Wednesday, November 14, 2012

လူငယ်များနှင့်အဆုံးတိုင်အောင် တည်ကြည်ခြင်း

    ယနေ့ခေတ် လူငယ်တိုင်း လိုလို တိုးတက် ချင်ကြပါတယ်။ ကောင်းသော တိုးတက်မှု မှန်ကန်သော လမ်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ လူနေမှု အကျင့်စရိုက်တွေ ကိုလည်း ကောင်းတာကို လက်ခံပြီး  မကောင်းတာကို ပယ်သင့်ပါတယ်။ ကောင်းတဲ့အမြင်ထားပြီး အလုပ် ကြိုးစားရင်လည်း  ကောင်းတာပဲဖြစ်မှာပါ။  ဆုမဲကြီးကြီး လိုချင်ရင် အမြင်ကြီးကြီး ပဲထားသင့် ပါတယ်။ လောကကြီး အတွက် ဘုရားသခင်က ဆုတွေ အမြဲပေးနေပါတယ်။ လက်ခံယူတတ်တဲ့ သူအပေါ် မှာပဲ မူတည်နေပါတယ်။

   ကောင်းသော အတွေး၊ တွေးခြင်းဟာ လည်း ကောင်းတာဖြစ်ဖို့ လက်ခံတတ်ခြင်းပါ။ ကျွန်မကတော့ ကိုယ်ဖြစ်ချင်တာကို စာအုပ် တစ်အုပ်ထဲမှာ နေ့စဉ်ချ ရေးပြီး  အင်အားယူ ပါတယ်။  ကိုယ့်ရဲ့ ရည်ရွယ်ချက် ကို ရေးတာဟာ စိတ်အင်အား သာမက တိုးတက်မှု နဲ့ အောင်မြင်မှုကိုပါ ရရှိစေပါတယ်။ မပျင်းပဲ ဇွဲနဲ့ လည်း ကြိုးစားဖို့ လိုပါတယ်။ ကျွန်မလည်း ဒီလိုနဲ့နေ့စဉ်ကျမ်း စာဖတ်၊ စိတ်ပုတီးစိပ်ပြီး  ဘုရားရှင်မှလွဲ၍ ငါ့ဘ၀မှာ ကယ်မည့် သူမရှိဟု မှတ်ယူပြီး ကြိုးစားခဲ့ပါတယ်။ ဒီနေ့ အချိန်တိုအတွင်းမှာ ကျွန်မရဲ့ ရည်မှန်းချက်တချို့ အဆင်ပြေလာတဲ့အခါ “မင်းကို ဘယ်သူထောက်ပံ့ ပေးနေလဲ”လို့ မေးခွန်းမေးသူများ ပေါ်ပေါက်လာခဲ့ပါ တယ်။ ဒါပေမယ့် ကျွန်မ ရဲရဲဝံ့ဝံ့ပြန်ဖြေ ခဲ့ပါတယ်။ ထောက်ပံ့ပေးတဲ့သူ ရှိပါတယ်။ အဲ့ဒါဟာ “ဘုရားသခင်”ပါ လို့ပြန်ဖြေနိုင်ခဲ့ပါတယ်။

    ယခုခေတ်ကာလမှာ မိန်းကလေးအတော်များများဟာ ငွေနောက်လိုက်၊  အလှအပနောက်လိုက် ပြီး ငွေအဿပြာ ပံ့ပိုးသူများနဲ့ ပျော်တတ်တဲ့ခေတ်ကာလမှာ  ကျွန်မလိုတွေးပြီး  သူများ မိုးခါးရည်သောက် တိုင်း  ကိုယ်လိုက်မသောက်ဘဲ ကိုယ့်ရဲ့ခွန်အားနဲ့ ဘုရားရှင်ကို ယုံကြည်ပြီး အသက်ရှင်ဖို့  အားပေး တိုက်တွန်းချင်ပါတယ်။  မိန်းကလေးတွေဟာ ဆင်းရဲတဲ့ ဒဏ်ကိုမခံ နိုင်သလို၊ ယောက်ျားလေးတွေ ဟာလည်း  ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြပါဘူး။ အဲ့ဒါတွေရဲ့ကြား အနေအထားလို ဘုရားသခင်ကို အားကိုးတယ်ဆိုရင် ဘုရားသခင်က ညှိနှိုင်းပေးပါတယ်။ ဘုရားသခင်အတွက် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အားလုံးစုံကို တတ်နိုင်ပြီး၊ ကျွန်မတို့ မမြင်နိုင်တဲ့ အရာတွေကို ဖန်ဆင်းပေးနေလို့ပါ။
 
 သည်းခံစိတ် ရှည်ခြင်းနဲ့  အချိန်အတိုင်းအတာ တစ်ခုကို စောင့်နေခြင်းသည်လည်း ရရှိလာ မည့် ကောင်းချီးများကို ပံ့ပိုး ပေးခြင်းဖြစ်ပါတယ်။ ဘုရားသခင်ဟာ အဆုံးတိုင် အောင် တည်ကြည်ခြင်းရှိရင် ကယ်တင်ခြင်းပေးမယ် လို့ ကျမ်းစာထဲမှာ အတိအလင်းရေးထားပါတယ်။ ဒါ ကြောင့် ခက်ခဲမှုများမြောင်လှ တဲ့ လောကကြီးမှာ ဘုရားသခင်ကို အဆုံးတိုင်အောင် တည်ကြည်ခြင်းဖြင့်မြင့်မြတ်တဲ့ ဘ၀များကို  လူငယ်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းရင်း . . . .

                မေတ္တာများစွာဖြင့်
                လင်ဒါထွန်းလွင်