Monday, January 28, 2013

မာရီကော်(လ)ဗင် ( Marie Colvin ၁၉၅၆-၂၀၁၂)

    ကမ္ဘာပေါ်၌ ထူးချွန်၍ ရဲစွမ်း သတ္တိရှိသော အမျိုးသမီး(၁၅၀)ကို (News Week) မဂ္ဂဇင်းကြီးမှ ရွေးချယ် ခဲ့ပါသည်။ ထိုအမျိုးသမီးများသည် ခက်ခဲ သော တော်လှန်ရေးကြီးများကို စတင်ရာ၌ ပါဝင် ဦး ဆောင်ခဲ့သူများ ဆင်းရဲသော ကလေးငယ်များအတွက် ကျောင်းများ ဖွင့်လှစ်ပေးခဲ့သူများ၊ အမေရိကန် ဒိထွိုက် မြို့ကြီးမှ အာဖဂန်နစ္စတန်ပြည်၊ ကဗူး(လ်) တော်မြို့မှ အမျိုးသမီးများ သာမက မြန်မာပြည် မှဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထိပ်ဆုံးမှရွေးချယ် ခဲ့ပါသည်။ မာရီ ကော်လ်ဗင် (Marie Colvin)သည် လည်း ထိုအမျိုး သမီးများထဲမှ တစ်ဦး အပါအ၀င်ဖြစ်ပါသည်။ သူမတို့သည် သူမတို့၏ ရဲရင့်သော အသံကို အချုပ်အနှောင်များ၊ အခက်အခဲများ ကြားမှ ကမ္ဘာသိအောင် စွမ်း ဆောင်နိုင်ခဲ့ သူများ ဖြစ်ကြသည်။


    မာရီကော်(လ်)ဗင်သည် လန်ဒန်ဆန်းဒေး တိုင်း(မ်)(စ်) (London Sunday Times Mag.) မဂ္ဂဇင်း၏နိုင်ငံခြား သတင်းထောက်များထဲ၌ သူမ၏ အကြောင်းသည် ပုံပြင်ဆန်ပြီး ထူးချွန်၍ ထင်ရှား၊ သတ္တိ အရှိဆုံး အမျိုးသမီး တစ်ဦးဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ (Long Island)၌မွေးဖွားခဲ့ပြီး နာမည်ကျော်ယေး(လ်) တက္ကသိုလ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ တစ်ယောက်ဖြစ်ပါသည်။ (၁၉၈၀) ခုနှစ်များမှ စတင်ပြီး နိုင်ငံတကာမှာ အ ရေးအခင်းကြီးများ၊ ဆန္ဒပြမှု များပြင်းထန်စွာဖြစ်ပွား ခဲ့ သော (သို့) စစ်ပွဲကြီးများ၊ အထိကရုန်းများ ကြားသို့ သွားရောက်ပြီး စစ်၏ အနိဌါန်ရုံများ ကြားမှာ ထူးခြား သော သတင်းများကို ရအောင် ယူခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံရှိ မြေမြှုပ်ဗုံး များထောင်ထားသော လူသတ်ကွင်း (Killing Fields)များသို့ စစ် ထရပ်ကားကြီးများ၏ နောက်ခန်းပေါ်မှာ ပင်ပန်း ဆင်းရဲစွာ ခါးနာရောဂါပင် စွဲကပ် ခံရအောင် ခရီးကြမ်းများကို လိုက်လံပြီး သတင်းယူ ခဲ့သူဖြစ်သည်။

    အသက်အရွယ် ငယ်စဉ်အခါ ကချောမော သော မျက်လုံးစိမ်းလေးများနှင့် နွေးထွေးသော အပြုံး ပိုင်ရှင် မလေးတစ်ဦးဖြစ်သည်။ ဖြတ်ထိုး ဉာဏ်ထက် မြက်သောကြောင့် နိုင်ငံများကို တစ်ပါတီ အာဏာရှင် စနစ်များဖြင့် အုပ်စိုးနေသော အာဏာရှင်ကြီးများ သာ မက၊ အကြမ်းဖက် သမားကြီးများ (Terrorists) များ၏ ရင်ထဲမှ လျှို့ဝှက်ချက်များ၊ နိုင်ငံရေး လှည့်ကွက်များကို ထုတ်ဖော် ရယူနိုင်စွမ်း ရှိသူဖြစ်သည်။ ယခုအချိန်ထိ (London Sunday Times Mag.) လန်ဒန်ဆန်းဒေး တိုင်း(မ်)(စ်)၏ နိုင်ငံခြား သတင်းထောက်များ ထဲ၌ သူမလောက် စွမ်းဆောင်နိုင်သူ မရှိသေးပေ။

    (၂၀၀၁) ခုနှစ် သီရိလင်္ကာနိုင်ငံ တမီးသူပုန်များနှင့် အစိုးရတပ်များ ပြင်းပြင်း ထန်ထန် တိုက်ခိုက် နေသော စစ်မြေပြင် တစ်နေရာ၌ သတင်းများယူနေ သော သူမ၏ မျက်လုံး တစ်ဖက်ကို ကျည်ဆံခွံ တစ်ခု စိုက်ဝင်ခဲ့သောကြောင့် မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရသည်။ ထိုအခိုက်အတန့်မှာ သူမ တစ်သက်တာမှာ အလွန် တုန်လှုပ်ခဲ့ရသော အချိန်ကာလ တစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်က (၄၅)နှစ် အရွယ်သာ ရှိသေးသည်။ သို့ သော် ချို့ယွင်းသွားသော မျက်လုံးတစ်ဖက်ကို မျက်လုံးကာ (Patch) တစ်ခု တပ်ဆင်၍ ရှေ့တန်းများသို့ ပြန်လည်သွားရောက်ခါ ထုံးစံအတိုင်း သတင်းများ ရအောင်ယူခဲ့သည်။ ကွယ်သွားသော မျက်လုံး တစ်ဖက်မှ မျက်လုံးကာကို စိတ်ဓါတ် ကျစရာအဖြစ် မခံယူဘဲ ဂုဏ်ယူဖွယ်ရာ တံဆိပ် အမှတ်အသား (Badge of Honor) အဖြစ် သေဆုံးသည် အထိ တပ်ဆင်ထားခဲ့သည်။

    အရှေ့ အလယ်ပိုင်း၌ အာရပ်နွေဦးတော်လှန် ရေးများ စတင်ဖြစ်ပွား လာသော အခါ၊ အီဂျစ်ပြည်မှာ လည်း ပြင်းထန်သောတော်လှန်ရေးကြီးဖြစ်ခဲ့သည်။ အီဂျစ် သမ္မတ မူဘာရတ်မှ ဆန္ဒပြပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က မာရီကော် (လ်)ဗင်သည်လည်း အီဂျစ် တိုင်ယာ ရင်ပြင်ကြီး၌ ဆန္ဒပြသူများ ကြား၌ သူမရောက်ရှိနေခဲ့သည်။ သူမ၏ ဆန်းဒေးတိုင်း(မ်)(စ်) မဂ္ဂဇင်းကြီး ဆီသို့လည်း ထူး ခြားသော သတင်းများကို တောက်လျှောက် ပို့ပေးနေခဲ့သည်။ ထို အတောအတွင်း လစ်ဗျားနိုင်ငံ၏ မြို့သိမ်းတိုက်ပွဲ (Mistrata) မစ္စထရာတာမြို့သို့ သွားရောက် သတင်းယူ ခဲ့သေးသည်။

    လွန်ခဲ့သည့် (၅)လခန့်က ဆီးရီးယား (Syria) နိုင်ငံမှ (Homs) ဟုမ်း(စ်)မြို့ကို အစိုးရတပ်များမှ သူပုန် များကို လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး မြို့ကို သိမ်းပိုက်ရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ သူပုန်များ ပုန်း အောင်းနေသော ရပ်ကွက်များကို လက်နက်ကြီးများ နှင့် ပစ်ခတ်သောကြောင့် အရပ်သူ အရပ်သားမြောက်များစွာသေကြေ ခဲ့ရသည်။ ထိုအချိန်မှာ ထိုမြို့ထဲ၌ မာရီ သတင်းယူရန် ရှိနေခဲ့သည်။ သူမ၏ ဒုက္ခများကြားမှ ကြံ့ခိုင်သော စိတ်ဓါတ်က ထိုမြို့မှ ထွက်ခွာ မသွားရန် တားဆီး ထားခဲ့သည်။ သူမ၏ လန်ဒန်ဆန်းဒေးတိုင်း(မ်) သ တင်း ဂျာနယ်မှ လုပ်ဖော်ကိုင်ဖက်များကို “သူမသည် လက်နက်ကြီးများထဲမှ လွတ်မြောက်နိုင်လျှင် အရေးကြီး သတင်းဖြစ်သွားနိုင်သည်” ဟု သူမ၏ အင်တာနက် ဖေ့စ်ဘုတ် (Facebook)ပေါ်၌ တင်ထားခဲ့သည်။ သူမ၏ သူငယ်ချင်းများသည် ထိုစာလေး ကိုနောက်ဆုံး ရရှိခဲ့ခြင်းဖြစ်သည်။ များမကြာမှီ မာရီကော(လ်)ဗင် တည်းခိုနေသော အဆောက်အဦး တစ်ခုလုံး ဗုံးကြဲ ချခြင်း ခံခဲ့ရရှာသည်။ ထို အဆောက်အဦး တစ်ခုထဲ၌ တည်းခိုနေသူ အားလုံးလည်း တစ်ယောက် မကျန်သေဆုံး ခဲ့ကြရသည်။ ကျွန်ုပ်တို့ အပါအ၀င် သူမကို ချစ်ခင် လေးစားသူများကို သူမက လွမ်းပုံပြင်တစ်ပုဒ်လို ချန်ထား ရစ်ခဲ့ပါသည်။ သူမ အချိန်မှီပေးပို့သော သတင်းဦးများ ကြောင့် ရှောင်တိမ်း လွှတ်မြောက် ခဲ့ရသော တော်လှန်ရေးသမားများသည်လည်း သူမကို ဘယ်တော့ မှမေ့နိုင် တော့မည် မဟုတ်ပါ။ မည်သူမဆို ငယ်ရွယ်စဉ်အခါမှ စပြီး မွေးရာပါ ဗီဇသတ္တိများကောင်းသောစိတ်များ ပါလာကြ ပါသည်။ အခြေအနေ အရပ်ရပ်၊ အကြောင်းကြောင်းတွေကြောင့် ရင်ထဲမှာ သိမ်းဆည်း ထားကြရခြင်းဖြစ် သည်။

    တကယ်တန်း အရေးကြုံလာသော အခါ လူငယ်များ၏ သတ္တိများနိုးကြွလာပြီး အမျိုးမျိုးသော အန္တရာယ် များကြားမှ ထွက်ပေါ်ခါ အသုံးချ တတ်လာကြသည်ကို နိုင်ငံတိုင်း ၌တွေ့မြင်နေကြရပြီဖြစ်သည်။ မာရီကော်(လ်) ဗင် (Marie Colvin)သည်လည်း  ဤသို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော အမျိုးသမီး တစ်ယောက်ဖြစ်သည်။
 
လူငယ် လူရွယ်များ လူတော် လူကောင်းများဖြစ်ကြစေဘို့ ဆုတောင်းပေးလျက်ယေဇူးသခင်၏မေတ္တာရိပ်မှ
 
ထရီဇားမြင့်