Tuesday, July 3, 2012

ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး

ချစ်သောလူငယ်တို့ ......


““ယနေ့ လူငယ် နောင်ဝယ် လူကြီး”” ဆို တဲ့ဆိုရိုး စကား၊ ““လူငယ်သည် အနာဂတ်၏ ခေါင်းဆောင်”” ဆိုတဲ့ အဆိုအမိန့် ဒါတွေကိုနေ့တဓူဝ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကြား နေ ရစမြဲပါ။ ဒီအဆိုအမိန့် ဆိုရိုး စကားတွေရဲ့ နောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေရှိနေပါတယ်... ဟုတ်ပါတယ်။ ယနေ့ လူငယ်ဟာ နောင်တစ်နေ့မှာ လူကြီးတွေဖြစ်လာကြမှာပါ။ ဒါပေမယ့်... ဘယ်လိုမျိုး လူကြီးတွေဖြစ်လာ မှာလဲ... လူငယ်သည် အနာဂတ်၏ခေါင်း ဆောင်ဆိုတာလဲ မမှားပါဘူး ဒါပေမယ့် ဘယ်လို ခေါင်းဆောင်တွေဖြစ်လာမှာလဲ... ဒါဟာ ကျွန်တော်တို့ တစ်တွေရော ယနေ့လူငယ်ပါဆိုတဲ့ လူငယ်တွေရော... အလေးအနက်ထား စဉ်းစားကြရမဲ့ အကြောင်းအရာ တစ်ခုပါပဲ။

““အပွေးမြင် အပင်သိ””တဲ့... တစ်ခါ တစ်ခါ စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ အဆို အမိန့်တွေဆိုတာ တကယ် တန်ဖိုးရှိလှပါတယ်။ အဓိပ္ပါယ်လည်း ရှိပါတယ်... နောင်တစ်နေ့မှာ လူကြီးတွေဖြစ်ကြမဲ့.. .ခေါင်းဆောင်ကြီးတွေ ဖြစ်ကြမဲ့ လူငယ်တွေဟာ ယနေ့... ဘာလုပ် နေသလဲ။ ယနေ့ လူကြီးတွေ အပေါ်၊ ခေါင်းဆောင်တွေ အပေါ် စိတ်ဝင်စားကြရဲ့လား။ ယနေ့ ကမ္ဘာကြီးရဲ့ ဖြစ်ပျက်မှု အရပ်ရပ်အပေါ် သုံးသပ်ဖူးရဲ့လား.. .လေ့လာဖူးရဲ့လား... လူငယ်အချင်းချင်း ခေါင်းချင်းဆိုင် အမြင်ချင်း ဖလှယ်တဲ့ အလေ့အကျင့်ရှိရဲ့လား... ကိုယ့်မိသားစုရဲ့ လက်ရှိအခြေအနေကို အရှိကို အရှိ အတိုင်းမြင်တတ်ရဲ့လား။ ဒီ ““လား” ပေါင်းများစွာ အပေါ် တစ်ခုချင်း အဖြေပေးနိုင်ရင်... နောင်ဖြစ်လာမဲ့ ယနေ့ လူငယ်များရဲ့ ခေါင်း ဆောင်မှု အရည်အချင်းတွေ မြင်သာလာမှာ အမှန်ပါပဲ။ “အမေကျောင်းမှာ စာအုပ် စာတမ်းကြေးတွေ တောင်းနေတာ သားရှက်လှပြီ”” ““အဖေ သမီးတို့ ကျူရှင်လခက (၃)လ ကြိုပေးရမှာတဲ့””။ ဒီအသံ တွေကို ကျွန်တော်တို့ တစ်တွေ နားယဉ်နေပါပြီ။ မိဘဆိုတာ ၀င်ငွေက ဘယ်လောက်၊ ထွက်ငွေက ဘယ်မျှ တွက်ချက်ပြီး ဒီနှစ်တော့ ၀င်ငွေကနည်းလို့ သားကြီးကျောင်းထွက်၊ သမီးငယ်ဈေး ရောင်းလို့ မပြောရက် ပါဘူး။ အားလုံး ပညာတတ် စေချင်တာပါပဲလေ။ အကြေွး ရှာကျွေးမယ်၊ အတိုးနဲ့ ငွေရှာမယ် ခက်တာက ဒီသား ဒီသမီးတွေပဲ... မိဘက ရှိလို့ပဲဖြစ်ဖြစ်၊ မရှိပဲနဲ့ဖြစ်ဖြစ် ပညာ ပေးတာကို ကြိုးစားဖို့ပဲ... ရည်ရွယ်ချက်ရှိရှိ ပညာကို အစွမ်းကုန်ကြိုးစားဖို့ပဲ... ဒါပေမယ့် အိမ်က ထွက်သွားတာက စာသင်ကျောင်း၊ ရောက်နေတာက တစ်နေရာ... စာသင်ခန်းထဲက စာကို အလွတ်မရ၊ လိုက်ဆိုရမှန်း မသိ... အလွတ်လိုက်ဆိုနိုင်တာက ခေတ်ပေါ် သီချင်းတွေ.. .နေ့စဉ် လုပ်ရမဲ့ အိမ်စာ မမှန် ပေမယ့် ရည်းစားစာရေးတာကတော့ မှန်သလား မမေးနဲ့... စာသော်လည်းကောင်း... ပညာသော်လည်းကောင်း မသိ နားမလည်ရင် မေးရကောင်းမှန်း မသိ၊ မေးရင်ပဲ လူအထင်သေး ခံရနိုးနိုး... သူများအောက်ရောက်သွားသလို လို။ ရည်းစားစာ မရေးတတ်ရင် ရေးတတ်တဲ့ သူ တွေကို ချဉ်းကပ်ရတာ ပျာပျာသလဲ၊ ခယရတာ၊ မုန့်ဝယ်ကျွေးရတာကို ဘာကို ဘာမှ မခံစားရ တာ ...

မိဘရဲ့ဝင်ငွေနဲ့ ဆန်တစ်ပြည်ရဲ့တန်ဖိုး၊ တန်ဖိုးနည်းပေမယ့် သန့်ရှင်းသပ်ရပ်တဲ့ ၀တ်စုံ တစ်စုံထက် တန်ဖိုးမြင့်သစ်လွင် တောက်ပြောင်တဲ့ ၀တ်စုံကို မက်မော အထင်ကြီးမှု၊ ဆင်းရဲသား ဆိုတာကို မသိကျိုးကျွံပြုပြီး ၀င်ငွေရှိ ပုဂ္ဂိုလ်တစ်ချို့ရဲ့ စာရိတ္တကို အားကျနေသယောင်ယောင် မျက်လုံးမျိုးနဲ့ လောကကြီးကို ငေးကြည့်နေတတ်တဲ့ လူငယ်တစ်ဦးဟာ နောင်အနာဂတ်မှာ ဘယ်လိုလူကြီး၊ ဘယ်လိုခေါင်းဆောင် ဖြစ်လာမှာလဲ။

ကမ္ဘာ့ခေါင်းဆောင်တွေ၊ မိမိတိုင်းပြည် ရဲ့ ခေါင်းဆောင်ကြီးတွေကို အသာထားလို့ အိမ်က အဖေကိုတောင် ရှုပ်လိုက်တဲ့ အဖိုးကြီး ဆုံးမ လိုက်တာ နားကို ညည်းနေတာပဲ.. .နေရာတကာ ဆရာလုပ်နေတာ... ငါ့အ၀တ်တွေ အမေလျှော်မှာပေါ့... ဒီတွန့်ကြေနေတဲ့ အ၀တ်အစားနဲ့ ကျွန်တော်က လူကြားထဲ သွားရမှာလား။ ဟင်းကလည်း ညံ့လိုက်တာ... ဆန်ကကြမ်းလို့ မျိုမကျဘူး။

ရေဘေးအန္တရာယ်ကြောင့် ဒုက္ခရောက် နေသူတွေ... မီးဘေး အန္တရာယ်ကြောင့် ဒုက္ခ ရောက်နေတဲ့သူတွေ... တို့နဲ့ ဘာဆိုင်လဲ။ အိမ်မှာတောင် ထမင်းတစ်နပ် အနိုင်နိုင်... ဘယ်သူ့ကိုမှ မျှမပေးနိုင်ဘူး... ကိုယ့်ဒုက္ခ ကိုယ်ခံရမှာပဲ... ငါ့မရှိတော့ ဘယ်သူလာပေးသလဲ... တီဗီကလာတဲ့ ဒုက္ခသည်တွေ... သတင်းစာထဲပါတဲ့ စစ်ဘေး ဒုက္ခသည်တွေ၊ ကလေးငယ်တွေ ကျည်ဆံတွေကြားမှာ ပြေးလွှားနေရတာတွေ... ပညာသင်ဖို့ ဝေးစွ.. .ကျောင်း တောင် ဘယ်ရှာရမလဲ မသိတဲ့ နိုင်ငံတွေ အကြောင်းလာ မပြောနဲ့။ လ္ဘက်ရည်ဆိုင်က သီချင်း လောက် စိတ်မ၀င်စားဘူး။

ဘုရားကျောင်းတက်၊ ဥပုတ်သီလ ဆောက်တည်မယ်ဆိုတဲ့ စကားလုံးတွေကြားရင်... တခြား ကမ္ဘာကလာတဲ့ ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ ပြောတဲ့အတိုင်း မျက်လုံး မျက်ဆံပြူး ဘာကိုမှ နားမလည်သလို... ကိုယ်နဲ့ မဆိုင်သလို... ဘုရားတရားလုပ်တဲ့ ပုဂ္ဂိုလ် တွေကို ချီးကျူးဖို့နေနေသာသာ မေးတောင်ငေါ့ လိုက်သေး။ ပုတီးကို နားမှာကပ်တဲ့ လင်းလက်လက်အရာလေးလောက် တန်ဖိုးမထားတတ်တဲ့ ယောကျာ်းလေးတစ်ယောက်၊ ဘုရားကျောင်း ကန် ဝေယျာဝစ္စ အလုပ်ကို ရှက်သလောက် စူပါ မားကတ်ကြီးတွေကို သွားပြီး ခေတ်ပေါ်အ၀တ် အစားတွေကို မစားရ ၀ခမန်း တရှိုက်မက်မက် ငေးကြည့်ရတာကို အရသာတွေ့တဲ့ မိန်းကလေး တစ်ယောက်၊ လူကြီးသူမဆို ဆုံးမရင် မျက် စောင်းတကဲကဲ ကြည့်ပြီး နှုတ်ခမ်းစူခြေဆောင့် တတ်တဲ့ လူငယ်တွေ အကြောင်းတွေးကြည့်ရင်... ကဲ... သူတို့တစ်တွေ နောင်မှာ ဘယ်လိုမျိုး လူကြီးတွေဖြစ်လာမလဲ။ ဖြေကြည့်မလား.. .ဖြေရဲသလား ...။

ဆရာသမားတစ်ဦးကပြောဖူးတယ်... စစ်သူကြီး တစ်ယောက်ရှိသတဲ့... ဒီစစ် သူကြီးဟာ အမြဲ ဆဲရေးတိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေကိုပြောတာ အကျင့် ပါနေသတဲ့။ ဒါကိုပြုပြင်ဖို့ ပြောတဲ့အခါ သေခါနီး အချိန်ထိ ငါပြုပြင်လို့ ရပါတယ်ဆိုပြီး နေလာလိုက်တာ တစ်နေ့မှာ စီးတော်မြင်းနဲ့ စစ်တိုက်ထွက်ရတယ်။ စီးတော်မြင်းဟာ ကြောက် ကြောက်လန့်လန့်ဖြစ်ပြီး တွေ့ရာမြင်ရာ ဒုန်းစိုင်း သွားတော့ စစ်သူကြီးက အတတ်နိုင်ဆုံး ထိန်း နေရတယ်... ဘယ်လိုမှ ထိန်းမရဖြစ်တဲ့အခါ သူညာဉ်အတိုင်း ဆဲရေး တိုင်းထွာပြီး မြင်းကို ရိုက်တော့တာပဲ။ နောက်ဆုံးမြင်းက ချောက်ထဲ ထိုးဆင်းသွားတဲ့အခါ စစ်သူကြီးရဲ့ နောက်ဆုံး အချိန် ပြောသွားတဲ့ စကားလုံးဟာ ဘယ်လို စကားလုံးဖြစ်မလဲ။ စဉ်းစားကြည့်ရင် သိသာပါတယ် အလေ့အထ အလေ့အကျင့် မရှိတဲ့ စကား လုံး၊ အပြုအမူကို ဘယ်လိုပြောဆို လုပ်နိုင်ပါ့မလဲ ...။

ဒီလိုပါပဲ... ယနေ့ လူငယ်တွေရဲ့ အကျင့်စရိုက် အတွေးခေါ်တွေဟာ နောင်တစ်ချိန် သူတို့ လူကြီးဖြစ်လာတဲ့အခါ အနည်းနဲ့ အများ ရိုက်ခတ်သွားကြမှာပါပဲ။ ဒါကြောင့် နောင်တစ်ချိန် လူကြီး လူကောင်းတွေ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ ယနေ့အချိန်ဟာ အရေးကြီးတယ်ဆိုတာ လူငယ်များကို သိစေ ချင်ပါတယ်။ ယနေ့ အချိန်ကတည်း လူကြီး လူကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ့် လောကကြီးကို အလှဆင်နိုင်မယ့် ပုဂ္ဂိုလ်ကျော်များ ဖြစ်လာနိုင်မယ့် အခြေခံကောင်း အပြုအမူ အတွေးအခေါ် ခံနိုင်ရည်သတ္တိတွေ အခြေချရယူနိုင်စေဖို့ တိုက်တွန်း အကြံပြု လိုက်ရပါတယ်။

စာမူရှင်တစ်ဦး