Tuesday, January 24, 2012

ခရစ်ယာန်ဘာသာဝင်များရဲ့ အမျိုးသမီးတွေအပေါ်ထားရှိတဲ့သဘောထားများ

    ခရစ်ယာန်ဘာသာဝင်များအနေနဲ့ အမျိုးသမီးများအပေါ်မှာထားရှိတဲ့ သဘော တရားတွေက အမျိုးသမီးများဟာ မိမိခင်ပွန်း သည်တို့ရဲ့ ရပိုင်ခွင့်တွေကိုထောက်ခံအားပေး ရမှာဖြစ်သလို၊ ခင်ပွန်းသည်ရဲ့ အုပ်ထိန်းမှု အောက်မှာ ရှိနေရမှာဖြစ်ပါတယ်။ နောက်ပြီး ခင်ပွန်းသည် အချင်းချင်းတစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ရိုသေလေးစာမှုပြပြီး အကူအညီ ပေးရမှာဖြစ်သလို အမျိုးသမီးများရဲ့မိသားစုနဲ့ ယာက္ခမများက နားလည်စွာနဲ့လွတ်လပ်ခွင့် ပေးထားခြင်းကိုလည်း ခံကြရပါတယ်။

      မိသားစုတစ်ခု ထဲကိုရောက်ရှိသွားတဲ့ ခရစ်ယာန် အမျိုးသမီးတစ်ဦးအတွက် ချွေးမ တစ်ဦးဖြစ်သည့်တိုင် အိမ်ထောင်စုရဲ့နောက် ကွယ် မှနေရမယ်ဆိုတဲ့ ထုံးစံတော့ မရှိပါဘူး။ မိမိရဲ့ အိမ်ထောင်ရှင် ခင်ပွန်းသည်နဲ့ လွတ်လပ်စွာသွားလာပြီး လင်မယားချင်း ပွင့်လင်းစွာ ဆက်ဆံရမယ့် ၀တ္တရားရှိတယ်ဆိုတာကိုလည်း နားလည် ပြီးသားဖြစ်ပါတယ်။
 

       ခရစ်ယာန် အမျိုးသမီးတွေ အနေနဲ့ အိမ် ထောင်ဖက်ရွေးချယ်တဲ့ အခါမှာ ဘာသာတရားကို ဦးစားပေးပြီးရွေးချယ် ရမှာဖြစ် သလို မိဘ တွေရဲ့ စီမံရာအတိုင်း လိုက်နာကြတဲ့ အမျိုးသမီး များလည်း ရှိကြပါတယ်။ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတစ်ဦးအတွက် အိမ်ထောင်ပြုပြီး လက်ထပ်ပြီးရင် လင်မယား ကွာရှင်းခြင်း ဆိုတာ လုံးဝ ပြုလုပ်လို့ မရတော့ပါ၊ အသင်းတော် တစ်ခုခုရဲ့ ဘုန်းတော်ကြီး၊ သင်းအုပ်ဆရာရဲ့ရှေ့ မျက် မှောက်မှာပြုလုပ်ခဲ့တဲ့ လက်ထပ်ခြင်းဟာ ဘုရား ရှေ့မှာ ထာဝရ အဖြစ်သစ္စာဆိုပြီးသားဖြစ်လို့ ကွာရှင်းပြတ်စဲခွင့်ကို အသင်းတော်က ခွင့်မပြုပါဘူး။ အထူးသဖြင့် ကက်သလစ် ခရစ်ယာန် တွေအနေနဲ့ အမျိုးသမီးတစ်ဦး အိမ်ထောင်ကျ ပြီးရင် မိမိရဲ့ခင်ပွန်းသည် ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ်၊ အသက်ထက်ဆုံးပေါင်းသင်းသွား ရမယ့် ဥပဒေ ရှိပါတယ်။ စိတ်သဘောထားချင်း မတိုက် ဆိုင်လို့ တရားရုံးမှာ ကွာရှင်းပြတ်စဲသည့်တိုင် ဘာသာရေးအရ လင်မယား ကွာရှင်းပြတ်စဲ ခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ခရစ်တော် ကိုယ်တိုင် ပညတ်ခဲ့တဲ့ ““ဘုရားသခင် ဖက်စပ်ထား သောအရာကို လူသည် မခွဲခွါစေနှင့်”” ဆိုတဲ့ ပညတ်ချက်ကို အသင်းတော်က အတိအကျ လိုက်နာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

    ခရစ်ယာန် အမျိုးသမီးများအနေနဲ့ ခရစ်ယာန်ဘာသာရေး သွန်သင်ချက်များအရ မိမိတို့ရဲ့ အမျိုးသမီးဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး စာရိတ္တကောင်းမွန်တဲ့ အမျိုးသမီးအဖြစ် နေထိုင်ရမှာဖြစ်တဲ့ အပြင် အိမ်ထောင်သည် အမျိုး သမီးများအနေနဲ့ မိမိတို့ မိသားစုအတွင်းမှာ သာယာတဲ့ ခရစ်ယာန် အိမ်ထောင်ကို ဖန်တီး နိုင်တဲ့ အိမ်ထောင်ရှင် မကောင်းတစ်ဦးအဖြစ် နေနိုင်ဖို့ ဘာသာရေးကို အထူး ဦးစားပေးရမှာ ဖြစ်ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက် မိမိတို့ရဲ့ အိမ်ထောင်ရှိရာနေရာ၊ သား သမီးများနဲ့အတူ တကွနေထိုင်ခြင်း၊ အိမ်ထောင်ဖက် ခင်ပွန်းသည်နှင့် နားလည်မှုနဲ့ လွတ်လပ် ပွင့်လင်းစွာ ဆက်ဆံခြင်းအားဖြင့် စစ်မှန်သော အိမ်ထောင်နဲ့ လုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရစ်ယာန် အိမ်ထောင်တစ်ခုကို တည်ဆောက် နိုင်မှာဖြစ်ပါတယ်။

    သမ္မာကျမ်းစာကို အခြေခံပြီး အမျိုးသမီးများရဲ့ လုပ်နိုင် ကိုင်နိုင်စွမ်းရည်ဖြစ်တဲ့ အမျိုးသားများနဲ့ တန်းတူ လုပ်ကိုင်နိုင်တဲ့ လုပ်ငန်း၊ မိသားစုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အကူအညီ လိုအပ်နေသူကို ဂရုဏာရေးလုပ်ငန်း တွေနဲ့ ကူညီပေးခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အခွင့်အရေးတွေ ရှိကြပါတယ်။

   ဘာသာရေး လှုပ်ရှားမှုတွေမှာတော့ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးများဟာ ဘာသာရေးနှင့် ပက်သက်တဲ့ ကဏ္ဍတိုင်းမှာ        အသင်းတော်က သတ်မှတ်ထားတဲ့ အတိုင်းအတာ အထိ ပါဝင် လှုပ်ရှားခွင့်တွေ ရှိကြပါတယ်။ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးများအတွက် အိမ်ထောင်ပြုခြင်းဟာ မဖြစ် မနေပြုရမယ့် အရာတစ်ခု အဖြစ်တော့ သတ်မှတ်ထားချက် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန် ဘာသာဝင် အမျိုးသမီးများအနေနဲ့ ပညာရေးကို ဦးစားပေး သင်ကြားပြီး သူနာပြုဆရာမ၊ ဆရာဝန်၊ ကျောင်းဆရာမ စတဲ့ အမှုထမ်းဘ၀နဲ့ မိမိတို့ ရဲ့ ဘ၀ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတဲ့ အတွက် ကြောင့်ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များ အနေနဲ့ အမျိုးသမီးများကို အဆိုးမြင် သဘောမျိုးမရှိဘဲ သူ့နေရာနဲ့ သူတလေး တစား ဆက်ဆံ ကြပါတယ်။


           မမာလာ(RVA-ထုတ်လွှင့်ချက်မှ)