Sunday, February 3, 2013

မိမိကိုယ်ကို အရစ်ကျ သေကြောင်းကြံခြင်း


    ဆေးလိပ်ကြော်ငြာများကို အားကျစရာ မင်းသားများနဲ့ ထည့်သွင်းကာ နိုင်ငံရပ်ခြား ၌ကြော်ငြာခဲ့ ကြပါသည်။ ထိုမင်းသား ကိုယ်တိုင် နောက်ဆုံးတွင် ဆေးလိပ်၏ တန်ခိုးကြောင့် အဆုတ်ကင်ဆာကို အလူးအလဲ ခံစားပြီး ဆေးလိပ်ဖြတ်ရန် နောက်ဆုံး တိုက်တွန်းရင်း အသက်စွန့် သွားခဲ့ရပါတယ်။ ယနေ့ခေတ် လူငယ်များသည် ဆေးလိပ်သောက်မှ စတိုင်ကျသ ယောင်၊ ဆေးလိပ် မသောက်ရင် ခေတ်မမှီ သယောင် ထင်ယောင် ထင်မှားဖြစ်နေပါတယ်။ ယောကျာ်းလေးဆို တစ်ခုခုတော့ အမြဲ ဆိုးတတ် ကြတယ်။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဖဲ၊ မိန်းမစတာနဲ့ ဘယ်ကင်းပါ့မလဲ ဟူ၍ တစ်မျိုးမျိုးတော့ ရှိတတ်ကြတယ်ဟု လက်ခံလာတတ် ကြလေပြီ။ ထိုထဲ၌ မပါလျှင်ပင် ယောကျာ်း မဟုတ် တော့ သယောင်လှောင်ပြောင်ပြောဆို တတ်ကြပါတယ်။ အချို့ ဆိုလျှင် “ခေါင်းဆေးတာ၊ စိတ်ဖိစီးမှုဖြေတာ၊ စဉ်းစားတာ” စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုးတတ်ကာ မူးယစ်ဆေးဝါးကို နည်းမျိုးစုံဖြင့် စွဲလန်းနေ တတ်ကြသည်။
 


    လောကကြီးမှာ ဘုရား ဖန်ဆင်းပေးထားတဲ့ ဒီရုပ် ခန္ဓာကိုယ်ကို ဂရုစိုက်ပေးခြင်းဟာလည်း ဘုရား သခင်ရဲ့ လက်ရာတော်ကို ပံ့ပိုး ကူညီ ချီးမွမ်းခြင်း မဟုတ်ပါလား။ မိမိကိုယ်ကို ရောဂါ ကဝေးအောင် နေထိုင်ခြင်း၊ တကိုယ်ရည် သန့်ရှင်းခြင်း၊ ကိုယ်ကျင့် တရားကောင်း အောင် ဖန်တီးခြင်း သည်လည်း ဘုရားသခင်ရဲ့ သန့်ရှင်းရာ ဗိမ္မာန်ဖြစ်တဲ့ မိမိကိုယ်ကို ထိန်းသိမ်းခြင်းဖြစ်ပါတယ်။ ရရှိလာသော သက်တမ်းကို အပြည့်အ၀နေထိုင်ရန် ကြိုးစားခြင်းသည်လည်း ဘုရားရှင်ရဲ့ လက်ရာ တော်ကို ထိန်းသိမ်းခြင်း မဟုတ်ပါလား။ လောကကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ရင် သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားဖြစ်တဲ့ ဖန်ဆင်းရှင်ကို စော်ကားတာလို့ ပြောဆို တတ်တယ်။
 

    လူ့ဘ၀က ရခဲတယ်။ လူ့အဖြစ် ဖန်ဆင်းပေးတဲ့ ဘုရားရှင်ကို ကျေးဇူးတင် ရမှာပါ။ ဒီလို တန်ဖိုး ရှိတဲ့ အသက်တစ်ချောင်းကို အဘယ်ကြောင့် ယနေ့ခေတ်မှာ မိမိ ကိုယ်ကို အရစ်ကျသေကြောင်း ကြံနေရ ပါသနည်း။ ဒီအဖြေက ရှင်းပါတယ်။ မိမိ စိတ်အလိုကိုလိုက်ကာ နီကိုတင်းဆိုတဲ့ အဆိပ်ငွေ့ကို အဆုတ်တွင်းသို့ ရှိုက်သွင်းခြင်းဖြင့် ဇိမ်ခံ ပစ္စည်းအဖြစ် သတ်မှတ်ကာ “ဆေးလိပ်သောက်ခြင်း” ပင်ဖြစ်ပါတယ်။ “ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့” ကို ဒီဇင်ဘာလ(၃၁)ရက်လို့ သတ်မှတ်ခဲ့ပြီး ဒီနေ့ အထိ ဆေးလိပ်သောက်သူ ဦးရေ များပြားနေပါတယ်။ ပညာပေးဟောပြောပွဲများ ကျင်းပပြီး လူငယ်များကို အ သိပေး လှုံ့ဆော်နေသော်လည်း မထိရောက်သေးပါ။
 

    အဆိုးဆုံးကတော့ ပညာပေးရမည့် ကျန်းမာ ရေး ၀န်ထမ်း ကိုယ်တိုင်ပင်လျှင် ဆေးလိပ်ကိုဆေးခန်း ပိတ်ချိန်တွင် အားရ ပါးရ ရှိုက်သွင်းနေသည်ကိုပင် မြင်ခဲ့ ဖူးပါသည်။ ခက်နေပါပြီ။ ထိုသူကို ဆရာလုပ်ဖို့ မည်သို့မျှ မဖြစ်နိုင်ပါ။ ဒါကြောင့်ဆေးလိပ်သောက်ခြင်းသည် “မိမိကိုယ်ကို အရစ်ကျ သေကြောင်း ကြံတာပါ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် TV ကြော်ငြာတာက “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက် နိုင်ပါသည်”ဟု သာရှိပြီး ၊ ထိခိုက်သည်ဟု တိုက်ရိုက်မ ပြောထားကြောင်း ငြင်းခုံ ခဲ့ပါသည်။ ကျန်းမာရေး ၀န်ထမ်းလုပ်နေပြီး ကိုယ်ကိုယ်တိုင် စံပြ မလုပ်နိုင်ကြောင်း ပြော တော့ “စံပြဖြစ်အောင် ဘယ်သူလုပ်ခိုင်း လို့လဲ” ဆိုတဲ့ ဆင်ခြေသုံးတဲ့ အဆိုကိုပြောပြီး တုန့်ပြန်တာကို ကိုယ်တွေ့ ကြုံခဲ့ရ ဖူးပါတယ်။လောကမှာ စံပြဖြစ် အောင်နေထိုင်ဖို့ ဘယ်သူကမှ မတိုက်တွန်း ပါဘူး။ မိမိကိုယ်တိုင် ပြုလုပ်ရန်ဖြစ်ပြီး မိမိကောင်းလျှင်ကောင်းသလို တပါးသူလည်း စံနမူနာ ယူမှာပါ။ စာသင်တဲ့ ဆရာဆိုရင် သူ့ ပုံကောင်း သက်သေပြနိုင်မှသာ သူ့ရဲ့ တပည့်ဟာ အနေနီးတဲ့ သူပုံစံ အတိုင်း အတုယူမှာ ဖြစ်သလို၊ ဆေး ၀န်ထမ်းဖြစ်ပြီး လူနာကိုဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပြီး ကိုယ်တိုင် မဖြတ်နိုင်သေးရင် နိယာမ၊ မမှန်နိုင်ပါ။
 
    ဆေးလိပ်သောက်ခြင်းကြောင့် ခံတွင်း နံသကဲ့သို့ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဆုံးရှုံးခြင်း၊ အရွယ် အိုမင်းခြင်း၊ နှုတ်ခမ်းများ မဲပြာခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ စိတ်တို လွယ်ခြင်းနှင့် မျိုးရိုးနှင့် ဆိုင်သော နောက်ဆက် တွဲပြဿနာများပါ ခံစားရမည်ကို သိရှိလျက် ယနေ့မှ စ၍ဖြတ်ရန် ကြိုးစားစေချင် ပါတယ်။ ကွမ်းစားခြင်းသည် သွားနှင့် သွားဖုံးများကို ပျက်စီးစေ ခြင်းနှင့် သွားဖုံး ကင်ဆာ အပါအ၀င်ဖြစ်သကဲ့သို့ ဆေးလိပ်၏ ဆိုးကျိုးများ အပြင် အနားကပ်ရုံဖြင့် ဆေးရွက် အနံ့ နံခြင်းမှာလည်း လူအများ မနှစ်သက်သော အရာများဖြစ်၍ ဘုရားသခင် ဖန်ဆင်းထားသော လက်ရာများကို မပျက်ဆီးစေဘဲ လူတိုင်း သက်တမ်းစေ့နေနိုင်ရန် ဒီနေ့မှ စ၍ ဆေးလိပ်ဖြတ်ကြပါစို့။

                မေတ္တာများစွာဖြင့်
                လင်ဒါထွန်းလွင်