Sunday, October 21, 2012

မြင့်မြတ်သောရေတွင်းရဲ့ဒဏ္ဍာရီ

    သူတော်စင် ၀င်နီဖရက် (Blessed S.Winfred)ဆိုတဲ့ ကလေးမလေးဟာ ငယ်စဉ် က လေးဘ၀ အချိန်ကတည်းက သူမရဲ့ အပျိုစင်ဘ၀ကို တသက်တာအတွက် ဘုရားသခင်ထံ ဆပ်ကပ်ခဲ့ပါတယ်။

    တစ်နေ့မှာ ဘုရင့်ရဲ့သား ခရာဒိုးကပ်(စ်) (Cradocus)ရဲ့ ရင်ထဲကို ၀ိညာဉ်ရေး ရန်သူနတ်ဆိုး ရောက်လာပြီး ၀င်နီဖရက်ကို မသန့်ရှင်းသော ချစ်ခြင်းဖြင့် အခွင့်အခါ ထူးတဲ့  တစ်ရက်သော တနင်္ဂနွေနေ့မှာ သူမဆီကို အလည်အပတ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမ မိဘတွေက သူမထက်စောပြီး ဘုရားကျောင်းကို သွားနှင့်ကြပြီ။ ခရာဒိုးကပ်(စ်)ဟာ သူမ ဘုရားကိုပေးထား တဲ့ကတိကို ဖောက်ကျော်မယ်ဆိုပြီး သွေးဆောင်ဖို့ လာခဲ့ပါတယ်။

    သူမဟာ ခရာဒိုးကပ်(စ်)ရောက်လာတဲ့ အချိန်မှာ သူမတစ်ယောက်တည်းပဲ ရှိနေတာမို့ ဘယ်လိုမှ မတတ်သာတာနဲ့  ဘုရင့်သားကိုဖျော်ဖြေဖို့ အ၀တ်အစားကို သင့်လျော်အောင်ပြုပြင် အုံးမယ်ဆိုပြီး ဥပါယ်တံမျဉ်နဲ့ စီစဉ်နေချိန်မှာ ၀င်နီဖရက်ဟာ လျှို့ဝှက် တံခါးကနေ ဘုရားကျောင်းဆီကို ခိုလှုံဖို့ ထွက်ပြေး သွားခဲ့ပါတယ်။ ဘုရင့်ရဲ့သားဟာ  သူမ ကြန့်ကြာနေတာကို စိတ်မရှည်တဲ့အတွက် သူမအခန်းကို ၀င်ရှာတော့ သူမ လွတ်မြောက်သွားပြီကို သိလိုက်ရတယ်။ သူမတောင်ပေါ် ကနေ ပြေးဆင်းနေတာ ကိုတွေ့လိုက်ရတဲ့ ဘုရင့်သားတော်ဟာ အမျက် ဒေါသ အလွန်ထွက်ပြီး မြင်းနဲ့ ဒုန်းစိုင်းကာ သူမနောက်ကို အမှီလိုက်ပြီး ဦးခေါင်းကို ဓါးနဲ့ တစ်ချက်တည်း ခုတ်လိုက် ပါတော့တယ်။ ခေါင်းနဲ့ ကိုယ်တခြားစီဖြစ်သွားပြီး ၀င်နီဖရက်ခေါင်းဟာ တောင်အောက်က ဘုရားဝတ်ပြုနေတဲ့ ဘုရားကျောင်းထဲ ရောက်သွားပါတော့တယ်။

    ဘုန်းကြီးနဲ့ ဘုရားဝတ်ပြုနေတဲ့သူတွေက သွေးထွက် သံယိုမှုကို အံ့သြပြီး ကြည့်နေတဲ့ အချိန်မှာ ဦး ခေါင်းကျတဲ့နေရာကနေ ကြည်လင်အေးမြတဲ့ရေတွေ တသွင်သွင်ပေါ်ထွက်လာတာတွေ့ရပါတယ်။

    အရင်တုန်းက အဲ့ဒီနေရာမှာ ရေရှားပါးတဲ့အတွက် ခြောက်သွေ့တဲ့တောင်ကြား (DryValley)လို့ အမည်တွင်ခဲ့တဲ့ အရပ်ဖြစ်ခဲ့ပါတယ်။

              မယဉ်ကျေးတဲ့ အပြုအမူတွေနဲ့ ခရာဒိုးကပ်စ်ကို ၀မ်းနည်းနေတဲ့ မိဘနှစ်ပါးက ကြည့်နေတဲ့ အချိန်မှာ ၀တ်ပြု ဆုတောင်းနေတဲ့ လူအုပ်ကြီးက လူသတ်သမားကို ကောင်းကင်ဘုံက လက်စားချေဖို့ ဆိုပြီး ကျယ် လောင်တဲ့ အသံတွေနဲ့ အော်နေကြတယ်။ ဒီအချိန်မှာ ခရာဒိုးကပ်စ်ဟာ သွေးစွန်းနေတဲ့ ဓါးကသွေးတွေကို စက်ဆုပ် ရွံရှာဖွယ်ကောင်းစွာ မြက်တွေပေါ်ကို သတ်ချလိုက်တယ်။ သူတော်စင် ဘုန်းတော်ကြီး အက်(စ်) ဘန်းနို (BlessedS.Benno)ဟာ  မစ္ဆား ဆက်ကပ်နေ တဲ့အချိန်မှာဖြစ်တဲ့အတွက် ဘုရားစင်ကနေ ထွက်ခွာပြီး သူတော်စင်မလေးရဲ့ ဦးခေါင်းကို တုန်ရီနေတဲ့လက်နဲ့ သယ်လာပြီးတောင်ပေါ် ခရာဒိုးကပ်စ်ရှိတဲ့ဆီကို သယ်သွား ပါ တော့တယ်။

    ဘုန်းကြီးက ခရာဒိုးကပ်(စ်)ကို “မြင့်မြတ်တဲ့ မျိုးရိုးရှိပြီး အင်မတန် ယုတ်မာတဲ့သူ၊ အပျိုစင်ကိုရက် စက်စွာ သတ်တဲ့သူ၊ ဒီအဖြစ်ဆိုးကြီးကို နောင်တမရ တဲ့သူ”လို့ ပြစ်တင်ဝေဖန်ပြီး ပြောလိုက်ပါတယ်။ ဆက်ပြီးတော့လည်း ဒါဟာကောင်းကင်ဘုံက အဖခမည်း တော်ဘုရားက လူများအတွက် ပုံသက်သေပေး လိုက်တာ ... သူသည်လည်း ကျေနပ်နေလိမ့်မယ်လို့ ထပ် ပြောပြ လိုက်ပါသေးတယ်။

    ခရာဒိုးကပ်(စ်)ဟာ အပျိုစင်ကိုသတ်ခြင်း၊ သန့်ရှင်းသော အိမ်တော်ကို သွေးနဲ့ဖြန်းခြင်းအတွက် သူရပ်နေတဲ့နေရာကနေပြီး  မြေကြီးက ပွင့်လာကာ သူ့ခန္ဓာကိုယ်က ချက်ခြင်း မသေပဲ မြေကြီးထဲကို တဖြည်း ဖြည်းဝင် သွားပါတော့တယ်။

    မိဘနှစ်ပါးနဲ့ လူအများကလည်း ၀မ်းနည်း ပူ ဆွေးကြတဲ့ အချိန်မှာ ဘုန်းတော်ကြီး အက်စ်ဘန်းနို (S.Benno)က လာဇရုကို အသက်ပြန်ရှင်အောင် လုပ်သကဲ့သို့၊ ကမ္ဘာမြေပေါ်မှာလည်း ၀င်နီဖရက်ကို တစ်ကြိမ် သက်သေပြပေးပါလို့ တိုင်တည်ပြီး ဦးခေါင်းနဲ့ခန္ဓာ ကိုယ်ကိုပြန်ထိထားပြီး မိမိ၏ ၀တ်ရုံနဲ့အုပ်ကာ အဘ ဘုရားသခင်ကို ဆုတောင်းလိုက်ပါတယ်။

    ဆက်လက်ပြီး မစ္ဆားကို  စိတ်ပါလက်ပါနဲ့ ဟော ကြားပြီးတဲ့ အခါမှာ ဘုရားရှိခိုးနေတဲ့ ပရိသတ်ရှေ့မှာ ဒီ အပျိုစင်မလေးဟာ အိပ်ရာက ထလာတဲ့အတိုင်း သူ့ ကိုယ်မှာရှိတဲ့ ဖုန်တွေကိုခါပြီး ထလာပါတော့တယ်။ မိဘနှစ်ပါးနဲ့ ပရိသတ်တွေကလည်း သူမ လည်ပင်းနဲ့ ဂုတ်ကိုကြည့်လိုက်တဲ့အခါ အပ်ချည်ကြိုးမျှင် လောက် ရှိတဲ့ အဖြူရောင်လိုင်း ကလေးပဲ တွေ့ရတော့တယ်။ ၀င်နီဖရက်ဟာ နောင်ကျန်ခဲ့တဲ့ အချိန်တွေမှာ မိမိဘ၀ကို အခြားသူတော်စင်များနဲ့ အတူ ဘုရားအတွက် အ ချိန်တွေကို ကုန်ဆုံးရင်း၊ ထူးခြားတဲ့တန်ခိုး လက္ခဏာ တွေနဲ့ ဘုရားရဲ့ ကြည့်ရှုခြင်းကို ခံခဲ့ရပါတယ်။

    ရေတွင်းနား ကကျောက်တုံးတွေဟာလည်း အံ့သြဖွယ်ရာနီတဲ့ကျောက်တုံးတွေဖြစ်သွား ခဲ့ပါတယ်။  သွေးစွန်းခဲ့တဲ့ပေါင်းမြက်တွေဟာလည်း မွှေးရနံ့တွေရှိတဲ့ပေါင်းမြက် အဖြစ်ပြောင်းလဲသွားပြီး ကမ္ဘာကုန်သရွေ့ ထူးဆန်းစွာ ရှိနေပါတော့မယ်။
          
June Rose
Golden Legends for Christian Youth မှဘာသာပြန်ပါသည်။