Tuesday, March 26, 2013

နောင်အခါ

အမှားနှင့် အမှန်၊ အမှန်ကိုမြေလှန်
အမှားကို မြေဖုံး
ဖုံလုံးလုံး  ထရင်တောင်
အမှားဟာ အမှား
အမှန်ဟာ အမှန် ပါပဲ။
လူညီလို့ “ဤ” “ကျွဲ”ဖြစ်ရိုးလား
အများတကာ အသိပါပဲ။

လောက ဥပဒေ   . . . .
အနိုင် အရှုံး၊ အနိမ့် အမြင့်တွေနဲ့
အမှား အမှန်တွေ  ၊ဝေခွဲ မရလို
တွေဝေမနေနဲ့

နောင်အခါ အချိန်ကျရင်
ထိုင်စောင့်ကာ ကြည့်ပေပေါ့
အချိန်သည်သာ  အကောင်းဆုံး တရားသူကြီးဖြစ်လတ္တံ့

ဝေလီ

Read More...

Saturday, March 16, 2013

ထိုက်တန်သောရင်းနှီးမှုတစ်ခု

ကျွန်တော်တို့ အားလုံး နိဗ္ဗာန် (သို့) ကောင်းကင်ဘုံကို သွားချင်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မသေ ချင်ကြဘူး။ ပြောဆိုတဲ့ အဆိုကောင်းလေး ရှိပါတယ်။ နာကျင်ခြင်း ဒုက္ခဝေဒနာ ဆိုတာ ဖွံ့ဖြိုး၊ ကြီးထွား၊ ရင့်သန်ခြင်း၊ အသီးအပွင့် များပြားခြင်း၊ မွေးဖွားခြင်း၊ အသွင် သဏ္ဍာန် ပြောင်းလဲခြင်း တို့ရဲ့ အထွတ်အထိပ် အချိန် အမြင့်ဆုံးကာလတွေရဲ့ မရှိ မဖြစ်တဲ့ နိဒါန်း ဖြစ်ပါတယ်။

    အပင် သစ်တစ်ပင် ပေါက်ပြီး အညွှန့်ထွက်လာဖို့ မျိုးစေ့ဟာ မြေမှာကျပြီး အရင် သေရပါတယ်။ သား၊ သမီး မွေးဖွားတဲ့ အခါမှာ မိခင်က ကြောက်စရာ ကောင်းလှတဲ့ နာကျင်မှု ဝေဒနာကို အလူအလဲ ခံစားရပြီးမှ ကလေးဟာ လောက ကမ္ဘာထဲကို ရောက်ရှိ လာရပါတယ်။ နှင်းဆီပင်ဟာ အလင်းရောင် ကုန်ကာ ကောင်းကင်ယံကို အမှောင်ထု လွှမ်းမှ ကြယ်ကလေးတွေကို မြင်နိုင် ပါတယ်။

    အဲဒီလိုပါပဲ “ဘုရားရဲ့ အလွန် လှပတဲ့ ကျေးဇူးတော် လက်ဆောင်ဟာ နာကျင်ခြင်း ဝေဒနာဆိုတဲ့ Packing Paper လက်ဆောင်ထုပ်တဲ့ စက္ကူနဲ့ ထုပ်ပြီးလာပါတယ်။ အနာခံမှ အသာစံ ရတယ်။ ဒုက္ခရှိမှ သုခ ရှိမယ်။ အသေခံတဲ့ သောကြာနေ့ကြီး ရှိမှ ဘုန်းဂုဏ်တော်နဲ့ ရှင်ပြန် ထမြောက်တဲ့ တနင်္ဂနွေ ရှိမှာ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် နာကျင်ခြင်း ဝေဒနာ ဒုက္ခ အခက်အခဲဆိုတာ ရှောင်ရှားလို့ မရပါဘူး။ အစဉ် အမြဲ ရှိနေတယ်လို့ ဆိုလိုခြင်း ပါပဲ။ အသာစံ ရဖို့၊ သုခ ရဖို့ ဒုက္ခ ဝေဒနာဆိုတဲ့ တန်ဖိုး ပေးရမယ်ဆိုတဲ့ သဘောပါပဲ။
    ဒါပေမယ့်လည်း လူရော၊ တိရိစ္ဆာန်ရော အားလုံးသော သတ္တ၀ါတွေမှာ The Survival Instinct လို့ ခေါ်တဲ့ အသက်ရှင် သန်ရပ်တည်ရေး ပင်ကိုယ် မွေးရာပါ ဇာတိ သဘောလေးက နာကျင်မှု ဝေဒနာပေးတဲ့ အရာတိုင်းကနေ ချက်ခြင်း ရှောင်ရှား နောက်ဆုတ်အောင် ပြုလုပ် ထားပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံထဲက ဆဲလ်တိုင်းမှာ ဒီမွေးရာပါ ဇာတိက ပါဝင်ပြီး ဖြစ်ပါတယ်။

    နာကျင်မှု ဝေဒနာ လိုအပ်တယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြု လက်ခံဖို့ကတော့ လူတွေပဲ သီးသန့် ပြုလုပ်နိုင်တဲ့ ထိုးထွင်း အသိတရား လိုအပ်ပါတယ်။ နာကျင်မှု ဝေဒနာအား မနှစ်သက်၊ မလိုလားမှုကို ကျော်လွှားရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ တင်းမာမှုကို လူသားတွေကသာ တွေ့ကြုံ နိုင်ပါတယ်။

    ခရစ်တော်က “လူသားသည် ဝေဒနာများစွာကို ခံတော်မူရမည်။ ဘာသာရေး ခေါင်းဆောင်များ၊ ယဇ် ပရောဟိတ်ကြီးများနှင့် ကျမ်းတတ် ဆရာများသည် သူ့ကို ပစ်ပယ် ကြလိမ့်မည်။ လူသားသည် အသေခံ ရမည်။ သုံး ရက်မြောက်သောနေ့၌ ရှင်ပြန် ထမြောက်လိမ့်မည်။ ” (လုကား ၉း၂၂) လို့ ကြေညာ လိုက်တဲ့ အခါ တပည့်တော်ကြီးတွေဟာ အဲ့ဒီ တင်းမာမှု မျိုးကို ခံစား လိုက်ရပါတယ်။ ခရစ်တော် သူတို့ကို ထိုးထွင်း သိမြင် စေချင်တဲ့ ဝေဒနာ ခံထမ်းရမယ်။ လွတ်ဖို့၊ ရှောင်ဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ကို တပည့်တော်ကြီးတွေ မရရှိ၊ မမြင်နိုင် ဖြစ်သွားခဲ့ ပါတယ်။ ခရစ်တော် ဝေဒနာ ခံရမယ်၊ သေရမယ် ဆိုတဲ့ Idea သဘော တရားဟာ သူတို့ရဲ့ စိတ်ထဲမှာ လုံးဝ မရှိဘူး ဖြစ်နေခဲ့ ပါတယ်။ ခရစ်တော် ကတော့ သူ ဒုက္ခခံ၊ အသေခံ ရမယ့် အကြောင်း ရှင်းရှင်း လင်းလင်းပဲ ၃ ခါတောင် ကြိုတင် ပြောခဲ့ပြီး ဖြစ်ပါတယ်။ (မာကု ၈း၃၁-၃၃၊ ၈း၃၀-၃၂၊ ၁၀း၃၂-၃၄)

    ဒါကို ရှင်ပေတရုက (မာကု ၈း၃၂) အရ ပြင်းပြင်း ထန်ထန် ကန့်ကွက် ခဲ့ပါတယ်။ ခရစ်တော် ရှင်ပြန် ထမြောက်ပြီးတဲ့ အခါမှာတောင် ခရစ်တော် ဘာကြောင့် ဒုက္ခ ဝေဒနာ ခံထမ်းရတယ် ဆိုတာကို နားမလည် နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ဧမောက် ရွာသွား လမ်းပေါ်မှာ တပည့်တော် ၂ ပါးကို “မေရှိယသည် ဘုန်းအသရေတော်ကို မခံယူမှီ ဤသို့သော ဒုက္ခ ဝေဒနာကို ခံစားဖို့ရန် လိုအပ်သည် မဟုတ်ပါလော” လို့ ခရစ်တော်က မိန့်ကြား ခဲ့ပါတယ်။ ခရစ်တော် ဒီလို ဒုက္ခ ဝေဒနာ ခံစားလို့ ကျွန်တော်တို့လည်း ဒုက္ခ ဝေဒနာတွေ ရှိနေမယ်ဆို တာဟာ ဘုရားရဲ့ အလိုတော် ခွင့်ပြုချက် ဖြစ်ပါတယ်။

    ခရစ်တော် ဝေဒနာခံပြီး ကျွန်တော်တို့ကို ရွေးနှုတ် ကယ်တင် ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သေခြင်းမှ ထမြောက် ရှင်ပြန်ပြီး အီစတာ ဘုန်းဂုဏ်တော် ထွန်းတောက် ခဲ့ပါတယ်။ ချစ်ခြင်းနဲ့ နာခံခြင်းမှာ ဝေဒနာကို လက်ခံဖို့ ခရစ်တော် ကိုယ်တိုင် သင်ယူခဲ့ပါတယ်။ ဟေဗြဲ ၅း၈- မှာ “ကိုယ်တော်သည် ထာဝရ ဘုရား၏ သားတော်ပင် ဖြစ်သော်လည်း ဆင်းရဲ ဒုက္ခများကို ခံခြင်း အားဖြင့် ထာဝရဘုရား၏ စကားတော်ကို နားထောင်တတ်ရန် သင်ယူ တော်မူ၏။” လို့ မှတ်တမ်း တင်ထားပါတယ်။

    ခရစ်တော်ဟာ ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်း ခံစဉ် ကတည်းက မိမိ ဖြည့်ဆည်း ရမယ့် ဟေရှာယ အနာဂတ္တိကျမ်း ၅၂း၁၃ မှ ၅၃း၁၂ က ဒုက္ခ ဝေဒနာ ခံစားရတဲ့ ထာဝရဘုရားရဲ့ အစေခံ အကြောင်း ဆင်ခြင်နေပြီး ဖြစ်ပါ လိမ့်မယ်။ ခရစ်တော်ဟာ ကားတိုင်ပေါ်မှာ ကျွန်တစ်ယောက်လို အသေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်များ အတွက် ဒဏ် ဆပ်ဖြေခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီအတွက်ကြောင့်လည်းပဲ မဟာ တန်ခိုးတော်နဲ့ ပြည့်စုံတဲ့ ထာဝရ ဘုရားရဲ့ သားတော် အဖြစ် ဘုန်းတော် ထင်ရှား ခဲ့ရပါတယ်။

    ဂျော်ဒန်မြစ်မှာ ကောင်းကင်က အသံဟာ (မာကု ၁း၁၁) “သင်ကား ငါ၏ ချစ်သား ပေတည်း။ သင့်ကို ငါ နှစ်သက် မြတ်နိုး ၏။” လို့ ဖြစ်ပေ မယ့်၊ ဟေရှာယ ၄၂း၁ က “ငါ ထောက်မသော ငါ့ကျွန်၊ ငါ နှစ်သက်မြတ်နိုးရာ၊ ငါ ရွေးချယ်သော သူကို ကြည့်ရူလော့၊” ဆိုတဲ့ ဘုရားရဲ့ ကျွန်တော်ကို ရှင်းရှင်း လင်းလင်း ရည်ညွှန်း ထားပါတယ်။

    အဲ့ဒီ ကျွန်ဟာ ဟေရှာယ ၄၂း၁-အရ သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားနဲ့ ပြည့်ဝ ပါတယ်။ ဟေရှာယ ၆၁း၃- သူဟာ ဆင်းရဲသားများကို သတင်းကောင်း ကြေညာ ဟောပြောမဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် (ဟေရှာယ ၄၂း၆၊ ဟေရှာယ ၅၀း၁၀၊ ဟေရှာယ ၅၃း၁၁) အရ ဂျူး မဟုတ်သူတွေရဲ့ အလင်းတော်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် (ဟေရှာယ ၅၃း ၁၂ ၊ ၃၊ ၄၊ ၇၊ ၈) က သူဟာ အများအတွက် ဝေဒနာ ခံထမ်းပြီး အများ ကိုယ်စား ဒုက္ခစရိယာ ခံတဲ့သူ ဖြစ်ပါတယ်။ (ဟေရှာယ ၅၃း၁၀)

    ဓမ္မဟောင်းကို ပြည့်စုံစေမယ့် ဒုက္ခ ဝေဒနာခံ စားရခြင်း အကြောင်းတွေကို ပြောတဲ့အခါ တပည့်တော်ကြီး တွေဟာ ထိတ်လန့်ရုံသာ ဖြစ်ပြီး နားမလည် နိုင်ခဲ့ကြပါဘူး။ တပည့်တော်ဟာ သူ့အတွက် စိုးရိမ် ပူပန်မှုကြီး ခဲ့ပါတယ်။ ခရစ်တော် ကိုယ်တိုင်လည်းပဲ ငြင်းပယ်ခြင်း ခံနေ ခဲ့ရပါတယ်။

    အဲ့ဒီ အခြေအနေတွေ အတိုင်းပဲ ခရစ်တော်ဟာ ငြင်းပယ် ခံနေရတယ်။ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဆန့်ကျင်ဘက် လုပ်တာကို ခံနေရပါတယ်။ တရား ဇရပ်တွေကလည်း သူ့ကို လက်မခံ တော့ဘူး။ တရားဟောခဲ့တဲ့ မြို့ရွာတွေကလည်း သူ့ကို ရန်လို နေကြတယ်။ သူ့ရဲ့ အသက်ဟာ အန္တရာယ်တွေ ၀ိုင်းဝိုင်းလည် နေပါတယ်။ တပည့်တော် တွေကလည်း သူ့အတွက် စိုးရိမ် ပူပန် နေကြပါတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကလည်း အားနည်း နေခဲ့ပါပြီ။ လူ့ အဖြစ်ယူတဲ့ ဘုရား ကယ်တင်ရှင် မက်ဆီးယားပါလို့ ကြွေးကြော် ၀န်ခံမှုက ဘယ်အချိန်မှာများ အကောင်အထည် ဖော်မလဲ။ ဘုရားရဲ့ သားတော်ဆိုတာကို သူတို့ မသိ။ ဒါကို ခရစ်တော် အနေနဲ့ အကောင်အထည် မဖော်ခဲ့ရင် သူတကယ်လို့ ကားတိုင်မှာ အသေခံ ခဲ့တဲ့ အချိန် ဘယ်လိုများ ရပ်တည် ကြမလဲ။ ဘယ်ပုံများ လက်ခံ ကြမလဲ။

    အဲ့ဒီလို ခွန်အားတွေ ယုတ်လျော့ပြီး ယုံကြည်မှုတွေ ယိမ်းယိုင်နေတဲ့ အချိန် စိုးရိမ် ပူပန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်၊ မိမိ ကိုယ်တိုင်နဲ့ရော သူတစ်ပါးနဲ့ရော တင်းမာမှုတွေ ဖြစ်နေချိန်၊ ရန်သူတွေ ၀ိုင်းဝိုင်း လည်နေတဲ့ အချိန်၊ လူတွေ ငြင်းပယ်ပြီး ရန်လိုနေတဲ့ အချိန်မှာ ခရစ်တော်ဟာ တပည့်တော် သုံးပါးကို ခေါ်ကာ တာဘော တောင်ပေါ်တက်ပြီး ဒူးထောက် ဆုတောင်း မေတ္တာ ပြုခဲ့ပါတယ်။  ဆုတောင်း မေတ္တာ ပြုနေစဉ်မှာပဲ မျက်နှာတော်ရဲ့ အဆင်းအရောင်ဟာ ထူးခြား လာပြီး အ၀တ်တော်ဟာ ဖြူဖွေး တောက်ပ လာပါတယ်။ ဘုန်း အသေရေတော်နဲ့ ထွန်းတောက် လာခဲ့ပါတယ်။ တစ်နည်း ပြောရရင် အဆင်း သဏ္ဍာန် ပြောင်းလဲ ခဲ့ပါတယ်။ ပရောဖက် မောရှေနဲ့ ဧလိယကလည်း ပေါ်လာပြီး ခရစ်တော် ဂျေရုဇလင်မြို့မှာ အသေခံရမယ့် အကြောင်းကို ကိုယ်တော်နဲ့ အတူ ပြောဆို ကြပါတယ်။ မိုးတိမ်တစ်ခု ဖုံးအုပ်လာပြီး “ဤသူကား ငါ၏ သားတော် ဖြစ်၏။ သူ့အား ငါ ရွေးကောက်တော်မူပြီ။ သူ၏ စကားကို နားထောင် ကြလော့” ဆိုတဲ့ အသံ ထွက်ပေါ် လာခဲ့ကြောင်း ဒီနေ့ ကြားနာ ခဲ့ရပါတယ်။

    ဒီ ဖြစ်ရပ်အားဖြင့် ခရစ်တော်ဟာ တပည့်တော်ကြီးကို တရား ပေးလိုက်တာက “ငါဟာ ဒုက္ခ ဝေဒနာ ခံစားရမယ်လို့ ပြောခဲ့တဲ့ အတွက်ကြောင့် အမြင်မှားပြီး ခလုတ် မဖြစ်စေနဲ့။ ဝေဒနာ ခံစားခြင်းနဲ့ သေခြင်းမှ ရှင်ပြန် ထမြောက်ဟာ ပိုက်ဆံ အကြွေစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပဲ ခွာပစ်လို့ မရဘူး။ အတူတူ ရှိနေမယ်။ မင်းတို့နဲ့ ငါ အခု ရှိတာကတော့ ပထမ အဆင့်ဖြစ်တဲ့ ဒုက္ခ ဝေဒနာ ခံစား နေကြရတယ်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တစ်နည်း ကားတိုင်မှာ ဝေဒနာ ခံစားခြင်းဆိုတာဟာ တပည့်တော်တွေ အနေနှဲ့ Scandal ခလုတ် မဖြစ်စေဖို့ ဘုန်းဂုဏ်ပြ အဆင်းပြောင်းလဲ ခဲ့တာပါပဲ။ ကျမ်းရေး ပုဂ္ဂိုလ် ရှင်လုကားက- ခရစ်တော် ဆုတောင်း ပတ္ထာနာ ပြုဖို့ တောင်ပေါ် တက်တယ်လို့ ပြောထားပါတယ်။ ဒီနေရာမှာ ခရစ်တော်က ပရောဖက်တွေရဲ့ မျှော်လင့်ချက်၊ ကြိုတင် အနာဂတ္တိ စကားတွေ ပြည့်စုံဖို့၊ ဘုရားရဲ့ အလိုတော်ကို ပြည့်ပြည့်၀၀ ဖြည့်ဆည်း နိုင်ဖို့ တစ်နည်းပြော ရရင် ဒုက္ခ ဝေဒနာ ခံစားရမယ် ဆိုတာတွေကို လူ့ သဘောအရ မငြင်းပယ်ပဲ လက်ခံနိုင်ဖို့ ခွန်အားကို တောင်းတာ ဖြစ်တယ်လို့ ကျွန်တော် ရဲရဲကြီး ပြောလို့ရပါတယ်။

    တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် အဆင်း သဏ္ဍာန် ပြောင်းလဲခြင်းဆိုတာ မဖြစ်ခင် ဆုတောင်း ပတ္ထနာပြုခြင်းက အရင် လာပါတယ်။ ရှင်လုကား ရေးသားထားတဲ့ ရှင်လုကား ခရစ်ဝင်ကျမ်းနဲ့ တမန်တော် ၀တ္ထုတွေမှာ ထူးခြားတဲ့ ဖြစ်ရပ် မဖြစ်ပေါ်ခင် ဆုတောင်း မေတ္တာပြုတယ် ဆိုတာက အမြဲ လာပါတယ်။ ရှင်လုကားက ကြီးမားတဲ့ ဘုရားရဲ့ ကျေးဇူးတော်၊ ဘုရားရဲ့ တန်ခိုးတော် ဖော်ပြခြင်းနဲ့ ဆုတောင်း မေတ္တာကို တစ်ထူး တစ်ခြား တွဲလျှက် ရှိနေတာကို အလေးထား ပြောဆို ရေးသား တရားပေး ခဲ့ပါတယ်။

    ဒီနေ့ မျက်မှောက်ခေတ်မှာ ဆုတောင်း ပတ္ထနာ ပြုခြင်းဟာ အလွန် အင်မတန် လိုအပ် နေပါတယ်။ ကျွန်တော်တို့ ဆုတောင်းသင့် သလောက် ဆုတောင်းဖို့ အသင်းတော်က လုံလောက်တဲ့ ဇွဲ လုံ့လ မရှိဘူး ဖြစ်နေပါတယ်။ သင်တို့ မရတာ၊ မဖြစ်တာက ဘုရားဆီ သင်တို့ ဆုမတောင်းကြတဲ့ အတွက် ဖြစ်တယ် ဆိုတဲ့ ယာကုပ် ၄း၂ ကို သတိ ထားသင့်ပါတယ်။

    ဒီတော့ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာမှာလည်း ခက်ခဲ ပူဆွေးပြီး အနှောင့် အယှက်ဖြစ်နေတာတွေကို ဖြေရှင်း ကျော်လွှားဖို့ ခရစ်တော်လိုပဲ အဆင်း သဏ္ဍန်ပြောင်းလဲတဲ့ အတွေ့အကြုံမျိုးကို ခံစားရပြီး ကောင်းကင်ရဲ့ အရသာလေးကို ကြိုတင် ခံစား ရဖို့၊ ကြီးကျယ် မြင့်မြတ်တဲ့ ဖြစ်ရပ်တွေ မဖြစ်ခင်မှာ ဆုတောင်း မေတ္တာပြုကြဖို့ တရားပေး နေပါတယ်။ ဆုတောင်း မေတ္တာပြုမှလည်း ကြီးကျယ် မြင့်မြတ်တာတွေ၊ ဘုရား ကျေးဇူးတော်တွေ ရရှိ ခံစား ရမှာ ဖြစ်ပါတယ်။ ဆုတောင်း မေတ္တာ ပြုရမယ်။ ဘုရားနဲ့ သီးသန့်တွေ့ဖို့ အချိန် သတ်မှတ် ထားရမယ်။ သမ္မာကျမ်းစာ၊ တရားစာ လေ့လာ ဖတ်ရှု ဆုတောင်းဖို့ အချိန် ပေးရမယ်။ ဘုရားကို အစေခံဖို့၊ သာသနာတော်မှာ ပါဝင် လှုပ်ရှားဖို့ ဆက်ကပ် ရပါ့မယ်။
    ရှင်မာကု ၉း၇-၈ မှာ အသံတော် ထွက်တော်မူပြီးနောက် သခင် ယေဇူး တစ်ပါးတည်းကို သာလျှင် တပည့်တော် တို့ မြင်ကြရ၏ လို့ ဆိုကာ မှတ်တမ်းတင် ထားခဲ့ပါတယ်။ မိုးဇယ်လည်း မရှိတော့၊ ဧလိယလည်း ပျောက်သွား ခဲ့ပါပြီ။ သူတို့ သိတဲ့ ခရစ်တော်၊ တစ်ခါ တစ်ရံ ဆာလောင်တဲ့ ခရစ်တော်ကိုသာ တွေ့ရပါတယ်။ အရောင်တွေ၊ ဘုန်း ဂုဏ်တော်တွေ ထွန်းတောက် နေတဲ့ စပါယ်ရှယ် ခရစ်တော်ကို မတွေ့ရပဲ နေ့စဉ် တွေ့မြင် နေကျ ခရစ်တော်ကိုပဲ တွေ့မြင် နေရပါတယ်။

    ကျွန်တော်တို့ အားလုံးဟာလည်း ဒီလိုပါပဲ နေ့ စဉ် ဘ၀ အသက်တာမှာ သွားလာ လှုပ်ရှား ရုန်းကန်နေတဲ့ အချိန်၊ အလုပ်ခွင်မှာ လုပ်ကိုင်နေစဉ်၊ လမ်းပေါ်မှာ သွားလာ နေစဉ်၊ ဆုတောင်း နေစဉ်မှာ ခရစ်တော် တွေ့ရှိဖို့ပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ကို သာမန် အရာတွေမှာ နေ့စဉ် တွေ့နိုင်အောင် ကြိုးစား ရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခရစ်တော်က ထူးထူး ခြားခြား ကြီးကြီး ကျယ်ကျယ် သာမန်ထက် ကဲလွန်ပြီး မပြ တတ်ပါဘူး။

    တာဘော တောင်ပေါ်မှာ တပည့်တော် သုံးပါးကို အဆင်းသဏ္ဍာန် ပြောင်းလဲပြီး ဘုန်း ဂုဏ်တော်နဲ့ ထွန်းတောက်လျှက် ထင်ရှား ပြခဲ့တဲ့ ခရစ်တော်ဟာ နေ့စဉ် ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာမှာ ကျွန်တော် တို့နဲ့ အတူ ရှိနေပါတယ်။ ကျွန်တော်တို့လည်း ဘုရားကျောင်းထဲမှာ ဆုတောင်း နေတဲ့ အချိန်၊ သမ္မာ ကျမ်းစာ ဖတ်ရှု လေ့လာနေတဲ့ အချိန်၊ သမ္မာကျမ်းစာက ဖြစ်ရပ်တွေကို ကမ္မဌါန်း ရှုပြီး စိတ်ပုတီး စိပ်နေတဲ့ အချိန်၊ ကိုယ်တော်မြတ် ပင့်နေတဲ့ အချိန်၊ ကိုယ်တော်မြတ်ဖူးတဲ့ အချိန်မှာ စိတ်ချမ်းမြေ့ ပျော်ရွှင်မှု ရကြပါတယ်။ အဆင်း သဏ္ဍာန် ပြောင်းလဲသလို ၀ိညာဉ်မှာ ခံစား ရပါတယ်။ စိတ်အား တက်ကြွမှုတွေ၊ ဘာသာရေးမှာ ကြိုးစားချင်စိတ်တွေ တဖွားဖွား ဖြစ်လာပြီး ဘုရားကို ဆပ်ကပ်လိုတဲ့ စိတ်လည်း တဖွားဖွား ဖြစ်တတ် ပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့ အခါမှာတော့ သာမန် ငြီးငွေ့စရာ ဘ၀၊ လုပ်နေကျ ဘ၀ ပြန်လှုပ်ရှား ရပြန်တယ်။

    ဒါကြောင့် ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာမှာ ကောင်းကင်က အသံ ဖြစ်တဲ့ “သူ၏ စကားကို နားထောင် ကြလော့” ဆိုတဲ့ အတိုင်း နေ့စဉ် တွေ့ကြုံ နေရတဲ့ ဒုက္ခ ဝေဒနာတွေကို ခံထမ်းပြီး နေ့စဉ် ဖြစ်သမျှ အရာတွေ၊ ကြုံဆုံ ရသမျှတွေမှာ ခရစ်တော်ကို ရှာဖွေ ကြပါစို့။ ဧ၀ံဂေလိ သမ္မာကျမ်းစာ တော်မြတ်ထဲမှာ   လူတစ်ယောက်သည် အထံတော်သို့ ပြေး၍ ဒူးထောက်လျက် ကောင်းမြတ်သော ဆရာ ထာဝရအသက်ကို အမွေ ရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော် ယေဇူးက ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။  ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ် တော်မူ၏။

    ဟုတ်ပါတယ်။ ကောင်းမြတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုရားသခင် တပါးထဲပဲ ရှိပါတယ်။  ဘုရားသခင်သည် သာလျှင် ပကတိအားဖြင့် ကောင်းတယ်။  လူဟာ ဇာတိ သဘောအားဖြင့် ကောင်းတာ မဟုတ်ဘူး။  ဒါပေမဲ့လို့ ကျေးဇူးတော်အားဖြင့်တော့ ကောင်းနိုင် ပြန်သေးတယ်။

    တကယ်တော့ သခင်ယေဇူးဟာ ကောင်းမြတ်ခြင်း ဆိုတဲ့ ဂုဏ်ပုဒ် ၀ိသေသနနဲ့ လုံးလုံး လျားလျားကြီးကို ထိုက်တန် ပါတယ်။  ဒါပေမဲ့လို့ ဒီနေရာမှာ ကိုယ်တော်ဟာ ခမည်းတော် ဘုရားရဲ့ ဂုဏ်တော်ကိုသာ ရှေ့တန်း တင်ပြီး ချီးမွမ်း လိုက်တယ်။  အဓိပ္ပါယ်ကတော့ ၀ိညာဉ်ရေး ပြေးလမ်းမှာ ပြေးပွဲ ၀င်နေကြတဲ့ ကျွန်ုပ်တို့ကို လောကရဲ့ အပင့် အမြှောက်တွေကြောင့် စိတ်ကြီး ၀င်ပြီး ၀ိညာဉ်ရေးမှာ သောင်တင် သွားမှာစိုးတဲ့ အတွက် အခုလို သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်တယ်။

    မိမိရဲ့ အားနည်းခြင်း အမှုကို အရင်ဆုံး မြင်တွေ့မှ အောင်မြင်မှုကို ရနိုင်မယ်။  စွမ်းအင်ကို လိုချင်ရင် ပထမဦးဆုံး မိမိဟာ စွမ်းအား မဲ့နေကြောင်းကို သိဖို့ လိုတယ်။ အောင်မြင်မှုကို လိုချင်ရင် ငါဟာ မအောင်မြင် သေးပါလားဆိုတာ သတိတရ ရှိနေဖို့ လိုလိမ့်မယ်။

    ကောင်းမြတ်တဲ့သူ ဖြစ်လာချင်ရင် ရှေးဦးစွာ မိမိဟာ အပြစ်နဲ့ ပြည့်ဝနေသူ ချို့တဲ့အားနဲ နေသူ တန်ဖိုးမဲ့ ဖြစ်နေသေးသူရယ်လို့ ၀န်ခံဖို့ လိုတယ်။  ဒီတော့မှ မိမိဟာ ငါ အများကြီး လိုနေပါသေးလားလို့ အဖြစ်မှန်ကို မြင်တွေ့ လာပြီး မိမိရဲ့ နိမ့်ကျတဲ့ အဖြစ်တွေကြောင့် နှိမ့်ချတဲ့စိတ် ရှိလာမယ်။  တချိန်ထဲမှာပဲ ဘုရားရှင် အပေါ်မှာ ပိုမို မှီခို အားထား လာမယ်။  ဒီလို ပုဂ္ဂိုလ်မျိုးမှ မင်္ဂလာရှိတယ်ဆိုတဲ့ အကြောင်း သံမာတေဦး အခန်းကြီး ၅၊ အခန်းငယ် ၃ မှာ အခုလို တွေ့ရပါတယ်။  “စိတ် နှလုံး နှိမ့်ချသော သူတို့သည် မင်္ဂလာ ရှိကြ၏။  အကြောင်းမူကား ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံ ဖြစ်၏။”

    ဖာရီဇေဦးတွေကို ကြည့်ပါ။ ပညတ်တော် အချို့ကို ၉၀ ဒီဂရီ ထောင့်မှန် ကျအောင် လိုက်လျှောက်ခြင်း အားဖြင့် မိမိတို့ဟာ အင်မတန်မှ ဖြောင့်မတ် လှပြီ၊ သူတော်စင် သူတော်ကောင်း၊ ကောင်းမြတ်တဲ့ သူဟာ ငါ တို့တွေပဲလို့ ခံယူထားတဲ့ အတွက် မိမိရဲ့ အမှန်တကယ် ဆင်းရဲ အားနည်းနေမှုတွေကို မမြင် မတွေ့နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။  ဖာရီဇေဦးတွေရဲ့ ဘ၀ ဖြစ်ရပ်မှန်ကို ပုံဖေါ်ပြီး ကြည့်မယ် ဆိုရင် သူတို့ဟာ စောင်းနေတဲ့ အိုး တအိုးနဲ့ သွားတူတယ်။ စောင်းနေတဲ့ အိုးထဲ မိုးရေ ဘယ်လောက်ပဲ ကျကျ မပြည့်ပဲနဲ့ကို လျှံကျ သွားလိမ့်မယ်။  လောကရဲ့ ယေဘူယျ စည်းမျဉ်းအရ ဆိုရင် ပြည့်နေတဲ့ အရာထဲ ထပ်ထည့်ရင် လျှံကျ လိမ့်မယ်။  အဲလို မဟုတ်လား လျှံတယ် ဆိုတဲ့ သဘော လက္ခဏာဟာ ပြည့်နေလို့ပါ ဆိုပြီး ကောက်ချက် ချနိုင်တယ်။ ဒါပေမဲ့လို့ စောင်းနေတဲ့ အိုးကျတော့ သူ့ရဲ့ အနေအထား ပုံမမှန်မှုဟာ မပြည့်ပဲနဲ့ကို လျှံကျ စေပါတယ်။  လျှံကျတဲ့ ဖြစ်ရပ် သက်သက်လေးကိုသာ ကြည့်ပြီး ဖာရီဇေဦးတွေက ငါတို့ဟာ ပြည့်ဝ နေပြီလို့ မှားယွင်းစွာနဲ့ မှတ်ယူခဲ့တယ်။  တကယ်တော့ ဒီနေရာမှာ လျှံကျရတဲ့ တရားခံဟာ ပြည့်ဝလို့ မဟုတ်ပဲ စောင်းနေလို့သာ ဖြစ်တယ်။ ငါ ဟာ ကောင်းပါတယ် ဆိုတဲ့ ခံယူချက်နဲ့ ဘုရားသခင်ဆီကို ချဉ်းကပ်ရင် သင်သွားရမယ့် ခရီးကို ဆွဲဆန့် ပစ်မဲ့ အရာဟာ အဲ့ဒီ ကောင်းပါတယ်ဆိုတဲ့ အချက်ပဲ။

    ဒီကနေ့ သမ္မာ ကျမ်းစာတော်မြတ်ထဲမှာ ထာဝရ အသက်ကို ရယူချင်တဲ့ အတွက် ဘာတွေများ လုပ်ရမလဲလို့ သခင်ယေဇူးကို မေးလိုက်တဲ့ အခါ ကိုယ်တော် ပြန်ဖြေတဲ့ အချက်တွေဟာ အံ့သြစရာ ဖြစ်ဖို့ ကောင်းသလို ခံစား ရနိုင်တယ်။  ဘာဖြစ်လို့လဲ ဆိုရင် ပညတ်တော် ၁၀ ပါးရှိတဲ့ အနက် ဘုရားနဲ့ ဆိုင်တဲ့ ပညတ်တော်တွေကို ကိုယ်တော် တချက်လေးမှ ထည့်မပြောပဲ၊ လူနဲ့ ဆိုင်တဲ့ ပညတ်တော်တွေကိုသာ တစ်ခုစီ တန်း ဒေါက်ဒေါက်ဒေါက်ဒေါက်နဲ့ ပြောချ သွားတယ်။  ဒါဆိုရင် ကိုယ်တော်ရှင် အလုပ်တွေ ရှုပ်လွန်းလို့ ပြောဘို့ မေ့များ သွားသလား။  မမေ့ဘူး။ မမေ့ဘူး ကိုယ်တော်ရှင်ဟာ သံယောဟန် ပြောခဲ့တဲ့ မြင်နိုင်တဲ့ လူကိုမှ သင် မချစ်နိုင်ရင် မမြင်နိုင်တဲ့ ဘုရားကို ဘယ်လိုလုပ်ပြီး ချစ်နိုင်မှာလဲ ဆိုတဲ့ အချက်ကို အခြေခံ ထားပြီး လူနဲ့ ဆိုင်တဲ့အရာတွေကိုသာ တာစူ ပေးလိုက်ခြင်း ဖြစ်တယ်။
    သခင်ယေဇူးဟာ ပြည့်ဝ စုံလင်စေဖို့အတွက် ပိုင်ဆိုင်တာတွေကို ထုခွဲပြီး ဆင်းရဲသားတွေကို ပေးရမယ်လို့ ဆိုထားပါတယ်။  အဓိပ္ပါယ် တစ်ခြမ်းကတော့ ကပ်လာတဲ့ ရေညှိတွေကို အခြစ်ချ ခိုင်းတဲ့ သဘောပဲ။  သစ်ချသီးထက် မကြီးတဲ့ ပုစွန်ဆိတ်၊ ဂဏန်းငယ်စတဲ့ အကောင် သေးသေးလေးတွေဟာ တန်ပေါင်းများစွာ လေးလံတဲ့ သင်္ဘောကြီး တစီးရဲ့ အသွားနှုန်းကို နှေးပစ်နိုင်တယ်။  ပင်လယ်ကူး သင်္ဘောကြီးတစီးဟာ ၆ လ လောက်ကြာတဲ့ အခါ ၂ လက်မကနေ ၃ လက်မလောက် ရှိတဲ့ ရေညှိတွေ တက်လာနိုင်တယ်။  အဲ့ဒီ အလွှာဟာ တန် ၁၀၀ အထိ လေးနိုင်တဲ့ အတွက် သင်္ဘောရဲ့ အမြန်နှုန်းကို ၁၀% ထက်ကျော်ပြီး လျှော့ချ လိုက်နိုင်တယ်။  အနှောင့် အယှက်ပေးနေတဲ့ ရေညှိနဲ့ အဲ့ဒီ သတ္တ၀ါလေးတွေကို ဖယ်ရှား ပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ သင်္ဘော ဒေါက်တင်တဲ့အခါ ဒီအရာတွေကို ခြစ်ပစ် လိုက်ခြင်းသာ ဖြစ်တယ်။

    အဘ ခမည်းတော် ဘုရားဆီကို ပန်းတိုင် ထားပြီး ဘ၀ ရွက်လွင့်နေကြတဲ့ ကျွန်ုပ်တို့မှာလည်း ကြွယ်ဝမှုတွေကြောင့် အလားတူ လောဘ၊ ဒေါသ၊ မာန အစရှိတဲ့ ရေညှိ အမျိုးမျိုး ကပ်ငြိ လာနိုင်တယ်။  ဒီအခါ အလွန် လေးလံလာပြီး  မိမိတို့ရဲ့ လူသား ဘ၀ တိုးတက်မှု အထူးသဖြင့် ၀ိညာဉ်ရေးရဲ့အသွားနှုန်းကို ဆုတ်ယုတ် လာစေပါတယ်။  ရွှေတွေ၊ ငွေတွေ၊ ဂုဏ်တွေ၊ ပကာသနတွေဟာ လူ့ဘ၀ကို အတိုင်းအတာ တခုအထိ နှေးကွေးစေနိုင်တဲ့ အတွက် ခရီး ဝေးဝေးသွားရမယ့် သူဟာ ပေါ့ပေါ့ ပါးပါး သွားမှ ဖြစ်မယ်။

    နောက် အဓိပ္ပါယ် တခြမ်းကတော့ မျှဝေခြင်းပဲ ဖြစ်ပါတယ်။  ရေဟာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းသလို၊ ကြွယ်ဝမှု တွေဟာလဲ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းဖို့ ကောင်းတယ်။ ဒါမှ ကျန်းမာရေးနဲ့ ညီမှာ ဒါကြောင့်လဲ သူတော်စင် တဦးက အခုလို “သင့်ဆီမှာ ပိုလျှံ နေတဲ့ အရာတွေဟာ၊ ဆင်းရဲသားတွေရဲ့ အမွေ အနှစ်နဲ့ ရပိုင်ခွင့် များဖြစ်တယ်။  သင်က ဆင်းရဲသားတွေကို ပေးတယ်။  လက်ခံလိုက်တဲ့ သူဟာ ဘုရား  .  .  .။  ဒါဟာ ဘုရားသခင် ကိုယ်တော်တိုင် ခွဲတန်းချ ထားတဲ့ အခွန် အကောက်တွေသာ ဖြစ်တယ်လို့” ဆိုပါတယ်။

    ဧ၀ံဂေလိ ကျမ်းစာတော်မြတ်မှာ သခင် ယေဇူးဟာ ဆင်းရဲသားတွေကို ဝေငှဖို့ ပြောပြီးတဲ့နောက် သူ့ နောက်ကို လိုက်ဖို့ ဖိတ်ခေါ် ထားတယ်။  သခင် ယေဇူးရဲ့ နောက်တော်ကို လိုက်ဖို့ ဒီလောကကို စွန့်ပစ်ခြင်းက ကောင်းကင် နိုင်ငံတော်ရဲ့ ကြီးမြတ်တဲ့ ဘဏ္ဍာကို ရယူခြင်း ဖြစ်တယ်။  လောကီ စိုးပိုင်ခြင်းတွေနဲ့ လေးလံနေတဲ့ သူတယောက်က ခေါ်တော်မူခြင်းကို နား မလည်နိုင်ဘူး။  နားမလည်တဲ့ အပြင် ခေါ်တော်မူခြင်း နောက်ကို လိုက်တဲ့ သူတွေကိုတောင်မှ မိုက်မဲသူ တွေပါလို့ သဘောပေါက် တတ်တယ်။  ငါ့ နောက်လိုက် ဆိုတာ သူ့ ခြေရာကို အနင်း ခိုင်းတာ။  ခြေရာ အနင်းခိုင်းတယ် ဆိုတာက သူ ကျင့်ကြံ တွေးခေါ် ပြောဆို ပြုမူတာတွေကို ကော်ပီကူး ခိုင်းတာ။  မိတ္တူ လုပ်ခိုင်းတာ။  တနည်းအားဖြင့် ပြောရရင် လက်ရှိ ဘ၀ကြီးကို ပြောင်းပစ် ခိုင်းနေတာ။

    ဒီကနေ့ သမ္မာ ကျမ်းစာတော်မြတ်ထဲမှာ ငါ့နောက်လိုက်လို့ အပြောခံ လိုက်ရတဲ့ ပုဂ္ဂိုလ်ဟာ မျက်စိ၊ မျက်နှာတွေ ပျက်ပြီး စိတ် မသက်မသာနဲ့ အထံတော်ကနေ ထွက်ခွါ သွားတယ်လို့ ဆိုပါတယ်။  ထွက်ခွါရတဲ့ အကြောင်းကလည်း ချမ်းသာ ကြွယ်ဝမှုကြောင့် ဖြစ်တယ်လို့ ဆက်လက် ဖေါ်ပြထားတယ်။

    ဒီနေရာမှာ ကျွန်ုပ်ကြားခဲ့ဘူးတဲ့ အဖြစ် အပျက်လေးတခုက ဒီလို .  .  .

    တခါတုန်းက အလွန် ချမ်းသာ ကြွယ်ဝပေမယ့်လို့ တကိုယ်ကောင်း ဆန်ဆန်၊ မလှူ မတန်း၊ မပေး မကမ်းပဲ အသက်ရှင်နေတဲ့ ဘာသာဝင် တစ်ဦးကို ဆုံးမ ပဲ့ပြင်ချင်တဲ့ အတွက် ဓမ္မဆရာကြီး တစ်ဦးဟာ အဲ့ဒီ ပုဂ္ဂိုလ်ဆီကို သွားရောက်ခဲ့တယ်။ သူ့ရှေ့ကို ရောက်တဲ့ အခါ သမ္မာကျမ်းစာအုပ်ကို ဖွင့်လိုက်တယ်။  ဒါပေမဲ့ ကျမ်းချက်တွေကိုတော့ တစ်ချက်လေးမှ ရွတ်မပြဘူး။  ကျမ်းစာထဲမှာ ပါတဲ့ ဘုရားသခင်ဆိုတဲ့ စာလုံးကို လက်ညှိုးနဲ့ ထောက်ပြပြီး အဲ့ဒီ စကားလုံးကို ခင်ဗျား တွေ့ရလားလို့ မေးလိုက်တယ်။  အဲ့ဒီ သူကလဲ ခေါင်းကို ညိတ်ရင်း နှုတ်က “တွေ့ရတယ်၊ ဘုရားသခင်လို့ ရေးထား ပါတယ်” ဆိုပြီး အဖြေပြန်ပေး လိုက်တယ်။

    ဒီ နောက်မှာတော့ ဓမ္မဆရာကြီးဟာ အသင့် ပါလာတဲ့ပိုက်ဆံ အကြွေစေ့ တစေ့ကို ယူပြီး အခုန မြင်ရ တဲ့ ဘုရားသခင်ဆိုတဲ့ စကားလုံး အပေါ်ကို တင်ထားလိုက်ရင်း နှုတ်က “ကဲ .  .  . ဘယ့်နှယ့်လဲ၊ အခုကော .  .  . ဘုရားသခင်ကို မြင်ရသေးလားလို့ ထပ်မံ ဆိုလိုက်တယ်။  ဒီအခါ ချမ်းသာ ကြွယ်ဝတဲ့ လူကလည်း အမှန် အတိုင်းပဲ ခေါင်းကို ခါရင်း မမြင်ရတော့ကြောင်း အဖြေ ပေးလိုက်တယ်။  ဓမ္မဆရာကြီးဟာ ဘာစကားကိုမှ မဆိုတော့ပဲ ကျမ်းစာအုပ်ကို ပိုက်ပြီး သူ့အိမ်ကို သူ ပြန် သွားတယ်လို့ ဆိုပါတယ်။
    ဒီနေရာမှာ ပေးချင်တဲ့ သတင်းစကားက ပိုက်ဆံ ကြေးငွေဆိုတာက ဘုရားသခင်ကို မမြင်နိုင်လောက်အောင် ဖုံးကွယ် ထားနိုင်စွမ်း ရှိတယ် ဆိုတဲ့ အချက်ပဲ။

    ဒါကြောင့်လည်း သူတော်စင် တစ်ဦးက အခုလို ဆိုမိန့်ခဲ့တယ်။  “ငါဟာလေ မြွေထည့်ထားတဲ့ အိတ်နဲ့ ငွေထည့်ထားတဲ့ အိတ်နှစ်ခု ရှိတဲ့ အနက် တအိတ် အိတ်ကို မဖြစ်မနေ နှိုက်ရမယ်ဆိုရင် ငါမြွေအိတ်ကိုပဲ နှိုက်မယ်။  ဘာဖြစ်လို့လဲ ဆိုရင် မြွေဟာ အလွန်ဆုံး ငါ့ရဲ့ ကာယကိုပဲ ဒုက္ခပေးနိုင်မယ်။  ငွေကတော့ ငါ့ရဲ့ ၀ိညာဉ် တစ်ခုလုံးကို တုံးကနဲ “ဘုံး” ဆိုပြီး လဲသွား စေနိုင်တယ်။

    လဲတာလည်း မပြောနဲ့ ငွေဆိုတဲ့ အသံကြားရင်ကိုပဲ မျက်ကန်းတောင် သူ့မျက်လုံးတွေကို အသာ ဖွင့်ကြည့်တယ်လို့ ဆိုရိုး ရှိတယ်။  လူ့ရဲ့ ခေါင်းထဲမှာ ငွေ ငွေ ဆိုပြီး ငွေတွေ များလာရင် သူ့ ဦးနှောက်က နဲ့နဲ့ပြီး လာတယ်။  ဆိုလိုတာက ဆင်ခြင်တုံ ကန်းသွားတဲ့ သဘောပဲ။  ဒီ ပုဂ္ဂိုလ်ဟာ လုပ်ရမဲ့ဟာကို မလုပ်ဘူး၊ မလုပ်ရမဲ့ ဟာတွေကိုတော့ လျှောက်လုပ် နေမိတတ်တယ်။  ပေးကမ်း လှူဒါန်းခြင်းမျိုးမှာ အားနဲ လာပြီး ဘယ်နေရာမျိုးမှာ အားကောင်း မောင်းသန် သွားသလဲဆိုတော့ ခေါင်းပုံဖြတ်၊ လည်ပင်းလှီး၊ သူများ မျက်ခုံးမွှေးပေါ်မှာ လေချွန်ပြီး စင်္ကြံလျှောက်တဲ့ အလေ့အထမျိုး တွေပဲ။  လူ ဟာ ငွေအတုကို တခါတရံ လုပ်တတ်ပေမယ့်၊ ငွေဟာ လူအတုကို မကြာခဏ လုပ်တတ်တယ်။  ပြောချင်တာက ငွေကြောင့် မိမိဟာ အရည်အချင်း မရှိသော်ငြားလည်း နေရာ ကောင်းကောင်းတစ်ခုကို ရနိုင်တယ် မဟုတ်လား။  အဲ့ဒါ ငွေကနေ လူအတုကို ပြုလုပ် လိုက်တာပေါ့။

    မာသာ ထရေဇားကတော့ ခပ်ရှင်းရှင်းပဲ သစ္စာ စကားကို အခုလို ဆိုခဲ့တယ်။  “ငွေကို စွဲမက်ပြီး ကိုင်တွယ်တဲ့ သူဟာ ဘုရားကို မတွေ့ နိုင်ဘူးတဲ့”။  ငွေဟာ မလုပ်နဲ့ ငွေရဲ့ မျက်နှာဟာ သိပ်ကြီးတယ်။  ငွေက ပါးစပ် ဟပြီး စကားပြော လာရင် အမှန်တရား တချို့ဟာ နှုတ်ပိတ်သွားရော။  သခင်ယေဇူးရဲ့ လမ်းစဉ်ကတော့ လိုချင်မှု အနဲဆုံးဟာ အချမ်းသာဆုံး၊ ရောင့်ရဲခြင်းဟာ ပြည့်ဝခြင်းပဲ။

    ကျမ်းစာထဲမှာ ပါတဲ့ ပုဂ္ဂိုလ်ဟာ ထာဝရ အသက်ကို ရယူ ကြီးမား လွန်းနေသလို ခံစားနေရတယ်။  သူ့ရဲ့ ဥစ္စာ ဓနဟာ သူ အမြတ်တနိုး ကိုးကွယ်နေတဲ့ ရုပ်တု ဖြစ်ကြောင်း ထင်ရှား နေတယ်။  သူဟာ ဘုရားသခင် ကိုယ်တော်တိုင်ကို ချစ်တာ အားဖြင့် ပြောရရင် ဖန်ဆင်းရှင် ထက် ဖန်ဆင်းခံကို ပိုပြီး စိတ်ဝင်စား နေတယ်။ သူအဖို့ ကယ်တင်ရှင်ဟာ သူ ပိုင်ဆိုင်ထားတဲ့ ဥစ္စာ ပစ္စည်းတွေလောက် အရေးမပါ လှဘူး။ မျက်စိနဲ့ မမြင်ရသေးတဲ့ ကောင်းကင် ဘဏ္ဍာတွေ အတွက် ယခု မျက်မှောက်မှာ တွေ့နေရတဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွတ်ရခြင်းဟာ သူ့အတွက် ဧရာမ ကြီးကျယ်တဲ့ စွန်းစားမှုကြီး တခု ဖြစ်နေတယ်။ ဒါကြောင့်လည်း ထာဝရ အသက်အတွက် လက်ကမ်းလာမှု တစ်ခုကို ငြင်းပယ် ခဲ့တာပဲ။  ဘ၀ရဲ့ ပြေးလမ်းကို အဆုံးတိုင်အောင် ပြေးခဲ့ပါတယ် ဆိုတဲ့ တမန်တော်ကြီး စိန်ပေါလ်၊ သူပြေးခဲ့တဲ့ ပြေးလမ်း ထဲ ကနေ ထွက်ပေါ်လာတဲ့ စကားသံတွေ ကတော့ “မြင်နိုင်တဲ့ အရာတွေဟာ အမြဲပဲ မမြင်နိုင်တဲ့ အရာတွေဟာ မြဲမြံမှု ရှိတယ်”လို့ ရင်ဖွင့် ခဲ့ပါတယ်။  ဒါပေမဲ့လို့ ထောင်ပေါင်း များစွာသော လူသားတွေဟာ ခရစ်တော်နဲ့ လောက အကြား ချိန်ထိုး စဉ်းစားရတဲ့ ပြင်းထန်တဲ့ စုံစမ်းခြင်းမျိုးတွေကို ကြုံတွေ့ရတဲ့အခါ အများစု၊ အတော့်ကို အများစုဟာ လောကဘက်ကိုပဲ အမှန်ခြစ်ပြီး မဲထည့် လိုက်ကြတယ်။

    ဒါကြောင့်လည်း သခင်ယေဇူးက “ငါ့သားသမီး တို့ .  .  .မိမိ ဥစ္စာကို မှီခိုသော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန် ၀င်ခဲ လှ၏။  ကုလားအုပ်သည် အပ် နဖားကို လျှို လွယ်၏။  ငွေရတတ်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ၀င်ခဲ ပါသည် ဆိုပြီး” သတိပေး မိန့်မှာ ခဲ့ပါတယ်။

    ကိုယ်တော်ရဲ့ အာဘော်က ချမ်းသာ ကြွယ်ဝတဲ့ လူတွေ အတွက် ကောင်းကင်မှာ နေရာ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။  “ခက်ခဲတယ်” ဆိုတဲ့ သဘောကိုသာ မေတ္တာနဲ့ အကျိုးမျှော်ပြီး နှိုးဆော် လိုက်တာပါ။

    ဓမ္မသစ် ကျမ်းကြီးရဲ့ ဦးနှောက် ဖြစ်တဲ့ စိန်ပေါလ် အနေနဲ့လဲ ငွေရှိခြင်း၊ ချမ်းသာ ကြွယ်ဝခြင်းတွေဟာ မကောင်းဘူးလို့ သူ မပြောဘူး။  သူ ပြောတာက “ငွေကို တပ်မက်ခြင်းဟာ မကောင်းတဲ့ အမှုတွေမှာ မူလ အရင်းအမြစ် ဖြစ်နေတယ်”လို့ ဆို ပါတယ်။
    လောကကြီးကို ကြည့်ပါ၊ ငွေမက်လွန်းတဲ့ သူတွေဟာ ငွေဒဏ် ခတ်ခြင်း ခံရတယ်။  ကိုယ်တော် ပြောခဲ့ဘူးတဲ့ စကားလေး ရှိတယ်။  ဆင်းရဲသော သူတို့သည် မင်္ဂလာ ရှိကြ၏။  အကြောင်းမူကား ကောင်းကင် နိုင်ငံသည် ထိုသူတို့၏ နိုင်ငံ ဖြစ်၏။  ဒီနေရာမှာ ဆင်းရဲလွန်းလို့ ကုန်းကောက်စရာ မရှိတာနဲ့ပဲ မင်္ဂလာတန်းပြီး ရှိသွား လာတော့ မဟုတ်ဘူး။  ဆင်းရဲ နွမ်းပါး၊ ညှဉ်းပန်း နှိပ်စက်၊ ရက်စက် ခေါင်းပုံ ဖြတ် ခံရလွန်းတဲ့အတွက် အဲ့ဒီ ဆင်းရဲသူဟာ လောကနဲ့ ဆိုင်တဲ့ အရာတွေကို ဘာမှ အား မကိုးတော့ပဲ ဘုရားရှင်ကိုသာ ယုံကြည် ကိုးစား၊ ရိုသေ ကိုင်းရှိုင်း၊ ဆက်ကပ် အပ်နှံပြီး ကိုယ်တော့်ကို မလွတ်တမ်း ဆုပ်ကိုင်ထားသူ ဖြစ်တယ်။

    လောကမှာ မကြွယ်ဝ၊ မချမ်းသာပဲ ဖြစ်ချင် ဖြစ်နေပါလေစေ ဘုရားသခင်နဲ့ အတူ အဲ့ဒီ ဆင်းရဲ ဒုက္ခတွေကို ခေါင်းမော့ ရင်ကော့ပြီး ခံစားနိုင်တဲ့ သူတွေဟာ ကိုယ်တော်ရှင် ပြောနေတဲ့ ဆင်းရဲတဲ့သူ တွေပဲ။ တကယ်တော့ မင်္ဂလာ မရှိဘူး ရှိတယ်ဆိုတာ ဘာ ပေတံနဲ့ တိုင်းသလဲ ဆိုရင် အဲ့ဒီ လူရဲ့လက်ထဲမှာ ဘုရားသခင်ရှိ မရှိ ဆိုတာနဲ့ တိုင်းဖြတ် ပါတယ်။

    တဖက်က ချမ်းသာ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း မိမိရဲ့ ချမ်းသာကြွယ်ဝမှု တွေဟာ ငရဲကို သွားဘို့ ကြိုတင် လိုင်စင် ရထားခြင်းမျိုး မဟုတ်ပါဘူး။ ရဟန္တာကြီး စိန်ဖရန်စစ် ဒီဆေးလ်ရဲ့ ဆုံးမ စကားဟာ ကြွယ်ဝသူတွေ အတွက် လက်တွေ့ကျပြီး အသက်ဝင် လှပါတယ်။  သူ့ရဲ့ သဘောထားကတော့ “အဆိပ်ကို ကိုင်တွယ်ခြင်းနဲ့ အဆိပ်ခတ် ခံရခြင်းဟာ လုံးလုံး လျားလျား ကွာခြား ပါတယ်တဲ့၊ သမားတော်တွေဟာ အဆိပ်တွေကို ကိုင်တွယ် နေရပေမဲ့လို့ သူတို့ အဆိပ်ခတ် မခံရဘူး။  အသုံးပြုဖို့ အတွက်သာ ထားရှိပြီး လောဘ စိတ်နဲ့ သိုမှီး မထားတဲ့ ကြွယ်ဝမှုဟာ အဆိပ်ခတ် မခံရခြင်း ပါပဲ။

    အဆိပ်ကို ကိုင်တွယ်သော်လဲ အဆိပ်ခတ် မခံ ရတဲ့ နည်းလမ်းဟာ ဘုရားသခင်ဆီမှာ ရှိပါတယ်။  တချို့ကတော့ မယ်မယ်ရရ မကိုင်တွယ်ရပဲနဲ့ကို အဆိပ် ခတ် ခံလိုက်ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမ်းစာမှာ ကိုယ်တော် အခုလို အတိ အလင်း ပြောထားပါတယ်။  “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင် မတတ် နိုင်သည် မဟုတ်။  ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူ၏။ ဒါကြောင့် သင်မတတ်နိုင်တဲ့ အရာကို ဘုရားသခင် မတတ်နိုင်ဘူးလို့ မထင် မိပါစေနဲ့။  စကြာဝဠာကြီးကို ကိုင်ထားတဲ့ ဘုရားက သင့်ရဲ့ လက်ကိုလည်း ကိုင်ထားပါတယ်။ သင်ကသာ သင့်ရဲ့ ဆန္ဒကို သင် ဦးချ ရှိခိုးနေရင် သင် ယုံကြည် ကိုးကွယ်နေတဲ့ သင့်ရဲ့၏ ဘုရားဟာ သင့် ဘုရားစင်ကနေ ဆင်းပေး ရလိမ့်မယ်။

    ပေးကမ်းခြင်းဟာ မေတ္တာရဲ့ ရုပ်သွင် ဖြစ်တယ်။  လှိုက်လှဲတဲ့ ပေးကမ်းခြင်းမျိုး ရှိနိုင်မှလည်း မေတ္တာဟာ တစထက် တစကြီးထွား ရင့်သန် လာမယ်။  တချို့သော ခွင့်လွှတ်ရခြင်းမျိုး တွေမှာ နာကျင်စေတတ်တဲ့ သဘောတွေ ရှိတယ်။  ဒါပေမဲ့လည်း သင့်မှာ မေတ္တာဆိုတာ ရှိနေရင် ပျော်ရွှင် ကြည်းနူးမှုတွေကို အဲ့ဒီ မေတ္တာကနေ ဆောင်ကြဉ်း ပေးပါ လိမ့်မယ်။  အပေးနဲ့ အယူဆိုတာ လောကီ လောကုတ္တရာ နှစ်ဖြာ စလုံးမှာ အလိုက်သင့် လဲလျောင်း တည်ရှိနေတယ်။  မယုံရင်ကြည့်လေ တအိပ်ထဲ အိပ်နေတဲ့ ကေသရာဇာ ခြသေ့င်္မင်းရဲ့ ပါးစပ်ထဲကို သား သမင်တွေ အလကား လာမ၀င်ဘူး။  ၀င်လာဖို့ အတွက် ထိုက်တန်တဲ့ အဖိုးအခ တစ်ခုကိုတော့ ကေသရာဇာဘက်က မဖြစ်မနေ ပေးချေ လိမ့်မယ်။  ၀ိညာဉ်ရေးမှာလည်း အလားတူ ပါပဲ ကိုယ်တော်ရှင် ပြောတာက အဆ တစ်ရာသော အကျိုးရဖို့ မင်း ပေးသွင်း ရမယ်တဲ့။  ဒါကြောင့် လိုချင်ရင် ပေးရမယ် ပေးခြင်း အားဖြစ်သာလျှင် ကျွန်ုပ်တို့ရမယ်။

    အိုအဘ ဘုရားသခင် ချမ်းသာ ကြွယ်ဝခြင်းသည် တံခါး များစွာကို ဖွင့်နိုင်သော သော့တစ်ချောင်း ဖြစ်ကြောင်းကို  တပည့်တော်တို့ အကြွင်းမဲ့ ယုံကြည် ကြပါသည်။ သို့သော်လည်း ကိုယ်တော်ရှင် ရှိနေသော တံခါးကို မဖွင့်နိုင် ခဲ့ပါက ဤကြွယ်ဝမှုများ အားလုံးကို တပည့်တော်တို့ထံမှ ဖယ်ရှား ပေးတော်မူပါ။  တပည့်တော်တို့ကို ကိုယ်တော်ထံသို့ ဖွင့်ဝင် နိုင်သော သော့ တစ်ချောင်းကို ပေးပါ။  ၀င်လိုစိတ်ကိုလည်း ပေးပါ။  ၀င်လည်း ၀င်စေပါ။

RVA ထုတ်လွှင့်ချက်မှ

Read More...

Sunday, March 10, 2013

လက်ပိုက်မထားပါနဲ့

လက်ပိုက်တယ်ဆိုတာ
တို့များဓလေ့
ယဉ်ကျေးပါရဲ့  .  .  . ။

ဒါပေမယ့် .  .  . 
ပေးကမ်းလှူဒါန်းဖို့
လက်ပိုက် မထားပါနဲ့၊

လဲနေသူကို ထူပေးဖို့
လက်ပိုက်မထားပါနဲ့၊

မွတ်သိပ်သူကို ကျွေးဖို့
လက်ပိုက်မထားပါနဲ့၊

ရေငတ်သူကို သောက်ရေပေးဖို့
လက်ပိုက်မထားပါနဲ့၊

ဧည့်သည် သူစိမ်းကို ပျူငှာဖို့
လက်ပိုက်မထားပါနဲ့၊

အ၀တ် မရှိသူကို ဖုံးလွမ်းဖို့
လက်ပိုက်မထားပါနဲ့၊

ဖျားနေသူကို ပြုစုဖို့
လက်ပိုက်မထားပါနဲ့၊

အကျဉ်းကျသူကို ကြည့်ရှုဖို့
လက်ပိုက်မထားပါနဲ့၊

လက်ဝါးကပ်တိုင် ထမ်းဖို့
လက်ပိုက်မထားပါနဲ့  .  .  .  ။

အခြေပြုကျမ်း-ရှင်မာတေးဦး ၂၅း၃၁-၄၆။

                    ဥယျောဂျာလ (မိုးကောင်း)

Read More...

Friday, March 8, 2013

ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ (၂)

ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ မှ အဆက်

၂။ ဘုရားရှင် လူ့အဖြစ် ယူတော်မူခြင်း

မပြည့်စုံသော အခြေအနေ၊ ချို့တဲ့သော အခြေအနေ၊ အပြစ်ရှိသော အခြေအနေ (သို့မဟုတ်) အပြစ်နှင့် သေခြင်းတရားတည်း ဟူသော ပညတ်တရားကြီး အောက် ကျရောက်နေသော လူသားများနှင့် ကမ္ဘာ စကြ၀ဠာကြီးကို ဘုရား ကိုယ်တော် စွန့်ပစ် ထားတော်မမူပေ။ ဘုရား ကျေးဇူးတော် တန်ခိုးဖြင့် မကောင်းမှုများမှ ကျွတ်လွတ်နိုင်မည့် အကြောင်း၊ ပညတ်တရားနှင့် အပြစ် တရားအောက်မှ ရွေးနှုတ် ကယ်တင်တော်မူမည့် အကြောင်း ကမ္ဘာဦး အစမှပင် ဗျာဒိတ် ထားတော်မူ၏။ မိမိကိုယ်တော်တိုင် လူ့အဖြစ် ယူတော်မူ၍ ကြွလာမည့် အကြောင်း ရာစုနှစ်ပေါင်း ကြာညောင်းစွာ ဗျာဒိတ်ပေး ပြင်ဆင် တော်မူခဲ့၏။ ထို့ကြောင့် ဘုရား လူ့ အဖြစ်ယူတော်မူခြင်းသည် ရှေးအခါ ကတည်းက ပေးတော်မူခဲ့သော ဘုရား ဗျာဒိတ်တော် ပြည့်စုံတော်မူခြင်း ဖြစ်ကြောင်း ကက်သလစ် ဘာသာက သွန်သင်၏။

ဘုရား လူ့အဖြစ် ယူတော်မူရာတွင် ကိန်းဝပ်တော်မူရာ ကိုယ်ခန္ဓာတော် အတွက် ကိုယ်တော်တိုင် ဖန်ဆင်း ထားသော လူသတ္တ၀ါတစ်ဦး၏ ပါဝင်ခြင်းကို အလိုရှိ တော်မူခဲ့လေသည်။ မယ်တော် ဖြစ်ရမည့်သူ တစ်ဦးကို ကိုယ်တော်သည် ကြိုတင် ရွေးချယ် ပြင်ဆင်တော်မူခဲ့၏။ ထို့ကြောင့် မယ်တော်ဖြစ်သူကို ဂါလီလေယ ပြည်နယ်၊ ဣသရေလ လူမျိုး၊ နာဇရက်မြို့သူ တစ်ဦးကို ရွေးချယ် တော်မူခဲ့၏။ သူမ၏ အမည်မှာ မာရီယား ဖြစ်သတည်း။ မာရီယားကား ပညာ အလိမ္မာနှင့် ပြည့်စုံပြီး သီလ၊ သမာဓိနှင့် ကြီးမြင့်မြတ်သော ”ကျေးဇူးတော် အပေါင်းနှင့် ပြည့်စုံတော်မူသော” အပျို ကညာစင်ဖြစ်၏။


အချိန် ကျရာက် တော်မူသောအခါ ”သူမ၏ ၀မ်းတော်မြတ်မှာ ဘုရား ပဋိသန္ဓေယူမည့် အကြောင်း၊ ထိုသားကို သူမ လွယ်ပိုက်ရမည့် အကြောင်း” သိကြား တမန်တော်တစ်ပါး ကြွလာ၍ ကညာ မာရီယားအား မိန့်ဆိုလေ၏။ မိမိသည် ခင်ပွန်း မရှိ၊ ကညာစင် အဖြစ်နှင့်ပင် ကိုယ်ဝန် ဆောင်ကာ သားမွေးရမည် ဆိုသည်ကို ကညာမာရီယား မည်သို့မျှ နားမလည်နိုင် ရှာခဲ့ပေ။

သို့ပါသော်လည်း သိကြားတမန်တော်က ”ဘုရား၏ တန်ခိုးတော်သည် သူမအပေါ်မှာ လွှမ်းမိုးတော်မူ သဖြင့် ၀မ်းတော်မြတ်မှာ ပဋိသန္ဓေ ယူတော်မူမည်” ဟု မိန့်ဆို ပြန်လေ၏။ လူတစ်ဦး အနေနှင့် မည်သို့မျှ နားမလည် နိုင်ပါသော်လည်း ကညာ မာရီယားသည် ဘုရား တန်ခိုးတော်ကို ယုံကြည်ခြင်းကြောင့် လွတ်လပ်သော စိတ်နှင့် လက်ခံ ခဲ့လေသည်။

ဤသို့ဖြင့် ကညာ မာရီယားသည် မိမိ ၀မ်းတော်မှာ ပဋိသန္ဓေသားကို လွယ်ပိုက်တော်မူ၍ ကိုးလလွယ် ဆယ်လမြောက်သော အခါ ထိုသားငယ်ကို "ယေဇူး"ဟု မှည့်ခေါ်လေ၏။ မိမိအား သိကြားမင်း ကိုယ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ရန် ရှင်ဇူဇယ်(ရှင်ဂျိုးဇက်) ကို အုပ်ထိန်းသူ အဖြစ် ဘုရားရှင် ရွေးကောက် ခန့်အပ် တော်မူခဲ့ပါသည်။

ထိုကဲ့သို့ လူ့အဖြစ် ယူတော်မူ၍ ကြွလာတော်မူသော၊ လူတို့နှင့် အတူ ရှိတော်မူသော ယေဇူး (ယေရှု) ကိုယ်တော်သည် အစ အဆုံး ကင်းတော်မူသော၊ ဖေါက်ပြန်ခြင်း ကင်းတော်မူသော ဘုရား နှုတ်ကပါတ်တော် (တရားတော်) ဖြစ်၏။ ဘုရား ကိုယ်တော်တိုင် ဖြစ်တော်မူသကဲ့သို့ ကိုယ်တော်တိုင် တရားတော် ဖြစ်တော်မူကြောင်း ကက်သလစ် ခရစ်ယာန်များက ယုံကြည်၏။ ထို့ကြောင့် ဘုရား နှုတ်ကပါတ်တော် (တရားတော်) ကို ယေရှုရှင်၌ အထင်အရှား ဖူးမြင်ကြရခြင်း ဖြစ်၏။ "ကျွန်ုပ်တို့နှင့် အတူ အထင်ရှား ရှိတော်မူသော ဘုရား” ဟု မြတ်နိုးစွာ ဦးချ ကိုးကွယ်ကြ၏။

လူ့အဖြစ် ယူတော်မူသော ဘုရား ကိုယ်တော်မြတ်အား ကြည်ညိုရခြင်းကြောင့် မကြံစည်အပ်၊ မနှိုင်း ယှဉ်အပ်၊ အပြည့်အ၀ နားမလည် နိုင်စွမ်းသော ပုဂ္ဂိုလ်တော်မြတ်အား လူသားတို့ မျက်ဝါး ထင်ထင် ဖူးမျှော်ခွင့် ရကြ၏။ သန့်စင် ပြည့်ဝသော လူတစ်ယောက် ဖြစ်လာရန် ကိုယ်တော် မိန့်ကြား ဆုံးမတော်မူသော တရားတော်မြတ်ကို နှလုံးသွင်းလျက်၊ ကိုယ်တော်မြတ်၏
(၁) ပညတ်တရား၏ ကျေးကျွန်ဖြစ်ခြင်း ဟူသာ အိုခြင်း သေခြင်း၊ နာခြင်း။ ဒုက္ခဆင်းရဲ အပေါင်းနှင့် မမြဲခြင်း၊ ဖေါက်ပြန်ခြင်း၊ ပျက်စီး ယိုယွင်းခြင်း၏ ကျေးကျွန်ဖြစ်၏။ သက်တော်စဉ်အား အတုယူ လိုက်ကျင့်ခြင်းဖြင့် အပြစ်တရားနှင့် သေခြင်း တရား အောက်မှ လွတ်မြောက်ခြင်း ဆုကို ခံစား ခွင့်ရကြ ကုန်၏။

၃။ ယေဇူး ခရစ်တော်

    ”ယေဇူး” (ရှေးအာရာမိုက် ဘာသာစကားဖြင့် Yehowshuwa) ဟူသည် ကောင်းကင် သိကြား တမန်တော်က မယ်တော် မာရီယားအား အမိန့်တော် ရှိစဉ်က ပေးခဲ့သော အမည်ဖြစ်၏။ “ဘုရားသခင် ကယ်မတော်သည် (God saves)”ဟု အဓိပ္ပါယ် ရ၏။ “ခရစ်တော်” ဟူသည် ဘွဲ့ အမည်ဖြစ်၏။ ”ဆီဖြင့် လိမ်းကျံ ဘိသိက်ခံရသူ (annointed one)”  ဟု အဓိပ္ပါယ် ရသော ဂရိတ် ဘာသာ စကားလုံး (Christos)၊ ဟီဘရူး ဘာသာ စကားလုံး ”မေဆိယ(Messiah)” ကို ဘာသာပြန် ဆိုထားခြင်း ဖြစ်၏။

ယေဇူးရှင်သည် ရောမ လူတို့ သိမ်းပိုက် အုပ်ချုပ် ထားသော ရှေး ပါလက်စတိုင်းပြည် ယုဒ လူမျိုး အနွယ်ဝင်၊ နာဇရက် မြို့သား ဖြစ်ပါသည်။ ကိုယ်တော်သည် ယုဒပြည် ဘက်သလေဟင်မြို့တွင် ဖွားမြင်ခြင်း ခံတော်မူပါသည်။ မိဘများမှာ မိခင် မယ်တော် မာရီယားနှင့် အုပ်ထိန်းသူ ရှင်ဇူဇယ် (ရှင်ဂျိုးဇက်) ဖြစ်၏။ ဘုရား မယ်တော် ကညာမာရီယားသည် သားတော် ဘုရားကို မမွေးမီ အချိန်ကရော သူငယ်တော် မွေးဖွားပြီး နောက်မှာပါ ထာဝရ ကညာစင် အဖြစ်နှင့် နေထိုင်ခဲ့ လေသည်။

”ကိုယ်တော်ရှင်သည် ဘုရား အဖြစ်တော်၌ ရှိသော်လည်း ဘုရားနှင့် တန်းတူညီတူ အဖြစ်ကို ရယူ အပ်သည်ဟု ထင်မှတ်ခြင်း မရှိဘဲ၊ မိမိ၌ ရှိသမျှကို စွန့် လွှတ်ပြီးလျှင် အစေခံ ဘ၀ကို ယူ၍ လူတို့၏ ပုံသဏ္ဍန်အတိုင်း မွေးဖွားခြင်း ခံတော်မူ၏။” (ဖိလိပိ သြ၀ါဒစာ ၂း၅-၈) ဟူသော ကျမ်းစကား အတိုင်း၊ ယေရှုသည် သူငယ်တော် ဘ၀တစ်လျှောက် မိမိ လူမျိုး၏ ရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာများနှင့် နီတိအစုံစုံကို လိုက်နာခြင်း၊ ဘုရားကျောင်းကန်နှင့် တရား ဇရပ် တက်ရောက်ခြင်း၊ စာပေ ကျမ်းဂန် သင်ယူ ကျက်မှတ်ခြင်း၊ မိဘ ဘိုးဘွားများ၏ သွန်သင် ဆုံးမ ပဲ့ပြင်ခြင်းကို ခံယူခြင်း၊ ရိုသေ ကူညီခြင်းဖြင့် ကြီးပြင်း လာခဲ့ပါသည်။ သူငယ်တော်သည် ကြီးထွား သန်စွမ်းလာ၍ ဥာဏ်ပညာဖြင့် ပြည့်စုံပြီးလျှင် ဘုရား ကျေးဇူးတော်သည်လည်း သူ့အပေါ် သက်ရောက် လေ၏။

ကိုယ်တော်၏ သက်တော်စဉ် တစ်လျှောက် အများပိုင်းမှာ ကြီမားသော အချင်းအရာများကို ပြုတော်မူခြင်း မရှိဘဲ၊ တိတ်တိတ် ဆိတ်ဆိတ် မထင်ရှား ကုန်လွန် စေတော်မူပါသည်။ ဤအချိန်ကာလ အတွင်း ယေဇူး သူငယ်တော်သည် တခြားသော နာဇရက်မြို့သား သာမန် လူငယ်လေးများ နည်းတူ နိစ္စ ဓူဝအလုပ်များကို နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရင်း နေထိုင်တော်မူ ခဲ့ပါသည်။

ထို့အပြင် အုပ်ထိန်းသူ ရှင်ဇူဇယ် ကွယ်လွန်တော်မူသဖြင့် လက်လုတ် လက်ရင်း ဖြစ်သော လက်သမား အလုပ် လုပ်ကိုင်လျက် မယ်တော်ကို ကျေးဇူးဆပ် တော်မူလေ၏။ ယုဒတိုင်းနိုင်ငံမှ လွဲ၍ တခြား မည်သည့် အရပ်ဒေသသို့မှ ခရီး ရှည်ထွက်ကြွခြင်း မရှိခဲ့ပါ။

ဤ မထင်မရှား ကာလ တစ်လျှောက်လုံးမှ ကိုယ်တော်၏ အကြောင်းကို ကျမ်းစာတော်တွင် အကျဉ်းဆုံး ဖေါ်ပြ ထားပုံမှာ “သူ၏ မိဘများကို နာခံလျက်၊ ယေဇူး ကိုယ်တော်သည်လည်း ဥာဏ်ပညာနှင့် ပြည့်စုံလျက် ကြီးပြင်းလာပြီး ဘုရားရှင် ရှေ့တော်၌ လည်းကောင်း၊ လူတို့ရှေ့၌ လည်းကောင်း မျက်နှာ ရလေ၏” (ရှင်လုကာ ၂း ၅၁-၅၂)။  ထိုသို့ လူ့မြင်ကွင်းမှ ဖုံးကွယ် ထားသော ကိုယ်တော်၏ ဘ၀ အသက်တာအားဖြင့် နားထောင်ခြင်း၊ သိမ်မွေ့ နှိမ့်ချခြင်း၊ ရောင့်ရဲ တင်းတိမ်ခြင်း၊ ဆိတ်ငြိမ်ခြင်း၊ တပ်မက်မှု ကင်းခြင်း၊ စွန့်လွှတ်ခြင်း အစရှိသည့် ပါရမီများကို လူသားတို့ သင်ယူ ကြရ၏။  ထို့အပြင် ရိုးစဉ်းသော ဘ၀နှင့်၊ မိသားစု တန်ဖိုး၊ မိမိ ကိုယ်ကိုယ် အားကိုးတတ်သော စိတ်ဓာတ်၊ မိမိ အလုပ်ကို ရိုသေတတ်ခြင်းနှင့် အလုပ်ကို တန်ဖိုးထား မြတ်နိုးတတ်သော စိတ်ထားမြတ် တို့ကို  သင်ကြား ပေး၏။

သက်တော် (၃၀) အရွယ် ရောက်သော် ယေဇူး ကိုယ်တော်သည် ဇာတိ မွေးရပ်မြေ နာဇရက် မြို့တော်မှ ထွက်ကြွ တော်မူကာ လူသားတို့အတွက် ၀မ်းမြောက်ဖွယ်ရာ တရား ဒေသနာတော်ကို စတင် ဟောပြော တော်မူပါသည်။  ယေဇူး ဘုရား၏ တရား ဒေသနာတော်သည် အချုပ်အားဖြင့်
၁။ နောင်တ သံဝေဂ ရကြဖို့၊
၂။ ဘုရားရှင်အား ကိုးကွယ်ရာ ဟူ၍ ကြည်ညို မြတ်နိုးခြင်း ရှိကြဖို့နှင့် ကိုယ်တော်၏ တရားတော်အား လိုက်လျှောက်ရာဟူ၍ ယုံကြည်စွာဆည်းကပ်ကြဖို့ ဟောပြောခြင်းဖြစ်ပါသည်။  ကိုယ်တော်သည် တရား ဒေသနာတော်မြတ်ကိုသာ ဟောကြားရုံ မဟုတ်ဘဲ

  • အံ့ဖွယ် တန်ခိုးများ ပြုလုပ်ခြင်းနှင့် နာတာရှည် ရောဂါသည်များကို ပျောက်ကင်း စေခြင်း။
  • ဘုရား နာမတော်၌ အပြစ် ဒုစရိုက်များကို အခွင့်လွှတ်ခြင်း။
  • ဆင်းရဲခြင်း အထွေထွေ ခံစား နေရသူများနှင့် ပူဆွေး သောက ဖြစ်နေသူများ၊ ငိုကျွေးနေသူ ဒုက္ခသည်များအား ထောက်ပံ ကူမခြင်း၊ တရားတော်နှင့် နှစ်သိမ့်ပေးခြင်း။
  • အပြစ်သားများနှင့် ဒုစရိုက် သမားများအား အေးချမ်းသည့် ဘုရား မေတ္တာတော်ကို ခံစား နားလည်စေခြင်း။
  • ပညာရှိ ကျမ်းတတ် ဆရာများနှင့် ဣသရေလ လူမျိုး ခေါင်းဆောင်များ၏ အကျင့်ပျက်များ၊ ကောက်ကျစ်မှု များကို ထောက်ပြ သွန်သင် တော်မူခြင်း။
  • လာက ကမ္ဘာကြီး၏ အနိ ဌာရုံများ၊ ဒုက္ခ ဆင်းရဲခြင်း၊ သေခြင်းနှင့် ဆိုးသွမ်း ညစ်ညမ်းမှုများကို ချုပ်ငြိမ်း အောင်မြင်တော်မူမည့် အကြောင်း ပုံနိမိတ် စကားများ မိန့်ကြားခြင်း။
  •  သေသူများကို အသက်ရှင်စေခြင်း
  •  မိမိ ကိုယ်တော်မြတ်၏ တရားတော်ကို ယုံကြည်ကာ ဘ၀တူ လူသားများအား ဆက်လက် ဟောပြောမည့် တပည့်တော် အစုကို လက်ခံ တော်မူခဲ့ပါသည်။

တပည့်တော် စုထဲမှ တမန်တော်ကြီး (၁၂)ပါးကို ရွေးကောက် တော်မူ ခဲ့ပါသည်။  ယေဇူး ဘုရား၏ တရားတော်ကြောင့် တုန်လှုပ် ခြောက်ခြားခဲ့သော ယုဒဘာသာရေး ခေါင်းဆောင်များက အရှင်မြတ်ကို လွန်စွာ မျက်မောင်းကျိုး ခဲ့ကြလေသည်။  ယေဇူးရှင်ကို သူတို့၏ ဘာသာတရား ကျင့်ဝတ်များကို ဖောက်ဖျက်သူဟု အမျိုးမျိုး မဟုတ် မမှန် စွပ်စွဲကြ၏။ ထို့နောက် တပည့်ရင်း တမန်တော် ယုဒ၏ အကူအညီနှင့်  ရောမ အင်ပါယာ ဘုရင်ခံထံ အင်ပါယာကို အံတုမည့် ယုဒလူမျိုး ဘုရင်တစ်ပါး အဖြစ် မတရား စွပ်စွဲကာ အပ်နှံ ခဲ့ကြပါသည်။

ယေဇူး ဘုရားသည် အပ်နှံခြင်း မခံယူမီ နောက်ဆုံး ညစာ စားပွဲတော်ကို တပည့် တမန်တော်ကြီး (၁၂) ပါးနှင့် အတူ ဘုန်းပေး တော်မူပါသည်။ ထို့နောက် ကိုယ်တော်သည် ယေရုဇလင် မြို့ပြင်ရှိ သံလွင် ဥယျာဉ်တွင်းသို့ ကြွတော်မူ၏။  ထို ဥယျာဉ်တော်တွင် ကိုယ်တော်ရှင် အပ်နှံခြင်း ခံတော်မူပါသည်။  ထို့နောက် ယုဒဘာသာ တရားကို ဖျက်ဆီးသူ၊ ရောမား သြဇာကို ဖီဆန်ကာ ဘုရင်ပြုသူ အစရှိသော မတရား စွပ်စွဲမှုများကို နိမ့်ကျလှစွာ ခံယူတော်မူပါသည်။ ကာလ၀ါရီ တောင်ကုန်းပေါ်မှာ ကားတိုင်တင် ကွပ်မျက်ခြင်း ခံတော်မူပါသည်။ အသက်တော် စွန့်လွှတ်တော် မမူမီ သူသတ်တို့အား ခွင့်လွှတ် စကား မိန့်ကြားတော်မူ၍၊ သူတို့အဖို့ မေတ္တာပို့ ဆုတောင်း ပေးတော်မူ ခဲ့ပါသည်။ ယေရှု ဘုရား အသက်တော် စွန့်တော်မူချိန်တွင်  တစ်တိုင်း တစ်ပြည်လုံးတွင် အံ့ဖွယ် တံခိုး နိမိတ်များ ဖြစ်ပေါ်ခဲ့ပါသည်။

ကိုယ်တော်အား ကြည်ညိုသူများ ထဲမှ အာရီမာတေးယမြို့သား တစ်ဦးနှင့်  အမျိုးသမီး တပည့်တော် တချို့သည် ယေဇူး၏ အသက်မဲ့ အလောင်းတော်ကို သူတို့၏ သင်္ဂြိုလ်ခြင်း ဓလေ့ထုံးနှင့် အညီ ပြုကြ၍ ကျောက်တွင် ထွှင်းထားသော သင်္ချိုင်းဂူ အသစ်တစ်ခု အတွင်း သွင်းထား ခဲ့ကြလေသည်။

ယေဇူးဘုရားကို ကားတိုင်တင် ကွပ်မျက်ခြင်း အဖြစ်အပျက်သည် အံဖွယ်ရာ သတင်းတပုဒ် မဟုတ်ခဲ့ပါလျှင် နပိုလီယန် (သို့) မဟတ္တမ ဂန္ဓီ (သို့) ဆီဇာဘုရင်တို့လို သူတို့ သေသွားတာနှင့် သူတို့၏ သမိုင်း တစ်ခု နိဂုံးချုပ်သွားကာ၊ လူတိုင်းအတွက်လည်း မေ့မေ့ ပျောက်ပျောက် ဖြစ်သွားခဲ့မှာပါ။  အလွန် ကြေကွဲစရာအဖြစ် တစ်ခု အနေနှင့်သာ ထိုစဉ်က တစ်ခန်းရပ် ဇာတ်သိမ်း သွားခဲ့မှာ ဖြစ်ပါသည်။  အံ့ဖွယ် ဒဏ္ဏာရီ တစ်ပုဒ်ကဲ့သို့  ဖာသိ ဖာသာ ပြီးဆုံး သွားခဲ့မှာပါ။

သို့သော် အလွန် ထူးဆန်း အံသြဖွယ်ရာ သမိုင်း တစ်ပုဒ်အဖြစ် ယနေ့ထက်တိုင် ကမ္ဘာ တစ်လွှား ကျော်ကြားနေသည့် သတင်းထူးက တခြား မဟုတ်ပါ။ အသက်တော် စွန့်လွှတ်ပြီးနောက် ကျောက်ဂူ အတွင်း ရောမ စစ်တပ် အစောင့်အရှောက်နှင့် အခိုင်အမာ မြှုပ်နှံ သင်္ဂြိုလ်ခြင်း ခံခဲ့ရသော ယေဇူး ဘုရားသည် သုံးရက်မြောက်သောနေ့၌ သေသူတို့ အစုမှ ဘုန်းတော်ပွင့်ကာ ပြန်ရှင်လေသည် ဟူသော သတင်း ဖြစ်ပါသည်။

ယေဇူး ပြန်ရှင် ထမြောက်တော်မူခြင်းသည် နက်နဲ အံ့သြဖွယ် အမှန်ဖြစ်သကဲ့သို့ သမိုင်း အထောက်  အထားတို့ဖြင့်လည်း အထင်အရှား ဖြစ်၏။  ကျမ်းစာတော်မြတ်ကလည်း သက်သေ ခံလျက် ရှိပေသည်။  ကိုယ်တော် ပြန်ရှင် ထမြောက်တော်မူခြင်းကို အဦးဆုံး ဖူးတွေ့ခဲ့ရသူ များတွင် တပည့်မ သူတော်စဉ် မာရီယား မာဒလေးနာနှင့် တခြား သူတော်ကောင်း အမျိုးသမီးများ ဖြစ်ကြ လေသည်။  ထို့အပြင် ယေဇူးဘုရားသည် တပည့်ကြီး ရှင်ပေထရုနှင့် ကျန် တပည့်တော်ကြီး တစ်ဆယ့်နှစ်ပါးအား ဘုန်းတော် ပွင့်သော ခန္ဓာတော်နှင့် အထင် အရှား ပြတော်မူခဲ့၏။

ယေဇူး ကိုယ်တော်သည် ယုံကြည်သူ တပည့် သားသမီးများကို အကြိမ်ပေါင်း များစွာ အထင်အရှား ပြခဲ့ပြီး နောက် ဘုရား သုခ ရွှေနိုင်ငံတော်သို့ တက်ကြွတော်မူ၍ ဘုန်းတော် ၀င်စား တော်မူ၏။ ယေဇူး၏ သုခတော်သို့ ဘုန်းတော် ၀င်စားခြင်းကို ရည်ညွှန်း၍ “ကိုယ်တော်သည် ကောင်းကင် သုခ နိုင်ငံတော်သို့ ဘုန်းဂုဏ်တော်နှင့် တက်ကြွ တော်မူလေ၏” ဟု ဆို၏။ ကိုယ်တော်၏ တပည့်ကြီးများ သည်လည်း ၀ိညာဉ်တော် ဘုရားမြတ်ကို ခံယူပြီးနောက် ကမ္ဘာတစ်ဝှမ်းသို့ သွားရောက်ကာ ဤ တရားတော်ကို ဆက်လက် ဟောပြော သက်သေခံ ကြလေ၏။

ခရစ်တော်ရှင်၏ ဘုန်းတော် အသက်နှင့် ပြန်ရှင်တော်မူခြင်းကို ယုံကြည်ကြခြင်းမှာ ကိုယ်တော်ကို မျက်မြင် ကိုယ်တွေ့ ဖူးမျှော် ခွင့်ရခဲ့ကြသော ဘုရား တပည့်တော်ကြီးများနှင့် ရှေးဦး ခရစ်ယာန်များ၏ သက်သေခံချက်ကြောင့် ဖြစ်ပါသည်။ ခရစ်တော် ပြန်ရှင်ထမြောက်တော်မူပြီး နောက် သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင် ကိုယ်ကျ တို့ထိ ဖူးတွေ့ခဲ့ကြရသည်။ ကိုယ်တော်နှင့် အတူ ဆက်လက် နေထိုင် ခဲ့ကြရပါသည်။ ထို ကိုယ်တွေ့ အဖြစ်အပျက်များက သူတို့၏ အသက်တာများကို လုံးဝ ပြောင်းလဲ ပစ်လိုက်ပါသည်။

တပည့်တော်ကြီးတို့၏ ယုံကြည်ခြင်းမှ ဆင်းသက် လာသော ခရစ်ယာန် ဘာသာသည် ယေဇူး ခရစ်တော်ကို လူစင်စစ်၊ ဘုရားစင်စစ် ဖြစ်တော်မူကြောင်း ယုံကြည်ရုံ မျှမက၊ ကိုယ်တော်သည် လက်ဝါးကားတိုင်ပေါ်မှာ အမှန်ပင် အသေခံတော်မူခဲ့ကြောင်း၊ သင်္ချိုင်းဂူ အတွင်းမှာ အသေအချာ သင်္ဂြိုလ်ခံခဲ့ကြောင်း၊ သုံးရက် ပြည့်မြောက်သည့်နေ့ ဥပုသ် တနင်္ဂနွေနေ့ နံနက် အာရုံတက်ချိန်မှာ ဘုန်းတော် အသက်နှင့် ပြန်ရှင် ထမြောက် တော်မူခဲ့ကြောင်း၊ ကိုယ်တော်သည် မနေ့၊ ယနေ့၊ မနက်ဖြန်၊ ထာဝစဉ် အသက် ရှင်တော်မူသော ဘုရား ဖြစ်တော်မူကြောင်း၊ ထို့အပြင် ကိုယ်တော်သည် ဘုန်းတော် ဂုဏ်တော်နှင့် တဖန် ဒုတိယ အကြိမ် ကြွလာတော်မူမည့် အကြောင်းတို့ကို ယနေ့ထက်တိုင် ရဲဝံ့စွာ ဟောပြော၏။

ယေဇူး ဘုရား၏ ပြန်ရှင်တော်မူခြင်းသည် “သေရွာမှ ပြန်လာခြင်း (သို့မဟုတ်) အသေခံတော် မမူခင်က ကိုယ်ခန္ဓာ အတိုင်း အသက် ပြန်ရှင်လာခြင်း” မဟုတ်ပါ။ အကယ်၍သာ ယေဇူးရှင်သည် သေဆုံးပြီးနောက် သည်လိုပဲ အသက် ပြန်ရှင်ခဲ့ပါသည် ဆိုပါလျှင် ကိုယ်တော်၏ ခန္ဓာတော်သည် အနိစ္စ တရားကြီး၏ အရိပ်အောက်မှာပင် ရှိနေသေးသည့် သဘော သက်ရောက်ပါသည်။ အဘယ်ကြောင့် ဆိုသော် အနိစ္စ တရားကြီးသည် မျက်မှောက် ရူပ ခန္ဓာကြီး မရှောင် မလွှဲနိုင်သည့် အရင်းခံတရား ဖြစ်နေသောကြောင့် ဖြစ်၏။

သို့သော် ဘုန်းတော်နှင့်ပြန်ရှင်တော်မူခဲ့သော ကိုယ်တော်ရှင်၏ ခန္ဓာတော်မူကား ဘုန်းတော်ပွင့်သော ခန္ဓာတော် ဖြစ်ပါသည်။ “ဒုက္ခနှင့် အနိစ္စ တရား အစုစုတို့၏ တို့ထိ ငြိစွန်းမှုကင်းသည့် (ဒုက္ခ၊ အနိစ္စ၊ အနတ္တမှ အလွတ် အကျွတ် ဖြစ်သည့်)-တစ်နည်း - ဘုန်းတော် ပွင့်ရာ၊ ဒုက္ခ အစုစု ချုပ်ငြိမ်းရာ၊ မဖောက်ပြန်၊ မပျက်စီးနိုင်သည့် နိစ္စ ထာဝရ အသက် ခန္ဓာမြတ်သို့ ဘုန်းပွင့်တော်မူခြင်း” ဖြစ်ပါသည်။

ယေဇူးဘုရား၏ ခန္ဓာကိုယ်ကို ဤလောက ကမ္ဘာ၏ သြဇာသည် လည်းကောင်း၊ မင်း စိုးရာဇာသည် လည်းကောင်း၊ ယုဒ ဘာသာတရားသည် လည်းကောင်း၊ ဆင်းရဲခြင်း တရားသည်လည်းကောင်း၊ ဒုက္ခ တရားကြီးကသော် လည်းကောင်း၊ အနိစ္စ သေခြင်း တရားကြီးသည် လည်းကောင်း မထိနိုင်၊ မလွှမ်း နိုင်တော့ပါ။ ယေဇူးသည် မည်သူ တစ်ဦးတစ်ယောက်ကမှ နောက်ထပ် တစ်ဖန် ဖမ်းချုပ် နိုင်စွမ်း၊ နှိပ်စက် နိုင်စွမ်း၊ ကားတိုင် တင်နိုင်စွမ်း၊ အသေသတ် နိုင်စွမ်း မရှိတော့ပါ။ ဘုန်းပွင့်သော ယေဇူး၏ ခန္ဓာတော်တွင် အိုခြင်း၊ နာခြင်း သေခြင်းတရားများ မရှိတော့ပါ။ ဤလောက သံသရာဝဋ် ဆင်းရဲမှ လွတ်မြောက်တော်မူသော ခန္ဓာတော်ဖြစ် တော်မူပါသည်။

မာကုဒဿန

Read More...

Wednesday, March 6, 2013

လူငယ်နှင့် အောင်မြင်ခြင်း

    အောင်မြင်မှုကို လူတိုင်း၊ လူတိုင်း လိုချင်ကြပါတယ်။  အထူးသဖြင့် လူငယ်များက ပိုပြီး၊ အေင်မြင်ချင် ကြပါတယ်။  အောင်မြင်ခြင်းရဲ့ အသီးအပွင့် ကိုစောင့် စားရပါတယ်။  စိတ်ရှည် သီးခံခြင်း၊ ပါရမီ အပြည့် ရှိရပါ တယ်။  “နေရိပ်အလာ၊ နေပူကစောင့်” ဆိုသလို ကြိုးစား ရပ်တည်ရပါတယ်။  ယနေ့ခေတ် လူငယ်များဟာ အောင်မြင်ခြင်းကို နေ့ခြင်း၊ ညခြင်းဖြစ်ချင် ကြပါတယ်။  ဒါကြောင့် လမ်းများကို ရှာဖွေတတ်ပြီး လမ်းမှားရောက်တတ် ကြပါတယ်။  ဥပမာ အားဖြင့် ကျောက်တုံးတစ်တုံးကို တစ်ကြိမ် ထုရုံဖြင့် မကွဲနိုင်လျှင် နှစ်ကြိမ်၊ သုံးကြိမ် စသည်ဖြင့် အကြိမ်ပေါင်းမြောက်များစွာ ထုပြီး (၁)ကြိမ်၊ အကြိမ်တစ်ရာ အဖြစ် အားစိုက်၍ ထုခြင်းဖြင့် ကွဲသွားသည်။လောက၏အောင်မြင်မှုများ သည်လည်း ထိုနည်းတူဖြစ်သည်။  (၉၉)ကြိမ် တိုင်အောင် ထုခဲ့တဲ့ အရှိန်ကြောင့်လား .  .  .  ဒါမှမဟုတ် အကြိမ် (၁၀၀)ဟု ဆိုသော နောက်ဆုံး အကြိမ်ကြောင့်လား .  .  မှန်ပါသည် အရင် ထုခဲ့သော (၉၉)ကြိမ် အထိ ကြိုးစား ထားခဲ့သော စွမ်းအားများကို အကြိမ်(၁၀၀)က အသိ အမှတ်ပြုပေးခြင်းဖြင့် အောင်မြင်ခြင်း အသီးအပွင့်ကို ဆွတ်ခူးနိုင်ခြင်း ပင်ဖြစ်ပါသည်။  ဇွဲရှိ၍ ဟုအောင်မြင်မှုကို အသွင်သဏ္ဍာန်ပြောင်းခေါ်သော ဇွဲ လုံ့လကြောင့် ပင်ဖြစ်ပါသည်။  ထိုကြောင့် လူငယ်များ ကျောက်တုံးကို နမူနာ ယူ၍ (၉၉) ကြိမ်မြောက်အောင် ထုယူနိုင် သော စွမ်းအားကို မွေးမြူရင်း ကြိုးစားသင့် ပါသည်။

    အောင်မြင်ခြင်း စာအုပ်ကို ဖတ်ပြီး အောင်မြင်မှုကို မရနိုင်ပါ။  အောင်မြင်မှု ရရန် လမ်းလွဲခြင်း၊ နည်းလမ်း မမှန်ခြင်းနှင့် စိတ်ရှည် သည်းခံနိုင်မှု နည်းခြင်း ကြောင့် အောင်မြင်မှု ရရန် နှောင့်နှေး တတ်ပါတယ်။  အ ယူအဆ မှားခြင်း ဥပမာ ရေ ၊မြေ ရပ်ခြားသွား၍ စီးပွားရှာမှ သာလျှင် မိမိ မိသားစုဘ၀ အဆင်ပြေမည်ဟု အထင် မှားတတ်ခြင်းမှာလည်း မအောင်မြင်စေသော အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။  ဘုရားသခင်ထံမှ ခွန်အား၊ သတ္တိယူခြင်းဖြင့် ယုံကြည် စိတ်ချ၍ အောင်မြင်သော ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါသည်။  နောက်ဆုံး အချက်မှာ ရိုးသားစွာ ဘုရားသခင်ရဲ့ အလိုတော်ကို ၀န်ခံတတ်ခြင်း ပင်ဖြစ်သည်။  မိမိ၏ ကြိုးစားနှုန်းကို လိုက်၍ ဇွဲရှိသော သူ၏ ဆုလဒ်ကို ဘုရားသခင် အမြဲပေး တတ်ပါတယ်။  လူတွေရဲ့ရှေ့မှာ (၁၀)ကြိမ် ဒူးထောက်ခြင်း ထက် ဘုရားရှေ့မှာ အကြိမ်(၁၀၀) ဒူးထောက်ခြင်း သာလျှင် ထိရောက်သော နည်းဖြစ်သည်။  ဘုရားပေးထား သော လက်ရှိ ဘ၀၊ ကိုယ်နှင့် ထိုက်သော ဘ၀ကို လက်ခံတတ်ပြီး ကြိုးစား ရုန်းကန်ခြင်းဖြင့် အောင်မြင်သော ဘ၀များကို လူငယ်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ရင်း .  .  .

    မေတ္တာများစွာဖြင့်
        လင်ဒါထွန်းလွင်

Read More...

Friday, March 1, 2013

မြန်မာအမျိုးသမီးများနှင့် လူ့အခွင့်အရေး

    အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ ရည်တူဖြစ်သည် ဟူသောမူကို ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင်၎င်းင်း၊ ၁၉၄၈ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လူ့ အခွင့်အရေး ကြေငြာစာတမ်းတွင်၎င်းင်း၊ ချမှတ် ခဲ့ကြပါသည်။
 
    ကမ္ဘာ တစ်ဝှမ်းလုံးရှိ နိုင်ငံအများစုတွင် နေထိုင်ကြသည့် အမျိုးသမီးများသည်၊ မိမိတို့၏ ဘ၀ လွတ်လပ်ရေးနှင့် လူ့ အခွင့်အရေးများ ရပိုင်ခွင့်အတွက် နည်းမျိုးစုံဖြင့် တောင်းဆို တိုက်ပွဲ ၀င်ခဲ့ကြပါတယ်။  ၀င်နေ ဆဲလည်း ဖြစ်ပါတယ်။  အချို့ အရှေ့ပိုင်း နိုင်ငံများရှိ အမျိုးသမီးများသည်၊ အမျိုးသားများနှင့် တန်းတူ အခွင့် အရေးရရှိရန် အတွက်၊ လွတ်လပ်မှု ရရှိရန် အတွက် ယ ခုတိုင် တောင်းဆို နေကြဆဲ ဖြစ်ပါတယ်၊ မြန်မ့ာ လူ့အဖွဲ့အစည်းအတွင်းတွင်မူ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အခွင့်အရေးများ ရရှိခဲ့ကြပါတယ်။  အမျိုးသမီးများကို ခွဲခြား နှိမ့်ချ ဆက်ဆံခြင်း မရှိခဲ့ပါ။  မြန်မာတို့၏ လူနေမှု ဓလေ့အရပင် မေတ္တာတရားကို အခြေခံကာ ညှာတာ ထောက်ထား စာနာမှု တရားရှိပြီး ဘာသာတရား၏ အဆုံးအမ အောက်တွင် ယဉ်ကျေးစွာ ကြီးပြင်း ခဲ့ကြသူများ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် အိမ်ထောင်ဦးစီး ဖြစ်သော ဖခင်နှင့် ခင်ပွန်းသည်အား ရိုသေခြင်း၊ လေးစားခြင်း၊ နေရာပေး အလေးထားခြင်းများ ရှိကြသကဲ့သို့ အမျိုးသားများကလည်း၊ အမျိုးသမီးများကို ကြင်နာခြင်း၊စောင့်ရှောက်ခြင်း၊ လွတ်လပ်စွာ နိုင်ငံခြား ပညာတော်သင်များ အဖြစ်၎င်းင်း၊ နှီးနှော ဖလှယ်ပွဲများ၌ လေ့လာရေး ခရီးသွား အဖြစ်၎င်းင်း၊ အမျိုးသားများနှင့် တန်းတူ စေလွှတ်ခံရခြင်း၊ အခွင့်အရေးများကိုလည်း ရရှိ နေကြပြီး ဖြစ်ပါတယ်။
 
    မြန်မာ အမျိုးသမီးများသည်၊ မဲဆန္ဒ ပေးပိုင်ခွင့်ကိုလည်း အင်္ဂလန်နိုင်ငံထက်ပင် ဦးစွာ စော၍ ရရှိခဲ့ကြပါတယ်။  နိုင်ငံ တာဝန်များကိုလည်း အမျိုးသားများနှင့် တန်းတူ တာဝန်ယူ ပိုင်ခွင့်ကိုလည်း ရရှိပြီး ဖြစ်ပါတယ်။  ဤသို့ အဖက်ဖက်မှ နေ၍ မြန်မာ အမျိုးသမီးများသည်၊ အမျိုးသားများနှင့် တန်းတူ လူအခွင့်အရေးကို မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံအရ ရရှိနေကြပြီ ဖြစ်ရာ၊ မြန်မာအမျိုးသမီးများသည် မိမိတို့၏ ဘ၀ တန်ဖိုးကို ပိုမို တိုးတက်လာစေရန်၊ မိမိ တာဝန်ယူရာ ကဏ္ဍများတွင် ပိုမို တန်ဖိုးရှိ မြင့်မားလာစေရန် အတွက် ကြီးမားသော ကြိုးစား အားထုတ်မှုများကို ပြုသင့်ကြပါတယ်။
 
    ကမ္ဘာ အရပ်ရပ်များမှ အမျိုးသမီးများ တောင်းဆိုနေကြသော အမျိုးသမီးများ အခွင့်အရေးများကို မြန်မာ အမျိုးသမီးများ အနေဖြင့် ရရှိပြီးဖြစ်ရာ၊ မြန်မာ အမျိုးသမီးများ အနေနှင့် မိမိ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာ အယူဝါဒအရ ရရှိပြီး ဖြစ်သော လူ့အခွင့်အရေးများကို လေးစား တန်ဖိုးထားကာ မိမိ ဂုဏ်သိက္ခာအတွက်၊ မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက် အကျိုးရှိရာ၊ တိုးတက်ရာ တိုးတက်ကြောင်းများတွင် ရရှိသည့် အခွင့်အရေးပေါ် မူတည်၍ ကြိုးပမ်းဆောင်ရွက် နိုင်စွမ်း ရှိကြရမည်ဖြစ်ပါသည်။          
 
R.V.A ထုတ်လွှင့်ချက်

Read More...