Sunday, September 23, 2012

စာအုပ်စာပေ ဖတ်ရာ ၀ယ်

    ငယ်ငယ်ကတည်းက စာအုပ်စာပေ ကောင်းများနှင့် အကျွမ်းတ၀င် ရှိခဲ့ကြတဲ့ လူများကို ကံကောင်းတယ်လို့ ခေါ်ရမယ်။ ဘာကြောင့်လဲဆိုတော့ စာအုပ် ကောင်း ဖတ်ခြင်း၊ စာပေဗဟု သုတရှာဖွေခြင်း ဟူသမျှ တို့ဟာ၊ လူ့ရဲ့ စိတ်ကို ပုံသွင်းပြုပြင်ပေးနိုင်ပြီး စိတ်နှလုံးကိုလည်း ရွှင်လန်းစေနိုင်တယ်။ လေးနက်တဲ့ စာကြီး၊ ပေကြီးများ ဖတ်ခြင်းကို လေးလံလှတဲ့ တာဝန်ကြီး တစ်ရပ်လို့ မမြင်ဘဲ၊ အပန်းဖြေတဲ့ သဘောယူဆပြီး ကိုင်တွယ်လိုက်ရင် ပေါ့ပါး လာကာ၊ စိတ်ဝင်စား လာတာကို တွေ နိုင်ကြမယ်။ စာဖတ်ခြင်းဟာ လူကို တည်ဆောက်ပေးတယ်။ စဉ်းစားဆင်ခြင် ခြင်းဟာ လူကို အဆင်သင့်ဖြစ်စေတယ်။ ဖတ်ရှုဆင်ခြင်ပြီးတဲ့ အရာကို ဆွေးနွေးနှီးနှောခြင်းဟာ လူကို ပို ပြီး မြောက်စေနိုင်ပါတယ်။

    မကောင်းတဲ့ စာအုပ်များ ဖတ်ရှု့ပြီး မ ကောင်းတဲ့ ဆင်ခြင် ယူဆချက်များကြောင့် ကမ္ဘာမှာ မကောင်းတဲ့ ကြံစည် လုပ်ဆောင်မှုများဖြစ်ပေါ် လာတယ်ဆိုတာကို၊ နာဇီ ဂျာမနီရဲ့ ဟစ်တလာ နှင့် ကွန်မြူနစ် ရုရှားရဲ့ လီနင်တို့က သက်သေထူ နေသလို ၊ကောင်းတဲ့ ဆင်ခြင် ဖတ်ရှု့မှုဟာကောင်းတဲ့ လုပ်ရပ်များ ကိုဖြစ်ပေါ် စေနိုင်တယ် ဆိုတဲ့ အချက်ကို၊ Jesus ဂိုဏ်းဝင် ပုဂ္ဂိုလ်သူတော်မြတ် Ignatiusက သက် သေပြ နေပါတယ်။

    “ကလောင်သွားသည် သံလျက်သွား ထက် ထက်၏။” ဆိုတဲ့ အချက်အရ စာပေအရေး အသားရဲ့ အစွမ်းဟာ ထက်မြတ် လှပါတယ်။

    ဒါကြောင့် ကျွန်ုပ်တို့ဟာကောင်းရာ မြတ်ရာကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ မ ကောင်းတဲ့ အရေး အသားများ၊ မဟုတ် မမှန်တဲ့ သတင်းများ ကြောင့် ကောင်းတဲ့ ပုဂ္ဂိုလ်များရဲ့  သိက္ခာကျ ဆင်းရသလို၊ အများအကျိုးကို မကြည့် အနည်းစု အကျိုးသာ ကြည့်သူများကြောင့် တိုင်းပြည် တစ်ခုလုံး ပျက်စီး ရတယ်ဆိုတာကို ရာဇ၀င် သမိုင်းများက ဖွင့်ဆို ထားပါတယ်။

    ဘယ် အရေးအသား၊ ဘယ် အပြောအဆိုကို လက်ခံ ယုံကြည်ရမလဲဆိုရင် မှတ်ကျောက် တစ်ခုပဲ ရှိတယ်။ အဲ့ဒီ မှတ်ကျောက်ကတော့ - ၎င်းင်း အပြောအဆို အရေးအသားဟာ လူတစ်ဦး တစ်ယောက် (သို့) လူနည်းစုရဲ့ ကောင်းစား တည်တံ့မှုကိုပဲ အားပေး နေသလား။ သို့တည်းမဟုတ် လူအများစုရဲ့ အကျိုးကို သယ်ပိုးဘို့ ရှေ့ရှု နေသလား ဆိုတာနှင့်ပဲ လက်မခံသင့် ခံသင့်ဆိုတာကို ဆုံးဖြတ် ရပါလိမ့်မယ်။ 

    စာဖတ် ပရိတ်သတ် အ ပေါင်းကောင်း သော စာပေများကိုရွေးချယ် ဖတ်ရှု့နိုင်ကြပြီး စာပေ၏ အကျိုးကို မြည်းစမ်းနိုင်ကြပါစေ ......

        RVA ထုတ်လွှင့်ချက်မှ
   

No comments: