Saturday, December 29, 2012
အရေခြုံမှုသတိပြု
    လာမယ့်နှစ်သစ်မှာ တစ်နေ့ပြီး တစ်နေ့ ဘာမှ Programme အစီအစဉ် မရှိဘဲ ရွေ့လျားနေမယ့် အစား တစ်နှစ်လုံး အတွက် ဘာလုပ်ရမယ်၊ ဘာကို ဦးတည်ပြီး ဘာဆွတ်ခူးမယ် ဆိုတဲ့ စီမံကိန်း တစ်ခုခုချ မှတ်ထားပြီး မျက်ခြည် မပြတ်လုပ်ကိုင် သွားရင် ကျေနပ်မှု ရမှာမလွဲပါ။
ကျွန်ုပ်ရှေ့ အရင် ဒုက္ခ အခက်အခဲ အမျိုးမျိုးကို သာမက နာကျင် လှတဲ့ဝေဒနာ ဖက်တဲ့ သေခြင်းမျိုးကို လက်ခံခဲ့တဲ့ ခရစ် တော်နှင့် ဆိုရင် ဒုက္ခ ဆင်းရဲဟာ ဆူးငြှောင့် ခလုတ် မဟုတ်တော့ပဲ ပန်းတိုင်၊ ခရစ်တော်နှင့်လျှောက်သော သူသည် မိမိ ခန္ဓာ ကိုယ်ဆုံး ရှုံးလျှင် ဆုံးရှုံးလိမ့်မည်။ သို့ သော် သီလ ပါရမီ မဆုံးရှုံးရာ။ ခရစ်တော်နှင့် ဘ၀ကို အတူ ရုန်းကန်သော သူသည် မိမိ အသက် ဆုံးကောင်းဆုံး လိမ့်မည်။ သို့သော် ဘယ်သောအခါမှ မိမိအသက် ၀ိညာဉ် မဆုံးရှုံးနိုင်ပါ။ ခရစ်တော်ကို မျက်ခြည် အပြတ် မခံသော ပုဂ္ဂိုလ်သည်  ကားတိုင်တော်၏ အမှောင်ရိပ်ကို ထိုးဖောက်ပြီး ရှင်ပြန် ထမြောက်ခြင်း အာရုံချိန်၏ ရောင်ခြည်ကို မြင်နေရ၏။ ဒါဝိဒ်မင်းကြီးဟာ ရန်သူ ဖိလိတ္တိတို့ရဲ့ အန္တရာယ်နှင့် ရင်ဆိုင်ရချိန် ဘုရားသခင်ကို အားကိုး အားထားခဲ့တဲ့မေတ္တာကို ဆာလံကျမ်း ၅၆ မှာ ဖတ်ရှုကြပါစို့။
ညှင်းပန်းနှိပ်စက်မှုအောက်တွင် ဘုရားသခင်ကို ယုံကြည်အားကိုးခြင်း
အို ဘုရားသခင်၊ တပည့်တော်ကို သနားတော်မူပါ။ အကြောင်းမူကား၊ လူတို့သည်  တပည့်တော်နောက်သို့ အပြင်း အထန်လိုက်၍ တစ်နေ့လုံး တပည့်တော်ကို အနိုင်အထက် တိုက်ခိုက်ကြပါ၏။ တပည့်တော်၏ အသရေဖျက်သူများသည် တပည့်တော် နောက်သို့ တစ်နေ့လုံးလိုက်၍၊ အများကပင် မာန ထောင်လွှားလျှက် တပည့်တော်ကို တိုက်ခိုက်ကြပါ၏။ တပည့် တော်သည် ကြောက်လန့်သော အခါ၊ ကိုယ်တော်ကို ယုံကြည် အားထားပါမည်။ ငါ ချီးမွမ်းထောမနာပြုသော ကတိတော်ရှင် ထာဝရဘုရားကို ငါ ယုံကြည်အားထား ပါ၏။ ငါသည် ကြောက်လန့်လိမ့်မည် မဟုတ်။ သေ မျိုးဖြစ်သောသူသည် ငါ့ကို မည်သို့ပြုနိုင် မည်နည်း။ သူတို့သည် ငါ၏ စကားများကို လိမ်လည် လှည့်ပတ်၍၊ ပြောဆိုကြ၏။ ငါ့ကို အန္တရာယ်ပြုရန် အမြဲကြံစည် နေကြ၏။ သူတို့သည် ပူးပေါင်းကြံစည်ကြပြီး၊ ငါ၏
ခြေလှမ်းများ ကိုချောင်းမြောင်းနေကြ၏။ ငါ၏အသက်ကို သတ်လိုစိတ် ပြင်းပြနေကြ၏။ ထိုသူတို့ကို မည် သည့် အကြောင်းပြချက်နှင့်မျှ လွတ်မြောက်စေတော် မမူပါနှင့်။ အိုဘုရားသခင် ကိုယ်တော်၏အမျက်တော် ၌ လူမျိုးတကာတို့ကို အရေးနိမ့်စေတော်မူပါ။ တပည့်တော်၏ ငိုကြွေးမြည်တမ်းသံကို မှတ်တမ်းတင် တော်မူပါ။ တပည့်တော်၏ မျက်ရည်များကို ကိုယ် တော်၏ ပေရွက်လိပ်ပေါ်တွင် စာရင်းပြုတော်မူပါ။ ထိုမျက်ရည်များ သည် ကိုယ်တော်၏ မှတ်တမ်းတွင် ရှိသည် မဟုတ်ပါလော။ ကယ်တော်မူပါရန် ငါတောင်း လျှောက်သောအခါ ငါ၏ ရန်သူများသည် လှည့်ပြေး ကြရလိမ့်မည်။ ဤအချက်အားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ ရှိသည်ကို ငါသိရလိမ့်မည်။ ငါချီးမွမ်း ထောမနာပြုသော ကတိတော်ရှင် ဘုရားသခင်၊ ငါချီး မွမ်းထောမနာပြုသော ကတိတော်ရှင် ထာဝရဘုရား။ ထိုဘုရားသခင်ကို ငါယုံကြည် အားကိုးပါ၏။ ငါ သည် ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။ အိုဘုရားသခင် တပည့်တော် သည် ကိုယ်တော်ထံ ကတိသစ္စာပြုထားသူဖြစ်ပါ၏။ တပည့်တော်သည် ကျေးဇူးတော် ချီးမွမ်းရာ ယဇ်ကို ကိုယ်တော်အား ဆက်ကပ်အပ်နှံပါမည်။ အကြောင်း မူကား၊ ကိုယ်တော်သည် တပည့်တော်၏ ၀ိညာဉ်ကို သေခြင်းမှလည်းကောင်း၊ တပည့်တော်၏ခြေကိုချော် လဲခြင်းမှ လည်းကောင်း ကယ်တင်တော်မူ ခဲ့လေပြီ။ ဤနည်းဖြင့် တပည့်တော်သည် ဘုရားသခင်၏ရှေ့ တော်ဝယ် အသက်၏ အလင်းတော်၌  လျှောက်လှမ်း နိုင်ပေလိမ့်မည်။
 RVA ထုတ်လွှင့်ချက်မှ
Read More...
Thursday, December 27, 2012
သူ့ကြောင့်
ဆင်းကြွလာတဲ့ သူငယ်လေးကြောင့်
အေးစက်တဲ့ ဆောင်းညတွေဟာ
ငြိမ်သက်လို့ . . .
ဆင်းကြွလာတဲ့ သူငယ်လေးကြောင့်
အပြစ်ရဲ့ချည်နှောင်ရစ်ဖွဲ့မှုတွေ
ဖြေဖျောက်လို့ . . .
ဆင်းကြွလာတဲ့ သူငယ်လေးကြောင့်
အမှောင်မှအလင်း အမုန်းမှအချစ်သို့
ကူးပြောင်းလို့ . . .
ဆင်းကြွလာတဲ့ သူငယ်လေးကြောင့်
အေးစက်မာကျောတဲ့ ငါ့နှလုံးသားတောင်
နွေးထွေးပျော့ပြောင်းလို့လာပြီ။    ။
                   အသက်(ကလေး)
Read More...
Tuesday, December 25, 2012
ခရစ္စမတ်နဲ့ အတူမျှော်တဲ့သူ
            အတ္တတွေအား        လက်ကိုင်ထားလို့
            ချစ်ရသူမှာ        ချစ်နေတာကို
            အမုန်းတွေအား    ပေးကာထားပြီး
            ရှောင်ကာအဝေး    ထွက်ခွာပြေးသူ
            မင်းလေးဘ၀        ဆိုးဒုက္ခကို
            ခံစားလို့နေ        ကြုံရချိန်မှာ
            ချစ်ခြင်းနဲ့သာ        မျှော်နေရှာပြီး
            ကောင်းကြီးများစွာ    ပေးဖို့လာတဲ့
            တို့ရဲ့သခင်        ကယ်တင်ရှင်ဟာ
            မြို့ဗက်သလင်        တင်းကုပ်ထဲတွင်
            နွားရဲ့စားခွက်        ကောက်ရိုးထက်၌
            လောကလူသား    တို့အများတွက်
            ဒီဆောင်းရဲ့လ        သန်းခေါင်ညမှာ
            လူ့ဖြစ်ယူကာ        မွေးဖွါးလာပြီ .....
            အိုအချစ်ခံရသောသူ
            နောင်တအမှား    စွန့်ကာထားပြီး
            ပျှော်ရွှင်ချစ်ခြင်း    ငြိမ်သက်ခြင်းကို
            မင်းလေးဘ၀        ခံစားရဖို့
            ခိုနားလှဲ့ပါ        ငါ့ရင်မှာဟု
            နှိမ့်ကျဘ၀        စောင့်ကြိုရတဲ့
            ခရစ္စမတ်နဲ့အတူ    မျှော်တဲ့သူထံ
            ပြေးလာခဲ့ပါ        ခရစ္စမတ်ခါ
            ချစ်သခင်လေး        စောင့်လို့နေမှာ။    ။
                                       J.လမင်းလေး
Read More...
Monday, December 24, 2012
ခရစ္စမတ်နှုတ်ခွန်းဆက်လွှာ
Read More...
Wednesday, December 19, 2012
ခရစ္စမတ်ဆိုတာ ပေးဆပ်ခြင်းပွဲပါ
    မိတ်ဆွေအားလုံးကို မင်္ဂလာ ခရစ္စမတ်ရက် မြတ်ဖြစ်ပါစေလို့ ဦးစွာ ပထမနှုတ်ခွန်း ဆက်သလိုက် ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ခရစ္စမတ်ပွဲကို ကျင်းပ နေကြပါတယ်။ ခရစ္စမတ်ပွဲတော်ကို ဘယ်လိုပဲ ကျင်းပ ကျင်းပ မရိုးနိုင်တဲ့ ခရစ္စမတ်ရဲ့ ဖြစ်အင် ခရစ္စမတ်မြင်ကွင်း ကတော့ ထာဝရ သစ်ဆန်းနေလျှက်ပါပဲ။
    မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ ခရစ်ယာန်တွေရဲ့ အိမ်တွေမှာ၊ ဘုရားရှိခိုးကျောင်းတွေ မှာ ကြယ်တွေကိုနေရာ အနှံ့ ချိတ်ဆွဲထားတာတွေ့ ရပါလိမ့်မယ်။ ဘုရားကျောင်းတွေ အတွင်းမှာဖြစ်ဖြစ်၊ ဘုရားကျောင်း ၀င်းထဲမှာဖြစ်ဖြစ် သူငယ်တော်ယေဇူး လေးရဲ့ ဖွားတော်မူခန်းကိုတွေ့မြင် ရပါလိမ့်မယ်။ အဲ့ဒီ ဖွားတော်မူခန်းထဲမှာ အ၀တ်နဲ့ ရစ်ပတ်ပြီး နွားစားခွက် ပေါ်မှာ လျောင်းနေတဲ့ သူငယ်တော်၊ မယ်တော် မာရီယား၊ သံဇူဇယ်နဲ့ သိုးထိန်းလေးများကို တွေ့မြင်ရပါလိမ့်မယ်။ သူငယ်တော်မွေးဖွားရာ လှိုင်ဂူတော်ပေါ်မှာ တော့ “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်အား ဘုန်း တော်ဂုဏ်တော် ရှိစေသတည်း” ဆိုတဲ့ စာတန်းကိုကိုင် ထားတဲ့ကောင်းကင် တမန်တော်များကိုလည်း မြင်နိုင် ပါတယ်။ ဒီမြင်ကွင်းတွေက နှစ်တိုင်းမြင်နေကျမို့ ရိုးနေမှာပါ။ ဒါပေမယ့် သေသေချာချာ ဆန်းစစ်ကြည့်မယ် ဆိုရင် ဒီသင်္ကေတ အားလုံးမှာ ပြည့်ဝတဲ့ အနက် အဓိပ္ပါယ်ရှိပါတယ်။ အဲဒါတွေကတော့ နွားစားခွက် မှာလျောင်းနေတဲ့ သူငယ်တော်လေးဟာ ဘယ်လို ပုဂ္ဂိုလ် ဖြစ်သလဲ၊ ဘယ်သူဘယ်ဝါလဲ ဆိုတာကို ညွှန်းနေခြင်း ဖြစ်ပါတယ်။ ဒီသင်္ကေတတွေရဲ့ အနက်ကို မိတ်ဆွေတို့ နဲ့ ဝေမျှပါရစေ။
    ကယ်တင်ရှင် ဘုရားသခင်ဟာ ဘာဖြစ်လို့ နွားစားခွက်ထဲမှာ မွေးဖွားခြင်းခံရတာလဲ ဆိုတာကို ဦးစွာ ပထမဝေမျှ ချင်ပါတယ်။ ဘုရားရဲ့ သားတော်ဟာ လူ့အဖြစ်ကိုယူပြီး လူတွေကို ကယ်တင်တယ်ဆိုတာ နေ့ချင်း ညချင်းဗြုန်းဒိုင်း နဲ့ ထဖြစ်လာတဲ့ကိစ္စ မဟုတ်ပါဘူး ဘုရားသခင်ဟာ သူရဲ့ သားတော်ကို လောကသားတို့ အတွက်စေလွှတ်မယ် ဆိုပြီးနှစ်ပေါင်းများစွာကတည်းက ပရောဖက်များက တဆင့် ကြိုတင်ဟောကြား ထားခဲ့ပါတယ်။ မိမိတို့ရဲ့ ဘုရားသခင်ကို အသိမဲ့ကြတဲ့ အီဇရာအဲလ် လူမျိုးတွေကို ခရစ်တော် မပေါ်မှီ နှစ်ပေါင်း ၇၅၀ ခန့်ကပေါ်ခဲ့တဲ့ ပရောဖက်ဟေရှာယက ၁း၃ “နွားသည် မိမိအရှင်ကို သိ၏၊ မြည်းသည် မိမိအရှင်၏မြည်း ဇောင်းကို သိ၏။ အီဇရာအဲလ် အမျိုးသားတို့မူကား ငါ့ကို မသိကြ”၊ “နွားတွေမြည်းတွေလောက်မှ မသိတတ်ကြတဲ့ အီဇရာအဲလ် လူမျိုးတွေဟာ အခုတော့ သူငယ် တော်ယေဇူးလေးမွေးဖွားချိန်မှာ နွားတင်းကုပ်ကို လာကြတယ်။ နွားစားခွက်မှာ ရှိနေတဲ့ သူငယ်တော်ကို ဖူး မျှော်ဖို့ လာကြတယ်။ အဲ့ဒါကြောင့် သိုးထိန်းလေးများကို သူငယ်တော်မွေးဖွား တဲ့ နွားတင်းကုပ်မှာတွေ့ ရတာဖြစ်ပါတယ်။ တချိန်က ဘုရားသခင်ကို မသိခဲ့ကြ သူတွေဟာ အခုတော့ ဘုရားသခင်ကို သိလာကြပြီး အဲ့ဒီ ဘုရားသခင်ဟာ သူငယ်တော်ယေဇူးလေးပဲဖြစ်ပါတယ်။
    ခရစ်တော် မပေါ်မှီ နှစ်ပေါင်း ၆၂၀ ခန့်လောက်က ပရောဖက်ဟေရှာယရဲ့ ရှေ့ဖြစ် ကျမ်းစကားက တော့ အီဇရာအဲလ် လူမျိုးတို့ကို ကယ်တင်မဲ့ သခင်ကို တစိမ်းတစ်ယောက်လို တည်းခိုခန်းမှာ လာတည်းပြီး ထွက်မသွားဖို့ တောင်းပန် ထားတာကို ၁၄း၈ မှာ ဖတ်ရှု ရပါတယ်။ “အို အီဇရာအဲလ် အမျိုး၏မျှော်လင့်ရာ အို ကယ်တင်တော်မူသောသခင် ကိုယ်တော်သည် ကျွန်ုပ်တို့ပြည်၌ ဧည့်သည်ကဲ့သို့၎င်းင်း၊ တစ်ညဥ့်တာ အိပ်ခြင်းငှါ ၀င်သော ခရီးသွားကဲ့သို့၎င်းင်း အဘယ်ကြောင့် ဖြစ်တော်မူသနည်း” ဒီကျမ်းပိုဒ်ရဲ့ ညီးတွားသံကို ဖြေကြားဖို့ ကယ်တင်ရှင်ဟာ တည်းခိုးခန်းမှာ မွေးဖွားခြင်း မခံခဲ့ဘဲ သူ့ရဲ့လူမျိုးများနဲ့ တသွေးတည်း တသားတည်း ဖြစ်ဖို့အတွက် တင်းကုပ်ထဲမှာမွေးဖွားခံခဲ့ခြင်း ဖြစ်ပါတယ်။ ကယ်တင်ရှင် မိဘများကတော့ တည်းခိုခန်းမှာ နေရာ ရှာခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့အတွက် တည်းခိုခန်းမှာ နေရာ မရှိခဲ့ပါဘူး။ မှန်ပါတယ် ကယ်တင်ရှင်ဟာ လူ့လောကထဲကို ဧည့်သည်တစ်ယောက်၊ တစ်စိမ်း တစ်ယောက်အဖြစ် ၀င်လာတာ မဟုတ်ပါဘူး။ အီဇရာအဲလ်လူမျိုးတွေရဲ့ ဉာဏ်ပညာနှင့် အပြည့်စုံဆုံး၊ အချမ်းသာဆုံး စောလမုန်ဘုရင်ကြီးက ဉာဏ်ပညာကျမ်း ၇း၎-၅ “ငါသည်မွေးစကပင် အ၀တ်နှင့် ရစ်ပတ်၍ ပြုစုစောင့်ရှောက်ခြင်းကို ခံခဲ့ရ၏”လို့ ဉာဏ် ပညာကျမ်းမှာ ဆိုထားပါတယ်။ အဲဒါကြောင့် အ၀တ်နဲ့ ရစ်ပတ်ထားခံရတဲ့ သူငယ်တော်လေးဟာလည်း စောလမုန် ဘုရင်တစ်ပါးလို ပြုစုစောင့်ရှောက် ခံခဲ့ရတယ်။ အပယ်ခံ တစ်ယောက်လိုဖြစ်ကတတ်ဆန်း မွေးဖွား လာတာ မဟုတ်ပါဘူး။ ဘုရင်တစ်ပါးလိုပြုစု ခံခဲ့ရတာပါ။
    အဲဒါကြောင့် သံလုကားရဲ့ ဧ၀ံဂေလိကျမ်းပိုဒ်မှာ “သူငယ်တော်ကို အ၀တ်နှင့် ရစ်ပတ်ပြီးမှ ဧည့်သည်တည်းရာ ဇရပ်၌၊ သူတို့ နေစရာ မရှိသောကြောင့် သူငယ်ကိုနွားစားခွက်၌ သိပ်ထားလေ၏” ဆိုတဲ့ ကျမ်းပိုဒ်က ခရစ်တော်ဟာ အပယ်ခံလို မွေးဖွားလာတာ မဟုတ်ပဲနဲ့ ကယ်တင်ရှင် တစ်ပါးအဖြစ်၊ ဘုရင်အဖြစ် မွေးဖွား လာတယ်ဆိုတာကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ မိတ် ဆွေတို့ ခင်ဗျား ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဘုရား သခင်ဟာ တစ်စိမ်း တစ်ယောက်လို တည်းခိုခန်းမှာ မဟုတ်ပဲနဲ့ ဘုရားသခင် မိမိ လူမျိုးများကို ကျွေးမွေး စောင့်ရှောက်ရာ တင်းကုပ်မှာမွေးဖွားခြင်း ခံခဲ့တာပါ။
    ခရစ်တော်မွေးဖွားရာမှာ လာပြီး သိကြားတမန် တွေသီဆိုတဲ့ “အမြင့်ဆုံးအရပ်၌ ဘုရားသခင်အား ဘုန်းတော် ဂုဏ်တော် ရှိစေသတည်း”ဆိုတဲ့ တေးသီချင်းကို သီဆိုကြတဲ့ ကောင်းကင် တမန်တွေဟာ ခရစ် တော်မပေါ်မှီက ဂျေရုဇလင်မြို့ ဗိမ္မာန်တော်မှာပဲ သီဆို ချီးမွမ်းတဲ့ သီချင်းဖြစ်ပါတယ်။ အကြောင်းရင်းက ကောင်းကင်တမန်တွေဟာ ဘုရားသခင် ရှိတဲ့နေရာမှာပဲ ဘုရားသခင်ကို ရှိခိုး ကိုးကွယ် ချီးမွမ်းထောပနာပြု ကြတာပါ။ အခုချိန်မှာတော့ ကောင်းကင် တမန်များဟာ သူငယ်တော်မွေးဖွားရာနေရာမှာ လာပြီး တေးသီချင်း ဆိုချီးမွမ်းနေကြပါတယ်။ ဒီအချက်ကတော့ ယခု ဖွားမြင်တဲ့ သူငယ်တော်လေးဟာ ဘုရားဖြစ်တယ်၊ ဘုရားသခင်နဲ့ တူညီတဲ့ ကိုးကွယ်ခြင်း၊ ၀တ်ပြုခြင်းကို ရပိုင်ခွင့်ရှိသူဖြစ်တယ်လို့ ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ ကောင်းကင် တမန်တော်ဟာ သူ့ရဲ့အပါးမှာ ချီးမွမ်းထောပနာပြု သီချင်းဆိုနေကြခြင်းဖြစ်ပါတယ်။
    နေရာအနှံ့မှာ ကြယ်တွေကို ချိတ်ဆွဲထားကြတာ ကတော့ ကယ်တင်ရှင် ဖွားမြင်ချိန် ကောင်းကင်ယံမှာ ကြယ်တော်ပေါ်ခဲ့တာကို အမှတ်ရကြခြင်းဖြစ်ပါတယ်။ ကယ်တင်ရှင်မွေးဖွေးရာ ပါလက်စတိုင်းဟာ အ ရှေ့တိုင်းမှာ ရှိပါတယ်။ အရှေ့တိုင်းမှာ အဲ့ဒီ အချိန်ကာလကတည်းက ကြယ် နက္ခတ်တွေရဲ့ပြောင်းလဲမှု ၊ရွေ့လျားမှုကို ကြည့်ပြီး ကမ္ဘာပေါ်မှာဖြစ်လာမဲ့ အကြောင်းတွေကို ကြိုတင်ဟောကြတဲ့ ပညာရပ်ကပေါ်နေပါပြီ။ ယခု တိုင်အောင်ပဲ အရှေ့တိုင်း နက္ခတ္တဗေဒင်တွေ ရေပန်းစားနေပါသေးတယ်။ ခရစ်တော်မွေးဖွားတဲ့ အချိန် ကောင်းကင်မှာ ကြယ်တော် အမှန်တကယ်ပေါ်ထွက် ခဲ့တာကို သမိုင်း အထောက်အထားတွေ ကနေ သက် သေပြနိုင် ပါတယ်။ ရောမခေတ် သမိုင်းရေးရာ နာမည် ထင်ရှားခဲ့တဲ့ ဂျိုးဇက်ရဲ့ သမိုင်းထဲမှာ ကြယ်တော်ပေါ်ခြင်းနဲ့ သူငယ်တော်မွေးဖွားခြင်းက ပါလက်စတိုင်းမှာ လှုပ်လှုပ် ရှားရှားဖြစ်စေခဲ့တာကို ရေးသားထားတာ တွေ့ရပါတယ်။ အဲ့ဒီခေတ်က ယုံကြည်ရာ အချက်အရ ကြယ်တော်ပေါ်ခြင်းဟာ ကြီးမြတ်တဲ့ ဘုရင်တစ်ပါး ဖွား မြင်တာကို ဖော်ပြတယ်လို့ ယုံကြည် ခဲ့ကြပါတယ်။ အဲ့ဒီလို ကြယ်တော်ပေါ်မယ်ဆိုတာကိုလည်း တောလည်ရာကျမ်းမှာ ပရောဖက် ဘာအားလမ်က ခရစ်တော် မ ပေါ်မှီ နှစ်ပေါင်း ၂၀၀၀ နီးပါးလောက်က ဒီလို ကြိုတင် ဟော ခဲ့ပါတယ်။ တောလည်ရာကျမ်း (၂၄း၁၇) “ထို အရာကို ငါမြင်ရ၏။ သို့သော်လည်း ယခု မမြင်ရသေး။ ထို အရာကို ငါရှုရ၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး၊ ကြယ်တစ်လုံးသည် ယာကုပ်အမျိုး၌ပေါ်ထွန်း၍ ရာဇ လှံတံသည် အီဇရာအဲလ်အမျိုး၌ ထင်ရှားလိမ့်မည်” ပရောဖက်ရဲ့ဟောထားချက်များ ကတော့ ကြယ်တော်ကို ဘုရင်နဲ့ နှိုင်းယှဉ်ပြီး၊ ကြယ်ပေါ်ခြင်းဟာ ဘုရင်တစ်ပါးပေါ်လာခြင်းကို ဟောထားပါတယ်။ ဒါ ပေမယ့် အခုပေါ်ထွန်းတဲ့ ကြယ်ကတော့ သူငယ်တော် လေး ရှိရာကို လမ်းညွှန်ပြတယ်။ အခု ဖွားမြင်တဲ့ သူငယ် တော်လေးဟာ ကာလများစွာက မျှော်လင့်နေခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ် ဆိုတာက ကြယ်တော်နိမိတ် ပေးညွှန်ပြနေပါတယ်။
    အဲဒီ ကြယ်တော်ကို မြင်ပြီး အရှေ့တိုင်းက မင်းကြီးသုံးပါးဟာ သူငယ်တော်ကို ဖူးမျှော်ဖို့ ရောက်လာ ကြပါတယ်။ အဲ့ဒါကတော့ ခရစ်တော်ဟာ ကယ်တင်ရှင် ဖြစ်တယ်၊ ဘုရား ဖြစ်တယ်၊ ဘုရင် ဖြစ်တယ် ဆိုရာမှာ အီဇရာအဲလ်လူမျိုးတွေ အတွက်ပဲ မဟုတ်ပါဘူး။ တိုင်းတစ်ပါးသားတွေ အခြားဘာသာကို ကိုးကွယ်နေသူတွေ အတွက်ပါ ဘုရားဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယနေ့ မိတ်ဆွေတို့ရဲ့ မျက်မှောက်ရှေ့မှာ လျောင်းနေတဲ့ သူငယ်တော်လေးဟာ နိမ့်ကျနေတဲ့ အသွင်ရှိပေမယ့် စင်္ကြာဝဠာ တစ်ခုလုံးကို အစိုးရတဲ့ဘုရင်၊ ဘုရားသခင် ဖြစ်ပါတယ်။
    မိတ်ဆွေတို့ ခင်ဗျား ခရစ္စမတ်ရဲ့ မြင်ကွင်းလေးကို ကြည့်ပြီး စိတ်ထဲမှာ မှတ်ယူရမဲ့ အချက်ကတော့ အစွမ်းမဲ့တဲ့ ကလေးငယ် အသွင်နဲ့ အ၀တ်နဲ့ ရစ်ပတ်ပြီး နွားစားခွက်ထဲ သိပ်ထားခံရတဲ့ သူငယ်တော်လေး ဟာ ဘုရင်ဖြစ်သလို၊ ဘုရားလည်းဖြစ်တယ်။ လူ့အဖြစ်ယူရာမှာ တစ်စိမ်း တစ်ယောက်လို၊ဧည့်သည် တစ်ယောက် လိုမဟုတ်ပဲနဲ့ လူများနဲ့ တသွေးတည်း တသားတည်း တန်းတူ ဖွားမြင် နေထိုင်ခဲ့တယ်။ သူ့ရဲ့ဖွားမြင်ခြင်းဟာ အီဇရာအဲလ်လူမျိုးများ အတွက်ပဲ မဟုတ်ပဲ လူသားတိုင်း အတွက်ဖြစ်တယ်ဆိုတာကို နှလုံးသွင်း မှတ်ယူကြပါစို့။
    ဒီ သူငယ်တော်လေးကို Emmanuel လို့ မှည့်ခေါ်ရမယ်ဆိုပြီး ကောင်းကင်တမန်က သံဇူဇယ်ကို အိပ်မက် ရူပါရုံမှာ မှာကြားခဲ့ပါတယ်။ Emmanuelဆိုတာ ငါတို့နဲ့ အတူရှိသောဘုရားလို့ အနက် ရပါတယ်။ မှန်ပါတယ် သူငယ်တော်လေးဟာ ကျွန်တော်တို့နဲ့ ရှိနေမည့် ဘုရားသခင် ဖြစ်ပါတယ်။ လူတွေရဲ့သဘာဝ တစ်ခုက ကိုယ့်ဘ၀ထဲကို ခဏတဖြုတ် အပျော်သဘောနဲ့ ၀င်လာတဲ့ သူတွေကို မလိုချင်ကြပါဘူး။ လာပြီ ဆိုရင် ရာသက်ပန် တည်မြဲတဲ့ တည်ကြည်တဲ့ လူကို မျှော်လင့်ကြတာပါ။ မိတ်ဆွေတို့အတွက် ၀မ်းမြောက်စရာ အကြောင်း နောက်တစ်ခုက ဒီနေ့ မွေးဖွားခြင်းခံပြီး လူသား အသိုင်းဝိုင်းထဲကို ၀င်လာတဲ့ ဘုရားဟာ ကျွန်တော်တို့နဲ့ ထာဝရ ရှိနေမယ့် ဘုရားပါ။ ဒါကို သူကိုယ်တိုင် ကတိထားခဲ့တာက သံမာတေဦး၂၈း၂၀မှာ “ငါသည် သင်တို့နှင့် အတူ ကပ်ကမ္ဘာ ကုန်သည့်တိုင် ရှိမယ်”လို့ ရှင်းလင်းစွာ မိန့်ကြားခဲ့ပါတယ်။
    ခရစ္စမတ်ကာလမှာ အချင်းချင်း လက်ဆောင်တွေ ပေးကြပါတယ်။ အနည်းဆုံး ခရစ္စမတ်ကဒ်လေးတွေ ပို့ပြီး နှုတ်ဆက်ကြပါတယ်။ ဒါကတော့ ခရစ္စမတ်ရဲ့ ဇစ်မြစ်ကို ကျင်းပခြင်း ဖြစ်ပါတယ်။ ခရစ္စမတ်ဆိုတာ ပေးဆပ်ခြင်းပွဲပါ။ ခရစ္စမတ်မှာ ဘုရားသခင်ဟာ သူ့ရဲ့ သားတော်ကို လူသားတွေအတွက် ပေးတယ်။ ခရစ်တော်ဟာ မိမိကိုယ်ကို လူသားများအား ပေးတယ်။ ခရစ္စမတ်မှာ ပေးဆပ်ခြင်း ကဏ္ဍက အလွန်မှ အရေးပါ လှပါတယ်။ ဒါကြောင့် လက်ဆောင် ပေးကြတယ်ဆိုတာ အမှတ်တရပေးတာ မဟုတ်ဘဲနဲ့ ဘုရားပေးတဲ့ လက်ဆောင်ကို လက်ခံယူကြတဲ့ လူသားတွေဟာ ဘုရားသခင်လိုပဲ ပြန်ပြီး ပေးကမ်းစွန်ကြဲကြခြင်း ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ခရစ္စမတ်ပွဲကို ဆင်နွှဲရင်း လက်ဆောင်ပေးဖို့ အကြံအိုက်နေတယ်၊ ဘာပေးရမှန်း မသိဘူး ဖြစ်နေတယ်ဆိုရင် တစ်ခု အကြံပေးပါရစေ၊လက်ဆောင်တွေထဲမှာ အကောင်းဆုံး လက်ဆောင် တစ်ခုကတော့ မိမိကိုယ်ကို ပေးဆပ်ခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ကို ပေးတယ်ဆိုတာ ပစ္စည်းတွေကို မပေးပဲ မိမိကိုယ်တိုင် ပါဝင် ကူညီခြင်း၊ မိမိရဲ့လုပ်အား ပေးခြင်းကို ဆိုလိုတာပါ။ အားငယ်နေတဲ့ လူကို ဖေးမကူညီရင်း အားပေး စကားပြောလိုက်တာမျိုး၊ သောက ဖြစ်နေတဲ့ လူကို သောက ငြိမ်းအောင် စေတနာစိတ်၊ အကြင်နာစိတ်နဲ့ ဖြောင့်ဖြတာမျိုးတွေဟာ ပစ္စည်း လက်ဆောင်ထက် အများကြီးသာလွန် ကောင်းမွန်ပါတယ်။ သူတောင်းစားကို ပိုက်ဆံပေးလိုက်ရုံ မကပဲ ပြုံးပြပြီး အကြင်နာပြပြီး စာနာစိတ်ပြမယ်ဆိုရင် အဲ့ဒီ သူတောင်းစားဟာ ပိုက်ဆံရတာထက် အများကြီး ပိုပြီး စိတ်ချမ်းသာ သွားမှာပါ။
    ကျွန်တော်တို့နဲ့ အတူနေဖို့ ဖွားမြင်လာတဲ့ သူငယ်တော်လေး သူ့ကိုယ်သူ ကျွန်တော်တို့အတွက် ပေးခဲ့သလို၊ မိတ်ဆွေတို့လည်း မိမိကိုယ်ကို သူတစ်ပါးတွက် ပေးဆပ်ရဲတဲ့ သတ္တိတွေနဲ့ ပြည့်ဝပြီး သူငယ်တော်လေးရဲ့ ကောင်းကြီး မင်္ဂလာ ကျေးဇူးအပေါင်းကို  ပြည့်ဝစွာ ခံစားရယူကြရင်း ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ . . .
             R.V.A ထုတ်လွှင့်ချက်မှ
Read More...
Monday, December 17, 2012
Silent Night ၏ ရာဇ၀င်
    (Tyrol) တိုင်ရွန်(လ်)လို့ အမည်တွင်တဲ့ သြစတြီးယား (Austria) တောင်ပေါ်ဒေသလေးဟာ (ဆိတ်ငြိမ်လှ-မင်္ဂလာည) သီချင်းလေးမွေးဖွားရာ ဒေသဖြစ်ခဲ့ပါတယ်။ Tyrolean Peaks လို့ဆိုတဲ့ မတ် စောက်ချွန်တက်ပြီး ဆီးနှင်းတွေက ဦးထုတ်ဆောင်း ထားသဖွယ်သကဲ့သို့ ဖုံးအုပ်နေပြီး အင်မတန်မှသန့် ရှင်းတဲ့ လေအေးတွေနဲ့ ကမ္ဘာမှာ ထင်ပေါ်ကျော်ကြား လှတဲ့ တောင်ပေါ်တောင်ကြားဒေသလေး တစ်ခုဖြစ်ပါတယ်။
    အဲဒီတောင်တန်းတွေဟာပြည်နယ်ပြည်မ တွေနဲ့ ဝေးလံခေါင်သီနေပြီး သြစတီးယားနိုင်ငံရဲ့ Obendorf ဆိုတဲ့ မြို့ငယ်လေးနဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ ၁၈၁၈ ခုနှစ်မှာ ငယ်ရွယ်ပြီးဘုရားကို အလွန် ကြည်ညိုတဲ့ သြစတီးယန်း ရဟန်းငယ် (Joseph Mohr) ဂျိုးဇက်မောဆိုသူက သူ့သူငယ်ချင်း ကျေးရွာ ကျောင်းဆရာလည်းဖြစ်၊ ဘုရားကျောင်းမှာ အော်ဂင် တီးတဲ့သူလည်းဖြစ်တဲ့ (Franz Gruber) ဖရန့်ဂရူဘာတို့နှစ်ဦးဟာ ဂီတကို ချစ်မြတ်နိုးတဲ့ သူတွေဖြစ်ပြီး ခရစ်စမတ် သီချင်း တပုဒ်လောက်ရေးစပ်ဖို့ကို ရှေးယခင်က တည်းက ရည်မှတ်ပြောဆိုနေခဲ့ကြတယ်။
    ၁၈၁၈ ခုနှစ် ခရစ္စမတ်အကြိုနေ့မှာ ရဟန်း တော် Joseph Mohr ဂျိုးဇက်မောဟာ ဘုရား ကျောင်းထဲမှာ တရားထိုင်ရင်း ဒီဖြစ်ပေါ်လာမဲ့ ခရစ္စမတ် သီချင်းကို စဉ်းစားနေခဲ့တယ်။ ပြင်ပလောကကြီးမှာ ကလည်း တောင်တန်းတွေပေါ်မှာ ဆီးနှင်းတွေအပြည့်နဲ့ တောင်တန်းတွေကို လွှမ်းခြုံထားတယ်။ ဒီမတ်စောက် တဲ့တောင်တန်းတွေက သဘာဝအလျောက် တိတ်ဆိတ် ငြိမ်သက်နေကာ Mohr ရဲ့ စိတ်ကို ဖမ်းစားနေသကဲ့သို့ ဖြစ်နေပြီး သူ့ရဲ့ ရင်ဟာ အကြားအမြင်လိုရပြီး ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်မှုဟာ ကယ်တင်ရှင်ယေဇူး ဖွား မြင်ပြီလို့ သူ့စိတ် အစဉ်မှာဖြစ်ပေါ် လို့နေတယ်။ ဒီအ တွေးတွေနဲ့ သူနစ်မြောနေတဲ့ အချိန်မှာပဲ သူ့ရဲ့ ဦးနှောက်ဟာ ရုတ်တရက် ကြည်လင်ပြီး ဒီ “ဆိတ်ငြိမ်လှ မင်္ဂလာည” ကို တထိုင်တည်း စပ်ဆိုနိုင် ခဲ့ပါတယ်။
    သူ့ရဲ့မိခင်စကားက (German) ဂျာမန် ဘာသာစကားဖြစ်တဲ့ အတွက် ဂျာမန်စာသားနဲ့ တစ်ခါတည်း ရေးချခဲ့ပါတယ်။
    " Stille Nacht, Heilige Nacht!
       Alles Schlsaeft, einsam wacht
       Nur das traute, heilige Paar,
       Holder Knabe im Lockigen Haar,
       Schlaf ' in himmlischer Ruh' ! "
    နောက်တစ်နေ့ မနက် ခရစ္စမတ်နေ့ရောက် တော့ မော (Mohr) က သူ့သူငယ်ချင်း Gruber အိမ်ကို သူစပ်ထားတဲ့ စာသားလေးယူပြီး သံစဉ် ထည့်ဖို့ အ ပြေးအလွှား သွားကာ ပြလိုက်ပါတယ်။ (Gruber) ဂရူဘာက “သင် အမှန်ကန်ဆုံးသီချင်းကို ရှာတွေ့ပြီ ဘုရား ကတော့ သင့်ကို ချီးမွမ်းထောပနာပြုနေ လိမ့်မယ်”လို့  စိတ်ဝင်စားစွာ ဖတ်ပြီး အာရုံစိုက်စွာနဲ့ ပြောလိုက်ပါတယ်။
    (Gruber) ဂရူဘာက ချက်ချင်းပဲ ထိုင်ကာ အူလှိုက် သဲလှိုက်ဖြင့် စာသားနဲ့ လိုက်ဖက်မယ့် သံစဉ်ကို ဆီလျော်စွာနဲ့ ထည့်လိုက်ပါတော့တယ်။ နောက်ဆုံးတော့ အခု ခရစ်ယာန် ဘာသာဝင်တွေ အမြတ်တ နိုးထား၊ အထွဋ် အမြတ်ထားစွာနဲ့ ဆိုကြတဲ့ သီချင်းဖြစ် လာပါတော့တယ်။ သူငယ်ချင်းနှစ်ယောက် စိတ်ပါဝင်စားစွာနဲ့ သံစဉ်ကို ကျင့်ပြီး ဒီညနေ မစ္ဆားကျရင် ဆိုကြမယ်ဆိုပြီး ဆုံးဖြတ် လိုက်ကြပါတယ်။
    ခရစ္စမတ်နေ့ ညနေတောင်ပေါ် ရွာလေးရဲ့ ဘုရားကျောင်းမှာ ရွာသူ ရွာသားတွေ မစ္ဆား နာဖို့စုရုံး ရောက် ရှိလာကြပါပြီ၊ မစ္ဆားမ စခင် ဒီသီချင်းကိုအော်ဂင်နဲ့ တီးပြီး သူငယ်ချင်းနှစ်ယောက် ပြိုင်တူ သီဆို လိုက်ကြပါတယ်။ မစ္ဆားပြီးတာနဲ့ သူတို့နှစ်ယောက်ကို အင်မတန်မှ အားရကျေနပ်တဲ့ အကြောင်း၊ အထူးပဲ ကျေးဇူးတင်ကြောင်းပြောကြပြီး ပျော်လွန်းလို့ မျက်ရည်တွေ အ၀ိုင်းသားနဲ့ ဂုဏ်ယူနှုတ်ဆက် စကားတွေ ပြောကြားကြပါတယ်။
    ဒီ သီချင်းလေးဟာလဲပဲ တိုင်ရွယ်လ်(Tyrol) ရွာတွေဆီ ပျံ့နှံ့သွားပြီး လူတိုင်း ပါးစပ်ဖျားမှာ သီဆိုနေ ကြတာ တွေ့ရပါတော့တယ်။ တစ်နှစ် နီးပါးလောက် ကြာသွားတဲ့ အချိန်မှာ (Gruber)ဂရူဘာရဲ့ စားပွဲပေါ်က ဒီ သီချင်းစာသား စာရွက်ကလေးဟာ ပျောက်ကွယ် သွားလု မတတ် ဖြစ်သွားခဲ့ပါတယ်။ ရွာသူ ရွာသားတိုင်းရဲ့ ပါးစပ်ဖျားမှာတော့ ဒီသီချင်းကရေပန်းစားလို့ နေပါ တော့တယ်။
    နောက်နှစ် ၁၈၁၉ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ဘုရားကျောင်းအော်ဂင်ပြင်ဆင်ဖို့ တတ်ကျွမ်းတဲ့ စက်ပြင်ဆရာကိုခေါ်ပြီး ပြင်တဲ့အခါ စက်ပြင်ဆရာက သံစဉ် စမ်းဖို့ သီချင်းတောင်းတော့ (Gruber) ဂရူဘာ ရဲ့ ရင်ထဲမှာ ဒီသီချင်း ၀င်ရောက်လာပြီး အဲဒီတော့မှပြန် အမှတ်ရခါ အော်ဂင်စမ်းဖို့ ရှာပြီးပေးလိုက်ပါတယ်။ စက်ပြင်ဆရာက အင်မတန်မှ ကြိုက်နှစ်သက် သွားပြီး (Gruber) ဂရူဘာဆီကနေတောင်းယူပြီး မိမိဌာနေ အခြား မြို့ငယ်လေးဆီကိုဆောင်ယူ သွားပါတော့တယ်။
    အဲဒီ ဌာနေသစ်ကိုရောက်သွားတဲ့ သီချင်းဟာ သံနေ သံထား၊ ဆိုဟန် ဆိုပေါက် အားလုံးကို စနစ်တကျ သင်ယူထားတဲ့ စထရက်စာ (Strasser) လို့ခေါ်တဲ့ ညီအစ်မလေးယောက် အဖွဲ့အတွက် (Strasser Quartette) သီချင်းဖြစ်သွားပါတော့တယ်။
    တစ်နေ့မှာ စထရက်စာ (Strasser) အဖွဲ့ကို ဂျာမနီနိုင်ငံ လီပစ်ကက်သီဒြယ် (Cathedral of  Leipzig)မှာ ဖိတ်ခေါ်တဲ့အခါ ဒီလှပတဲ့ သံစဉ်တေးသားတွေနဲ့ ထရိုင်လီယန်တောင်ပေါ် (Tyrolean Alps ) မှ ထရိုင်လီယန် သီချင်း (The Tyrolese Song)ကို အားရပါးရ၊ လှလှပပ သီဆို လိုက်ကြပါတယ်။ ဂီတကို နှစ်သက်တဲ့သူတွေ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်း သီဆိုကြရင်း လူအများ ပါးစပ်မှာရေပန်းစားလို့ နေပါတော့တယ်။ နှစ်ဆယ့်လေးနှစ်ကြာ ၁၈၄၂ ခုနှစ်မှာ ပထမဆုံး အကြိမ် စီကုံး ရေးသားခဲ့ပါတယ်။
    ၁၈၅၄ ခုနှစ်မှာ ဒီသီချင်းကို ဘုရားသီချင်းအ ဖြစ် အသိအမှတ်ပြု၊ ဂုဏ်ပြုခဲ့ပြီး ဘာလင်မြို့ ဘုရား ကျောင်း (Imperial church in  Berlin) မှာ သံနေ သံထားပြည့်စုံစွာ (full choir)နဲ့  ဧကရာဇ် (Frederi- ck Wilhem IV) ဖရက်ဒရစ်ဝင်ဟမ် ဘုရင်ရှေ့မှာ သီဆိုခွင့် ရခဲ့လိုက်ပါတယ်။ အဲဒီ အချိန်ကစပြီး သာသနာရဲ့ ခရစ္စမတ် အစီအစဉ်တွေမှာ ထိပ်ဆုံးနေရာက ထားဆိုဖို့ ဧကရာဇ်ဘုရင်ရဲ့ အမိန့်နဲ့ ချမှတ်ခဲ့ပါတယ်။
    အဲဒီ အချိန်ကစပြီး ဒီ“ဆိတ်ငြိမ်လှ မင်္ဂလာည” သီချင်းဟာ ကမ္ဘာအရပ်ရပ်ကို ကိုယ့်မိခင်ဘာသာ စကားနဲ့ ပြောင်းပြီး သီဆိုကြတာ ဒီနေ့ထိပါပဲ။ ဒီသီချင်းဟာ ခရစ်ယာန် ဘာသာဝင်တို့ အတွက် ငြိမ်သက် ငြိမ်းချမ်းပြီး သီဆိုသူတွေရော၊ နားဆင်သူတွေရဲ့ ရင်ထဲ အသဲထဲမှာ ဒီနေ့ထိ ရှိနေတဲ့ သီချင်း တစ်ပုဒ်ဖြစ်နေပါ တော့တယ်။
    လူတိုင်းပျော်ရွှင်တဲ့ ခရစ္စမတ်ဖြစ်ပါစေ။
June Rose
Read More...
Monday, December 10, 2012
သင်၏ခေါ်တော်မူခြင်းကို ရှာဖွေဖေါ်ထုတ်ပါ။
    ကျွန်တော် ငယ်စဉ်က အဖေသည် ကျွန်တော်အား မမေ့နိုင်သော စကားတစ်ခွန်း ကိုပြောခဲ့သည်မှာ - သား မင်းကိုမွေးစဉ် က၊ ကမ္ဘာလောကကြီး ၀မ်းမြောက် ရွှင်လန်းနေစဉ် မင်းဟာ ငိုနေခဲ့တယ်။ သေသောအချိန် မင်း ၀မ်းရွှင်လန်းနေစဉ် ကမ္ဘာလောကကြီး ငိုကြွေနေရအောင် မင်းရဲ့ ဘ၀မှာနေထိုင်ပါ ဟူ၍ဖြစ်သည်။ ကျွုန်ုပ်တို့သည် ဘ၀ဆိုတာ ဘာလဲဆိုတာမေ့နေသည့်ခေတ် ကာလတွင်နေထိုင်နေကြသည်။ လူတစ်ယောက်ကို လကမ္ဘာသို့ လွယ်ကူစွာ ပို့ဆောင်နိုင်သောလည်း လမ်းကိုဖြတ်၍ မိတ်ဆွေ တစ်ယောက်ကိုတွေ့ရန် အခက်အခဲတွေ့နေကြသည်။ 
မိုင်ထောင်ပေါင်းများစွာ အကွာအဝေးတွင် ရှိသော အလွန်သေးငယ်သည် ပစ်မှတ်ကို မစ်ဆိုင်း ဒုံးကျည်ဖြင့် မလွဲအောင် ပစ်ခတ်နိုင်သော်လည်း၊ မိမိ အိမ်မှာရှိသော ကလေးများနှုင့် စာကြည့်တိုက်သို့ သွားရန် ရက်သတ်မှတ်၍ မရဘဲဖြစ်နေသည်။ ကျွန်ုပ်တို့တွင် အီးမေးလ်၊ ဖက်စ်၊ ဒီဂျစ်တယ်ဖုံးနှင့် အမြဲ ဆက်သွယ်နိုင်ကြသော်လည်း၊ တစ်ဦးနှင့် တစ်ဦး ဆက်ဆံမှု နည်းပါးသော အချိန်ကာလ တွင်နေထိုင် ကြသည်။ ကျွန်ုပ်တို့သည် လူများနှင့် ထိတွေ့မှု မရှိကြ။ ရည်ရွယ်ချက်များပျောက်နေ ကြသည်။ မည်သည် အရာသည် အရေးကြီးဆုံးဖြစ်သည်ကိုမေ့လျော့နေကြသည်။
    သင် ဤစာအုပ်ကို စတင်ဖတ်သော အချိန်မှာပင် ကျွန်ုပ် သင့်အားလေးစားစွားမေးပါမည်။ သင်သေသောအခါ မည်သူ ငိုမည်နည်း။ ဤ ကမ္ဘာမြေပေါ်တွင် အသက်ရှင်သန်ခွင့် ရစဉ်၌ လူသားပေါင်း မည်မျှနှင့် သင် ထိတွေ့မည်နည်း။ နောင်လာမည့် မျိုးဆက်သစ် အား သင့်ဘ၀က မည်သို့သော အရှိန်အ၀ါ ကိုပေးမည်နည်း။ 
သင်၏နောက်ဆုံး ထွက်သက်နောက်တွင် မည်သည့် အမွေအနှစ်ကို ချန်ထား ခဲ့မည်နည်း။ ကျွန်ုပ်၏ ဘ၀တွင် ကိုယ်တိုင် သင်ယူခဲ့သော သင်ခန်းစာမှာ ဘ၀ကို သင်က မပြုလျှင် ဘ၀ပြု သမျှ သင်နုရ လိမ့်မည်။ နေ့ရက်များသည် ရက်သတ္တပတ်များသို့၊ ရက်သတ္တပတ်များသည် လများသို့၊ လများသည်နှစ်များသို့ လျင် မြန်စွာ ကူးပြောင်း သွားကြသည်။ ဘ၀တွင် တ၀က် တစ်ပျက်နေထိုင်ခဲ့သောကြောင့် မကြာမီ မည်သည့်အရာမျှ မကျန်တော့ဘဲ နောင်တဖြင့်ကြေကွဲနေသောနှလုံးသားသာ ကျန်ရှိပေမည်။ သင့်ဘ၀တွင်ပြန်လည်နေထိုင် ခွင့်ရလျှင် သင် ဘာလုပ်မည်နည်း ဟု အိပ်ရာထဲတွင် လဲနေသော စာရေးဆရာကြီးဂျောခ်ျဘားနန်ရှောအားမေးရာ သူက စဉ်းစား၍ ““ငါဖြစ်ချင်သော ပုဂ္ဂိုလ်မျိုး ငါဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ ငါမဖြစ်ခဲ့ဘူး”” ဟု သက်ပြင်း ချလျက်ပြန်ဖြေခဲ့သည်။ ကျွန်ုပ် ဤစာအုပ်ရေးသားခြင်းသည် သင် ဤကဲ့သို့  မဖြစ်စေရန်ဖြစ်သည်။
    ဤသို့ အစပြုသည်နှင့် သင့်ဘ၀လည်းပြောင်းလဲ သွားလိမ့်မည်။
 Who Will cry when you die? စာအုပ်မှ Discover your callingကိုပြန်ဆိုသည်။    
                                အုတ်လှ
Read More...
Friday, December 7, 2012
သွားကြစို့
    တစ်နှစ် တစ်ခါရောက်လို့လာ
    တမ်းတနေတဲ့ ခရစ္စမတ်မှာ
    သတင်းကောင်းဖြန့်ဝေနှုတ်ဆက်တေး
    ပျော်ပျော်ရွှင်ရွှင် ညချမ်းလေး
    မိုးကောင်းကင်က လမ်းပြကြယ်
    ဘုရားရှင်မွေးရာ လမ်းညွှန်တယ်
    ကြယ်ကလေးက လမ်းပြပေး
    မင်းသုံးပါးတို့ ခရီးဆက်ပြေး
    နှင်းမြူလေးတွေ တစ်ဖွဲဖွဲကျ
    အေးချမ်းလှတဲ့ ဒီလိုည
    ဒီလိုညမှာ အေးချမ်းစွာ
    ချီးမွမ်းတေးတွေ သီဆိုပါ
    အချင်းချင်း လက်ဆက်သွားစို့ မနှေး
    ကိုယ်တော်ရှင်ရဲ့ မွေးနေ့လေး။
                                     ရိုစလင်း နွေမွန်အောင်
Read More...
Sunday, December 2, 2012
ဒီဇင်ဘာအလင်းရောင်
“ ကမ္ဘာမြေကိုကောင်းကျိုးပြုနေသော စိတ်ကောင်းရှိသူ၊ လူသားတိုင်း ငြိမ်းချမ်းပါစေ ”
         ဤသည်မှာ သူငယ်တော်ယေဇူးကို ဖွားမြင် သော ဒီဇင်ဘာလ ညချမ်းအခါဝယ် သိကြား တမန်တော်များက သီဆိုခဲ့သော ဆုတောင်း မေတ္တာလေးဖြစ်ပါသည်။
    လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်ရာ ကမ္ဘာပေါ်ဝယ်၊သိကြား တမန်တော်များက သီဆိုခဲ့သော ဆုတောင်း မေတ္တာစာလေးပင်ဖြစ်ပါသည်။ ဤသို့ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်ရာ ကမ္ဘာပေါ်ဝယ် ၊မေတ္တာတရားရှိသူတိုင်း ငြိမ်းချမ်းရေးကို လိုလား ကြပါသည်။ ဘုရားရှိခိုး ဆုတောင်းပုံများ ကွာခြား ကြသော်လည်း  မေတ္တာပို့ကြပုံခြင်းတော့ သိပ်မကွာခြား ကြပေ။     နှင်းမှုန်များနှင့်အေးချမ်း လှပသော နိုဝင်ဘာနှင့် ဒီဇင်ဘာလများ၌၊ ကမ္ဘာ့လူမျိုး အသီးသီးတို့၏ ဘာသာရေး ပွဲတော်ကြီးများ ဆင်နွှဲ ကြပါသည်။ ခရစ်ယာန်တို့၏ ရဟန္တာများပွဲနေ့နှင့် ခရစ္စမတ် ပွဲတော်သည်လည်း ဤလများ၌ ပါဝင် လျက်ရှိပါသည်။ ကယ်တင်ရှင် ခရစ်တော်ရွေး ကောက်တော်မူခဲ့သော ဂျူးလူမျိုးတို့၏ ဟာနူးကာ(Hanukkah) ပွဲတော် သည်လည်း ဤလ အတွင်း၌ပင် ကျင်းပပါသည်။ ဤပွဲတော်ကို တိုက်တိုက် ဆိုင်ဆိုင်ပင် ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေခင်း၌ စည်ကားစွာ ကျင်းပလေ့ ရှိသည်။
    အိန္ဒိယနိုင်ငံ၏ လူအများစု ဖြစ် သော ဟိန္ဒူလူမျိုးတို့၏ဒေ၀ါလီ ပွဲတော် သည်လည်း နိုဝင်ဘာလ၌ပင် ကျင်းပလေ့ရှိပြီး ၊ ရောင်စုံမီးများ ထွန်းညှိလေ့ ရှိပါသည်။ ဤပွဲတော်ကို “အလင်းများ၏ပွဲ”ဟုလည်း ခေါ်ဝေါ်ကြပါသည်။ ဟိန္ဒူဘုရားကျောင်းများ၊ မိမိတို့၏နေအိမ် ခြံဝင်းများ အတွင်း၌ လှပသောရောင်စုံ မီးများ၊ ဖယောင်းတိုင် လေးများထွန်းညှိပြီး နတ်ဘုရားများကို ပူဇော် ပသ ကြပါသည်။
    ဟောင်ကောင်ကျွန်းရှိ တာအို ဘာသာကို သက်ဝင် ယုံကြည်သူ တရုတ်လူမျိုး တို့သည်လည်း “တာချူး” ငြိမ်းချမ်းရေးပွဲတော်ကို ဒီဇင်ဘာလ၌ပင် ကျင်းပတတ်ကြသည်။ 
သာယာ လှပသောနိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ကမ္ဘာ့ဘာသာကြီးများနှင့် လူမျိုး ပေါင်းစုံတို့မှ မိမိတို့ ကိုးကွယ် ယုံကြည်သော ဘုရားရှင်ထံ မှပေါ်ထွန်းလာသောမေတ္တာတရား၊ ငြိမ်းချမ်းခြင်းတရားနှင့် လူသား အချင်းချင်း ခွင့်လွှတ် သည်းခံနိုင်ခြင်းများကို ကျင့်ကြံအားထုတ် လာကြပါသည်။ လူမျိုးတိုင်း ဘာသာတရားတိုင်း၏ အဓိက ဦးတည်ချက်မှာမေတ္တာတရား ထားရှိရန်၊ အလှူဒါန ပြုကြရန် ၊ကောင်းမှုပြု ကြရန်ဖြစ်ပါသည်။
       လူမျိုး၊ ဘာသာခြားနား ကြသော်လည်း၊ ယနေ့ခေတ်အခါဝယ် အချင်းချင်း ပိုမိုပေါင်းစည်း နားလည် လာကြသည်ကိုတွေ့ကြရပေသည်။ သဘာဝဘေးအန္တရယ်နှင့် ဆင်းရဲ ဒုက္ခရောက်ကြရသောအခါ လူသားထုကြီးသည် ပိုမို စည်းလုံး ညီညွှတ် လာကြသည်။ ရှိခိုး ဆည်းကပ် ပုံခြားနားကြသော်လည်း ဖယောင်းတိုင် မီးလေးများ ထွန်းညှိခြင်း၊ ဆီမီးပူဇော်ခြင်း များမှာတော့ တူညီ ကြပေသည်။
        ခရစ်ယာန် ဘာသာဝင်တို့ ဖယောင်းတိုင် အထွန်းဆုံးလမှာနိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့ ပင်ဖြစ်သည်။ နိုဝင်ဘာလတွင် ကွယ်လွန်သွားပြီးဖြစ်သောဆွေမျိုး၊ မိတ်ဆွေများ၏ ၀ိညာဉ်များအတွက် ဆုတောင်းရာ၌ လည်း ကောင်း၊ ဒီဇင်ဘာလတွင် ခရစ်တော်မွေးဖွား သောလ ဖြစ်သောကြောင့် လည်းကောင်း ဖယောင်းတိုင်မီး များစွာ ထွန်းညှိလေ့ရှိပါသည်။ အမေရိကန်ပြည် စိန်လူးဝစ်(စ်)မြို့တွင် ခရစ္စမတ်ပွဲတော်ကို ကြိုဆိုသောအား ဖြင့် မယ်တော်ဂူသွားရာ လမ်းတစ်လျှောက် ရောင်စုံ မီးအမြောက်အများ လှပစွာ ထွန်းညှိထားလေ့ရှိသောကြောင့် ဘုရားဖူးများ၊ ဧည့်သည်များနှင့် အထူး စည်ကားသောနေရာ ဖြစ်လာသည်။
    ထို့ကြောင့် တစ်နှစ်တာပတ်လုံး စားဝတ်နေရေး၊ သားရေးသမီးရေးများနှင့် ရုန်းကန် လှုပ်ရှားနေရသည့် ကျွန်ုပ်တို့အတွက် အေးချမ်းသာယာသော လများတွင် စိတ် လွတ်လပ်ပေါ့ပါးစွာဖြင့် အလင်းပေးသော ဘုရားရှင်နှင့် သူတော်စဉ်တို့ကဲ့သို့ သန့်ရှင်း ဖြူစင်သော စိတ်ထားလေးများမွေးမြူကြ ရင်းဖြင့်အောက်ပါ အာဒ်ဝင်တူး အချိန်အခါ ဆိုအပ်သောမေတ္တာစာလေးကို ရွတ်ဆိုရင်း သူငယ်တော်ယေဇူးကို ကြိုဆိုကြပါစို့။
အာဒ်ဝင်တူးဆုတောင်းချက် 
အိုမေတ္တာတော်ရှင် အဘဘုရားသခင်၊ ကျွန်ုပ်တို့ တစ်ဦးချင်းကိုပေးခဲ့သော ဂုဏ်ကျေးဇူး တော်များအတွက် အထူးကျေးဇူးတင်ပါသည်။ မြင့် မြတ်သော ကိုယ်တော်ရှင် သည် အပြစ်သားများဖြစ် သော ကျွန်ုပ်တို့အတွက် လူသား စင်စစ်အဖြစ်မွေးဖွား ဆင်းသက်လာ ခဲ့ပါသည်။
    ကျွန်ုပ်တို့၏ အသက်ဝိဥာဉ်ကို ဘုရားရှင်ထံသို့ အပ်နှံ ပူဇော်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာမြေမှ ၀ိဥာဉ် အများစုသည် နာမကျန်းဖြစ်နေ သောကြောင့်ဖြစ်ပါသည်။
    ဘုရားရှင်ရွေးချယ်တော်မူသော အစ္စရေး လူမျိုးများအတွက်၊ ဒါဝိတ်ကို ဘုရင်အဖြစ် ချီးမြှောက် တော်မူခဲ့သည်။ သားတော်ယေဇူးကိုမူ ကျွန်ုပ်တို့ လူသားအားလုံး၏ ကယ်တင်ရှင်၊ ဘုရင်အဖြစ်ရွေးချယ် တင် မြှောက်ခဲ့သည်။
    ဤ အာဒ်ဝင်တူး ကာလတွင်၊ ယေဇူးသခင်ကို ကျွန်ုပ်တို့စောင့်မျှော် ကြိုဆိုလျက် ရှိပါသည်။ သား တော်မှ တဆင့် ကျွန်ုပ်တို့ကို ချီးမြှင့်ခဲ့သော ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို အလွဲသုံးစား မပြုမိစေဘဲ၊ တန်ဘိုး ထားတတ်စေရန် ထိန်းချုပ်ပေးတော် မူပါမည့် အကြောင်း သန့်ရှင်းသော ၀ိဥာဉ်တော်ဘုရားမှ တဆင့် တောင်းလျှောက် ကြပါသည်ဘုရား။       အာမင်။
Ref: Crossview Winter (2005-06) Vol.16,No.4 မှဆီလျော်အောင်ပြန်ဆို ထားပါသည်။
ကက်သလင်းခင်
Read More...
Monday, November 26, 2012
အမေရိကန်နိုင်ငံရဲ့ အမျိုးသမီးဝါဒ (တနည်း) ဣတ္ထိယ၀ါဒ ပင်မရေစီးနဲ့ ၀ိရောဓိများ
    ဣတ္ထိယ၀ါဒီလို့ခေါ်တဲ့ အမျိုးသမီးဝါဒီ လှုပ်ရှားမှုဟာ အမေရိကပြည်မှာ အကြီး အကျယ်အောင်မြင် ခဲ့ပါတယ်။ အမေရိကန်ကျောင်းများမှာ၊ တရားဥပဒေမှာ၊ အစိုးရ အဖွဲ့အစည်းတွေမှာ၊ အလုပ်ခွင်တွေမှာ ခွဲ ခြားဆက်ဆံ ခံရတာတွေကို နိဂုံး ချုပ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း  အမေရိကန် အမျိုးသမီးတွေ ကတော့ ဒီ လောက်ထိ ခရီးပေါက်ခဲ့ကြပြီလို့ မယူဆသေးပါဘူးရှင်  . . . .
    “စည်းခွဲထားသည့် ညီအစ်မများ”လို့ အမည် ပေးထားတဲ့ အမျိုးသမီး အဖွဲ့အစည်းက ကျန်းမာရေးနဲ့ အုပ်ချုပ်ရေး ပညာရပ်မှာ ဘွဲ့လွန် ရထားတဲ့ ၀မ်းဆွဲ ဆရာမ လာဗွန်နီဝီလ်ကင်က “ရှင် ဆရာဝန်တစ်ယောက် ဖြစ်လာရင်တော့ ဣတ္ထိယ၀ါဒီတွေက ရှင့်နောက်မှာ မားမား ရပ်မှာပေါ့” လို့ ပြောခဲ့ကြောင်းနဲ့ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုရင် “သာမန် မိန်းမသားတွေ အတွက် သူတို့ လုပ်ပေးတယ် ဆိုတာ  တကယ့်ကို နည်းလွန်းတဲ့ အတွက် ပြောခြင်းဖြစ်ပါတယ်။
    ဣတ္ထိယ၀ါဒီ လှုပ်ရှားမှုဟာ သူရဲ့ အခြေခံမှုကို မချဲ့ ထွင်သေးကြောင်းနဲ့ လှုပ်ရှားမှု အဖွဲ့မှာ အများစုက လူဖြူ အမျိုးသမီးတွေဖြစ်နေကြောင်းဖော်ပြတဲ့ အပြင်  သူတို့ လုပ်ဆောင်ချက်တွေကလည်း တလွဲဆံပင် ကောင်းသလိုဖြစ်နေကြပါတယ် . . . ဥပမာ-ကလေးငယ် တွေကို ပြုစုစောင့်ရှောက်ရေး ထက် ယောက်ျားလျာတွေ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ အခွင့်အရေးကို တောင်းဆိုခြင်း၊  စီးပွားရေး ရှင်သန်ရေးထက် နိုင်ငံရေးမှာ တန်းတူညီမျှ အခွင့်အရေး ရရှိအောင် လုံးပန်းနေကြခြင်းနဲ့ ဆင်းရဲသား နင်းပြားတွေကို ကြည့်ရှုရမယ့် အစား လူချမ်းသာတွေ အတွက်ပဲ ဆောင်ရွက်ရခြင်း တို့ဖြစ်ကြောင်း သိရှိရပါတယ် . . . အမေရိကန်မှာ အမျိုးသမီးတွေ တိုးတက်မှုမှာ ညီမျှမှု မရှိတာကို တွေ့ရပါတယ် . . . ဆေးသိပ္ပံကျောင်းမှာ  သင်တန်းသားဦးရေရဲ့ ၄၀%က မိန်းမတွေဖြစ်ပြီး ဥပဒေပညာရပ်မှာတော့  တစ်ဝက်အထိ ရှိနေကြောင်း သိရှိရပါတယ် . . .  တခြား နယ်ပယ်မှာလည်း  အမျိုးသမီးတွေဟာ ရှေ့တန်းကို ရောက်လာကြပြီဖြစ်ပါတယ် . . . ဒါပေမယ့် သူတို့ဟာ ယောက်ျားသားတွေနဲ့ မတူကြောင်း အမျိုးသမီးတွေဟာ ကျွမ်းကျင်မှု ရှိပေမယ့် လေ့ကျင့် သင်ကြားမှုမရှိ ကြောင်း၊ ကျယ်ပြန့်လာနေတဲ့  အသိပညာကို အခြေခံတဲ့  စီးပွားရေးနယ်ပယ်မှာ  သူတို့ရဲ့ ဘွဲ့လွန် ဒီဂရီတွေဟာ အချည်းနှီးဖြစ်ရကြောင်း သိရှိရပါတယ်။
    ဒါကြောင့် အမျိုးသမီးအများစုဟာ အတွင်းရေးမှူး၊ ကျောင်းဆရာမ၊ ငွေကိုင်နဲ့ သူနာပြု အပါအ၀င် အမျိုးသမီးများရဲ့ အစဉ်အလာ လုပ်ငန်းများတွေမှာပဲ တ၀ဲ လည်လည် ကျင်လည်နေရရှာပါတယ်။ အမေရိကန် အလုပ်သမား စာရင်း ဇယားဌာန အဆိုအရ ၁၉၈၄ ခုနှစ်မှ အမျိုးသမီး အလုပ်သမား အားလုံးရဲ့ ၂၁%ဟာ လခနည်းတဲ့လုပ်ငန်း ၆မျိုးမှာ  လုပ်ကိုင်နေကြကြောင်း သိရှိရပါတယ် . . .
    “ယောက်ျားတွေနဲ့ ယှဉ်လိုက်ရင် မိန်းမတွေရတဲ့ငွေကြေးဟာ သိပ်နည်းလွန်းတယ် . . . ဒါရဲ့ အကြောင်းရင်း တစ်ခုကတော့ မိန်းမတွေနဲ့ ယောက်ျားတွေဟာ လုပ်တဲ့ အလုပ်ချင်း မတူကြလို့ပဲ” လို့ အယ်လင်အရာမိုက ပြောခဲ့တယ်လို့ သိရှိရပါတယ်။  အယ်လင်ဟာ  နိုင်ငံလုံး ဆိုင်ရာ ၀န်ထမ်း အမျိုးသမီးအ သင်း အမှုဆောင် ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ပါတယ်။
    အမျိုးသမီး လှုပ်ရှားမှုတွေဟာ လခတန်းတူ ညီမျှရရှိရေးကို အထူး ဦးစားပေးအနေနဲ့ နှစ်ပေါင်းအ တော်ကြာတောင်းဆို ခဲ့ကြပါတယ်။ အကျိုးဆက် အ နေနဲ့ အလုပ်သမားဌာန စာရင်းဇယားများ အရ အမျိုးသားများရရှိတဲ့ လခရဲ့ ၇၁% ရရှိလာပြီဖြစ်ကြောင်း သိရှိ ရပါတယ်. . .
    ဆင်းရဲမွဲတေမှုဟာ မိန်းမတွေမှာ ယောက်ျား တွေထက် ပိုဆိုးကြောင်း၊ ၀ါရှင်တန်မြို့တော် အခြေစိုက် အမျိုးသမီးများ လုပ်ငန်းအဖွဲ့ရဲ့  လေ့လာတွေ့ရှိချက် အရ အိမ်ထောင်စုကို တစ်ယောက်တည်း ရပ်တည် ရုန်းကန်နေရတဲ့ မိခင် ငါးဦးမှာ သုံးဦးက ဆင်းရဲ မွဲတေနေ ကြောင်းသိရှိရပါတယ်။ အဲဒီလို မိခင် အရေအတွက်က ၁၉၈၀ မှာ ၅.၈သန်း ရှိခဲ့တာကနေ ၁၉၉၀ မှာ ၇.၇သန်း တိုးလာပြီး သူတို့ရဲ့ အလယ်အလတ် တစ်နှစ်ဝင်ငွေမှာ ၉.၃၅၃ဒေါ်လာပဲ ရှိကြောင်း သိရှိရပါတယ်။
    စီးပွားရေး အခြေအနေအရ  အမျိုးသမီးအများ အပြားဟာ  အိမ်ပြင် ထွက်အလုပ်လုပ်ဖို့ ဖြစ်လာပေမယ့် အလုပ်လုပ်တဲ့ မိခင်တွေရဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ရေး အစီအစဉ်မှာတော့ အမေရိကန် ပြည်ထောင်စုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် နောက်ကျ ကျန်ရစ်ကြောင်း သိရှိရပါတယ်။ ခုချိန်မှာတော့ အမျိုးသမီးအုပ်စုတွေဟာ   အမေရိကန် ဣတ္ထိယ၀ါဒလှုပ်ရှားမှု “စတုတ္ထမြောက်လှိုင်းသစ်ကို ဆင်နွှဲနေကြောင်း နဲ့ အဲဒီလှုပ်ရှားမှုမှာ  သမ္မတကတော် ဟီလာရီရော့ဒဟန် ကလင်တန်ကနေ စပြီး  ဆင်းရဲတွင်းထဲ ကျနေတဲ့ အမျိုး သမီးတွေ အထိ ပါဝင်ကြတယ်ဆိုတာလည်း သိရှိရပါတယ်။
    ကမ္ဘာနဲ့ အ၀ှမ်းမှာ နိုင်ငံတကာ ဣတ္ထိယ၀ါဒီ လှုပ်ရှားမှုတွေတော်တော်များများ ရှိလာပြီဖြစ်ပါတယ်။  စတုတ္ထ အကြိမ်မြောက် အမျိုးသမီး ညီလာခံမှာ ဆုံးဖြတ်ကြမယ့် အမျိုးသမီး ရပိုင်ခွင့်တွေဟာ တောင်းဆိုချက်နဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို ဆက်လက် နားစွင့်ရင်း ပြင်ဆင်မှု အပိုင်းတွေ ပြုလုပ်နေကြတဲ့ အထဲက ပုပ်ရဟန်းမင်းကြီးရဲ့ သတင်းစကားလေးနဲ့ အတူ ကက်သလစ် အသင်းတော် အနေနဲ့ အမျိုးသမီးတွေ အပေါ် ထားရှိတဲ့ သဘောထားတွေကို ဖော်ပြပေးချင်ပါတယ်။
    ကာသိုလိပ် အသင်းတော်အနေနဲ့ အမျိုးသမီးများရဲ့ တန်းတူညီမျှမှုကို အပြည့်အ၀ထောက်ခံမှု ရှိ ကြောင်း  အကယ်၍ အသင်းတော်အနေနဲ့ ၎င်းင်းအချက်ကို အမြဲတမ်း ရပ်တည်မှု မရှိခဲ့ရင်တောင်းပန်ပါ ကြောင်း ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်က မိန့်ဆိုခဲ့ကြောင်း သိရှိရပါတယ်။
    မျက်မှောက်ခေတ် အမျိုးသမီးများရဲ့ တန်းတူညီမျှရှိရေးဟာ ကြီးမားတဲ့ လူ့ယဉ်ကျေးမှုရဲ့  အောင်မြင်မှု တစ်ခုဖြစ်ပြီး  အဖွဲ့အစည်းနဲ့ လှုပ်ရှားနေကြတဲ့ အမျိုးသမီးများ အဖွဲ့အစည်းရဲ့ အောင်မြင်မှုဖြစ်ကြောင်း ပုပ် ရဟန်းမင်းကြီးက ဆက်ပြီး မိန့်ကြားခဲ့ပါတယ်။
    ပီကင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် အမျိုးသမီး ညီလာခံမှာ အသင်းတော် အ နေနဲ့ ထူးခြား ထင်ရှားတဲ့ အမျိုးသားနဲ့ အမျိုးသမီးများသည် တန်းတူညီမျှရှိသည်ဆိုတဲ့ အချက်ကို  သဘော ပေါက် လက်ခံထားသည်ဆိုတဲ့ စကားဖြစ်ကြောင်း တင် ပြလိုက်ပါတယ်။
                                                   RVA.ထုတ်လွှင့်ချက်မှ
Read More...
Monday, November 19, 2012
တနင်္ဂနွေလမ်းဆုံ
    လက်ထဲကငွေကိုရေတွက် ကြည့်လိုက် တော့  ငါးရာ အတိပင်။ ဒီနေ့ . . . တစ်နယ်စီခြားနေသော ချစ်သူဆီသို့ ဖုန်းဆက်ရမည့်နေ့  တနင်္ဂနွေနေ့တိုင်း ဖုန်းဆက်မည်ဟု ကတိပေးထား၏၊ ဖုန်းမဆက်လျှင် ချစ်သူ စိတ်ကောက်မည်၊ စိတ်ကောက်လျှင်သူ မချော့တတ်၊ ချစ်သူ စိတ်ဆိုးမှာကို အလွန်ကြောက်လေ သည်။
    ဖုန်းဆက်ဖို့ အတွက် သူပျက်ကွက်ခဲ့တာ တစ်လကျော်နေပြီ၊ ပျက်ကွက်ရသည့် အကြောင်းရင်းမှာလည်း ထူးဆန်းလွန်း လှသည်။ တစ်ခုသော တနင်္ဂနွေ ချစ်သူဆီကို ဖုန်းဆက်ဖို့ထွက် အလာ . . . လမ်းတွင် အဖိုးအို တစ်ယောက်ကို ဆိုင်ကယ်တစ်စီးမှ ၀င်တိုက် သွားလေသည်။ ဆိုင်ကယ်မောင်းသည့်သူမှာ  အဖိုးအိုကို လှည့်ပင် မကြည့်ပဲ မောင်းပြေး သွားလေသည်။ ထို အဖြစ်အပျက်သည် သူ၏ရှေ့တွင်ဖြစ်ပျက် ခဲ့၏။ သူလည်း မနေသာပဲ ဆေးရုံကို ပို့ပေး ခဲ့ရ၏။ ပါလာသမျှ ငွေလည်း ကုန်သွားသည်။  ဆင်းရဲနွမ်းပါးတဲ့ အဖိုးအို အတွက် သွေးတစ်လုံးပင် လှူခဲ့ရ၏။ အဲ့ဒီ တနင်္ဂနွေ ဖုန်း မဆက်ဖြစ်၊ တနင်္ဂနွေ တစ်ရက်သာလျှင် အလုပ်နား ရသည့် ချစ်သူ သူ့ဖုန်းကိုမျှော်နေမှာ အသေအချာ ပင်။
    နောက်တစ်ကြိမ် တနင်္ဂနွေ အမေ မူးလဲသွား၏ တစ်မိသားစုလုံး ပျာယာ ခတ်ကုန်၏။ သူလည်း ဆရာဝန်ပြေးခေါ်ရ၊ ဆေးပြေး ၀ယ်ရနှင့် တစ်နေ့လုံးလိုလို အ မေ့ဘေးက မခွာရ၊ အမေတစ်ခုခုဖြစ်မှာ စိတ်ထဲတွင် ပူပန်နေရ၏။ ချစ်သူကို ဖုန်းဆက်ဖို့ သတိရလိုက်သေးသည်၊ ဘယ်လိုမှ အချိန်မရ၊ ဒီလိုနှင့် တနင်္ဂနွေကျော် သွားပြန်သည်။
    တနင်္ဂနွေနေ့တိုင်း ချစ်သူဆီ ဖုန်းဆက်ရန်မှာ အကြောင်းအမျိုးမျိုးနှင့် အမြဲတမ်း အလွဲလွဲအချော် ချော်၊ ငွေမရှိတာနှင့်၊ အရေးပေါ် အကြောင်းတရားများ ပေါ်လာရတာနှင့် ဖုန်းမဆက်ဖြစ်ခဲ့တာ တစ်လတောင် ကျော် ခဲ့ပြီ။ အစစအရာရာ မပြည့်စုံသော မိမိကို မှရွေးချယ် ချစ်ခဲ့သော ချစ်သူကိုကျေးဇူးလည်း တင်၏၊ သနားလည်း သနား မိလေသည်။ ချစ်သူကိုတောင်းပန် ရမည်၊ လွဲချော်ခဲ့သော တနင်္ဂနွေနေ့များ အ ကြောင်း ကိုတော့ မရှင်းပြလိုပေ။ ချစ်သူ အထင်သေးမှာ စိုးသလို၊ စိတ်ပျက် သွားမှာကိုလည်း  စိုးရိမ်နေမိ၏။
    “ဒီတစ်ပါတ် တနင်္ဂနွေ ၁၀နာရီ မှ ၁၁နာရီ အတွင်း ဖုန်းမဆက်လျှင် အပြတ်ပဲ” ဟု ချစ်သူက လူကြုံ နှင့် စာပေးလိုက်သည်။ သူနာရီကို ကြည့်လိုက်သည် ၁၁နာရီထိုးဖို့ ၁၅မိနစ် လိုသေး၏။ တစ်မနက်လုံးလည်း မအား၊ အမေ့ ကျန်းမာရေး မကောင်းသောကြောင့်  အ မေ့အလုပ်တွေ ကူလုပ်ပေးနေရသည်။ ချစ်သူ စိတ်ကို သူသိ၏၊ ဖုန်းဆက် မှဖြစ်မည်။
                      သူသည် စိတ်ကို ဒုန်းဒုန်ချကာ ဖုန်းဆိုင်ထဲသို့ ၀င်ရန်ခြေလှမ်းပြင် လိုက်သည်။  ထိုအချိန်မှာပင် အိမ်မှ ထွက်လာခါနီး အမေမှာ လိုက်သော စကားများကို ကြား ယောင်မိလေသည်။
 “သားမှာ ပိုက်ဆံ ငါးရာလောက်ရှိရင် အမေ့ အတွက် သွေးပေါင်ကျဆေး တစ်ကဒ်လောက် ၀ယ်ခဲ့ပါ နော်၊  အမေသွေးတွေ အရမ်းတိုးနေလို့ သားရဲ့” ဖုန်းဆိုင်သို့ ၀င်မည့် သူ့ခြေလှမ်းများ ရပ်တန့်သွား၏။ ဖုန်း ဆိုင်၏ဘေးတွင် ဆေးဆိုင် ရှိလေသည်။
    ဖုန်းဆိုင်၊ ဆေးဆိုင်၊ လက်မှ ပတ်ထားသော နာရီနှင့်ငွေကို တစ်လှည့်စီ ကြည့်ရင်း တွေဝေနေ၏။  ၁၁ နာရီ ထိုးဖို့ ငါးမိနစ် အလိုတွင် သူသည် ဆိုင်ထဲသို့ ၀င်သွားလေသည်။
    ဆိုင်ထဲမှပြန်ထွက်လာသော အခါ . . . သူ၏ နှုတ်ခမ်းများသည် ပီတိ အဟုန်ကြောင့် ပြုံးရောင်သန်း နေ၏ . . . သို့သော် သူ၏ မျက်ဝန်းမှာတော့ မျက်ရည်စများပြည့်လျှံကာ  ပါးပြင်ပေါ်သို့ မျက်ရည် စက်လေးများ စီးကျနေ၏။  သူ၏ လက်ထဲမှာတော့  ဆေးကဒ်လေး တစ်ကဒ်အား ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် ထားလေ တော့သည်။  
                                                        စန်းယုပိုင် (ဟင်္သာတ)
Read More...
Sunday, November 18, 2012
ပျောက်ကွယ်သွားသော ကန္တာရနှင်းဆီတစ်ပွင့်
    ယနေ့ ကမ္ဘာ့ သတင်းမီဒီယာများ စိတ်အ၀င်စားဆုံးသတင်းမှာ  ဆီးရီးယားနိုင်ငံ၏  အရေးအခင်း ပင် ဖြစ်ပါသည်။  ယခင်က ဆရာဝန် တစ်ဦးဖြစ်ပြီး  အသက်ငယ်ငယ်နှင့် ဖခင်သမ္မတကြီး အာဆတ်၏ အရိုက်အရာကို ဆက်ခံခဲ့သူ ဘာရှာ အယ်လ် အာဆတ်သည် (Bashar-Al-Assad) ယခုအခါ အာဏာရှင် ဆန်စွာ တိုင်းသူပြည်သားများကို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခဲ့သောကြောင့် ကမ္ဘာ့ သတင်း မျက်နှာပြင်၌ နာမည်ဆိုးနှင့်ကျော်ကြား ခဲ့ရသည်။  အယ်(စ)မာအာဆတ်သည် ဆီးရီးယားသမ္မတ ဘာရှာ အာဆတ်၏ ရှုမငြီးသည့် ချောမော တင့်တယ်သော  ဇနီးသည်လေး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ ဇနီးများထဲ၌လည်း  အသက်အငယ်ဆုံး  သမ္မတကတော် တစ်ဦး ဖြစ်ပါသည်။ အယ်(စ)မာ (Asma)သည်၊ အနောက် သတင်းမီဒီယာများမှ စိတ်ဝင်တစားသတင်း လိုက်လံ ယူခဲ့ရသော မင်းသမီးလေး တပါးဖြစ်ခဲ့ရပါသည်။ သူမကို ထိုအချိန်က သတင်းစာများထဲ၌ သဲကန္တာရထဲမှ နှင်းဆီ ပန်းလေးတစ်ပွင့်ဟု ချစ်စနိုးခေါ်ဝေါ်ခဲ့ကြသည်။
    ချစ်စရာကောင်းသော ကလေးငယ်(၃) ယောက်၏ အမေဖြစ်သော အယ်(စ)မာအာဆတ်သည် (ှSrv)ဆပ်(ဗ)ကားကို ကိုယ်တိုင်မောင်းပြီး ကလေးများနှင့်အတူ သမ္မတအိမ်တော်အတွက် လိုအပ်သော  အိမ်သုံး ပစ္စည်းများကို ကိုယ်တိုင်ရွေးချယ်၍ ဒီမိုကရက်တစ်ဆန်စွာ လွတ်လပ်စွာဈေးဝယ် ထွက်တတ်သော အမျိုးသမီး တစ်ယောက်ဖြစ်သည်။ နိုင်ငံ တော်၏ ဧည့်သည်များဖြစ်သော နိုင်ငံ့ခေါင်းဆောင်များ၊ ရှင်ဘုရင်များအတွက် လက်ဆောင်မွန်များကိုလည်း ကိုယ်တိုင်ရွေးချယ် ၀ယ်ခြမ်းပေးလေ့ ရှိသည်။ ထိုအချိန်က ဆီးရီးယားသမ္မတ ဘာရှာအာဆတ်သည် အာရပ်ကမ္ဘာတွင် အသက် အငယ်ဆုံး သမ္မတအဖြစ် ထင်ရှားခဲ့သည်။
    ထိုစဉ်က သမ္မတအာဆတ် အနေနှင့်  ဤမျှ တင့်တယ်၍ အရည်အချင်းရှိသော အမျိုးသမီးတစ် ယောက်ဖြစ်သော အယ်(စ)မာကို မည်သို့များ ရှာဖွေ တွေ့ရှိခဲ့သနည်းဟု စူးစမ်းခဲ့ကြသည်။ သို့သော် သူမ၏ ခင်ပွန်း သမ္မတကြီးမှ တိုင်းပြည်ကိုနှစ်(၂၀) ကြာ အာဏာရှင် ဆန်ဆန် အုပ်စိုးဖိနှိပ် လာခဲ့သောအခါ တိုင်းသူ ပြည်သားများမှ သည်းမခံနိုင်တော့ပဲ ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့သည်။ အာဆတ်သည် တိုင်းသူပြည်သားများ နှင့် ညှိနှိုင်းဖြေရှင်းခြင်း မပြုလုပ်ပဲ ဖမ်းဆီးချုပ်နှောင် ခြင်း ၊ လက်နက်ကြီးများနှင့် ဖြိုခွဲခြင်း များကိုပြုလုပ်လာခဲ့သည်။ ထို့ကြောင့် ပြည်တွင်းစစ် မီးကြီးသည် ဆီးရီးယားနိုင်ငံကို တောက်လောင် ခဲ့ရပြီး ပြည်သူ အများအ ပြား  သေကြေခဲ့ကြရသည်။
    ယခင်က လှပသော ထင်းရှုးတောများ ဖုံးလွှမ်းနေသော နိုင်ငံလေးမှာ သမ္မတကြီး အမိန့်နှင့် ဆန္ဒ ပြသူများကို အစုလိုက်အပြုံလိုက် လက်နက်ကြီးများ နှင့် ဖြိုခွင်းနေသောကြောင့် ပြည်သူ များသွေးမြေကျ ခဲ့ရသည်။
    ကလေး(၃)ယောက် အပါအ၀င် သမ္မတကြီး နှင့် အယ်(စ)မာတို့ မိသားစုလည်း သူမတို့ ဇာတိမြို့ လေးသို့  ပုန်းရှောင် ထွက်ပြေးသွားကြပြီဖြစ်သည်။ ယခု အခါ အနောက်တိုင်း မီဒီယာများမှ သမ္မတကတော် အယ်(စ)မာကို အဘယ်ကြောင့်များ ဤမျှ ရက်စက် ကြမ်းကြုတ်သော ခင်ပွန်း (ယောက်ျား) တစ်ယောက်ကို မည်သို့သော စိတ်ထားနှင့် လက်ထပ်ဖို့ ရွေးချယ်ဆုံး ဖြတ်ခဲ့သနည်းဟု ဆန်းစစ်နေကြပြီဖြစ်သည်။
    တစ်ချိန်က ရှေးဦး ခရစ်ယာန်များဖြစ်သော ဘုရားရှင်၏ တပည့်တော်ကြီးများ စိန်ပေါ(လ်)(Saul)မှ ပါလက်စတိုင်းမှသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ တော်ကြီးထိ လှည့်လည်ပြီး တရားဟော ခဲ့ကြသည်။ ကန္တာရထဲမှနှင်းဆီတစ်ပွင့်ဟုကျော်ကြားခဲ့သော  သမ္မတကတော်လေး အယ်(စ)မာသည်လည်း သဲကန္တာရ တစ်နေရာသို့ ပုန်းအောင်း ပျောက်ကွယ် သွားခဲ့ရရှာသည်။
(Ref Asma al - Assad Syria's First Lady. (Newsweek March 12,2012)
                                         ဘုရားရှင်ကိုထာဝရအစေခံလျက်
                     လေးစားစွာဖြင့်
                      ကက်သလင်းခင်
Read More...
Wednesday, November 14, 2012
လူငယ်များနှင့်အဆုံးတိုင်အောင် တည်ကြည်ခြင်း
    ယနေ့ခေတ် လူငယ်တိုင်း လိုလို တိုးတက် ချင်ကြပါတယ်။ ကောင်းသော တိုးတက်မှု မှန်ကန်သော လမ်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ လူနေမှု အကျင့်စရိုက်တွေ ကိုလည်း ကောင်းတာကို လက်ခံပြီး  မကောင်းတာကို ပယ်သင့်ပါတယ်။ ကောင်းတဲ့အမြင်ထားပြီး အလုပ် ကြိုးစားရင်လည်း  ကောင်းတာပဲဖြစ်မှာပါ။  ဆုမဲကြီးကြီး လိုချင်ရင် အမြင်ကြီးကြီး ပဲထားသင့် ပါတယ်။ လောကကြီး အတွက် ဘုရားသခင်က ဆုတွေ အမြဲပေးနေပါတယ်။ လက်ခံယူတတ်တဲ့ သူအပေါ် မှာပဲ မူတည်နေပါတယ်။
   ကောင်းသော အတွေး၊ တွေးခြင်းဟာ လည်း ကောင်းတာဖြစ်ဖို့ လက်ခံတတ်ခြင်းပါ။ ကျွန်မကတော့ ကိုယ်ဖြစ်ချင်တာကို စာအုပ် တစ်အုပ်ထဲမှာ နေ့စဉ်ချ ရေးပြီး  အင်အားယူ ပါတယ်။  ကိုယ့်ရဲ့ ရည်ရွယ်ချက် ကို ရေးတာဟာ စိတ်အင်အား သာမက တိုးတက်မှု နဲ့ အောင်မြင်မှုကိုပါ ရရှိစေပါတယ်။ မပျင်းပဲ ဇွဲနဲ့ လည်း ကြိုးစားဖို့ လိုပါတယ်။ ကျွန်မလည်း ဒီလိုနဲ့နေ့စဉ်ကျမ်း စာဖတ်၊ စိတ်ပုတီးစိပ်ပြီး  ဘုရားရှင်မှလွဲ၍ ငါ့ဘ၀မှာ ကယ်မည့် သူမရှိဟု မှတ်ယူပြီး ကြိုးစားခဲ့ပါတယ်။ ဒီနေ့ အချိန်တိုအတွင်းမှာ ကျွန်မရဲ့ ရည်မှန်းချက်တချို့ အဆင်ပြေလာတဲ့အခါ “မင်းကို ဘယ်သူထောက်ပံ့ ပေးနေလဲ”လို့ မေးခွန်းမေးသူများ ပေါ်ပေါက်လာခဲ့ပါ တယ်။ ဒါပေမယ့် ကျွန်မ ရဲရဲဝံ့ဝံ့ပြန်ဖြေ ခဲ့ပါတယ်။ ထောက်ပံ့ပေးတဲ့သူ ရှိပါတယ်။ အဲ့ဒါဟာ “ဘုရားသခင်”ပါ လို့ပြန်ဖြေနိုင်ခဲ့ပါတယ်။
    ယခုခေတ်ကာလမှာ မိန်းကလေးအတော်များများဟာ ငွေနောက်လိုက်၊  အလှအပနောက်လိုက် ပြီး ငွေအဿပြာ ပံ့ပိုးသူများနဲ့ ပျော်တတ်တဲ့ခေတ်ကာလမှာ  ကျွန်မလိုတွေးပြီး  သူများ မိုးခါးရည်သောက် တိုင်း  ကိုယ်လိုက်မသောက်ဘဲ ကိုယ့်ရဲ့ခွန်အားနဲ့ ဘုရားရှင်ကို ယုံကြည်ပြီး အသက်ရှင်ဖို့  အားပေး တိုက်တွန်းချင်ပါတယ်။  မိန်းကလေးတွေဟာ ဆင်းရဲတဲ့ ဒဏ်ကိုမခံ နိုင်သလို၊ ယောက်ျားလေးတွေ ဟာလည်း  ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြပါဘူး။ အဲ့ဒါတွေရဲ့ကြား အနေအထားလို ဘုရားသခင်ကို အားကိုးတယ်ဆိုရင် ဘုရားသခင်က ညှိနှိုင်းပေးပါတယ်။ ဘုရားသခင်အတွက် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အားလုံးစုံကို တတ်နိုင်ပြီး၊ ကျွန်မတို့ မမြင်နိုင်တဲ့ အရာတွေကို ဖန်ဆင်းပေးနေလို့ပါ။
 သည်းခံစိတ် ရှည်ခြင်းနဲ့  အချိန်အတိုင်းအတာ တစ်ခုကို စောင့်နေခြင်းသည်လည်း ရရှိလာ မည့် ကောင်းချီးများကို ပံ့ပိုး ပေးခြင်းဖြစ်ပါတယ်။ ဘုရားသခင်ဟာ အဆုံးတိုင် အောင် တည်ကြည်ခြင်းရှိရင် ကယ်တင်ခြင်းပေးမယ် လို့ ကျမ်းစာထဲမှာ အတိအလင်းရေးထားပါတယ်။ ဒါ ကြောင့် ခက်ခဲမှုများမြောင်လှ တဲ့ လောကကြီးမှာ ဘုရားသခင်ကို အဆုံးတိုင်အောင် တည်ကြည်ခြင်းဖြင့်မြင့်မြတ်တဲ့ ဘ၀များကို  လူငယ်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းရင်း . . . .
                မေတ္တာများစွာဖြင့်
                လင်ဒါထွန်းလွင်
Read More...
Sunday, November 11, 2012
မနာလိုတော့ ဒဏ်ရာ ပိုတာပေါ့
မိတ်ဆွေ    လောကအလယ်  မာယာကြွယ်ပြီး
        လူသူအများ  ချစ်လေးစားဖို့
        ငါသာတတ်တယ်  ငါမြတ်တယ်ဟု
        ကိုယ့်ကိုချီးမြှောက်  ဂုဏ်တွေမောက်ရင်
        ဖန်ဆင်းခံထား       လူသားများမှာ
        ကျေးဇူးကိုယ်စီ     ရှိကြသည်လို့
        သခင်ရဲ့မိန့်စကား
        မင်းမှာလေမေ့လို့ထားတော့
        ကိုယ့်ကိုယ်ကိုပြန်စဉ်းစားပါ - ဘယ်လိုလူများလဲကွာ
မိတ်ဆွေ    လူ့လောကဒီကမ္ဘာ
        လူရယ်လို့ဖြစ်လာတာ
        ကိုယ်စီရယ် အရည်ချင်း
        ပိုင်ဆိုင်ကာနေထိုင်ရင်းမို့
        သူများတွေကိုယ့်ထက်သာ
        ကိုယ်တွေ့တွေ့ကြုံခါမှာ
        ထိုသူ့ဘ၀ ဒုက္ခရအောင်
        မင်းလေကြိုးစား အမုန်းပွားတော့
        ကိုယ်ကိုယ်ကိုပြန်စဉ်းစားပါ - ငါဘယ်လိုလူများလဲကွာ
မိတ်ဆွေ    ကိုယ့်ရဲ့တံကျင်    ကိုယ်မမြင်ဘဲ
        သူတစ်ပါး အပြစ်များ
        မင်းမှာလေတွေ့လို့ထားပြီး
        သူတစ်ပါးအောင်မြင်တာ
        မနာလိုတော့မဖြစ်စရာ
        သခင်ဘုရားလည်းမကြိုက်ပါ
    မနာလိုတွေဖြစ်နေတော့
    မင်းအတွက်ဒဏ်ရာတွေပိုနေမှာပေါ့
                                                                    J.လမင်းလေး
Read More...
Wednesday, November 7, 2012
အစဉ် မှိုင်းမတော်မူသော သခင်မ
“အစဉ်မှိုင်းမတော်မူသောသခင်မ”(သို့မဟုတ်) “သက်လျာပတ်လုံးမှိုင်းမသောသခင်မ”
    Our Lady of Perpetual Succour သို့မဟုတ် Perpetual Help ဟူ၍ လူသိများကြတဲ့ “သက်လျာပတ်လုံး မှိုင်းမတော်မူသော သခင်မ”ထံ သဒ္ဓါကြည်ညိုခြင်းဟာ  ကက်သလစ် အသင်းတော်မှာ အတော်လေးရေပန်းစားနေတဲ့ ကြည်ညိုမှု တစ်ရပ် ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ မယ်တော် မာရီယားကို အထက်ဖော်ပြပါ ဘွဲ့နာမတော်ဖြင့် ရိုသေကိုးစားမှုရဲ့ သမိုင်းနောက်ခံကတော့ မြေထဲပင်လယ်ဒေသရှိတဲ့ Crete (ခရိ)ကျွန်းမှာ ပန်းချီဆရာတစ်ယောက်က အဆိုပါ မယ်တော့် ရုပ်ပုံကားချပ်ကို ရေးဆွဲခဲ့တယ်။ သက္ကရာဇ် (၁၄)သို့မဟုတ် (၁၅)ရာစု အဖြစ်သို့ အလားအလာရှိတယ်။ ၁၄၉၅ ခုနှစ်လောက်မှာ ကုန်သည် တစ်ယောက်ဟာ   ၎င်းင်းပုံတော်ကို ဂရိကျွန်းကနေ ရောမမြို့သို့ ယူဆောင်လာပြီး  သူမသေခင် သူတည်းတဲ့ အိမ်က မိတ်ဆွေ တစ်ယောက်ထံအပ်၍ ဘုရားရှိခိုး ကျောင်းတစ်ကျောင်းဆောက်၍ ထိုမယ်တော့် ပုံတော်ကို ဌာပနာထားဖို့မှာ ကြားခဲ့တယ်။ မှာတဲ့အတိုင်းလုပ်ဖို့  မိတ်ဆွေက ကတိထားပေ မယ့် စိတ်ပြောင်းတဲ့အခါ အိမ်က သမီးလေးတစ်ယောက်ကို မယ်တော်က ထင်ရှားပြပြီး  ပုံတော်ကှို St.Matthewခေါ် ရှင်မဿဲဘုရား ကျောင်း၌ အပ်နှံ သပ္ပါယ်ထားဖို့ရန် မှာကြားလိုက်တယ်။ ၎င်းင်းကျောင်းဟာ ရောမမြို့ရှိ နာမည်ကြီးSt.Mary Major and St. John Lateran ကျောင်းတော်ကြီးများကြားမှာ ရှိတယ်။ မယ်တော်က မိမိဟာ “အစဉ်အမြဲ ကူညီဖေးမ တော်မူတတ်သည့် သန့်ရှင်းသောမာရီယား” ဖြစ်ကြောင်းကိုလည်း ထိုသူ ငယ်မလေးကို ပြောကြား လိုက်တယ်။
    ဤသို့ဖြင့် မတ်လ ၂၇ ရက်နေ့ ၁၄၉၉ ခုနှစ်မှာ မယ်တော့်ပုံတော်ကို ရှင်မဿဲကျောင်းတော်ရှိ ဘုရားစင် အထက်မှာ တပ်ဆင်၍ တခမ်းတနား ဂုဏ်ပြုခဲ့တယ်။ နှစ်ပေါင်း ၃၀၀နီးပါး “သက်လျာပတ်လုံး မှိုင်းမ တော်မူသောသခင်မ”ဘွဲ့ နာမဖြင့် မယ်တော်မာရီယားဟာ ၎င်းင်းကျောင်း၌ ရိုသေ ကိုးစားမှုများ ခံယူရရှိပြီး တန်ခိုး အမြောက်အများလည်းပြသ ခဲ့တယ်။ ၁၇၉၈ ခုနှစ်မှာ ပြင်သစ်စစ်တပ်ဟာ ရောမမြို့ကို ချဉ်းနင်းသိမ်းပိုက်၍ ရဟန်းမင်းကြီး အဌမမြောက်ပီအူးကို သုံ့ပန်းအ ဖြစ် ဖမ်းဆီး ယူသွားကာ ဘုရားကျောင်းတော်ပေါင်း ၃၀ ကို ဖျက်ဆီး ဖြိုခွဲ ပစ်လိုက်တယ်။ ရှင်မဿဲကျောင်းလည်း ပါသွား ရှာတယ်။ ကျောင်းမှ မထွက်ပြေးရခင် Augustinian ဂိုဏ်းဝင် ရသေ့ ဘုန်းကြီးများက မယ် တော့်ပုံချပ်တော်ကို ဖယ်ပြီး ကျောင်းငယ်လေး တစ်ခုမှာ သိမ်းခဲ့တယ်။ နှစ်ပေါင်း ၆၀ကျော်ကြာပြီးမှ Redem ptorist ဂိုဏ်းဝင်ဘုန်းကြီး Fr. Michael Marchi ရဲ့ ရှာဖွေ ကြိုးပမ်းမှုဖြင့် မယ်တော့် ပန်းချီကားချပ်ကို ပြန်လည် တွေ့ရှိပြီး ယခင်က မယ်တော့်ပုံ ဌာပနာထားတဲ့ ကျောင်းမြေကွက်ပေါ် Redemptorist သူတော်စင်များ တည်ဆောက်လိုက်တဲ့ ကျောင်းဆောင်အသစ်မှာ အပ်နှံပူဇော်၍ မယ်တော့်ကို ဆက်လက် ဂုဏ်ပြုခဲ့ကြပါတယ်။ အဲတော့ အခုဆို “သက်လျာပတ်လုံး မှိုင်းမတော်မူသော သခင်မ” ရဲ့ original မူရင်းပုံတော်ကို Redem ptorist ဂိုဏ်းတည် ရဟန္တာ Alphonse ကို ဂုဏ်ပြုတဲ့ ရောမမြို့ရှိ ဘုရားကျောင်းတော်ကြီး ၌တွေ့ရှိနိုင်ပါတယ်။  ပုံတော်နှင့်ပတ်သက်ပြီး သိဖွယ်ကောင်းတဲ့ အချက်အလက်ကလေးတွေကတော့ မူရင်းပုံဟာ အကျယ်အရ လက်မ အမြင့် ၂၁ ရှိ သစ်သားပြားပေါ်မှာ  ရေးဆွဲထားတဲ့ ပန်းချီကားချပ်ဖြစ်တယ်။ ပုံကတော့ ဂရိ အ၀တ်အစား ဆင်မြန်း ထားကြတဲ့ မယ်တော်မာရီယား နှင့် သူငယ်တော် ပန်းချီဟာ Byzantine ခေတ်က လက်ရာဖြစ်တယ်။ ၎င်းင်းနှင့် ဆင်တူရိုးမား မယ်တော့် ရုပ်ပုံကားချပ်များကို အရှေ့တိုင်းနှင့် Russiaပြည်မှာ တွေ့ရှိရတယ်။  ဒီလိုမျိုး ပန်းချီပုံဟာ ရှင်လုကား ဆွဲခဲ့တဲံ့Hodegetriaခေါ် မယ်တော့်ပုံကို အခြေခံထားသည်ဟု ဆိုကြတယ်။ ထို Hodegetria ပုံတော်ကို သက္ကရာဇ် ၁၄၅၃ ခုနှစ်၌ Constantinople မြို့တော်ကို တူရကီတပ်များ ၀င်ရောက်၍ ဖျက်ဆီး လိုက်သည့်တိုင်အောင် ရာစုပေါင်းများစွာ  ရိုသေ ကိုးကွယ်ခဲ့ကြ သည်ဟု ပြောကြတယ်။
    “အစဉ် မှိုင်းမတော်မူသော သခင်မ” ပုံတော် မှာ မယ်တော်ရဲ့ ၀တ်ရုံဟာဗေဒါ အပြာရောင်၊ အတွင်း အင်္ကျီ လက်ရှည်ကအနီ ၊ခေါင်းကို ခြုံထားတဲ့ဝတ်ရုံ အောက်မှာမြင်ရတဲ့ခေါင်းစီးဟာ အဖြူကြောင်းတားထားသည့် အစိမ်းနုရောင် ၊ရွှေရောင် သရဖူအောက်၌ အဖျား ချွန် ၈ခု ရှိသော ကြယ် ၁လုံး၊ အသက် ၂နှစ် ၃နှစ် ခန့်သား အရွယ်ရှိတဲ့ သူငယ်တော်ယေဇူးရဲ့ ၀တ်ရုံကို တော့ နီဝါ၀ါ အရောင် ၊အင်္ကျီလက်ရှည်က အစိမ်း၊ သရဖူရွှေရောင်။ ပုံမှာတွေ့ရတဲ့ စာလုံးတွေဟာ ဂရိစကားလုံး များဖြစ်ကြပါတယ်။  မယ်တော့်ရဲ့ အထက် ဘေးနှစ်ဖက်မှာ “ဘုရား၏ မယ်တော်”ဆိုတဲ့ စာလုံးကို အတိုချုပ်ဖော်ပြ ထားတယ်။ မယ်တော့်ပုံရဲ့ ဘယ်ဘက်မှာ သိကြားမင်းကြီး မိုက်ကယ်လ်နှင့် သူ့ရဲ့ အမည်အတိုချုပ်ကို ညာဘက်မှာ သိကြားမင်းကြီး ဂါဗြီအဲလ်နှင့် သူ့ကိုဝန်းတဲ့ ဂရိစာလုံးများ ကို တွေ့ရပါတယ်။
    သိကြားမင်း မိုက်ကယ်လ်ရဲ့ လက်ထဲမှာ တစ်နေ့ကျ အာဏာသားများ ခရစ်တော့်နှလုံးကို ထိုးဖောက်မယ့် လှံနှင့် ကိုယ်တော် ကားတိုင်ပေါ်မှာ ရေငတ်စဉ် ပုန်းရည်ကပ်ပေးရန် ရေမှို တပ်ထားသည့် အတံ။ ဂါဗြီ အဲလ် ကတော့ ကားတိုင်တော်ကို ကိုင်ထားတယ်။ သူဟာ ကယ်တင်ခြင်း သတင်းကောင်းကို မယ်တော့်ထံ ပြန်ကြားခဲ့တဲ့ တမန်တော်ဖြစ်၍ ကယ်တင်ခြင်း သတင်းကောင်းနှင့် တပါတည်း  ဆက်နွယ်နေတဲ့ ကားတိုင်ကို ဆောင်ထားပါတယ်။  မယ်တော့်ရဲ့ ဘယ်ဘက် လက်ပေါ်မှာ ထည့်ထားတဲ့ သူငယ်တော် ယေဇူးလေးဟာ  သိကြားတမန်တော် ဂါဗြီအဲလ် ဆောင်ယူလာတဲ့ ကားတိုင်ကိုကြည့်ပြီး  ကြောက်ရွံ့ ထိတ်လန့်နေပုံ ရှိတယ်။ သူ့ ဖိနပ်တစ်ဘက်ကလည်း သဲကြိုးပြတ်ပြီး ကျွတ်ကျတော့မယ့် အခြေအနေမှာ ရှိတယ်။ မယ်တော်ဟာ သားတော်အတွက် ၀မ်းနည်းနေပုံ ပေါက်သော်လည်း သူ့မျက်လုံးများဟာ သားတော်ဘက် လှည့်နေသည် မဟုတ်၊ ပုံကို ကြည့်ရှုနေကြမည့်သူ ကျွန်ုပ်တို့ အပေါ် သနားကရုဏာ သက်ရောက်တဲ့ သဏ္ဍာန်ရှိပါတယ်။ ပုံတော်တစ်ခုလုံးရဲ့ နောက်ခံဟာ တောက်ပတဲ့ ရွှေရောင်ဖြစ်တယ်။ ဒီ “အစဉ် မှိုင်းမတော်မူသော သခင်မ” ရုပ်ပုံတော်ကားချပ်ဟာ  ကျွန်ုပ်တို့အား ခရစ်တော်၏ နက်နဲဖွယ်ရာ ၃ရပ် ဖြစ်သည့် ၀မ်းမြောက် ၀မ်းသာဖွယ်ရာ၊ ၀မ်းနည်း ဖွယ်ရာနှင့် အံ့သြဖွယ်ရာ အချက်များကို ကမ္မဌာန်းရှုစေရန် ဖိတ်ခေါ်ပြီး အပြစ်ရှိသူ လူသားများအပေါ် အကြင်နာ အပြည့်အ၀ ရှိတဲ့ မယ်တော်ရဲ့ကူညီမှိုင်းမမှု၊ ဘုရားထံကြားဖြန့် တောင်းလျှောက်ပေးမှုတို့ကို အမြဲ တင်ဆက်နေပါတယ်။ ဒါကြောင့်မို့ ဒီ “အစဉ် မှိုင်းမတော်မူသော သခင်မ” ဘွဲ့နာမအောက်၌ မယ်တော်မာရီယားကို သဒ္ဓါ ကြည်ညိုမှုဟာ ကမ္ဘာနှင့် အ၀ှမ်းပျံ့နှံ့နေသည်မှာ အံ့သြစရာ မဟုတ်ပါ။
    ဖိလစ်ပိုင်နိုင်ငံ၌ Manila မြို့Baclaran အရပ်ရှိ Gedemptorist ဘုန်းတော်ကြီးများ ဦးစီးတဲ့ “အစဉ် မှိုင်းမတော်မူသော သခင်မ” ကျောင်းတော်ကြီးဟာ ကမ္ဘာမှာရှိတဲ့ ဘုရားရှိခိုးကျောင်းကြီးများ အနက် တစ်ခု အပါအ၀င်ဖြစ်၍ မယ်တော့်အား ပုံမှန်သဒ္ဓါ ကြည်ညို ကိုးစားကြသော ဘာသာဝင်ဦးရေ အများဆုံး တက်ရောက်သောကြောင့် ကမ္ဘာမှာ အကြီးဆုံး မယ်တော့်ဗိမ္မာန်ဟူ၍ လည်းခေါ်ဝေါ် နိုင်ပါတယ်။ ဗုဒ္ဓဟူးနေတိုင်း မယ်တော့်အား ကြည်ညိုဝတ်ပြုခြင်းအတွက် ပုံမှန် လူ ၈သောင်း မှ ၁သိန်း အထိ လာရောက်ကြပါတယ်။
    Baclaran ရှိ မယ်တော့် ဘုရားကျောင်းကြီးဟာ အလျား ၃၄၅ ပေ၊ အနံ ၁၁၈ ပေ၊ အပြင်ဘက်က အမြင့် ၇၂ပေ နီးပါးရှိပြီး ဘုရားကျောင်း တက်သူပေါင်း ၂၀၀၀ကျော်အတွက် ထိုင်စရာရှိ၍၊ ၉၀၀၀ ကျော် ရပ်ဖို့ နေရာရှိသဖြင့် ကျောင်းအတွင်း စုစုပေါင်း လူ ၁သောင်း ၂ထောင်ခန့် ၀တ်ပြု ကိုးကွယ်နိုင်ကြပါတယ်။ ဗုဒ္ဓဟူးနေ့တိုင်း ၎င်းင်းကျောင်းဟာ ၂၄နာရီ ပွင့်နေပြီး သတ်မှတ်ထားသည့် အချိန် နာရီအလိုက် မစ္ဆားတရား ပူဇော်မှုများ၊ နိုဗီနာမေတ္တာ ဆိုခြင်းများ၊ သြ၀ါဒပေးခြင်း၊ ကိုယ်တော်မြတ် ကောင်းချီး ခံယူခြင်း စသည်တို့ဖြင့် ဝေဆာနေပါတယ်။ လရဲ့ ပထမ ဗုဒ္ဓဟူးနေ့များမှာ ဆိုရင် ဘုရားကျောင်းတံခါး အထိ သာမက ကျောင်းဝင်း တံခါးမ ဂိတ်ဝကြီး အထိ လူတွေ လျှံထွက်နေတာကို  တွေ့မြင်နိုင်ပါတယ်။
Baclaran ရှိ “အစဉ် မှိုင်းမတော်မူသော သခင်မ” ရုပ်ပုံတော်ကို ßGedemptorist သူတော်စင် ဂိုဏ်းဝင် ဘုန်းတော်ကြီးများက ၁၉၀၆ ခုနှစ်မှာ ဖိလစ်ပိုင်သို့ သယ်ဆောင် လာကြပါတယ်။ ၎င်း ပုံဟာ ရောမမြို့ရှိ original မူလပုံတော်နှင့် တထေရာတည်း တူအောင် ပြုလုပ်ရုံမက ၎င်းင်းပုံတော် အစစ်နှင့် ထိထားပြီး  မင်္ဂလာ ရထားတဲ့ ပုံချပ်ဖြစ်ပါတယ်။
    ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ဟာ မယ်တော့်ကို အထူး ချစ်ကြည်ညို မြတ်နိုးသူဖြစ်၍  Cardinal ခေါ်  ရဟန်းအမတ် အဖြစ် ၁၉၇၃ ခုနှစ်၌  Australia သို့ အသွား Manila မြို့၌ လေယာဉ် ခေတ္တ ရပ်နားစဉ် မမျှော်လင့်ဘဲ Bacleran ဘုရားကျောင်းမှာ မစ္ဆားတရား ဟောခွင့်ရခဲ့တယ်။ ရဟန်းမင်းကြီး ဖြစ်သွားပြီး  ၁၉၈၁ ခုနှစ် February ၌ Manila သို့ သာသနာ့ ခရီးလှည့်စဉ် သူတော်စင် ရဟန်းများ၊  သီလရှင်များနှင့် တွေ့ဆုံဖို့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ဟာ ၎င်းင်း “အစဉ် မှိုင်းမတော်မူသော သခင်မ” ကျောင်းတော်ကြီးကို ရွေးချယ် ခဲ့ပါတယ်။
(Gef: The New Cath. Encyclopedia, vol.10 1967,USA+ßGVA ßGesearch Sheets.)
        RVA.ထုတ်လွှင့်ချက်မှ
Read More...
Sunday, November 4, 2012
ခရစ်တော်ဘုရားရှင်ရဲ့သင်္ချိုင်းဂူ (၂)
    ပြီးခဲ့တဲ့ သိုးထိန်းသံ အမှတ်စဉ်(၈၃) (ခရစ်တော်ဘုရားရှင်ရဲ့သင်္ချိုင်းဂူ) မှာ  ဖြေကြားပေးခဲ့တဲ့ ခရစ်တော်ဘုရားရှင်ရဲ့ အုတ်ဂူ သင်္ချိုင်းဟာ  အိန္ဒိယ နိုင်ငံ ကက်ရှ်မီးယားမှာ ရှိတယ်ဆိုတဲ့ အမေးနဲ့ပက်သက်ပြီး၊ မဟုတ် မမှန်ကြောင်းကို ဆက်လက်ဖြေကြားပေး သွားမှာဖြစ်ပါတယ်။ ဦးစွာ ပထမ-ခရစ်တော်သည် ကက်ရှ်မီးယားမှာ မူဆလင်ဘ၀ နဲ့အသက် (၁၂၀) ထိနေခဲ့တယ် ဆိုတဲ့ အချက်ကို မှားယွင်းနေကြောင်း သမိုင်း အထောက်အထားနဲ့ အဖြေပေးချင်ပါတယ်။ အသက်(၁၂၀)အထိ မူဆလင်ဘ၀နဲ့ ရှင်သန်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်က တော့ အေဒီ(၁၂၀) အထိ အသက်ရှင်ခဲ့တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ မူဆလင်ဘ၀နဲ့ အေဒီ(၁၂၀)ထိ ရှင်သန်ခဲ့တယ်ဆိုတဲ့ အချက်ဟာ သမိုင်းအရ မှားယွင်း နေပါတယ်။ မူဆလင်ဘာသာကို တည်ထောင်သူ ပ ရောဖက် မူဟာမက်အေဒီ(၅၇၀)ခုနှစ် ပတ်ဝန်းကျင် မှာမွေးဖွားခဲ့ပြီး မူဆလင်ဘာသာ ဟာအေဒီ (၆၁၀)ခုနှစ်မှာ မက္ကာမြို့မှ အစပြုခဲ့ ကြောင်း အစ္စလာမ် သမိုင်းအရ သိရှိရပါတယ်။ ခရစ်တော် ဘုရားရှင်ဟာ အေဒီ (၁၂၀) ခုနှစ်ထိ ရှင်သန်ခဲ့အုံးတော့ ကမ္ဘာပေါ်မှာ မူဆလင်များ မရှိသေးပါ။ အစ္စလာမ်ဘာသာ မပေါ် ပေါက် ခဲ့သေးပါ။ ပရောဖက် မူဟာမက်သည်ပင် လျှင် ကမ္ဘာပေါ်မှာ မမွေးဖွားခဲ့သေးပါ။ ထွင်ဇာတ်ဖြစ် ကြောင်း ပေါ်လွင်နေပါတယ်။ အခု တစ်ဖန် ခရစ်တော် ဘုရားရှင်နဲ့ ခရစ်တော်ဘုရားရှင်ရဲ့ အုတ်ဂူသင်္ချိုင်း အစစ်အမှန် တည်ရှိရာနေရာကို သမိုင်းအထောက် အထားများနဲ့ ဆက်လက်ပြီး တင်ပြပေးပါမယ်။
    ခရစ်တော် ဘုရားရှင်နဲ့ ပတ်သက်လာပြီ ဆိုရင် ကျွန်ုပ်တို့ ခရစ်ယာန်တွေက သမ္မာကျမ်းချက်တွေနဲ့ လှည့်ပတ်ပြီး သက်သေပြလေ့ ရှိပါတယ်။ မှန်လည်းမှန် ပါသည်။ သမ္မာ ကျမ်းစာတော်မြတ်ဟာ ဘုရားရှင်ရဲ့ နှုတ်ကပတ် တရားတော်ဖြစ်သလို၊ ကယ်တင်ခြင်း သမိုင်းလည်းဖြစ်ပါတယ်။ ခရစ်တော် ဘုရားရှင်ကို ယုံကြည် သက်ဝင်ကြတဲ့ ခရစ်ယာန်တွေအတွက်တော့ ပြဿနာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ခရစ်ယာန် တွေက ယုံကြည် လက်ခံထားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ခရစ်ယာန် မဟုတ်သော အခြားဘာသာကို ယုံကြည် သက်ဝင်သူများအတွက်တော့  သမ္မာ ကျမ်းချက်နဲ့ ထောက်ပြ သက်သေပြတာကို လက်ခံနိုင်သူ ရှိသလို၊ လက်မခံနိုင်သူတွေလည်း ရှိပါတယ်။ ဒီကနေ့ ခရစ်တော် ဘုရားရှုင်ဟာ  ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်မဟုတ်ဘဲ တကယ်ရှိခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ပါး ဆိုတာကို ခရစ်ယာန် မဟုတ်တဲ့ နာမည်ကြီး သမိုင်းရေးဆရာကြီး Flavius Josephus ရေးသားတဲ့ History of the Jewish War နဲ့ Antiquitties of the Jews လို့ အမည်ရတဲ့ သမိုင်း စာအုပ်နှစ်အုပ်မှ သမိုင်း အထောက် အထားတွေနဲ့  ကောက်နုတ် တင်ပြပေးချင်ပါတယ်။ အဲ့ဒီ သမိုင်း စာအုပ်နှစ်အုပ်ကို ဦးစွာ Aramaic ဘာသာ စကားနဲ့ရေးသားခဲ့ပြီး ဂရိဘာသာစကားနဲ့ လည်းရေးသား ခဲ့ပါတယ်။ ဒီလို အတင်ကရ နာမည်ကြီး  ဂျူးသမိုင်း ရေးဆရာကြီးရဲ့ အထ္ထုပတ္တိသမိုင်း အကျဉ်းချုပ်ကို  ဦးစွာဖော်ပြပေးပါမယ်။ သူ့ရဲ့ ရာဇ၀င်ကိုသိမှ သူရဲ့အ ရေးအသားဟာ ဘယ်အတိုင်းအတာ အထိ ခိုင်လုံတယ်။  စိတ်ချရတယ်ဆိုတာ သိရမှာဖြစ် ပါတယ်။
    ဂျူးသမိုင်းဆရာကြီး Flavius Josephus ဟာ အေဒီ ၃၇ခုနှစ်မှာ  မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူရဲ့ မွေးရပ်ဇာတိကတော့၊ အစ္စရေးပြည်ဂျေရုစလင်မြို့ ဖြစ်ပါတယ်။ Flavius Josephus သည် ပထမ ရာစုနှစ်မှာ အထင်ကရ နာမည်အကျော်ဆုံး  သမိုင်းဆရာကြီး တစ်ဦးဖြစ်ပါတယ်။ အေဒီ ၆၆ခုနှစ်မှ ၇၃ခုနှစ် အထိ ရောမ အစိုးရကို တော်လှန်ခဲ့တဲ့နေရာမှာ ရှေ့တန်းက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဂျူးသမိုင်းရေး ဆရာကြီးFlavius Josephus ဟာ ဂျူးလူမျိုးတွေရဲ့ ယဇ် ပုရောဟိတ် မျိုးနွယ်နဲ့ ဘုရင်အမျိုးနွယ်မှ ဆင်းသက် လာသူဖြစ်ပါ တယ်။  ဒီသမိုင်းရေး ပုဂ္ဂိုလ်ကြီးရဲ့ ဂျုး နာမည်စစ်စစ် က တော့ Joseph ben Mathias ပဲဖြစ်ပါတယ်။ ဘယ်လို လုပ်ပြီး ရောမနာမည်ကို ခံယူခဲ့တာလည်း ဆိုရင် သူ ဟာဂါလီလေ နယ်စားစော်ဘွား ဖြစ်ခဲ့ပါတယ် ။အေဒီ ၆၆ ခုနှစ်မှာ ရောမအစိုးရကို သူကိုယ်တိုင် ဦးဆောင်ပြီး တော်လှန်ရေး ဆင်နွှဲခဲ့ပါတယ်။ရောမတွေရဲ့ Vespasian စစ်တပ်ကနေ ရက် သတ္တပတ် ၇ ရက်တိတိ အ၀ိုင်းခံလိုက်ရတော့ လက်နက်ချ အရှုံးပေးခဲ့ရပါတယ်။ Vespasian ဘုရင်ဖြစ်လာတော့ သူဟာ မျက် နှာရသူဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Flavian ဆိုတဲ့ ရောမ နာမည်ကိုပါ  မိမိကိုယ်ကို မှည့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဂျူးသမိုင်းရေးဆရာကြီး Flavius Josephus ဟာ  ဂျူး လူမျိုးတွေရဲ့ လောကတွင် သာမက ရောမတစ်ခွင်မှာပင် နာမည်ကျော် ဂျူး သမိုင်းရေး ပုဂ္ဂိုလ်ကြီးအဖြစ် လူသိများ ခဲ့ခြင်းဖြစ်သည်။ သူဟာ ခရစ်တော်ဘုရားရှင်ကို  ယုံကြည် သက်ဝင်သူ ခရစ်ယာန် မဟုတ်တဲ့ အတွက် သူ့ရဲ့ သမိုင်းအရေးအသားများ ကလည်း သမ္မာ ကျမ်းစာ အပြင်ဘက်နေ ခရစ်တော်ဘုရားရှင်နဲ့ ခရစ် တော်ရှင်ရဲ့ သာသနာတော်အတွက် ခိုင်လုံမှု တစ်ရပ်ကို ပေးထားတဲ့ အရေးအသား တစ်ရပ်ဖြစ်နေ ပါတယ်။ သူရဲ့သမိုင်း အရေးအသားများကိုလည်း လေ့လာဖို့ လွယ်ကူရအောင်ဆိုပြီး ပညာရှင်များက အခန်းကြီး အခန်းငယ်များကို ခွဲခြားပေးထားတာကို တွေ့ရပါတယ်။
    ဥပမာ Antiquities of the Jews “ဂျူးလူမျိုး တို့၏ ရှေးခေတ်တွင်ပေါ်ထွန်း ခဲ့သည့် ပညာရှင်များ သမိုင်း” အခန်းကြီး ၁၈၊ အခန်းငယ် ၃ မှ တတိယမြောက် အပိုဒ်ထဲမှာ သမိုင်းသွင်း ထားချက်ကတော့  “ဉာဏ် ပညာ အမျှော်အမြင်နှင့် ပြည့်စုံသောယေဇူးဟု အမည်တွင်သော ပုဂ္ဂိုလ် တစ်ပါးပေါ်ထွန်း ခဲ့သည်။  သူသည် အံ့ဖွယ် တန်ခိုး အမျိုးမျိုးကို ပြတော်မူခဲ့သူဖြစ်သည်။ သူ၏ သွန်သင်ချက်များ၌ သစ္စာ သမ္မာတရားနှင့် နှစ်သိမ့်အားရမှုများကို ရရှိကြသဖြင့် များစွာသော ဂျုးလူမျိုးများနှင့် တကွ၊ ဂျူးလူမျိုး မဟုတ်သော လူမျိုးခြားများကိုပင် ဆွဲဆောင်နိုင် ခဲ့သူဖြစ်သည်။  သူသည် ခရစ်တော်ဖြစ်သည်။ ပီလာတူးမင်းသည် လူထု၏ အကြံပြုချက် အတိုင်း  လက်ဝါးကားတိုင်း၌ သူ့အား တင်သတ်ခဲ့သည်။ သူ့အား ဦးစွာ ချစ်မြတ်နိုးကြသော ပုဂ္ဂိုလ်များသည် သူ့အား စွန့်ပယ်မှု မပြုကြပေ။ အဘယ်ကြောင့်ဆိုသော်  သူသည် တတိယမြောက်သောနေ့၌ သေခြင်းမှ တစ်ဖန် ပြန်လည် ရှင်ပြန် ထမြောက်တော်မူပြီး  သူတို့အား မိမိ ကိုယ်ကို ထင်ရှားပြတော်မူခြင်းကြောင့် တစ်ချက်၊ ပရောဖက်များ၏ သူနှင့် ပတ်သက်သော အနာဂတ္တိ စကားများ  ဟောကြားထားခြင်းကြောင့် တစ်သွယ်၊ သူ ကိုယ်တိုင်ပြုခဲ့သော တန်းခိုး အာနုဘော်တော်များ ကြောင့် ပင်ဖြစ်သည်။ သူ၏နောက်လိုက်များသည် မိမိတို့ကိုယ်ကို မိမိတို့  ခရစ်ယာန်များဟုပင် ယနေ့ထိတိုင် ခေါ်ဝေါ်ကြသည်” လို့ လေ့လာ မှတ်သားရ ပါတယ်။ သူ့ရဲ့ သမိုင်း အရေးအသားထဲမှာ ခရစ်တော်နဲ့ ပက်သက်ပြီး ရေးသားမှု၊ သမိုင်းသွင်းမှုတွေပါရှိပြီး ခရစ်တော်သည်  အိန္ဒိယပြည်သို့ သွားသည်။ တိဗက်ပြည်သို့ သွားသည် ဟူ၍ သမိုင်းသွင်းရေးသားထားမှု မရှိပါ။ ထိုရာဇ၀င်များသည် နောက်ပိုင်းမှ ထွင်လာသော  ရာဇ၀င်များသာဖြစ်ပါသည်။     အခုတစ်ဖန် ခရစ်တော်ရှင်ရဲ့ အုတ်ဂူသင်္ချိုင်းနဲ့ ပက်သက်ပြီး၊ ပါကစ္စတန်နိုင်ငံ၊ လာဟောမြို့တော်မှ၊ ဘုန်းတော်ကြီး အိနိုင်းယသ်ဘားနတ်ရဲ့ လေ့လာ တင်ပြ ဖြေထားချက်ကို၊ ၁၉၈၅ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့ ထုတ် ပါကစ္စတန်နိုင်ငံရဲ့ တတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ ဖက်ဆီလ်အာဘတ်မြို့မှ ထုတ်ဝေတဲ့ လစဉ်ထုတ် “သာလာရှ်” မဂ္ဂဇင်းစာအုပ်ထဲက “စပါယ်ရှယ်ယေဇူး နံဘာ” လို့အမည်ရတဲ့ ဖြေကြားချက်ကို အခြေခံပြီးဖော်ပြပေးပါမယ်။ ပထမအချက် ကတော့  ဟေရုဒ်မင်းကြီး လိုက်လံသတ်ခဲ့လို့ ကလေးဘ၀နဲ့ အီဂျစ်ပြည်သို့ ပြေးခဲ့ရတဲ့ ဘ၀က လွှဲရင် ခရစ်တော်ဘုရားရှင်ဟာ ပါလက်စတိုင်း နိုင်ငံအပြင်ဘက်ကို တစ်ခါမျှ ခရီး မထွက်ခဲ့ဘူးပါ။
    ရှင်မာတေဦး ဧ၀ံဂလိကျမ်း ၂၇း ၅၇-၅၈ ထဲမှာ “ညနေချိန်ရောက်လျှင် ယေဇူး၏ တပည့်တစ်ဦး ဖြစ်သည့် အာရီမာတေးယမြို့သား ဂျိုးဇက်အမည်ရှိ ချမ်းသာကြွယ်ဝသူ တစ်ဦးရောက်လာလေ၏။ သူသည်  ပီလာတူးမင်း ထံသို့ သွားပြီးလျှင် သခင်ယေဇူး၏ အလောင်းတော် ကိုတောင်းလေ၏ ထိုအခါ ပီလာတူးမင်းက၊ အလောင်းတော်ကို သူ့အားပေးရန် အမိန့်ချ လိုက်လေ၏”တဲ့။
    ရှင်ယောဟန် ဧ၀ံဂလိကျမ်း (၁၉း ၃၉-၄၀) ထဲမှာ “သခင်ယေဇူး ထံတော်သို့ ညချိန်တွင် လာသော နီကောဒေးမူးသည်လည်း မီးရာနှင့် မုတ်ရောထား သော၊ ဆီမွှေး နံသာပေါင်း အချိန်တစ်ရာခန့်ကို ယူ ဆောင် လာလေ၏။ သူတို့သည်လည်းယေဇူး၏ အ လောင်းတော်ကို ယူဆောင် လာပြီးလျှင် ဂျူးလူမျိုး တို့၏ သဂြိုလ်ခြင်း နှင့် ဆိုင်သော၊ ဓလေ့ ထုံးစံ အတိုင်း၊ နံ့သာမျိုးများနှင့် အတူ ပိတ်အ၀တ်ဖြင့် ပတ်ရစ်ကြ၏” တဲ့။ (ရှင်မာတေဦး ဧ၀ံဂေလိကျမ်း ၂၇း ၅၉-၆၀) “ဂျိုးဇက် သည် အလောင်းတော်ကို ယူဆောင်၍၊ ဖြူစင်သော ပိတ်အ၀တ်ဖြင့် ပတ်ရစ်ပြီးကျောက်ဆောင်တွင် ထွင်းထားသော မိမိ ပိုင်ဆိုင်သည့် သင်္ချိုင်းဂူ အသစ်၌ ကိုယ် တော်၏ အလောင်းတော်ကို သွင်းထားလေ၏။ ထို နောက် သူသည် သင်္ချိုင်းတွင်း အ၀၌ ကြီးမားသော ကျောက်တုံး တစ်တုံးကို လှိမ့်၍ ပိတ်ထားခဲ့ပြီးမှ ထွက်ခွါ သွားလေ၏။”
      စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ဂျူး ဘာသာရေးခေါင်းဆောင်များ၊ ဖာရီဇေဦးများဟာ ခရစ် တော်ယေဇူး ဘုရားရှင်ရဲ့ ဘွဲ့နာမတော်ကို ဒီကမ္ဘာလောကကြီးထဲ ကနေ ချေဖျက်ပစ်ဖို့ အတွက် ရောမဘုရင်ထံ ချဉ်းကပ်ပြီးတော့ သူဟာ တတိယမြောက် တဲ့နေ့မှာ ပြန်လည် ရှင်ပြန် ထမြောက်မယ်လို့ သူကိုယ်တိုင် ပြောခဲ့တယ်။ ဒါကြောင့် အဲဒီသင်္ချိုင်းကို အစောင့်အကြပ် ထားဖို့ တောင်းခဲ့တယ်။  ဒါကြောင့် သင်္ချိုင်းဂူကို အ စောင့်ချ ထားခဲ့ပါတယ်။
    ရှင်မာတေဦး ဧ၀ံဂလိကျမ်း ၂၇း၆၆ “ထို ကြောင့် သူတို့သည်လည်း သွားကြ၍ကျောက်တုံးကို တံဆိပ်ခပ်နှိပ်ကာ အစောင့်များ ချထားကြလျက် သင်္ချိုင်းဂူကို လုံခြုံ အောင်စောင့်ကြပ်စေကြ၏။ ဘုရားတန်ခိုးတော်နဲ့ပြန်ရှင် ထမြောက်တော်မူခြင်းကိုပင် အစောင့်အကြပ်တွေ ကိုငွေပေးပြီးနှုတ် ပိတ်ခဲ့ကြတာကိုပင် ရှင်မာတေဦး ဧ၀ံဂေလိကျမ်း ၂၈း၁၁-၁၅ ထဲမှာ လေ့လာ ဖတ်ရှုရပါတယ်။ ဘယ်လိုပဲ သူတို့နှုတ်ပိတ် ပိတ် ဂျူးလူမျိုးတွေရဲ့ ယဇ်ပုရောဟိတ်နဲ့  မင်းမျိုး မင်း နွယ်ဖြစ်တဲ့ သူတို့ရဲ့ မျိုးရိုးနွယ်ဖွားဖြစ်တဲ့ သမိုင်း ဆရာကြီး Flavius Josephus ကတော့  သူ့ရဲ့ သမိုင်း အရေးအသားထဲမှာ တတိယမြောက်တဲ့နေ့ မှာသေ ခြင်းမှ တစ်ဖန်ပြန်လည် ရှင်ပြန် ထမြောက်ပြီး မိမိ၏ တပည့်တော်များကို ကိုယ် ထင်ရှားပြတဲ့အကြောင်း များကို သမိုင်းသွင်းဖော်ပြ ထားပါတယ်။
    ခရစ်တော်ရှင်ရဲ့ ဂူသင်္ချိုင်း အစစ်အမှန်ရဲ့  ရာဇ၀င် သမိုင်းအကျဉ်းချုပ်ကို ခုနှစ် သက္ကရာဇ်များဖြင့် ဆက်လက်ပြီးလေ့လာကြမယ် ဆိုရင် ခရစ်တော် ဘုရားရှင်ရဲ့ အလောင်းတော်မြှုပ်နှံရာ သင်္ချိုင်းဂူဟာ ခြေရာ လက်ရာမပျက် နဂိုရှိရင်း အတိုင်းဂျေရုဇလင်မြို့မှာ ယနေ့ထိတိုင် တည်ရှိနေပါတယ်။ ကြည်ညို လေးမြတ်ခြင်း အပြည့်အ၀နဲ့ ထိန်းသိမ်းထားပါတယ်။ သမိုင်း ခုနှစ်ကာလများ အလိုက် ဆက်လက်ပြီး ဖော်ပြ ပေးပါမည်။အေဒီ ၃၀ ခုနှစ်မှ အေဒီ ၇၀ခုနှစ် ကာလအတွင်း အစောပိုင်းကာလ ခရစ်ယာန်များဟာ  ဂျူးလူမျိုး တွေရဲ့ ညှဉ်းပမ်းနှိပ်စက်ခြင်းကို ခံနေကြရချိန်ဖြစ်ပေမယ့် တက်ကြွတဲ့ ခရစ်ယာန်အဖွဲ့အစည်းလေး တစ်ခုဖြစ်ခဲ့ပါတယ် ။အေဒီ ၄၃ခုနှစ် မှာဟေရုဒ်အာဂရိပတ် ဘုရင် ဟာဂျေရုဇလင်မြို့ရိုးကို တိုးချဲ့ ပစ်လိုက်တဲ့အတွက်၊ ခရစ်တော်ရှင် အသက်စွန့်ရာ ကာလ၀ါရီတောင် တော်နဲ့၊ အလောင်းတော်မြုပ်နှံသဂြိုလ်ရာ ဂူသင်္ချိုင်းဟာ ၊ဂျေရုဇလင်မြို့တော်အပြင်ဖက် မဟုတ်တော့ပဲ၊ မြို့တွင်းဖြစ် သွားပါတော့တယ်။           
 အေဒီ ၇၀ ခုနှစ်မှအေဒီ ၁၃၄ခုနှစ် ကာလ အ တောအတွင်းမှာတော့ ၊ရောမ အင်ပါယာရဲ့နေရိုး ဘုရင်ဟာ၊ ဂျေရုဇလင် မြို့တော်နဲ့ ဂျူးလူမျိုးတွေရဲ့ ဂျေရုဇလင်ဘုရား ဗိမာန်တော်ကြီးကို ဖျက်ဆီး ပစ်ခဲ့ပါ တော့တယ်။ ဒီလို ဖျက်ဆီးနေတဲ့ ကာလမှာ လူနည်းစုလာက်သာ မြို့တွင်းမှာ ကျန်ခဲ့ကြပါတယ်။ အများစုက တော့ အသက် ဘေးမှ လွတ်မြောက်ဖို့အတွက်  ထွက်ပြေး တိမ်းရှောင် ခဲ့ကြရပါတယ်။ ဒီလို ဆိုးရွား လှတဲ့အခြေအနေမှာပင် ခရစ်ယာန်များဟာ ခရစ် တော်ရှင်မြုပ်နှံခဲ့ရာနဲ့ သုံးရက်မြောက် တဲ့နေ့ သေခြင်းမှပြန်လည် ရှင်သန်ထ မြောက်တော်မူခဲ့ရာ ဂူသင်္ချိုင်းသို့ ဘုရားဖူး သွားရောက်ခဲ့ကြတာကို သမိုင်းထဲမှာ ဖော်ပြထားတာကို လေ့လာ သိရှိခဲ့ရပါတယ်။ သမိုင်း အရဆိုလျှင်၊ အဲဒီလိုခေတ် ကာလမှာပင် ဘုရားဖူးများ လာရောက်ခဲ့ကြလို့၊ အချို့ သော ပုဂ္ဂိုလ်များဟာ၊ ခရစ်တော်ရှင်ရဲ့ သင်္ချိုင်းဂူ အနီးအနားမှာ၊ စီးပွားဖြစ် တည်းခိုခန်းများကို ဆောက်လုပ်ခဲ့ကြတယ် လို့လည်းဂျေရုဇလင်မြို့ရဲ့ သမိုင်းကဏ္ဍမှာရေးသား ထားတာကိုလည်း မှတ်သားရပြန်ပါတယ်။
 ခရစ်သက္ကရာဇ်အေဒီ ၁၃၅ ခုနှစ်မှအေဒီ ၃၂၄ ခုနှစ် ကာလ အတောအတွင်းမှာတော့ ဂျူးလူမျိုး တွေရဲ့ တော်လှန် ပုန်ကန်ခြင်းပြီး ချိန်ဖြစ်ပါတယ်။ ဒီလို တော်လှန်လို့ အပြီး မှာတော့ရောမ အင်ပါယာရဲ့ ဧကရာဇ်ဘုရင် Hadrian ဟာ  ဂျေရုဇလင်မြို့တော်ကို ပြန်လည် တည်ဆောက်ခဲ့ပြီး၊ ခရစ်တော်ရှင်ရဲ့ သင်္ချိုင်းဂူကို ခြံရံလျက် Cupid လို့ခေါ်တဲ့ ရောမလူမျိုးတွေရဲ့ ဖူး စာရေးနတ်ကလေးရဲ့ ရုပ်ထု၊ မြန်မာလို အခေါ်ကတော့ ဖူးစာနတ် မျှားနတ်မောင် ရုပ်ထုနဲ့၊ Venus နတ်ဘုရား ရုပ်ထုနှစ်ဆူတို့ကို တည်ထား ကိုးကွယ်စေခဲ့ပါတယ်။ အဲဒီနေရာမှာပဲ လုံးခြမ်းပုံ အခုံးကြီးပါတဲ့ခေါင်မိုးနဲ့ အ ဆောက်အဦး ဗိမာန်ကြီးကိုလည်း ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီ ဗိမာန်တော်ကြီးရဲ့တောင်ဖက်ခြမ်း ခပ်ယွန်းယွန်းမှာတော့   လူထု အတွက်ဈေးကြီးကို တည် ဆောက်ပေး ခဲ့ပါတယ်။  ဘာကြောင့် ဒီလို နတ်ဘုရား ရုပ်နှစ်ဆူကို တည်ထားရခြင်း၊ ကြီးမား လှတဲ့ဈေးကြီးနဲ့ အဆောက်အဦး ဗိမာန်ကြီးကို တည်ဆောက်ရခြင်းနဲ့ ပတ်သက်ပြီး သမိုင်း ကဖော်ပြထားပြန်ပုံကတော့၊ ရောမ ဧကရာဇ်ဘုရင် Hadrian ဟာ ခရစ်တော်ရဲ့ သင်္ချိုင်းဂူသို့ လူတွေ တစ်ဖွဲဖွဲနဲ့ သွားရောက် ဆုတောင်းကြတာကို မနှစ်ခြိုက်၍ ဒီလို နတ်ဘုရား ရုပ်ပွားများနဲ့ ဗိမာန် အဆောက်အအုံ ၊ဈေးတို့ကိုဆောက်လုပ်ပြီး ခရစ်တော်ရဲ့ သင်္ချိုင်းကို ဆီးကာ ပိတ်ဆို့ လိုက်ဖို့ဖြစ်တယ်လို့ သမိုင်းမှာ ထပ်မံပြီး လေ့လာရပြန်တယ်။ ဘယ်လို ကာရံမှုတွေပြုပြု ခရစ်တော်ဘုရားရှင်ကို ယုံကြည် သက်ဝင်သူ ခရစ်ယာန်တွေအတွက်တော့ မရရ နိုင်တဲ့နည်းနဲ့ အရောက်သွားခဲ့ကြပြီး သဒ္ဒါ ကြည်ညို လေးမြတ်မှုကို ပြုခဲ့ကြပါတယ်။
    ခရစ်သက္ကရာဇ် ၃၂၅ ခုနှစ် မှ ၆၁၃ ခုနှစ် အတွင်းမှာတော့ ကွန်စတန်တင် ဧကရာဇ်ဘုရင်ကနေ ခရစ်ယာန် ဘာသာကို ရောမ အင်ပါယာကြီး တစ်ခုလုံးရဲ့ တရားဝင်နိုင်ငံတော် ဘာသာအဖြစ် ကြေညာပေးခဲ့ပါတယ်။ ဧကရာဇ်ဘုရင့်ရဲ့ မယ်တော်ဖြစ်သူ ဟဲန်လဲန်နားဟာ ပါလက်စတိုင်း တစ်ခွင်ကို လှည့်လည်ခဲ့ပြီး အထူးသဖြင့် ခရစ်တော်ဘုရားရှင်ရဲ့ အသက်တော်စွန့် ရာကာလ၀ါရီတောင်နဲ့ ခရစ်တော်ရှင်ရဲ့ သင်္ချိုင်းဂူတို့ကို နဂိုမူရင်း အခြေအနေသို့ပြန်ရောက်သည့်တိုင်အောင် စွမ်းဆောင် ကြိုးပမ်းခဲ့ပါတယ်။ ကွန်စတန်တင် ဧကရာဇ်ဘုရင်ကနေ ဘုရားဖူးဌာန အဖြစ် မွမ်းမံမှုများ ပြုလုပ်နိုင်ရန် အမိန့်တော် ချမှတ်လျက် တိုင်းသူပြည်သားများကိုပင် ပုံမှန် ဘုရားဖူး သွားရောက်နိုင်ကြရန် အားပေး အားမြောက်မှုများပြုခဲ့ကြောင်း သမိုင်းကိုလေ့လာ သိရှိရပါသည်။ ကွန်စတန်တင် ဧကရာဇ်ဘုရင်ရဲ့ အမိန့်တော် အတိုင်း၊ ကာလ၀ါရီတောင်နှင့် ဂူသင်္ချိုင်းကို ငုံ၍ တစ်စပ်တည်း ဘုရားရှိခိုးကျောင်း ဗိမာန်တော်ကြီးကို တည်ထားဆောက် လုပ်စေခဲ့ပါသည်။ အဲဒီ ဘုရားရှိခိုးကျောင်း ဗိမာန်တော်ကြီးကို သခင်ဘုရား သေခြင်းမှပြန်လည် ရှင်ပြန် ထမြောက်တော်မူသည့် ဘုရားရှိခိုးကျောင်းတော်လို့ ဘွဲ့ နာမခေါ်ထွင်စေခဲ့ပါတယ်။ အေဒီ ၄၂၀ ခုနှစ်မှာတော့ ခရစ်တော်ရှင်ရဲ့ ဂူသင်္ချိုင်း အပေါ် တည့်တည့်မှာ  လုံးခြမ်းပုံ ရှိခေါင်အမိုး ခုံး ကြီးကို ဆောက်လုပ်ခဲ့ကြောင်း  သမိုင်းမှတ်တမ်းက ဖော်ပြထားပါတယ်။
    အေဒီ ၆၁၂ခုနှစ် မှ အေဒီ ၁၁၄၀ ခုနှစ်အတွင်း မှာတော့၊ ပါရှန်ဘုရင်များဟာ ခရစ်တော် သင်္ချိုင်းဂူ အနီးနား တစ်ဝိုက်ရှိ အဆောက်အအုံများကို ဖျက်ဆီးခဲ့ရာ ခရစ်တော်ရှင်ရဲ့ ဂူသင်္ချိုင်းကို ငုံ၍ဆောက်ထားသော ဗိမာန်တော်ကြီးလည်း  အနည်းငယ် ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ သို့သော် မူရင်းပုံ မပျက် ရှိခဲ့ပါတယ်။ အေဒီ ၁၁၄၀ခုနှစ် မှအေဒီ ၁၈၀၈ခုနှစ် အတွင်းမှာတော့၊ အထူးသဖြင့် ခရူးဆိတ်ဘာသာရေး စစ်ပွဲကာလအတွင်းမှာ ၊ ၁၂၄၄ခုနှစ်မှာ တစ်ကြိမ်၊ ၁၃၁၀ခုနှစ်မှာ တစ်ကြိမ်၊ ၁၄၀၀ခုနှစ်မှာ တစ်ကြိမ်၊ ၁၇၀၉ခုနှစ်မှာ တစ်ကြိမ် (၆)ကြိမ်တိတိ ဘုရားကျောင်း ဗိမာန်တော်ကြီးဟာ ဖျက်ဆီးခြင်း ခံရပေမယ့် ခရစ်တော်ရှင်ရဲ့ ဂူ သင်္ချိုင်းတော်ဟာ ပျက်စီးခြင်း မရှိ၊ နဂိုမူရင်း အတိုင်း ရှိခဲ့တယ်လို့ သမိုင်းမှာလေ့လာရပြန်ပါတယ်။ ခရစ် သက္ကရာဇ် ၁၈၀၈ခုနှစ်မှ ၂၀၁၂ခုနှစ် အတွင်း သမိုင်းလေ့လာချက် အရကတော့ ခရစ်တော်ဘုရားရှင်ရဲ့ ဂူသင်္ချိုင်း အပေါ် တည့်တည့်မှာ တည်ထားတဲ့ လခြမ်းပုံ ရှိခေါင်မိုး အခုံးကြီးဟာ၊ အကြိမ်ကြိမ် မီးလောင်မှုများ ရှိခဲ့သလို အကြိမ်ကြိမ်ပြန်လည်ပြင်ဆင်မှု များပြုခဲ့တယ်လို့ လေ့လာသိ ရှိရပါတယ်။ ခရစ်တော်ရှင်ရဲ့ တပည့်သာဝက တမန် တော်များ လက်ထက်မှသည် ယနေ့ထိတိုင် ခရစ်ယာန်များ တစ်ဖွဲဖွဲ ဘုရားဖူး ထွက်ခဲ့ကြပါတယ်။ ခရစ်တော် ဘုရားရှင်ရဲ့ ဂူသင်္ချိုင်းဟာ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားနယ်မှာ မဟုတ်ပါဘူး။ဂျေရုစလင်မြို့မှာ သာဖြစ် ကြောင်း သမိုင်း အထောက်အထား၊ ခုနှစ် အထောက် အထားများနဲ့ ဖြေကြား လိုက်ရပါတယ်။ မျက်မှောက် ခေတ် ဘုရားဖူးစာရင်းများကို ရူလိုက်ပါက သန်းပေါင်း များစွာ ဆိုတာ သိရပါတယ်။
        ဘုန်းတော်ကြီး ဒိုမိနစ် ဦးဂြိုလ်တု
Read More...
Tuesday, October 30, 2012
ရဟန္တာအပေါင်းပွဲ
     All Saints Day လို့ ပြောတဲ့ “ရဟန္တာအ ပေါင်းပွဲ”ကို နိုဝင်ဘာလမှာ  ကျင်းပကြပါတယ်။ ဒီပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အသင်းတော်ထဲမှာ  အထင်ကရ ရဟန္တာတွေ အများကြီးရှိပြီး သူတို့ရဲ့ ပွဲရက်အတိုင်း  ဘာသာဝင်များက ပွဲကျင်းပတယ်။ ကြည်ညိုလေးစားမှု၊ သဒ္ဓါကြည်ညိုမှု ကိုပြ ကြပါတယ်။ ဒါပေမယ့်လို့ ရဟန္တာတွေက များစွာရှိတော့ ရဟန္တာတစ်ပါးစီတိုင်းကို ရက်သတ်မှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသင်းတော်ကလည်း လူသိ ထင်ရှားမဟုတ်တဲ့ ရဟန္တာတွေ၊ လူတွေ မသိပေမယ့်လို့ ဘုရားသခင်သာသိတဲ့  ရဟန္တာပေါင်းများစွာနဲ့ နေ့စဉ် ပိုမိုများ ပြားလာတဲ့ ရဟန္တာ အားလုံးကို  သတိရ ဂုဏ်ပြုဖို့နဲ့ သူတို့ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ဆုတောင်းပေးမှုကို တောင်းခံဖို့ “ရဟန္တာအပေါင်းပွဲ”ကို အေဒီ. . . ၈၀၀က တည်းက နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပစေခဲ့တာ ယနေ့ထိ ပါပဲ။
    ဒီပွဲ ကျင်းပခြင်းရဲ့ နောက်အကြောင်းအရင်း တစ်ခုကတော့   လောကမှာ  အသက်ရှင်နေထိုင် ကြတဲ့သူ များ၊ လူ့ရဲ့ အားနည်းချက်တွေ၊ စုံစမ်းနှောက်ယှက်ခြင်းတွေ၊ ညှင်းပန်းနှိပ်စက်ခြင်းတွေ ကြားကနေ ခရစ်တော်အား နောက်ဆုံး တိုင်အောင် သစ္စာရှိ သွားရန် အားပေးဖို့ဖြစ်ပါတယ်။
    ဒီနေ့ ကျင်းပတဲ့ ရဟန္တာတချို့ဟာ ကျွန်တော်တို့ သိခဲ့တဲ့  ပုဂ္ဂိုလ်တွေဖြစ်တယ်။ ကျွန်တော်တို့နဲ့ အတူ ကျွန်တော်တို့ အလယ်မှာ နေထိုင်သွားတယ်။ ကျွန် တော်တို့လိုပဲ သူတို့ရဲ့နေ့စဉ် ဘ၀အသက်တာမှာ တစ်ခါတစ်ရံ ကျဆုံးတာတွေလည်း ရှိခဲ့တာပါပဲ။ ဒါပေမယ့် ဘုရားသခင်ရဲ့ ကူညီစောင်မမှုနဲ့ သူတို့ရဲ့ ၀ိညာဉ်ရေး၊ ဘာသာရေး အသက်တာကို အဆုံးထိအောင်လျှောက်လှမ်းနိုင်ခဲ့ကြသူ များဖြစ်ပါတယ်။
    ဒီနေ့ သူတို့က ကောင်းကင်ကနေပြီး  ကျွန် တော်တို့ကိုပြောနေတဲ့ သတင်းစကားကတော့ “မ ကြောက် ကြနဲ့၊ စိတ်ဓာတ် မကျနဲ့။ ငါတို့ဟာလည်း မင်း တို့လိုပဲ အပြစ်ရှိခဲ့တဲ့၊ အားနည်းခဲ့တဲ့ သူတွေပါ။ ဒါ တောင်မှ ဘုရားရဲ့ တန်ခိုးတော်နဲ့ ချစ်ခြင်းမေတ္တာတော် အားဖြင့်တို့ဟာ  ကယ်တင်ခြင်း ခံခဲ့ရတယ်။  ဆက်လက် ရုန်းကန် တွန်းလှန်ပါ။ ငါတို့က ကောင်းကင်ဘုံကနေ ဘုရားသခင်ဆီကို မင်းတို့အတွက် ဆုတောင်းပေးရင်း၊  မင်းတို့ကို ကူညီနေပါတယ်။ အံ့သြစရာကောင်း လောက်တဲ့ ဆုကျေးဇူး၊ ဆုလဒ်ဟာ  မင်းတို့အတွက် ဒီ နေရာမှာ အဆင်သင့် ရှိနေပါတယ်”
    ကျွန်တော်တို့ လောကထဲမှာ အသက်ရှင်နေတဲ့ အချိန် တစ်ဦးနဲ့ တစ်ဦးက မတူညီကြတာ ရှုထောင့် မျိုးစုံဖြစ်ပါတယ်။ တချို့က စိုက်ပျိုးရေးလုပ်တယ်။ တချို့ကတော့ ကုန်သည်၊ တချို့က အစိုးရ အမှုထမ်း၊  တချို့ကျ တော့ ငယ်သေးပေမယ့်  အသက်အရွယ်ကြီးတဲ့ လူတွေလည်း များစွာ ရှိနေပါတယ်။ အိမ်ထောင်သည်တွေလည်း ရှိသလို၊ လူလွတ်တွေလည်း များစွာရှိပါတယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် မတူပေမယ့်လို့  ခရစ်ယာန်တွေမှာ တူညီတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါက တော့  အားလုံးဟာ သန့်ရှင်းမွန်မြတ်တဲ့သူဖြစ်ဖို့၊ တစ်နည်းအားဖြင့်ပြောရရင် လူသားအားလုံးဟာ  ရဟန္တာ ဖြစ်ဖို့  ခေါ်တော်မူခြင်း ခံရပါတယ်ဆိုတဲ့ အချက်ပါပဲ။
    ကျွန်တော်တို့ အားလုံးက “ဟ - ငါလို လူက ရဟန္တာဖြစ်မလား၊ သန့်ရှင်းမြင့်မြတ်နိုင် ပါ့မလား” လို့ စောဒက တက်၊ မေးခွန်း ထုတ်ကြပါလိမ့်မယ်။
    အဖြေကတော့ ကျွန်တော်တို့ ဖြစ်နိုင်ရုံ တင်မကဘူး။ ဖြစ်ကိုလည်းဖြစ်ရပါမယ်။ ကောင်းကင် ထာဝရ သုခ ချမ်းသာ၌ ဘုရားရှင်၏ ဘ၀ အသက်တာတွင် ပါဝင်ဝေမျှရန် သန့်ရှင်းမြင့်မြတ်သူ (သို့) ရဟန္တာဖြစ်ရန် ဆိုတဲ့ အချက်အတွက်  ဘုရားသခင်ကလောကထဲတွင် ကျွန်တော်တို့ကိုထား တာဖြစ်ပါတယ်။    အရှင် သူတော်မြတ်၊ ရဟန္တာအပေါင်းပွဲ ကျင်းပနေချိန် အဲဒီ ပုဂ္ဂိုလ်တော်မြတ်တွေဟာ ဘာကြောင့်၊ ဘယ် ပါရမီကြောင့်၊ သူတော်မြတ် ရဟန္တာများဖြစ် သွားကြတာလဲဆိုရင် “ခရစ်တော်ဟောခဲ့တဲ့ မင်္ဂလာ” တရားတော်ကြောင့် ပါပဲလို့  ဖြေရ ပါလိမ့်မယ်။ ဒီတရား တော်ဟာ ခရစ်ယာန် တရားတော်ရဲ့ အနှစ်သာရ သို့မဟုတ် ဓမ္မအမြုတေ ဖြစ်ပါတယ်။
    တစ်နည်းပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ ပွဲကျင်းပတဲ့ ရဟန္တာတွေက ကျွန်တော်တို့ လူသား တွေဟာလည်း ရဟန္တာအဖြစ်ကို ရရှိအောင် ကြိုးစားကြဖို့ ဘုရားသခင်က အလိုရှိတယ်။ သတ်မှတ် ထားတယ်။ ခေါ်ထားတယ်ဆိုတဲ့ အချက်ကို သတိပေးနေပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ဘ၀အသက်တာဟာ သေပြီးတဲ့ အခါမှာ  ထာဝရသုခ ချမ်းသာကို ခံစားရရှိမယ်ဆိုတဲ့ အခြေအနေမျိုး၊ ဘ၀ အသက်တာမျိုးနဲ့ နေထိုင် အသက်ရှင်ရမယ်ဆိုတဲ့ အချက်ကို သတိပေး ခြင်းပင်ဖြစ်ပါတယ်။
                  RVA ထုတ်လွှင့်ချက်မှ
Read More...
Wednesday, October 24, 2012
ကမ္ဘာ့ဘာသာများလေ့လာခြင်းနှင့် အချင်းချင်းဆွေးနွေးဖလှယ်ခြင်း
    လူသား မိသားစုဝင်အနေနှင့် တစ်ဦးကို တစ်ဦး ရိုသေလေးစားဖို့နဲ့ ယဉ်ကျေး ပျူငှာစွာ ဆက်ဆံသင့် ပါတယ်။ အခြား ယုံကြည်သက်ဝင်မှု မတူညီသူတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံခြင်းလို့ ဆိုတဲ့နေရာမှာ စိတ် ကောင်းနှလုံးကောင်းကို ကျင့်သုံးခြင်းနှင့် အခြားသူ တွေရဲ့ ခံယူချက်များနဲ့ ယုံကြည်မှုများ ကို ဖော်ပြတဲ့နေရာမှာ  တရားဥပဒေ အတွင်းက အခြားသူတို့ရဲ့ လွတ်လပ်မှုကို ရိုသေလေးစားခြင်းကို ဆိုလိုပါတယ်။  အခြား ဘာသာဝင်တွေက ဘာတွေကို အမှန်တကယ် ယုံကြည်သလဲ ဆိုတာကို ကျွန်တော်တို့က သိနားလည် ထားဖို့လေ့လာခြင်းနဲ့ အဲ့ဒီ ယုံကြည်မှုတွေကို သူတို့ရဲ့ သဘောတရားနဲ့ ဖော်ပြမှု အတိုင်း ထုတ်ဖော် နိုင်စေရမှာဖြစ်ပါတယ်။ အခြားသူတွေရဲ့ လူမှုရေး ဆိုင်ရာ ကျင့်ဝတ်၊ စည်းမျဉ်း၊ အစားသောက်၊ အ၀တ်အစားတို့နဲ့ ပတ်သက်ပြီး မလိုအပ်ပဲ ထိခိုက်စော်ကားမှုကို မ ဖြစ်စေပဲ သူတို့ရဲ့ ခံယူချက်ကိုလေးစား ရပါမည်။ မိမိတို့ ကိုယ်တိုင်ရဲ့ ယုံကြည်မှု၊ ခံယူချက် စံထားမှုကို  တစ်ခါတစ်ရံ လိုက်နာဖို့ ပျက်ကွက်တတ်တာပဲ ဆိုတာ သတိထားပြီး တခြားသူတွေရဲ့ ကျင့်ကြံမှုကို ကျွန်တော်တို့ရဲ့ စံနှုန်းနဲ့ ဘယ်တော့မှနှိုင်းယှဉ်မှု မပြုသင့်ပါဘူး။
    ပဋိပက္ခကိုဖြစ်ပေါ်စေတဲ့ သဘောထား ကွဲလွဲမှုတွေကို  ကာကွယ် ဟန့်တားဖို့ အတူတကွ လုပ်ဆောင် ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံပြောဆိုရေးမှာ အကြမ်းဖက်မှုကို ရှောင်ကြဉ်ဖို့ အမြဲကြိုးစား ရှာဖွေ ရပါလိမ့်မယ်။
    ကျွန်တော်တို့ တစ်ဦးနှင့်တစ်ဦး Matters of Faiths ယုံကြည်ရာ အချက်တွေနဲ့ ပတ်သက်ပြီးပြော ဆိုတဲ့အခါ လွယ်ကူစွာ နားလည်လွယ်တဲ့ အသုံးအနှုန်း သုံးတတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဒီကိစ္စတွေ နားလည်တယ်ဆိုတဲ့ အသိနဲ့ အသိတရားထားကာ ပြောဆိုတတ်ရမယ်။ ဆိုလိုတာက-
  • မှန်ကန်တဲ့ အပြန်အလှန် စကားပြောဆိုခြင်း အတွက် နားထောင်ခြင်း သာမက ပြန်လည်ပြောရခြင်းလည်းပဲ လိုအပ်တယ်၊ ရှိကို ရှိတယ်ဆိုတာကို သဘောပေါက် ထားရပါ့မယ်။
  • မိမိရဲ့ယုံကြည်မှုနဲ့ ဘာသာတရားအပေါ်  သစ္စာစောင့် သိမှုနဲ့ပတ်သက်ပြီး  ရိုးသားဖြောင့်မတ် ရပါတယ်။
  • အခြားသူတွေရဲ့ ယုံကြည်မှုနဲ့ အသိတရား ကျင့်ကြံမှု တွေကို မဟုတ်မမှန်ပြောဆိုခြင်း ၊ ချိုးချိုးနှိမ်နှိမ် ဂုဏ်အ သေရေ ပျက်အောင် ပြောဆိုခြင်းတို့ကို မပြုလုပ်ရပါဘူး။
  • မဟုတ် မမှန်ပြောဆို တင်ပြမှု၊ နားလည်မှု လွဲမှား အောင်ဖြစ်စေတာတွေ ကိုတွေ့ကြုံ လာတဲ့အခါ မိမိရဲ့ ဘာသာတရား၌ သာမက တစ်ပါးသူရဲ့ ဘာသာတရားမှာလည်း  အမှန်ကို ပြင်ဆင်ပေး ရမှာဖြစ်ပါတယ်။
  • ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်များဟာ  ရိုးသားဖြောင့်မတ် ရပါမယ်။
  • ဘာသာပေါင်းစုံနှီးနှော ဖလှယ်ပွဲများ၊ တွေ့ဆုံပွဲတွေမှာ  ပါဝင် တက်ရောက်သူ အားလုံးရဲ့  ဘာသာရေး သက်ဝင်ယုံကြည်မှုကို ရိုသေလေးစားတယ်ဆိုတဲ့ အချက်ကို အာမခံသေချာစေဖို့က ထူးခြားတဲ့ တာဝန် ၀တ္တရားတစ်ခုဖြစ်တယ် ဆိုတာကို အားလုံးက လက်ခံရပါလိမ့်မယ်။
    လူ့ သဘောသဘာဝ အရ ကျွန်တော်တို့ အားလုံးဟာ - မိမိတို့ရဲ့ ထင်မြင် ယူဆချက်တွေကို သူတစ်ပါးက နားလည်၊ လေးစားဖို့ လူ့ဘာသာအရ အလိုရှိကြပါတယ်။ တစ်ချို့သော ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ (ယုံ ကြည်မှု) ဘာသာတရားကို သက်ဝင်ယုံကြည်ဖို့ စည်းရုံးလိုတဲ့ ဆန္ဒတွေလည်း ရှိတတ်ပါတယ်။
    အဲဒီလို စည်းရုံး မဲဆွယ်နိုင်ခွင့် ရှိတယ်ဆိုတဲ့ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ- သူတစ်ပါးကိုစည်းရုံးတဲ့အခါမှာ တစ်ပါးသူရဲ့လွတ် လပ်မှုနဲ့ သိက္ခာကိုလေးစားပြီး၊ စောင့်စည်းချုပ်တည်း မှုနဲ့သာ  ပြုလုပ်သင့်ပါတယ်။ ဆိုလိုတာက
  • တစ်ခြားသူက “မိမိ ဘာသာနေပါရစေ။ မနှောင့် ယှက်ပါနဲ့လို့”ဖော်ပြလာတဲ့ သူ့ရဲ့ အလိုဆန္ဒ ကို လေးစားဘို့ဖြစ်ပါ တယ်။
  • နောက်တစ်ချက်က ကျွန်တော်တို့ ကိုယ်ရဲ့ဘာသာ အယူဝါဒ၊ အတွေးအမြင်၊ ထင်မြင်ချက်ကိုပဲ တစ်ပါးသူ အပေါ်တင်ခြင်းမျိုး၊ အတင်းအကျပ် လက်ခံစေခြင်းမျိုးကို ရှောင်ကြဉ်စေဖို့ဖြစ်ပါတယ်။ အားနည်းပြီး သိနားမလည်၊ ပညာမတတ်တဲ့ အဖွဲ့အစည်းတို့ကို ခေါင်းပုံ ဖြတ်တဲ့ ပုံစံမျိုးနဲ့ မိမိရဲ့ ထင်မြင်ချက်ကို အဓမ္မ လက်ခံ စေခြင်းမျိုးကို ရှောင်ရှား ရပါမယ်။
  • ယဉ်ကျေး သိမ့်မွေ့ပြီး သူတစ်ပါးရဲ့ ခံစားချက်ကို သိသာလွယ်ဖို့  မိမိရဲ့ အာရုံကိုလည်း ဖျတ်ဖျတ် လတ်လတ် ရှိစေရပါမယ်။
  • ကြမ်းတမ်း ရုတ်ရင်းသော အပြုအမူနှင့် စကား အသုံးအနှုန်းများ၊  ခြောက်လှန့်ခြင်းများ (သူတစ်ပါး ဘာသာ) မရိုးသားစွာ၊ ပါးနပ်စွာ ကြိုးကိုင်ခြင်းများ၊ မမှန်မကန် သောဟောပြောခြင်းများနှင့် မိမိရဲ့ လုပ်ပိုင်ခွင့် သြဇာ အာဏာတို့ကို အလွဲသုံးစား အသုံးပြုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ အဓမ္မ အသုံးပြုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ (အခြားသူတို့)၌ ရှိသော ကျွန်တော်တို့နှင့် သဘော မတူရန်ရှိသည့် အခွင့်အရေး ကိုလေးစားရန်။
ကျွန်တော်တို့နှင့် သဘောတူရန် မလိုအပ်သော အ ခြားသူတို့၏ အခွင့်အရေးကို လေးစားရန်တို့ ပင်ဖြစ်ပါ သည်။ ဆိုလိုတာက- ကျွန်တော်တို့ရဲ့ အမြင်ကို သူတစ်ပါးက လက်ခံရမယ် မဟုတ်ပါဘူး။
အတူတကွနေထိုင်ကာ အလုပ်လုပ်ကိုင်ကြတာဆိုတာ လွယ်ကူတာ မဟုတ်ပါဘူး။ ဘာသာတရားဟာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်တတ်ပြီး အဲ့ဒီ စိတ်လှုပ်ရှားမှုတွေက ပျက်စီးရာ ပျက်စီးကြောင်း နှင့် အဖျက်သဘောဆန်တဲ့ အပြုအမူတွေကို ဖန်တီး ပေးတတ် ပါတယ်။
    ဒီလို အဖျက်သဘောနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ် လာတဲ့နေရာမှာတော့  နားလည် တတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်း ဆိုတာကို ကျွန် တော်တို့ရဲ့ ယုံကြည်ခြင်းဆိုတဲ့  ဘာသာတရားနဲ့ ပြန်လည်ပြုနိုင်ရပါမယ်။
ဘာသာတရား တစ်ခုရဲ့  အစစ်မှန်ဆုံးသော အသီးအ ပွင့်ဟာ Healing လို့ပြောတဲ့  ကုသပျောက်ကင်းစေ တတ်ခြင်း၊ Positive လို့ ခေါ်တဲ့ သံသယ မှားစရာ မလို။ အပြုသဘောနဲ့ ပြည့်ဝခြင်းတို့ဖြစ်ပါတယ်။
မိမိတို့ ယုံကြည်သက်ဝင်မှုကို ထိခိုက် နစ်နာမှု မရှိစေဘဲ တစ်ဦးနှင့် တစ်ဦးကို အသိတရား ခံယူချက်တို့မှာ ပြည့်စုံကြွယ်ဝစေမယ့် လေ့လာစရာ အတွေးများစွာ ရှိပါတယ်။ ပွင့်လင်းမှု ၊လေးစားမှုနဲ့ အတူတကွ နား ထောင်ကြမယ်၊ တုံ့ပြန်ကြမယ်ဆိုရင် တကယ့် မတူညီချက်တွေကို ၀န်ခံနိုင်ကြပြီးရှေ့သို့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
    ၁၉၈၄ ခုနှစ်တုန်းက အမေရိကန်ပြည် ထောင်စု Coloradoပြည်နယ် Benedict ရသေ့ ကျောင်းကို ဗုဒ္ဓဘာသာ၊ တိဘက် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အမေရိကန် တိုင်းရင်းသားဘာသာ၊ ရုရှ သြသော ဒေါက်၊ Botertanks နဲ့ ကက်သလစ် ခရစ်ယာန် ဘာသာတို့က ဘာသာရေးခေါင်းဆောင်တွေ ကို Fr. Bam as Keating ဆိုတဲ့ ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးက ဖိတ်ခေါ်ခဲ့ပါတယ်။ အကြောင်းရင်းက စိတ်ငြိမ်မှုမှာ စုပေါင်းပြီး ကမ္မဌာန်းရှု၍ အဲဒီလို ကမ္မဌာန်းရှုရာက တွေ့ကြုံရတဲ့ ၀ိညာဉ်ရေး ခရီးစဉ်(သို့) ဘုရားတရား အ တွေ့အကြုံကို တင်ပြဖို့ဖြစ်ပါတယ်။                 အထူးသဖြင့် မိမိတို့ရဲ့ သက်ဆိုင်တဲ့ ဘာသာ အစဉ်အလာက ၀ိညာဉ်ရေး၊ ဘုရားတရားရေးရာ အစီအစဉ်မှာ  ဘယ်အချက်တွေက အထောက်အကူ အ ဖြစ်ဆုံးလဲ ဆိုတာကို အချင်းချင်းဝေမျှဖို့ ပါပဲ။
၁၉၈၄ ခုနှစ်နောက်ပိုင်းလည်း  မကြာခဏ စုစည်းပြီး အတူတကွ ကမ္မဌာန်း ရှု ဆုတောင်းမေတ္တာ တွေပြုကြတဲ့ အတွက် ဘာသာတွေမှာ ဘယ်အချက်တွေက ဆင်တူကြသလဲ (သို့) ဘာသာပေါင်းစုံခေါင်းဆောင်တွေက ဘယ်အချက်တွေဟာ ဆင်တူ ကြတယ်လို့ သ ဘောတူမှုကို စုံစမ်း ရှာဖွေကြပါတယ်။ ဒီလို ရှာဖွေကြတဲ့အခါမှာ အချက်(၈)ချက်ကိုတွေ့တယ်လို့ ဆိုပါတယ်။ အဲဒီ အချက်(၈)ချက်ကို ဝေမျှ သွားလိုပါတယ်။
(၁) နံပါတ်(၁) အချက်ကတော့ ကမ္ဘာ့ဘာသာ အားလုံးက Brahman, Allah အစစ်လို့ခေါ်တဲ့ ဘုရားသခင်သို့ အားလုံးစုံကို တတ်နိုင်သော အရှင်၊ မဟာဝိညာဉ်တော် ၊ထောက်ပြမှုက ငါသော အရာလို့  သူတို့ အမည်အမျိုးမျိုး အဖုံဖုံပေးလိုက်တဲ့ Ultimate Reality မှားယွင်းမှု ကင်းရန် လုံးဝခြားနားသော အစွန်ဆုံး အမှန်တရားကို တွေ့ ကြုံ ဆုံခဲ့ရမှုကို တစ်ညီ တစ်ညွတ်တည်းခံ ခဲ့ကြပါတယ်။
(၂) Ultimate Reality မှားယွင်းမှု ကင်းရန် လုံးဝခြားနားသော အစွန်ဆုံး အမှန်တရားသည်လည်း  စိတ်ကူး၊ စိတ်သန်းတွေးခေါ်မှုဖြစ်စေ၊ အမည်နာမအားဖြင့်ဖြစ်စေ ကန့်သတ်၍ မရနိုင်ဆိုတာကိုလည်း သဘောတူ လက်ခံ ခဲ့ကြပါတယ်။
(၃) အစွန်ဆုံး အမှန်တရားဟာ  အဆုံးမရှိသော သက်ဝင် ထက်မြက်လာနိုင်တဲ့ အရည်အသွေး Potentiality နဲ့ အမှန်စစ်စစ် တည်ရှိကာ ဘ၀ အကောင်အထည် ဖော်လာနိုင်မှု (Actualization) တို့ရဲ့ အခြေခံဖြစ်တယ် လို့ တူညီမှုကို တင်ပြခဲ့ပါတယ်။
(၄) ယုံကြည်သက်ဝင်မှုFaith ဆိုတဲ့ Ultimate Reality အစွန်ဆုံး အမှန်တရားကို တုံ့ပြန်ခြင်း၊ လက်ခံ ခြင်း၊ ဖွင့်လှစ် ကြိုဆိုခြင်းဖြစ်ပါတယ်။ ဒီသဘောတရား အရ ယုံကြည် သက်ဝင်မှု သဒ္ဓါတရားဟာ Faith ယုံ ကြည်မှုစနစ် Belief Systemတိုင်းရဲ့ ရှေ့က အရင်ကျတယ်ဆိုတာကိုလည်း  တက်ရောက်လာတဲ့ ဘာသာ ရေးခေါင်းဆောင်တွေက အတူတကွတွေ့မြင်ခဲ့ကြပါ တယ်။
(၅) Enlightenment ဘက်သလင်ယေဇူး ပွင့်ခြင်း၊ Salvationလို့ ခေါ်တဲ့ ကယ်တင်ခြင်း ချမ်းသွှာTransformation အသွင်ပြောင်းလဲခြင်း မင်္ဂလာရှိခြင်း၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ လူသားရဲ့ လုံးဝ ဥဿုံ ချမ်းသာ မင်္ဂလာပြည့်စုံမှု အတွက် လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့  ထက်မြက်တဲ့ စွမ်းအင်ဟာ လူသားတိုင်းမှာရှိပါတယ်။ ဘာသာတိုင်းက လက်ခံကြောင်း တွေ့ခဲ့ရပါတယ်။
(၆) ဘုရားလို့ ယေဘုယျပြောကြတဲ့ Ultimate Reality  အစွန်ဆုံး အမှန်တရားကို ဘာသာတရား ကျင့်စဉ်များနဲ့ သာမက အနုပညာ သဘာဝတရား လူသားအချင်းချင်း ဆက်သွယ်မှုများ၊ သူတစ်ပါးအားကောင်းကျိုးပြု အစေခံခြင်းတို့ဖြင့်လည်း တွေ့ကြုံ ခံစားနိုင်ပါတယ်။
(၇) လူသား အခြေအနေဟာ အစွန်ဆုံး အမှန်တရားကနေ သီးခြား ကွဲပြားကာ တွေ့ကြုံ ထိတွေ့နေရခြင်း လူသား အခြေအနေဟာ မသိ နားမလည်ခြင်း၊ ယောင် ယောင်မှားမှားဖြစ်နေခြင်း၊ အားနည်းခြင်း၊ ဒုက္ခဝေဒနာ ခံစားရခြင်းတို့ရဲ့ အောက်မှာ ရှိနေမှာဖြစ်တယ်။ 
(၈)ှSpiritual Life လို့ ပြောတဲ့ ၀ိညာဉ်ရေး ဘာသာတရားရေး အသက်တာမှာ စည်းစနစ် ကျတဲ့ ကျင့်ကြံမှုဟာ မရှိမဖြစ် လိုအပ် လှပါတယ်။ ဒါပေမယ့်လည်း  ဘာသာတရားရေးမှာ  အောင်မြင်မှုကို ဆွတ်ခူးနိုင်တာဟာ တစ်စုံ တစ်ဦးရဲ့ ကြိုးပမ်း အားထုတ်မှု ရလဒ် မဟုတ်ပါဘူး။ ဘုရားလို့ ယေဘူယျခေါ်တဲ့ အစွန်ဆုံး အမှန်တရားနဲ့  တစ်လုံး တစ်ဝတည်းဖြစ်ခြင်းရဲ့  အတွေ့အကြုံက ရလာဒ်သာဖြစ်ပါတယ်။ ရှင်းလင်းအောင် မူရင်းစကားနဲ့ တင်ပြရရင်တော့ -
Spritual Attainment is not the result of me is own efforts but the result of the experience of men with Ultimate Reality လို့ဖြစ်ပါတယ်။ အကျဉ်းချုပ်ရရင် ဘုရားတရားရေးရဲ့ ဦးတည်ချက်က ဘုရားသခင်နဲ့ ပေါင်းစပ်ပြီး တစ်လုံး တစ်ဝတည်းဖြစ်ခြင်း ကနေ စင်ကြယ်စေဖို့ ဖြစ်ပါတယ်လို့ ဆိုလိုခြင်းဖြစ်တယ်။
အထက်က တင်ပြခဲ့တဲ့ အချက်များဟာ  ၁၉၈၄-၈၅ မှာ ကမ္ဘာ့ဘာသာတရားများရဲ့ ခေါင်းဆောင်အချို့ မိမိ ဘာသာတရား အလိုက် စုပေါင်း ကမ္မဌာန်းရှု၊ ဆုတောင်း မေတ္တာပြုကြရာကနေ ရရှိတဲ့ “ဘာသာတရားတိုင်းမှာ တူညီတယ်”ဆိုတဲ့ ရလာဒ် အချက်(၈) ချက်ဖြစ်ပါတယ်။ အခု ဆက်လက်ပြီး ၁၉၈၀ ခုနှစ်မေလမှာ ပြုလုပ်တဲ့ ဘာသာအချင်းချင်း နားလည်ရေး နှစ်ပတ်လည် ကွန်ဖရင့်မှာ လိုက်ကျင့်မှုနှင့် ပတ်သက်ပြီး ထပ်မံ ရရှိခဲ့ သော  တူညီတဲ့ အချက်များကို တင်ပြပါမယ်။
(က) ဘာသာတစ်ခုနဲ့ တစ်ခုမှာ တူညီတဲ့ ကျင့်ကြံ လိုက်နာမှု တစ်ချို့ကတော့
(၁) ချစ်ခြင်းမေတ္တာပြသခြင်း။
(၂) သူတစ်ပါးအား ကောင်းကျိုးပြု အစေခံခြင်း။
(၃) ကိုယ်ကျင့်တရား ဆိုင်ရာ ပညတ်များနှင့် ပါရမီများ ကျင့်ကြံခြင်း။
(၄) ကမ္မဌာန်း ရှုပုံ နည်းစနစ်များလေ့ကျင့်ခြင်းနှင့် ၎င်းင်း အလေ့အကျင့်ကို ပုံမှန် လုပ်ဆောင်စေခြင်းများ။
(၅) အစားအစာ ကန့်သတ် စားသောက်မှုနှင့် လေ့ကျင့်မှုကို ဂရုပြုခြင်း။
(၆) ၀ါရှောင်ခြင်းနှင့် အသားရှောင်ကြဉ်ခြင်း။
(၇) သန့်ရှင်းသော အမှတ် လက္ခဏာများ၊ သီချင်း သီကျူးခြင်းနှင့် တေးဂီတမြူးဇစ် အသုံးပြုမှုတို့၌ လိုက်ကျင့်ကြံခြင်း။
(၈) လက်ရှိ၊ ပစ္စုပ္ပုန် ကာလ၌ နေထိုင် အသက်ရှင်ခြင်း နှင့် သတိ လက်မလွတ်စေပဲ အမြဲတမ်း အာရုံ သိရှိမှုတို့ ၌ လိုက်ကျင့်ခြင်း။ သတိ အစဉ်အမြဲ ရှိခြင်း၊ ဆင်ခြင် ထောက်ရှု့ ခြင်း။
(၉) ဘုရားဖူး ခရီးများ သွားခြင်း။
(၁၀) ဘာသာရေးဆိုင်ရာ စာပေ ကျမ်းဂန်များ လေ့လာခြင်းတို့ ဖြစ်ပါတယ်။
တစ်ချို့ဘာသာ၊ အစဉ်အလာများမှာတော့
(၁၁) အရည်အချင်းနှင့်ပြည့်ဝသော ဆရာသမားတို့ နှင့် ဆက်ဆံခြင်း။
(၁၂) ဘုရားတရား စကားလုံးများ၊ ဝေါဟာရများကို အဆက်မပြတ် ရွတ်ဆိုခြင်း။
(၁၃) တိတ်ဆိတ်၊ ငြိမ်သက်မှုကို မကြာခဏစောင့်စည်းခြင်း၊
(၁၄) ကိုယ် လက် လှုပ်ရှားမှုများနှင့် ကခုန်ခြင်း။
(၁၅) အဆက်မပြတ် သင်တန်းပေးနေတဲ့ အဖွဲ့အစည်း (Formative Community) တို့၌ နေထိုင်ခြင်း တို့ဟာလည်း ထင်ရှား လှပါတယ်။
(ခ) Formal Practice of awareness စည်းမျဉ်းပုံစံ သတိ ပဌာန်း ကျင့်ခြင်း(သို့) သတိ မပြတ်အောင် ကျင့်ကြံမှုတွေက နေ့စဉ် ဘ၀အသက်တာရဲ့ ကျောင်းမှာ  အလုပ်ခွင်မှာ စသဖြင့် ကဏ္ဍတိုင်းစီမှာလည်း ပါဝင် ချဲ့ထွင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက ကမ္မဌာန်းရှု သတိပဌာန်း ကျင့်ကြံမှုကို နေ့စဉ်ဘ၀ အသက်တာ လှုပ်ရှား ရုန်းကန်တဲ့နေရာမှာ လက်တွေ့ ကျင့်ကြံရခြင်း နေ့စဉ်လုပ်ငန်းခွင်ထဲ ဆွဲသွင်းရမယ်ဆိုတဲ့ အချက်ဟာ မရှိမ ဖြစ် အရေးကြီးကြောင်း။
(ဂ) မာန် မာနမရှိခြင်း ၊နှိမ့်ချခြင်း ၊ကျေးဇူး သိတတ်ခြင်း၊ စိတ်ကို ကြည်လင်စွာ ထားခြင်း၊ ဟာသနှောတတ်ခြင်း၊ a sense of human တို့ဟာ ဘုရား တရား ရေး အသက်တာမှာ မရှိ မဖြစ် သလောက်  အရေးကြီးတယ်လို့ လက်ခံကြခြင်း။
(ဃ) ဆုတောင်းပတ္ထနာပြုခြင်း။ (Prayer) ဆိုတာ ဘုရားလို့ ယေဘူယျ အမည် သတ်မှတ် ယုံကြည် Ultimate Reality အဆုံးစွန် အမှန်တရားနှင့် တစ်လုံး တစ်ဝတည်းဖြစ်ခြင်း၊ ပေါင်းစပ်ခြင်းဖြစ်ကြောင်း  အားလုံးက လက်ခံကြပါတယ်။
တစ်လုံးတစ်ဝတည်းပေါင်းစပ်တဲ့ အခါမှာ Ultimate Reality အဆုံးစွန် အမှန်တရားက ပုဂ္ဂိုလ်အသွင်နဲ့ ဖြစ် နိုင်သလို ပုဂ္ဂိုလ်မဲ့တဲ့ အသွင်မျိုးနဲ့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှ မဟုတ်ရင် ၂မျိုးလုံးထက်ကျော်လွန်တဲ့  တစ်စုံ တစ်ခုလည်းဖြစ်နိုင်တယ်လို့ သဘောတူညီကြပါတယ်။
ဒီနေ့ တင်ပြခဲ့တဲ့ အကြောင်းအရာကတော့  ဘာသာ ပေါင်းစုံ ခေါင်းဆောင် ကိုယ်စားလှယ်တွေ စုပေါင်းပြီး ကမ္မဌာန်းရှု၊ ဆုတောင်းမေတ္တာပြုရာက ရတဲ့ ရလာဒ်များဖြစ်ပါတယ်။
ကိုယ့်ကို ကိုယ့်လျှောက်နေတဲ့ လမ်းအသီးသီးမှာ များစွာသော တူညီမှု၊ တစ်လမ်းတည်း သွားနေမှု၊ သတိ မထားမိပေမယ့် စုစည်းပေါင်းစည်း လာမှုတွေ ကို တွေ့ရတဲ့အခါမှာ ၀မ်းသာစရာ၊ အံ့သြစရာဖြစ် ပါတယ်။
အများအားဖြင့်ကတော့ ဘာမှ တူညီတော့၊ စုစည်းတာ မရှိပါဘူးလို့ အစကတည်းက ထင်ထား တတ်ကြပါတယ်။ ဒီလို တူညီတယ်ဆိုတဲ့ အခါကျမှ တစ်ဆင့်ချင်း မတူညီ ကွဲပြားတဲ့အတွက်တွေ၊ ဆန့်ကျင်ဘက်ဖြစ် နေတဲ့ အချက်တွေကို လေ့လာဆွေးနွေး ဖလှယ်ကြရာက တစ်ဦးနဲ့ တစ်ဦးဟာ နေထိုင် ခင်မင် ရင်းနှီးပြီး ဖလှယ်ကြတုန်းကထက် သာလွန်ကြောင်းတွေ့ရပါတယ်။
မိမိရဲ့ ယုံကြည်ချက်၊ ဘာကြောင့် ယုံကြည်သလဲ စသ ဖြင့် အချက်အလက်တို့ကို တင်ပြတဲ့အခါမှာ  သူတစ်ပါးကို မိမိ ဖက်ပါအောင် ကြိုးစား အားထုတ်မှုတွေ မပါ တော့ပဲ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသားနဲ့ ဖြစ်လာပါတယ်။ မိမိတို့ရဲ့ ယုံကြည်သက်ဝင်မှု၊ နားလည်မှုတွေကို အခြားအုပ်စုအား လက်ဆောင်အဖြစ် တင်ပြခြင်းမျိုးသာ ဖြစ်လာကြောင်း  တင်ပြလိုက်ပါတယ်။
Read More...