Saturday, August 20, 2011

ရဟန်းဘောင်သို့ရောက်ဖို့ တက်လှမ်းရတဲ့ဘ၀အဆင့်ဆင့်

မေး။ ။ ဗုဒ္ဓဘာသာမှာ ရှင်သာမဏေကို အသက် (၂၀) ပြည့်လျှင် ပဇ္ဇင်းခံပြီးမှ ရဟန်းအဖြစ် အသိအမှတ်ပြု ပါတယ်။ ဒါမှလည်း ရဟန်းဘ၀ရောက်ပါတယ်။ ခရစ်ယာန်ဘာသာမှာရော ဒီအတိုင်းပဲလား ဆိုတာ ဖြေကြားပေးပါ။

ဖြေ။ ။ ကက်သလစ်ခရစ်ယာန် ရဟန်းသံဃာတော်တွေရဲ့ ရဟန်းဘောင်သို့ ရောက်ဖို့ တက်လှမ်းရတဲ့ ဘ၀ အဆင့်ဆင့်ကို ဖော်ပြမပေးခင်မှာ ခရစ်ယာန်ဘာသာဆိုတဲ့ ဝေါဟာရဟာ ကျယ်ပြန့်နေတဲ့ အတွက်ဦးစွာ ပထမ ရှင်းပြချင်ပါတယ်။ ခရစ်ယာန်ဘာသာဆိုတာ ခရစ်တော်ဘုရားရှင်ရဲ့ နောက်လိုက်များကို ခြုံငုံပြီးခေါ်ထားတဲ့ ခရစ်ယာန် ဘာသာပဲဖြစ် ပါတယ်။

ဗုဒ္ဓဘာသာမှာ မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဟူ၍ ဂိုဏ်းကြီးနှစ်ဂိုဏ်းကွဲ သလို ခရစ်ယာန် ဘာသာမှာလည်း ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများနဲ့ ကက်သလစ် ခရစ်ယာန် သာသနာတော်ကြီးဟူ၍ အချုပ်အားဖြင့် ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲပါတယ်။ ပရိုတက်စတန် ခရစ်ယာန် ဂိုဏ်းကွဲများကို မြန်မာနိုင်ငံ အရပ်ရပ်မှာ နှစ်ခြင်းအသင်းတော်၊ အင်္ဂလီကန်မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်၊ စနေအသင်းတော်၊ ပရက်ဘီတေးရီးယန်း အသင်းတော်၊ အေဂျီ အသင်းတော်၊ ကယ်တင်ခြင်းတပ်၊ မက်သဒစ်အသင်းတော်၊ ယေဟောဝါ-ဘုရားသခင်၏ သက်သေတော်များ၊ ညီအစ်ကိုများ အသင်းတော် စသဖြင့် တွေ့ရှိနိုင်ပါတယ်။ ပရိုတက်စတန် ခရစ်ယာန်များရဲ့ ဓမ္မအမှုတော်ဆောင်များကို သင်းအုပ်ဆရာ၊ သိက္ခာရဆရာတော်လို့ အများအားဖြင့် ခေါ်ဝေါ်ကြပါတယ်။ အချို့ဂိုဏ်းများ၌ ဘုန်းတော်ကြီးများ လို့လည်း ခေါ်ဝေါ်တာတွေ့ ရပါတယ်။ အားလုံးကတော့ အိမ်ထောင်သည် များပဲဖြစ်ကြပါတယ်။

ရဟန်း သံဃာတော်များရဲ့ကျော်ဖြတ်ရတဲ့ အဆင့်ဆင့်ကတော့ ခရစ်တော်ဘုရားရှင် တည်ထောင်ထားတဲ့ ကက်သလစ် ခရစ်ယာန်သာသနာတော်ကြီးရဲ့ ရဟန်းတော်များရဲ့ ရဟန်းဘ၀များ ပဲဖြစပါတယ်။ ကက်သလစ် ခရစ်ယာန်ဘာသာကို ရှေးမြန်မာ အခေါ်အရ ဘုရင်ဂျီ ဘာသာ၊ ဘုရင်ဂျီ သာသနာလို့ ခေါ်ပါတယ်။ ကက်သလစ် ခရစ်ယာန် သာသနာတော်ကြီးရဲ့ ရဟန်းသံဃာ၊ ကိုရင်၊ သီလရှင်များဟာ ငယ်ဖြူဘ၀နဲ့ ရာသက်ပန် အရိုးထုတ် ကြရပါတယ်။ ၀င်လိုက် ထွက်လိုက် မရပါဘူး။ ရဟန်းသိက္ခာဟာ ထာဝရတည်ပါတယ်။ အခြေအနေ အကြောင်း မလှပါက သာသနာတော်ကြီးရဲ့ အမိန့် အာဏာတော်နဲ့ ရဟန်းတို့ရဲ့ ၀ိနည်းများမှ နားခိုင်းခြင်းမျိုး ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ကက်သလစ်ခရစ်ယာန် သာသနာတော်ကြီးတစ်ခုလုံးကို သာသနာပိုင် ပုပ် ရဟန်းမင်းကြီး အရှင်သူမြတ်မှ ခရစ်တော်ဘုရားရှင်ရဲ့ ကိုယ်စားအဖြစ် အုပ်ချုပ်တော်မူပါတယ်။ ဘုရင်ဂျီ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဆိုတာ ဘုန်းဘုန်းတို့ရဲ့ သာသနာပိုင် အရှင်သူမြတ် ပဲဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ကက်သလစ် ခရစ်ယာန်သာသနာတော်မှာ ရဟန်း နှစ်မျိုးနှစ်စား ရှိပါတယ်။ ရသေ့ ရဟန်း သံဃာများနဲ့ ကျောင်းထိုင်ရဟန်း သံဃာများဟူ၍ ပဲဖြစ်ပါတယ်။ ရသေ့ ရဟန်းသံဃာများဟာ ကျောင်းတိုက်တစ်ခု အတွင်းမှာ စုစည်း သီတင်းသုံးပြီး သီလဆောက်တည်လျက် တက္ကသိုလ် စာသင်ကျောင်းများကို ဖွင့်လှစ်ပြီး ပညာရေးမြှင့်တင်ပေးခြင်း၊ ဆေးရုံများကို ဖွင့်ခြင်း၊ မေတ္တာ ကရုဏာလုပ်ငန်းများကို မိမိတို့ အဖွဲ့အစည်းရဲ့ ၀ိနည်းဘောင် အတွင်းမှ ဆောင်ရွက်လျက် အကြီးအကဲရဲ့ အမိန့်ကိုနာခံခြင်း၊ ကိုယ်ပိုင် မရှိ ဆင်းရဲခြင်း ပါရမီကို ကျင့်လျက် ငယ်ဖြူဘ၀နဲ့ စင်ကြယ်စွာ အရိုး ထုတ်ကြရပါတယ်။ ရသေ့ ရဟန်းများထဲမှာ ရဟန်း သိက္ခာကို မခံယူဘဲ ရာသက်ပန် သာမဏေ ကိုရင်ဘ၀နဲ့ အရိုးထုတ် သူများလည်း ရှိပါတယ်။ ဘုန်းဘုန်းတို့ ကျောင်းထိုင် ရဟန်းတွေကတော့ အဘက်ဘက်ဆိုင်ရာ သာသနာပိုင် ဆရာတော်ဘုရားရဲ့ အမိန့်တော်အတိုင်း ကျရာ ရပ်ရွာဒေသမှာ လူတွေကို အစေခံရင်း ဘုရားအမှုတော်ကို ထမ်းလျက် အရိုးထုတ်ကြရပါတယ်။ ဘုန်းဘုန်းတို့ ကျောင်းထိုင် ရဟန်းတွေဟာ ရာသက်ပန် နေရာတစ်ခုတည်း ကျောင်းထိုင်လို့ မရပါဘူး။ အထက် ဆရာတော်ဘုရားရဲ့ အမိန့်အတိုင်း ရွှေ့ပြောင်းခြင်းပြုကြ ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းထိုင် ရဟန်းရော ရသေ့ရဟန်းတွေပါ တစ်သက်လုံး သာမဏေဘ၀နဲ့ အရိုးထုတ်သူ ကိုရင်တွေရော၊ ဆည်းပူးရတဲ့ ပညာရပ်တို့၊ ဖြတ်သန်းရတဲ့ ပါရမီ ခရီးစဉ်ကတော့ အတူတူပါပဲ။ ဦးစွာ ပထမ ရပ်ရွာဒေများမှာ ကျောင်းထိုင်နေတဲ့ ကိုယ်တော်များဟာ မိမိတို့ ရပ်ရွာအတွင်းမှာ ရှိနေတဲ့ ဘုရားတရားရှိတဲ့ လူငယ်လေးများကို မွေးထုတ်ရွေးနှုတ်ပြီး အခြေခံ ရဟန်းဖြစ်သင်ကျောင်းကို ပို့ပေးပါတယ်။ အဲဒီ အခြေခံ ရဟန်းဖြစ်သင်ကျောင်းမှာ (၁၀)တန်းအောင်ပြီးသည် အထိလောကီ စာပေသင်ကြားရင်း ဘာသာရေး ပညာရပ်များကို ဆည်းပူ ကြရပါတယ်။ (၁၀) တန်းအောင်ပြီးလျှင် တက္ကသိုလ်အ၀င် စာမေးပွဲကို ဖြေဆိုရပြီး အောင်မြင်ပါက သာမဏေ ကိုရင်ဘ၀အဖြစ် သင်္ကန်းစီးပေးပြီး မေမြို့ပြင်ဦးလွင်ရှိ ရဟန်းဖြစ် တက္ကသိုလ် ဒဿနိကဗေဒဌာနမှာ (၂) နှစ် ရဟန်းတို့ ပညာရပ်များကို သင်ယူ ဆည်းပူးရပါတယ်။ အောင်မြင်ပါက တောင်ကြီးမြို့ရှိ ရဟန်းဖြစ်တက္ကသိုလ်မှာ တရားစခန်း တစ်နှစ်တိတိ ၀င်ပြီး အောင်မြင် လာပါက ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ် ဓမ္မသင်္ဂြိုဟ်ဌာန မှာလေးနှစ်တိတိ ဓမ္မသီသြလောဂျီ ပညာရပ်များ အားလည်းကောင်း၊ စာချ ရဟန်းသံဃာတော်များရဲ့ ဒီသာမဏေ ကိုရင်ကတော့ ရဟန်းဘောင်တက် လှမ်းဖို့ ရဟန်းသိက္ခာပေးသင့်တယ် ဆိုတဲ့ထောက်ခံချက်များလည်း ရပါမှ မိမိတို့ သက်ဆိုင်ရာ ဆရာတော်ဘုရား အသီးသီးမှ မိမိတို့ သာမဏေ ကိုရင်များကို ရဟန်းသိက္ခာ တင်ပေးပြီး ရဟန်းဘောင်သို့ သွတ်သွင်း လိုက်ပါတယ်။

ခရစ်ယာန် သာသနာတော်ရဲ့ ရဟန်း သိက္ခာတင်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ဓမ္မဗဟုသုတ အဖြစ် ဆက်လက် ရှင်းပြရမယ်ဆိုရင် ရဟန်းသိက္ခာခံယူခြင်းဆိုတာ ခရစ်တော်ဘုရားရှင်ရဲ့ ရဟန်း အဖြစ်တော်ကို ခံယူခြင်း၊ ခရစ်တော်ဘုရားရှင်ရဲ့ ရဟန်းအဖြစ်တော် သိက္ခာကို တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သိက္ခာတင်ခြင်း သုံးဆင့် ရှိပါတယ်။ ပထမ သိက္ခာတင်ခြင်းအဆင့်က ဦးပÍ္ဇင်းကြီး သိက္ခာတင်ခြင်းဖြစ်ပါတယ်။ ဒုတိယ သိက္ခာတင်ခြင်း အဆင့်ကို ရဟန်းသိက္ခာတင်ခြင်း လို့ခေါ်ပါတယ်။ တတိယမြောက် သိက္ခာတင်ခြင်းကို ဆရာတော် သိက္ခာတင်ခြင်းလို့ ခေါ်ပါတယ်။ ဆရာတော် သိက္ခာတင်ခြင်းကို ခံယူရရှိတဲ့ ဆရာတော်ဘုရား၌ ခရစ်တော် ဘုရားရှင်ရဲ့ ရဟန်း အဖြစ်တော်ကို ပြည့်ဝစွာ ရရှိထားတဲ့အတွက် သာမဏေ ကိုရင် တစ်ပါးပါးကို ပထမ အဆင့်သိက္ခာဖြစ်တဲ့ ဦးပÍ္ဇင်းကြီး သိက္ခာကို တင်ပေးတော့မယ်ဆိုရင် သာသနာပိုင် ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ် ဆရာ တော်ဘုရားများကသာ အောင်မြင်စွာ သိက္ခာတင်ပေးနိုင်ပါတယ်။

ဒီအတိုင်းပဲ ပထမ အဆင့်သိက္ခာဖြစ်တဲ့ ဦးပÍ္ဇင်းကြီးသိက္ခာကို ခံယူပြီးတဲ့ ဦးပÍ္ဇင်းကြီး တစ်ပါးပါးကို ရဟန်းသိက္ခာ တင်ပေးတော့မယ် ဆိုရင် သာသနာပိုင် ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ် ဆရာတော်ကြီး များကလွဲရင် ရဟန်း သိက္ခာအထိသာ ခံယူထားတဲ့ ရဟန်းတော်များ အနေနှင့် သိက္ခာတင်ပေးပိုင်ခွင့် မရှိပါ။

ရဟန်းတို့ရဲ့ ဓမ္မပညာရပ်များကို ရဟန်းဖြစ် တက္ကသိုလ်မှာ သင်ကြားရင်း ပါရမီ ကျင့်ဆောက် တည်မှုများ ရင့်ကျက်လာလို့ စာချ ရဟန်းတော်တွေ ကထောက်ခံပါသော်လည်း သာသနာတော်ကြီးရဲ့ ကာနွန်ဥပဒေ ပုဒ်မ ၁၀၃၁ အပိုဒ် ၁ မှာဖော်ပြချက် အတိုင်း သာမဏေ ကိုရင်များသည် အသက် (၂၃) နှစ်ပြည့်ပြီးမှသာ ဦးပဇ္ဇင်းကြီး သိက္ခာကို ခံယူနိုင်ကြပြီး အသက် (၂၅) နှစ်ပြည့်မှသာ ရဟန်းသိက္ခာ တင်မင်္ဂလာကို ခံယူနိုင်ကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဘုန်းဘုန်းဒိုမိနစ်ဦးဂြိုလ်တု