့အထမျိုး တွေပဲ။  လူ ဟာ ငွေအတုကို တခါတရံ လုပ်တတ်ပေမယ့်၊ ငွေဟာ လူအတုကို မကြာခဏ လုပ်တတ်တယ်။  ပြောချင်တာက ငွေကြောင့် မိမိဟာ အရည်အချင်း မရှိသော်ငြားလည်း နေရာ ကောင်းကောင်းတစ်ခုကို ရနိုင်တယ် မဟုတ်လား။  အဲ့ဒါ ငွေကနေ လူအတုကို ပြုလုပ် လိုက်တာပေါ့။

    မာသာ ထရေဇားကတော့ ခပ်ရှင်းရှင်းပဲ သစ္စာ စကားကို အခုလို ဆိုခဲ့တယ်။  “ငွေကို စွဲမက်ပြီး ကိုင်တွယ်တဲ့ သူဟာ ဘုရားကို မတွေ့ နိုင်ဘူးတဲ့”။  ငွေဟာ မလုပ်နဲ့ ငွေရဲ့ မျက်နှာဟာ သိပ်ကြီးတယ်။  ငွေက ပါးစပ် ဟပြီး စကားပြော လာရင် အမှန်တရား တချို့ဟာ နှုတ်ပိတ်သွားရော။  သခင်ယေဇူးရဲ့ လမ်းစဉ်ကတော့ လိုချင်မှု အနဲဆုံးဟာ အချမ်းသာဆုံး၊ ရောင့်ရဲခြင်းဟာ ပြည့်ဝခြင်းပဲ။

    ကျမ်းစာထဲမှာ ပါတဲ့ ပုဂ္ဂိုလ်ဟာ ထာဝရ အသက်ကို ရယူ ကြီးမား လွန်းနေသလို ခံစားနေရတယ်။  သူ့ရဲ့ ဥစ္စာ ဓနဟာ သူ အမြတ်တနိုး ကိုးကွယ်နေတဲ့ ရုပ်တု ဖြစ်ကြောင်း ထင်ရှား နေတယ်။  သူဟာ ဘုရားသခင် ကိုယ်တော်တိုင်ကို ချစ်တာ အားဖြင့် ပြောရရင် ဖန်ဆင်းရှင် ထက် ဖန်ဆင်းခံကို ပိုပြီး စိတ်ဝင်စား နေတယ်။ သူအဖို့ ကယ်တင်ရှင်ဟာ သူ ပိုင်ဆိုင်ထားတဲ့ ဥစ္စာ ပစ္စည်းတွေလောက် အရေးမပါ လှဘူး။ မျက်စိနဲ့ မမြင်ရသေးတဲ့ ကောင်းကင် ဘဏ္ဍာတွေ အတွက် ယခု မျက်မှောက်မှာ တွေ့နေရတဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွတ်ရခြင်းဟာ သူ့အတွက် ဧရာမ ကြီးကျယ်တဲ့ စွန်းစားမှုကြီး တခု ဖြစ်နေတယ်။ ဒါကြောင့်လည်း ထာဝရ အသက်အတွက် လက်ကမ်းလာမှု တစ်ခုကို ငြင်းပယ် ခဲ့တာပဲ။  ဘ၀ရဲ့ ပြေးလမ်းကို အဆုံးတိုင်အောင် ပြေးခဲ့ပါတယ် ဆိုတဲ့ တမန်တော်ကြီး စိန်ပေါလ်၊ သူပြေးခဲ့တဲ့ ပြေးလမ်း ထဲ ကနေ ထွက်ပေါ်လာတဲ့ စကားသံတွေ ကတော့ “မြင်နိုင်တဲ့ အရာတွေဟာ အမြဲပဲ မမြင်နိုင်တဲ့ အရာတွေဟာ မြဲမြံမှု ရှိတယ်”လို့ ရင်ဖွင့် ခဲ့ပါတယ်။  ဒါပေမဲ့လို့ ထောင်ပေါင်း များစွာသော လူသားတွေဟာ ခရစ်တော်နဲ့ လောက အကြား ချိန်ထိုး စဉ်းစားရတဲ့ ပြင်းထန်တဲ့ စုံစမ်းခြင်းမျိုးတွေကို ကြုံတွေ့ရတဲ့အခါ အများစု၊ အတော့်ကို အများစုဟာ လောကဘက်ကိုပဲ အမှန်ခြစ်ပြီး မဲထည့် လိုက်ကြတယ်။

    ဒါကြောင့်လည်း သခင်ယေဇူးက “ငါ့သားသမီး တို့ .  .  .မိမိ ဥစ္စာကို မှီခိုသော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန် ၀င်ခဲ လှ၏။  ကုလားအုပ်သည် အပ် နဖားကို လျှို လွယ်၏။  ငွေရတတ်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ၀င်ခဲ ပါသည် ဆိုပြီး” သတိပေး မိန့်မှာ ခဲ့ပါတယ်။

    ကိုယ်တော်ရဲ့ အာဘော်က ချမ်းသာ ကြွယ်ဝတဲ့ လူတွေ အတွက် ကောင်းကင်မှာ နေရာ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။  “ခက်ခဲတယ်” ဆိုတဲ့ သဘောကိုသာ မေတ္တာနဲ့ အကျိုးမျှော်ပြီး နှိုးဆော် လိုက်တာပါ။

    ဓမ္မသစ် ကျမ်းကြီးရဲ့ ဦးနှောက် ဖြစ်တဲ့ စိန်ပေါလ် အနေနဲ့လဲ ငွေရှိခြင်း၊ ချမ်းသာ ကြွယ်ဝခြင်းတွေဟာ မကောင်းဘူးလို့ သူ မပြောဘူး။  သူ ပြောတာက “ငွေကို တပ်မက်ခြင်းဟာ မကောင်းတဲ့ အမှုတွေမှာ မူလ အရင်းအမြစ် ဖြစ်နေတယ်”လို့ ဆို ပါတယ်။
    လောကကြီးကို ကြည့်ပါ၊ ငွေမက်လွန်းတဲ့ သူတွေဟာ ငွေဒဏ် ခတ်ခြင်း ခံရတယ်။  ကိုယ်တော် ပြောခဲ့ဘူးတဲ့ စကားလေး ရှိတယ်။  ဆင်းရဲသော သူတို့သည် မင်္ဂလာ ရှိကြ၏။  အကြောင်းမူကား ကောင်းကင် နိုင်ငံသည် ထိုသူတို့၏ နိုင်ငံ ဖြစ်၏။  ဒီနေရာမှာ ဆင်းရဲလွန်းလို့ ကုန်းကောက်စရာ မရှိတာနဲ့ပဲ မင်္ဂလာတန်းပြီး ရှိသွား လာတော့ မဟုတ်ဘူး။  ဆင်းရဲ နွမ်းပါး၊ ညှဉ်းပန်း နှိပ်စက်၊ ရက်စက် ခေါင်းပုံ ဖြတ် ခံရလွန်းတဲ့အတွက် အဲ့ဒီ ဆင်းရဲသူဟာ လောကနဲ့ ဆိုင်တဲ့ အရာတွေကို ဘာမှ အား မကိုးတော့ပဲ ဘုရားရှင်ကိုသာ ယုံကြည် ကိုးစား၊ ရိုသေ ကိုင်းရှိုင်း၊ ဆက်ကပ် အပ်နှံပြီး ကိုယ်တော့်ကို မလွတ်တမ်း ဆုပ်ကိုင်ထားသူ ဖြစ်တယ်။

    လောကမှာ မကြွယ်ဝ၊ မချမ်းသာပဲ ဖြစ်ချင် ဖြစ်နေပါလေစေ ဘုရားသခင်နဲ့ အတူ အဲ့ဒီ ဆင်းရဲ ဒုက္ခတွေကို ခေါင်းမော့ ရင်ကော့ပြီး ခံစားနိုင်တဲ့ သူတွေဟာ ကိုယ်တော်ရှင် ပြောနေတဲ့ ဆင်းရဲတဲ့သူ တွေပဲ။ တကယ်တော့ မင်္ဂလာ မရှိဘူး ရှိတယ်ဆိုတာ ဘာ ပေတံနဲ့ တိုင်းသလဲ ဆိုရင် အဲ့ဒီ လူရဲ့လက်ထဲမှာ ဘုရားသခင်ရှိ မရှိ ဆိုတာနဲ့ တိုင်းဖြတ် ပါတယ်။

    တဖက်က ချမ်းသာ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း မိမိရဲ့ ချမ်းသာကြွယ်ဝမှု တွေဟာ ငရဲကို သွားဘို့ ကြိုတင် လိုင်စင် ရထားခြင်းမျိုး မဟုတ်ပါဘူး။ ရဟန္တာကြီး စိန်ဖရန်စစ် ဒီဆေးလ်ရဲ့ ဆုံးမ စကားဟာ ကြွယ်ဝသူတွေ အတွက် လက်တွေ့ကျပြီး အသက်ဝင် လှပါတယ်။  သူ့ရဲ့ သဘောထားကတော့ “အဆိပ်ကို ကိုင်တွယ်ခြင်းနဲ့ အဆိပ်ခတ် ခံရခြင်းဟာ လုံးလုံး လျားလျား ကွာခြား ပါတယ်တဲ့၊ သမားတော်တွေဟာ အဆိပ်တွေကို ကိုင်တွယ် နေရပေမဲ့လို့ သူတို့ အဆိပ်ခတ် မခံရဘူး။  အသုံးပြုဖို့ အတွက်သာ ထားရှိပြီး လောဘ စိတ်နဲ့ သိုမှီး မထားတဲ့ ကြွယ်ဝမှုဟာ အဆိပ်ခတ် မခံရခြင်း ပါပဲ။

    အဆိပ်ကို ကိုင်တွယ်သော်လဲ အဆိပ်ခတ် မခံ ရတဲ့ နည်းလမ်းဟာ ဘုရားသခင်ဆီမှာ ရှိပါတယ်။  တချို့ကတော့ မယ်မယ်ရရ မကိုင်တွယ်ရပဲနဲ့ကို အဆိပ် ခတ် ခံလိုက်ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမ်းစာမှာ ကိုယ်တော် အခုလို အတိ အလင်း ပြောထားပါတယ်။  “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင် မတတ် နိုင်သည် မဟုတ်။  ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူ၏။ ဒါကြောင့် သင်မတတ်နိုင်တဲ့ အရာကို ဘုရားသခင် မတတ်နိုင်ဘူးလို့ မထင် မိပါစေနဲ့။  စကြာဝဠာကြီးကို ကိုင်ထားတဲ့ ဘုရားက သင့်ရဲ့ လက်ကိုလည်း ကိုင်ထားပါတယ်။ သင်ကသာ သင့်ရဲ့ ဆန္ဒကို သင် ဦးချ ရှိခိုးနေရင် သင် ယုံကြည် ကိုးကွယ်နေတဲ့ သင့်ရဲ့၏ ဘုရားဟာ သင့် ဘုရားစင်ကနေ ဆင်းပေး ရလိမ့်မယ်။

    ပေးကမ်းခြင်းဟာ မေတ္တာရဲ့ ရုပ်သွင် ဖြစ်တယ်။  လှိုက်လှဲတဲ့ ပေးကမ်းခြင်းမျိုး ရှိနိုင်မှလည်း မေတ္တာဟာ တစထက် တစကြီးထွား ရင့်သန် လာမယ်။  တချို့သော ခွင့်လွှတ်ရခြင်းမျိုး တွေမှာ နာကျင်စေတတ်တဲ့ သဘောတွေ ရှိတယ်။  ဒါပေမဲ့လည်း သင့်မှာ မေတ္တာဆိုတာ ရှိနေရင် ပျော်ရွှင် ကြည်းနူးမှုတွေကို အဲ့ဒီ မေတ္တာကနေ ဆောင်ကြဉ်း ပေးပါ လိမ့်မယ်။  အပေးနဲ့ အယူဆိုတာ လောကီ လောကုတ္တရာ နှစ်ဖြာ စလုံးမှာ အလိုက်သင့် လဲလျောင်း တည်ရှိနေတယ်။  မယုံရင်ကြည့်လေ တအိပ်ထဲ အိပ်နေတဲ့ ကေသရာဇာ ခြသေ့င်္မင်းရဲ့ ပါးစပ်ထဲကို သား သမင်တွေ အလကား လာမ၀င်ဘူး။  ၀င်လာဖို့ အတွက် ထိုက်တန်တဲ့ အဖိုးအခ တစ်ခုကိုတော့ ကေသရာဇာဘက်က မဖြစ်မနေ ပေးချေ လိမ့်မယ်။  ၀ိညာဉ်ရေးမှာလည်း အလားတူ ပါပဲ ကိုယ်တော်ရှင် ပြောတာက အဆ တစ်ရာသော အကျိုးရဖို့ မင်း ပေးသွင်း ရမယ်တဲ့။  ဒါကြောင့် လိုချင်ရင် ပေးရမယ် ပေးခြင်း အားဖြစ်သာလျှင် ကျွန်ုပ်တို့ရမယ်။

    အိုအဘ ဘုရားသခင် ချမ်းသာ ကြွယ်ဝခြင်းသည် တံခါး များစွာကို ဖွင့်နိုင်သော သော့တစ်ချောင်း ဖြစ်ကြောင်းကို  တပည့်တော်တို့ အကြွင်းမဲ့ ယုံကြည် ကြပါသည်။ သို့သော်လည်း ကိုယ်တော်ရှင် ရှိနေသော တံခါးကို မဖွင့်နိုင် ခဲ့ပါက ဤကြွယ်ဝမှုများ အားလုံးကို တပည့်တော်တို့ထံမှ ဖယ်ရှား ပေးတော်မူပါ။  တပည့်တော်တို့ကို ကိုယ်တော်ထံသို့ ဖွင့်ဝင် နိုင်သော သော့ တစ်ချောင်းကို ပေးပါ။  ၀င်လိုစိတ်ကိုလည်း ပေးပါ။  ၀င်လည်း ၀င်စေပါ။

RVA ထုတ်လွှင့်ချက်မှ