Saturday, February 4, 2012

ချစ်စရာကောင်းသူဖြစ်ချင်ရင်

လူတစ်ယောက်ဟာ လေးစားမှုခံချင်ရင် မိမိကိုယ်ကို သူများလေးစားထိုက်အောင် နေထိုင်ပြုမူကျင့်ကြံရသလို အချစ်ခံချင်ရင်လည်း သူများချစ်ခင်လာအောင်ပြုမူပြောဆို နေထိုင်ရမှာအမှန်ပဲဖြစ်ပါတယ်။ သူတစ်ပါးက ကိုယ့်ကို ချစ်ခင်လာဖို့ဆိုတာ ပထမဦးစွာ အချစ် က ဘယ်ကစသလဲဆိုတာ သိထားဖို့လိုမယ်။အချစ်ကို တချို့က မျက်စိကစတယ်၊ တချို့က အသည်းနှလုံးကစတယ် စသဖြင့် အဓိပ္ပာယ် အမျိုးမျိုးကောက်ကြပါတယ်။ အမှန်တော့ အချစ် ကို စတာဟာ လူရဲ့အာရုံငါးပါးမှာ တစ်ပါးပါးက စတင်ပြီး ဦးနှောက်ကနေ ဆုံးဖြတ်လက်ခံပေး ခြင်းလို့ဆိုနိုင်ပါတယ်။ ဒီနေရာမှာဘာဖြစ်လို့ အသည်းနှလုံးကိုမထည့်ရသလဲဆိုတော့ အသည်း နှလုံးမှာ အာရုံခံငါးပါးထဲပါဝင်မှုမရှိဘူး။ နောက် ပြီး စဉ်းစား ဆုံးဖြတ်တဲ့နေရာမှာလည်း ပါဝင်မှုမရှိ တာကြောင့်ဖြစ် ပါတယ်။ နှလုံးကို အစားထိုးကုတဲ့သူ၊ ဒါမှမဟုတ် နှလုံးကို စက်နဲ့အစားထိုး ထားတဲ့လူတွေမှာလည်း အချစ်ရှိကြတာ ပဲ။ နှလုံးရောဂါရှိပေမဲ့ အချစ်ကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ဦးနှောက်ပျက်သွားရင်တော့ အချစ်ကိုထိခိုက်သွားတော့တာပဲ။ လူတွေဟာ အချစ်နဲ့ ပတ်သက်ပြီး အသည်းနှလုံးကို တင်စားပြောထားခြင်း သာဖြစ်ပါတယ်။ အင်္ဂလိပ်စကား မှာ တော့"LOVE" "ချစ်သော" နဲ့ "LIKE" "ကြိုက်သည်"ကို ခွဲသုံးပေမယ့် မြန်မာစကားမှာတော့ ချစ်တယ်၊ ကြိုက်တယ်၊ နှစ်သက်တယ်၊ မြတ်နိုးတယ် စတာတွေ ကို ရောသုံးလေ့ရှိကြပါတယ်။ အချစ်မှာလည်း အမျိုးမျိုး ခွဲခြားထားပါတယ်။ အရာဝတ္ထုကိုချစ်တဲ့အချစ်၊ တိရိစ္ဆာန်ကိုချစ်တဲ့ အချစ်နဲ့ လူလူချင်းချစ်တဲ့အချစ်။ လူလူချင်းချစ်တဲ့အချစ်ကိုမှ ထပ်ဆင့်ခွဲထားသေးတယ်။ သူငယ်ချင်းအချစ်၊ ညီအစ်ကိုမောင်နှမအချစ်၊ သမီးရည်းစား၊ အကြင်လင်မယားအချစ် ဆိုပြီး အမျိုးမျိုးခွဲခြားလို့ပေါ့။ ဘယ်လိုအချစ်ပဲဖြစ်ဖြစ် အာရုံငါးပါးမှာတစ်ပါးပါးက စတင်ပြီး ဦးနှောက်ဆီကိုပို့ပေးလို့ ဦးနှောက်ကနေဆုံးဖြတ်လက်ခံပေးခြင်းအားဖြင့် အချစ်ဆိုတာဖြစ် ပေါ်လာပါတယ်။

ကျွန်တော်တို့ဟာ ကက်ဆက်တစ်လုံးကို နှစ်သက်တယ်ဆိုကြပါစို့။ ဒီကက်ဆက်ကို ဘာဖြစ်လို့ မြတ်နိုးရတာလဲဆိုရင် လှလို့ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်အသံကြည်လို့ဖြစ် ချင်ဖြစ်မယ်။ လှလို့နှစ်သက်တယ် ဆိုရင် အမြင်အာရုံမျက်စိကနေ ဦးနှောက်ဆီပို့ပေးလိုက် ပြီး ဦးနှောက်ကနေ နှစ်သက်တယ်လို့ဆုံးဖြတ်ချက်ချခြင်းကြောင့် နှစ်သက်မြတ်နိုးခြင်းဖြစ် ပေါ်လာတယ်။ အကယ်၍ ကက်ဆက်က အသံကြည်လို့ ကြိုက်တယ်ဆိုရင် အကြားအာရုံ (နား) ကနေ ဦးနှောက်ဆီပို့ပေးပြီး ဦးနှောက်ကနေ ဆုံးဖြတ်ချက်ချကာ ဒီကက်ဆက်ကိုကြိုက် နှစ်သက်သွားတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဆိုဖာတစ်ခုကို ကြိုက်တယ်ဆိုရင် ဆိုဖာ ပေါ်တွင် ထိုင်တာ၊ လဲလျောင်းတာတို့ကို ပြုလုပ်ရန်အတွက်ရည်ရွယ်ပြီး ကြိုက်နှစ်သက် ခြင်းဖြစ်တယ်။ ဒါဆိုလျှင် အထိအတွေ့ အာရုံခံစားမှုကနေ ဦးနှောက်ဆီကို သတင်းပို့ပြီး ဦးနှောက်က ဆုံးဖြတ်ချက်ချခြင်းကြောင့်ဖြစ်ပေါ်လာပါတယ်။ ရေမွှေးပုလင်းတွေကို ကြိုက် တယ်ဆိုရင် ရေမွှေးရဲ့ အနံ့ကို ကျွန်တော်တို့ရဲ့ အနံ့ခံအာရုံ (နှာခေါင်း) ကနေ ဦးနှောက်ဆီ ပို့ပေးပြီး ဦးနှောက်က ဆုံးဖြတ်ချက်ချပေးခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းဆိုတာအာရုံခံငါးပါးက အနည်းဆုံးတစ်ပါးပါးနဲ့ ဦးနှောက်ရဲ့ ဆက်သွယ် မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ဟာ အချစ်ခံချင်ရင် သူတစ်ပါးရဲ့ အာရုံခံငါးပါးကို နှစ်သိမ့်မှု ပေးနိုင်ရမယ်။ နံပါတ် (၁) အကြားအာရုံဖြစ်တဲ့ အပြောအဆိုမှာ ညင်သာစွာဖြင့် ယဉ်ကျေး သော စကားလုံးများကို ပြောဆိုရမယ်။ မိမိလုပ်တဲ့လုပ်ငန်းတွေဟာ ကောင်းမွန်ရမယ်။ ဒါမှသာ မိမိရဲ့သတင်းကို သူတစ်ပါးကြားရင် ချစ်ခင်နှစ်သက်မှုကိုပေးမှာဖြစ်တယ်။ (၂) အမြင်အာရုံနဲ့ပတ်သက်လို့ရုပ်ပိုင်းဆိုင်ရာ၊ အ၀တ်အစား ၀တ်ဆင်မှုမှာ သပ်ရပ်မှုရှိရမယ်။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖီးရမယ်။ လှုပ်ရှားပြုမူပုံ (Manner) ပြေပြစ်ရမယ်၊ မရိုင်းစိုင်းရဘူး၊ အနေအထိုင်၊ လုပ်ငန်းတွေမှာ စည်းစနစ်ရှိရမယ်။ (၃) အထိအတွေ့ အာရုံနဲ့ ပတ်သက်လို့ ပေါင်းသင်းဆက်ဆံရာမှာ ညင်သာမှုရှိရမယ်။ တစ်ဖက်သားကိုလေးစား ရမယ်။ (၄) အနံ့ အာရုံနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရမယ်။ သနပ်ခါး အနံ့ လေးဖြင့် သင်းပျံ့နေတဲ့သူအနားမှာ ကပ်ထိုင်ချင်ပေမဲ့ ချွေးနံ့နံစော်နေတဲ့ သူအနားကိုတော့ ဘယ်သူမှ ကပ်ထိုင်ချင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ အချစ်ခံချင်ရင် အလွန်အရေးကြီးတဲ့ စိတ်နှလုံးဖြူစင်ခြင်း ပါရမီ ကိုကျင့်ပြီး ဒီအာရုံခံတွေရဲ့နှစ်သိမ့်မှုကို တစ်ပါးသူအားဖြည့်ဆည်းပေးရင် သူ့ဆီကအချစ်ကို သင်ရယူ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့စိတ်ထားမရှိရင် ကျွန်တော်တို့ ရရှိတဲ့အချစ်တွေ မကြာမီကျွန်တော်တို့ဆီက ထွက်ခွာသွားပါလိမ့်မယ်။ အခု ပြောခဲ့တဲ့အရာတွေထက် ပို ချစ်စရာကောင်းတဲ့ အရည်ချင်းပိုင်ရှင်တွေကတော့ သူတစ်ပါး အကျိုးအများကြီးဆောင်ရွက်ခဲ့တဲ့သူတွေပါ။ ဥပမာ ရဟန္တာများကို ဆိုလိုပါတယ်။ သူတို့ဟာ အရောင်အရှိန်မရှိ၊ အလှအပမရှိ၊ တစ်ခါတရံ စုတ်ပြက်နေချင်နေမယ်။ ဒါပေမယ့် သူတို့မှာ တစ်ဖက်သားစိတ်ရဲ့အာရုံနဲ့ ခံစားသိရှိနိုင်တဲ့ စိတ်မျက်စိနဲ့မြင်နိုင်တဲ့ အလှတရားတွေ၊ အရည်သွေးတွေရှိနေလို့ပါပဲ။ ဒီတော့ ချစ်စရာကောင်းသူဖြစ်ချင်ရင် ချစ်စရာကောင်း သူဖြစ် အောင်နေ ရမှာပဲလို့ဆို ရပါမယ်။

ကိုရင်ဘောစကို စိုးလင်း