Thursday, May 31, 2012

အတွေးလေးမျိုး

    ကျွန်တော်တို့ ကမ္ဘာလူသားတွေ ကောင်းစားဖို့ရန် ခရစ်တော်ဘုရားရှင် တရားတော်နှင့်အညီ ဘယ်လို ကူညီကြမလဲ။
 
    တစ်ခါက တောင်ကျချောင်းရေစီး ဆင်းသော ချောင်းတစ်ခုရှိတယ်။ အဲ့ဒီချောင်းဟာ မထင်မှတ်ဘဲ ရေနှင့်သဲ တဟုန်ထိုး စီးဆင်း လာတတ်တယ်။ နှစ်စဉ် ခရီးသည်များ ထိုချောင်းကိုဖြတ်စဉ် သဲလုံးရိုက်ပြီး နစ်မြုပ် သေဆုံးလေ့ ရှိတယ်။ ဒါ့ကြောင့် ချောင်းတစ်ဖက်ကမ်းရဲ့ မနီး မဝေးမှာ ရှိတဲ့ ရွာသူကြီးမှ တံတားဆောက်ပေး၍ ခရီးသည်များ လွယ်ကူစွာ တံတားပေါ်မှ ဖြတ်သန်း သွားလာနိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာကြာ လာတဲ့အခါမှာ တံတားကို ခင်းထားတဲ့ ပျဉ်ပြား နှစ်ချောင်း ဟာ ပြုတ်ထွက်ပြီး နှစ်ပေခန့် အကျယ်ပေါက်နေတယ်။ တစ်နေ့မှာ ခရီးသည် တစ်ယောက်ဟာ သဲနှင့်အတူ စီးဆင်းနေတဲ့ ရေလှိုင်းလုံးကြီး များကိုကြည့်ရင်း ထိုတံတားပေါ် တွင် ဖြတ်လျှောက်လာစဉ် နှစ်ပေခန့်ပေါက်နေသော နေရာမှပြုတ်ကျရာ သူလည်းကြောက်ကြောက် လန့်လန့်နှင့် လှန်းဆွဲလိုက်ရာ အပေါက်ရှေ့မှ ပျဉ်ပြားတစ်ချောင်းကို ဆွဲမိပြီး တန်းလန်းဖြစ် နေတယ်။ တံတားပေါ်ကိုလည်း ပြန်မတက်နိုင် သဖြင့် ““ကယ်ကြပါအုံး ခင်ဗျာ၊ ကယ်ကြပါအုံး”” ဆိုပြီး အဆက်မပြတ် အော်ဟစ် အကူအညီ တောင်းနေတယ်။ ဒီအချိန်မှာ ခရီးသည်တစ်ဦး ရောက်လာတယ်။ တွဲလောင်း ကျနေတဲ့လူက ““မိတ်ဆွေ သူငယ်ချင်း ငါ့ကို ကယ်ပါ၊ ကယ်ပါ”” လို့ အကြိမ်ကြိမ် တောင်းဆို နေသော်လည်း မကူညီဘဲ၊ ““သင်သည် အရင် အတိတ်ဘ၀က မကောင်းတဲ့ အတွက်ကြောင့် ယခု မကောင်းတာ ခံစားရတာ၊ တူသော အကျိုးပေးတာလို့ပဲ မှတ်လိုက်ပြီး ရဲရဲကြီး လက်ခံလိုက်ပါ”” လို့ပြောကာ မကူညီဘဲ တံတားအပေါက်ကို ကျော်ပြီး ခရီးဆက် သွားခဲ့တယ်။ 
 
ဒုတိယခရီးသည်တစ်ဦး ရောက်လာပြန်တယ်။ ဒုက္ခရောက်နေသော သူက ““ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ၊ ကယ်ပါ”” လို့တောင်းဆိုနေသော်လည်း၊ ထိုသူက ““ငါ ကတော့ သူများရဲ့ပြဿနာထဲမှာ ၀င်မပါချင်ဘူး၊ မင်းလည်းဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်လိုက်ကာ ရဲရဲကြီး ဒုက္ခခံပြီး ပျော်ပျော် သီချင်းဆို သေလိုက်စမ်းပါ”” လို့ပြောပြီး ခရီး ဆက်သွားခဲ့တယ်။ ထို့နောက် တတိယခရီး သည် တစ်ဦးရောက်လာပြန်တယ်။ ဒုက္ခရောက် နေတဲ့လူကလည်း ပုံမှန်အတိုင်း အော်ဟစ်ခါ - ကျွန်တော့်ကို သနားပါ၊ သနားပါဟု အကူအညီ တောင်းနေတယ်။ ထိုအခါ ဒီခရီးသည်က ““ငါက ယခုမင်းကို ကယ်မယ်ဆိုရင် မင်းတစ်ယောက်ထဲကိုပဲ ငါကယ်တင်နိုင်မယ်။ ဒါပေမဲ့ ငါက ယခု မင်းကို မကယ်လိုက်ဘူးဆိုလျှင် မင်းဟာဒီ ချောင်းထဲမှာ ပြုတ်ကျပြီး၊ သဲလုံးလှိုင်းရိုက်ကာ နှစ်မြုပ်သေဆုံးသွားမယ်၊ အဲ့ဒီအချိန်ကျမှ ငါက ရွာသူကြီးထံသွားပြီး မင်းသေဆုံးရတဲ့ အကြောင်းနှင့် နောက်ထပ်ခရီးသည်များ မကျအောင် တံတားကိုပြင်ခိုင်း လိုက်မယ်ဆိုလျှင် ဒီတံတားကို ဖြတ်သွားတဲ့ ခရီးသည် အများစုကို ကယ်တင်နိုင်မယ်၊ အများကောင်းစားရေးအတွက် မင်းအသက်ကို စတေးလိုက်စမ်းပါလို့”” ပြောပြီး ခရီးကို ဆက်သွားခဲ့တယ်၊ တံတား အောက်တွင် တွဲလောင်း ကျနေသော လူက ““ဇွဲမ လျော့ဘဲ အဆက်မပြတ် အော်ဟစ် အကူအညီ တောင်းနေတဲ့အတွက်ကြောင့် မလှမ်းမကမ်း တွင် တောင်ယာ လုပ်နေသော အဖိုးအိုဟာ အော်ဟစ်အကူအညီ တောင်းသံကို ကြားသွားပြီး အဖျားတွင် ချိတ်တတ်ထားသော ၀ါးလှေကားလေးကို ယူကာပြေးလာပြီး ထိုလူနားရောက်တဲ့ အခါမှာ ၀ါးလှေကားကို တံတား အပေါက်ထဲချပြီး အဖျားမှချိတ်နှင့် တံတားပျဉ်ပြား တစ်ချပ်ကို ချိတ်ထားလိုက်တယ်။ ထိုတွဲလောင်းကျနေ သောလူသည် ၀ါးလှေကားကို ဖမ်းဆွဲပြီး တံတား ပေါ်သို့ ပြန်တက် လာနိုင်ခဲ့တယ်၊ အပေါ်သို့ ရောက်တော့ ထိုလူက ““အဖိုးကို ကျေးဇူး အများ ကြီးတင်ပါတယ်၊ ကျွန်တော်က အမေပေးတဲ့ အသက် မရှိတော့ပါဘူး၊ အဖိုးပေးတဲ့ အသက်ပဲ ကျန်ပါတော့တယ်။ ကံကောင်းပေလို့၊ ဒီဝါးလှေကားလေးလည်း ချိတ်ကလေး တပ်ထားလို့ ပေါ့၊ ဒါနဲ့ အဖိုး၊ ဒီချိတ်ကလေးက ဘာအတွက် တပ်ထားတာလဲ။ ဒီအချိန်မှာ အဖိုးအိုက ““မင်း လို ဒီတံတားမှာ တွဲလောင်းကျနေလို့ ကယ်ခဲ့တာ မင်းနဲ့ဆိုရင် သုံးယောက်ရှိပြီ၊ ပထမလူကို ကယ်တုန်းက ဒုက္ခရောက်လို့ နောက် လူကို လွယ်လွယ်ကူကူနှင့် ကယ်နိုင်အောင် ဒီဝါးလှေကားထိပ်ဖျားမှာ ဒီချိတ်ကလေး တပ်ထားတယ်လို့ ဖြေ လိုက်တယ်။

    ယခု ကျွန်တော်တို့ ဒီခရီးသွား သုံးယောက်နှင့် အတူ အဖိုးအိုရဲ့ အတွေးတွေကို သခင် ခရစ်တော်ဘုရားရှင်၏ မေတ္တာတရားနှင့် ပြန်လည် သုံးသပ်ကြည့်ရအောင်၊ “မွေးစ ကတည်းက မျက်စိ မမြင်တဲ့ ကလေးတစ်ယောက်ကို ခရစ်တော်ဘုရားထံ ခေါ်လာပြီး ““ဒီကလေးရဲ့ အတိတ်က မကောင်းတဲ့ အပြစ်ကြောင့်လား၊ မိဘတွေရဲ့ အပြစ်ကြောင့်လား၊ ဒီကလေးဟာ ဘာကြောင့် မွေးစကတည်းက မျက်စိ မမြင်ဘဲ မွေးဖွားခဲ့ရတာလဲ။ ဒီအချိန်မှာ ခရစ်တော် ဘုရားရှင်က အတိတ်ဘ၀က မကောင်းခဲ့လို့ ယခု မကောင်းတာ ခံစားရတာလို့ မပြောပါဘူး။ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော် တိုးပွားဖို့ အတွက် ဖြစ်တယ်ဆိုပြီး မေတ္တာတရားပြကာ ဒီကလေးကို မျက်စိပြန်မြင်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ယခု ခံစားနေရတဲ့ ကောင်းခြင်း၊ ဆိုးခြင်းသည် အတိတ်ဘ၀နှင့် လုံးဝ မသက်ဆိုင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အရင် အတိတ်ဘ၀ ဆိုတာ မရှိလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပထမ ခရီးသွား တစ်ယောက်ရဲ့ အရင် အတိတ်ဘ၀က မကောင်းခဲ့လို့ ယခုမကောင်းတာ ခံစားရတာ ဆိုတဲ့အတွေးကို ကျွန်တော့် အနေနှင့် လက်မခံဘဲ၊ ခရစ်တော် ဘုရားရှင်လို မေတ္တာတရားကို ရှေ့တန်းတင်ပြီး ကူညီရမယ်။

    နူနာရောဂါ စွဲနေသော လူဆယ်ယောက်ဟာ သခင်ခရစ်တော် ဘုရားရှင်ထံ အော်ဟစ်ပြီး သူတို့ရဲ့ရောဂါကို ကုသပျောက်ကင်းဖို့ တောင်းဆိုတဲ့အခါမှာ ခရစ်တော်ဘုရားရှင်က ““ဖြစ်သမျှ အကြောင်း အကောင်းပဲ ခံယူလိုက်ပါလို့ မပြောခဲ့ပါဘူး။ မေတ္တာတရားကို ရှေ့တန်းတင်ပြီး ကုသပေးခဲ့ပါတယ်။ ကျွန်တော် တို့ကို လူတစ်ယောက်က အဆိပ်ရေ လာတိုက်တယ်ဆိုလျှင် ကျွန်တော်တို့ သောက်မှာလား၊ အဆိပ်ရေသည် လူကိုသေစေသည်ဆိုတဲ့ ဉာဏ်ပညာကို ဘုရားကပေးထားတယ်။ ဒီနေရာမှာ ဘုရားကို ယုံတယ် မသေဘူးလို့ တွေးပြီး သောက်မယ်ဆိုလျှင် ဘုရားသခင်ကို စုံစမ်းခြင်း မပြုရ ဆိုတဲ့ ကျမ်းချက်ကို ချိုးဖောက်ရာရောက်တယ်။ ဘုရားပေးတဲ့ အသိဉာဏ်ကို စော်ကားရာ ရောက်တယ်။ ဒါကြောင့် ဒုတိယ ခရီးသည်ရဲ့ ““ဖြစ်သမျှ အကြောင်း အကောင်းပဲ”” ဆိုတဲ့ အတွေးကိုလည်း ကျွန်တော့် အနေနှင့် လက်မခံဘဲ ခရစ်တော် ဘုရားရှင်လို မေတ္တာတရားရှေ့တန်းတင်ပြီး ကူညီရမယ်။

    တတိယ ခရီးသည်ကတော့ လူအများ ကောင်းစားဖို့၊ လူတစ်ယောက်ကို စတေးသင့်တယ်ဆိုတဲ့ အတွေးဖြစ်တယ်။ ကျွန်တော်တို့ သတိထားရမှာက လူအများသည် လူတစ်ဦးစီ ပေါင်းစပ်ထားခြင်းဖြစ်တယ်။ လူအများစုကို ကူညီဖို့အတွက် လူတစ်ဦး တစ်ယောက်ကို မေတ္တာတရားထား ကူညီဖို့ မေ့သွားတတ်ကြ တယ်။

    ခရစ်တော်ဘုရားရှင်သည် သဲကန္တရတွင် လူပေါင်း ငါးထောင်ကျော်ကို ကျွေးမွေးခဲ့စဉ်က လူငယ်တစ်ဦးထံမှ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို လက်ခံယူပြီး၊ လူပေါင်း ငါးထောင်ကျော်ကို ကျွေးမွေးခဲ့ရာမှာ ထိုလူငယ်လည်း လူ ပေါင်း ငါးထောင်ကျော်ထဲမှာ အပါအ၀င် စားသုံးရတယ်၊ ဒါကြောင့် တတိယ ခရီးသွားတစ်ယောက်ရဲ့ လူအများ ကောင်းစားဖို့၊ လူတစ်ယောက်ကို စတေးသင့်တယ်ဆိုတဲ့ ယုံကြည်ချက် ကိုလည်းပဲ ကျွန်တော့်အနေနဲ့ လက်မခံဘဲ ခရစ်တော်ဘုရားရှင်ကဲ့သို့ မေတ္တာတရားကို ရှေ့တန်းတင်ပြီး လူတစ်ဦး တစ်ယောက်နှင့် အတူ၊ လူအများကိုလည်း ကယ်တင်ရမှာဖြစ်တယ်။

    စတုတ္ထ အဖိုးအိုကတော့ ဒုက္ခရောက် နေတဲ့ လူတွေကို ကူညီဖို့ပဲ စဉ်းစားပြီး၊ လူတွေ ဒုက္ခ မရောက်အောင်၊ တံတားပေါ်က ပြုတ်မကျ အောင်ကိုတော့ မစဉ်းစားတဲ့သူဖြစ်တယ်။ ဒါပေမဲ့ ခရစ်တော်ဘုရားရှင်သည် ငရဲမှာတွဲ လောင်းဖြစ်နေတဲ့ သူတွေကိုလည်း သူ၏ ကျေးဇူးတော်ဖြင့် ကယ်တင်ပြီး၊ ငရဲမှာ ဒုက္ခ မခံစားရအောင်လည်း နည်းလမ်းတွေ ပေးခဲ့တယ်။ ခရစ်တော် ဘုရားရှင်ပေးခဲ့တဲ့ နည်းလမ်းကတော့ ““သင်၏ ဘုရားရှင်ကို စိတ်နှလုံး အကြွင်းမဲ့၊ စွမ်းအားရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ် နှင့် နီးစပ်သော သူကို ကိုယ့်ကိုယ်ကို ချစ်သလို ချစ်ပါ””ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ခရစ်တော်ဘုရားရှင်ကို အတုယူပြီး၊ ဒုက္ခရောက်နေတဲ့ လူတွေကို မေတ္တာတရားကို ရှေ့တန်းတင်ကာ ကူညီပေး သလို၊ လူတွေ ဒုက္ခမရောက်အောင်လည်း နည်းလမ်းတွေ ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ ငြိမ်းချမ်း သာယာသော၊ ပျော်ရွှင်စရာ ကောင်းသော ကမ္ဘာကြီး ဖြစ်လာပါလိမ့်မယ်။
            
             ဘုန်းတော်ကြီး
         ဂျွန်ဘောစကိုစိုးလင်း