Friday, May 25, 2012

အပယ်ခံလိုက်ရသော ကျမ်းဘယ်နှစ်ကျမ်းရှိပါသလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို သမ္မာကျမ်းစာအုပ်ထဲမှ ဘယ်သူပယ်ပိုင်ခွင့်ရှိသနည်း။

အမေး။ ။ထပ်ဆင့်တရားဝင်ကျမ်းများကို ပရိုတက်စတန် ခရစ်ယာန် သမ္မာကျမ်းစာအုပ် ထဲမှာ မတွေ့ရပဲ အပယ်ကျမ်းဟုလည်းခေါ်ဆို ထားတာတွေ့ရပါတယ်။ အပယ်ခံလိုက်ရသော ကျမ်းဘယ်နှစ်ကျမ်းရှိပါသလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို သမ္မာကျမ်းစာအုပ်ထဲမှ ဘယ်သူပယ်ပိုင်ခွင့်ရှိသနည်း။ ?
    
    အတိုခြုံးဖြေကြား ရမယ်ဆိုရင်၊ ဂျူး လူမျိုးတွေရဲ့ သန့်ရှင်းသော သမ္မာကျမ်း စာအုပ် ပေါင်းဟာ (၄၆)ကျမ်း ရှိခဲ့ပါတယ်။  ဘီစီ(၂၅၀) နဲ့(၃၀၀)နှစ်များ အကြား အီဂျစ်ပြည်ကို အုပ်စိုး တော်မူခဲ့တဲ့ ဒုတိယမြောက် တိုလေးမီဘုရင် ဖီလာဒဲဖုစ်မင်းမြတ်ဟာ မိမိ တိုင်းပြည်အတွင်းရှိ ဂရိ စကားပြော ဂျူးလူမျိုးများအတွက်  ဂျူးလူမျိုးများရဲ့ သန့်ရှင်းသော သမ္မာကျမ်းစာအုပ်များကို ဟေဗြဲဘာသာမှ ဂရိတ်ဘာသာသို့ ဘာသာပြန် ဆိုရန် အမိန့်တော် ထုတ်ပြန်ခဲ့တဲ့အတွက် အမိန့် တော်နဲ့ အညီ ဘာသာပြန်ဆိုခဲ့တဲ့ စာအုပ်ကို ဆဲပ်တွာဂျင်လို့ ခေါ်တယ်။ အဲ့ဒီ ဂရိတ်ဘာသာ စကားနဲ့ ရေးသားထားတဲ့ ဓမ္မဟောင်းသမ္မာ ကျမ်းစာအုပ်ကို ခရစ်ယာန်များက ဗဟိုပြုခဲ့ပါတယ်။ အဲ့ဒီရှေးဦးခေတ် ကာလပိုင်းမှာ ဂရိဘာသာစကားက ရေပန်းစားနေတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရှေးဦး ခရစ်ယာန်များက ဂရိဘာသာ ဆဲပ်တွာဂျင် ဓမ္မဟောင်းသမ္မာ ကျမ်းစာကိုပဲ ဗဟိုပြုခဲ့ခြင်းဖြစ်ပါတယ်။ ဟေဗြဲ ဓမ္မဟောင်း သမ္မာကျမ်းစာများကို လေ့လာရာ အားလုံး ဓမ္မဟောင်းကျမ်း (၄၆)ကျမ်း တိတိရှိခဲ့ ပါတယ်။

    ဓမ္မဟောင်း ကျမ်းများကို ဟေဗြဲဘာသာစကားမှ ဂရိတ်ဘာသာ စကားသို့ ဘာသာ ပြန်ချိန်ပြီးသည့် အချိန်မှစ၍ ခရစ်သက္ကရာဇ် အေဒီ(၉၀)ခုနှစ်အထိ ဓမ္မဟောင်းကျမ်း(၄၆) စောင် တိတိရှိခဲ့ပါတယ်။ အမိ ကက်သလစ် အသင်းတော်ကြီးကလည်း၊ ဤဓမ္မဟောင်းကျမ်း (၄၆)ကျမ်းလုံးကို တရားဝင်ကျမ်း အစစ်များ အဖြစ် သံဃာယနာတင် အစည်းအဝေးပွဲများ အကြိမ်ကြိမ်ပြုလုပ်လျှက် စစ်ဆေးပြီးမှ အတည်ပြု ပေးခဲ့ပြီး တရားဝင်ကျမ်း ဓမ္မဟောင်းကျမ်း (၄၆) ကျမ်းအဖြစ် အတည်ပြု လက်ခံခဲ့ပါတယ်။

    ခရစ်တော်ဘုရားရှင် ကိုယ်တော်တိုင် ကျမ်းတတ်ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးခဲ့တဲ့အချိန် များမှ ဤဓမ္မဟောင်းကျမ်း (၄၆)ကျမ်းများကို ကိုးကားလျက်၊ အထောက်အထားများပြပြီး တရားပေးဖြေရှင်း ခဲ့သလို ဂျူးဘာသာဝင်များကို ရှေးဦး ခရစ်ယာန်များကလည်း ခရစ်တော် ဘုရားရှင်ကဲ့သို့ အယူဝါဒ ယုံကြည်မှု ဆိုင်ရာများနဲ့ ပတ်သက်ပြီး ဤကျမ်းများကို ကိုးကားဖြေရှင်း ငြင်းခုံ ခဲ့ကြတဲ့အတွက် ရှေးဦးခရစ်ယာန်များရဲ့ အဓိကထားထောက်ပြခဲ့တဲ့ ကျမ်းများကိုပြန်လည် မချေပနိုင်တော့တဲ့ အတွက် ခရစ်သက္ကရာဇ် အေဒီ(၉၀)ခုနှစ်မှာ ဂျဲမီဏီးယားမြို့တွင် ဂျူး ဘာသာရေးခေါင်းဆောင်များဟာ ဂျူးလူမျိုးများ ညီလာခံအစည်းဝေးကြီး ပြုလုပ်ခဲ့ကြပြီး၊ အဲ့ဒီ ညီလာခံ အစည်းဝေးမှာပဲ မိမိတို့နှစ်ပေါင်း ၄၀၀ကျော်မျှ လက်ခံလာခဲ့ကြတဲ့ တရားဝင် ဒီသမ္မာကျမ်းစာများကို နိုင်ငံခြား တိုင်းတစ်ပါးမှာ ဖြစ်ပျက်ခဲ့သော ကျမ်းများဖြစ်သည်ဟု ဆိုကာ အဓိက ကျမ်းကြီး (၇)ကျမ်းနဲ့ အချို့သော ကျမ်းများမှ ကျမ်းပိုဒ်အချို့ကို ဟေဗြဲ ကျမ်းစာအုပ်ထဲမှ တစ်ခဲနက် တရားဝင် ပယ်ချ ပစ်လိုက် ကြပါတော့တယ်။ အဲဒီ အချိန်ကစပြီး ဂရိစကား ပြော ဂျူးတွေရဲ့ ဆဲလပ်တွာဂျင် သမ္မာကျမ်းထဲမှာ ဓမ္မဟောင်းကျမ်း (၄၆)ကျမ်း ရှိနေခဲ့ပေမယ့် ဟေဗြဲ ဂျူးစစ်စစ် ဂျူးစကားပြော ဂျူးတွေရဲ့ ဟေဗြဲ ဓမ္မဟောင်းသမ္မာ ကျမ်းထဲမှာတော့ (၃၉) ကျမ်းသာ ကျန်ပါတော့တယ်။ ခရစ်ယာန်များ လက်ကိုင်ပြုထားတဲ့ ဆဲပ်တွာဂျင် ဂရိဘာသာနဲ့ ရေးသားထားတဲ့ (၄၆)ကျမ်းကို အမိကက်သလစ် သာသနာတော်ကြီး အနေနဲ့ သစ္စာရှိရှိ ဆက်လက် ယုံကြည် လက်ခံလျှက် ရှိနေပါတယ်။ ခရစ်ယာန် တွေရဲ့ မူရင်းကျမ်းစာမှာ ဂရိဘာသာစကားဖြင့် ရေးသားထားတဲ့ ဆဲပ်တွာဂျင် ကျမ်းစာအုပ်ပဲဖြစ် ပါတယ်။ ဟေဗြဲကျမ်း မဟုတ်ပါ။ ဓမ္မသစ်ကျမ်း (၂၇)စောင်လုံးမှာလည်း ကျမ်းရေးပုဂ္ဂိုလ်များ က ဂရိဘာသာ စကားများဖြင့်သာ ရေးသား တော်မူခဲ့ကြပါတယ်။ ဟေဗြဲ ဘာသာရပ်နဲ့ရေးသားတော် မမူခဲ့ကြပါ။ ခရစ်သက္ကရာဇ် (၃၈၂) ခုနှစ် ရာစုအားဖြင့် (၄)ရာစုတွင် ရဟန္တာသူတော်မြတ် စိန်ဂျေရုမ်း အရှင်မြတ်မှ ဂရိဘာသာ စကားမှ လက်တင်ဘာသာ စကားသို့ ဘာသာပြန်ဆိုခဲ့တဲ့ ဗားလ်ဂိတ် သမ္မာကျမ်းစာတော်မြတ် ထဲမှာ ဂျူးလူမျိုးများ ပယ်ခဲ့တဲ့ ဒီကျမ်းများကို ခရစ်ယာန်တိုင်း သိဖို့အတွက် အပိုင်းလိုက် သီးသန့် ဘာသာပြန်ဆိုဖော်ပြထားတာ တွေ့နိုင်ပါတယ်။

    ခရစ်သက္ကရာဇ် (၁၅၂၄)ခုနှစ်နောက်ပိုင်း၊ အမိ ကက်သလစ်အသင်းတော်ကြီးမှ မာတင်လူသားရဲ့ ပရိုတက်စတန် ခရစ်ယာန်အသင်းခွဲ ထွက်သွားတဲ့ အခါကျမှ ဒို့က ကက်သလစ် မဟုတ်တော့ဘူးဆိုတာကို ပြသည့် အနေဖြင့် အမိ အသင်းတော် အခြေပြုထားတဲ့ ဆဲပ်တွာဂျင် ကျမ်းစာအုပ်ကို ပယ်ပြီး ဂျူးစစ်စစ် ဂျူးဘာသာဝင်တို့ အသုံးပြုသည့် ဟေဗြဲကျမ်းစာအုပ်ကို အခြေပြုလိုက်တဲ့အတွက် ပရိုတက်စတန် ခရစ်ယာန် သမ္မာကျမ်းစာအုပ်ထဲမှာ ဓမ္မဟောင်း ကျမ်း(၄၆)ကျမ်း မရှိတော့ဘဲ (၃၉)ကျမ်းသာ ကျန်ပါတော့တယ်။

    မာတင်လူသာရဲ့ နောက်လိုက်များမှ ဓမ္မဟောင်းကျမ်း အချို့ကို ပယ်လိုက်ရုံ သာမက ဓမ္မသစ်ကျမ်း အချို့ကိုလည်း ပယ်ခဲ့ကြပြန် ပါ တယ်။ လူသာရဲ့ အသင်းက ပယ်လိုက်တဲ့ ဓမ္မသစ်ကျမ်း တစ်ချို့ကတော့-
(၁) ရှင်ယောဟန် သြ၀ါဒစာများ၊
(၂) ဟေဗြဲသြ၀ါဒစာ၊
(၃) ရှင်ယုဒသြ၀ါဒစာ၊
(၄)ဗျာဒိတ်ကျမ်းများ ပဲဖြစ်ပါတယ်။ နောက်ပိုင်းကျမှ အခြားသော ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းခွဲများက ဓမ္မသစ်ကျမ်း (၂၇) စောင်လုံး လက်ခံခဲ့ကြလို့ လူသာရဲ့ပရိုတက်စတန် ခရစ်ယာန်အသင်း ဂိုဏ်းကလည်း မိမိတို့ပယ်ခဲ့တဲ့ ဓမ္မသစ်ကျမ်းများကို ပြန်လည် လက်ခံ လာခဲ့ကြပြန်တော့တယ်။ ဓမ္မဟောင်းကျမ်းကို တော့ ဟေဗြဲဘာသာ ဂျူးကျမ်းကိုပဲ လက်ခံနေတဲ့ အတွက် (၃၉)ကျမ်းသာ ကျန်နေပါတော့တယ်။

    ဒီလို ပါလက်စတိုင်းက ဂျူးများနဲ့ ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများက ဓမ္မ ဟောင်းကျမ်းမှ (၇)ကျမ်းနဲ့ အချို့သော ဓမ္မ ဟောင်းကျမ်းများမှ ကျမ်းပိုဒ်အချို့ကို ပယ်လိုက်ခြင်းအတွက် - အမိ ကက်သလစ်သာသနာ တော်ကြီးက မိမိရဲ့ ဘာသာဝင် သားသမီးများ သံသယမကင်း၊ မဖြစ်ရှိစေရန် အတွက် ခရစ် သက္ကရာဇ် (၁၅၄၆)ခုနှစ်မှာ တြင်းမြို့၌ သံဃာယနာတင် အစည်းအဝေးပွဲကြီး ပြုလုပ်ခဲ့ပြီး အဲဒီ သံဃာယနာတင် အစည်းအဝေးပွဲကြီးက ““ထိုကျမ်းများသည် အမိ ကက်သလစ်အသင်း တော်ကြီး အတွက်၊ တရားဝင်၍ သန့်ရှင်းသော သမ္မာကျမ်းစာများဖြစ်ကြောင်း အခြားသော ကျမ်းစာများနှင့် တန်းတူညီတူ လက်ခံ ရိုသေကြ ရမည်ဖြစ်ကြောင်း”” တရားဝင်အတိအလင်း ထုတ်ပြန် ကြေငြာပေးခဲ့ပြန်ပါတယ်။

    ကက်သလစ် ခရစ်ယာန်သာသနာ တော်ကြီးအတွက် ထပ်ဆင့် တရားဝင်ကျမ်းများ ဖြစ်ပေမယ့် ပရိုတက်စတန် ခရစ်ယာန်များနဲ့ ဟေဗြဲဘာသာဝင် ဂျူးလူမျိုးများ လက်မခံကြ တော့ပဲ ပါယ်ခဲ့ကြတဲ့ ဓမ္မဟောင်းပယ်ကျမ်း ကျမ်း(၇)ကျမ်းနဲ့ အချို့သောကျမ်းပိုဒ်များကတော့ (၁) တိုဘိယ၀တ္ထု၊ (၂) ယုဒိဿဝတ္ထု (၃) ပညာပါရမီကျမ်း၊ (၄) နီတိဒေသနာကျမ်း (၅) ဘာရုခ်အနာဂတ္တိကျမ်း ဒုတိယတွဲ၊ (၆) မက္ခာဘီ သမိုင်း ပထမတွဲ (၇) မက္ခာဘီသမိုင်း ဒုတိယတွဲ -စတဲ့ ကျမ်းကြီး (၇)ကျမ်းနဲ့ အချို့သောကျမ်း ပိုဒ်များဖြစ်တဲ့ ဒံယေလအနာဂတ္တိကျမ်းနဲ့ ဧဿတာဝတ္ထု ကျမ်းပိုဒ်များ ပဲဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်။

    ဘုရားသခင်ကောင်းချီးပေးပါစေ။
                                 ဘုန်းတော်ကြီး ဒိုမိနစ်ဂြိုလ်တု