Sunday, October 2, 2011

ပျော်ရွှင်ခြင်းသည် မိမိစိတ် ထားပေါ်မူတည်သည်

မိမိ၏သဘောထား Attitudes သည် မိမိကိုယ်ကို မြင်သော အမြင်နှင့် အခြား လူအမြင်ပေါ်မှာ မူတည်သည်။ မိဘနှင့်သား သမီး ညီအစ်ကိုမောင်နှမချင်း၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နှင့် အခြားလူအပေါ် လွှမ်းမိုး သက်ရောက်မှု ရှိသည်။ ပျော်ရွှင်ခြင်းသည် လူ့အမြင်ဖြင့် ဒုက္ခပြဿနာကို ကြည့်ပါက စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ ၀မ်းနည်း ခြင်းနှင့် ကျရှုံးခြင်းတွေ တွေ့ကြုံရလိမ့်မည်။

အနန္တတန်ခိုးတော်ရှင် မေတ္တာတော်ရှင်သည် အရာခပ်သိမ်းအပေါ် ထိန်းချုပ်စီရင် ကြောင်း၊ ဘုရားသခင် အမြင်ဖြင့် ကြည့်မြင် တတ်သူသည် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း ခံစားရလိမ့်မည်။ ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်သောကြောင့် လူအားလုံးအဖို့ အကောင်းဆုံးကိုသာ ဘုရားသခင် ရည်ရွယ် အလိုရှိသည်။ ကျွန်ုပ်တို့အသက်တာအတွက် အကျိုးရှိဆုံးနှင့် အဆင့်မြင့်ဆုံးဖြင့် ဘုရား သခင်ကြံစည်စီမံတော်မူ၏။ ဘုရားသခင် အမြင်ဖြင့် ကြည့်မြင်တတ်သူသည် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း ခံစားရလိမ့်မည်။ ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်သော ကြောင့် လူအားလုံးအဖို့ အကောင်းဆုံးကိုသာ ဘုရားသခင် ရည်ရွယ် အလိုရှိသည်။ ပျော်ရွှင်ခြင်း ကို မည်ကဲ့သို့ရရှိသနည်း။

ဤလောကတွင် ဒုက္ခပြဿနာ အခက် အခဲကြုံတွေ့ရခြင်းသည် ဓမ္မတာဖြစ်သည်။ လူသားအားလုံး ဒုက္ခပြဿနာထဲမှာ မွေးဖွားလာကြသည်။ သင်တို့သည် လောက၌ ဒုက္ခဆင်းရဲ ခံကြရလိမ့်မည် ဟု ယေဇူးဘုရား သတိ ပေး ခဲ့သည်။

ပျော်ရွှင်မူ၊ ကျေနပ်သာယာ အားရမှု တွေကို လူတွေ အငမ်းမရ ရှာဖွေနေကြသည်။ မျက်ရည်ကျနေတဲ့ သူတွေ ကြည့်ပြီး၊ ဆေးရုံမှာ လူနာတွေပြည့်နေတာ ကြည့်ပြီး၊ လမ်းပေါ်မှာ အသုဘပို့ပြန်လာကြ တာတွေကြည့်ပြီး သူတို့ ရှာမ တွေ့နိုင်ကြဘူး ဆိုတာ သိနိုင်တယ်။ လောကရဲ့ ပျော်ရွှင်ခြင်းနဲ့ ကျေနပ် အားရခြင်းတို့ဟာ လျှပ်တစ်ပြက်မို့ ဘယ်သူကမှ ဆုပ်ကိုင် မထားနိုင်ပါဘူး။ အဲဒါကြောင့် ပျော်ရွှင်ခြင်းက သင်ပြနေတဲ့ တရားက ပျော်ရွှင်ခြင်းကို သက်သက် လိုက်ရှာရင်တွေ့နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအရာက ဆန့်ကျင်ခြင်း သဘော တရားဆောင်လို့ပဲ။ အမှတ်မထင် တွေ့ရတတ်လို့ဖြစ်ပါတယ်။ စိတ်ချမ်းသာချင်လို့ အလှူပေးတာထက် အလှူပေးလိုက်ရတာက မှ ချမ်းမြေ့မှု ခံစားရတတ်ပါတယ်။ ရယ်ချင်လို့ ရယ်စရာရှာတာထက် ရယ်စရာတစ်ခုကို အမှတ် မထင်တွေ့လိုက်ရတာက အားရပါးရ ရယ်ရတတ်ပါတယ်။ နေ့တိုင်း ရယ်စရာပဲ တွေ့နေပြန်ရင်လည်း ရယ်စရာမကောင်း တော့ဘူး။ ပျော်စရာ လိုက်ရှာနေရင်လည်း ပျော်စရာတွေ လက်နဲ့ တစ်ပွေ့တစ်ပိုက် ရလိမ့် မယ်မဟုတ်။

အနာမခံရင် ပျော်ရွှင်ခြင်းနဲ့ ကျေနပ် အားရခြင်းတွေကို မခံစားနိုင်ဘူး။ အနာမခံရင် အသာ မစံနိုင်ဘူးတဲ့။ တိုက်ပွဲ ဒဏ်ခံနိုင်ပါမှ အောင်ပွဲ အမှန် ခံနိုင်မယ်။ ပျော်ရွှင်ခြင်းဟာ ကိုယ်တိုင်လုပ်ယူ ရတာဖြစ်တယ်။ ဥပမာ -ကလေးတွေဟာ လူကြီးတွေထက် ပျော်နေ နိုင်ကြတယ်။ အသက်ကြီးလာလေ ပို သိလာ လေ။ ပျော်ရွှင်ခြင်းတွေ လျော့ပါးလာလေပဲ။

အသက် (၇၀)ကျော်၊ (၈၀)ကစ အိုမင်းမစွမ်းဖြစ် လာတဲ့အခါမှာ သူတစ်ပါး အပေါ်မှာ မှီခိုရပါတယ်။ အရင်က ရေတစ်ပုံး ဆွဲနိုင်ခဲ့သော်လည်း အခုချိန်မှာရေတစ်ခွက်ကို မနိုင့်တစ်နိုင် မရပါတယ်။ ဒါ့အပြင် ကိုယ်လိုရာ ခရီးကို ကိုယ်လိုချင်တဲ့ အတိုင်း မသွားနိုင်ဖြစ်ရပါတယ်။ အဲဒီအချိန်မှာ စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ဆင်းရဲခြင်းဖြစ်ပြီး ပျော်ရွှင်ခြင်းတွေပျောက်ဆုံး ရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်က ကိုယ့်ကို သုခပေးတဲ့ စိတ်ထားမျိုး ဖြစ်စေချင်တယ်ဆိုရင် ကိုယ်က စိတ်ကိုကောင်း ကောင်းမွန်မွန် ထိန်းကျောင်းတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။

ကိုယ့်မှာ မြင့်မြတ်တဲ့ စိတ်ထားတွေ မရှိဘူးဆိုရင် ကိုယ်ဟာပျော်ရွှင်မှုကို ရနိုင်မှာ မဟုတ်ဘူး။ ကိုယ့်မှာမြင့်မြတ်တဲ့ စိတ်ထားတွေ ရှိတဲ့အခါ ကိုယ့်ရဲ့စိတ်ထဲမှာ အလိုလိုပျော်နေတယ်။ ဆိုလိုတာက ကိုယ့်မှာ သူများအပေါ် အကောင်းမမြင်ဘဲ မကောင်းထင်၊ အတ္တစိတ် တွေနဲ့ ဖုံလွှမ်းနေခြင်းမရှိလို့ပဲပျော်တယ်။ ဒါမှ မဟုတ်ရင် ပျော်ရွှင်မှုဆိုတာ တကယ်ဝယ်လို့ မရဘူး။ သူများဆီကလဲ မရနိုင်ပါဘူး။ ကိုယ့်ဟာ ကိုယ်ပေးမှရတဲ့ အရာမျိုးဖြစ်ပါတယ်။ ကိုယ့်ဟာ ကိုယ်ပေးတဲ့ပျော်ရွှင်မှုလောက် တန်ဖိုးရှိတာ ဘာမှ မရှိပါဘူး။ ကိုယ့်ဟာ ကိုယ်ပေးတဲ့ပျော်ရွှင်မှုဟာ ကိုယ့်ဘ၀ရဲ့ အသက်တာမှာ တန်ဖိုး အရှိဆုံး ဖြစ်လာပါတယ်။ ဒီတော့ မိမိရဲ့ဘ၀မှာ မြင့်မြတ်တဲ့ စိတ်ထားရှိအောင် လုပ်နိုင်ပြီဆိုရင် ကိုယ့်ဟာ ကိုယ် ပျော်အောင် လုပ်နိုင်ပြီလို့ ပြောလို့ရပါပြီ။ အဲဒါကြောင့် ပျော်ရွှင်ခြင်းရော၊ မပျော်ရွှင်ခြင်းပါ နှစ်ခုစလုံးဟာ မှတ်ယူတတ်တဲ့ ကိုယ့်စိတ်မှာပဲ မူတည်ပါတယ်။ "ရွှင်လန်းသော စိတ်နှလုံးသည် ချိုသော မျက်နှာကို ဖြစ်စေတတ်၏။ ငြိုငြင်တတ်သော သူ၏ နေ့ရက် ရှိသမျှတို့သည် ငြိုငြင်ဖွယ်ဖြစ်၏။ စိတ်နှလုံး ရွှင်လန်းသော သူသည် အစဉ်အမြဲ ခံရတဲ့ပွဲ ရှိတတ်၏။" (သုတ္တံ ကျမ်း ၁၅း၁၅)

မိမိကိုယ်ကို စိတ်ထားမြင့်မြတ်တဲ့သူ တစ်ယောက်အဖြစ် လုပ်တဲ့အခါမှာ ကိုယ့်ရဲ့စိတ် နှလုံးသားထဲမှာ အလိုလိုနဲ့ အမြဲတမ်းပျော်နေတယ်။ ထိုပျော်ရွှင်မှုကို ကိုယ်တစ်ယောက်ထဲ မကဘူး၊ ကိုယ်နဲ့ထိတွေ့ ဆက်ဆံတဲ့ သူလည်း ပျော်လာကြတယ်။ ကိုယ်ပြောတဲ့စကားတွေ၊ အပြုမူတွေဟာ မြင်တဲ့သူတွေရဲ့ ဘ၀အတွက် ကောင်းတဲ့ ပုံစံဖြစ်လို့ပဲ။ ကိုယ့်မှာစိတ်ကောင်း ရှိတယ်ဆိုရင် ကိုယ်လည်းပျော်ရွှင်ချမ်းသာတယ်။ ကိုယ်က စိတ်ကောင်း ရှိတဲ့အခါမှာ ကိုယ်နဲ့ထိတွေ့တဲ့သူတိုင်းဟာ ကိုယ့်ဘ၀ထဲမှာ ခရစ်တော်ဘုရားကိုတွေ့ ရှိလာတယ်။ ဒါတင် မကသေးဘူး၊ ကိုယ်က ခရစ်တော်ဘုရားကို သူများဆီသို့ သယ်ဆောင်ရာလည်း ရောက်ပါတယ်။

လောကလူအများ ပျော်ရွှင်မှုကိုဘယ်လို ရှာကြသလဲဆိုရင် ပိုက်ဆံချမ်းသာမှ၊ အစား ကောင်း၊ အ၀တ်ကောင်းဝတ်မှ၊ တီဗွီ၊ ဗွီဒီယိုရှေ့ ထိုင်ပြီးဇိမ်ခံမှ၊ ဆလွန်းကားလေး စီးပြီး ကိုယ်လိုရာ သွားနိုင်မှ၊ လူငယ်၊ အပျို၊ လူပျိုတွေ အိနြေ္ဒမရှိတဲ့ ဆက်ဆံမှုတေ၊ွ Pleasure တွေရမှ ပျော်ရွှင်မှု ရတယ်လို့ ထင်ကြတယ်။ ပျော်ရွှင် သာယာကြည်နူးမှုဆိုတာ သိပ်ပြီး ဆွဲဆောင်မှု အားကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီပျော်ရွှင်ခြင်းဟာ ထာဝရ ပျော်ရွှင်ခြင်း သုခစစ်ရဲ့ အမြည်း အစမ်းဖြစ်နေလို့ပဲ။ ဒီကမ္ဘာလောကကြီးပေါ်မှာ ထာဝရ ချမ်းသာစစ်မှန်ကို မတွေ့သေးဘူး ဆိုတာပါပဲ။ ဒါကြောင့် စိန်သြဂုတ်စတင်းက ငါ၏၀ိညာဉ်သည် ငါ၏အရှင်ဘုရားသခင်၌ မနားမခို မရမခြင်း ငြိမ်းချမ်းမှု မရနိုင်ပါလားလို့ ငြီးတွားခဲ့တယ်။ ပျော်ရွှင်မှုဆိုတာက သူများ မခိုးယူနိုင်၊ မဖျက်ဆီး နိုင်ဘူး။ ကိုယ်ဖျက်မှ ပျက်မဲ့အရာဖြစ်ပါတယ်။ စိတ်ရဲ့ပျော်ရွှင်မူဟာ တစ်ခုခုရမှမဟုတ်ဘူး။ အောင်မြင်မှုရမှလည်း မဟုတ်ဘူး။ တစ်ခါ တစ်လေဆိုရင် ဒုက္ခတွေခံနေရရင်းနဲ့ ပျော်ရွှင်မှုကို ရယူနိုင်ပါတယ်။ ဒုက္ခကို သုခလို လက်ခံပြီး ဘုရားကို ပူဇော်နိုင်လို့ဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာက သုခလမ်းစဉ်၊ ပါရမီ လမ်းစဉ်လျှောက်လှမ်းတဲ့ လူသားများအတွက်သာ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ပြောရရင် ပျော်ရွှင်မှုဆိုတာ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ရှိမှသာ ရရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့က ဒုက္ခခံနေရတာကိုပဲ ပျော်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဝေဒနာဟာ စေတနာဖြစ်လာလို့ပဲ။ ဒါကြောင့် စိန်ပေါလ်က သူဟာ ခရစ်တော်အတွက် ဒုက္ခတွေခံရလေ ပျော်ရွှင်မှုကို ပိုပြီးတော့ ခံစားရလေလေ ဆိုပြီး ပြောထားပါတယ်။ ပျော်ရွှင်တတ်တဲ့ အကျင့်က ပျော်ရွှင်တဲ့ဘ၀ကိုဖြစ်စေပါတယ်။ ထိုစိတ်ထားနဲ့ အလေ့အကျင့်တွေ ဟာ ပျော်ရွှင်မှု အစစ်မှန် ပေးတတ်တဲ့ လူ့ကျင့်ဝတ်တွေပေါ်မှာ အခြေခံထားဖို့လည်း လိုတယ်။ အဲဒီ အခြေခံလူ့ကျင့် ၀တ်ဆိုတာ စိတ်ကောင်း၊ နှလုံးကောင်းထားခြင်းနဲ့ ထောက်ပံ့ ကူညီခြင်းပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားကျမ်းစကားအရ ရယူခြင်းမှာထက် ပေးဆပ်ရခြင်းမှာ ပိုပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ပြီး အားရစေလို့ပဲ။ (တမန်တော်ဝတ္ထု - ၂၀း၃၅)

မိမိ၏ ဘ၀၌မြင့်မြတ်တဲ့ စိတ်ထားကို မွေးမြူခြင်း၊ ကောင်းမြတ်သော စိတ်ထားကို ထားရှိ ခြင်းတို့သည် ခရစ်တော်ဘုရား၏ စိတ်ထားကို ခံယူခြင်းပင်ဖြစ်ပေသည်။ (၁ ကော်ရင် - ၂း၁၆ခ) ပျော်ရွှင်ခြင်းသည် မိမိစိတ်ထား ပေါ်မှာမူတည်သည်။

ဘာကြောင့် မပျော်ရွှင်နိုင်သလဲ။
၁။ မိမိ၏ စိတ်သဘောထားကြောင် မပျော်နိုင်ခြင်းဖြစ်သည်။
၂။ အခြားလူကို Negative attitude အကောင်းမမြင်၊ အဆိုးမြင်ပြောဆိုတတ်ပါ ကလည်း မှားသည်။ ဤမှားသောစိတ်ထား ၂မျိုးကြောင့် ပျော်ရွှင်မှုမရှိခြင်းဖြစ်သည်။

ဤစာစောင်ကို "ရှင်သန်နိုင်သော လူ့ ဘ၀" စာအုပ်မှ မှီငြမ်းပြီးရေးသားထားပါသည်။



စစ္စတာရ် ဖွားဖွား ဒေဗီယားလား
(S.J.A)