Monday, November 19, 2012

တနင်္ဂနွေလမ်းဆုံ

    လက်ထဲကငွေကိုရေတွက် ကြည့်လိုက် တော့  ငါးရာ အတိပင်။ ဒီနေ့ . . . တစ်နယ်စီခြားနေသော ချစ်သူဆီသို့ ဖုန်းဆက်ရမည့်နေ့  တနင်္ဂနွေနေ့တိုင်း ဖုန်းဆက်မည်ဟု ကတိပေးထား၏၊ ဖုန်းမဆက်လျှင် ချစ်သူ စိတ်ကောက်မည်၊ စိတ်ကောက်လျှင်သူ မချော့တတ်၊ ချစ်သူ စိတ်ဆိုးမှာကို အလွန်ကြောက်လေ သည်။

    ဖုန်းဆက်ဖို့ အတွက် သူပျက်ကွက်ခဲ့တာ တစ်လကျော်နေပြီ၊ ပျက်ကွက်ရသည့် အကြောင်းရင်းမှာလည်း ထူးဆန်းလွန်း လှသည်။ တစ်ခုသော တနင်္ဂနွေ ချစ်သူဆီကို ဖုန်းဆက်ဖို့ထွက် အလာ . . . လမ်းတွင် အဖိုးအို တစ်ယောက်ကို ဆိုင်ကယ်တစ်စီးမှ ၀င်တိုက် သွားလေသည်။ ဆိုင်ကယ်မောင်းသည့်သူမှာ  အဖိုးအိုကို လှည့်ပင် မကြည့်ပဲ မောင်းပြေး သွားလေသည်။ ထို အဖြစ်အပျက်သည် သူ၏ရှေ့တွင်ဖြစ်ပျက် ခဲ့၏။ သူလည်း မနေသာပဲ ဆေးရုံကို ပို့ပေး ခဲ့ရ၏။ ပါလာသမျှ ငွေလည်း ကုန်သွားသည်။  ဆင်းရဲနွမ်းပါးတဲ့ အဖိုးအို အတွက် သွေးတစ်လုံးပင် လှူခဲ့ရ၏။ အဲ့ဒီ တနင်္ဂနွေ ဖုန်း မဆက်ဖြစ်၊ တနင်္ဂနွေ တစ်ရက်သာလျှင် အလုပ်နား ရသည့် ချစ်သူ သူ့ဖုန်းကိုမျှော်နေမှာ အသေအချာ ပင်။
 
    နောက်တစ်ကြိမ် တနင်္ဂနွေ အမေ မူးလဲသွား၏ တစ်မိသားစုလုံး ပျာယာ ခတ်ကုန်၏။ သူလည်း ဆရာဝန်ပြေးခေါ်ရ၊ ဆေးပြေး ၀ယ်ရနှင့် တစ်နေ့လုံးလိုလို အ မေ့ဘေးက မခွာရ၊ အမေတစ်ခုခုဖြစ်မှာ စိတ်ထဲတွင် ပူပန်နေရ၏။ ချစ်သူကို ဖုန်းဆက်ဖို့ သတိရလိုက်သေးသည်၊ ဘယ်လိုမှ အချိန်မရ၊ ဒီလိုနှင့် တနင်္ဂနွေကျော် သွားပြန်သည်။
 
    တနင်္ဂနွေနေ့တိုင်း ချစ်သူဆီ ဖုန်းဆက်ရန်မှာ အကြောင်းအမျိုးမျိုးနှင့် အမြဲတမ်း အလွဲလွဲအချော် ချော်၊ ငွေမရှိတာနှင့်၊ အရေးပေါ် အကြောင်းတရားများ ပေါ်လာရတာနှင့် ဖုန်းမဆက်ဖြစ်ခဲ့တာ တစ်လတောင် ကျော် ခဲ့ပြီ။ အစစအရာရာ မပြည့်စုံသော မိမိကို မှရွေးချယ် ချစ်ခဲ့သော ချစ်သူကိုကျေးဇူးလည်း တင်၏၊ သနားလည်း သနား မိလေသည်။ ချစ်သူကိုတောင်းပန် ရမည်၊ လွဲချော်ခဲ့သော တနင်္ဂနွေနေ့များ အ ကြောင်း ကိုတော့ မရှင်းပြလိုပေ။ ချစ်သူ အထင်သေးမှာ စိုးသလို၊ စိတ်ပျက် သွားမှာကိုလည်း  စိုးရိမ်နေမိ၏။
 
    “ဒီတစ်ပါတ် တနင်္ဂနွေ ၁၀နာရီ မှ ၁၁နာရီ အတွင်း ဖုန်းမဆက်လျှင် အပြတ်ပဲ” ဟု ချစ်သူက လူကြုံ နှင့် စာပေးလိုက်သည်။ သူနာရီကို ကြည့်လိုက်သည် ၁၁နာရီထိုးဖို့ ၁၅မိနစ် လိုသေး၏။ တစ်မနက်လုံးလည်း မအား၊ အမေ့ ကျန်းမာရေး မကောင်းသောကြောင့်  အ မေ့အလုပ်တွေ ကူလုပ်ပေးနေရသည်။ ချစ်သူ စိတ်ကို သူသိ၏၊ ဖုန်းဆက် မှဖြစ်မည်။
 
                      သူသည် စိတ်ကို ဒုန်းဒုန်ချကာ ဖုန်းဆိုင်ထဲသို့ ၀င်ရန်ခြေလှမ်းပြင် လိုက်သည်။  ထိုအချိန်မှာပင် အိမ်မှ ထွက်လာခါနီး အမေမှာ လိုက်သော စကားများကို ကြား ယောင်မိလေသည်။

 “သားမှာ ပိုက်ဆံ ငါးရာလောက်ရှိရင် အမေ့ အတွက် သွေးပေါင်ကျဆေး တစ်ကဒ်လောက် ၀ယ်ခဲ့ပါ နော်၊  အမေသွေးတွေ အရမ်းတိုးနေလို့ သားရဲ့” ဖုန်းဆိုင်သို့ ၀င်မည့် သူ့ခြေလှမ်းများ ရပ်တန့်သွား၏။ ဖုန်း ဆိုင်၏ဘေးတွင် ဆေးဆိုင် ရှိလေသည်။
 
    ဖုန်းဆိုင်၊ ဆေးဆိုင်၊ လက်မှ ပတ်ထားသော နာရီနှင့်ငွေကို တစ်လှည့်စီ ကြည့်ရင်း တွေဝေနေ၏။  ၁၁ နာရီ ထိုးဖို့ ငါးမိနစ် အလိုတွင် သူသည် ဆိုင်ထဲသို့ ၀င်သွားလေသည်။
 
    ဆိုင်ထဲမှပြန်ထွက်လာသော အခါ . . . သူ၏ နှုတ်ခမ်းများသည် ပီတိ အဟုန်ကြောင့် ပြုံးရောင်သန်း နေ၏ . . . သို့သော် သူ၏ မျက်ဝန်းမှာတော့ မျက်ရည်စများပြည့်လျှံကာ  ပါးပြင်ပေါ်သို့ မျက်ရည် စက်လေးများ စီးကျနေ၏။  သူ၏ လက်ထဲမှာတော့  ဆေးကဒ်လေး တစ်ကဒ်အား ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် ထားလေ တော့သည်။  
 
                                                        စန်းယုပိုင် (ဟင်္သာတ)