Monday, June 4, 2012

ခရစ်တော်နှင့် အတူရှိနေဖို့

    ခရစ်တော်က ““ငါသည် သင်တို့ကို ချစ်သည့် နည်းတူ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့၊ သင်တို့ အချင်းချင်း ချစ်ကြလျှင် သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်”” လို့ သွန်သင်ခဲ့တယ်။ ခရစ်တော်က ဆက်လက်ပြီး ““ငါ့ကို ချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်၊ ငါ့ခမည်းတော်သည် ထိုသူကို ချစ်တော်မူသည်၊ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်””လို့ (သံယောဟန် ၁၄၊၂၃) မှာ မိန့်ကြားတော်မူတယ်၊ ခရစ်တော်ဟာ တပည့်တော်ကြီးများနဲ့ ခေတ္တ ခွဲခွာရပေမဲ့ သူတို့ နဲ့ အတူ ထာဝရရှိနေမယ်ဆိုတဲ့ အကြောင်း မိန့် ကြားခဲ့ပါတယ်။


    ပါစကားပွဲနေ့ကစပြီး သခင်ခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွတော်မူသော နေ့တိုင်အောင် ပါစကားပွဲကို ဆက်လက် ကျင်းပနေကြပါတယ်။ ပါစကားပွဲပြီး နောက်ဆဌမ တနင်္ဂနွေနေ့ကို ပါစကားပွဲနဲ့ သခင်ခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွတော်မူသော ပွဲနေ့ကို ပေါင်းကူးပေးတဲ့နေ့ လို့ ပြောဆိုနိုင်ပါတယ်။ ခရစ်တော် အသေမခံမီ ကမ္ဘာပေါ် သက်ရှိထင်ရှားရှိခဲ့တဲ့ ဘ၀သက်တာ ကာလနဲ့ ကောင်းကင်ဘုံသို့ ပြန်ကြွသွားချိန် ကာလကြားမှာ နေထိုင်ခဲ့တဲ့ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ပြီး ဘုန်းဂုဏ်တော်နဲ့ ပြည့်ဝနေတဲ့ ခန္ဓာကိုယ် သက်ရှိထင်ရှားတဲ့ ဘ၀ သက်တာဖြစ်ပါတယ်။

    လူသားတိုင်းဟာ သေခြင်းကို ကြောက်ရွံ့ကြတယ်။ ဘာလို့လဲဆိုတော့ မိမိတို့ ချစ်မြတ် နိုးတဲ့ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းနဲ့ ခွဲခွာရမှာဖြစ်ပြီး လောကမှာ ထားရစ်ခဲ့ရမှာမို့ဖြစ်တယ်၊ ခရစ်တော် အသေမခံမီ ခရစ်တော်နဲ့ တပည့်တော်ကြီးများလဲ ထိုခံစားချက်မျိုး ခံစားရပါတယ်။ ဒါကြောင့် နောက်ဆုံး ညစာစားချိန်မှာ ခရစ်တော်က တပည့်တော်ကြီးများကို နှုတ်ခွန်းဆက် ခွဲခွာချိန်မှာ တပည့်တော်ကြီးများလည်း ခရစ်တော်နဲ့ ခွဲခွာရမယ် ဆိုတာ သိကြတော့ ၀မ်းနည်းကြတယ်။ အမှန်တော့ ခရစ်တော်ဟာ သေခြင်းအားဖြင့် တပည့်ကြီးများနဲ့ ခေတ္တ ခွဲခွာရပေမဲ့ ဤသေခြင်းအားဖြင့်သာ ခရစ်တော်ဟာ ကျွန်ုပ်တို့နဲ့ ထာဝရ အတူ ရှိနေမှာဖြစ်ပါတယ်။ ခမည်းတော်ဘုရားရဲ့ အလိုတော်အရ သေခြင်းကို ခံခြင်းအားဖြင့်သာ ဘုရားနဲ့ လူသား ထာဝရ တစ်လုံးတစ်ဝတည်း အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ သခင်ခရစ်တော်ဟာ ဒီလောကမှ မထွက်ခွာမီ ညစာစားပွဲမှာ ကိုယ်တော်မြတ် စက္ကရမင်းတူးကို ကျွန်ုပ်တို့အား ပေးခဲ့ပါတယ်။ လူသားများအတွက် အသက်ပေးတဲ့ မုန့်ဖြစ်လာဖို့ သေခြင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာသေပြီး ရှင်ပြန်ခြင်းအားဖြင့်သာလျှင် လူသား အားလုံးအတွက် ထာဝရ အသက်ပေးတဲ့မုန့် ဖြစ်လာပါတယ်။ ကြက်၊ ၀က်များ အသက် မသေဘဲနဲ့ ကြက်သားကြော်၊ ၀က်သားကြော်တို့ မရရှိနိုင်ပါဘူး။ ခရစ်တော်လဲ အသက်မစွန့်ဘဲ ထာဝရ အသက်ပေးတဲ့ မုန့်ဖြစ်မလာနိုင်ပါဘူး။

    ဧ၀ံဂေလိကျမ်းစာမှာ ခရစ်တော်ရဲ့ သေခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ ခရစ်တော် တစ်ပါးတည်း သာမက အဖခမည်းတော်ဘုရားရဲ့ ၀ိညာဉ်တော်ဘုရား ကိန်းအောင်း စံပယ်တော်မူတယ်၊ ““ငါ့ကို ချစ်လျှင် ငါ့ပညတ်တော်တို့ကို စောင့်ရှောက်လော့၊ ငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် သမ္မာတရားကိုပြသော ၀ိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီ သားတို့ မသိမမြင်သောကြောင့် မခံ မယူနိုင်ကြ၊ ထိုဝိညာဉ်တော်သည် သင်တို့နှင့် အတူတည်နေ၍ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏””လို့ (သံယောဟန် ၁၄၊ ၁၅-၁၇) မှာ မိန့်ကြားထားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ခရစ်တော်ကို ချစ်ပြီး သူ့ရဲ့ ပညတ်တော်များကို လိုက်နာမယ်ဆိုရင် အဖ ခမည်းတော်ဘုရားဟာ ထာဝရ တည်ရှိမဲ့ ၀ိညာဉ်တော်ဘုရားကို စေလွှတ်ပေးမယ်လို့ အာမခံချက် ပေးထားပါတယ်။ ခရစ်တော်ရဲ့ အသေခံခြင်းဟာ ခရစ်တော်ရဲ့ တပည့်ကြီးများအကြား ထာဝရ စည်းလုံးမှုကို ရရှိစေတယ်။ သေခြင်းအားဖြင့်သာလျှင် ခရစ်တော်ဟာ တပည့်တော်ကြီး များထံ ပြန်လည် ရောက်ရှိလာပြီး တပည့်ကြီးများနဲ့ ယုံကြည်သူတို့ရဲ့ နှလုံးသားမှာ အမြဲတမ်း မထင်မရှား တည်ရှိပါတယ်။

    ဗျာဒိတ်ကျမ်း၂၁း ၁၀-၁၄၊ ၂၂-၂၃ မှာ ဘုရားသခင် ကိုယ်တိုင်ဟာ ဗိမ္ဗာန်တော် ဖြစ်တယ်လို့ သံယောဟန်ရဲ့ ရူပါရုံမှာ ထင်ထင်ရှားရှား မြင်ရတဲ့ အကြောင်း ဖေါ်ပြထားပါတယ်။ ကျွန်ုပ်တို့အားလုံးကလည်း ဘုရားသခင်ရဲ့ ဗိမ္မာန်တော်များ ဖြစ်တယ်လို့ သံပေါလူးက ဆိုထားပါတယ်။ ဒီကျမ်းချက်တွေ အားဖြင့် ကျွန်ုပ်တို့တတွေဟာ ပုဂ္ဂိုလ် သုံးပါး တစ်ဆူဘုရား၌ အသက်ရှင်သန်ကြတယ်။ ပုဂ္ဂိုလ် သုံးပါး တစ်ဆူဘုရားဟာလည်း ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်ထဲမှာ စံပယ်နေတယ်ဆိုတဲ့ အချက်ကို ထောက်ပြနေပါတယ်။ ခရစ်တော် ဒီလောကမှာ သက်ရှိထင်ရှား ရှိစဉ်ကာလ ပကတိ စက္ခုအာရုံနဲ့ တွေ့မြင်ရပေမဲ့ နောက်ပိုင်း ဘုရားသခင်ဟာ ကျွန်ုပ်တို့ နှလုံးသားထဲ တည်ရှိတယ်ဆိုတာကိုတော့ ယုံကြည်ခြင်း စက္ခု အာရုံနဲ့ဘဲ တွေ့မြင်နိုင်ကြတယ်။ ဘုရားနဲ့လူ တစ်လုံးတစ်ဝတည်း ရှိနေခြင်းရဲ့ အကျိုးသက်ရောက်မှုကို အာရုံများနဲ့ မသိရှိနိုင်ဘဲ ယုံကြည်ခြင်း၊ ခရစ်တော်နဲ့ ပေါင်းစပ်နေထိုင်ခြင်းနဲ့ ဘ၀ အတွေ့အကြုံများအရ သိရှိနိုင်ပါတယ်။ ဥပမာပြရရင် ၀ါယာထဲမှာ ရှိနေတဲ့ လျှပ်စစ်နဲ့ သဏ္ဍန်တူပါတယ်၊ ၀ါယာကြိုးနှစ်စကို မဆက်သွယ်ဘူး၊ မီးခလုတ် မဖွင့်ရင် မီးအလင်းရောင် မရ ရှိနိုင်ပါဘူး။ ၀ါယာကြိုးနှစ်စ ဆက်လိုက်မှ မီးလင်း လာပါတယ်၊ မီးမဖွင့်တဲ့ အချိန် ဆိုရင် ၀ါယာထဲမှာ စီးနေတဲ့ လျှပ်စစ်ဓါတ်ကို အမှတ်တမဲ့ ထားတတ်ကြတယ်။ မီးဖွင့်လိုက်မှ မီးလင်းလာခြင်း အားဖြင့် လျှပ်စစ်ဓါတ် တည်ရှိမှုကို သဘောပေါက်ကြတယ်။ ၀ါယာ နှစ်စ ဆက်လိုက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကတော့ မီးကို ရရှိပြီး နေ့စဉ်ဘ၀ အသက်တာမှာ ချက်ပြုတ်ရာမှာ သော်၎င်းင်း၊ ရေဒီယို၊ ကက်ဆက်၊ တီဗွီတို့ကို အသုံးပြုတဲ့အခါ လျှပ်စစ်ဓါတ်အားရဲ့ အကျိုး သက်ရောက်မှုကို လက်တွေ့သိရှိ အသုံးပြုကြရတယ်။ ဘုရားသခင် ကျွန်ုပ်၌ တည်ရှိနေတာဟာလဲ ထိုနည်း အတိုင်း ပါပဲ။ လျှပ်စစ် တည်ရှိနေမှုကို ၀ါယာကြိုး ဆက်လိုက်တဲ့အခါ သိရှိနိုင်သလို ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ဟာ ဘုရားသခင်နှင့် အတူ အသက်ရှင်သန် နေကြောင်း ခံစားသိရှိရပါတယ်။


    ကျွန်ုပ်တို့ရဲ့ နှလုံးသားမှာ ဘုရားသခင် ရှိနေဖို့ အချင်းချင်း ချစ်ပြီး ခရစ်တော်ရဲ့ စကားကို နာခံကြရပါမယ်။ ဘုရားသခင်ရဲ့ တရားတော်ကို လက်တွေ့ ကျင့်ကြံရပါတယ်။ ဒီလို ပညတ်တရားတော်ကို နာခံတဲ့နေရာမှာ ခရစ်ယာန်များ ရှိကြသလို ခရစ်ယာန်ကို စိတ်ဝင်စားပြီး ပြင်ဆင်နေသူများလည်း ပါဝင်ကြပါမယ်။ ခရစ်တော်ရဲ့ တရားတော်ကို လိုက်နာတဲ့အခါ တမန်တော် ၀ထ္ထု ၁၅း ၁-၂၊ ၂၂-၂၉မှာ ပါတဲ့အတိုင်း ရှေးဦး အသင်းတော် တည်စကလို ပြဿနာမျိုးတွေ့နိုင်ပါတယ်။ ပင်တေကော့စ်ပွဲပြီးတဲ့ နောက် မကြာခင်အတွင်း အသင်းတော်ထဲ အများအပြား ၀င်လာသူများဟာ ဂျူးလူမျိုးများ ဖြစ်ပြီး နောက်ပိုင်း သံပေါလူးရဲ့သာသနာပြု လုပ်ငန်း အထူး လုပ်ဆောင်တဲ့အခါ ဂျူးလူမျိုး မဟုတ်သူများ အများအပြား အသင်းတော်ထဲ ရောက်ရှိ လာပါတယ်။ ဒီလို ၀င်ရောက်ကြတဲ့ အခါ အသင်းတော်အတွက် ၀မ်းသာမဆုံး ဖြစ်ရသလို ပြဿနာ အခက်အခဲများလည်း ပေါ်ပေါက်ခဲ့ရတယ်။ ဂျူးလူမျိုးများနဲ့ အခြားသော ဘာသာပများဟာ ဆေးကြောခြင်း ခံခြင်းအားဖြင့် ခရစ်ယာန်များဖြစ်လာကြပြီး ခရစ်ယာန်မိသားစု တစ်ခု ဖြစ်လာတဲ့အခါ ယခင်က ယုံကြည်ကြတဲ့ အယူအဆ၊ ဓလေ့ ထုံးစံ မတူညီမှု အပေါ် ပြဿနာဖြစ်ပွားခဲ့ရတယ်။ မိုးဇယ်ရဲ့ တရားဥပဒေ အရ ဂျူးလူမျိုးများဟာ ဘာသာပတို့ရဲ့ အိမ်များကို မ၀င်ကြရဘူး၊ သူတို့နဲ့အတူ အစာ မစားကြရဘူး၊ ဘာသာပတွေ စားသုံးနေတဲ့ တိရိစ္ဆာန်များရဲ့ အသားများကို ဂျူးများ မစားဖို့ ပိတ်ပင်မှုတွေ ဖြစ်ပါတယ်။ အဲဒီအချက်တွေ အားလုံးထဲမှာတော့ ဂျူးလူမျိုး ယောင်္ကျားတိုင်း မွေးဖွားပြီး ရှစ်ရက်မြောက်တဲ့နေ့မှာ အသားလှီး မင်္ဂလာခံယူရပေမဲ့ ဘာသာပများ အဖို့တော့ ထုံးစံ မရှိဘူး။ ဒီလို မတူညီမှုတွေမှ ပေါ်ပေါက်လာတဲ့ ပြဿနာကို အပူတပြင်း ဖြေရှင်းဖို့ အသင်းတော်ရဲ့အကြီးအကဲ နေထိုင်တဲ့ ဂျေရုဇလင်မြို့မှာ အစည်းအဝေး တစ်ရပ် ကျင်းပကာ သံပေတရူး၊ သံပေါလူး၊ သံယာကုတ် စသည်တို့ပါဝင်တဲ့ အဖွဲ့က ၀ိညာဉ်တော်ဘုရားရဲ့ လမ်းညွှန်မှု အောက်မှာ ဖြေရှင်း အဆုံးအဖြတ် ပေးခဲ့ပါတယ်။ အသင်းတော် ယုံကြည်ရာ အချက်များနှင့် ဆန့်ကျင်လာရင် မိမိတို့ရဲ့ မိရိုးဖလာ အယူအဆ၊ ယုံကြည်ချက်တွေကို သတ္တိရှိရှိ ဖယ်ရှားဖို့၊ လူမျိုးတို့ရဲ့ ဓလေ့ ထုံးစံများကိုတော့ အသင်းတော် အနေနဲ့ အတိုင်းအတာ တစ်ခုအနေဖြင့် လက်ခံတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့ရဲ့ ဘုရားဟာ လူသား အားလုံးရဲ့ ဘုရားဖြစ်ပါတယ်။ ဥရောပတိုက်သားတို့ရဲ့ ဘုရား၊ အာရှတိုက်သား တို့ရဲ့ဘုရားလို့ ခွဲခြားလို့ မရပါဘူး။ ဘုရားသခင်ရဲ့ တရားတော်ကို လိုက်နာမယ်ဆိုရင် ခရစ်တော်ရဲ့ အယူဝါဒနဲ့ ဆန့်ကျင်သမျှကို သတ္တိရှိရှိ စွန့်လွှတ် ကြရမှာဖြစ်ပါတယ်။ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုတော့ ခရစ်တော်ရဲ့ အယူဝါဒနဲ့ မဆန့်ကျင် သမျှ အတိုင်းအတာ တစ်ခုအနေဖြင့် ခွင့်ပြုလျက် ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ၀ါရင့် ခရစ်ယာန်များ အနေနဲ့လည်း အသင်းတော်ကြီးက ခေတ်ကာလနှင့်အညီ သာသနာကြီး တိုးတက်ရေးကို ရှေးရှုကာ နည်းဗျူဟာမျိုးစုံနဲ့ ပြောင်းလဲမှုများ ပြုလုပ်နေတာကို နားလည် သဘောပေါက်စေချင်ပါတယ်။ ယုံကြည်ရာ အချက်တွေ မပြောင်းလဲပါဘူး၊ ခရစ်တော်ရဲ့ တရားတော် တိမ်းစောင်း မသွားပါဘူး။

    ဒါကြောင့် ခရစ်တော်ဟာ ကျွန်ုပ်တို့နဲ့ အတူရှိနေဘို့ ခရစ်တော်ရဲ့ မိန့်မှာ စကားကို နားထောင် လိုက်နာပြီး အချင်းချင်း မေတ္တာတရား ထားကြရမှာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ တရားတော်ကို ခရစ်ယာန်ပီပီ ကျင့်ကြံ နိုင်ဘို့ ကျွန်ုပ်တို့ အားလုံးဟာ ဆေးကြောခြင်း မင်္ဂလာခံယူစဉ်က ပြုခဲ့တဲ့ ကတိသစ္စာများ အတိုင်း နတ်ဆိုးနဲ့ နတ်မိစ္ဆာ ဆိုင်ရာတို့ကို ပစ်ပယ်ကြလျက် ကျွန်ုပ်တို့ နှင့်အတူ ဘုရားသခင်ရှိနေခြင်းကို ယုံကြည်ခြင်း မျက်စိအားဖြင့် ရှာဖွေ ထိတွေ့ ခံစားနိုင်ဘို့ ကြိုးစားကြပါစို့။                    
  
R.V.A ထုတ်လွှင့်ချက်မှ
         ရဟန်းတော်တစ်ပါး