Monday, January 28, 2013

မာရီကော်(လ)ဗင် ( Marie Colvin ၁၉၅၆-၂၀၁၂)

    ကမ္ဘာပေါ်၌ ထူးချွန်၍ ရဲစွမ်း သတ္တိရှိသော အမျိုးသမီး(၁၅၀)ကို (News Week) မဂ္ဂဇင်းကြီးမှ ရွေးချယ် ခဲ့ပါသည်။ ထိုအမျိုးသမီးများသည် ခက်ခဲ သော တော်လှန်ရေးကြီးများကို စတင်ရာ၌ ပါဝင် ဦး ဆောင်ခဲ့သူများ ဆင်းရဲသော ကလေးငယ်များအတွက် ကျောင်းများ ဖွင့်လှစ်ပေးခဲ့သူများ၊ အမေရိကန် ဒိထွိုက် မြို့ကြီးမှ အာဖဂန်နစ္စတန်ပြည်၊ ကဗူး(လ်) တော်မြို့မှ အမျိုးသမီးများ သာမက မြန်မာပြည် မှဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထိပ်ဆုံးမှရွေးချယ် ခဲ့ပါသည်။ မာရီ ကော်လ်ဗင် (Marie Colvin)သည် လည်း ထိုအမျိုး သမီးများထဲမှ တစ်ဦး အပါအ၀င်ဖြစ်ပါသည်။ သူမတို့သည် သူမတို့၏ ရဲရင့်သော အသံကို အချုပ်အနှောင်များ၊ အခက်အခဲများ ကြားမှ ကမ္ဘာသိအောင် စွမ်း ဆောင်နိုင်ခဲ့ သူများ ဖြစ်ကြသည်။


    မာရီကော်(လ်)ဗင်သည် လန်ဒန်ဆန်းဒေး တိုင်း(မ်)(စ်) (London Sunday Times Mag.) မဂ္ဂဇင်း၏နိုင်ငံခြား သတင်းထောက်များထဲ၌ သူမ၏ အကြောင်းသည် ပုံပြင်ဆန်ပြီး ထူးချွန်၍ ထင်ရှား၊ သတ္တိ အရှိဆုံး အမျိုးသမီး တစ်ဦးဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ (Long Island)၌မွေးဖွားခဲ့ပြီး နာမည်ကျော်ယေး(လ်) တက္ကသိုလ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ တစ်ယောက်ဖြစ်ပါသည်။ (၁၉၈၀) ခုနှစ်များမှ စတင်ပြီး နိုင်ငံတကာမှာ အ ရေးအခင်းကြီးများ၊ ဆန္ဒပြမှု များပြင်းထန်စွာဖြစ်ပွား ခဲ့ သော (သို့) စစ်ပွဲကြီးများ၊ အထိကရုန်းများ ကြားသို့ သွားရောက်ပြီး စစ်၏ အနိဌါန်ရုံများ ကြားမှာ ထူးခြား သော သတင်းများကို ရအောင် ယူခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံရှိ မြေမြှုပ်ဗုံး များထောင်ထားသော လူသတ်ကွင်း (Killing Fields)များသို့ စစ် ထရပ်ကားကြီးများ၏ နောက်ခန်းပေါ်မှာ ပင်ပန်း ဆင်းရဲစွာ ခါးနာရောဂါပင် စွဲကပ် ခံရအောင် ခရီးကြမ်းများကို လိုက်လံပြီး သတင်းယူ ခဲ့သူဖြစ်သည်။

    အသက်အရွယ် ငယ်စဉ်အခါ ကချောမော သော မျက်လုံးစိမ်းလေးများနှင့် နွေးထွေးသော အပြုံး ပိုင်ရှင် မလေးတစ်ဦးဖြစ်သည်။ ဖြတ်ထိုး ဉာဏ်ထက် မြက်သောကြောင့် နိုင်ငံများကို တစ်ပါတီ အာဏာရှင် စနစ်များဖြင့် အုပ်စိုးနေသော အာဏာရှင်ကြီးများ သာ မက၊ အကြမ်းဖက် သမားကြီးများ (Terrorists) များ၏ ရင်ထဲမှ လျှို့ဝှက်ချက်များ၊ နိုင်ငံရေး လှည့်ကွက်များကို ထုတ်ဖော် ရယူနိုင်စွမ်း ရှိသူဖြစ်သည်။ ယခုအချိန်ထိ (London Sunday Times Mag.) လန်ဒန်ဆန်းဒေး တိုင်း(မ်)(စ်)၏ နိုင်ငံခြား သတင်းထောက်များ ထဲ၌ သူမလောက် စွမ်းဆောင်နိုင်သူ မရှိသေးပေ။

    (၂၀၀၁) ခုနှစ် သီရိလင်္ကာနိုင်ငံ တမီးသူပုန်များနှင့် အစိုးရတပ်များ ပြင်းပြင်း ထန်ထန် တိုက်ခိုက် နေသော စစ်မြေပြင် တစ်နေရာ၌ သတင်းများယူနေ သော သူမ၏ မျက်လုံး တစ်ဖက်ကို ကျည်ဆံခွံ တစ်ခု စိုက်ဝင်ခဲ့သောကြောင့် မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရသည်။ ထိုအခိုက်အတန့်မှာ သူမ တစ်သက်တာမှာ အလွန် တုန်လှုပ်ခဲ့ရသော အချိန်ကာလ တစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်က (၄၅)နှစ် အရွယ်သာ ရှိသေးသည်။ သို့ သော် ချို့ယွင်းသွားသော မျက်လုံးတစ်ဖက်ကို မျက်လုံးကာ (Patch) တစ်ခု တပ်ဆင်၍ ရှေ့တန်းများသို့ ပြန်လည်သွားရောက်ခါ ထုံးစံအတိုင်း သတင်းများ ရအောင်ယူခဲ့သည်။ ကွယ်သွားသော မျက်လုံး တစ်ဖက်မှ မျက်လုံးကာကို စိတ်ဓါတ် ကျစရာအဖြစ် မခံယူဘဲ ဂုဏ်ယူဖွယ်ရာ တံဆိပ် အမှတ်အသား (Badge of Honor) အဖြစ် သေဆုံးသည် အထိ တပ်ဆင်ထားခဲ့သည်။

    အရှေ့ အလယ်ပိုင်း၌ အာရပ်နွေဦးတော်လှန် ရေးများ စတင်ဖြစ်ပွား လာသော အခါ၊ အီဂျစ်ပြည်မှာ လည်း ပြင်းထန်သောတော်လှန်ရေးကြီးဖြစ်ခဲ့သည်။ အီဂျစ် သမ္မတ မူဘာရတ်မှ ဆန္ဒပြပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က မာရီကော် (လ်)ဗင်သည်လည်း အီဂျစ် တိုင်ယာ ရင်ပြင်ကြီး၌ ဆန္ဒပြသူများ ကြား၌ သူမရောက်ရှိနေခဲ့သည်။ သူမ၏ ဆန်းဒေးတိုင်း(မ်)(စ်) မဂ္ဂဇင်းကြီး ဆီသို့လည်း ထူး ခြားသော သတင်းများကို တောက်လျှောက် ပို့ပေးနေခဲ့သည်။ ထို အတောအတွင်း လစ်ဗျားနိုင်ငံ၏ မြို့သိမ်းတိုက်ပွဲ (Mistrata) မစ္စထရာတာမြို့သို့ သွားရောက် သတင်းယူ ခဲ့သေးသည်။

    လွန်ခဲ့သည့် (၅)လခန့်က ဆီးရီးယား (Syria) နိုင်ငံမှ (Homs) ဟုမ်း(စ်)မြို့ကို အစိုးရတပ်များမှ သူပုန် များကို လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး မြို့ကို သိမ်းပိုက်ရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ သူပုန်များ ပုန်း အောင်းနေသော ရပ်ကွက်များကို လက်နက်ကြီးများ နှင့် ပစ်ခတ်သောကြောင့် အရပ်သူ အရပ်သားမြောက်များစွာသေကြေ ခဲ့ရသည်။ ထိုအချိန်မှာ ထိုမြို့ထဲ၌ မာရီ သတင်းယူရန် ရှိနေခဲ့သည်။ သူမ၏ ဒုက္ခများကြားမှ ကြံ့ခိုင်သော စိတ်ဓါတ်က ထိုမြို့မှ ထွက်ခွာ မသွားရန် တားဆီး ထားခဲ့သည်။ သူမ၏ လန်ဒန်ဆန်းဒေးတိုင်း(မ်) သ တင်း ဂျာနယ်မှ လုပ်ဖော်ကိုင်ဖက်များကို “သူမသည် လက်နက်ကြီးများထဲမှ လွတ်မြောက်နိုင်လျှင် အရေးကြီး သတင်းဖြစ်သွားနိုင်သည်” ဟု သူမ၏ အင်တာနက် ဖေ့စ်ဘုတ် (Facebook)ပေါ်၌ တင်ထားခဲ့သည်။ သူမ၏ သူငယ်ချင်းများသည် ထိုစာလေး ကိုနောက်ဆုံး ရရှိခဲ့ခြင်းဖြစ်သည်။ များမကြာမှီ မာရီကော(လ်)ဗင် တည်းခိုနေသော အဆောက်အဦး တစ်ခုလုံး ဗုံးကြဲ ချခြင်း ခံခဲ့ရရှာသည်။ ထို အဆောက်အဦး တစ်ခုထဲ၌ တည်းခိုနေသူ အားလုံးလည်း တစ်ယောက် မကျန်သေဆုံး ခဲ့ကြရသည်။ ကျွန်ုပ်တို့ အပါအ၀င် သူမကို ချစ်ခင် လေးစားသူများကို သူမက လွမ်းပုံပြင်တစ်ပုဒ်လို ချန်ထား ရစ်ခဲ့ပါသည်။ သူမ အချိန်မှီပေးပို့သော သတင်းဦးများ ကြောင့် ရှောင်တိမ်း လွှတ်မြောက် ခဲ့ရသော တော်လှန်ရေးသမားများသည်လည်း သူမကို ဘယ်တော့ မှမေ့နိုင် တော့မည် မဟုတ်ပါ။ မည်သူမဆို ငယ်ရွယ်စဉ်အခါမှ စပြီး မွေးရာပါ ဗီဇသတ္တိများကောင်းသောစိတ်များ ပါလာကြ ပါသည်။ အခြေအနေ အရပ်ရပ်၊ အကြောင်းကြောင်းတွေကြောင့် ရင်ထဲမှာ သိမ်းဆည်း ထားကြရခြင်းဖြစ် သည်။

    တကယ်တန်း အရေးကြုံလာသော အခါ လူငယ်များ၏ သတ္တိများနိုးကြွလာပြီး အမျိုးမျိုးသော အန္တရာယ် များကြားမှ ထွက်ပေါ်ခါ အသုံးချ တတ်လာကြသည်ကို နိုင်ငံတိုင်း ၌တွေ့မြင်နေကြရပြီဖြစ်သည်။ မာရီကော်(လ်) ဗင် (Marie Colvin)သည်လည်း  ဤသို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော အမျိုးသမီး တစ်ယောက်ဖြစ်သည်။
 
လူငယ် လူရွယ်များ လူတော် လူကောင်းများဖြစ်ကြစေဘို့ ဆုတောင်းပေးလျက်ယေဇူးသခင်၏မေတ္တာရိပ်မှ
 
ထရီဇားမြင့်

Read More...

Monday, January 21, 2013

ကက်သလစ် ခရစ်ယာန်ဘာသာ အကြောင်း တစ်စွန်းတစ်စ

ရန်ကုန်မြို့သို့ အပြန် စာရေးသူကို သင်္ကန်းဖြူဖြူနဲ့ မြင်သည့် တက္ကစီကား ဆရာက “ဆရာက ဘယ်သူပါလဲ။ ဘယ်လိုခေါ်ပါသလဲ” ဟု မေးလာပါသည်။
“ကက်သလစ် ဘုန်းတော်ကြီးပါ”
“အော် ဘုန်းတော်ကြီး ကိုး။”
    စာရေးသူကပင် ဆက်ပြီး
      “ကက်သလစ် ဘာသာ အကြောင်းကြား ဖူးလား။”
    “ကြားဖူးပါတယ်။ ကက်သလစ်ဘာသာက မယ်တော်အမေကို ကိုးကွယ်တဲ့ ဘာသာ။ ခရစ်ယာန်ဘာသာက သားတော်ကို ကိုးကွယ်တဲ့ ဘာသာ မဟုတ်လား။”
    မသိကျွမ်းသော၊ သိခွင့်ရတာ နည်းသော ပုဂ္ဂိုလ်ဖြစ်တာကို ရိပ်စားမိတာကြောင့် သူ့ကို ကက်သလစ် ဘာသာအကြောင်း အနည်းငယ်ပြောပြ လိုက်ရပါသည်။    
    “ကက်သလစ်ဘာသာ ဆိုတာကို ကြားပဲကြား ဖူးတယ်။”
    “ကက်သလစ်ဘာသာဆိုတာ မိန်းမကို ကိုးကွယ်တာတဲ့။” စသည့် မှတ်ချက်မျိုးကို ကိုယ်တိုင် အကြိမ်ကြိမ် ကြားခဲ့ ရဖူးပါသည်။ ကြားရတိုင်းလည်း တွန့်ကနဲ နေအောင် ခံစားခဲ့ရသည့် မှတ်ချက်များဖြစ် ပါသည်။

“ကက်သလစ် ဘာသာအကြောင်းလေ့လာချင်လို့ စာအုပ် ကလေးတွေပေးပါဦး။”

    သည်တောင်းဆိုမှုမျိုးကိုလည်း မကြာခဏ ကြုံရပါသည်။ အဖြေပေးဖို့ ခက်သည့်တောင်းဆိုမှု ကလေး များဖြစ်ပါသည်။ ဘာ့ကြောင့်ဆို ကက်သလစ် ဘာသာ အကြောင်းကို မြန်မာ တစ်ယောက်က ဖတ်ပြီး နားလည် နိုင်အောင်ရေးသားထားသော စာအုပ်ကို ယနေ့တိုင် မ တွေ့ဖူးသေးတာကြောင့်ဖြစ် ပါသည်။ ထို့ကြောင့်လည်း “ကက်သလစ် ဘာသာအကြောင်း တစ်စွန်းတစ်စ” ဆောင်းပါးလေးများရေးသားဖို့ စိတ်ကူး ရလာခဲ့ပါသည်။

    “ကက်သလစ် ဘာသာ”ဆိုသည်မှာယေဇူး ဘုရား ကိုယ်တော်တိုင် တည်ထောင်မူခဲ့သည့် ဘာသာ ဖြစ်ပြီး၊ ကက်သလစ် ခရစ်ယာန် ဘာသာဟုခေါ်ပါသည်။

    “ခရစ်ယာန်” ဆိုသည်မှာ “ယေဇူး ခရစ်တော်”အား ဘုရားအဖြစ် ကြည်ညို ကိုးကွယ်၍၊ အရှင်၏ တရားတော် အစုစုအား ခိုလှုံရာ အဖြစ် ရိုကျိုး ဆည်းကပ်သူများဟု အဓိပ္ပါယ် ရပါသည်။

    “ယေဇူး” ဆိုသည်မှာ မယ်တော် မာရိယာဝမ်း ကြာသိုက်မှာ ဘုန်းတော်ဖြင့် ပဋိသန္ဓေ စွဲယူတော်မူမည့် အကြောင်း ကိုယ်ထင်ပြ အမိန့်တော်ရှိစဉ်က သိကြားမင်း ကိုယ်တိုင် မှည့်ခေါ်ပေးခဲ့သည့် အမည် နာမဖြစ်ပြီး၊ “ခရစ်တော်” ဟူသည်  ယေဇူး၏ ဘွဲ့နာမတော်ဖြစ်၏။ “မင်္ဂလာဆီဖြင့် သွန်းလောင်း ဘိက်သိက် ခံရသူ”ဟု အဓိပ္ပါယ်ရ၏။

    “ကက်သလစ်” ဆိုသည့်ဝေါဟာရမှာ “တစ်ဦး တည်းသော ဦးစီး ဦးဆောင်၏နောက်တွင် တစ်စု တစ်လုံး၊ တစ်စု တစ်စည်း၊ တစ်စု တစ်သင်းတည်းရှိခြင်း”ဟု အဓိပ္ပါယ် ရသော လာတင်း ဘာသာစကား ဝေါဟာရ catholicusနှင့်၊ ဂရိတ်ဘာသာဝေါဟာရ “ကာသော လီကော့  (katholikos)” တို့ကို မွေးစား သုံးနှုန်းထား သော စကားလုံး တစ်လုံးဖြစ်ပါသည်။ ဤဝေါဟာရကို ခရစ်နှစ်(၁၁၀) ခုနှစ်ခန့် မှ စတင်ကာ အန္တီအော့မြို့မှ သန့်ရှင်းသော သူတော်မြတ် အရှင်ဣနိယှက် (St. Ignatius of Antioch)က စတင် သုံးစွဲ ခေါ်ဝေါ်ခဲ့၏။

    “လူခပ်သိမ်းနှင့် ဆိုင်သော၊ လူမျိုး ခပ်သိမ်း ပိုင် သော၊ ဘာသာစကားတိုင်း ပိုင်သော၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့တိုင်း၏ အပိုင်ဖြစ်သော ဘာသာ” (Universal) ဟု အဓိပ္ပါယ် ဖွင့်ဆို ပါသည်။ သာသနာတော်သည် ဥရောပ၊ အာရှ၊ အာဖရိက၊ တောင်/မြောက်အမေရိက တိုက်သာပိုင်သည့် ဘာသာ သာသနာ မဟုတ်ပါ။ အ နောက်တိုင်းသားသာ ပိုင်ခွင့်ရှိသည့် ဘာသာ၊ အရှေ့တိုင်းသားသာ ပိုင်သည့် ဘာသာ မဟုတ်ပါ။ အီတလီ၊ ပြင်သစ်၊ အမေရိကန်၊ အာဖရိက၊ တရုတ်၊ အန္ဒိယ၊ မြန်မာ ပိုင်သော ဘာသာတစ်ခု မဟုတ်ပါ။ မည်သည့် တိုင်းနိုင်ငံ၊ မည်သည့် လူမျိုး၊ မည်သည့် ယဉ်ကျေးမှု ဓလေ့ထုံးစံ တစ်ခုတည်းကမှ မူပိုင်ပြု ပိုင်ဆိုင် ထားသော ဘာသာ မဟုတ်ပါ။ လူ ခပ်သိမ်းပိုင်သော၊ လူမျိုးတိုင်းနှင့် ဆိုင် သော၊ တိုင်းနိုင်ငံတိုင်းနှင့် ဆိုင်သော၊ ယဉ်ကျေးမှု ဓ လေ့ ထုံးတမ်း စဉ်လာတိုင်းက ပိုင်နိုင် ဆိုင်နိုင်သော ဘာသာဟု အဓိပ္ပါယ် ရပါသည်။

    သာသနာပိုင် ပုပ်ရဟန်းမင်းကြီးများကျောင်း စိုက်ရာ ရောမမြို့ကို အစွဲပြု၍ “ရိုမင် ကက်သလစ် ဘာသာ”ဟု လည်း ခေါ်တွင် ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် တစ်ပါးတည်းသော သာသနာပိုင် ပုပ် ရဟန်းမင်းကြီး အောက်၌ ၊နိုင်ငံစွဲ မရှိ ၊ရေမြေဒေသစွဲ မရှိ၊ ရိုးရာ ယဉ်ကျေးမှု ထုံး ဓလေ့ မခွဲ၊ ယုံကြည် သက်ဝင်ရာ တရား၌ မကွဲ မပြား၊ တစ်ပေါင်း တစ်စည်းတည်း အတူရှိနေသော ထို ခရစ်ယာန် အစု အသင်းကို “ကက်သလစ် ခရစ်ယာန် သာသနာ၊ ကက်သလစ် သာသနာ (Catholic Church)” ဟု မြန်မာမှုပြုခေါ်ဆို ပါသည်။ ဂိုဏ်းကွဲ ခရစ်ယာန်အသင်းတော်များက မိမိတို့ အသင်းသူ အသင်းသား အစုအပေါင်းကို မှည့်ခေါ်လေ့ ရှိသော “ခရစ်ယာန် အသင်းတော်”ဟူသော ဝေါဟာရကို အစွဲပြု၍  ကက်သလစ် သာသနာကို “ကက်သလစ် အသင်းတော် (Catholic Church)”ဟု ခေါ်တာကိုလည်း ကြားရ တတ်ပါသည်။

    ကက်သလစ် ဘာသာ၏ ထင်ရှားသော အမှတ် လက္ခဏာတစ်ခုမှာ သာသနာပိုင် ပုပ် ရဟန်းမင်းကြီး နှင့် သာသနာ့ ကာနွန် ဥပဒေ ရှိခြင်းဖြစ်ပါသည်။  ယေဇူး ဘုရား ကိုယ်တော်တိုင် မိမိ ကိုယ်တော်၏ ကိုယ်စားအ ဖြစ်နှင့် သာသနာ၏ ဦးစီး အဖြစ် ခန့်ထားတော်မူခဲ့သော တပည့်တော်ကြီး ရှင်ပေတရုအား စဉ်ဆက် မပြတ် အဆင့်ဆင့် ဆက်ခံတော်မူသော သာသနာ့ ဦးစီး နာယကအား သာသနာပိုင် ပုပ် ရဟန်းမင်းကြီးဟု ခေါ်ပါသည်။ ပုပ်ရဟန်းမင်းကြီးသည်  ရောမမြို့တွင်ကျောင်းထိုင် သော ဆရာတော်ဖြစ်၍၊ ကက်သလစ် ဘာသာ သာသနာရေး၊ ကျင့်ဝတ် ကျင့်နည်းများနှင့် ကိုးကွယ် ၀တ်ပြု ခြင်းဆိုင်ရာ ၀ိနည်းတော်များကို ရှေ့နေရှေ့ရပ်ပြု ဦးဆောင် သင်ကြား လမ်းညွှန် ဆုံးမ ပါသည်။ ပုပ် ရဟန်းမင်းကြီး၊ ဆရာတော်၊ ဘုန်းတော်ကြီး၊ မယ်သီလရှင်များနှင့် ဘာသာဝင်များသည် အဆင့် အတန်း မခွဲ၊ လူမျိုး မခွဲ၊ ဘာသာစကား မခွဲ၊ အသားအရောင် မခွဲ၊ ကျားမ မခွဲ၊ တူညီ သော သာသနာ့ ကာနွန် ဥပဒေအောက်တွင် အားလုံး တန်းတူ ညီမျှ လုံခြုံအေးချမ်းစွာ ကက်သလစ် ခရစ်ယာန် ဘာသာတရားတော်အား ကြည်ညိုဆောက်တည် နေ ကြပါသည်။

    ကက်သလစ် ဘာသာက “လူတိုင်း လူတိုင်းသည် အခြေခံအားဖြင့် သန့်စင်မြင့်မြတ် ကြ၍ ကောင်း မြတ်၏။ လူတစ်ဦး စီမှာ လူ့ ဂုဏ်သိက္ခာ ရှိ၏”ကြောင်း သွန်သင်၏။

    တစ်လောကလုံးဆီသို့ အပြစ်တရားကြီး မပျက်မကွက် တိတ်တဆိတ်ရောက်ရှိ ဖုံးကွယ်နေခြင်းမှာ ဆန်းကျယ်၏။ ဖြစ်ဖြစ်သမျှ ဝေနေယျသားမှန်သမျှ၌ မကြွင်း မကျန် အချွင်း မချက် မရှိတွေ့ရသည့် အပြစ် အနှောင်အဖွဲ့ ဓမ္မတာကြီး (the presence of universality of sin in man’s nature) ရှိနေတာကို လက်ခံ၏။ ထို အပြစ်အနှောင်မဖွဲ့ ဓမ္မတာ တရားကြီးကို “အပြစ်ရင်း” (original sin, human fallen nature) ဟု နာမည်ပေးပါသည်။ ထို အပြစ်ရင်း/ အပြစ် မျိုးစေ့/  စွဲကပ်ပြစ် (original sin, human fallen nature) ကြောင့် လူသည် ကိလေသာ (concupiscence) မီးစွဲလောင် နေကာ၊ သူ၏ စဉ်းစားဥာဏ်နှင့် ဆင်ခြင်တုံ တရားတို့သည်လည်း မကြည် မလင်ဖြစ်နေ၏။

    အပြစ် (မကောင်းမှုဒုစရိုက်)ဟူသည် သူ့ပင် ကိုယ်ပင်ရင်း၌ကပင် မကောင်းခြင်းဖြစ်တာကြောင့် သူ့ကို သည်အတိုင်း ပစ်ထား လိုက်ပါလျှင် ပျက်စီးဖို့ သာရှိ၏။ ထိုအပြစ် တရားကြီးမှ လွတ်မြောက်နိုင်ဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရား အဆုံးအမ တရား တော်မှာသာ ရှိ၏။  ထို တရားတော်များအား နာယူ မှတ်သား၊ နှလုံးသွင်း ကျင့်ကြံနိုင်ရန် အလို့ငှါ ဘာသာဝင်များသည် ကက်သလစ် သာသနာတော်၌ ခိုလှုံနေခြင်း ဖြစ်၏။

    ဘုရားက တရားနှင့် ကျင့်စဉ်ကို ပေးတော်မူ၏။ လူက ယုံကြည်စွာ လိုက်ကျင့် ကြရမှာဖြစ်၏။ ထို့အပြင် လူသည် လွတ်လပ်သော သတ္တ၀ါဖြစ်၏။ လူ့ ဆန္ဒသည်လည်း လွတ်လပ်၏။ ဘုရားသည် အလုံးစုံကို တတ်နိုင် တော်မူသော အရှင်ဖြစ်ပါသော်လည်း လူ၏ လွတ်လပ် သော ဆန္ဒကို မည်သောအခါမှ မလွန်ဆန်ပါ။ လူသည် မိမိ လွတ်မြောက်ခြင်းကို ကိုယ်တိုင်ရွေးချယ် ရမှာဖြစ်၏။ ဆုံးရှုံခြင်းကိုလည်း ကိုယ်တိုင်ရွေး ကြ၏။ မိမိ၏ လွတ်လပ်သော ဆန္ဒကို အလွဲသုံးလျက်၊ အပြစ်ပြုခြင်းသည် မိမိ ကိုယ်တိုင်ကိုရော၊ လူသားထု တစ်ခုလုံးကိုပါ ထိခိုက်ခြင်းဖြစ်၏။
ကက်သလစ် သာသနာတော်က ယုံကြည်သူ တပည့် သားသမီးအပေါင်းအား ယေဇူးဘုရား၏ သက် တော်စဉ်နှင့် ကိုယ်တော်၏ တရားတော်များကို သင်ကြား ဆုံးမပေးလျက် ၊ယေဇူး ကိုယ်တော်တိုင် တည် ထောင်ထားခဲ့သော ကက်သလစ် ခရစ်ယာန်ဘာသာ အခေါ်  “စက္ကရင်မင်တူး မင်္ဂလာ”များ ကိုပေးခြင်းဖြင့် လူသားတိုင်း လွတ်မြောက်ခြင်း ဆုရပါစေကြောင်း နေ့စဉ် ကူညီထောက်မပေးနေ၏။
(မှတ်ချက်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တစ်ဝိုက်မှ လူများက ကက်သလစ်ဘာသာကို “ဘုရင်ဂျီဘာသာ”ဟု ခေါ်တတ်ကြပါသည်။ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနင့်  အထူး သဖြင့် မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများ တွင် “ဂိုဏ်းကွဲ ခရစ်ယာန်များ ကို (ဥပမာ နှစ်ခြင်း ခရစ်ယာန်များကို) “စာဖြူ”ဟု ခေါ်ဝေါ် တတ်ကြ၍၊ ကက်သလစ် ဘာသာဝင်များ ကို “စာနီ”ဟု ခေါ်ဝေါ်တတ် ကြပါသည်။ မည်သို့ကြောင့် ထိုနာမည် များဖြင့်ခေါ်ကြပုံကိုဖင့် လိုအပ်မည် မထင်သည့် အတွက် ရှင်း မပြတော့ပါ။)
    ကက်သလစ် ခရစ်ယာန်ဘာသာသည်
(၁) ကြည်ညိုကိုးကွယ်ရာ (The Faith Professed, သဒ္ဓါ)၊
(၂) ကိုးကွယ် ၀တ်ပြုရာ (The Faith Celebrated, စက္ကရင်မင်တူးခုနှစ်ပါး)၊
(၃) သီလ ကျင့်စဉ် (The Faith Lived ဘုရား ပညတ်တော်)၊
(၄) ဆု တောင်းပတ္ထနာ (The Faith Prayed, ယေဇူး ဘုရား သင်ကြားတော်မူသော ဆုတောင်း ပတ္ထနာ) စသည့် မဏ္ဍိုင်ကြီးလေးခု အပေါ်မှာ တည်ဆောက်ထားပါသည်။

    ယခုခေါင်းစဉ်တွင် ပထမမဏ္ဍိုင်ဖြစ်သည့် ကက်သလစ်ဘာသာ ကြည်ညို ကိုးကွယ်ရာ (The Faith Professed, သဒ္ဓါတရား) ကို အကျဉ်းမျှပြော လိုပါသည်။

(၁) ကက်သလစ်ဘာသာ၏ ကြည်ညိုကိုးကွယ်ရာ
    ၁။ ဘုရား
    ကက်သလစ် ဘာသာဝင်များက အမြဲ တည် ခြင်း (eternal)၊ မရွေ့လျောခြင်း၊ မပျက်စီးခြင်း (indestructible)၊ မသေခြင်း (ever-present) စသည့် နိစ္စ ဂုဏ်တော်များနှင့် ပြည့်စုံသော တစ်ပါးတည်းသော အရှင်အား ကြည်ညို ကိုးကွယ်၏။ ထိုအရှင်သည် လူ့ ဥာဏ်ပညာဖြင့် အပြည့်အ၀ မသိနိုင် စွမ်းသော၊ လူ့ စိတ်နှင့် စဉ်းစား၍ မမီနိုင်စွမ်းသော (incomprehensible, အစိန္တေယျ)၊ လူ့ စံနှုန်းဖြင့် မနှိုင်းယှဉ်နိုင် စွမ်းသော (immeasurable, အပ္ပမေယျ)၊ လူ့ဝေါဟာရဖြင့် မခေါ်နှိုင် စွမ်းသော (indescribable, beyond name and form, အန္နာမေယျ) အတုလံ အတုမဲ့၊ အစမဲ့ အဆုံးမဲ့သော အရှင် ဖြစ်တော်မူ၏ဟု ၀န်ခံ၏။

    ထို အရှင်မြတ်ကို ဂုဏ်အသရေနှင့် ပြည့်စုံခြင်း၊ ဘုန်းတော်ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်း၊ ပူဇော် ထိုက် ခြင်း၊ ကိုးကွယ် ထိုက်ခြင်း၊ ဆည်းကပ်ထိုက်ခြင်း စသည့် ဂုဏ်တော်များ ကိုဖေါ်ညွှန်းနိုင်သော ဝေါဟာရဖြင့် “ဘုရား”ဟု မြန်မာလိုခေါ်တတ် ကြပါသည်။

    မြင်နိုင်ရာ မမြင်နိုင်ရာ အားလုံး၏ အစဖြစ်ခြင်း ဂုဏ်တော် (အာလဖ)၊ အဆုံးဖြစ်ခြင်း ဂုဏ်တော် (သြမေဃ)များ ကိုဖေါ်ပြသည့်ဝေါဟာရ “အရှင်၊ သခင်” နှင့် ထပ်ပေါင်းကာ “ဘုရားသခင်၊ ဘုရားရှင်” ဟုလည်း ခေါ်တတ်ကြ၏။ အမြဲ တည်ခြင်း၊ မရွေ့လျောခြင်း၊ မပျက်စီးခြင်း၊ မသေခြင်းစသည့် အသင်္ခတ ဂုဏ်တော် အပေါင်းကိုဖေါ်ပြပေးသော ဘာသာစကားအရာ၌ အ မြင့်ဆုံး မြန်မာဝေါဟာရ “ထာဝရ”နှင့် တွဲကာ “ထာဝရဘုရား” ဟုလည်း ခေါ်တတ်ကြ၏။

    ”ဘုရား၊ ဘုရားသခင်၊ ဘုရားရှင်၊ ထာဝရဘုရား”ဟု ခေါ်ဆိုစေကာမူ ကိုယ်တော်မြတ်သည် အမည် နာမနှင့် ပညတ်တရား အလွန်ဖြစ်၏။ သင်္ခါရ အမှန် ဖြစ်သည့် ရုပ် နာမ် အလွန်မှ အသက်နှင့် သက်တော် ထင်ရှားရာ အရှင်ဖြစ်တော်မူ၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တည်းဟူသော ကာလသုံးပါးမှ လွတ်ကင်းသော၊ အစအဆုံး ကင်းသော (အနဒိ)၊ တည်မြဲခြင်း (အသင်္ခတ) ဂုဏ်တော်ရှင်၊ အနန္တော အနန္တ အဖြစ်တော် အရှင်ဖြစ်၏။ ပြည့်ဝ စုံလင်သော တရားတော် အရှင်ဖြစ်တော်မူ၍ စကြ၀ဠာ နိယာမ၊ သစ္စာတရား၊ မေတ္တာတရားနှင့် သန့် စင်မြင့်မြတ်ခြင်းတို့၏ မူလ ဓမ္မဖြစ်တော်မူ၏။

    ဘုရားရှင်သည် ”ကောင်းကင် စကြ၀ဠာ ကမ္ဘာ မြေကြီးနှင့် မြင်နိုင်ရာ မမြင်နိုင်ရာ (ရူပ, အရာ၊ အရူပ, အရာ) အားလုံးတို့၏ ဖန်ဆင်းရှင်ဖြစ်၏။ ဖန်ဆင်းရှင် ဘုရားထံမှ တည်ရှိခြင်းကို မရရှိလျှင် မည်သည့် အရာမျှ မရှိနိုင်ချေ။    

    မမြင်နိုင်ရာ (အရူပ, အရာ)များတွင် သိကြား တမန်တော်များလည်း ပါဝင်၏။ သိကြားကို ခရစ်ယာန် ဘာသာတွင် “ကောင်းကင် တမန်တော်/ သိကြား တမန် တော်ဟုခေါ်လေ့ ရှိပါသည်။ သိကြား တမန်တော်များသည် လူသားများထံ ဘုရား မိန့်ဆိုလိုသော စကားတော်များကို ကြွရောက် မြွက်ဆိုလေ့ ရှိကြောင်း ကျမ်းစာ တော်တွင်တွေ့ ရပါသည်။  လူတစ်ဦးသေဆုံးသော အခါ သူပြုခဲ့သောကောင်းမှု ကုသိုလ်ကြောင့် သိကြားဘုံ သို့ ရောက်သွားပြီး သိကြားဖြစ်လာခြင်း မဟုတ်ပါ။ သိကြားဘုံဆိုတာလည်း မရှိပါ။ သိကြား တမန်တော်များသည် ဖန်ဆင်းခံ များဖြစ်ကြပြီး၊ လူသားများထက် ဘုန်းကြီး ကြပါသည်။ ပုထုစဉ် သားများကဲ့သို့ အပြစ်ပြုခြင်း၊ ဒုက္ခ ဆင်းရဲခြင်းနှင့် သေဆုံးပျောက်ကွယ်သွား ခြင်း မရှိပါ။ ကက်သလစ် ခရစ်ယာန် အနုသုခုမ ပန်းချီ ပန်းပုများတွင် သိကြားတမန်တော်တို့၏ ပုံကို အ၀တ် ဖြူစင် ၀တ်ဆင်ထားပြီး နောက်ကျောဘက်တွင် အ တောင်ပံတစ်စုံ ပါလေ့ရှိသော ကလေးသူငယ် ပုံ/လုလင်ပျိုပုံ/ လုံမငယ်ပုံများဖြင့် တွေ့မြင် ရတတ်ပါသည်။ အ မှန်တွင် သိကြား တမန်တော်များမှာ နာမ်သဘော သက်သက်ဖြစ် ပါသည်။ ပုံပမ်း သဏ္ဌာန်နှင့် ရုပ်ရည် သွင်ပြင် မရှိကြပါ။ ကျား/မ မရှိပါ။ အတောင်ပံများလည်း မပါ ရှိကြပါ။ သမ္မာကျမ်းတော်လာ အချက်အလက်များဖြစ်သည့် သိကြား တမန်တော်များ၏ သန့်စင် မြင့်မြတ်ခြင်း၊ ပြီးပြည့်စုံခြင်းနှင့် ဘုန်းကြီးခြင်း အဓိပ္ပါယ်ကို ပေါ်လွင် စေလိုသောကြောင့် လည်းကောင်း၊ လူ သာမန်တို့၏ မျက်စေ့မှာ မြင်သာစေ ထင်သာစေ လိုသောကြောင့် လည်းကောင်း၊ ထိုကဲ့သို့ သဏ္ဍာန်လုပ် သရုပ်ဖေါ်ကာ ရေးဆွဲ ထုလုပ် ထားခြင်းဖြစ်၏။    

    ဘုရားရှင် ကိုယ်တော်တိုင်သည် မြင်နိုင်သော ကမ္ဘာလောကကို ပြည့်စုံကြွယ်ဝစွာ၊ ကွဲပြားခြားနားစွာ၊ အစီအစဉ် ကျနစွာ ဖန်ဆင်းတော်မူ၏။ ကောင်းမြတ် ခြင်းနှင့် ချစ်ခြင်း မေတ္တာတော်ရှင် ဖြစ်တော်မူသည့် အ လျောက်၊ ကောင်းမြတ်ခြင်းကိုသာ ဖန်ဆင်းတော်မူ၏။ ထို့ကြောင့် အရာ သတ္တ၀ါ ခပ်သိမ်းတို့သည် မိမိတို့ သဘာဝ မူလတွင် ကောင်းမြတ်ခြင်းနှင့် ပြည့်စုံခြင်းတို့ကို ပိုင်ဆိုင်ကြ၏။ ကိုယ်တော်သည် ဖန်ဆင်း ထားတော်မူ သော အရာ သတ္တ၀ါ အားလုံးကို ချစ်တော်မူ၍၊ တစ်ခုစီ တစ်ခုစီကို စောင့်ရှောက်တော်၏။

    မြင်နိုင်သော သတ္တ၀ါများတွင် လူသည် အထူး ခြားဆုံးနှင့် အမြတ်ဆုံးဖြစ်၏။ ဘုရားက လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း၏။ ယောက်ျားနှင့် မိန်းမတို့သည်  တစ်ဦးက တစ်ဦးကို အမှီသဟဲပြုစေ၍ တန်းတူ ရည်တူ အဆင့်တူဖြစ်စေတော်၏။ လူသာလျှင် သူ၏ ဖန်ဆင်းရှင်ကို သိပြီး ချစ်လေးမြတ်နိုးစွာ ကြည်ညိုနိုင်၏။ ကမ္ဘာ စကြ၀ဠာကြီးနှင့် အတူ မျှတစွာနေထိုင်ခွင့်ပြုတော်မူ၏။ လူသားများ အတွက် အရာ ခပ်သိမ်းတို့ကို ဖန်ဆင်းပေး တော်မူ၏။  သို့သော် ကမ္ဘာ စကြ၀ဠာကြီး၏ အစီအစဉ် ကျမှုနှင့် ညီမျှမှုကို ပျက်စီး သွားစေမည့် အရာကို ပြုလုပ်ခွင့် မရှိပေ။

    လူတွင် ခန္ဓာနှင့်ဝိညာဉ် (ရုပ်နှင့် နာမ်၊ body and anima/ soul/ spirit) ရှိ၏။ “၀ိညာဉ်”ဟူသည် အသက် သဘော၊ သိတတ်သည့် သဘော၊ နာမ် သဘော၊ ပုဂ္ဂိုလ် အရည်အသွေး သဘောဖြစ်၏။ ရုပ် သဘောတရားမျိုး မဟုတ်ဘဲ အတွင်း သဘော၊ စိတ်တ္တဇ နာမ် သဘော၊ အာရုံငါးပါးနှင့် အလွတ် အကင်းဖြစ်သော သဘော ဖြစ်၏။ “လူ၊ ပန်းသီး၊ ၀တ္တု” စသည်ဖြင့် လက်ဆုပ် လက်ကိုင်ပြနိုင်သည့် အကောင် အထည်၊ ရုပ် ဒြပ်၊ အလုံး၊ အတုံး၊ အဆိုင်၊ အခဲ၊ အရည်၊ အဖတ်၊ အနှစ်၊ အမှုန်၊ အမွှား မဟုတ်ပါ။ “ငါ၊ ငါ့ ဥစ္စာ၊ သူ တစ်ပါး၊ ယောက်ကျား၊ မိန်းမ၊ အတ္တ၊ အကောင်အထည်၊ အတ္တ ကောင် (ego)” မဟုတ်ပါ။

    ဘုရားက လူအားတွေးခေါ်ဥာဏ်နှင့် လွတ်လပ် သော ဆန္ဒ (intellect and free will) ကိုပေးတော်မူပါသည်။ ထို့ကြောင့် သက်ရှိ သတ္တ၀ါများတွင် လူသည်သာ ကုသိုလ်ကို ကုသိုလ်ဟု သိမှတ်ကာပြုနိုင်၏။ မပြုဘဲလည်းနေနိုင်၏။ အကုသိုလ်ကို အကုသိုလ်ဟု သိကာ ရှောင်နိုင် စွမ်း၏။  အကုသိုလ်မှန်း သိလျက် နှင့်လည်း လုပ်မည်ဆို လုပ်နိုင်၏။ အဓိပ္ပါယ်က လူသည် လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်း၏။ တခြား မည်သည့် သက်ရှိ သက်မဲ့မှာမှ မရှိဘဲ လူသာလျှင် ပိုင်သော ဤမြင့်မြတ် ခန်းနားသော လူ့ဂုဏ်ရည် ကြောင့် လူကို “ဘုရားရွှေ ပုံတော်ရှိသူ”ဟု ခရစ်ယာန်များက မှတ်ယူ ကြပါသည်။ ဘုရားရွှေပုံတော်ရှိသည့် အား လျော်စွာ တစ်ဦးစီသော လူသားတို့သည် လူ ပုဂ္ဂိုလ် တစ်ဦး၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်၏။ လူဟူသည် တစ်စုံတစ်ရာ မဟုတ်ဘဲ တစ်စုံ တစ်ယောက်ဖြစ်၏။ ဘုရားရွှေပုံ တော် ခံယူရရှိသူများ ဖြစ်သည်နှင့် အညီ လူသည် သိ နိုင်စွမ်း ရှိ၏။ ဘုရားအား ချစ်လေး မြတ်နိုးခြင်း ကြီးမားစွာ ကြည်ညိုနိုင်စွမ်း ပြီး၊ သတ္တ၀ါ အပေါင်းအား ချစ်နိုင်၊ မေတ္တာထားနိုင်စွမ်း ၏။

    အပြစ် ဒုစရိုက်နှင့် ဒုက္ခ ဆင်းရဲခြင်းကို ဘုရား ဖန်ဆင်းတော် မမူခဲ့ပါ။ ဘုရား အလိုတော် အရ ဖြစ်ပေါ်လာခဲ့ခြင်းလည်း မဟုတ်ပါ။ ဘုရားကိုယ်တော်၏ တန်ခိုး တော်နှင့် မေတ္တာတော် လျှော့နည်းခြင်းကြောင့်လည်း မဟုတ်ပါ။ ဘုရား တန်ခိုးတော်သည် ယခင်၊ ယခုနှင့် ထာဝစဉ် ဘယ်သောအခါ မှလျှော့နည်းသွား လိမ့်မည် မဟုတ်သကဲ့သို့ မှားယွင်း လိမ့်မည် မဟုတ်ပေ။ 

    အကြင်းမဲ့ လွတ်လပ်သော လူက ကောင်းခြင်းထက် မကောင်းခြင်းကိုသာ ရွေးချယ်ခြင်းကြောင့် အပြစ် (အကုသိုလ်)ဖြစ်ရ၏။ အကုသိုလ်သည် အပြစ် ဖြစ်၏။ အပြစ်ဆိုသည်မှာ မိမိ၏ လွတ်လပ်ခြင်းကို အလွဲသုံး၍ အတ္တကို ဖက်တွယ်ပြီး ဘုရားနှင့် တရားတော်မှ ဝေးကွာခြင်း အဖြစ်ကိုခေါ်ပါသည်။

    အပြစ်ပြုခြင်း (အကုသိုလ်ပြုခြင်း) အကျိုး ကြောင့် ဒုက္ခ ဆင်းရဲခြင်းဖြစ်ရ ကုန်၏။ လူသားတို့၏ မြင့် မြတ်ခြင်း ဂုဏ်သိက္ခာအတွက် မရှိ မဖြစ်သည့် ကိုယ်တော်တိုင်ပေးအပ်တော်မူခဲ့သော လွတ်လပ်ခြင်း (freedom)တည်း ဟူသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာ သော အကျိုးတရားသာ ဖြစ်၏။ ဤအချက်ကို အာဒံနှင့် ဧ၀ အကြောင်းဖြင့် သမ္မာကျမ်းစာတော်က သွန်သင်၏။ သို့သော် ဘုရားရှင်သည် မိမိ ကိုယ်တော်မြတ်၏ စောင်မတော်ခြင်းနှင့် ကရုဏာတော်အားဖြင့် သတ္တ၀ါ အပေါင်းကို ချမ်းသာ သုခတော်မြတ်သို့ မုချရောက်ရာ လမ်း တော်ကို ပြတော်မူဖို့ အစက နဦးကပင်လျှင် ဗျာဒိတ် ပေးတော်မူ ခဲ့ပါသည်။   

    တစ်လောကလုံး ဆီသို့ အပြစ် တရားကြီး မ ပျက်မကွက် တိတ်တဆိတ် ရောက်ရှိ ဖုံးကွယ်နေခြင်းမှာ ဆန်းကျယ်လှ၏။ အကြွင်း မကျန် ချွင်းချက် မရှိဘဲ (We call the presence of universality of sin in man’s nature) ဝေနေယျ မှန်သမျှ၊ ဖြစ်ဖြစ် သမျှ လူအားလုံး၌တွေ့ရသည့် သဘာဝကြောင့် ဤအပြစ် အနှောင်အဖွဲ့ ဓမ္မတာကြီးကို “အပြစ်ရင်း” (original sin, human fallen nature) ဟု ခရစ်ယာန်များက ခေါ်ဆိုကြပါသည်။

    “အပြစ်ရင်း” (စွဲကပ်ပြစ်)သည်  ကိလေသာ  (concupiscence) ဟု အနီးစပ်ဆုံး ဘာသာပြန်ဆို ရမည်ဖြစ်၏။ ကျူးလွန်ပြစ် (a comitted sin) မဟုတ်ဘဲ၊ စွဲကပ်ပြစ် (a contracted sin)ဖြစ်၏။  ကိလေသာ သို့မဟုတ် အပြစ်ရင်းသည် လူသားများအား ချမ်းသာခြင်းကို မပေး၊ ပူလောင်ခြင်းကိုသာပေး၏။ ချမ်းသာရာ မရှိအောင် လုပ်၏။ လူကို အပြစ် ဒုစရိုက် တရားကြီး ဘက်သို့ ယိမ်းယိုင် တိမ်းစောင်း သွားစေ၏။ စွဲလန်း တပ်မက်ခြင်း၊ ကိုယ်စိတ်နှစ်ပါး ဝေဒနာ ခံစားခြင်း၊ အမှန်ကို မသိခြင်း၊ မသိမှု အမှောင် လွှမ်းမိုးခြင်း၊ မောက်မှားစေ ခြင်း၊ အပြစ်ကျူးစေခြင်း၊ သေခြင်း၏ ကျေးကျွန်ဖြစ်စေခြင်းတို့ဖြင့် လူမှန် သမျှကို အနာအဆာဖြစ်စေ ပါသည်။  ပုထုစဉ် လူသားထု တစ်ခုလုံး၏ သဘာဝ ဇာတိအဖြစ် အခြေမှာ အနာတရဖြစ်နေကြခြင်း၊ သုစရိုက်ကို ထက် ဒုစရိုက်သို့ တိမ်းညွှတ်နေ၏။ အနာတရဖြစ်သော မိမိ သဘာဝ ဇာတိအမှန်ကို လျစ်လျူရှုခြင်းဖြင့် လူသည် မ ကောင်းမှုများဆီသို့ တိမ်းညွတ်ခြင်း ဖြစ်ကာ ပညာမဲ့ခြင်း၊ အကျင့် စာရိတ္တဖေါက်ပြန်ခြင်း စသော ဒုစရိုက် အမှားအယွင်းများကို ပြုလေတော့၏။

    အနှောင်အဖွဲ့ ဓမ္မတာကြီး ဖြစ်သော “အပြစ်ရင်း”  (original sin, human fallen nature)ကြောင့် ပုထုစဉ် သားမှန်သမျှထံမှာ  လေးမျိုးသော ဒဏ်ရာ ဒဏ်ချက်များ စွဲကျန်နေပါသည်။ ထို ဒဏ်ရာများမှာ (၁) အမှန်ဖြစ်နေသော သစ္စာတရားကို သိဖို့ လူ့ အသိဥာဏ် ခဲယဉ်းနေခြင်း၊ (၂) ကောင်းမြတ်ခြင်း ကိုရွေးချယ်ဖို့ လူ့ ဆန္ဒ ချိနဲ့ နေခြင်း၊ (၃) မလို မုန်းထား အငြိုးပွားခြင်းထံပါး လူ့နှလုံးသားညွှတ်ယိမ်းနေခြင်း၊ (၄) စိတ် ခံစား လှုပ်ရှားမှုနှင့် စွဲလမ်း တပ်မက်မှု တဏှာ ဖောက်လွဲဖောက် ပြန် ဖြစ်နေခြင်း တို့ဖြစ်၏။

    ဤသည်မှာ လူတို့ အတွက် “ဒုက္ခသံသရာ” သာ ဧကန်ဖြစ်တော့၏။ သို့သော် အပြစ်ရင်းသည် လူ၏ မြင့်မြတ်ခြင်းကိုမူ အကုန် ဖျက်စီး မပစ်နိုင်ပါ။ အတိအကျ လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျမ်းစာတော်လာ အာဒံနှင့် ဧ၀တို့၏ အကြောင်းက ဖေါ်ပြပါ အကြောင်းအချက်များကို သင်ကြားပေးပါသည်။

    ဆာတန် နတ်ဆိုးဟူသည် ဘုရားနှင့် တရား တော်မှ ဆန့်ကျင်ဘက်ဖြစ်သောသူ ကိုခေါ်၏။ ဆာတန် နတ်ဆိုးသည် လူအား မကောင်း ဒုစရိုက်ပြုစေအောင် သွေး ဆောင်နိုင်၏။ လူသည် လွတ်လပ်စွာ ရှိနေသော်လည်း နတ်ဆိုးသည် သူ့ အပေါ်အတိုင်းအတာ တစ်ခုအထိ စိုးမိုး ထားနိုင်၏။ နတ်ဆိုး တည်ရှိခြင်းကို ဘုရားက ခွင့်ပြု တော်မူပေသော်လည်း၊ လူသားများကို မူကား နတ်ဆိုး နှောက်ယှက်ခြင်းသို့ မကျရောက်ရအောင် ကျေးဇူး တော်၊ ပညာ၊ သတိနှင့် သမာဓိ ရှိစေခြင်းဖြင့် ကူညီတော်မူ၏။

               အပြစ်ရင်းနှင့် လူတို့ ကိုယ်တိုင်ပြုလုပ်ကြသော  အပြစ်များ၏ အကျိုးဆက်ကြောင့် ကမ္ဘာ တစ်ခွင်လုံး အ နေဖြင့် မပြည့်စုံသော အခြေအနေ၊ ချို့တဲ့နေသော  အ ခြေအနေ၊ အပြစ်ရှိသော အခြေအနေ၊ ပညတ်တရားကြီး အောက်ရောက်နေသော အခြေအနေဖြစ်၏ (ရှင် ယောဟန် ၁း၂၉)။ ထို တရားသဘော၊ အမှန်အတိုင်း မသိသော သဘော (အ၀ိဇ္ဇာ လွှမ်းမိုးခြင်း) အား ရည်ညွှန်း၍ ခရစ်ယာန်များက “ကမ္ဘာလောက တစ်ခွင်လုံးသည် ဆာတန် နတ်ဆိုး၏ တန်ခိုး အာဏာစက် အောက် ရောက်ရှိနေသည်”ဟု ပြောဆိုလေ့ ရှိကြ၏။

ရှေ့လဆက်ပါဦးမည်။

             ဘုန်းတော်ကြီး မာကု (Ph.D)

ဆောင်းပါးပေါင်းချုပ် (အောက်တိုဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်စတင်သည်။)

Read More...

Monday, January 14, 2013

ဘုရား၏နှုတ်ကပါတ် တရားတော်အား အာဂုံဆောင်ခြင်း

(၁) သမ္မာကျမ်းစာဖတ်ရှု့ ခြင်းနှင့် ဖတ်ရှုရာ၌ လုပ်ဆောင်ရမည့်အချက်များ

    မည်သူမဆို အရှင် ဘုရားသခင်နှင့် ရင်းနှီး ကျွမ်းဝင်လျှင် အကောင်းဆုံး အစပြုခြင်းမှာ သမ္မာကျမ်းစာ ဘုရားနှုတ် ကပါတ်တော်ကို ဖတ်ရှုရန် ဖြစ်သည်။ သမ္မာကျမ်းစာဖတ်ရှုခြင်း၌ ဘုရားအား ပုဂ္ဂိုလ် (လူသား) တစ်ဦး အနေဖြင့် ကျွန်ုပ်တို့တွေ့ရပြီး ကျွန်ုပ်တို့အတွက် သူ၏ နည်းလမ်းများနှင့် စီမံကိန်းများကို ကျွန်တော်တို့ သိရှိလာကြသည်။ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်နေထိုင် ရမည်ကိုလည်း သမ္မာကျမ်းစာ တော်က သင်ကြားပေး၏။ သို့သော်လည်း ခရစ်ယာန် ဘ၀အသက်တာကိုနေထိုင်ရန် ကျွန်ုပ်တို့ လိုအပ်သော အရာတိုင်းကိုတော့ဖြင့် သမ္မာကျမ်းစာက မပေးပါချေ။ သမ္မာကျမ်းစာကို အာဏာ အပြည့်အ၀ဖြင့် အနက်ဖွင့် ပေးသော အသင်းတော်၏ လမ်းညွှန်ချက်ကိုတော့ ကျွန်ုပ်တို့ သိထားဖို့ လိုအပ် ပါသေး၏။

သမ္မာကျမ်းစာက ကျွန်ုပ်တို့အား မည်သို့သော အကျိုး ကျေးဇူးများကို ပြုလုပ်ပေးသနည်း ဆိုတာကို စဉ်းစား ကြည့်ပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား တည် ဆောက် ခိုင်ခံ့စေပြီး ခရစ်တော်၌ အမွေစား၊ အမွေခံ ခွင့်ကိုပေးပါသည်။ (တမန် ၂၀း၃၂)

    ကျွန်ုပ်တို့အား သင်ကြားပြသရန် ရည်ရွယ်သည်။ ထို့ကြောင့် ကျမ်းစာကပေးသော အားပေးမှုဖြင့် ကျွန်ုပ်တို့သည် မျှော်လင့်ခြင်း ရရှိနိုင်ပါသည်။ (ရော ၁၁း၎) သမ္မာကျမ်းစာတော် မှန်သမျှကို သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးတော် အားဖြင့်ရေးသားပြုစုထား သဖြင့် ထိုကျမ်းစာတော်သည် သမ္မာ ကျမ်းစာတော်ကို သွန်သင်ခြင်း၊ ဆုံးမ သြ၀ါဒပေးခြင်း၊ အပြစ်ကိုဖော်ပြ ခြင်း၊ အမှားများကိုပြုပြင်ခြင်း ၊လျောက်ပတ်စွာ အသက်ရှင်နေထိုင်တတ်ရန် လမ်းညွှန်ခြင်းတို့ အတွက် အသုံးဝင်လေသည်။ သို့ဖြစ်၍ ထာဝရဘုရား၏ အမှုတော် ဆောင်သည် ကောင်းမြတ်သည့် အမှု အမျိုးမျိုး တို့ကို ဆောင်ရွက်ရန် လိုအပ်သည့် ပြင်ဆင်မှု ရှိပြီးလျှင် အရည်အချင်းများနှင့် ပြည့်ဝ စုံလင်၍ လာပေအံ့။ သမ္မာကျမ်းစာသည် ကျွန်ုပ်ခြေရှေ့က မီးခွက်ဖြစ်၍၊ ကျွန်ုပ် သွားရာ လမ်း၏ အလင်းဖြစ်ပါ၏။ (ဆာလံး၁၀၅)

ဘုရား၏နှုတ် ကပါတ်တရားတော်ကို ဖတ်ရှုခြင်းသည် ခရစ်ယာန်တို့၏ အသက်တာအတွက် အခြေခံ အုတ် မြစ် တစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ မဖတ်ရှုပါက ကျွန်ုပ်တို့၏ ယခု အသက်တာနှင့် ထာဝရ ကယ်တင်ခြင်းနှင့် ဆိုင်ရာ အရေးကြီးသော အရာများစွာတို့ကို လွဲပေလိမ့်မည်။

    အသင်းတော်၊ သာသနာတော်က သမ္မာကျမ်း စာတော်ကို မကြာခဏ ဖတ်ရှု့ခြင်းအားဖြင့် ခရစ်တော် ၏ surpassing knowledgeကို လေ့လာ ဆည်းပူးရန် ခရစ်ယာန်များ အားလုံးကို တိုက်တွန်း အားပေးပါ၏။ (DV.no25) သမ္မာကျမ်းစာက ဘာသာဝင် ယုံကြည် သူတို့အား ၀ိညာဉ် အာဟာရ ခွန်အားနှင့် အသက်ပေး ကြောင်းကို သိရှိစေပါသည်။နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ဘုရားသခင်အား ယုံကြည်မှု နက်ရှိုင်း၊ ခိုင်မာစေပြီး ကျွန်ုပ်တို့၏ ဘ၀ အသက်တာ၌ သူ၏ တည်ရှိမှုနှင့် လုပ်ဆောင်ချက် တို့ကို သတိထား သိရှိစေပါသည်။

(၂)နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှု့ရာ၌ လုပ်ဆောင်ရမည့် အချက်များ

    သမ္မာကျမ်းစာကို နေ့စဉ် မပြတ် မှန်မှန် ဖတ်ရှု ခြင်းသည် ကျွန်ုပ်တို့ အများစုအတွက် ခက်ခဲသဖြင့် စိန် ခေါ်မှု ပင်ဖြစ်ပါသည်။ လူတော်တော် များများသည် သမ္မာကျမ်းစာကို စတင် ဖတ်ရှု့ပြီးနောက် အချိန် အတန်ကြာတွင် စိတ်ပျက်ပြီး ဆက် မဖတ်တော့ပဲ အရှုံး ပေးတတ် ကြပါသည်။ အချို့သော ပုဂ္ဂိုလ်များ အတွက် ပြဿနာမှာ တစ်စုံတစ်ခုကို ဖတ်ရှုရာတွင် ဇွဲ လုံ့လ ရှိရှိ ဖြင့် ဖတ်နိုင်သော စွမ်းရည် မရှိခြင်းပင်ဖြစ်သည်။ သို့ သော်လည်း တော်တော် များများ၏ပြဿနာမှာ သမ္မာ ကျမ်းစာကို တည်တည် တန့်တန့် ပုံမှန် နည်းလမ်းဖြင့် မည်သို့ ဖတ်ရှု့ရမည်ဟူသော လမ်းညွှန်မှု မရှိခြင်းပင် ဖြစ်သည်။

အောက်ပါ လက်တွေ့ ချဉ်းကပ်မှု အကြံပေးချက်များသည် သင့်အားနေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း၌ အကျင့် စွဲမြဲစေရန် အထောက်အကူဖြစ်ပါ လိမ့်မည်။

(၁) နေ့စဉ် ပုံမှန် အချိန် သီးသန့် သတ်မှတ်ထားပါ။ (Set aside a regular time each day) သမ္မာကျမ်းစာ ဖတ်ရှု့ရန် အတွက် နေ့စဉ် သီးသန့် ပုံမှန် အချိန် သတ်မှတ်ထားရမည်။ အချိန် မည်မျှ ဖတ်ရှုရ မည်ကိုလည်း ရည်ရွယ် သတ်မှတ်ရမည်။ အချိန် သတ်မှတ်ချက်သည် သင့်အတွက် အစဉ်ပြေမှု ရှိရမည်။ ငါးမိနစ်မှ ဆယ်မိနစ် သို့မဟုတ် ၁၅ မှ ၂၀နှင့်ဖြစ်နိုင် ပါသည်။ နာရီဝက်လောက်လည်း ဖြစ်နိုင်ပါသည်။ သမ္မာကျမ်း စာဖတ်ရှု့မည့် အချိန်ကို မိမိ၏နေ့စဉ် အချိန် ဇယားထဲတွင် ထည့်သွင်းထားရမည်။

    (၂) နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှု့ရန် သင့်ကို သင် အပ်နှံ ကတိပြုပါ။ သင် စိတ်အား တက်ကြွ၍ ဖတ်လိုသည့် စိတ်ရှိသည့် အခါမှာရော စိတ်မပါသော အချိန်၌ပါ ဖတ်ပါ။ မပျက်မကွက် ဖတ်ရှု့ပါ။ သင်၏ ဇွဲရှိမှု၊ သစ္စာရှိမှုက များစွာ အကျိုးဖြစ်ထွန်းစေလိမ့်မည်။

    (၃) ၀တ်ပြု ကိုးကွယ် ဆုတောင်းမေတ္တာပြုသကဲ့သို့ ဖတ်ပါ။ တစ်ခုခု ရရှိရန် ရည်ရွယ်ချက်နှင့် မဖတ်ပါနှင့်။ ဘုရားနှင့် ပိုမို နီးကပ်စေရန်အတွက် ဖတ်ပါ။ ဘုရားက သင့်ကို တရားပေး၊ စကားပြောနေခြင်းဖြစ်သည်။ ပစ်မှတ်သည် သတင်း အချက်အလက်များ စု ဆောင်းရန် မဟုတ်ပဲ ဘုရား၏နှုတ်ကပါတ်တော်ကို ကမ္မဌာန်းရှု၊ ဆင်ခြင် စဉ်းစားပြီး သင်၏ ဘ၀အသက်တာ၌ လက်တွေ့ လိုက်ကျင့်ရန်ဖြစ်သည်။

    (၄) စနစ်တကျ ဖတ်ရှုပါ။ (Read Systematically) စီမံကိန်း သို့မဟုတ် အစီအစဉ် တစ်ခုကို ကိုးကား လိုက်နာရန် ဖတ်ရှုလျှင် အမြဲတမ်း အထောက်အကူဖြစ်ပါသည်။ သမ္မာ ကျမ်းစာဖတ်ရှုခြင်း အစီအစဉ် ကောင်းတစ်ခုသည် လက်တွေ့ အသုံးကျသော အချိန်ဇယားကို ပေးတတ်ပါသည်။ ၎င်းင်းသည် သတ်မှတ်ထား သော အချိန်၌ သတ်မှတ်ထားသော အခန်းသို့ အတိုင်းအတာတစ်ခုကို အာရုံပြု ရန်လေ့ကျင့်ပေးပြီး ကျမ်းစာကိုရှေ့တိုး ဆက်လက် ဖတ်ရှုနေသည့်အတွက် တိုးတက်လျှက် ရှိနေသည် ဟူသော ခဲထားချက်နှင့် ခွန်အားကို ပေးပါသည်။ သမ္မာကျမ်းစာကို ရွေးချယ် ဖတ်ရှုသည့် အခါ အန္တရာယ် ထိခိုက်တတ်သည်။ နှုတ်ကပါတ်တော်အား out of context အဆက်အစပ် မရှိ၊ ကျိုးကြောင်း ဆက်စပ်မှု မရှိ၊ အဓိပ္ပါယ်ကောက်ခြင်း တို့မှ ကာကွယ် ပေးသည်။

    (၅) ယုံကြည်ခြင်းနှင့်နှိမ့်ချခြင်း တို့ဖြင့် ဖတ်ပါ။ သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်သည် မိမိ ကိုယ်ကို မိမိဖော်ပြပြီး သင့်ကို စကားပြောလိမ့်မည် ဟူသော တောင့်တမှု ရှိပါ။ ဘုရား၏နှုတ်ကပါတ် တရားတော် (ကျမ်းစာ) ကို သိပြီးဖြစ်သည်ဟု တင်ကူး မမှတ်ယူပါ နှင့်။

    (၆) သမ္မာကျမ်းစာ တစ်အုပ်လုံးကို ဖတ်ပါ။ Read the entire Bible ကျမ်းစာသည် တစ်အုပ်လုံး အနေနှင့် ပေထက် အက္ခရာတင်ထားသော ဘုရား၏ နှုတ်ကပါတ်တော်ဖြစ်သည်။ ဘုရား၏ တရားတော် အ နေဖြင့် မိမိနှစ်သက်ရာ ကွက်ကြား၊ ကျိုကြား မဟုတ်ပဲ အားလုံးကို ခြုံငုံ၍ ဖတ်သင့်ပါသည်။ ကျွန်ုပ်တို့ နှစ်သက်သော ကျမ်းပိုဒ်နှင့် စာအုပ်ကိုသာရွေးချယ်ပြီး အ ခြား အပိုင်းတို့ကို လျစ်လျူရှု ချန်ထားရန် စိတ်ဆန္ဒ ရှိကြသည်။ ကျွန်ုပ်တို့အား အာမခံချက်ပေးသော ဘုရား၏ ကတိများကိုသာ ဖတ်ရှု့ပြီး၊ ခရစ်ယာန် ဘ၀အသက်တာနှင့် ထိုက်တန်စွာနေထိုင်ရန် လိုအပ်သည့် ခက်ခဲ သော တရားတော်၊ ပညတ်ချက်၊ တောင်းဆိုချက်များကိုမူ လျစ်လျူရှုရန် လွယ်ကူလှပါသည်။

    ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ အ နေဖြင့် ဓမ္မဟောင်း Deuterocanonical ကက်သလစ် ကျမ်းဝင် စာအုပ်များ အပါအ၀င် ကျမ်း ၇၃စောင် စလုံးကို ဖတ်ရှု့ သင့်ပါသည်။ ၎င်းင်း စာအုပ်တို့ကို ဂရိ စကား ပြော ဂျူးတို့က ဟေဘရူး ဘာသာစကားနှင့် မဟုတ်ဘဲ ဂရိ ဘာသာစကားနှင့် ရေးသားထား ခဲ့သည်။ ၎င်းင်း ကျမ်းစာတို့သည်လည်း ဘုရားသခင်၏ နှိုးဆော်တော်မူချက်နှင့် ရေးသား ထားရန် ကျမ်းစာမြောက်သည်ဟု အသင်းတော်က သတ်မှတ် သင်ကြားပါသည်။ ကက်သလစ် ခရစ်ယာန် မဟုတ်သော အသင်းတော်များက မူကျမ်းစာတို့ကို Apocryphal  ကျမ်းပယ်များဟုခေါ်ကာ ၎င်းင်းတို့၏ ကျမ်းစာအုပ်တွင် အထူး အစီအစဉ်နှင့် ပုံနှိပ်ခြင်း မဟုတ်ပါက ထည့်သွင်းခြင်း မရှိချေ။
              
            RVA ထုတ်လွှင့်ချက်မှ

Read More...

Sunday, January 13, 2013

ကိုးစားခြင်းအရင်းအမြစ်

    လူငယ်တို့၏ ငယ်ရွယ်နုပျိုသော အသက်တာတွင် တစ်စုံ တစ်ယောက်ကို အားကိုး အတုယူပြီး ကိုးစား တတ်သော သဘောရှိကြသည်။ မိမိကြိုက်နှစ်သက်သော အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်၊ စာပေ အနုပညာရှင်၊ အားကစားသမား စသည့် နာမည်ကြီး ပုဂ္ဂိုလ်များကို လူငယ်တို့သည် အားကျ အတုယူ ကြသည်။ မိမိ အားကျသော ပုဂ္ဂိုလ်များ၏ အပြောအဆို၊ အနေအထိုင်၊ အသွားအလာ၊ ၀တ်စားဆင်ယင်မှု များကို ကြည့်ရှုလေ့လာပြီး လူငယ်များ အနေဖြင့် စိတ်ဝင်တစား အတုယူ ကြသည်။ ထိုကဲ့သို့ လူငယ်များ အနေ ဖြင့် မိမိ ကြိုက်နှစ်သက်သော နာမည်ကြီး ပုဂ္ဂိုလ်များ၏ ပုံစံများကိုလေ့လာ အတုယူကြခြင်း သည်ကောင်းပါသည်။ သို့သော် မိမိ အတုယူသည့် နာမည်ကြီး ပုဂ္ဂိုလ်များ၏ အချို့ အမူအကျင့်၊ အနေအထိုင်များသည် အသေးအဖွဲ ကိစ္စကလေးပဲဖြစ်သော်ငြားလည်း လူငယ်များ အတု ယူလျှင် ဘ၀တစ်ခုလုံးကို မှားယွင်းနိုင်သော အကြောင်းအရာဖြစ် သွားတတ်သည်။
 
    ကျွန်တော်တို့သည် မိမိတို့ စိတ်နှလုံးထဲတွင် စိတ်ဝင်စားသော လူတစ်ယောက်ကို အကြွင်းမဲ့ ကိုးစား ကြသည်။ ဘယ်ပုံ ဘယ်အခြေအနေမှာပဲ ရှိရှိ မိမိ စိတ်ဝင်စားသော လူတစ်ယောက်၏ အပြုအမူ၊ အမူ အကျင့် တစ်ခုခုကို လိုက်လုပ်ကြသည်။ အကြွင်းမဲ့ လုပ်ဆောင် တတ်ကြသည်။ အကောင်း အဆိုးပြည့်နှက် ယှဉ်တွဲတဲ့ လောကကြီးထဲမှာ ကျွန်တော်တို့ရဲ့ အတုယူခြင်းဟာ မမှားသွားဖို့ အတွက် အလွန် အရေးကြီး လှပါတယ်။ ကိုယ့်ဉာဏ် အားဖြင့်ကောင်းပြီဟု ထင်ရ သော အရာများသည် တစ်ခါတစ်ရံ အကြီးအကျယ် မှားယွင်းသော အကြောင်းအရာများ ဖြစ်သွား တတ်သည်။ မိမိ၏ စိတ်နှလုံးအားဖြင့် ဤသူသည်ကောင်း သည်၊ ဤသူသည် ဆိုးသည်ဟု စိတ် ဆုံးဖြတ်၍ မရပါ။ ဒါ ကြောင့် မှားယွင်းတဲ့ အတုယူမှု၊ ဆုံးဖြတ်မှု မဖြစ်ရလေ အောင် အရာရာကို အုပ်စိုး ပိုင်သတော်မူသော ဘုရားရှင်၌ အားကိုးဖို့ လိုအပ်ပါတယ်။ ဘုရားတစ်ဆူတည်း သာလျှင် ဤသူသည်ကောင်းသည်၊ ဤသူသည်ဆိုး သည်ကို သိနိုင်သည်။ လူ့စိတ်အားဖြင့် စိတ် မဆုံးဖြတ် နိုင်ပါ။

    အရာအားလုံးကို သိကျွမ်းနိုင်သော ဘုရားတစ်ဆူတည်းသာလျှင် သိနိုင်သည်။ မိမိတို့ သွားလာ လုပ်ကိုင် ပြုမူသော ကိစ္စအ၀၀တွင်လည်း အားကိုးဖို့ အ ကြောင်း အရင်းသည် ဘုရားတစ်ဆူတည်းသာ ဖြစ်သင့် ပါသည်။ ခရီးတစ်ခုကို သွားရင် ဘယ်နှစ်နာရီ ရောက်မည်ကို ကျွန်တော်တို့ဟာ ခန့်မှန်းပြောဆို တတ်ကြတယ်။ ဒါပေမယ့် အချိန်နဲ့နေရာကို ပိုင်ဆိုင်တာက ကျွန်တော်တို့ လူသားများ မဟုတ်ပါ။ အချိန်နာရီကို ပိုင်ဆိုင်သူ ကတော့ ဘုရား တစ်ဆူသာဖြစ်ပါတယ်။ ဒါ ကြောင့်သွားလေရာရာမှာ ဘုရားကို မျက်မှောက်ပြု တတ်ဖို့လိုအပ်ပါတယ်။  မိမိတို့ရဲ့ အသုံးပြုတဲ့ ပစ္စည်း တွေအပေါ်မှာ မိမိတို့ရဲ့ အစွမ်းသတ္တိတွေမှာ မျက်မှောက် မပြုသင့်ပါ။ ကျွန်တော်တို့ရဲ့ အစွမ်းသတ္တိတွေမှာ မျက် မှောက်ပြုခြင်း အရာက တစ်ခါတစ်ရံမှာ လုပ်ဆောင် ခြင်း မှန်ကန်ပေမယ့် တစ်ခါတစ်ရံမှာ အကြောင်းအရာ မညီညွတ်ခဲ့ရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ဟာ မှားယွင်း သွားတတ်ပါသည်။ ကျွန်တော်တို့ရဲ့ လုပ် ဆောင် ချက်တိုင်းတော်တော် များများဟာ မိမိတို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများ အပေါ် မူတည်ပြီး လုပ် ဆောင်တတ် ကြပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အားကိုး၊ ကိုးစားသည့် အရင်းအမြစ်ဟာ အလွန် အရေးကြီး ပါတယ်။ မိမိတို့ အတုယူသော ပုဂ္ဂိုလ်သည်လည်း မိမိ ဘ၀အတွက် အကောင်းဘက်သို့ ဦးဆောင် လမ်းပြနိုင် သော ပုဂ္ဂိုလ်ဖြစ်ရန် လိုအပ် လှပါတယ်။ မိမိ အတုယူ သော ပုဂ္ဂိုလ်က အကောင်းဘက်သို့ ဦးတည် လမ်းပြ ခြင်း မရှိပဲ အဆိုးဘက်သို့ ဦးတည် လမ်းပြလျှင် ကျွန် တော်တို့၏ လုပ်ဆောင်ချက်၊ ပြုမူခြင်း တို့သည်လည်း အဆိုးဘက်သို့သာ ဦးတည် သွားမည်ဖြစ်သည်။ မိမိတို့ အတုယူသော သူသည် မှားယွင်းသော အကြောင်းဘက်သို့ လမ်းပြ လုပ်ဆောင်လျှင် ကျွန်တော်တို့၏ရှေ့ ဘ၀အသက်တာ လမ်းခရီးသည် မတွေးရဲ စရာအ ကြောင်း အရင်းဖြစ်သည်။ ဒါကြောင့် ကျွန်တော်တို့၏ ကိုးစားခြင်း အကြောင်းအရင်း အမြစ်သည် အလွန် အ ရေးကြီးသည်။ ထာဝရဘုရား၏ သမ္မာကျမ်းစာ သုတ္တံ ၃း ၅၊ ၆ တွင် “ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားလော့ ကိုယ့်ဉာဏ်ကို အမှီ မပြုနှင့်၊ သွားလေရာရာတွင် ထာဝရဘုရားကို မျက်မှောက်ပြုလော့ ထိုသို့ပြုလျှင် သင်၏ လမ်း ခရီးတို့ကို ပဲ့ပြင်တော်မူမည်” လို့ ဖော်ပြထားပါတယ်။ ဘုရားက သူ့ကို စိတ်နှလုံးအ ကြွင်းမဲ့ ကိုးစားဖို့ရာပြောထား ပါတယ်။
    ကိုယ့်ဉာဏ်ကို အမှီ မပြုပါနဲ့တဲ့။ သူ့ကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားရင် သွားလေ ရာရာမှာ ဘုရားကို မျက်မှောက်ပြုရင် ဘုရားက ကျွန်တော်တို့ရဲ့ရှေ့ဘ၀ အသက်တာ လမ်းခရီးကို ပဲ့ပြင်ပေးမယ်လို့ ရေးသား တင်ပြ လိုက်ပါတယ်။
လူသား(ဆားမှော်)

Read More...

Monday, January 7, 2013

အပြစ်သားရယ်၊ အချစ်ဘုရားရယ်


အပြစ်ဖွဲ့လူသား
အချစ်နဲ့ ဘုရားကို
ထောက်ထား မညှာ
ဖောက်ပြား ထွက်ပြေး
ဘုရားကို အဝေးချန်ရစ်
အပြစ်နွံထဲ နစ်ပြီ ဆိုကာမှ
အော်ဟစ် တစာစာ
မျှော်လင့် အခါခါနဲ့
သြော် . . . သူ့ခမျာ ကယ်သူမဲ့ ရှာလို့ပေါ့။

တကယ်ဆို တို့ဘုရား
စွမ်းအားတွေသုံး ဗြုန်းကနဲ လွတ်စေ
တစ်ချက်ကလေး အမိန့်ခြွေလိုက်နိုင်သော်လည်း . . .
မင်းအာဏာသုံး သြဇာတွေဖုံးပြီး
တစ်လောကလုံးကို လုံးလုံးကယ်ချွတ်နိုင်သော်လည်း . . .

နှိမ့်ချတဲ့ ဘုရား
နွားစားခွက်မှာ ဖွားမြင်
လူ့အမြင်မှာတော့ သေးနုပ်တယ်လို့ထင်ရပေမဲ့
ရွေးနှုတ်ကယ်ဖို့ နည်းလမ်းတစ်ခု
အချစ်နဲ့ အစပြုလို့ရယ်
အားနည်းတယ်ဆိုတဲ့ လူ့အဖြစ်ကိုခံယူ
အပြစ်မှောင်တွင်းက လူကို
အချစ်ရောင် လင်းပြကူဖို့
လူ့ဘောင်ကို ဆင်းကြွလာခဲ့ပြီပေါ့။

                ပါစကား သီကိုရှင်း

Read More...

Wednesday, January 2, 2013

ကိုယ်ကျင့်တရား မကောင်းတဲ့ သူတွေက၊ ဘယ်လိုပဲ လှူလှူ၊ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း ကုသိုလ်မရဘူး၊ ဆုတောင်းမပြည့်ဘူး ဆိုတာ တကယ် မှန်ပါသလား။

    ဒီတစ်ပါတ်မှာ မေးလာတဲ့မေးခွန်းကတော့ “တစ်ချို့ကပြောကြတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့ သူတွေက၊ ဘယ်လိုပဲ လှူလှူ၊ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း ကုသိုလ်မရဘူး၊ ဆုတောင်းမပြည့်ဘူး ဆိုတာ တကယ် မှန်ပါသလား။ အဲ့ဒီ ကိုယ်ကျင့်တရား မ ကောင်းတဲ့သူတွေကို ဘုရားသခင်က တကယ်ကို ပစ်ထားပြီလား။ ကိုယ်ကျင့်တရား မကောင်းတာကလည်း အချိန်အတိုင်းအတာ တစ်ခုပဲဖြစ်နိုင် ပါတယ်။ နောင်တ ရပြီးပြောင်းလဲနိုင် ပါတယ်။ မကောင်းခဲ့တာတွေဟာ အမြဲ မပျောက်တော့ဘူးလား။ ကိုယ်ကျင့်တရား ပျက်ရခြင်းကလည်း တစ်ခုခုကို မလွန်ဆန်နိုင်ခြင်း ကြောင့်ဖြစ်တယ်။ ဥပမာ - မိသားစုပြေလည်ရေး အတွက် တစ်ခြားသူ တစ်ယောက်စီက အကူအညီ ယူထားရတယ်။ ကူညီတဲ့သူက မိမိရဲ့ ကူညီရခြင်းအပေါ်မှာ အမြတ်ထုတ် အခွင့်အရေးယူနေတာကို ရှောင်ရှားဖို့ မတတ်သာဖြစ်တာမျိုး လည်း ရှိတတ်ပါတယ်။ နောက် ဥပမာတစ်ခုကတော့ ဓါးပြတစ်ဦးဟာ သူတကာ အများရဲ့ ပစ္စည်းဥစ္စာကိုသာ ယူပြီး မိမိရဲ့ မိသားစုအ ပေါ်မှာတော့ ကြင်နာ သနားတတ်တယ်။ မိမိရဲ့ လက် အောက် ငယ်သားများ အပေါ်မှာ မျှတတဲ့စိတ် ရှိတယ် ဆိုရင် သူ့ကို ဘုရားသခင်က ကောင်းချီးပေးပါသလား”  တဲ့။

    ဒီမေးခွန်းကို ဖတ်လိုက်ရတော့ ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၈၊ အငယ် ၁ မှ ၁၁ ထဲက အဖြစ်အပျက် ကျမ်းပိုဒ်ကို သတိရ တရားရှုမိပါတယ်။ အဖြစ်အပျက်ကတော့ မနက်စောစော ကိုယ်တော်ရှင်ဟာ ဗိမ္မာန်တော်သို့ကြွတော်မူလျှက် လူအပေါင်းတို့ကို တရားပေးနေစဉ်မှာပဲ ကျမ်းတတ် ဆရာများ၊ ဖာရီရှဲများဟာ ပြည့်တန်ဆာအမှု ကျူးလွန်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်လာခဲ့ပြီး ကိုယ်တော်ရှင်ရှေ့မှာ ထားပြီးတော့ “ဒီလို မှားယွင်းခြင်း အမှုပြုတဲ့ အမျိုးသမီးကို ကျောက်ခဲနဲ့ ပစ်သတ်ရမယ်လို့ မိုးဇယ်ရဲ့ တရားကျမ်းက စီရင် ထုံးဖွဲ့ထားပါတယ်။ ကိုယ်တော်ကကော ဘယ်လို မိန့်ကြားမလဲဆိုပြီး ကိုယ်တော့်ကို စကားထောင် ချောက် ဖမ်းခဲ့ကြပါတယ်။ ဒါနဲ့ ကိုယ်တော်ရှင်က ဘာမျှ ပြန်ဖြေကြားတော် မမူဘဲ အောက်ငုံ့ပြီးမြေကြီးပေါ်မှာ လက်ညှိုးနဲ့ စာရေးခြစ်နေစဉ် အထပ်ထပ်ငေါ့ပြီးမေးဖန်များတော့ ကိုယ်တော်ရှင်က “သင်တို့တွင် အပြစ် ကင်းသောသူသည် ရှေးဦးစွာကျောက်ခဲနှင့် ပစ်စေလို့ မိန့်တော်မူလိုက်ပါတယ်။ ဒါနဲ့ တစ်ယောက်ပြီး တစ် ယောက် ကိုင်ဆောင် လာတဲ့ ကျောက်တုံးကျောက်ခဲများကို နံဘေးဖက် ပစ်ချခဲ့ကြပြီး မခံချိ မခံသာ တစ် ယောက်မျှ မကျန် ထွက်သွား ခဲ့ကြပါတော့တယ်။ ဒါနဲ့ ကိုယ်တော်ရှင်က “အချင်း မိန်းမသင့်ကို အပြစ်တင်ကြတဲ့ သူတွေ ဘယ်မှာလဲ ဘယ်သူကမျှ တရား မစီရင် ကြဘူးလား”လို့ မေးတော့ “ဘယ်သူမျှ မစီရင်ပါ သခင်” ဟုလျှောက်လေ၏တဲ့။ ဒါနဲ့ ကိုယ်တော်ရှင်က “ငါသည်လည်း သင်၏ အမှုကို မစီရင်၊ သွားလော့နောက်တဖန် ဒုစရိုက်ကို မပြုနှင့်”ဟု မိန့်တော်မူ၏။ ကိုယ်တော်ရှင်ဟာ အပြစ်သားတို့ကို ကယ်တင်ဘို့ကြွလာတော်မူတဲ့ အရှင်ဖြစ်ပါတယ်။ (ရှင်မာကု ခရစ်ဝင် ၂း၁၇) “ဖြောင့်မတ်သော သူတို့ကိုနောင်တသို့ခေါ်ခြင်းငှါ ငါလာသည် မဟုတ်။ ဆိုးသော သူတို့ကိုခေါ်ခြင်းငှါ” ငါလာသည်ဟု မိန့်တော်မူ၏။” အပြစ်သားတွေ ချဉ်းကပ်နိုင်ကြဖို့ အာပါတ်ဖြေခြင်း စက္ကရမင်းတူး မင်္ဂလာကို ကိုယ် တော်ရှင် တည်ထောင် ထားတော်မူခဲ့ပါတယ်။ မေးခွန်းကိုပြန်ကြည့်မယ် ဆိုရင် “တစ်ချို့ကပြောကြတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေက၊ ဘယ်လိုပဲ လှူလှူ၊ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း ကုသိုလ်မရဘူး၊ ဆုတောင်း မပြည့်ဘူးဆိုတာ တကယ်မှန်ပါသလား။” တစ်ချို့ကပြောတဲ့ စကားဆိုတော့ သာသနာ တော်ကပေးတဲ့ တရား မဟုတ်ပါဘူး။ အဲ့ဒီ စကားသံ တွေကို အာရုံစိုက် မနေပါနဲ့။ ကိုယ်ကျင့် တရားမ ကောင်းတဲ့ အဖြစ် အခြေအနေမှ ကြိုးစား ရုံးထွက်ပါ။ ဒီလို ရုန်းထွက်တဲ့နေရာမှာ ဘုရားရှင်ရဲ့စောင်မခြင်း ကျေးဇူးတော်နဲ့ အောင်မြင်စွာ ရုန်းထွက်နိုင်ဘို့ ဘုရားရှင်ဆီမှာ ဆုတောင်းပါ။ စိတ်ကောင်းနှလုံးကောင်းနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ ပေးကမ်း စွန့်ကြဲပါ။ လှူဒါန်းပါ၊ ရှင်သန်ပါ။ မိမိရဲ့ ဆုတောင်းများနဲ့ မိမိရဲ့ အလှူအတန်းများက မိမိရဲ့ ဘ၀ပြုပြင်ရေးမှာ ပံ့ပိုးမှုတွေဖြစ်နေပါ လိမ့်မယ်။ ဧ၀ံဂေလိ ကျမ်းထဲမှာ ကိုယ်တော်ရှင် ကိုယ်တော်တိုင်က အလှူအတန်းပြုဘို့၊ ဆုတောင်းဘို့ ဟောကြား ထားပါတယ်။ ဆုတောင်း မပြည့်ဘူးဆိုတဲ့ စကားဟာ တောင်းတဲ့ ဆုဖြူဖြူ မဲမဲကြီး ချက်ခြင်း လက်ငင်း မရတာကို ပြောတာဖြစ်မှာပါ။ ဆုတောင်းမေတ္တာ ပြုသူတိုင်းကို ဘုရားသခင်သည် လက်ချည်း ဗလာပြန် လွှတ်လေ့ မရှိပါ။ တစ်ခုခုတော့ ရရှိပြီးပြန်ရ စမြဲပါ။ မိမိ မသိလိုက်ခြင်းသာ ဖြစ်ပါလိမ့်မယ်။ အပြစ်ရှိ လူသား တွေ ဘုရားရှင်ထံ ဆုတောင်းကြပြီဆိုရင်

    (၁) ဘုရားရှင်ဟာ မိမိရဲ့ ရွှေဉာဏ်တော် အတိုင်း အဖြေပေးတော်မူတယ်။ မိမိရဲ့ ဆုတောင်းချက်ဟာ မှားယွင်းနေပါက အဲဒီ ဆုတောင်းချက်ကို ချပေး တော်မမူသော်လည်း ဆုတောင်းသူရဲ့ ဘ၀၌ လိုအပ်ချက် တစ်ခုခုကို မိမိရွှေဉာဏ်တော် အလျှောက် သိမြင် တော်မူသည့် အတိုင်း ပေးသနားတော်မူ ပါတယ်။

    (၂) ကိုယ်စီရဲ့ ဆုတောင်းချက်များကို ဘုရားရှင်ဟာ မိမိရဲ့ အနန္တမေတ္တာတော်၌ အဖြေပေးတော် မူတယ်။ မိမိတောင်းတဲ့ ဆုဟာ မိမိအတွက်၊ သူတစ်ပါးအတွက် အန္တရာယ် ရှိနေပါက (သို့မဟုတ်) အချိန်မတန် သေးပါက မိမိရဲ့ မဟာမေတ္တာတော်၌ အချိန်ယူ လျှက် ပြုပြင် ပုံသွင်းပေးခြင်း ကို ပြုတော်မူတယ်။ ဒီလို အချိန်ယူစဉ် ပြုပြင် ပုံသွင်းပေးစဉ် ကာလမှာ အခြားသောဆု ကျေးဇူးတော်များကို တစ်ခုပြီး တစ်ခု ထပ်ဆင့်ပေး သနားတော်မူလေ့ ရှိပါတယ်။

    (၃) ကိုယ်စီရဲ့ ဆုတောင်းချက်များကို ဘုရားရှင်ဟာ မိမိရဲ့ မဟာ အလိုတော်မြတ်နဲ့ အညီ အဖြေပေး တော်မူတယ်။ ဒါကြောင့် ဆုတောင်းကြတဲ့ နေရာမှာ ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံ ပါစေသော်။ ဘုရား တပည့်တော်၏ အလိုသည် ပြောင်းပါစေသော်လို့ ဆုတောင်း ကြရပါတယ်။ မိမိရဲ့ အလိုဆန္ဒဟာ ဘုရားရှင်ရဲ့ အလိုတော်မြတ်နဲ့ မကိုက်ညီပါက ဒါမှမဟုတ် အချိန်မတန်သေးပါက ဘုရားရှင်ဟာ ဆုတောင်း သူအပေါ်မှာ အခြားသော လိုအပ်နေတဲ့ ဆုကျေးဇူး တော်ပေးပြီး အချိန်ယူတော်မူလေ့ ရှိပါတယ်။ အဲ့ဒီ ကာလအတွင်းမှာ မိမိရဲ့ အလိုတော်ရင်းနဲ့ ညီအောင် ပြုပြင် ပုံသွင်းပေးတော် မူပါတယ်။

    ဒါကြောင့် ဘုရားရှင်ရဲ့ ထံတော်ပါးသို့ ချဉ်းကပ် ဆုတောင်း လာသူတိုင်းကို ငြင်းပယ်သည် ဟူ၍ မရှိ။ တောင်းသော ဆုကိုပေးရင်ပေးမယ်၊ အချိန်ယူဖို့ လိုအပ်ပါက အချိန် ယူမယ်။ တောင်းတဲ့ဆုဟာ အန္တရာယ် ဖြစ်နေပါက မိမိရဲ့ရွှေဉာဏ်တော်နဲ့ အညီ မဟာမေတ္တာ တော်၌ မိမိရဲ့ အလိုတော်မြတ် အတိုင်း အခြားသော လိုအပ်နေတဲ့ ဆုတစ်ခုခုကို ချပေးတော်မူပါတယ်။ ဘုရားရှင်ရဲ့ အလိုတော်မြတ်ကို လက်မခံ လိုခြင်းဟာ မိမိရဲ့ အတ္တကြီးမှု၊ မာန်မာနကြီးနေမှုကြောင့်ဖြစ်ပါတယ်။ ဒီလို အချိန်ယူခြင်း၊ ပြုပြင် ပုံသွင်းပေးခြင်း ကာလမှာ မိမိ မတောင်းတဲ့ဆုတွေကိုပဲ ရရှိနေခြင်းကို မိမိက မသိလိုက်၍ ဆုတောင်း မပြည့်ဟု ပြောဆိုနေခြင်းသာဖြစ်ပါလိမ့်မယ်။ ပြစ်ရှိ လူသားတွေ ဘုရားရှင်ထံ ဆုတောင်းကြပြီ ဆိုရင် တိကျပြတ်သားတဲ့ အဖြေလေးမျိုးကို တစ်ဆင့်ချင်း အစဉ်အမြဲပေးလေ့ ရှိပါတယ်။ ပြတ်သားတဲ့ ပထမ အဖြေကတော့ မိမိသည် မှားယွင်းသော အချက်ကို  တောင်းဆုပန်နေပါက No! မပေးနိုင်ဘူးလို့ အဖြေပေးတော်မူ ပါတယ်။ ပြတ်သားတဲ့ ဒုတိယအဖြေကတော့ တောင်းဆု ပန်ချက်က မှန်ပါ၏။ ဆုတောင်းနေသူက မှန်ကန်မှု မရှိ၊ အပြစ် ဒုစရိုက်တွေနဲ့ပဲပြည့်နေသေးတယ် ဆိုရင် Grow! တဲ့။ အဓိပ္ပါယ် ကတော့ ရင့်ကျက်လာအောင်၊ ထိုက်တန်သူဖြစ်လာအောင် ကြိုးစား ပါတဲ့။ ပြတ်သားတဲ့ တတိယ အဖြေကတော့၊ တောင်းဆု ပန်ချက်ဟာ အချိန်မတန်သေး ပါက Slow! ဖြေးဖြေး၊ မလောနဲ့လို့ တိကျတဲ့ အဖြေကိုပေး ပါတယ်။ ပြတ်သားတဲ့ စတုတ္ထ အဖြေကတော့ တောင်းဆုပန်ချက်လည်း မှန်၊ အချိန်ကလည်း တန်၊ အခြေအနေ အားလုံးကလည်း မှန်ကန်လာပြီဆိုရင် Go!-ပြည့်စေတဲ့။ ဒါကြောင့် ကိုယ်စီ ဆုတောင်းကြတဲ့နေရာမှာ ဇွဲနဲ့၊ အားမလျှော့ပဲ ဆုတောင်းပါ။ မရဘူးဆိုတာ မရှိပါဘူး။ တစ်ခုခု ရရှိ ပါလိမ့်မယ်။ ကိုယ်ကျင့်တရား မကောင်းသူကို ဘုရားသခင်ကပြစ် မထားပါဘူး။ ကိုယ်ကျင့် တရားကောင်းသူ ဖြစ်လာအောင်ပြောင်းလဲလာနိုင်ဖို့ အတွက် အချိန်ယူတော်မူခြင်း၊ အချိန်ပေးတော်မူခြင်း သာဖြစ်ပါတယ်။ ဒါကြောင့်လည်း လောကကြီးမှာ ဘယ်လောက်ပဲ ဆိုးပေ တေနေသူ ဖြစ်ပါစေ၊ သေခါနီးမှာတော့ နောင်တနဲ့ သံဝေဂနဲ့ တရားရပြီး တရားတော်နဲ့ အညီ ဘ၀ နိဂုံးချုပ်ကြတာ ဘာကြောင့်လဲ။ ဘုရားရှင်ရဲ့ မဟာ ဂရုဏာမေတ္တာတော်နဲ့ မိမိတို့ရဲ့နောင်တ သံဝေဂ၊ ဆုတောင်းမေတ္တာ၊ အလှူအတန်း၊ စိတ်ကောင်းနှလုံးကောင်းနဲ့ ဆပ်ကပ်မှုလေးတွေ ပေါင်းစည်း သွားခြင်းရလဒ်ဖြစ်ကြောင်း ဖြေကြား လိုက်ရပါတယ်။ ဖတ်ရှုရန် (ရှင်ယောဟန်ခရစ်ဝင် ၁၈း၉-၁၄)

                                ဘုန်းဘုန်းဒိုမိနစ်ဂြိုလ်တု

Read More...