Wednesday, July 18, 2012

Beliefs Too Dear for Discussion

Beliefs  Too Dear for Discussion
တစ်ချို့ ယုံကြည်ချက်တွေက သိပ်ကို လေးနက်၊ အရေးကြီးတဲ့အတွက် အခြားဘာသာတွေ နဲ့ ဖော်ပြဆွေးနွေးဖို့ ခက်ခဲပါတယ်။

    ဘာသာတစ်ခုမှာ တိတိကျကျ၊ ပြတ် ပြတ်သားသား၊ ပြောင်းလဲပစ်လို့ မရနိုင်တဲ့ သွန်သင်ချက် dogmas တွေရှိတယ်။ ဒီအချက်တွေကို လက်မခံကြတဲ့သူတွေနဲ့ ဆွေးနွေးရတဲ့အခါမှာ အခက်အခဲ၊ အနှောင့်အယှက် အများကြီး ဖြစ်ရတယ်။ အင်မတန်နူးညံ့တဲ့သဘော၊ သတိကြီးစွာထားရမဲ့ သဘောရှိတဲ့ ယုံကြည်ရာ အချက်တွေနဲ့ ပတ်သက်ပြီးဆွေးနွေးကြရာမှာ တမင်တကာ ရည်ရွယ်ပြီး ပြုလုပ်တာ မဟုတ် ပေမဲ့လဲ သူများကို ထိပါးစော်ကားသလိုမျိုး အလွယ်တကူ ဖြစ်သွားစေတတ်တယ်။ အဲ့ဒီလို ဘာသာရဲ့ အရေးကြီးဆုံးသော ယုံကြည်ချက် တွေကို တိုက်ခိုက်ခံရတဲ့အခါ၊ မရိုမသေ မလေးမစားပြုခံရတဲ့ အခါ တင်းမာမှုတွေပိုပြီး ပြင်းထန်လာပါတယ်။

    ဥပမာအားဖြင့် အစ္စလာမ်ဘာသာ အတွက် Qur'anကျမ်းဟာ သန့်ရှင်းတဲ့ ဘုရားရဲ့ ဗျာဒိတ်တော်အဖြစ် အထူးမြတ်နိုးကြပြီး၊ မိုဟာမက်ကို တမန်တော်အဖြစ် ရိုသေမှုပြုကြတယ်။ ကက်သလစ် ခရစ်ယာန်တွေအတွက် ဆိုရင် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားအကြောင်း၊ ဘုရားရဲ့ လူ့အဖြစ်ယူခြင်း၊ ကိုယ်တော်မြတ် စက္ကရမင်းတူး၊ အပျိုကညာစင် မာရီးယားဟာ ဘုရားရဲ့ မယ်တော်ဖြစ်ကြောင်းစတဲိ့dogmas သွန်သင်ချက်တွေရှိတယ်။ ဘာသာတစ်ခုအတွက် သိပ်ကို အရေးကြီးတဲ့ ယုံကြည်ရာအချက်တွေနဲ့ ပတ်သက်ပြီးဆွေးနွေးကြရာမှာ ဒီအချက်တွေကို ကိုယ်က ရိုသေလေးစားခြင်း မရှိဘူးဆိုရင် အဲဒီ ဘာသာကို အကြီးအကျယ်စော်ကားရာရောက်ပါတယ်။ ဒါကြောင့်မို့လဲ ဒီလိုအရေးကြီးတဲ့ ယုံကြည်ရာအချက်တွေကို အယူဝါဒ မတူညီကြ သူတွေနဲ့ တွေ့ဆုံနှီးနှောရာမှာ၊ လွတ်လင့်တကူ ရောင်းနိုင်၊ ၀ယ်နိုင်အောင် ကုန်ပစ္စည်းများကို ခင်းကျင်း ထုတ်ပြထားတဲ့ ပုံစံမျိုးနဲ့ ထုတ်ဖော် ဆွေးနွေးခြင်း မပြုသင့်ဘူးလို့ တစ်ချို့လူတွေက ယူဆကြတယ်။

    အဲဒီတော့ ဒီအခက်အခဲကို ဘယ်လို ဖြေရှင်းကြမလဲ။ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ် အထားဆုံးသော ယုံကြည်ချက်တွေကို ဂရုမစိုက် အလေးမထားဘဲ ပြုမူမယ်ဆိုရင် ဘာသာနှစ်ခုအကြား ဆက်ဆံရေး ပြေပြစ်နိုင်မှာ မဟုတ်ပါဘူး။ သန့်ရှင်းမြင့်မြတ်တဲ့ အရာတွေကို အရိုအသေပြုခြင်း၊ လိုက်နာရမဲ့ အရာတွေကို လိုက်နာခြင်းဆိုတာ ယုံကြည်သူ ပုဂ္ဂိုလ်တစ်ဦး ရှိရမဲ့ စိတ်သဘောထားနဲ့ အပြုအမူတွေ ဖြစ်ပါတယ်။

    တစ်ခြား ဘာသာဝင်တစ်ဦးနဲ့ တွေ့ဆုံပြီဆိုရင်၊ သူပြောပြတာတွေကို ဂရုတစိုက် နား ထောင်ပြီး၊ သူ ဘယ်လိုခံစားသလဲ ဆိုတာကို သတိထားမိဖို့ အရေးကြီးပါတယ်။ သူတို့ ဘာသာအတွက် ဗဟို မဏ္ဍိုင်ကျတဲ့၊ ပိုပြီး အရေးကြီးတဲ့ အချက်တွေကို တန်ဖိုးထားမြတ်နိုးနိုင်အောင်လည်း ကြိုးစားရမယ်။ ဘာသာရဲ့လေးနက်တဲ့ အရေးကြီးတဲ့ ယုံကြည်ရာ အချက်ကြီးတွေကိုဝေဖန် ရှုတ်ချတဲ့သဘော၊ အလေးမထား ဂရုမစိုက်တဲ့ သဘောမျိုးနဲ့ပြုမူမယ် ဆိုရင် ရင်းနှီးမှုဆိုတာလည်း ရမှာမဟုတ်ဘူး။ အကျိုးရှိတဲ့တွေ့ဆုံ နှီးနှောခြင်းကိုလဲ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

    သူများဘာသာ အကြောင်းကို ကောင်း ကောင်း နားမလည်ဘဲနဲ့ အဲဒီဘာသာရဲ့ ယုံကြည်ရာ အချက်တွေကို နှိုက်နှိုက်ချွတ်ချွတ် ဆွေး နွေးခြင်း မပြုလုပ်သင့်ပါဘူး။ နားထောင်ပေး တတ်ခြင်း၊ ဆိတ်ငြိမ်စွာနေခြငှ်းSilence၊ လေးလေးစားစားနဲ့ အာရုံ စူးစိုက်မှု ပြုခြင်း အား ဖြင့်သာလျှင် ရေရှည်မှာ အောင်မြင်တဲ့ အဖြေကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။

Take it or Leave it
လက်ခံချင်ရင်လက်ခံ၊ လက်မခံချင်ရင်နေ

    ယုံကြည် ကိုးကွယ်မှု မတူညီကြတဲ့သူ တွေ တွေ့ဆုံနှီးနှော ဖလှယ်ကြရာမှာ၊ တစ်ချို့ လူ တွေက မိမိတို့ရဲ့ တင်ပြမှုတွေကို တစ်ဖက်ကလူက ပြန်ပြီး မေးခွန်းထုတ်ခွင့်၊ ငြင်းဆိုကန့်ကွက် ခွင့်မပြုပဲနဲ့ ချက်ချင်း လက်ခံစေလိုတဲ့ တစ်ချက် လွှတ်သဘောတွေ ရှိတတ်ကြတယ်။ သူတို့ ဘာသာတရားရဲ့ ယုံကြည်ချက် belief တစ်ခုက ဘုရားကိုယ်တော်တိုင် မိန့်မြွတ်ထားတဲ့ ဗျာဒိတ် တော် Revelation ဖြစ်တယ်၊ ဒါကြောင့် နောက်ဆုံးဖြစ်တယ်၊ ထပ်တိုးလို့ မရဘူး၊ လျော့ပစ်လို့လဲ မရဘူး၊ ပြင်လို့ မရဘူးလို့ အခိုင်အမာ ယုံကြည်ထားကြတယ်။ ဒီအရာတွေနဲ့ ပတ်သက်ပြီး ထပ်ပြီးဆွေးနွေးစရာ အကြောင်း လုံးဝမရှိဘူးလို့ ယူဆကြတယ်။ တစ်ခြား ဘာသာတွေက ဒီအရာ တွေကို လက်ခံရင် လက်ခံ၊ လက်မခံချင်ရင်လဲ နေ ဆိုတဲ့ သဘောမျိုးတွေရှိကြတယ်။ ဘာသာအချင်းချင်း တွေ့ဆုံနှီးနှောခြင်းကို တစ်ခြားဘာသာဝင်တွေက မိမိတို့ ဘာသာတရားရဲ့ ယုံကြည်ချက်တွေကို လက်ခံလာနိုင်စေဖို့ ထုတ်ဖော်ဟော ပြောရမဲ့ အခွင့်အရေးပေးတဲ့ အချိန် အဖြစ် သ ဘောထားကြတယ်။
 
    နှီးနှောဖလှယ်ခြင်းကို ခုတုံးလုပ်ပြီး သာသနာပြန့်ပွားအောင်လုပ်တဲ့ သူဟာ တစ်ကယ်တန်း စစ်မှန်တဲ့ နှီးနှောခြင်းကို ပြုနေတာ မဟုတ်ပါဘူး။ သာသနာပြန့်ပွားအောင် ကြိုးစားတယ်ဆိုတာက သူ့ကဏ္ဍနဲ့ သူဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်အခန်းမှာ ဆွေးနွေးကြရအောင်။ အဲဒီ တော့ သာသနာပြုတယ်ဆိုတာနဲ့ နှီးနှောဖလှယ်တယ် Interreligious dialogue ဆိုတာ လုံးဝ ကိုမတူညီပါဘူး။

    ဒါ့အပြင် အကယ်၍ မိမိဘာသာရဲ့ ယုံကြည်ချက်က အထက်အရပ်ကနေပြီး ဖွင့်လှစ် ဖေါ်ပြတဲ့နောက်ဆုံးသော ဗျာဒိတ်တော်ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်ဆိုရင် တောင်၊ မိမိရဲ့ ဒီယုံကြည်ချက်တွေကို နှီးနှောဖလှယ်မှုပြုခြင်း အားဖြင့် တစ်ခြားသူတွေနဲ့ မျှဝေ ပြောပြဖို့လိုသေးတယ်။ တစ်ခြားသူတွေက သူတို့ ဘာသာရဲ့ ယုံကြည်ချက်တွေကို ရှင်းလင်း တင်ပြတာကို နားထောင်ဖို့လဲ လိုသေးတယ်။ တစ်ဖက်ကနေ တင်ပြလာတဲ့ အကြောင်းအရာ တစ်မျိုး သို့မဟုတ် တစ်မျိုးအပေါ်မှာ ထားရှိတဲ့ မိမိရဲ့မ လျော်ကန်တဲ့ အစွဲတွေ၊ အာဃာတတွေကို ပယ်ဖျက်နိုင်ကြမလား ဆိုတာကိုလဲ ကြည့်ဖို့ လိုသေးတယ်။ နောက်ပြီး၊ မိမိရဲ့ ယုံကြည်ချက်တွေကို တစ်ခြားဘာသာရဲ့ ယုံကြည်ချက်တွေနဲ့ ပေါင်းစပ်လို့ ရနိုင်အောင် ဘယ်အတိုင်းအတာ အထိ ကြိုးစားနေပြီလဲ ဆိုတာကိုတောင် ပြန်ပြီးမေးဖို့လိုတယ်။ ဒါကြောင့် ဘာသာတရားရဲ့ ယုံကြည်မှု အယူဝါဒတွေ ဖလှယ်ကြခြင်း Theological Exchange ပြုလုပ်ရာမှာ ယုံချင်ရင်လဲ ယုံ၊ လက်ခံချင်ရင်လဲ လက်ခံ၊ လက်မခံချင်ရင်လဲေ နဆိုတဲ့ သဘောတရားမျိုး လုံးဝ မဟုတ်ပါဘူး။

    ဘာသာအသီးသီးကနေ မိမိတို့ ဘာသာအကြောင်းကို ကောင်းကောင်းလေ့လာ သင်ယူ ပြင်ဆင်ထားတဲ့သူတွေက မိမိတို့ဘာသာရဲ့ ယုံကြည်ချက်တွေကို ရှင်းလင်း မျှဝေနိုင် ရမဲ့ တာဝန်ရှိတယ်။ တစ်ကယ် အနှစ်သာရတွေနဲ့ အနှစ်မဟုတ်တဲ့ အကာတွေကို ခွဲခြားပြရမယ်၊ ဘယ်အရာတွေတို့ဖြင့် အမှန်တကယ် ယုံကြည်တဲ့အတိုင်း မဟုတ်ပဲ ချဲ့ထွင်ထားတာ တွေဖြစ်တယ်ဆိုတာတွေကို ရှင်းပြကြရမယ်။ ဘာသာမတူသူတွေ စားပွဲမှာတွေ့ဆုံပြီး ဆွေးနွေးကြပြီ ဆိုတဲ့အခါ၊ အခုနကလိုမျိုး ပြုလုပ်နိုင်ကြမယ် ဆိုရင်၊ အစတုန်းက တစ်ဦးကို တစ်ဦး ရိုသေ လေးစားကြတာထက် ပိုမိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးကို ရလာနိုင်မှာ ဖြစ်ပါတယ်။

         ဘုန်းတော်ကြီး ရစ်ချက်လှမင်းဦး