Wednesday, September 7, 2011

မေတ္တာတရားရှိသော နေရာ၌ ဘုရားရှင်ရှိသည်

၁၈၈၅ခုနှစ်ခန့်က ဆိုဗီယက်ရုရှား ပြည်၊ မြို့ငယ်လေးတစ်မြို့၌ ဖိနပ်ချုပ်သမား လေး မာတင်အက်ဒစ် (Martin Audeich) ဆိုသူရှိခဲ့ပါသည်။ အလုပ်ကြိုးစားသော လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဘုရားတရား ရိုသေ ကိုင်းရှိုင်းသူဖြစ်သည်။ လိမ္မာရေးခြားရှိ သော အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး သားလေး တစ်ယောက်မွေးဖွားခဲ့သည်။

အလွန် ချမ်းအေးလှသော ဆောင်းရာသီ၌ ပြင်းထန်သော အဆုတ် အအေးမိရောဂါနှင့် ဇနီးနှင့် သားလေးတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသည်။ မာတင်လည်း အလွန် စိတ်ထိခိုက်သွားကာ ဘုရားကျောင်းလည်း မတက်နိုင်၊ ဘုရားပင် မရှိခိုးနိုင်လောက် အောင် စိတ်ဓါတ် ကျသွားရှာသည်။

တစ်နေ့၌ မာတင်၏ ဇာတိရွာမှ အဖိုးအိုတစ်ဦး ဘုရားဖူးရင်း အလည်အပတ် ရောက်ရှိလာသည်။ မာတင်က သူ၏အဖြစ် အပျက်များကို ပြောပြသောအခါ အဖိုးအိုသည် သေချာစွာ နားထောင်ပြီးသောအခါ မာတင် မှားယွင်းနေကြောင်း၊ ပြန်လည်ပြောပြ လိုက်သည်။ မာတင်သည် နေ့စဉ် "ဘုရားရှင် သူ့အား မြန်မြန်ခေါ်တော်မူပါဟု ဆုတောင်းခြင်းသည်လည်း မှားယွင်းနေကြောင်း၊ လူ့လောက ဖြစ်စဉ် များသည် ဘုရားရှင်၏ အလိုတော်သာ ဖြစ် ကြောင်း၊ မာတင်မှာ ပျော်ရွှင်မှုကိုသာ ရှာဖွေနေ သောကြောင့် ဤကဲ့သို့ ခံစားနေရကြောင်း ရှင်းပြသည်။ လူတစ်ယောက်ဖြစ်လာလျှင် ဘုရားရှင်အတွက် အသက်ရှင်ဖို့ လိုအပ်ကြောင်း၊ ကျမ်းစာများ ဖတ်မှသာ အသက်ရှင်နေထိုင်နည်းကို သိလာမည်ဖြစ်ကြောင်းပြောပြသည်။ ထိုနေ့မှ စတင်ပြီး ကျမ်းစာကို နေ့စဉ် ဖတ်ရှုလာသောအခါ မာတင်၏ စိတ်ဓါတ်ပြောင်းလဲလာခဲ့သည်။ ယခင်က အားလျှင်ပျော်ပျော်ပါးပါး စားသောက် နေထိုင်လေ့ရှိသော်လည်း ယ္ခုအခါ ထိုသို့ မဟုတ်ဘဲ အားလပ်လျှင် ကျမ်းစာ ဖတ်နေတတ်ပြီးလျှင် လူသားများအပေါ်လည်း အကောင်း ပိုမြင် လာပါသည်။

ရှင်လုကာ - ၆ မှာ "သင့်ပါးတဖက်ကို တစ်စုံတစ်ယောက်ရိုက်ခဲ့လျှင် အခြားတဖက်ကို လှည့်ပေးပါ။ နွမ်းပါးသူမှ သင့်ခြုံထည်ကို တောင်းလျှင် ပေးလိုက်ပါ။ သင့်ကိုတစ်ပါးသူ ကောင်းစွာ ပြုမူစေချင်သလို သင့်မှာလည်း တစ်ပါးသူကို ကောင်းစွာဆက်ဆံပါ" ဤကျမ်းပိုဒ်များကို အကြိမ်ကြိမ်ဖတ်မိသည်။ ဘုရားရှင်ကို ဖာရီ ဇေဦးမှ ကောင်းမွန်စွာ မဆက်ဆံဘဲ အပြစ်ရှိ သောအမျိုးသမီးမှ ကောင်းမွန်စွာ ဆက်ဆံ ခဲ့သည်ကိုလည်း သဘောကျမိသည်။ အကယ်၍များ ဘုရားရှင် သူ့ထံ ဆင်းကြွလာလျှင် အဘယ်သို့ ဧည့်ခံရမည်နည်း ဟုတွေးတောရင်း အိပ်ပျော်သွားခဲ့ပါသည်။ ထိုအခိုက် အသံ တစ်သံကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရ သည်။ "မာတင် မနက်ဖြန် သင့်ထံကျွန်ုပ် အလည်လာမည်" ဟူ၍ဖြစ်သည်။ မာတင် လည်း နံနက်စောစောထကာ လက်ဘက်ရည် အိုးနှင့် စွပ်ပြုပ်အိုးတည်၍ ကျမ်းစာဖတ်ပြီးလျှင် ဖိနပ်ချုပ်ရင်း သူ့ပြတင်းပေါက်လေးမှ လမ်းမကို လှမ်း ကြည့်နေမိသည်။

ထိုအခိုက် လမ်းမပေါ်မှရေခဲများကို ဖယ်ရှားပေးနေသော စစ်သားအိုကြီး စတီးဗင်း သည် မောပန်းစွာနှင့် သူ့အခန်းပြတင်းပေါက် နားလာရပ်လျက် နားနေသည်ကိုတွေ့လိုက်ရ သည်။ မာတင်မှ အခန်းထဲသို့ ဖိတ်ခေါ်၍ စွပ်ပြုပ်နှင့် လက်ဘက်ရည် တိုက်ပြီးသောအခါ သူ့ထံကို ဘုရားရှင်လာမည်ဟု ပြောကြား ကြောင်း ကျမ်းစာထဲမှ ဘုရားရှင်သည် ရိုးရိုး သာမန်လူသားများကို ချစ်ခင်စွာရွေးချယ် တတ်ကြောင်းပြောပြသောအခါ စတီးဗင်းမှ တရားနာရင်း မျက်ရည်များစီးဆင်းလျက် ကျွန်ုပ်အားစိတ် ၀ိညာဉ်သာမက ခန္ဓာကိုယ်ပါ အင်အားပေးသောကြောင့် ကျေးဇူးတင် ကြောင်းပြောလျက် ထွက်ခွာသွားပါသည်။

ခဏကြာလျှင် သူ့ပြတင်းပေါက်နားသို့ ကလေးချီ လာသောနွမ်းပါးသူ အမျိုးသ္မီးလေးတစ်ယောက် မတ်တတ် ရပ်နေသည်ကို တွေ့သောကြောင့် အခန်းအတွင်းဝင်ပါရန် ဖိတ်ခေါ်လိုက်သည်။ စွပ်ပြုတ်နှင့် လက်ဘက်ရည် တိုက်ကျွေးပြီးသော်၊ သူမ အကြောင်းမေးမြန်းသောအခါ၊ သူမသည် စစ်သားတစ်ဦး၏ ဇနီးဖြစ်ပြီး၊ ခင်ပွန်းသည်မှာ၊ တိုက်ပွဲ၌ ကျဆုံးသွားပြီဖြစ်ကြောင်း၊ သူမ၌လည်း လောလောဆယ် အလုပ် မရှိသေးသောကြောင့် ဒုက္ခရောက်နေ ရကြောင်းပြောပြ ရှာသည်။ မာတင်မှ ကလေးလေးအား ပိုက်ထွေးရန် သူ၏စောင် ပိုင်းလေးတစ်ထည်နှင့် ငွေသား အနည်းငယ်ပေး၍ ဆုတောင်းပေးပါမည့် အကြောင်း ပြောပြလိုက် သည်။ ထိုအမျိုးသမီးမှ မာတင်ကို အထူးပင် ကျေးဇူးတင်ပါကြောင်းပြောလျက် ထွက်ခွာ သွားပါသည်။ မာတင်လည်း ဖိနပ်ချုပ်ရင်း လမ်းမ ပေါ်သို့ လှမ်းကြည့်နေလိုက်သည်။ ထိုအခိုက် အသက်ကြီးလှပြီဖြစ်သော အဖွားအိုတစ် ယောက် ပန်းသီးအိတ်ကြီးကို မနိုင့်တနိုင် မလျက် မာတင်၏ပြတင်းပေါက် အနီးသို့ ရောက်လာပါသည်။ သူမ အိတ်ကြီးကို အောက်သို့ချလျက် အမောဖြေနေခိုက် ဆာလောင်နေ ပုံရသော လူငယ်လေးတစ်ယောက်မှ ပန်းသီးတစ်လုံးကို နှိုက်ယူရန် ကြိုးစားလိုက်ပါသည်။ ထိုအခါ အဖွားကြီးမှာ လူငယ်လေးကို ဖမ်းဆွဲလျက် စစ်သားများထံ အပ်နှံမည်ဟု ဆူပူကြိမ်း မောင်းလျက်ရှိသည်။ ထိုအခါမာတင်မှ လူငယ် လေးလည်း ဆာလောင်လွန်း၍သာ ဤသို့ ပြုမူမိကြောင်း၊ သူ့ကို ခွင့်လွှတ်ပါရန် တောင်းပန် လိုက်ပါသည်။ ထို့နောက် အိမ်ထဲသို့ နှစ်ဦးလုံး ၀င်ရောက်ကြပါရန် ဖိတ်ခေါ်လျက် စွပ်ပြုတ် နှင့် လက်ဘက်ရည်ကို တိုက်ကျွေးလိုက်သည်။ ထို့နောက် ဘုရားရှင်၏ ခွင့်လွှတ်ခြင်း တရား တော်ကို တဆင့်ပြန်လည်ပြောပြ လိုက်ပါသည်။ သူတစ်ပါး၏ အပြစ်ကို ခွင့်လွှတ်မှသာ ကိုယ့်အပြစ်များကိုလည်း ဘုရားရှင်မှ ခွင့်လွှတ် မည်ဖြစ်ကြောင်း၊ အဖွားအို နားလည်စေရန် ရှင်းပြခဲ့သည်။ အဖွားအိုလည်း တိတ်ဆိတ်စွာ နားထောင်ပြီးသော် မာတင်ကိုကျေးဇူးတင် ကြောင်း၊ သူကြောင့် ဘုရားရှင် ထံမှ နောင်တ ကျေးဇူးတော်ကို ရခဲ့ခြင်းဖြစ်ကြောင်း ပြန်ပြောပြခဲ့သည်။ လူငယ်လေးမှာလည်း အဖွားအိုကို ဤအိတ်ကြီးကို သူသယ်ဆောင် ကာ လိုက်လံ ပို့ဆောင်ပေးပါမည့် အကြောင်း ပြောကြား၍ မာတင်ကိုကျေးဇူး တင်ကြောင်း ပြောကာ ထွက်ခွာ သွားကြပါသည်။

မာတင်လည်း သူ၏အလုပ်ကို ဆက်လုပ်ရန် ထိုင်ခုံ၌ ထိုင်လိုက်သောအခါ ညနေ စောင်းဖြစ်လာပြီး မှောင်လာပြီဖြစ်သောကြောင့် မီးအိမ်လေးထွန်းကာ ကျမ်းစာအုပ်ကို ဖွင့်လျှက် ဖတ်နေ လိုက်ပါသည်။ "အငယ်ဆုံး၊ အနိမ့်ကျဆုံး သော ညီအစ်ကိုကို သင်ကူညီစောင်မလျှင် ကျွန်ုပ်ကို ကူညီခြင်း ပင်ဖြစ်ကြောင်း" ဘုရားရှင်၏ တရားတော်ကို ဖတ်နေမိသည်။ ထိုအခိုက်မှာပင် အခန်းထောင့်မှ လူရိပ် လူယောင်များတွေ့ မိပြီး အသံများပါ ကြားမိသောကြောင့် မော့ကြည့်လိုက်မိရာ စစ်သားအိုကြီး စတီးဗင်းနှင့် နေ့ခင်းက လာသွားသော ဒုက္ခသည် အမျိုးသ္မီးနှင့်ကလေးငယ်တို့ကို မှုန်ဝါးဝါးတွေ့မြင်လိုက်ရပြီး သူ့အား ၀မ်းသာကြည်နူးစွာနှင့် လက်ပြနှုတ်ဆက် သွားကြသည်ကိုတွေ့လိုက် ရပါသည်။

မာတင်လည်း ထိုနေ့က သူ့အိပ်မက်သည် အမှန်တကယ် အကောင်အထည်ပေါ်ခဲ့ပြီး ဘုရားရှင် ကိုယ်တိုင်ပင် သူ့ထံသို့ ကြွလာခဲ့ကြောင်း ၀မ်းမြောက်စွာ သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ထံသို့ ဘုရားရှင် ကိုယ်တော်တိုင် ကြွမလာပါ သော်လည်း သူ့ကိုယ်စား ဘုရားရှင်မှနေ့စဉ် ဤသို့ အကူအညီလိုသူများကို လွှတ်နေမည် ဖြစ်ပြီး ကျွန်ုပ်တို့မှ တတ်အားသ၍ ကူညီဖေးမဖို့ မာတင်ကဲ့သို့ မမေ့မလျော့ တာဝန်ယူကြရန် ကြိုးစားကြ ရမည်ဖြစ်ပါသည်။

Ref: Selected Stories From ''Leo Tolstoy (2)''

ဘုရားရှင်ကို ထာဝရအစေခံလျက်
ထရေးဇားမြင့်