Monday, January 21, 2013

ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ

ရန်ကုန်မြို့သို့ အပြန် စာရေးသူကို သင်္ကန်းဖြူဖြူနဲ့ မြင်သည့် တက္ကစီကား ဆရာက “ဆရာက ဘယ်သူပါလဲ။ ဘယ်လိုခေါ်ပါသလဲ” ဟု မေးလာပါသည်။
“ကက်သလစ် ဘုန်းတော်ကြီးပါ”
“အော် ဘုန်းတော်ကြီး ကိုး။”
    စာရေးသူကပင် ဆက်ပြီး
      “ကက်သလစ် ဘာသာ အကြောင်းကြား ဖူးလား။”
    “ကြားဖူးပါတယ်။ ကက်သလစ်ဘာသာက မယ်တော်အမေကို ကိုးကွယ်တဲ့ ဘာသာ။ ခရစ်ယာန်ဘာသာက သားတော်ကို ကိုးကွယ်တဲ့ ဘာသာ မဟုတ်လား။”
    မသိကျွမ်းသော၊ သိခွင့်ရတာ နည်းသော ပုဂ္ဂိုလ်ဖြစ်တာကို ရိပ်စားမိတာကြောင့် သူ့ကို ကက်သလစ် ဘာသာအကြောင်း အနည်းငယ်ပြောပြ လိုက်ရပါသည်။    
    “ကက်သလစ်ဘာသာ ဆိုတာကို ကြားပဲကြား ဖူးတယ်။”
    “ကက်သလစ်ဘာသာဆိုတာ မိန်းမကို ကိုးကွယ်တာတဲ့။” စသည့် မှတ်ချက်မျိုးကို ကိုယ်တိုင် အကြိမ်ကြိမ် ကြားခဲ့ ရဖူးပါသည်။ ကြားရတိုင်းလည်း တွန့်ကနဲ နေအောင် ခံစားခဲ့ရသည့် မှတ်ချက်များဖြစ် ပါသည်။

“ကက်သလစ် ဘာသာအကြောင်းလေ့လာချင်လို့ စာအုပ် ကလေးတွေပေးပါဦး။”

    သည်တောင်းဆိုမှုမျိုးကိုလည်း မကြာခဏ ကြုံရပါသည်။ အဖြေပေးဖို့ ခက်သည့်တောင်းဆိုမှု ကလေး များဖြစ်ပါသည်။ ဘာ့ကြောင့်ဆို ကက်သလစ် ဘာသာ အကြောင်းကို မြန်မာ တစ်ယောက်က ဖတ်ပြီး နားလည် နိုင်အောင်ရေးသားထားသော စာအုပ်ကို ယနေ့တိုင် မ တွေ့ဖူးသေးတာကြောင့်ဖြစ် ပါသည်။ ထို့ကြောင့်လည်း “ကက်သလစ် ဘာသာအကြောင်း တစ်စွန်းတစ်စ” ဆောင်းပါးလေးများရေးသားဖို့ စိတ်ကူး ရလာခဲ့ပါသည်။

    “ကက်သလစ် ဘာသာ”ဆိုသည်မှာယေဇူး ဘုရား ကိုယ်တော်တိုင် တည်ထောင်မူခဲ့သည့် ဘာသာ ဖြစ်ပြီး၊ ကက်သလစ် ခရစ်ယာန် ဘာသာဟုခေါ်ပါသည်။

    “ခရစ်ယာန်” ဆိုသည်မှာ “ယေဇူး ခရစ်တော်”အား ဘုရားအဖြစ် ကြည်ညို ကိုးကွယ်၍၊ အရှင်၏ တရားတော် အစုစုအား ခိုလှုံရာ အဖြစ် ရိုကျိုး ဆည်းကပ်သူများဟု အဓိပ္ပါယ် ရပါသည်။

    “ယေဇူး” ဆိုသည်မှာ မယ်တော် မာရိယာဝမ်း ကြာသိုက်မှာ ဘုန်းတော်ဖြင့် ပဋိသန္ဓေ စွဲယူတော်မူမည့် အကြောင်း ကိုယ်ထင်ပြ အမိန့်တော်ရှိစဉ်က သိကြားမင်း ကိုယ်တိုင် မှည့်ခေါ်ပေးခဲ့သည့် အမည် နာမဖြစ်ပြီး၊ “ခရစ်တော်” ဟူသည်  ယေဇူး၏ ဘွဲ့နာမတော်ဖြစ်၏။ “မင်္ဂလာဆီဖြင့် သွန်းလောင်း ဘိက်သိက် ခံရသူ”ဟု အဓိပ္ပါယ်ရ၏။

    “ကက်သလစ်” ဆိုသည့်ဝေါဟာရမှာ “တစ်ဦး တည်းသော ဦးစီး ဦးဆောင်၏နောက်တွင် တစ်စု တစ်လုံး၊ တစ်စု တစ်စည်း၊ တစ်စု တစ်သင်းတည်းရှိခြင်း”ဟု အဓိပ္ပါယ် ရသော လာတင်း ဘာသာစကား ဝေါဟာရ catholicusနှင့်၊ ဂရိတ်ဘာသာဝေါဟာရ “ကာသော လီကော့  (katholikos)” တို့ကို မွေးစား သုံးနှုန်းထား သော စကားလုံး တစ်လုံးဖြစ်ပါသည်။ ဤဝေါဟာရကို ခရစ်နှစ်(၁၁၀) ခုနှစ်ခန့် မှ စတင်ကာ အန္တီအော့မြို့မှ သန့်ရှင်းသော သူတော်မြတ် အရှင်ဣနိယှက် (St. Ignatius of Antioch)က စတင် သုံးစွဲ ခေါ်ဝေါ်ခဲ့၏။

    “လူခပ်သိမ်းနှင့် ဆိုင်သော၊ လူမျိုး ခပ်သိမ်း ပိုင် သော၊ ဘာသာစကားတိုင်း ပိုင်သော၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့တိုင်း၏ အပိုင်ဖြစ်သော ဘာသာ” (Universal) ဟု အဓိပ္ပါယ် ဖွင့်ဆို ပါသည်။ သာသနာတော်သည် ဥရောပ၊ အာရှ၊ အာဖရိက၊ တောင်/မြောက်အမေရိက တိုက်သာပိုင်သည့် ဘာသာ သာသနာ မဟုတ်ပါ။ အ နောက်တိုင်းသားသာ ပိုင်ခွင့်ရှိသည့် ဘာသာ၊ အရှေ့တိုင်းသားသာ ပိုင်သည့် ဘာသာ မဟုတ်ပါ။ အီတလီ၊ ပြင်သစ်၊ အမေရိကန်၊ အာဖရိက၊ တရုတ်၊ အန္ဒိယ၊ မြန်မာ ပိုင်သော ဘာသာတစ်ခု မဟုတ်ပါ။ မည်သည့် တိုင်းနိုင်ငံ၊ မည်သည့် လူမျိုး၊ မည်သည့် ယဉ်ကျေးမှု ဓလေ့ထုံးစံ တစ်ခုတည်းကမှ မူပိုင်ပြု ပိုင်ဆိုင် ထားသော ဘာသာ မဟုတ်ပါ။ လူ ခပ်သိမ်းပိုင်သော၊ လူမျိုးတိုင်းနှင့် ဆိုင် သော၊ တိုင်းနိုင်ငံတိုင်းနှင့် ဆိုင်သော၊ ယဉ်ကျေးမှု ဓ လေ့ ထုံးတမ်း စဉ်လာတိုင်းက ပိုင်နိုင် ဆိုင်နိုင်သော ဘာသာဟု အဓိပ္ပါယ် ရပါသည်။

    သာသနာပိုင် ပုပ်ရဟန်းမင်းကြီးများကျောင်း စိုက်ရာ ရောမမြို့ကို အစွဲပြု၍ “ရိုမင် ကက်သလစ် ဘာသာ”ဟု လည်း ခေါ်တွင် ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် တစ်ပါးတည်းသော သာသနာပိုင် ပုပ် ရဟန်းမင်းကြီး အောက်၌ ၊နိုင်ငံစွဲ မရှိ ၊ရေမြေဒေသစွဲ မရှိ၊ ရိုးရာ ယဉ်ကျေးမှု ထုံး ဓလေ့ မခွဲ၊ ယုံကြည် သက်ဝင်ရာ တရား၌ မကွဲ မပြား၊ တစ်ပေါင်း တစ်စည်းတည်း အတူရှိနေသော ထို ခရစ်ယာန် အစု အသင်းကို “ကက်သလစ် ခရစ်ယာန် သာသနာ၊ ကက်သလစ် သာသနာ (Catholic Church)” ဟု မြန်မာမှုပြုခေါ်ဆို ပါသည်။ ဂိုဏ်းကွဲ ခရစ်ယာန်အသင်းတော်များက မိမိတို့ အသင်းသူ အသင်းသား အစုအပေါင်းကို မှည့်ခေါ်လေ့ ရှိသော “ခရစ်ယာန် အသင်းတော်”ဟူသော ဝေါဟာရကို အစွဲပြု၍  ကက်သလစ် သာသနာကို “ကက်သလစ် အသင်းတော် (Catholic Church)”ဟု ခေါ်တာကိုလည်း ကြားရ တတ်ပါသည်။

    ကက်သလစ် ဘာသာ၏ ထင်ရှားသော အမှတ် လက္ခဏာတစ်ခုမှာ သာသနာပိုင် ပုပ် ရဟန်းမင်းကြီး နှင့် သာသနာ့ ကာနွန် ဥပဒေ ရှိခြင်းဖြစ်ပါသည်။  ယေဇူး ဘုရား ကိုယ်တော်တိုင် မိမိ ကိုယ်တော်၏ ကိုယ်စားအ ဖြစ်နှင့် သာသနာ၏ ဦးစီး အဖြစ် ခန့်ထားတော်မူခဲ့သော တပည့်တော်ကြီး ရှင်ပေတရုအား စဉ်ဆက် မပြတ် အဆင့်ဆင့် ဆက်ခံတော်မူသော သာသနာ့ ဦးစီး နာယကအား သာသနာပိုင် ပုပ် ရဟန်းမင်းကြီးဟု ခေါ်ပါသည်။ ပုပ်ရဟန်းမင်းကြီးသည်  ရောမမြို့တွင်ကျောင်းထိုင် သော ဆရာတော်ဖြစ်၍၊ ကက်သလစ် ဘာသာ သာသနာရေး၊ ကျင့်ဝတ် ကျင့်နည်းများနှင့် ကိုးကွယ် ၀တ်ပြု ခြင်းဆိုင်ရာ ၀ိနည်းတော်များကို ရှေ့နေရှေ့ရပ်ပြု ဦးဆောင် သင်ကြား လမ်းညွှန် ဆုံးမ ပါသည်။ ပုပ် ရဟန်းမင်းကြီး၊ ဆရာတော်၊ ဘုန်းတော်ကြီး၊ မယ်သီလရှင်များနှင့် ဘာသာဝင်များသည် အဆင့် အတန်း မခွဲ၊ လူမျိုး မခွဲ၊ ဘာသာစကား မခွဲ၊ အသားအရောင် မခွဲ၊ ကျားမ မခွဲ၊ တူညီ သော သာသနာ့ ကာနွန် ဥပဒေအောက်တွင် အားလုံး တန်းတူ ညီမျှ လုံခြုံအေးချမ်းစွာ ကက်သလစ် ခရစ်ယာန် ဘာသာတရားတော်အား ကြည်ညိုဆောက်တည် နေ ကြပါသည်။

    ကက်သလစ် ဘာသာက “လူတိုင်း လူတိုင်းသည် အခြေခံအားဖြင့် သန့်စင်မြင့်မြတ် ကြ၍ ကောင်း မြတ်၏။ လူတစ်ဦး စီမှာ လူ့ ဂုဏ်သိက္ခာ ရှိ၏”ကြောင်း သွန်သင်၏။

    တစ်လောကလုံးဆီသို့ အပြစ်တရားကြီး မပျက်မကွက် တိတ်တဆိတ်ရောက်ရှိ ဖုံးကွယ်နေခြင်းမှာ ဆန်းကျယ်၏။ ဖြစ်ဖြစ်သမျှ ဝေနေယျသားမှန်သမျှ၌ မကြွင်း မကျန် အချွင်း မချက် မရှိတွေ့ရသည့် အပြစ် အနှောင်အဖွဲ့ ဓမ္မတာကြီး (the presence of universality of sin in man’s nature) ရှိနေတာကို လက်ခံ၏။ ထို အပြစ်အနှောင်မဖွဲ့ ဓမ္မတာ တရားကြီးကို “အပြစ်ရင်း” (original sin, human fallen nature) ဟု နာမည်ပေးပါသည်။ ထို အပြစ်ရင်း/ အပြစ် မျိုးစေ့/  စွဲကပ်ပြစ် (original sin, human fallen nature) ကြောင့် လူသည် ကိလေသာ (concupiscence) မီးစွဲလောင် နေကာ၊ သူ၏ စဉ်းစားဥာဏ်နှင့် ဆင်ခြင်တုံ တရားတို့သည်လည်း မကြည် မလင်ဖြစ်နေ၏။

    အပြစ် (မကောင်းမှုဒုစရိုက်)ဟူသည် သူ့ပင် ကိုယ်ပင်ရင်း၌ကပင် မကောင်းခြင်းဖြစ်တာကြောင့် သူ့ကို သည်အတိုင်း ပစ်ထား လိုက်ပါလျှင် ပျက်စီးဖို့ သာရှိ၏။ ထိုအပြစ် တရားကြီးမှ လွတ်မြောက်နိုင်ဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရား အဆုံးအမ တရား တော်မှာသာ ရှိ၏။  ထို တရားတော်များအား နာယူ မှတ်သား၊ နှလုံးသွင်း ကျင့်ကြံနိုင်ရန် အလို့ငှါ ဘာသာဝင်များသည် ကက်သလစ် သာသနာတော်၌ ခိုလှုံနေခြင်း ဖြစ်၏။

    ဘုရားက တရားနှင့် ကျင့်စဉ်ကို ပေးတော်မူ၏။ လူက ယုံကြည်စွာ လိုက်ကျင့် ကြရမှာဖြစ်၏။ ထို့အပြင် လူသည် လွတ်လပ်သော သတ္တ၀ါဖြစ်၏။ လူ့ ဆန္ဒသည်လည်း လွတ်လပ်၏။ ဘုရားသည် အလုံးစုံကို တတ်နိုင် တော်မူသော အရှင်ဖြစ်ပါသော်လည်း လူ၏ လွတ်လပ် သော ဆန္ဒကို မည်သောအခါမှ မလွန်ဆန်ပါ။ လူသည် မိမိ လွတ်မြောက်ခြင်းကို ကိုယ်တိုင်ရွေးချယ် ရမှာဖြစ်၏။ ဆုံးရှုံခြင်းကိုလည်း ကိုယ်တိုင်ရွေး ကြ၏။ မိမိ၏ လွတ်လပ်သော ဆန္ဒကို အလွဲသုံးလျက်၊ အပြစ်ပြုခြင်းသည် မိမိ ကိုယ်တိုင်ကိုရော၊ လူသားထု တစ်ခုလုံးကိုပါ ထိခိုက်ခြင်းဖြစ်၏။
ကက်သလစ် သာသနာတော်က ယုံကြည်သူ တပည့် သားသမီးအပေါင်းအား ယေဇူးဘုရား၏ သက် တော်စဉ်နှင့် ကိုယ်တော်၏ တရားတော်များကို သင်ကြား ဆုံးမပေးလျက် ၊ယေဇူး ကိုယ်တော်တိုင် တည် ထောင်ထားခဲ့သော ကက်သလစ် ခရစ်ယာန်ဘာသာ အခေါ်  “စက္ကရင်မင်တူး မင်္ဂလာ”များ ကိုပေးခြင်းဖြင့် လူသားတိုင်း လွတ်မြောက်ခြင်း ဆုရပါစေကြောင်း နေ့စဉ် ကူညီထောက်မပေးနေ၏။
(မှတ်ချက်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တစ်ဝိုက်မှ လူများက ကက်သလစ်ဘာသာကို “ဘုရင်ဂျီဘာသာ”ဟု ခေါ်တတ်ကြပါသည်။ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနင့်  အထူး သဖြင့် မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများ တွင် “ဂိုဏ်းကွဲ ခရစ်ယာန်များ ကို (ဥပမာ နှစ်ခြင်း ခရစ်ယာန်များကို) “စာဖြူ”ဟု ခေါ်ဝေါ် တတ်ကြ၍၊ ကက်သလစ် ဘာသာဝင်များ ကို “စာနီ”ဟု ခေါ်ဝေါ်တတ် ကြပါသည်။ မည်သို့ကြောင့် ထိုနာမည် များဖြင့်ခေါ်ကြပုံကိုဖင့် လိုအပ်မည် မထင်သည့် အတွက် ရှင်း မပြတော့ပါ။)
    ကက်သလစ် ခရစ်ယာန်ဘာသာသည်
(၁) ကြည်ညိုကိုးကွယ်ရာ (The Faith Professed, သဒ္ဓါ)၊
(၂) ကိုးကွယ် ၀တ်ပြုရာ (The Faith Celebrated, စက္ကရင်မင်တူးခုနှစ်ပါး)၊
(၃) သီလ ကျင့်စဉ် (The Faith Lived ဘုရား ပညတ်တော်)၊
(၄) ဆု တောင်းပတ္ထနာ (The Faith Prayed, ယေဇူး ဘုရား သင်ကြားတော်မူသော ဆုတောင်း ပတ္ထနာ) စသည့် မဏ္ဍိုင်ကြီးလေးခု အပေါ်မှာ တည်ဆောက်ထားပါသည်။

    ယခုခေါင်းစဉ်တွင် ပထမမဏ္ဍိုင်ဖြစ်သည့် ကက်သလစ်ဘာသာ ကြည်ညို ကိုးကွယ်ရာ (The Faith Professed, သဒ္ဓါတရား) ကို အကျဉ်းမျှပြော လိုပါသည်။

(၁) ကက်သလစ်ဘာသာ၏ ကြည်ညိုကိုးကွယ်ရာ
    ၁။ ဘုရား
    ကက်သလစ် ဘာသာဝင်များက အမြဲ တည် ခြင်း (eternal)၊ မရွေ့လျောခြင်း၊ မပျက်စီးခြင်း (indestructible)၊ မသေခြင်း (ever-present) စသည့် နိစ္စ ဂုဏ်တော်များနှင့် ပြည့်စုံသော တစ်ပါးတည်းသော အရှင်အား ကြည်ညို ကိုးကွယ်၏။ ထိုအရှင်သည် လူ့ ဥာဏ်ပညာဖြင့် အပြည့်အ၀ မသိနိုင် စွမ်းသော၊ လူ့ စိတ်နှင့် စဉ်းစား၍ မမီနိုင်စွမ်းသော (incomprehensible, အစိန္တေယျ)၊ လူ့ စံနှုန်းဖြင့် မနှိုင်းယှဉ်နိုင် စွမ်းသော (immeasurable, အပ္ပမေယျ)၊ လူ့ဝေါဟာရဖြင့် မခေါ်နှိုင် စွမ်းသော (indescribable, beyond name and form, အန္နာမေယျ) အတုလံ အတုမဲ့၊ အစမဲ့ အဆုံးမဲ့သော အရှင် ဖြစ်တော်မူ၏ဟု ၀န်ခံ၏။

    ထို အရှင်မြတ်ကို ဂုဏ်အသရေနှင့် ပြည့်စုံခြင်း၊ ဘုန်းတော်ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်း၊ ပူဇော် ထိုက် ခြင်း၊ ကိုးကွယ် ထိုက်ခြင်း၊ ဆည်းကပ်ထိုက်ခြင်း စသည့် ဂုဏ်တော်များ ကိုဖေါ်ညွှန်းနိုင်သော ဝေါဟာရဖြင့် “ဘုရား”ဟု မြန်မာလိုခေါ်တတ် ကြပါသည်။

    မြင်နိုင်ရာ မမြင်နိုင်ရာ အားလုံး၏ အစဖြစ်ခြင်း ဂုဏ်တော် (အာလဖ)၊ အဆုံးဖြစ်ခြင်း ဂုဏ်တော် (သြမေဃ)များ ကိုဖေါ်ပြသည့်ဝေါဟာရ “အရှင်၊ သခင်” နှင့် ထပ်ပေါင်းကာ “ဘုရားသခင်၊ ဘုရားရှင်” ဟုလည်း ခေါ်တတ်ကြ၏။ အမြဲ တည်ခြင်း၊ မရွေ့လျောခြင်း၊ မပျက်စီးခြင်း၊ မသေခြင်းစသည့် အသင်္ခတ ဂုဏ်တော် အပေါင်းကိုဖေါ်ပြပေးသော ဘာသာစကားအရာ၌ အ မြင့်ဆုံး မြန်မာဝေါဟာရ “ထာဝရ”နှင့် တွဲကာ “ထာဝရဘုရား” ဟုလည်း ခေါ်တတ်ကြ၏။

    ”ဘုရား၊ ဘုရားသခင်၊ ဘုရားရှင်၊ ထာဝရဘုရား”ဟု ခေါ်ဆိုစေကာမူ ကိုယ်တော်မြတ်သည် အမည် နာမနှင့် ပညတ်တရား အလွန်ဖြစ်၏။ သင်္ခါရ အမှန် ဖြစ်သည့် ရုပ် နာမ် အလွန်မှ အသက်နှင့် သက်တော် ထင်ရှားရာ အရှင်ဖြစ်တော်မူ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တည်းဟူသော ကာလသုံးပါးမှ လွတ်ကင်းသော၊ အစအဆုံး ကင်းသော (အနဒိ)၊ တည်မြဲခြင်း (အသင်္ခတ) ဂုဏ်တော်ရှင်၊ အနန္တော အနန္တ အဖြစ်တော် အရှင်ဖြစ်၏။ ပြည့်ဝ စုံလင်သော တရားတော် အရှင်ဖြစ်တော်မူ၍ စကြ၀ဠာ နိယာမ၊ သစ္စာတရား၊ မေတ္တာတရားနှင့် သန့် စင်မြင့်မြတ်ခြင်းတို့၏ မူလ ဓမ္မဖြစ်တော်မူ၏။

    ဘုရားရှင်သည် ”ကောင်းကင် စကြ၀ဠာ ကမ္ဘာ မြေကြီးနှင့် မြင်နိုင်ရာ မမြင်နိုင်ရာ (ရူပ, အရာ၊ အရူပ, အရာ) အားလုံးတို့၏ ဖန်ဆင်းရှင်ဖြစ်၏။ ဖန်ဆင်းရှင် ဘုရားထံမှ တည်ရှိခြင်းကို မရရှိလျှင် မည်သည့် အရာမျှ မရှိနိုင်ချေ။    

    မမြင်နိုင်ရာ (အရူပ, အရာ)များတွင် သိကြား တမန်တော်များလည်း ပါဝင်၏။ သိကြားကို ခရစ်ယာန် ဘာသာတွင် “ကောင်းကင် တမန်တော်/ သိကြား တမန် တော်ဟုခေါ်လေ့ ရှိပါသည်။ သိကြား တမန်တော်များသည် လူသားများထံ ဘုရား မိန့်ဆိုလိုသော စကားတော်များကို ကြွရောက် မြွက်ဆိုလေ့ ရှိကြောင်း ကျမ်းစာ တော်တွင်တွေ့ ရပါသည်။  လူတစ်ဦးသေဆုံးသော အခါ သူပြုခဲ့သောကောင်းမှု ကုသိုလ်ကြောင့် သိကြားဘုံ သို့ ရောက်သွားပြီး သိကြားဖြစ်လာခြင်း မဟုတ်ပါ။ သိကြားဘုံဆိုတာလည်း မရှိပါ။ သိကြား တမန်တော်များသည် ဖန်ဆင်းခံ များဖြစ်ကြပြီး၊ လူသားများထက် ဘုန်းကြီး ကြပါသည်။ ပုထုစဉ် သားများကဲ့သို့ အပြစ်ပြုခြင်း၊ ဒုက္ခ ဆင်းရဲခြင်းနှင့် သေဆုံးပျောက်ကွယ်သွား ခြင်း မရှိပါ။ ကက်သလစ် ခရစ်ယာန် အနုသုခုမ ပန်းချီ ပန်းပုများတွင် သိကြားတမန်တော်တို့၏ ပုံကို အ၀တ် ဖြူစင် ၀တ်ဆင်ထားပြီး နောက်ကျောဘက်တွင် အ တောင်ပံတစ်စုံ ပါလေ့ရှိသော ကလေးသူငယ် ပုံ/လုလင်ပျိုပုံ/ လုံမငယ်ပုံများဖြင့် တွေ့မြင် ရတတ်ပါသည်။ အ မှန်တွင် သိကြား တမန်တော်များမှာ နာမ်သဘော သက်သက်ဖြစ် ပါသည်။ ပုံပမ်း သဏ္ဌာန်နှင့် ရုပ်ရည် သွင်ပြင် မရှိကြပါ။ ကျား/မ မရှိပါ။ အတောင်ပံများလည်း မပါ ရှိကြပါ။ သမ္မာကျမ်းတော်လာ အချက်အလက်များဖြစ်သည့် သိကြား တမန်တော်များ၏ သန့်စင် မြင့်မြတ်ခြင်း၊ ပြီးပြည့်စုံခြင်းနှင့် ဘုန်းကြီးခြင်း အဓိပ္ပါယ်ကို ပေါ်လွင် စေလိုသောကြောင့် လည်းကောင်း၊ လူ သာမန်တို့၏ မျက်စေ့မှာ မြင်သာစေ ထင်သာစေ လိုသောကြောင့် လည်းကောင်း၊ ထိုကဲ့သို့ သဏ္ဍာန်လုပ် သရုပ်ဖေါ်ကာ ရေးဆွဲ ထုလုပ် ထားခြင်းဖြစ်၏။    

    ဘုရားရှင် ကိုယ်တော်တိုင်သည် မြင်နိုင်သော ကမ္ဘာလောကကို ပြည့်စုံကြွယ်ဝစွာ၊ ကွဲပြားခြားနားစွာ၊ အစီအစဉ် ကျနစွာ ဖန်ဆင်းတော်မူ၏။ ကောင်းမြတ် ခြင်းနှင့် ချစ်ခြင်း မေတ္တာတော်ရှင် ဖြစ်တော်မူသည့် အ လျောက်၊ ကောင်းမြတ်ခြင်းကိုသာ ဖန်ဆင်းတော်မူ၏။ ထို့ကြောင့် အရာ သတ္တ၀ါ ခပ်သိမ်းတို့သည် မိမိတို့ သဘာဝ မူလတွင် ကောင်းမြတ်ခြင်းနှင့် ပြည့်စုံခြင်းတို့ကို ပိုင်ဆိုင်ကြ၏။ ကိုယ်တော်သည် ဖန်ဆင်း ထားတော်မူ သော အရာ သတ္တ၀ါ အားလုံးကို ချစ်တော်မူ၍၊ တစ်ခုစီ တစ်ခုစီကို စောင့်ရှောက်တော်၏။

    မြင်နိုင်သော သတ္တ၀ါများတွင် လူသည် အထူး ခြားဆုံးနှင့် အမြတ်ဆုံးဖြစ်၏။ ဘုရားက လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း၏။ ယောက်ျားနှင့် မိန်းမတို့သည်  တစ်ဦးက တစ်ဦးကို အမှီသဟဲပြုစေ၍ တန်းတူ ရည်တူ အဆင့်တူဖြစ်စေတော်၏။ လူသာလျှင် သူ၏ ဖန်ဆင်းရှင်ကို သိပြီး ချစ်လေးမြတ်နိုးစွာ ကြည်ညိုနိုင်၏။ ကမ္ဘာ စကြ၀ဠာကြီးနှင့် အတူ မျှတစွာနေထိုင်ခွင့်ပြုတော်မူ၏။ လူသားများ အတွက် အရာ ခပ်သိမ်းတို့ကို ဖန်ဆင်းပေး တော်မူ၏။  သို့သော် ကမ္ဘာ စကြ၀ဠာကြီး၏ အစီအစဉ် ကျမှုနှင့် ညီမျှမှုကို ပျက်စီး သွားစေမည့် အရာကို ပြုလုပ်ခွင့် မရှိပေ။

    လူတွင် ခန္ဓာနှင့်ဝိညာဉ် (ရုပ်နှင့် နာမ်၊ body and anima/ soul/ spirit) ရှိ၏။ “၀ိညာဉ်”ဟူသည် အသက် သဘော၊ သိတတ်သည့် သဘော၊ နာမ် သဘော၊ ပုဂ္ဂိုလ် အရည်အသွေး သဘောဖြစ်၏။ ရုပ် သဘောတရားမျိုး မဟုတ်ဘဲ အတွင်း သဘော၊ စိတ်တ္တဇ နာမ် သဘော၊ အာရုံငါးပါးနှင့် အလွတ် အကင်းဖြစ်သော သဘော ဖြစ်၏။ “လူ၊ ပန်းသီး၊ ၀တ္တု” စသည်ဖြင့် လက်ဆုပ် လက်ကိုင်ပြနိုင်သည့် အကောင် အထည်၊ ရုပ် ဒြပ်၊ အလုံး၊ အတုံး၊ အဆိုင်၊ အခဲ၊ အရည်၊ အဖတ်၊ အနှစ်၊ အမှုန်၊ အမွှား မဟုတ်ပါ။ “ငါ၊ ငါ့ ဥစ္စာ၊ သူ တစ်ပါး၊ ယောက်ကျား၊ မိန်းမ၊ အတ္တ၊ အကောင်အထည်၊ အတ္တ ကောင် (ego)” မဟုတ်ပါ။

    ဘုရားက လူအားတွေးခေါ်ဥာဏ်နှင့် လွတ်လပ် သော ဆန္ဒ (intellect and free will) ကိုပေးတော်မူပါသည်။ ထို့ကြောင့် သက်ရှိ သတ္တ၀ါများတွင် လူသည်သာ ကုသိုလ်ကို ကုသိုလ်ဟု သိမှတ်ကာပြုနိုင်၏။ မပြုဘဲလည်းနေနိုင်၏။ အကုသိုလ်ကို အကုသိုလ်ဟု သိကာ ရှောင်နိုင် စွမ်း၏။  အကုသိုလ်မှန်း သိလျက် နှင့်လည်း လုပ်မည်ဆို လုပ်နိုင်၏။ အဓိပ္ပါယ်က လူသည် လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်း၏။ တခြား မည်သည့် သက်ရှိ သက်မဲ့မှာမှ မရှိဘဲ လူသာလျှင် ပိုင်သော ဤမြင့်မြတ် ခန်းနားသော လူ့ဂုဏ်ရည် ကြောင့် လူကို “ဘုရားရွှေ ပုံတော်ရှိသူ”ဟု ခရစ်ယာန်များက မှတ်ယူ ကြပါသည်။ ဘုရားရွှေပုံတော်ရှိသည့် အား လျော်စွာ တစ်ဦးစီသော လူသားတို့သည် လူ ပုဂ္ဂိုလ် တစ်ဦး၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်၏။ လူဟူသည် တစ်စုံတစ်ရာ မဟုတ်ဘဲ တစ်စုံ တစ်ယောက်ဖြစ်၏။ ဘုရားရွှေပုံ တော် ခံယူရရှိသူများ ဖြစ်သည်နှင့် အညီ လူသည် သိ နိုင်စွမ်း ရှိ၏။ ဘုရားအား ချစ်လေး မြတ်နိုးခြင်း ကြီးမားစွာ ကြည်ညိုနိုင်စွမ်း ပြီး၊ သတ္တ၀ါ အပေါင်းအား ချစ်နိုင်၊ မေတ္တာထားနိုင်စွမ်း ၏။

    အပြစ် ဒုစရိုက်နှင့် ဒုက္ခ ဆင်းရဲခြင်းကို ဘုရား ဖန်ဆင်းတော် မမူခဲ့ပါ။ ဘုရား အလိုတော် အရ ဖြစ်ပေါ်လာခဲ့ခြင်းလည်း မဟုတ်ပါ။ ဘုရားကိုယ်တော်၏ တန်ခိုး တော်နှင့် မေတ္တာတော် လျှော့နည်းခြင်းကြောင့်လည်း မဟုတ်ပါ။ ဘုရား တန်ခိုးတော်သည် ယခင်၊ ယခုနှင့် ထာဝစဉ် ဘယ်သောအခါ မှလျှော့နည်းသွား လိမ့်မည် မဟုတ်သကဲ့သို့ မှားယွင်း လိမ့်မည် မဟုတ်ပေ။ 

    အကြင်းမဲ့ လွတ်လပ်သော လူက ကောင်းခြင်းထက် မကောင်းခြင်းကိုသာ ရွေးချယ်ခြင်းကြောင့် အပြစ် (အကုသိုလ်)ဖြစ်ရ၏။ အကုသိုလ်သည် အပြစ် ဖြစ်၏။ အပြစ်ဆိုသည်မှာ မိမိ၏ လွတ်လပ်ခြင်းကို အလွဲသုံး၍ အတ္တကို ဖက်တွယ်ပြီး ဘုရားနှင့် တရားတော်မှ ဝေးကွာခြင်း အဖြစ်ကိုခေါ်ပါသည်။

    အပြစ်ပြုခြင်း (အကုသိုလ်ပြုခြင်း) အကျိုး ကြောင့် ဒုက္ခ ဆင်းရဲခြင်းဖြစ်ရ ကုန်၏။ လူသားတို့၏ မြင့် မြတ်ခြင်း ဂုဏ်သိက္ခာအတွက် မရှိ မဖြစ်သည့် ကိုယ်တော်တိုင်ပေးအပ်တော်မူခဲ့သော လွတ်လပ်ခြင်း (freedom)တည်း ဟူသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာ သော အကျိုးတရားသာ ဖြစ်၏။ ဤအချက်ကို အာဒံနှင့် ဧ၀ အကြောင်းဖြင့် သမ္မာကျမ်းစာတော်က သွန်သင်၏။ သို့သော် ဘုရားရှင်သည် မိမိ ကိုယ်တော်မြတ်၏ စောင်မတော်ခြင်းနှင့် ကရုဏာတော်အားဖြင့် သတ္တ၀ါ အပေါင်းကို ချမ်းသာ သုခတော်မြတ်သို့ မုချရောက်ရာ လမ်း တော်ကို ပြတော်မူဖို့ အစက နဦးကပင်လျှင် ဗျာဒိတ် ပေးတော်မူ ခဲ့ပါသည်။   

    တစ်လောကလုံး ဆီသို့ အပြစ် တရားကြီး မ ပျက်မကွက် တိတ်တဆိတ် ရောက်ရှိ ဖုံးကွယ်နေခြင်းမှာ ဆန်းကျယ်လှ၏။ အကြွင်း မကျန် ချွင်းချက် မရှိဘဲ (We call the presence of universality of sin in man’s nature) ဝေနေယျ မှန်သမျှ၊ ဖြစ်ဖြစ် သမျှ လူအားလုံး၌တွေ့ရသည့် သဘာဝကြောင့် ဤအပြစ် အနှောင်အဖွဲ့ ဓမ္မတာကြီးကို “အပြစ်ရင်း” (original sin, human fallen nature) ဟု ခရစ်ယာန်များက ခေါ်ဆိုကြပါသည်။

    “အပြစ်ရင်း” (စွဲကပ်ပြစ်)သည်  ကိလေသာ  (concupiscence) ဟု အနီးစပ်ဆုံး ဘာသာပြန်ဆို ရမည်ဖြစ်၏။ ကျူးလွန်ပြစ် (a comitted sin) မဟုတ်ဘဲ၊ စွဲကပ်ပြစ် (a contracted sin)ဖြစ်၏။  ကိလေသာ သို့မဟုတ် အပြစ်ရင်းသည် လူသားများအား ချမ်းသာခြင်းကို မပေး၊ ပူလောင်ခြင်းကိုသာပေး၏။ ချမ်းသာရာ မရှိအောင် လုပ်၏။ လူကို အပြစ် ဒုစရိုက် တရားကြီး ဘက်သို့ ယိမ်းယိုင် တိမ်းစောင်း သွားစေ၏။ စွဲလန်း တပ်မက်ခြင်း၊ ကိုယ်စိတ်နှစ်ပါး ဝေဒနာ ခံစားခြင်း၊ အမှန်ကို မသိခြင်း၊ မသိမှု အမှောင် လွှမ်းမိုးခြင်း၊ မောက်မှားစေ ခြင်း၊ အပြစ်ကျူးစေခြင်း၊ သေခြင်း၏ ကျေးကျွန်ဖြစ်စေခြင်းတို့ဖြင့် လူမှန် သမျှကို အနာအဆာဖြစ်စေ ပါသည်။  ပုထုစဉ် လူသားထု တစ်ခုလုံး၏ သဘာဝ ဇာတိအဖြစ် အခြေမှာ အနာတရဖြစ်နေကြခြင်း၊ သုစရိုက်ကို ထက် ဒုစရိုက်သို့ တိမ်းညွှတ်နေ၏။ အနာတရဖြစ်သော မိမိ သဘာဝ ဇာတိအမှန်ကို လျစ်လျူရှုခြင်းဖြင့် လူသည် မ ကောင်းမှုများဆီသို့ တိမ်းညွတ်ခြင်း ဖြစ်ကာ ပညာမဲ့ခြင်း၊ အကျင့် စာရိတ္တဖေါက်ပြန်ခြင်း စသော ဒုစရိုက် အမှားအယွင်းများကို ပြုလေတော့၏။

    အနှောင်အဖွဲ့ ဓမ္မတာကြီး ဖြစ်သော “အပြစ်ရင်း”  (original sin, human fallen nature)ကြောင့် ပုထုစဉ် သားမှန်သမျှထံမှာ  လေးမျိုးသော ဒဏ်ရာ ဒဏ်ချက်များ စွဲကျန်နေပါသည်။ ထို ဒဏ်ရာများမှာ (၁) အမှန်ဖြစ်နေသော သစ္စာတရားကို သိဖို့ လူ့ အသိဥာဏ် ခဲယဉ်းနေခြင်း၊ (၂) ကောင်းမြတ်ခြင်း ကိုရွေးချယ်ဖို့ လူ့ ဆန္ဒ ချိနဲ့ နေခြင်း၊ (၃) မလို မုန်းထား အငြိုးပွားခြင်းထံပါး လူ့နှလုံးသားညွှတ်ယိမ်းနေခြင်း၊ (၄) စိတ် ခံစား လှုပ်ရှားမှုနှင့် စွဲလမ်း တပ်မက်မှု တဏှာ ဖောက်လွဲဖောက် ပြန် ဖြစ်နေခြင်း တို့ဖြစ်၏။

    ဤသည်မှာ လူတို့ အတွက် “ဒုက္ခသံသရာ” သာ ဧကန်ဖြစ်တော့၏။ သို့သော် အပြစ်ရင်းသည် လူ၏ မြင့်မြတ်ခြင်းကိုမူ အကုန် ဖျက်စီး မပစ်နိုင်ပါ။ အတိအကျ လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျမ်းစာတော်လာ အာဒံနှင့် ဧ၀တို့၏ အကြောင်းက ဖေါ်ပြပါ အကြောင်းအချက်များကို သင်ကြားပေးပါသည်။

    ဆာတန် နတ်ဆိုးဟူသည် ဘုရားနှင့် တရား တော်မှ ဆန့်ကျင်ဘက်ဖြစ်သောသူ ကိုခေါ်၏။ ဆာတန် နတ်ဆိုးသည် လူအား မကောင်း ဒုစရိုက်ပြုစေအောင် သွေး ဆောင်နိုင်၏။ လူသည် လွတ်လပ်စွာ ရှိနေသော်လည်း နတ်ဆိုးသည် သူ့ အပေါ်အတိုင်းအတာ တစ်ခုအထိ စိုးမိုး ထားနိုင်၏။ နတ်ဆိုး တည်ရှိခြင်းကို ဘုရားက ခွင့်ပြု တော်မူပေသော်လည်း၊ လူသားများကို မူကား နတ်ဆိုး နှောက်ယှက်ခြင်းသို့ မကျရောက်ရအောင် ကျေးဇူး တော်၊ ပညာ၊ သတိနှင့် သမာဓိ ရှိစေခြင်းဖြင့် ကူညီတော်မူ၏။

               အပြစ်ရင်းနှင့် လူတို့ ကိုယ်တိုင်ပြုလုပ်ကြသော  အပြစ်များ၏ အကျိုးဆက်ကြောင့် ကမ္ဘာ တစ်ခွင်လုံး အ နေဖြင့် မပြည့်စုံသော အခြေအနေ၊ ချို့တဲ့နေသော  အ ခြေအနေ၊ အပြစ်ရှိသော အခြေအနေ၊ ပညတ်တရားကြီး အောက်ရောက်နေသော အခြေအနေဖြစ်၏ (ရှင် ယောဟန် ၁း၂၉)။ ထို တရားသဘော၊ အမှန်အတိုင်း မသိသော သဘော (အ၀ိဇ္ဇာ လွှမ်းမိုးခြင်း) အား ရည်ညွှန်း၍ ခရစ်ယာန်များက “ကမ္ဘာလောက တစ်ခွင်လုံးသည် ဆာတန် နတ်ဆိုး၏ တန်ခိုး အာဏာစက် အောက် ရောက်ရှိနေသည်”ဟု ပြောဆိုလေ့ ရှိကြ၏။

ရှေ့လဆက်ပါဦးမည်။

             ဘုန်းတော်ကြီး မာကု (Ph.D)

ဆောင်းပါးပေါင်းချုပ် (အောက်တိုဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်စတင်သည်။)