Friday, June 22, 2012

ဝိညာဉ်အိမ်

စားဝတ်နေရေးသည် လောက လူသားတိုင်းအတွက် အထူး လိုအပ်သောအရာများဖြစ်သည်။ ထိုအရာများတွင် နေထိုင်ရေးသည်လည်း အရေးကြီးသော အရာတစ်ခု အဖြစ် သတ်မှတ် ရ ပေမည်။ ကိုယ်တော်ရှင် ဖန်ဆင်းပေးထားသော လူတစ်ဦးအတွက် အပူ၊ အအေး၊ လေဒဏ်၊ မိုးဒဏ်တို့မှ ကာကွယ်ပေးရန် ““အိမ်”” ကို အလှပဆုံး အခမ်းနားဆုံး ဆောက်လုပ်နေထိုင် ကြပါသည်။ မိမိတို့ ကိုယ်ကာယ လုံခြုံမှု ရှိစေရန် ကြိုးစား ဆောင်ရွက်ကြသည်မှာ လူသားတိုင်း၏ သဘာဝပင်ဖြစ်သည်။

ကာယအတွက် အကောင်းဆုံးသောအိမ် တစ်လုံးကို ဆောက်လုပ်နိုင် သကဲ့သို့ ကျွန်ုပ်တို့ ကက်သလစ် ဘာသာဝင်များ အနေဖြင့် နောက်ထပ် နာမ်ဝိညာဉ် အိမ်တစ်လုံးကိုလည်း အသန့်ရှင်းဆုံး၊ အကောင်ဆုံးဆောက်လုပ်ပေးရန် လိုအပ်ပါသည်။

ကက်သလစ် ဘာသာဝင်များ သေဆုံးသွားကြပါက ခန္ဓာကိုယ်မှာ ပုပ်သိုးဆွေးမြေ့ သွား သော်လည်း မိမိတို့ ၀ိညာဉ်မှာ ပုပ်သိုးဆွေးမြေ့ မသွားပါ။ သေဆုံး မသွားပါ။ ကျွန်ုပ်တို့၏ ၀ိညာဉ်သည် ကိုယ်တော်ရှင်၏ ရင်ခွင်၌ ထာဝရ နားခိုနိုင်ရန်၊ ကိုယ်တော်ရှင် ထံသွားရာ လမ်း၌ အကောင်းဆုံး အိမ်တစ်လုံး တည်ဆောက် ကြရန် ဖြစ်သည်။ လူသား ပီပီ ကာယအတွက် နေရာ ပေးနိုင်သလို ၀ိညာဉ်အတွက်လဲ အကောင်းဆုံး နေရာပေးရန် အလေးအနက် စဉ်းစားသင့်ပါသည်။ ကိုယ်တော်ရှင်ပေးသော ဘ၀ အသက်တာတွင် ကက်သလစ် ဘာသာဝင်များ အားလုံးသည် ဆေးကြောခြင်း ခံပြီးသည့် အချိန်မှစ၍ မိမိတို့ ၀ိညာဉ်အတွက် လိုအပ်သည်တို့ကို ဆောင်ရွက်ရန် အရေးကြီးပါသည်။ ကိုယ်တော်ရှင် သတ်မှတ် ပေးထားသည့် မြေနေရာ၌ ကျွန်ုပ်တို့၏ ၀ိညာဉ်ကို ထားကြမှာလား၊ သို့တည်းမဟုတ် သွားချင်ရာ သွား၊ လွင့်ချင်ရာ လွင့် သဘောဖြင့် လွှင့်ပစ်ခြင်း ခံကြမည်လား အလေးအနက်ဆောင်ရွက်သင့် ကြပါသည်။

ထိုကြောင့် ကျွန်ုပ်တို့ ကက်သလစ် ဘာသာဝင်များအနေနှင့် ကက်သလစ် ဘာသာဝင် ပီသကြရန် ကိုယ်တော်ရှင်အား ဆည်းကပ် တန်ဖိုး ထားတတ်ရန်အတွက် ကွယ်လွန်၍ ခန္ဓာ ကိုယ်ပုပ်သိုးသွားသော်လည်း ကျန်ရှိနေသည့် ၀ိညာဉ်အတွက် အကောင်းဆုံးသော “၀ိညာဉ် အိမ်” တစ်လုံး တည်ဆောက်ကြရင်း ကိုယ်တော်ရှင်၏ ရင်ခွင်၌ ထာဝရ ခိုလှုံခွင့်ရရန် ကြိုးစား သွားကြပါစို့။


နန့် ဂျူလိုင်အေး