Friday, November 11, 2011

နည်းမှန်သောအလှူဒါန

လွန်ခဲ့တဲ့ ၁၉၄၉ ခုနှစ်ထုတ် ဗိုလ်တထောင် သတင်းစာထဲက "လှူတတ်လျှင်မြတ် ပါသည်" ဆိုတဲ့ ဆောင်းပါးကို ဖတ်ဖူးပါတယ်။


ဘုရားတစ်ဆူရဲ့ ပရ၀ဏ် တံတိုင်းကြီးမှာ အကန့်တိုင်း အကန့်တိုင်း အလှူရှင်တွေရဲ့ နာမည်၊ ကမ္ဗည်းတွေကို ထိုးတတ် ကြပါတယ်။ တစ်နေရာမှာ ကမ္ဗည်းစာတန်း လုံးဝ မထိုးဘဲ ကွက်လပ် ကျန်နေတဲ့ နေရာကိုတွေ့ရတဲ့ လူတစ်ယောက်က ဒီနာမည် မထိုးတဲ့ အလှူရှင်ကို ပိုပြီး အထင်ကြီး လေးစားသွားခဲ့ပါတယ်။

ဒီအလှူရှင် ကတော့ မဏ္ဍပ်တိုင်တက် မပြလိုတဲ့ အလှူရှင်ပဲ၊ ထင်ပေါ်ကျော်ကြားမှုကို မလိုလားတဲ့ စေတနာရှင် အစစ်ပဲ" လို့ အတွေးနဲ့ သာဓုခေါ်နေမိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာပဲ အုတ်တံတိုင်းအနီးမှာ တခြား လူတစ် ယောက်ကိုတွေ့လို့ သူ့ရဲ့ အတွေးကို အဖော်စပ် လိုတဲ့ သဘောနဲ့ စကားစ လိုက်ပါတယ်။

"ဒီ အုတ်တံတိုင်းနေရာမှာ အလှူရှင် နာမည်ရေးထားတာ မတွေ့ရပါလား" လို့ အပြောမှာ အဲဒီလူက- "ဟုတ်ပါတယ်ဗျ၊ အလှူရှင် ကတော့ ကျွန်တော် ပါပဲ။ တံတိုင်းနေရာက ကျဉ်းနေတော့ ကျွန်တော့် မိသားစုနာမည် အကုန်ပါအောင် ဘယ်လို ကမ္ဗည်းထိုးရမှန်း မသိသေးလို့ကြာနေတာပါ"လို့ ပြန်ဖြေလိုက် ပါတယ်။

"ဒါနသည် လောကီလောကုတ္တရာ ခပ်သိမ်းသော အကျိုးကို ပြီးစီးစေနိုင်သည်လို့ အဆိုရှိတဲ့ အတိုင်း လုပ်ငန်း ကိစ္စတွေကို ဆောင်ရွက်ရာမှာ ပေးကမ်းခြင်းကို ရှေ့သွားပြုရင်း အောင်မြင်မှု ဆုလာဘ်ကို မလွဲမသွေ ရရှိနိုင်ပါတယ်။ လောကမှာပေးနိုင်၊ ကမ်းနိုင်ရင် မျက်နှာပွင့်ပါတယ်။ ပေးကမ်းခြင်းဖြင့် မေတ္တာနှောင်ကြိုး ဖွဲ့ချည်နိုင်ပါတယ်။ ရှိပြီးတဲ့နှောင်ကြိုးကို ပိုပြီး ခိုင်မြဲစေနိုင်ပါတယ်။ မုန်းစိတ်ကို ပျောက်စေပြီး ချစ်စိတ်ရောက်စေနိုင်တယ်။

နောက်တစ်ခါ ကောင်းမှု ကုသိုလ်ပြုရာမှာ "လှူဒါန်းခြင်း"သည် အခြေခံဖြစ်သည် ဆိုတဲ့စကားဟာ ကျွန်တော်တို့ မြန်မာလူမျိုးများနဲ့ အလွန် အင်မတန် ရင်းနှီးနေပါတယ်။ သာမန်အားဖြင့် အလှူဒါနပြုခြင်းဟာ ရဟန်း၊ သံဃာတော်များကို ပစ္စည်းလေးပါး စသည်တို့ကို လှူဒါန်း ဆက်ကပ်ခြင်း၊ အသင်းတော်အား ကူညီ ထောက်ပံ့ခြင်း၊ အလှူပွဲလာ ဧည့်သည် ပရိတ်သတ်အား ဧည့်ခံကျွေးမွေးခြင်း၊ မိမိရဲ့ကုသိုလ် ရဖို့ အမျှ အတန်းဝေခြင်း ဆိုပြီး နားလည် ထားကြပါတယ်။ တကယ်တမ်း လှူဒါန်းတယ်ဆိုတဲ့ နေရာမှာလည်း အပို အလျှံရှိသူ၊ ချမ်းသာကြွယ်ဝ သူတွေက မရှိ ဆင်းရဲသားတွေကို စွန့်ကြဲပေးကမ်းခြင်းဟာလည်း အကျုံးဝင် ပါတယ်။ ပိုသူက လိုသူကို ဖြည့်ဆည်းပေးကမ်းခြင်းဟာလည်း ဘာသာတရားတိုင်းရဲ့ အဆုံးအမနဲ့ ကိုက်ညီ ပါတယ်။ ဒီထဲမှာမှ မပိုလျှံပေမဲ့ မိမိ အသက်ရှင်ဖို့ရှိတာထဲက ရှိသမျှလေးကို ဘုရားအား လှူဒါန်းတာ ကတော့ အမြတ်ဆုံးဖြစ်တဲ့ အကြောင်း ခရစ်တော်က မုဆိုးမရဲ့ အလှူအကြောင်း (လုကာ ၂၁း၁-၄) မှာ မိန့်ကြားထား ခဲ့ပါတယ်။

အထူးသဖြင့် သာသနာ ထွန်းကားရေး၊ လူအများကောင်းစားရေး၊ လူအများ ကျန်းမာချမ်းသာရေး၊ လူအများမေတ္တာပြန့်ပွားရေး တို့ကို ဆောင်ရွက်နေခဲ့တဲ့ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များကို စေတနာ သန့်သန့်နဲ့ ရက်ရောစွာ လှူဒါန်းခြင်း ဟာမြင့်မြတ်တဲ့ အလှူဒါနများပင် ဖြစ်ပါတယ်။

လှူဒါန်းပေးကမ်းတယ် ဆိုတာ မေတ္တာရဲ့ ရုပ်သွင်ဖြစ်ပါတယ်။ ပေးကမ်းခြင်းဟာ မေတ္တာတရားကို ကာယကံ၊ ၀စီကံတို့နဲ့ ပီပီ ပြင်ပြင် ပုံဖော်ခြင်းဖြစ်ပါတယ်။ မေတ္တာတရား ရှိမှပေးနိုင်၊ ကမ်းနိုင်ပါတယ်။ ကျွေးနိုင်၊ မွေးနိုင် ပါတယ်။ သူတစ်ပါးကို ကျွေးလိုမွေးလိုစိတ်၊ ပေးလိုကမ်းလိုစိတ်ဟာ မေတ္တာတရားကို အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်။ ဒါကြောင့် "ထိုင်ပါဦး၊ နားပါဦး၊ စားပါဦး၊ သောက်ပါဦး" စသဖြင့် ပြောဆိုခြင်းဟာ မိမိရဲ့ ၀စီကံမေတ္တာကို သရုပ်ဖော်ခြင်း ဖြစ်ပါတယ်။

လက်တွေ့ပေးကမ်း၊ ထောက်ပံ့၊ကျွေး မွေးခြင်းကတော့ ကာယကံမြောက်မေတ္တာကို သရုပ်ဖော်ခြင်းဖြစ်ပါတယ်။
ဘာသာတရားတိုင်းရဲ့ အဓိက အခြေခံသွန်သင်ချက်ဖြစ်တဲ့ ဘုရားကိုချစ်ခြင်း၊ ရိုသေဆည်းကပ်ခြင်း၊ လူသား အချင်းချင်း မေတ္တာ တရားထားခြင်းဆိုတာဟာ အလွန် အင်မတန် အရေးကြီးလှပါတယ်။ ဒါနပြုဖို့ ပေးကမ်း စွန့်ကြဲဖို့ဆိုတာ တော်တော် ခက်ခဲတတ်ပါတယ်။ လူရဲ့ ပင်ကိုယ် သဘာဝစရိုက်ဟာ ပစ္စည်းဥစ္စာကို ပိုင်ဆိုင် သိမ်းဆည်းထားလိုတယ်။ သူတစ်ပါးကို ပေးဖို့ နှမြောတွန့်တို တတ်ပါတယ်။ နှမြောတွန့်တိုမှုကို အနိုင်ယူပြီးမှသာ အလှူဒါနဟာ အထမြောက် ပါတယ်။

ဒါကြောင့် ရှင်ပေါလူးက လူတိုင်းပင် မိမိ၏ စေတနာ စိတ်ပြဌာန်းသည့် အတိုင်း ပေးလှူရာ ၏။ နှမြောသောစိတ်နှင့်သော် လည်းကောင်း၊ ပေးလှူရန် တာဝန်ဝတ္တရားရှိသည် ဟူသော စိတ်ဖြင့်သော် လည်းကောင်း၊ မပေး လှူအပ်။ ထာဝရဘုရားသည် စေတနာနှင့်ပေးလှူ တတ်သော သူကိုနှစ်သက်တော်မူ၏။ သင်သည် လိုအပ်သမျှသော အရာတို့ကို အစဉ်ပင် ရရှိပြီးလျှင် ကောင်းမှုအမျိုးမျိုးတို့တွင် ကူညီ မစနိုင်ကြစေရန် ထာဝရဘုရားသည် သင်တို့ အလိုရှိသမျှသော အရာတို့ထက် ပို၍ပေးရန် တတ်နိုင်တော်မူ၏။ ကျမ်းစာ တော်တွင် "သူသည် ဆင်းရဲသူတို့ကို ရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏" သူ၏ သနားကြင်နာမှုသည် ထာဝစဉ်တည်၏ ဟူ၍ဖော်ပြပါရှိ၏ လို့ (ဒု-ကော် ရိန်သု - ၉း၇-၉) မှာ တိုက်တွန်းနှိုးဆော် ထား ပါတယ်။

အလှူဒါန တစ်ခု အထမြောက်ဖို့ ဘယ် လောက် ခက်ခဲတဲ့အကြောင်း ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တုန်းက အဖြစ် ကလေးက သင်ခန်း စာ ယူစရာပါပဲ။

မြတ်စွာ ဘုရားလက်ထက် သာဝတ္ထိပြည်မှာ ပုဏ္ဏား လင်မယားနှစ်ယောက်ပေါင်းမှ အပေါ်ရုံခြုံထည်၊ ပုဆိုးလေးသာ ပိုင်ဆိုင်တဲ့ ဆင်းရဲသား ပုဏ္ဏား လင်မယားရှိတယ်လို့ ဆိုပါတယ်။ ပွဲလမ်းတစ်ခုခုရှိလို့ လင်သွား၊ မယားက အိမ်မှာနေခဲ့ရပြီး၊ မယားသွားရင် လင်ကအိမ် မှာနေခဲ့ရတယ်။ ခြုံထည်တစ်ခုကို တစ်လှည့်စီ ခြုံပြီး ပွဲတိုး ရပါတယ်။

တစ်နေ့မှာတော့ ပုဏ္ဏားကြီးက မြတ်စွာဘုရား တရားဟောတာကို သွားရောက် နာယူတဲ့အခါ စေတနာ သဒ္ဒါတရား တဖွားဖွား ပေါ်လာပြီး အပေါ်ရုံပုဆိုးကို မြတ်စွာဘုရားအား လှူဒါန်းဖို့ စိတ်ကူးလိုက်ပါတယ်။ လှူလိုက်ရင်တော့ လင်ရော၊ မယားရော ပွဲတိုးစရာခြုံ ထည်မရှိတော့တာကို ကြိုတင်တွေးမြင်မိလို့ လှူဖို့ စိတ်ကူးကို ဖျက်လိုက်ပါတယ်။ ထပ်လှူချင် စိတ်ပြန်ဖြစ်ပေါ်လာ ခဲ့ပါတယ်။ ဒါပေမယ့် နှမြောစိတ်က တားလို့ အလှူ စိတ်ကူးပျက်သွား ပြန်ပါတယ်။ ဒီလိုနဲ့ ညသုံးယံ ပတ်လုံး တရားပွဲ မပြီးမချင်း လှူဖို့ စိတ်ကူး လိုက်၊ နှမြောစိတ်က နှောင့်ယှက်လိုက်နဲ့ ချီတုံ၊ ချတုံဖြစ်နေခဲ့ပါတယ်။

ဒါနဲ့ တရားပွဲပြီး ခါနီးတဲ့အခါမှာတော့ "မရှိလို့ မလှူ၊ မလှူလို့ မရှိ" ဒီလို ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်နဲ့ ကြုံရခိုက်မှာမှ မလှူလိုက်ရရင် မိုက်ရာ ကျတော့မယ်လို့ ဆင်ခြင်ပြီး အပေါ်ရုံ ပုဆိုးကိုမြတ်စွာဘုရားအား လှူဒါန်းမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်ပြီး မြတ်စွာဘုရား လက်တော်အရောက် ကပ်လှူပြီးတဲ့အခါမှာတော့ "အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ" စစ်ပွဲကြီးကို အောင်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ဦးလို ၀င့်ကြွားတဲ့ အသံနဲ့ သုံးကြိမ်တိုင်တိုင်ကြွေးကြော် လိုက်တယ် လို့ဆိုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အလှူ ဒါနတစ်ခုဖြစ်မြောက်ဖို့ ဘယ်လောက်ခက်ခဲ တယ်ဆိုတာ သိနိုင်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း ခရစ်တော်ညွှန်းခဲ့တဲ့ မုဆိုးမရဲ့အလှူလိုပဲ လှူပြီးတဲ့နောက် မိမိမှာ ဘာမှကို မကျန် တော့လောက်အောင် ရက်ရောလို့ ရှိတာလေးကို ပဲ လှူဒါန်း လိုက်လို့ အလွန် အင်မတန်မြတ်တဲ့ အလှူဖြစ်ပါတယ်။ အတုယူ၊ တရားရစရာပါပဲ။

ဒါကြောင့် ရှင်ပေါလူးက အလှူနဲ့ပါတ် သက်ပြီး နည်းတာ များတာ မလို၊ "သင်တို့၏ စွမ်းအားနှင့် အမျှပေး လှူကြလော့၊ သင်တို့၏ လှူလို သောစေတနာစိတ် ရှိပါလျှင် ထာဝရဘုရားသည် သင်တို့၏ စွမ်းအား အရပေးလှူသော အရာကို လက်ခံတော်မူလိမ့်မည် မဟုတ်၊ သင်တို့ ပေးလှူ နိုင်စွမ်း မရှိသောအရာ ကို တောင်းဆိုတော်မူ လိမ့်မည် မဟုတ်ပါ" လို့ (ဒု-ကော်ရိန်သု -၈း၁၁-၁၂) မှာ မိန့်ကြားထားပါတယ်။

"မိမိရဲ့ ပိုလျှံတဲ့ ချမ်းသာ ကြွယ်ဝမှုဟာ ချို့တဲ့သူ၊ မရှိ၊ ဆင်းရဲတဲ့သူရဲ့ပစ္စည်းဖြစ်တယ်"

"သင် သိုလှောင်ထားတဲ့ ဆန်ရေစပါး (အစားအသောက်သည်) ငတ်မွတ်ခေါင်းပါး သူတို့ ပိုင်ဆိုင်၏။ သေတ္တာ၊ ဘီရိုများထဲတွင် ထည့်ထားသော အ၀တ်အစားတို့သည် အ၀တ်အစား မရှိသူတို့နှင့် သက်ဆိုင်၏။ သင်မြေကြီးထဲတွင် မြှုပ်ထားသောရွှေ ၊ငွေ ၊ကျောက်သံပတ္တမြား တို့သည် ဆင်းရဲ၊ ချို့တဲ့သူတို့၏ ဥစ္စာဖြစ်၏" လို့ ရဟန္တာ Basil က မိန့်ကြားခဲ့ဖူးပါတယ်။

ဒီလို ပေးကမ်း စွန့်ကြဲမှုနဲ့ ပတ်သက်ပြီး ရှင်ပေါလူးက "သင်တို့အား တာဝန်လေးစေ၍၊ သူတစ်ပါးတို့အား သက်သာစေရန် ငါအကြံပြု နေသည် မဟုတ်ပါ။ ညီတူ ညီမျှဖြစ်စေရန် အကြံ ပြုခြင်းဖြစ်၏။ ယခုအခါ သင်တို့၏ ချမ်းသာမှုသည် ထိုသူတို့၏ ချို့တဲ့မှုကို ဖြည့်ဆည်းပေး သကဲ့သို့ နောင်တစ်နေ့၌ ထိုသူတို့၏ ချမ်းသာမှုသည် သင်တို့၏ ချို့တဲ့မှုကို ဖြည့်ဆည်းပေးနိုင်ပါ လိမ့်မည်။

ကျမ်းစာတော်က "များများရသောသူ မပို၊ နည်းနည်းရသောသူ မလို"ဟု ဖော်ပြ သကဲ့သို့ပင် ဖြစ်လိမ့်မည်လို့ (ဒု-ကော်ရန်သု -၈း၁၄-၁၅) မှာ ပေးကမ်း စွန့်ကြဲလှူဒါန်းမှုဟာ ပေးသူရော၊ အပေးခံရသူပါ အပြန်အလှန် အကျိုးပြုတဲ့အကြောင်း အကြံပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နာမည်ကြီး ထင်ရှားခဲ့တဲ့ ဆရာတော်ကြီး အရှင်ဇနကဘိဝံသက "သူ တော်ကောင်း ဓနရှင်တို့သည် လက်ရှိ ဓနများကို ဆင်းရဲသူများအား ဖြန့်ဖြူးနိုင်မှသာ ရှေးဘ၀က ဒါနရှင်၊ ယခု ဘ၀ဓနရှင်၊ နောင်ဘ၀ အဆက်ဆက် ဓနရှင်"ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင် အမြဲဓနရှင်များဖြစ်နိုင်မည်။ ဒါကြောင့် "တစ်ဘ၀မျှခေတ္တ ပိုင်ဆိုင်ရသော ဓနကို ငါပိုင်ဟု သဘောမထားဘဲ ဆင်းရဲသားချို့တဲ့ သူအများ ဆိုင်သော ငါပိုင်ဟု သဘောထား၍ လိုအပ်သူများကို ဝေမျှပေးကမ်း စွန့်ကြဲရမယ်" လို့ မိန့်ကြား ခဲ့ဖူးတာ အမှန်ပင် တရားရ စရာပါပဲ။

ရှင်ပေါလူး မိန့်မြွက်သလို ကျွန်တော်တို့ ဘယ်သူ့ကိုပဲပေးပေး၊ ဘာပဲ လှူလှူ၊ ပေးလှူလိုတဲ့ စေတနာစိတ်ရှိရင်၊ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာအရ ပေးလှူတဲ့ အရာကို ဘုရားသခင်က ကြည်ဖြူနှစ်သက် လက်ခံမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို မျက်မှောက်ခေတ် စီးပွားရေး ကျပ်တည်းပြီး အစစအရာရာ ဈေးတက်နေတဲ့ ခက်ခဲရာကာလမှာ အဆင်ပြေရှာဖွေလို့ လွယ်ကူ နေတဲ့သူတွေက ဝေငှပေးကမ်းကြမယ် ဆိုရင် ရေရှည်မှာ အားလုံးအတွက် အကျိုးကျေးဇူးများ ပါလိမ့်မယ်။

ဝဿန်မိုး