Sunday, July 22, 2012

တော်ဝင်ပန်းမြတ်



ပွင့်သောပန်းများ ရှိသော်ငြားလည်း
အချို့ပန်းကား လှရုံသက်သက်
ခူးသူမရှိ ငြိုးနွမ်းသွား၏။

အချို့ပန်းကား ဆူးများလွန်း၍
မခူးဝံ့ကြ အပင်တွင်သာ
ပန်း၏အလှ ကုန်ဆုံးသွား၏။

အချို့ပန်းမူ ဘုရားမြတ်တွက်
ပူဇော်ခံကာ သပ္ပယ်လွန်း၏။
ဤလောကဘုံ ပန်းများပမာ
အချို့သောသူ လောကီဥစ္စာ
ရှေ့ရှုကာပင် ၀ိညာဉ်ဆုံး၏
အချို့မှာမူ ပညာထက်မြက်
မိမိအကျိုး ဦးထိပ်ပန်ကာ
လူ့ဘောင်အကျိုး မစွမ်းဆောင်နိုင်
စင်စစ်မှာမူ ပညာရှိမည်
ဖယောင်းကဲ့သို့ အများအတွက်
အမှောင်ဖြိုခွင်း အလင်းကိုဆောင်
ဘုရားမြတ်ဖို့ လှူဒါန်းထားသော
ပန်းကဲ့သို့ပင် ဘ၀အလှ
အကျိုးရှိမှာ အမှန်ပေတည်း။
  
W-San (လုမ်းဘန်)

Read More...

Wednesday, July 18, 2012

Beliefs Too Dear for Discussion

Beliefs  Too Dear for Discussion
တစ်ချို့ ယုံကြည်ချက်တွေက သိပ်ကို လေးနက်၊ အရေးကြီးတဲ့အတွက် အခြားဘာသာတွေ နဲ့ ဖော်ပြဆွေးနွေးဖို့ ခက်ခဲပါတယ်။

    ဘာသာတစ်ခုမှာ တိတိကျကျ၊ ပြတ် ပြတ်သားသား၊ ပြောင်းလဲပစ်လို့ မရနိုင်တဲ့ သွန်သင်ချက် dogmas တွေရှိတယ်။ ဒီအချက်တွေကို လက်မခံကြတဲ့သူတွေနဲ့ ဆွေးနွေးရတဲ့အခါမှာ အခက်အခဲ၊ အနှောင့်အယှက် အများကြီး ဖြစ်ရတယ်။ အင်မတန်နူးညံ့တဲ့သဘော၊ သတိကြီးစွာထားရမဲ့ သဘောရှိတဲ့ ယုံကြည်ရာ အချက်တွေနဲ့ ပတ်သက်ပြီးဆွေးနွေးကြရာမှာ တမင်တကာ ရည်ရွယ်ပြီး ပြုလုပ်တာ မဟုတ် ပေမဲ့လဲ သူများကို ထိပါးစော်ကားသလိုမျိုး အလွယ်တကူ ဖြစ်သွားစေတတ်တယ်။ အဲ့ဒီလို ဘာသာရဲ့ အရေးကြီးဆုံးသော ယုံကြည်ချက် တွေကို တိုက်ခိုက်ခံရတဲ့အခါ၊ မရိုမသေ မလေးမစားပြုခံရတဲ့ အခါ တင်းမာမှုတွေပိုပြီး ပြင်းထန်လာပါတယ်။

    ဥပမာအားဖြင့် အစ္စလာမ်ဘာသာ အတွက် Qur'anကျမ်းဟာ သန့်ရှင်းတဲ့ ဘုရားရဲ့ ဗျာဒိတ်တော်အဖြစ် အထူးမြတ်နိုးကြပြီး၊ မိုဟာမက်ကို တမန်တော်အဖြစ် ရိုသေမှုပြုကြတယ်။ ကက်သလစ် ခရစ်ယာန်တွေအတွက် ဆိုရင် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားအကြောင်း၊ ဘုရားရဲ့ လူ့အဖြစ်ယူခြင်း၊ ကိုယ်တော်မြတ် စက္ကရမင်းတူး၊ အပျိုကညာစင် မာရီးယားဟာ ဘုရားရဲ့ မယ်တော်ဖြစ်ကြောင်းစတဲိ့dogmas သွန်သင်ချက်တွေရှိတယ်။ ဘာသာတစ်ခုအတွက် သိပ်ကို အရေးကြီးတဲ့ ယုံကြည်ရာအချက်တွေနဲ့ ပတ်သက်ပြီးဆွေးနွေးကြရာမှာ ဒီအချက်တွေကို ကိုယ်က ရိုသေလေးစားခြင်း မရှိဘူးဆိုရင် အဲဒီ ဘာသာကို အကြီးအကျယ်စော်ကားရာရောက်ပါတယ်။ ဒါကြောင့်မို့လဲ ဒီလိုအရေးကြီးတဲ့ ယုံကြည်ရာအချက်တွေကို အယူဝါဒ မတူညီကြ သူတွေနဲ့ တွေ့ဆုံနှီးနှောရာမှာ၊ လွတ်လင့်တကူ ရောင်းနိုင်၊ ၀ယ်နိုင်အောင် ကုန်ပစ္စည်းများကို ခင်းကျင်း ထုတ်ပြထားတဲ့ ပုံစံမျိုးနဲ့ ထုတ်ဖော် ဆွေးနွေးခြင်း မပြုသင့်ဘူးလို့ တစ်ချို့လူတွေက ယူဆကြတယ်။

    အဲဒီတော့ ဒီအခက်အခဲကို ဘယ်လို ဖြေရှင်းကြမလဲ။ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ် အထားဆုံးသော ယုံကြည်ချက်တွေကို ဂရုမစိုက် အလေးမထားဘဲ ပြုမူမယ်ဆိုရင် ဘာသာနှစ်ခုအကြား ဆက်ဆံရေး ပြေပြစ်နိုင်မှာ မဟုတ်ပါဘူး။ သန့်ရှင်းမြင့်မြတ်တဲ့ အရာတွေကို အရိုအသေပြုခြင်း၊ လိုက်နာရမဲ့ အရာတွေကို လိုက်နာခြင်းဆိုတာ ယုံကြည်သူ ပုဂ္ဂိုလ်တစ်ဦး ရှိရမဲ့ စိတ်သဘောထားနဲ့ အပြုအမူတွေ ဖြစ်ပါတယ်။

    တစ်ခြား ဘာသာဝင်တစ်ဦးနဲ့ တွေ့ဆုံပြီဆိုရင်၊ သူပြောပြတာတွေကို ဂရုတစိုက် နား ထောင်ပြီး၊ သူ ဘယ်လိုခံစားသလဲ ဆိုတာကို သတိထားမိဖို့ အရေးကြီးပါတယ်။ သူတို့ ဘာသာအတွက် ဗဟို မဏ္ဍိုင်ကျတဲ့၊ ပိုပြီး အရေးကြီးတဲ့ အချက်တွေကို တန်ဖိုးထားမြတ်နိုးနိုင်အောင်လည်း ကြိုးစားရမယ်။ ဘာသာရဲ့လေးနက်တဲ့ အရေးကြီးတဲ့ ယုံကြည်ရာ အချက်ကြီးတွေကိုဝေဖန် ရှုတ်ချတဲ့သဘော၊ အလေးမထား ဂရုမစိုက်တဲ့ သဘောမျိုးနဲ့ပြုမူမယ် ဆိုရင် ရင်းနှီးမှုဆိုတာလည်း ရမှာမဟုတ်ဘူး။ အကျိုးရှိတဲ့တွေ့ဆုံ နှီးနှောခြင်းကိုလဲ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

    သူများဘာသာ အကြောင်းကို ကောင်း ကောင်း နားမလည်ဘဲနဲ့ အဲဒီဘာသာရဲ့ ယုံကြည်ရာ အချက်တွေကို နှိုက်နှိုက်ချွတ်ချွတ် ဆွေး နွေးခြင်း မပြုလုပ်သင့်ပါဘူး။ နားထောင်ပေး တတ်ခြင်း၊ ဆိတ်ငြိမ်စွာနေခြငှ်းSilence၊ လေးလေးစားစားနဲ့ အာရုံ စူးစိုက်မှု ပြုခြင်း အား ဖြင့်သာလျှင် ရေရှည်မှာ အောင်မြင်တဲ့ အဖြေကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။

Take it or Leave it
လက်ခံချင်ရင်လက်ခံ၊ လက်မခံချင်ရင်နေ

    ယုံကြည် ကိုးကွယ်မှု မတူညီကြတဲ့သူ တွေ တွေ့ဆုံနှီးနှော ဖလှယ်ကြရာမှာ၊ တစ်ချို့ လူ တွေက မိမိတို့ရဲ့ တင်ပြမှုတွေကို တစ်ဖက်ကလူက ပြန်ပြီး မေးခွန်းထုတ်ခွင့်၊ ငြင်းဆိုကန့်ကွက် ခွင့်မပြုပဲနဲ့ ချက်ချင်း လက်ခံစေလိုတဲ့ တစ်ချက် လွှတ်သဘောတွေ ရှိတတ်ကြတယ်။ သူတို့ ဘာသာတရားရဲ့ ယုံကြည်ချက် belief တစ်ခုက ဘုရားကိုယ်တော်တိုင် မိန့်မြွတ်ထားတဲ့ ဗျာဒိတ် တော် Revelation ဖြစ်တယ်၊ ဒါကြောင့် နောက်ဆုံးဖြစ်တယ်၊ ထပ်တိုးလို့ မရဘူး၊ လျော့ပစ်လို့လဲ မရဘူး၊ ပြင်လို့ မရဘူးလို့ အခိုင်အမာ ယုံကြည်ထားကြတယ်။ ဒီအရာတွေနဲ့ ပတ်သက်ပြီး ထပ်ပြီးဆွေးနွေးစရာ အကြောင်း လုံးဝမရှိဘူးလို့ ယူဆကြတယ်။ တစ်ခြား ဘာသာတွေက ဒီအရာ တွေကို လက်ခံရင် လက်ခံ၊ လက်မခံချင်ရင်လဲ နေ ဆိုတဲ့ သဘောမျိုးတွေရှိကြတယ်။ ဘာသာအချင်းချင်း တွေ့ဆုံနှီးနှောခြင်းကို တစ်ခြားဘာသာဝင်တွေက မိမိတို့ ဘာသာတရားရဲ့ ယုံကြည်ချက်တွေကို လက်ခံလာနိုင်စေဖို့ ထုတ်ဖော်ဟော ပြောရမဲ့ အခွင့်အရေးပေးတဲ့ အချိန် အဖြစ် သ ဘောထားကြတယ်။
 
    နှီးနှောဖလှယ်ခြင်းကို ခုတုံးလုပ်ပြီး သာသနာပြန့်ပွားအောင်လုပ်တဲ့ သူဟာ တစ်ကယ်တန်း စစ်မှန်တဲ့ နှီးနှောခြင်းကို ပြုနေတာ မဟုတ်ပါဘူး။ သာသနာပြန့်ပွားအောင် ကြိုးစားတယ်ဆိုတာက သူ့ကဏ္ဍနဲ့ သူဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်အခန်းမှာ ဆွေးနွေးကြရအောင်။ အဲဒီ တော့ သာသနာပြုတယ်ဆိုတာနဲ့ နှီးနှောဖလှယ်တယ် Interreligious dialogue ဆိုတာ လုံးဝ ကိုမတူညီပါဘူး။

    ဒါ့အပြင် အကယ်၍ မိမိဘာသာရဲ့ ယုံကြည်ချက်က အထက်အရပ်ကနေပြီး ဖွင့်လှစ် ဖေါ်ပြတဲ့နောက်ဆုံးသော ဗျာဒိတ်တော်ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်ဆိုရင် တောင်၊ မိမိရဲ့ ဒီယုံကြည်ချက်တွေကို နှီးနှောဖလှယ်မှုပြုခြင်း အားဖြင့် တစ်ခြားသူတွေနဲ့ မျှဝေ ပြောပြဖို့လိုသေးတယ်။ တစ်ခြားသူတွေက သူတို့ ဘာသာရဲ့ ယုံကြည်ချက်တွေကို ရှင်းလင်း တင်ပြတာကို နားထောင်ဖို့လဲ လိုသေးတယ်။ တစ်ဖက်ကနေ တင်ပြလာတဲ့ အကြောင်းအရာ တစ်မျိုး သို့မဟုတ် တစ်မျိုးအပေါ်မှာ ထားရှိတဲ့ မိမိရဲ့မ လျော်ကန်တဲ့ အစွဲတွေ၊ အာဃာတတွေကို ပယ်ဖျက်နိုင်ကြမလား ဆိုတာကိုလဲ ကြည့်ဖို့ လိုသေးတယ်။ နောက်ပြီး၊ မိမိရဲ့ ယုံကြည်ချက်တွေကို တစ်ခြားဘာသာရဲ့ ယုံကြည်ချက်တွေနဲ့ ပေါင်းစပ်လို့ ရနိုင်အောင် ဘယ်အတိုင်းအတာ အထိ ကြိုးစားနေပြီလဲ ဆိုတာကိုတောင် ပြန်ပြီးမေးဖို့လိုတယ်။ ဒါကြောင့် ဘာသာတရားရဲ့ ယုံကြည်မှု အယူဝါဒတွေ ဖလှယ်ကြခြင်း Theological Exchange ပြုလုပ်ရာမှာ ယုံချင်ရင်လဲ ယုံ၊ လက်ခံချင်ရင်လဲ လက်ခံ၊ လက်မခံချင်ရင်လဲေ နဆိုတဲ့ သဘောတရားမျိုး လုံးဝ မဟုတ်ပါဘူး။

    ဘာသာအသီးသီးကနေ မိမိတို့ ဘာသာအကြောင်းကို ကောင်းကောင်းလေ့လာ သင်ယူ ပြင်ဆင်ထားတဲ့သူတွေက မိမိတို့ဘာသာရဲ့ ယုံကြည်ချက်တွေကို ရှင်းလင်း မျှဝေနိုင် ရမဲ့ တာဝန်ရှိတယ်။ တစ်ကယ် အနှစ်သာရတွေနဲ့ အနှစ်မဟုတ်တဲ့ အကာတွေကို ခွဲခြားပြရမယ်၊ ဘယ်အရာတွေတို့ဖြင့် အမှန်တကယ် ယုံကြည်တဲ့အတိုင်း မဟုတ်ပဲ ချဲ့ထွင်ထားတာ တွေဖြစ်တယ်ဆိုတာတွေကို ရှင်းပြကြရမယ်။ ဘာသာမတူသူတွေ စားပွဲမှာတွေ့ဆုံပြီး ဆွေးနွေးကြပြီ ဆိုတဲ့အခါ၊ အခုနကလိုမျိုး ပြုလုပ်နိုင်ကြမယ် ဆိုရင်၊ အစတုန်းက တစ်ဦးကို တစ်ဦး ရိုသေ လေးစားကြတာထက် ပိုမိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးကို ရလာနိုင်မှာ ဖြစ်ပါတယ်။

         ဘုန်းတော်ကြီး ရစ်ချက်လှမင်းဦး

Read More...

Friday, July 13, 2012

ကယ်တင်ခြင်းအတွက်သတင်းစကား

ဘာကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်ဖို့ ဆန္ဒရှိတာလဲ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ကျွန်ုပ်တို့ကို အကြွင်းမဲ့ ချစ်တော်မူလို့ဖြစ်ပါတယ်။ ကောင်းသော ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းပြီး ကမ္ဘာမြေပေါ်သို့ ပို့ဆောင်ခြင်းက ကျွန်ုပ်တို့ကို ချစ်လို့ပါပဲ။ ဘုရားသခင်ရဲ့ ဆန္ဒက ကျွန်ုပ်တို့ကို ကယ်တင်ဖို့ အတွက်ပဲဖြစ်ပါတယ်။ ကယ်တင်ခြင်း ရဖို့အတွက် ကျွန်ုပ်တို့သိရမှာက ဘုရားကို ချစ်ရမယ်၊ အစေခံရမယ်။ မိမိနှင့် နီးစပ်သောသူများကိုလည်း ကိုယ်နှင့်အမျှ ချစ်ရမယ်၊ အစေခံရမယ်။ ဒါဆိုရင် ကျွန်ုပ်တို့ဘ၀က ဘယ်လောက်တောင် လှပသွားနိုင်သလဲ၊ ဘယ်လောက်ကြီးမြတ်တဲ့ ဘ၀ဆိုတာကို သိသင့်ပါတယ်။ ကျွန်ုပ်တို့က ဘုရားသခင်ကို ချစ်ဖို့၊ အစေခံဖို့ဖြစ်တယ်။ ဒီလို ဘုရားကိုချစ်ဖို့၊ အစေခံဖို့၊ မိမိနှင့် နီးစပ်သောသူများကိုလည်း ကိုယ်နှင့်အမျှ ချစ်ရမယ်၊ အစေခံရမယ်ဆိုတဲ့ မေတ္တာတရား မပါရင် ဒီကမ္ဘာမြေပေါ်မှာ ကျွန်ုပ်တို့ လုပ်နေတဲ့ အရာတိုင်းက အချိန်ကို အလဟသဖြုန်းခြင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တကယ်ပြုမူရမှာက ဘုရားအတွက်ဖြစ်ရမည်။ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတိုင်းကို ဘုရားသခင်ရဲ့ လက်ထဲကို ထည့်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ် အိပ်ယာနိုးနိုးချင်းပြောရမှာက ““တပည့်တော် ဒီနေ့ လုပ်ဆောင်မည့် အရာတိုင်းကို ကိုယ်တော်ရှင်ထံ အပ်နှံပါသည်။ ကိုယ်တော်တပည့်တော်ထံပေးတဲ့ အရာ၊ ကိုယ် တော်ထံမှာ ရရှိသော အရာအားလုံးကို တပည့် တော် ကိုယ်တော်ထံ ပူဇော်အပ်နှံပါသည်။ မိမိ ကိုယ်ကို မိမိပေးဆပ်ခြင်းအားဖြင့် ကိုယ်တော်ထံ ဆပ်ကပ်ပါသည်။ ဒါပေမဲ့ ကျွန်ုပ်၏ဘုရား၊ ကိုယ်တော်၏ အကူအညီ မပါရင် မည်သည့် အရာမှ တပည့်တော် မတတ်နိုင်ပါ။ ””

ကျွန်ုပ်တို့ ပျော်ရွှင်ခြင်း၌ မွှေ့လျော်ပြီး နောက် ကျွန်ုပ်တို့ရဲ့ နောက်ဆုံး အချိန်နာရီ ရောက်မှပဲ ခါးသီးစွာနောင်တယူခြင်း ၀မ်းနည်း သောစကားပြောဆိုခြင်း၊ အိပ်စက်နားနေခြင်း၊ ရှုတ်ချခြင်း၊ အရှက်တကွဲဖြစ်ခြင်း၊ အပြစ်များကို ၀မ်းနည်း ငိုကျွေးခြင်း စတာတွေဖြစ်တတ်ကြတယ်။ ဒီအရာတွေဟာ ကျွန်ုပ်တို့ ကောင်းကင် နိုင်ငံအတွက် ဘာမှ မပြင်ဆင်၊ မပြုလုပ်ရသေး ဘူးဆိုတာကို ပြသနေခြင်းဖြစ်ပါတယ်။ ဘယ် လောက်တောင် ၀မ်းနည်းဖို့ကောင်းလဲ၊ ကျွန်ုပ်တို့ ကမ္ဘာမြေမှာရှိတဲ့ ခရစ်ယာန် သုံးပုံတစ်ပုံက လောကုတ္တရာအတွက် ရည်ရွယ်ပြီး ဘာအလုပ်မှ မလုပ်ဘူး၊ ဒါပေမဲ့ ခန္ဓာကိုယ်ကိုနှစ်သိမ့်ကျေနပ်ဖို့ အတွက်ပဲ လုပ်ဆောင်နေကြပါတယ်။ အဲဒီ အရာတွေက မကြာခင်မြှုပ်နှံခံရပြီး ပျောက်ကွယ်သွားလိမ့်မည်။ ကျွန်ုပ်တို့ရဲ့ သနားဖို့ ကောင်းတဲ့ ၀ိညာဉ်အတွက် မစဉ်းစားဘူး ဆိုရင်၊ နောင်ဘ၀မှာ ထာဝရ ဒုက္ခဝေဒနာတွေနဲ့ ပြည့် နှက်လိမ့်မည်။
ဥပမာ လူတစ်ယောက်က အမြဲတမ်း တက်တက်ကြွကွ၊ မနားမနေ လုပ်နေသည့်သူက ကမ္ဘာမြေကြီးကို ဆူညံအောင် လုပ်ချင်တယ်၊ သူက လူတိုင်းအပေါ် လွှမ်းမိုး၊ စိုးမိုးချင်တယ်။ လောကီဥစ္စာတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိဖို့ပဲ သူ့ကိုယ်သူ ထင်မြင်၊ယူဆတယ်။ ဘယ် လောက်တောင်လဲ ဆိုတော့ ““ထွက်သွားပါနေမင်းကြီးရယ်၊ နေမင်းကြီးရဲ့နေရာမှာ ကမ္ဘာမြေကြီးကို အလင်းပေးမျှဝေဖို့ ကျွန်တော့်ကို ခွင့်ပြုပါလို့”” တောင်းဆိုနေတယ်။ ဒီလိုကြာွးဝါ၊ မာန ထောင်လွှားသူက အဆုံးစွန်သော တစ်နေ့ကျရင် သဲမှုံတွေကဲ့သို့ သေးငယ်သော အရာပမာ လျော့ချခြင်း ခံရမယ်၊ အဲဒီ သဲတွေလို ရှင်းထုတ်ခြင်း ခံရပြီး မြစ်ကနေမြစ်ဆီသို့၊ ပင်လယ်ကနေ ပင်လယ်ဆီသို့ နောက်ဆုံး ပျောက်ကွယ် သွားလိမ့်မည်။

ဒါကို ကြည့်ခြင်းအားဖြင့်၊ ကျွန်တော် မကြာခဏ စဉ်းစားလေ့ရှိတဲ့ အရာက ကျွန်ုပ်တို့လည်းသေးငယ်တဲ့ သဲမှုံတွေလိုပဲ လေတိုက်တဲ့ အခါမှာ လမ်းပေါ်မှာ လွှင့်စင်သွားတယ်။ အဲဒီ အရာတွေက တစ်ခဏအတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေ ပြောလေ့ပြောထ ရှိတာက လူတစ် ယောက်ရဲ့ ၀ိညာဉ်ကို ကယ်တင်ဖို့အတွက် အင်မတန်မှ ခက်ခဲတယ်။ ဒီလောကမှာ ဘယ်အရာကမှ လွယ်ကူတာ မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ပညတ် တွေကို သိရှိဖို့နှင့် အသင်းတော်ရဲ့ သွန်သင်ချက်ကို သိရှိပြီး ကောင်းတာကိုလုပ်၊ မကောင်းတာကိုရှောင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ၀ိညာဉ် ကယ်တင်ခြင်း ခံရမယ်။

ကောင်းမှုတွေ လုပ်တဲ့သူတွေက မိမိတို့ရဲ့ ဘ၀ ကယ်တင်ခြင်းရဖို့ အတွက်နဲ့ သူတစ်ပါးရဲ့ ၀ိညာဉ် ကယ်တင်ခြင်းရဖို့အတွက် ကြိုးစားသလို၊ အမြဲတမ်း မိမိဘ၀ကို ပျော်ရွှင်ပြီး ကျေနပ်ရောင့်ရဲသော သူများဖြစ်ကြပါတယ်။ ဒါမျိုး လူက ကောင်းကင်နိုင်ငံရဲ့ ပျော်ရွှင်ခြင်းကို သာမက ထာဝရအသက်ကိုလည်း ကြိုတင် ခံစားရလိမ့်မည်။

နောင်တမရတဲ့ သူတို့တွေက ဒုက္ခဆင်းရဲ၌ ထာဝရ ခံစားရပြီး သူတို့တွေရဲ့ ၀ိညာဉ်ကလည်း ထာဝရ ဆုံးရှုံး ရလိမ့်မည်။

ကျွန်ုပ်တို့ ဘုရားသခင်ကို ဘာပေးဆပ်နိုင်သလဲ၊ ကျွန်ုပ်တို့ လုပ်ဆောင်တဲ့အရာ အားလုံးဟာ ဘုရားသခင်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မည်ဆိုပါက အသေးငယ်ဆုံးသော လုပ်ဆောင်ချက်သည်ပင် ဘုရားသခင်ရှေ့တော်၌ ကြီးမြတ်သောအရာဖြစ်ပါလိမ့်မည်။ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာ ထိခိုက် စေသည့် စကားပြောဆိုခြင်း၊ မဟုတ်မမှန် စကား ပြောဆိုခြင်း၊ တရားမျှတမှု မရှိခြင်း၊ အမျက် ဒေါသထွက်ခြင်း၊ ဘုရားသခင်နှင့်မြင့်မြတ်သည့် အရာများကို စော်ကားပုတ်ခတ် ပြောဆို ခြင်းစတဲ့ အရာများဟာ မစင်ကြယ်မှုတွေဖြစ်ပြီး ဘုရားသခင်ကို ထိခိုက်တဲ့အရာများဖြစ်ပါတယ်။ မကောင်းမှု၌သာ ကျင်လည်နေသော သူတွေက အဆုံးစွန်သောနေ့၌ မိမိရဲ့ အကျင့်ပုံစံအတိုင်း တရားစီရင်ခြင်း ခံရလိမ့်မည်။

ဒါကြောင့် ကျွန်ုပ်တို့တွေ ၀ိညာဉ်တွေကို ကယ်တင်ခြင်းရဖို့အတွက် ထာဝရဘုရားသခင်က ကျွန်ုပ်တို့ကို စောင့်မျှော်နေတယ် ဆိုတာကို စဉ်းစား သုံးသပ်ရမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ချမ်းသာမှုတွေ၊ ၀မ်းမြောက်မှုတွေ၊ ကျေနပ်မှု တွေနှင့် လေးစားမှုတွေက ပျောက်ကွယ် သွားလိမ့်မည်။ ရဟန္တာတွေကို ကြည့်မယ်ဆိုရင် တစ်ချို့ဟာ အစကောင်းခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဆုံးသတ် ကောင်းခဲ့ကြတယ်။ ဒီလိုဘဲ ကျွန်ုပ်တို့ အစမှာ ဘယ်လိုပဲဖြစ်ဖြစ် (ဘ၀နေ၀င်ချိန်နေ့၌) အ ကောင်းဆုံး အဆုံးသတ်ဖို့ လိုတယ်။ ဒါမှသာ ကျွန်ုပ်တို့ကောင်းကင်ဘုံမှာ ရဟန္တာတွေလို ထာဝရ သုခ ချမ်းသာကို ခံစားရရှိလိမ့်မယ်။

နောက်ဆုံး အနေနဲ့ ငါးတစ်ကောင်ကို ဖမ်းပြီး ကုန်းပေါ်မှာ တင်ထားမယ်ဆိုရင် ဘယ်လိုမှ အသက်ရှင်မှာ မဟုတ်ဘူး၊ ဒီလိုပဲ ကျွန်ုပ်တို့လည်း ဘုရားသခင်နဲ့ ပေါင်းစပ်မှု မရှိဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ ၀ိညာဉ် ဘယ်လိုမှ အသက်ရှင်ခွင့်ရမှာ မဟုတ်ဘူး။ ကယ်တင်ခြင်းလည်း ရမှာ မဟုတ်ဘူး။

ရိုးရိုးလေး(သန်လျင်)
The Cure of Ars စာအုပ်မှ ဆီလျော် သလိုဘာသာ ပြန်ဆိုထားပါသည်။

Read More...

Monday, July 9, 2012

““ဗုဒ္ဓဘာသာဝင်များရဲ့ အမျိုးသမီး တွေအပေါ်ထားရှိတဲ့ သဘောထား””

ကျမတို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံတစ်ခု အဖြစ် အာရှမှာကျော်ကြားတဲ့ နိုင်ငံ တစ်နိုင်ငံလည်းဖြစ် ပါတယ်။ Golden Land လို့ နိုင်ငံခြားသားတွေ ခေါ်ဆိုရလောက်အောင် စေတီ ပုထိုးတွေမှာ ရွှေ ရောင်တ၀င်းဝင်းနဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်လည်း ဂုဏ်ယူနေတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံတွေက တော့အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ တိဗက်၊ မြန်မာ နဲ့လာအိုနိုင်ငံတွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အယူကတော့ အမျိုးသားများဟာ အမျိုးသမီးတွေထက် စိတ်ဓါတ်ရေးရာမှာ ပိုပြီး အားသန်မှု ရှိတယ်လို့ လက် ခံ ယူဆထားကြပါတယ်။
ဗုဒ္ဓက အမျိုးသမီးတွေကို ရသေ့ရဟန်း ပြုဘို့ ခွင့်မပေးခဲ့ပါဘူး... သူရဲ့အဆိုကတော့ အမျိုးသမီးများဟာ လောကီရေးရာ စွန့်လွှတ်မှု တွေအတွက် အားနည်းတတ်ကြပြီး သူတို့ကို တရားပေါက်အောင် ပြုလုပ်ဘို့ ခက်ခဲတယ်လို့ ဆိုထားပါတယ်.. .နောက်ပြီး အမျိုးသမီးတွေ ဟာ အပြောင်းအလွဲမြန်တယ်.... တသမတ်တည်းမရှိဘူး ခံစားချက်ပိုင်းမှာ ပိုပြီး အားများတယ်... စိတ်ကူးယဉ်တဲ့အတိုင်း လုပ်ကိုင်တတ်တယ်.. .ပြဿနာတွေနဲ့ မကောင်းမှုတွေရဲ့ အရင်းအမြစ်ဖြစ်တယ်လို့လည်း ဖွင့်ဆိုထား ကြောင်းသိရှိရပါတယ်။

သမီး မိန်းကလေးမွေးဖွားရတဲ့ အ ကြောင်းရင်းက အရင်ဘ၀ကပြုလုပ်ခဲ့တဲ့ မ ကောင်းမှုကြောင့်ဖြစ်တယ် ... ဒီလို မကောင်းမှုပြုလုပ်တဲ့သူတွေ အတွက် ဘ၀တိုင်း သံသရာ လည်နေပေမယ့် အမျိုးသမီးအဖြစ်နဲ့ပဲ ဘ၀တိုင်းကို ကျင်လည်ရမှာဖြစ်လို့လည်း ယူဆ ကြောင်း သိရှိရပါတယ်။ အမျိုးသားတွေကိုတော့ စိတ်ဓါတ်ရေး ရာအားသန်တဲ့အတွက် ရသေ့၊ ရဟန်းပြုဘို့ အခွင့်ရှိပြီး မိသားစုရဲ့ ဂုဏ်ကိုလည်းမြှင်တင်ပေးတာနဲ့ တူတယ်လို့ လက်ခံ ယူဆကြ ကြောင်းသိရှိရပါတယ်။

ဗုဒ္ဓဘာသာဝင်တွေကတော့ အမျိုးသမီးတွေကို အမျိုးသားတွေရဲ့ လက်အောက်ခံ၊ အနှိမ်ခံအဖြစ် ဟိန္ဒူဘာသာဝင်နဲ့ မူဆလင်ဘာသာဝင်တွေ လက်ခံသလိုတော့ လက်ခံခြင်း မရှိကြပါဘူး ... ဗုဒ္ဓဘာသာဝင် အမျိုးသမီးအနေ နဲ့ သီလရှင်ဖြစ်လိုတယ်ဆိုရင် လွတ်လပ်စွာရွေး ချယ်ခွင့်ရှိပြီး လွတ်လပ်စွာ သီလရှင် ဖြစ်ခွင့် ရှိကြပါတယ်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများဟာ ဘာသာရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်ရှိပေမယ့် ထုံးတမ်း အစဉ်လာအရ သေးငယ်တဲ့ ဝေယျာဝစ္စတွေကိုသာ လုပ်ကိုင်ခွင့်ရှိကြပါတယ်။ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်လို့ လွတ်လပ်စွာရွေးချယ်ခွင့် ရှိသလို နှစ်ဖက်        သဘောတူစေ့စပ်ပြီး လက်ထပ်ပေးလို့လည်း ရပါတယ်။ အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ဦး အတွက် နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်လို့ ဇနီးသည်က ကွာရှင်းချင်ရင် ကွာရှင်းပေးလို့ ရပါတယ်။

အမျိုးသားတွေအနေနဲ့ အိမ်ထောင်ပြုရာမှာ အမျိုးသမီးတစ်ယောက်ထက် ပိုပြီး လက် ထပ်နိုင်ပေမယ့် လူမှုရေး စည်းကမ်းဥပဒေနဲ့ မိမိရဲ့သိက္ခာကို ထိန်းခြင်းအားဖြင့် တစ်လင် တစ်မယားစနစ်ပဲ ကျင့်သုံးကြတာ များပါတယ်။

ယောကျာ်း၊ မိန်းမ၊ ကလေးတွေဟာ တန်းတူဆက်ဆံခွင့်ရှိပါတယ်။ လူစုလူဝေးနဲ့ ရှိရတဲ့အခါ လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမ လွတ်လပ်စွာ ရောနှောဆက်ဆံကြပေမယ့် အခြားအချိန်မှာတော့ မိမိတို့ရဲ့ ကာအိနြေ္ဒကို စောင့်ထိန်းဘို့ စည်းကမ်းချက်တွေ ရှိကြပါတယ်... အမျိုးသမီးများ အနေနဲ့ သက်တူရွယ်တူနဲ့ အသက်ကြီးသူတွေကို လေးလေးစားစား ဆက်ဆံရမယ့် ထုံးစံရှိပါတယ်...  အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေ ကတော့ ဗုဒ္ဓဘာသာဝင်များရဲ့ အမျိုးသမီးတွေ အပေါ်မှာ ထားရှိတဲ့ သဘောထားများ ဖြစ်ပါတယ်။ အခြားတင်းကြပ်တဲ့ ဘာသာ၂ခုဖြစ်တဲ့ ဟိန္ဒူနဲ့ မွတ်ဆလင်ဘာသာဝင် အမျိုးသမီးတွေ နဲ့နှိုင်းယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများဟာ လွတ်လပ်ခွင့်တွေ အတော်များများ ရရှိ ထားသူတွေဖြစ်ကြပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အနေနဲ့လည်း နိုင်ငံအကျိုးပြုလုပ်ငန်းတွေ၊ သာသနာ့ အကျိုးပြုလုပ်ငန်းတွေကို နည်းအမျိုးမျိုးနဲ့ လုပ်ကိုင်ခဲ့ကြတာ သမိုင်းမှတ်တမ်းမှာ တွေ့ရပါတယ်... ဆက်လက်ပြီး ခုလိုတိုးတက်တဲ့ခေတ်ကြီးမှာ အမျိုးသမီးများအနေနဲ့ ပိုပြီး တက်ကြတဲ့ အကျိုးပြုလုပ်ငန်းတွေကို ၀ိုင်းဝန်း လုပ်ကိုင်ကြမယ်ဆိုရင် မြန်မာ အမျိုးသမီးများ ခေတ်ဆိုတဲ့ ခေတ်တစ်ခေတ် အသွင်နဲ့ ရပ်တည် နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်ဆိုတာ တင်ပြ လိုက်ပါတယ်။

R.V.A ထုတ်လွှင့်မှုမှ

Read More...

Thursday, July 5, 2012

အရက်ကြောင့် ဘ၀ပျက်

    မူးရစ်စေတတ်သော အရက်ကို တစ်ချို့ လူတွေ အလွန်အကျွံ ကြိုက်ကြ၊ သောက်ကြပါတယ်။ အရက်သောက်ပြီး အရက်ကနေ မူးရစ်ဆိုတဲ့ ခံစားရတဲ့ စည်းစိမ်ကို ခံချင်တာလား။ အရက်ကို ၀ိုင်းဖွဲ့ပြီး အလာပ သလပ စကားပြော ရတာကို နှစ်သက်တာလားတော့မသိ။ ဒီခေတ် ကြီးထဲမှာ ဆယ်ကျော်သက် လူငယ်လေးများဟာလည်း အရက်ကိုသောက်တတ်နေကြပါပြီ။ ဒီအရွယ်လေးတွေ ဘာကြောင့် အရက်သောက်တတ် ကြတာလဲလို့ သုံးသပ်လိုက်ရင် အတုမြင်လို့ အတတ်သင် ကြတာပဲဖြစ်ပါတယ်။ 
 
အရက်ကို ဆယ် ကျော်သက်အရွယ်ယောကျာ်းလေးတွေတင် သောက်ကြတာ မဟုတ်ပါဘူး။ ဆယ်ကျော်သက် အမျိုးသမီးလေး တစ်ချို့လည်း သောက်နေကြပါပြီ။ အရက်သောက်တာက အပြစ်တော့ မဟုတ်ပါဘူး။ အရက်သောက်ပြီး မလုပ်သင့်တာလုပ် မိသွားကြရင်တော့ အမှားဖြစ်ပြီပေါ့။ မိတ်ဆွေ အချင်းချင်း တစ်ဦးနှင့် တစ်ဦးတွေ့ဆုံကြတဲ့ အခါ အရက်နဲ့ ဧည့်ခံကြတာများ ကြပါတယ်။ ဒါမှလည်း ဧည့်ဝတ်ကျေတယ်လို့ ဆိုတာကို ပြောသံ ကြားဖူးပါတယ်။ အရက်သောက်ပြီးရင် မလုပ်သင့်တာလည်း လုပ်ကြတယ်၊ မလုပ်ရဲတဲ့ အရာလည်းလုပ်ရဲ လာကြတယ်။ အရက်သောက်ပြီးမူး လာပြီဆိုရင် မိန်းမပွေ ချင်ကြတယ်။ အဲ့ဒီလို ဆက်ဖြစ်လာပြီ ဆိုရင် နောက်ဆက်တွဲပြဿနာ တွေက တစ်သီတစ်သန်းကြီး ပါလာတော့ တာပါပဲ။ အရက်သောက်ပြီး မူးလာပြီဆိုရင် အချို့က “မ”အာရုံဝင်လာသူလည်း ရှိကြပါတယ်။ အပြင်း အထန်ကြီးကို ၀င်လာ ပါတော့တယ်။ အဲ့ဒီလိုဖြစ် ခြင်းဟာ နေ့စဉ်သောက်နေသော အရက်သမား များထက် တစ်ခါတစ်ရံမှသောက်တဲ့ အရက်သမားများက အဲ့သည်လို ပိုဖြစ်တတ်တာကိုတွေ့ ရှိပါတယ်။ 
 
ဒီလို အဖြစ်အပျက်ကို သွေးကြွတယ်လို့ ခေါ်မလား။ အပျော်နောက်တစ်မျိုး ဆက်ချင်တယ်ခေါ်မလား။ အရက်သောက်ပြီးရင်တော့ နောက်ဆက်တွဲ မကောင်းမှုတွေကတော့ တန်းစီပြီး ပါလာတော့တာပါပဲ။ ဒါတွေက ဘာလဲဆို တော့ဖဲ၊ လောင်းကစား၊ မကောင်းတဲ့ မိန်းမဆိုတာမျိုးတွေက ပါ ဆက်နွယ်နေတော့ တာပါပဲ။ အရက်တစ်မျိုးနဲ့ပဲ ငွေကုန်၊ ရောဂါရရုံတင် မကဘဲ၊ မိန်းမကိစ္စနဲ့ ပါ ငွေကုန်၊ ရောဂါရရင် လူ့ခန္ဓာ ကိုယ်ရော၊ ဘ၀ပါပျက်ဖို့ နီးလာပြီး အရက် ကြောင့် ကျန်းမာရေး ပျက်သလို၊ “မ”ကိစ္စကြောင့် လည်း ရောဂါတွေ ရနိုင်ပါတယ်။ မူးမူးနဲ့ “မ”ကိစ္စအတွက် “မ”လိုက်ရှာရင်း ရောက်ချင်ရာရောက်၊ ကုန်ချင်ရာကုန်ဆိုတဲ့ လူငယ်တစ်ချို့ ရှိကြပါတယ်။ ဘေးအန္တရာယ်တွေ့ သွားကြတဲ့ လူငယ် တွေလည်း ရှိကြပါတယ်။ အရက်မူးပြီး အဲ့ဒီလို တွေလျှောက်လုပ်တဲ့ အတွက်ကြောင့် ညသန်း ခေါင်ယံအချိန်မှာ အဖမ်းခံ၊ အဆွဲခံရတဲ့ လူငယ် တွေလည်း ရှိကြပါတယ်။
 
    အကျင့်သီလ၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ သူတွေတောင် အရက်နဲ့တွေ့လိုက်ရင် အမှား တွေ လုပ်မိကြပါတယ်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သာဓက အနည်းငယ်မျှနှင့် တင်ပြ ချင်ပါတယ်။ မြန်မာရာဇ၀င်မှာ ထင်ရှားကျော် ကြားလှတဲ့ တပင်ရွှေထီးနှင့် မင်းရဲကျော်စွာတို့ဟာ ဘုန်းတန်ခိုး၊ လက်ရုံးရည်ကော၊ နှလုံးရည် ပါရှိပါလျှက်နှင့် အရက်ကြောင့် မှားယွင်းပျက် ဆီးကြပါတယ်။ အရက်သောက်ထားတဲ့ စစ်သူကြီးတစ်ဦးကို ဘာမဟုတ်တဲ့ သူခိုးတစ်ဦးကနေ လက်ပြန်ကြိုးတုပ်ပြီး ညအခါ မြို့အပြင်ဘက်သို့ ထုတ်သွားတာ ရာဇ၀င်မှာ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီ စစ်သူကြီးဟာ ကူဗလိုင်ခန်တို့နှင့် တိုက်ခိုက်စဉ်က အလွန် လက်စွမ်းပြခဲ့ပါတယ်။ အရက်နဲ့လည်း တွေ့ရော ဘာမဟုတ်တဲ့ သူခိုးကိုတောင် မနိုင် တော့ပါဘူး။ အရက်နဲ့ ဘ၀ပျက်သူတွေ ဒုနဲ့ဒေး ပါပဲ။ အရက်ကြောင့် ပျက်တာတွေ ပြောရရင် တော့ စိတ်ပျက်၊ ရုပ်ပျက်၊ မိတ်ဆွေပျက်၊ အိမ် ထောင်ပျက်၊ ဘ၀ပျက်။ ဒါကြောင့်ဆိုရိုးစကား တစ်ခုတောင် ရှိပါတယ် မဟုတ်ပါလား။ ““ဓါးကို ဖျက်တာ ၀ါးမျက်၊ လူကို ဖျက်တာ အရက်”” ဆိုတဲ့ စကားဟာ သိပ်ကို မှန်လှပါတယ်။ အရက်သမား တစ်ချို့ဟာ မိမိရဲ့လုပ်ငန်းကိုတောင် ကောင်း ကောင်း မလုပ်ချင်ကြတော့ပါဘူး။ အချိန်ပြည့် အရက်ကိုပဲ သောက်နေချင်တော့တာပါပဲ။ အ ချိန်တိုင်းမှာ အရက်ရဲ့ကျေးကျွန်သာ ဖြစ်လာခဲ့ပြီပေါ့။ ထိုသူဟာ စီးပွားရေးလည်း စိတ်မ၀င်စားတော့ စီးပွားရေး အဆင်မပြေ ပိုဖြစ်လာပြီး လူမှုဆက်ဆံရေးဘက်မှာလည်း အဆင်မပြေဖြစ် လာပြီး အိမ်ထောင်ရေးလည်း မသာယာတော့ပါဘူး။ အရက်ဟာ အတော်ကြီးကို ကြောက်စရာ ကောင်းလှပါတယ်။ 
 
အရက်သောက်ထား သူဟာ အရက်ရဲ့ ခိုင်းစေမှုနောက်ကို လိုက်ပြီပေါ့။ အ ရက်မူးလာပြီး ရန်ဖြစ်တာ၊ လင်မယားကွဲတာ ပိုင်နက် ကျူးလွန်မှုဖြစ်တာ၊ အုပ်စုလိုက် ရန်ဖြစ်တာမျိုးတွေ အထိ ဖြစ်လာပါတော့တယ်။ အရက် သောက်လိုက်သောအခါ အရက်ရဲ့ အာနိသင်ဟာ ခန္ဓာကိုယ်ထဲက သွေးနဲ့ ရောပြီး နေရာအနှံကို ပို့ဆောင် ပါတော့တယ်။ ဦးနှောက်ထဲသို့ သွေးရည် ပမာဏများစွာ ပို့လွှတ်ခံလိုက်ရတဲ့ အတွက် ကိုယ်ခန္ဓာ အစိတ်အပိုင်းများစွာကို အရက်ဟာ ပိုမို လျှင်မြန်စွာရောက်ရှိသွားပါတော့တယ်။ ထိုသို့ ရောက်ရှိသွားတာနဲ့ လူတစ်ကိုယ်လုံး အနက် ဦးနှောက်မှာ ပြလာတော့ တာပါပဲ။ ဦးနှောက် အ ပေါ်လွှာကို လာထိပါတော့တယ်။ မျက်စိကိုလည်း လာထိပါတယ်။ မျက်လုံးလည်းကြောင်တယ်။ ဒါကြောင့် အရက်သမားရဲ့ မျက်လုံးထဲမှာ အရက်မူးလာတဲ့ အတွက် မြင်သမျှအရာ တွေဟာ မူမှန် မဟုတ်တော့တာကို မြင်နေပါ တော့တယ်။ လူရဲ့ ဦးနှောက်မှာ ကလာပ်စည်း လေးတွေ သန်းပေါင်းများစွာရှိပါတယ်။ အရက်တစ်ခါသောက်လိုက်ပြီ ဆိုရင် ဦးနှောက်ထဲမှာ ရှိတဲ့ ကလာပ်စည်းတွေ အနည်းငယ် ပျက်ဆီးသွား ပါတယ်။ အရက်ကို ထိုသို့ သောက်ပါများလာ တော့ ကလာပ်စည်းတွေ အကုန် ပျက်သွား တော့တာပါပဲ။ ထိုသို့ ဖြစ်လာတဲ့အခါ အရက် သောက်သူဟာ အရက်ကြောင်ကြောင်သွားပြီ ပေါ့။ အဲ့ဒီလိုဖြစ်တဲ့ အဆင့်ဟာ အရက်က လူကို ပြန်သောက်တဲ့ အဆင့်ရောက် သွားတော့တာပါပဲ။ လူတစ်ယောက်ဟာ အရက်ကို နည်းနည်းပဲ သောက်တယ် ထားပါဦး၊ သောက်ပြီးတာနဲ့ သူ့ရဲ့ အပြုအမူတွေဟာ လုံးဝ မူမမှန်တော့ပါဘူး။ ဦး နှောက်ကလည်း ထိန်းချုပ်မှု အာရုံနည်းလာပြီး စကားပြောဆိုပုံ အမူအရာ စိတ်တည်ငြိမ်မှု၊ စိတ်ပိုင်းဖြတ်မှု၊ အယူအဆတွေဟာ ထိန်းချုပ်နိုင် ခြင်း မရှိတော့ပါဘူး။ အိနြေ္ဒ ဆည်နိုင်ခြင်းမရှိပဲ ဖြစ်နေပါတော့တယ်။ ဒီအချက်တွေဟာ အရက်ကို အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပါပဲ။ အရက် သောက်သူတိုင်းဟာ ဘာကြောင့် အရက်စတင် သောက်ပြီး အရက်သမားဘ၀ကိုရောက်လာရ တာလဲဆိုတော့ အဖြစ်အပျက် မျိုးစုံ လှပါတယ်။ တစ်ချို့က စိတ်ညစ်လို့ အရက်သောက်ကြတယ်၊ စီးပွားရေး အဆင်မပြေလို့ အရက်သောက်ကြ တယ်၊ လုပ်ငန်း မအောင်မြင်လို့ အရက်သောက် ကြတယ်၊ တစ်ချို့လူတွေကတော့ အတော်ကြီးကို ထူးဆန်းတယ်လို့ ဆိုရမလား ပျော်လို့အရက် သောက်တာတွေလည်း ရှိကြပါတယ်။ များ သောအားဖြင့် လူငယ်တွေ ဘာကြောင့် အရက် သောက်ကြတာလဲလို့ သုံးသပ်ကြည့်ရင် မိမိရဲ့ အပေါင်းအသင်းတွေက ဆွယ်တရားဟောလို့ အရက် စတင်သောက်တတ် သွားကြတော့ တာပါပဲ။ ယခု တင်ပြသွားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အရက်သမား ဘ၀ရောက်သွား တာလားဆိုတော့လည်း မဟုတ်သေးပါဘူး။ နောက်ထပ် အကြောင်းအရာတွေလည်း ရှိပါ သေးတယ်။ တစ်ချို့ လူငယ်လေးများဟာ ချစ်သူ မိန်းမကလေးနဲ့ အဆင်မပြေလို့ အရက် သောက်တဲ့လူတွေလည်း ရှိပါသေးတယ်။ ရုပ်ရှင် ကားတွေမှာ မြင်တာတွေကို အတုယူပြီး အရက် သောက်တာတွေလည်း ရှိကြပါတယ်။ အထူး သဖြင့် ကိုးရီးယား ရုပ်ရှင်ကားတွေမှာ ဇာတ် ဆောင်မင်းသား တင်မက မင်းသမီးများကပါ အရက်သောက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတွေမှာလည်း အမျိုးသမီး လေးများတစ်ချို့ အရက်သောက်တတ်နေကြပါ ပြီ။ ဒါဟာတော့ အတုမြင်လို့ အတတ်သင်ပြီး အရက်သောက် တတ်သွားခြင်းသာ ဖြစ်ပါတယ်။ ထိုသို့ သောက်တာဟာဖြင့် အပြစ် ဆိုစရာတော့ မဟုတ်လှပါဘူး။ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ အရက် အလွန်အကျွံသောက်ထားသူတွေနဲ့ မည်သူကမှ စကားမပြောချင် ကြတော့ပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုရင်တော့ အရက်သောက်လိုက် တဲ့အခါ စကားတွေ ထပ်တလဲလဲ ပြောနေတာ ကြောင့်ပါ။ စကားတစ်ခွန်းကို ထပ်တလဲလဲ ကြားဖန်များတော့ ငြီးငွေ့လာတဲ့ သဘောပါပဲ။ ပြီးတော့ အရက်မူးပြီး ပြောသော စကားကိုလည်း ဘယ်သူကမှ အလေး မထားချင်ကြတော့ပါဘူး။ လူတစ်ယောက်ဟာ အရက်ကြောင့် မိမိရဲ့လူ့ တန်ဖိုး ကျဆင်းစေပါတယ်။ ဒါကြောင့် လူငယ်များအနေနဲ့ အရက်ကို မသောက်မိစေရန် အ တွက် ဒီဆောင်းပါးလေးနဲ့ အသိပေး တင်ပြလိုက်ပါတယ်။

            ဇော်(ရုံးကုန်း)

Read More...

Tuesday, July 3, 2012

ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး

ချစ်သောလူငယ်တို့ ......


““ယနေ့ လူငယ် နောင်ဝယ် လူကြီး”” ဆို တဲ့ဆိုရိုး စကား၊ ““လူငယ်သည် အနာဂတ်၏ ခေါင်းဆောင်”” ဆိုတဲ့ အဆိုအမိန့် ဒါတွေကိုနေ့တဓူဝ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကြား နေ ရစမြဲပါ။ ဒီအဆိုအမိန့် ဆိုရိုး စကားတွေရဲ့ နောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေရှိနေပါတယ်... ဟုတ်ပါတယ်။ ယနေ့ လူငယ်ဟာ နောင်တစ်နေ့မှာ လူကြီးတွေဖြစ်လာကြမှာပါ။ ဒါပေမယ့်... ဘယ်လိုမျိုး လူကြီးတွေဖြစ်လာ မှာလဲ... လူငယ်သည် အနာဂတ်၏ခေါင်း ဆောင်ဆိုတာလဲ မမှားပါဘူး ဒါပေမယ့် ဘယ်လို ခေါင်းဆောင်တွေဖြစ်လာမှာလဲ... ဒါဟာ ကျွန်တော်တို့ တစ်တွေရော ယနေ့လူငယ်ပါဆိုတဲ့ လူငယ်တွေရော... အလေးအနက်ထား စဉ်းစားကြရမဲ့ အကြောင်းအရာ တစ်ခုပါပဲ။

““အပွေးမြင် အပင်သိ””တဲ့... တစ်ခါ တစ်ခါ စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ အဆို အမိန့်တွေဆိုတာ တကယ် တန်ဖိုးရှိလှပါတယ်။ အဓိပ္ပါယ်လည်း ရှိပါတယ်... နောင်တစ်နေ့မှာ လူကြီးတွေဖြစ်ကြမဲ့.. .ခေါင်းဆောင်ကြီးတွေ ဖြစ်ကြမဲ့ လူငယ်တွေဟာ ယနေ့... ဘာလုပ် နေသလဲ။ ယနေ့ လူကြီးတွေ အပေါ်၊ ခေါင်းဆောင်တွေ အပေါ် စိတ်ဝင်စားကြရဲ့လား။ ယနေ့ ကမ္ဘာကြီးရဲ့ ဖြစ်ပျက်မှု အရပ်ရပ်အပေါ် သုံးသပ်ဖူးရဲ့လား.. .လေ့လာဖူးရဲ့လား... လူငယ်အချင်းချင်း ခေါင်းချင်းဆိုင် အမြင်ချင်း ဖလှယ်တဲ့ အလေ့အကျင့်ရှိရဲ့လား... ကိုယ့်မိသားစုရဲ့ လက်ရှိအခြေအနေကို အရှိကို အရှိ အတိုင်းမြင်တတ်ရဲ့လား။ ဒီ ““လား” ပေါင်းများစွာ အပေါ် တစ်ခုချင်း အဖြေပေးနိုင်ရင်... နောင်ဖြစ်လာမဲ့ ယနေ့ လူငယ်များရဲ့ ခေါင်း ဆောင်မှု အရည်အချင်းတွေ မြင်သာလာမှာ အမှန်ပါပဲ။ “အမေကျောင်းမှာ စာအုပ် စာတမ်းကြေးတွေ တောင်းနေတာ သားရှက်လှပြီ”” ““အဖေ သမီးတို့ ကျူရှင်လခက (၃)လ ကြိုပေးရမှာတဲ့””။ ဒီအသံ တွေကို ကျွန်တော်တို့ တစ်တွေ နားယဉ်နေပါပြီ။ မိဘဆိုတာ ၀င်ငွေက ဘယ်လောက်၊ ထွက်ငွေက ဘယ်မျှ တွက်ချက်ပြီး ဒီနှစ်တော့ ၀င်ငွေကနည်းလို့ သားကြီးကျောင်းထွက်၊ သမီးငယ်ဈေး ရောင်းလို့ မပြောရက် ပါဘူး။ အားလုံး ပညာတတ် စေချင်တာပါပဲလေ။ အကြေွး ရှာကျွေးမယ်၊ အတိုးနဲ့ ငွေရှာမယ် ခက်တာက ဒီသား ဒီသမီးတွေပဲ... မိဘက ရှိလို့ပဲဖြစ်ဖြစ်၊ မရှိပဲနဲ့ဖြစ်ဖြစ် ပညာ ပေးတာကို ကြိုးစားဖို့ပဲ... ရည်ရွယ်ချက်ရှိရှိ ပညာကို အစွမ်းကုန်ကြိုးစားဖို့ပဲ... ဒါပေမယ့် အိမ်က ထွက်သွားတာက စာသင်ကျောင်း၊ ရောက်နေတာက တစ်နေရာ... စာသင်ခန်းထဲက စာကို အလွတ်မရ၊ လိုက်ဆိုရမှန်း မသိ... အလွတ်လိုက်ဆိုနိုင်တာက ခေတ်ပေါ် သီချင်းတွေ.. .နေ့စဉ် လုပ်ရမဲ့ အိမ်စာ မမှန် ပေမယ့် ရည်းစားစာရေးတာကတော့ မှန်သလား မမေးနဲ့... စာသော်လည်းကောင်း... ပညာသော်လည်းကောင်း မသိ နားမလည်ရင် မေးရကောင်းမှန်း မသိ၊ မေးရင်ပဲ လူအထင်သေး ခံရနိုးနိုး... သူများအောက်ရောက်သွားသလို လို။ ရည်းစားစာ မရေးတတ်ရင် ရေးတတ်တဲ့ သူ တွေကို ချဉ်းကပ်ရတာ ပျာပျာသလဲ၊ ခယရတာ၊ မုန့်ဝယ်ကျွေးရတာကို ဘာကို ဘာမှ မခံစားရ တာ ...

မိဘရဲ့ဝင်ငွေနဲ့ ဆန်တစ်ပြည်ရဲ့တန်ဖိုး၊ တန်ဖိုးနည်းပေမယ့် သန့်ရှင်းသပ်ရပ်တဲ့ ၀တ်စုံ တစ်စုံထက် တန်ဖိုးမြင့်သစ်လွင် တောက်ပြောင်တဲ့ ၀တ်စုံကို မက်မော အထင်ကြီးမှု၊ ဆင်းရဲသား ဆိုတာကို မသိကျိုးကျွံပြုပြီး ၀င်ငွေရှိ ပုဂ္ဂိုလ်တစ်ချို့ရဲ့ စာရိတ္တကို အားကျနေသယောင်ယောင် မျက်လုံးမျိုးနဲ့ လောကကြီးကို ငေးကြည့်နေတတ်တဲ့ လူငယ်တစ်ဦးဟာ နောင်အနာဂတ်မှာ ဘယ်လိုလူကြီး၊ ဘယ်လိုခေါင်းဆောင် ဖြစ်လာမှာလဲ။

ကမ္ဘာ့ခေါင်းဆောင်တွေ၊ မိမိတိုင်းပြည် ရဲ့ ခေါင်းဆောင်ကြီးတွေကို အသာထားလို့ အိမ်က အဖေကိုတောင် ရှုပ်လိုက်တဲ့ အဖိုးကြီး ဆုံးမ လိုက်တာ နားကို ညည်းနေတာပဲ.. .နေရာတကာ ဆရာလုပ်နေတာ... ငါ့အ၀တ်တွေ အမေလျှော်မှာပေါ့... ဒီတွန့်ကြေနေတဲ့ အ၀တ်အစားနဲ့ ကျွန်တော်က လူကြားထဲ သွားရမှာလား။ ဟင်းကလည်း ညံ့လိုက်တာ... ဆန်ကကြမ်းလို့ မျိုမကျဘူး။

ရေဘေးအန္တရာယ်ကြောင့် ဒုက္ခရောက် နေသူတွေ... မီးဘေး အန္တရာယ်ကြောင့် ဒုက္ခ ရောက်နေတဲ့သူတွေ... တို့နဲ့ ဘာဆိုင်လဲ။ အိမ်မှာတောင် ထမင်းတစ်နပ် အနိုင်နိုင်... ဘယ်သူ့ကိုမှ မျှမပေးနိုင်ဘူး... ကိုယ့်ဒုက္ခ ကိုယ်ခံရမှာပဲ... ငါ့မရှိတော့ ဘယ်သူလာပေးသလဲ... တီဗီကလာတဲ့ ဒုက္ခသည်တွေ... သတင်းစာထဲပါတဲ့ စစ်ဘေး ဒုက္ခသည်တွေ၊ ကလေးငယ်တွေ ကျည်ဆံတွေကြားမှာ ပြေးလွှားနေရတာတွေ... ပညာသင်ဖို့ ဝေးစွ.. .ကျောင်း တောင် ဘယ်ရှာရမလဲ မသိတဲ့ နိုင်ငံတွေ အကြောင်းလာ မပြောနဲ့။ လ္ဘက်ရည်ဆိုင်က သီချင်း လောက် စိတ်မ၀င်စားဘူး။

ဘုရားကျောင်းတက်၊ ဥပုတ်သီလ ဆောက်တည်မယ်ဆိုတဲ့ စကားလုံးတွေကြားရင်... တခြား ကမ္ဘာကလာတဲ့ ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ ပြောတဲ့အတိုင်း မျက်လုံး မျက်ဆံပြူး ဘာကိုမှ နားမလည်သလို... ကိုယ်နဲ့ မဆိုင်သလို... ဘုရားတရားလုပ်တဲ့ ပုဂ္ဂိုလ် တွေကို ချီးကျူးဖို့နေနေသာသာ မေးတောင်ငေါ့ လိုက်သေး။ ပုတီးကို နားမှာကပ်တဲ့ လင်းလက်လက်အရာလေးလောက် တန်ဖိုးမထားတတ်တဲ့ ယောကျာ်းလေးတစ်ယောက်၊ ဘုရားကျောင်း ကန် ဝေယျာဝစ္စ အလုပ်ကို ရှက်သလောက် စူပါ မားကတ်ကြီးတွေကို သွားပြီး ခေတ်ပေါ်အ၀တ် အစားတွေကို မစားရ ၀ခမန်း တရှိုက်မက်မက် ငေးကြည့်ရတာကို အရသာတွေ့တဲ့ မိန်းကလေး တစ်ယောက်၊ လူကြီးသူမဆို ဆုံးမရင် မျက် စောင်းတကဲကဲ ကြည့်ပြီး နှုတ်ခမ်းစူခြေဆောင့် တတ်တဲ့ လူငယ်တွေ အကြောင်းတွေးကြည့်ရင်... ကဲ... သူတို့တစ်တွေ နောင်မှာ ဘယ်လိုမျိုး လူကြီးတွေဖြစ်လာမလဲ။ ဖြေကြည့်မလား.. .ဖြေရဲသလား ...။

ဆရာသမားတစ်ဦးကပြောဖူးတယ်... စစ်သူကြီး တစ်ယောက်ရှိသတဲ့... ဒီစစ် သူကြီးဟာ အမြဲ ဆဲရေးတိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေကိုပြောတာ အကျင့် ပါနေသတဲ့။ ဒါကိုပြုပြင်ဖို့ ပြောတဲ့အခါ သေခါနီး အချိန်ထိ ငါပြုပြင်လို့ ရပါတယ်ဆိုပြီး နေလာလိုက်တာ တစ်နေ့မှာ စီးတော်မြင်းနဲ့ စစ်တိုက်ထွက်ရတယ်။ စီးတော်မြင်းဟာ ကြောက် ကြောက်လန့်လန့်ဖြစ်ပြီး တွေ့ရာမြင်ရာ ဒုန်းစိုင်း သွားတော့ စစ်သူကြီးက အတတ်နိုင်ဆုံး ထိန်း နေရတယ်... ဘယ်လိုမှ ထိန်းမရဖြစ်တဲ့အခါ သူညာဉ်အတိုင်း ဆဲရေး တိုင်းထွာပြီး မြင်းကို ရိုက်တော့တာပဲ။ နောက်ဆုံးမြင်းက ချောက်ထဲ ထိုးဆင်းသွားတဲ့အခါ စစ်သူကြီးရဲ့ နောက်ဆုံး အချိန် ပြောသွားတဲ့ စကားလုံးဟာ ဘယ်လို စကားလုံးဖြစ်မလဲ။ စဉ်းစားကြည့်ရင် သိသာပါတယ် အလေ့အထ အလေ့အကျင့် မရှိတဲ့ စကား လုံး၊ အပြုအမူကို ဘယ်လိုပြောဆို လုပ်နိုင်ပါ့မလဲ ...။

ဒီလိုပါပဲ... ယနေ့ လူငယ်တွေရဲ့ အကျင့်စရိုက် အတွေးခေါ်တွေဟာ နောင်တစ်ချိန် သူတို့ လူကြီးဖြစ်လာတဲ့အခါ အနည်းနဲ့ အများ ရိုက်ခတ်သွားကြမှာပါပဲ။ ဒါကြောင့် နောင်တစ်ချိန် လူကြီး လူကောင်းတွေ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ ယနေ့အချိန်ဟာ အရေးကြီးတယ်ဆိုတာ လူငယ်များကို သိစေ ချင်ပါတယ်။ ယနေ့ အချိန်ကတည်း လူကြီး လူကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ့် လောကကြီးကို အလှဆင်နိုင်မယ့် ပုဂ္ဂိုလ်ကျော်များ ဖြစ်လာနိုင်မယ့် အခြေခံကောင်း အပြုအမူ အတွေးအခေါ် ခံနိုင်ရည်သတ္တိတွေ အခြေချရယူနိုင်စေဖို့ တိုက်တွန်း အကြံပြု လိုက်ရပါတယ်။

စာမူရှင်တစ်ဦး

Read More...