Wednesday, January 2, 2013

ကိုယ်ကျင့်တရား မကောင်းတဲ့ သူတွေက၊ ဘယ်လိုပဲ လှူလှူ၊ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း ကုသိုလ်မရဘူး၊ ဆုတောင်းမပြည့်ဘူး ဆိုတာ တကယ် မှန်ပါသလား။

    ဒီတစ်ပါတ်မှာ မေးလာတဲ့မေးခွန်းကတော့ “တစ်ချို့ကပြောကြတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့ သူတွေက၊ ဘယ်လိုပဲ လှူလှူ၊ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း ကုသိုလ်မရဘူး၊ ဆုတောင်းမပြည့်ဘူး ဆိုတာ တကယ် မှန်ပါသလား။ အဲ့ဒီ ကိုယ်ကျင့်တရား မ ကောင်းတဲ့သူတွေကို ဘုရားသခင်က တကယ်ကို ပစ်ထားပြီလား။ ကိုယ်ကျင့်တရား မကောင်းတာကလည်း အချိန်အတိုင်းအတာ တစ်ခုပဲဖြစ်နိုင် ပါတယ်။ နောင်တ ရပြီးပြောင်းလဲနိုင် ပါတယ်။ မကောင်းခဲ့တာတွေဟာ အမြဲ မပျောက်တော့ဘူးလား။ ကိုယ်ကျင့်တရား ပျက်ရခြင်းကလည်း တစ်ခုခုကို မလွန်ဆန်နိုင်ခြင်း ကြောင့်ဖြစ်တယ်။ ဥပမာ - မိသားစုပြေလည်ရေး အတွက် တစ်ခြားသူ တစ်ယောက်စီက အကူအညီ ယူထားရတယ်။ ကူညီတဲ့သူက မိမိရဲ့ ကူညီရခြင်းအပေါ်မှာ အမြတ်ထုတ် အခွင့်အရေးယူနေတာကို ရှောင်ရှားဖို့ မတတ်သာဖြစ်တာမျိုး လည်း ရှိတတ်ပါတယ်။ နောက် ဥပမာတစ်ခုကတော့ ဓါးပြတစ်ဦးဟာ သူတကာ အများရဲ့ ပစ္စည်းဥစ္စာကိုသာ ယူပြီး မိမိရဲ့ မိသားစုအ ပေါ်မှာတော့ ကြင်နာ သနားတတ်တယ်။ မိမိရဲ့ လက် အောက် ငယ်သားများ အပေါ်မှာ မျှတတဲ့စိတ် ရှိတယ် ဆိုရင် သူ့ကို ဘုရားသခင်က ကောင်းချီးပေးပါသလား”  တဲ့။

    ဒီမေးခွန်းကို ဖတ်လိုက်ရတော့ ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၈၊ အငယ် ၁ မှ ၁၁ ထဲက အဖြစ်အပျက် ကျမ်းပိုဒ်ကို သတိရ တရားရှုမိပါတယ်။ အဖြစ်အပျက်ကတော့ မနက်စောစော ကိုယ်တော်ရှင်ဟာ ဗိမ္မာန်တော်သို့ကြွတော်မူလျှက် လူအပေါင်းတို့ကို တရားပေးနေစဉ်မှာပဲ ကျမ်းတတ် ဆရာများ၊ ဖာရီရှဲများဟာ ပြည့်တန်ဆာအမှု ကျူးလွန်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်လာခဲ့ပြီး ကိုယ်တော်ရှင်ရှေ့မှာ ထားပြီးတော့ “ဒီလို မှားယွင်းခြင်း အမှုပြုတဲ့ အမျိုးသမီးကို ကျောက်ခဲနဲ့ ပစ်သတ်ရမယ်လို့ မိုးဇယ်ရဲ့ တရားကျမ်းက စီရင် ထုံးဖွဲ့ထားပါတယ်။ ကိုယ်တော်ကကော ဘယ်လို မိန့်ကြားမလဲဆိုပြီး ကိုယ်တော့်ကို စကားထောင် ချောက် ဖမ်းခဲ့ကြပါတယ်။ ဒါနဲ့ ကိုယ်တော်ရှင်က ဘာမျှ ပြန်ဖြေကြားတော် မမူဘဲ အောက်ငုံ့ပြီးမြေကြီးပေါ်မှာ လက်ညှိုးနဲ့ စာရေးခြစ်နေစဉ် အထပ်ထပ်ငေါ့ပြီးမေးဖန်များတော့ ကိုယ်တော်ရှင်က “သင်တို့တွင် အပြစ် ကင်းသောသူသည် ရှေးဦးစွာကျောက်ခဲနှင့် ပစ်စေလို့ မိန့်တော်မူလိုက်ပါတယ်။ ဒါနဲ့ တစ်ယောက်ပြီး တစ် ယောက် ကိုင်ဆောင် လာတဲ့ ကျောက်တုံးကျောက်ခဲများကို နံဘေးဖက် ပစ်ချခဲ့ကြပြီး မခံချိ မခံသာ တစ် ယောက်မျှ မကျန် ထွက်သွား ခဲ့ကြပါတော့တယ်။ ဒါနဲ့ ကိုယ်တော်ရှင်က “အချင်း မိန်းမသင့်ကို အပြစ်တင်ကြတဲ့ သူတွေ ဘယ်မှာလဲ ဘယ်သူကမျှ တရား မစီရင် ကြဘူးလား”လို့ မေးတော့ “ဘယ်သူမျှ မစီရင်ပါ သခင်” ဟုလျှောက်လေ၏တဲ့။ ဒါနဲ့ ကိုယ်တော်ရှင်က “ငါသည်လည်း သင်၏ အမှုကို မစီရင်၊ သွားလော့နောက်တဖန် ဒုစရိုက်ကို မပြုနှင့်”ဟု မိန့်တော်မူ၏။ ကိုယ်တော်ရှင်ဟာ အပြစ်သားတို့ကို ကယ်တင်ဘို့ကြွလာတော်မူတဲ့ အရှင်ဖြစ်ပါတယ်။ (ရှင်မာကု ခရစ်ဝင် ၂း၁၇) “ဖြောင့်မတ်သော သူတို့ကိုနောင်တသို့ခေါ်ခြင်းငှါ ငါလာသည် မဟုတ်။ ဆိုးသော သူတို့ကိုခေါ်ခြင်းငှါ” ငါလာသည်ဟု မိန့်တော်မူ၏။” အပြစ်သားတွေ ချဉ်းကပ်နိုင်ကြဖို့ အာပါတ်ဖြေခြင်း စက္ကရမင်းတူး မင်္ဂလာကို ကိုယ် တော်ရှင် တည်ထောင် ထားတော်မူခဲ့ပါတယ်။ မေးခွန်းကိုပြန်ကြည့်မယ် ဆိုရင် “တစ်ချို့ကပြောကြတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေက၊ ဘယ်လိုပဲ လှူလှူ၊ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း ကုသိုလ်မရဘူး၊ ဆုတောင်း မပြည့်ဘူးဆိုတာ တကယ်မှန်ပါသလား။” တစ်ချို့ကပြောတဲ့ စကားဆိုတော့ သာသနာ တော်ကပေးတဲ့ တရား မဟုတ်ပါဘူး။ အဲ့ဒီ စကားသံ တွေကို အာရုံစိုက် မနေပါနဲ့။ ကိုယ်ကျင့် တရားမ ကောင်းတဲ့ အဖြစ် အခြေအနေမှ ကြိုးစား ရုံးထွက်ပါ။ ဒီလို ရုန်းထွက်တဲ့နေရာမှာ ဘုရားရှင်ရဲ့စောင်မခြင်း ကျေးဇူးတော်နဲ့ အောင်မြင်စွာ ရုန်းထွက်နိုင်ဘို့ ဘုရားရှင်ဆီမှာ ဆုတောင်းပါ။ စိတ်ကောင်းနှလုံးကောင်းနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ ပေးကမ်း စွန့်ကြဲပါ။ လှူဒါန်းပါ၊ ရှင်သန်ပါ။ မိမိရဲ့ ဆုတောင်းများနဲ့ မိမိရဲ့ အလှူအတန်းများက မိမိရဲ့ ဘ၀ပြုပြင်ရေးမှာ ပံ့ပိုးမှုတွေဖြစ်နေပါ လိမ့်မယ်။ ဧ၀ံဂေလိ ကျမ်းထဲမှာ ကိုယ်တော်ရှင် ကိုယ်တော်တိုင်က အလှူအတန်းပြုဘို့၊ ဆုတောင်းဘို့ ဟောကြား ထားပါတယ်။ ဆုတောင်း မပြည့်ဘူးဆိုတဲ့ စကားဟာ တောင်းတဲ့ ဆုဖြူဖြူ မဲမဲကြီး ချက်ခြင်း လက်ငင်း မရတာကို ပြောတာဖြစ်မှာပါ။ ဆုတောင်းမေတ္တာ ပြုသူတိုင်းကို ဘုရားသခင်သည် လက်ချည်း ဗလာပြန် လွှတ်လေ့ မရှိပါ။ တစ်ခုခုတော့ ရရှိပြီးပြန်ရ စမြဲပါ။ မိမိ မသိလိုက်ခြင်းသာ ဖြစ်ပါလိမ့်မယ်။ အပြစ်ရှိ လူသား တွေ ဘုရားရှင်ထံ ဆုတောင်းကြပြီဆိုရင်

    (၁) ဘုရားရှင်ဟာ မိမိရဲ့ ရွှေဉာဏ်တော် အတိုင်း အဖြေပေးတော်မူတယ်။ မိမိရဲ့ ဆုတောင်းချက်ဟာ မှားယွင်းနေပါက အဲဒီ ဆုတောင်းချက်ကို ချပေး တော်မမူသော်လည်း ဆုတောင်းသူရဲ့ ဘ၀၌ လိုအပ်ချက် တစ်ခုခုကို မိမိရွှေဉာဏ်တော် အလျှောက် သိမြင် တော်မူသည့် အတိုင်း ပေးသနားတော်မူ ပါတယ်။

    (၂) ကိုယ်စီရဲ့ ဆုတောင်းချက်များကို ဘုရားရှင်ဟာ မိမိရဲ့ အနန္တမေတ္တာတော်၌ အဖြေပေးတော် မူတယ်။ မိမိတောင်းတဲ့ ဆုဟာ မိမိအတွက်၊ သူတစ်ပါးအတွက် အန္တရာယ် ရှိနေပါက (သို့မဟုတ်) အချိန်မတန် သေးပါက မိမိရဲ့ မဟာမေတ္တာတော်၌ အချိန်ယူ လျှက် ပြုပြင် ပုံသွင်းပေးခြင်း ကို ပြုတော်မူတယ်။ ဒီလို အချိန်ယူစဉ် ပြုပြင် ပုံသွင်းပေးစဉ် ကာလမှာ အခြားသောဆု ကျေးဇူးတော်များကို တစ်ခုပြီး တစ်ခု ထပ်ဆင့်ပေး သနားတော်မူလေ့ ရှိပါတယ်။

    (၃) ကိုယ်စီရဲ့ ဆုတောင်းချက်များကို ဘုရားရှင်ဟာ မိမိရဲ့ မဟာ အလိုတော်မြတ်နဲ့ အညီ အဖြေပေး တော်မူတယ်။ ဒါကြောင့် ဆုတောင်းကြတဲ့ နေရာမှာ ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံ ပါစေသော်။ ဘုရား တပည့်တော်၏ အလိုသည် ပြောင်းပါစေသော်လို့ ဆုတောင်း ကြရပါတယ်။ မိမိရဲ့ အလိုဆန္ဒဟာ ဘုရားရှင်ရဲ့ အလိုတော်မြတ်နဲ့ မကိုက်ညီပါက ဒါမှမဟုတ် အချိန်မတန်သေးပါက ဘုရားရှင်ဟာ ဆုတောင်း သူအပေါ်မှာ အခြားသော လိုအပ်နေတဲ့ ဆုကျေးဇူး တော်ပေးပြီး အချိန်ယူတော်မူလေ့ ရှိပါတယ်။ အဲ့ဒီ ကာလအတွင်းမှာ မိမိရဲ့ အလိုတော်ရင်းနဲ့ ညီအောင် ပြုပြင် ပုံသွင်းပေးတော် မူပါတယ်။

    ဒါကြောင့် ဘုရားရှင်ရဲ့ ထံတော်ပါးသို့ ချဉ်းကပ် ဆုတောင်း လာသူတိုင်းကို ငြင်းပယ်သည် ဟူ၍ မရှိ။ တောင်းသော ဆုကိုပေးရင်ပေးမယ်၊ အချိန်ယူဖို့ လိုအပ်ပါက အချိန် ယူမယ်။ တောင်းတဲ့ဆုဟာ အန္တရာယ် ဖြစ်နေပါက မိမိရဲ့ရွှေဉာဏ်တော်နဲ့ အညီ မဟာမေတ္တာ တော်၌ မိမိရဲ့ အလိုတော်မြတ် အတိုင်း အခြားသော လိုအပ်နေတဲ့ ဆုတစ်ခုခုကို ချပေးတော်မူပါတယ်။ ဘုရားရှင်ရဲ့ အလိုတော်မြတ်ကို လက်မခံ လိုခြင်းဟာ မိမိရဲ့ အတ္တကြီးမှု၊ မာန်မာနကြီးနေမှုကြောင့်ဖြစ်ပါတယ်။ ဒီလို အချိန်ယူခြင်း၊ ပြုပြင် ပုံသွင်းပေးခြင်း ကာလမှာ မိမိ မတောင်းတဲ့ဆုတွေကိုပဲ ရရှိနေခြင်းကို မိမိက မသိလိုက်၍ ဆုတောင်း မပြည့်ဟု ပြောဆိုနေခြင်းသာဖြစ်ပါလိမ့်မယ်။ ပြစ်ရှိ လူသားတွေ ဘုရားရှင်ထံ ဆုတောင်းကြပြီ ဆိုရင် တိကျပြတ်သားတဲ့ အဖြေလေးမျိုးကို တစ်ဆင့်ချင်း အစဉ်အမြဲပေးလေ့ ရှိပါတယ်။ ပြတ်သားတဲ့ ပထမ အဖြေကတော့ မိမိသည် မှားယွင်းသော အချက်ကို  တောင်းဆုပန်နေပါက No! မပေးနိုင်ဘူးလို့ အဖြေပေးတော်မူ ပါတယ်။ ပြတ်သားတဲ့ ဒုတိယအဖြေကတော့ တောင်းဆု ပန်ချက်က မှန်ပါ၏။ ဆုတောင်းနေသူက မှန်ကန်မှု မရှိ၊ အပြစ် ဒုစရိုက်တွေနဲ့ပဲပြည့်နေသေးတယ် ဆိုရင် Grow! တဲ့။ အဓိပ္ပါယ် ကတော့ ရင့်ကျက်လာအောင်၊ ထိုက်တန်သူဖြစ်လာအောင် ကြိုးစား ပါတဲ့။ ပြတ်သားတဲ့ တတိယ အဖြေကတော့၊ တောင်းဆု ပန်ချက်ဟာ အချိန်မတန်သေး ပါက Slow! ဖြေးဖြေး၊ မလောနဲ့လို့ တိကျတဲ့ အဖြေကိုပေး ပါတယ်။ ပြတ်သားတဲ့ စတုတ္ထ အဖြေကတော့ တောင်းဆုပန်ချက်လည်း မှန်၊ အချိန်ကလည်း တန်၊ အခြေအနေ အားလုံးကလည်း မှန်ကန်လာပြီဆိုရင် Go!-ပြည့်စေတဲ့။ ဒါကြောင့် ကိုယ်စီ ဆုတောင်းကြတဲ့နေရာမှာ ဇွဲနဲ့၊ အားမလျှော့ပဲ ဆုတောင်းပါ။ မရဘူးဆိုတာ မရှိပါဘူး။ တစ်ခုခု ရရှိ ပါလိမ့်မယ်။ ကိုယ်ကျင့်တရား မကောင်းသူကို ဘုရားသခင်ကပြစ် မထားပါဘူး။ ကိုယ်ကျင့် တရားကောင်းသူ ဖြစ်လာအောင်ပြောင်းလဲလာနိုင်ဖို့ အတွက် အချိန်ယူတော်မူခြင်း၊ အချိန်ပေးတော်မူခြင်း သာဖြစ်ပါတယ်။ ဒါကြောင့်လည်း လောကကြီးမှာ ဘယ်လောက်ပဲ ဆိုးပေ တေနေသူ ဖြစ်ပါစေ၊ သေခါနီးမှာတော့ နောင်တနဲ့ သံဝေဂနဲ့ တရားရပြီး တရားတော်နဲ့ အညီ ဘ၀ နိဂုံးချုပ်ကြတာ ဘာကြောင့်လဲ။ ဘုရားရှင်ရဲ့ မဟာ ဂရုဏာမေတ္တာတော်နဲ့ မိမိတို့ရဲ့နောင်တ သံဝေဂ၊ ဆုတောင်းမေတ္တာ၊ အလှူအတန်း၊ စိတ်ကောင်းနှလုံးကောင်းနဲ့ ဆပ်ကပ်မှုလေးတွေ ပေါင်းစည်း သွားခြင်းရလဒ်ဖြစ်ကြောင်း ဖြေကြား လိုက်ရပါတယ်။ ဖတ်ရှုရန် (ရှင်ယောဟန်ခရစ်ဝင် ၁၈း၉-၁၄)

                                ဘုန်းဘုန်းဒိုမိနစ်ဂြိုလ်တု