Thursday, July 28, 2011

စာနာစိတ်(သို့) မေတ္တာတရား

တိုတောင်းလှတဲ့ ဘ၀သက်တာ အချိန်ခဏမှာ မိတ်ဆွေတို့ရဲ့ စိတ်ကို ဘယ်လိုပြုပြင် နေထိုင်ကြမလဲ။ လောကသား အားလုံး အပေါ်မှာလည်း ဘယ်လိုပြုမူ ကျင့်ကြံ နေထိုင်နိုင်မလဲ။ အမုန်းတရား (သို့) အညှိုးတွေကို ဘယ်လို ခြေဖျက် ငြိမ်းအေးတော့မှာလဲ။ အကြောင်းအရာ အားလုံးအတွက် စဉ်းစားကြရအောင်။

မိတ်ဆွေတို့ ဘ၀မှာ ဘယ်အရာတွေက အထက်ပါ မေးခွန်းများနဲ့ ငြိစွန်းနေသလဲ။ ထိုအရာတွေက ဘယ်လောက် ကြီးမားနေသလဲ။ အရာရာတိုင်းကို ချင့်ချိန် သုံးသပ်ပါ။ မိတ်ဆွေတွေရဲ့ စိတ်ဓာတ်က
ဘယ်လို ပုံစံ ဖြစ်နေပြီး၊ လောကသားတိုင်းပေါ်မှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ပြန်ပေးနေလဲ ပြန်စဉ်းစား ကြည့်ပါ။ မိတ်ဆွေရဲ့ ဖြစ်ပျက်သမျှ ကိစ္စတိုင်းအတွက် ဆင်ခြင် သုံးသပ်ပါ။ ဤလောက လူသားတွေဟာ အတ္တ လက်နက်ကို ဆွဲကိုင်ပြီး မေတ္တာတရားကို စိန်ခေါ်နေကြတယ်။ အဲဒီ အတ္တ လက်နက်တွေကိုလည်း ဘယ်လို ဖြေရှင်းကြမလဲ စဉ်းစားပါ။

မိတ်ဆွေတို့ ဤကမ္ဘာလောကကြီးမှာ မေတ္တာတရားကို ဘယ်နေရာ၊ ဘယ်သူ့ဆီက ရှာမှာလဲ။ စဉ်းစားရင် အတော်လေး စဉ်းစားရ ခက်တယ်။ ဤလောက လူသားတွေမှာ စာနာစိတ် (သို့) မေတ္တာတရားများ များသောအားဖြင့် ကင်းမဲ့ နေကြပြီ။ အပြိုင်အဆိုင်၊ အပြန်အလှန်၊ ပြိုင်ဆိုင် တိုက်ခိုက်ကြဖို့ စိတ်ဓာတ်တွေ မွေးမြူနေတဲ့အချိန် ဘယ်ထောင့်မှာ စာနာစိတ် (သို့) မေတ္တာတရား ရှိမလဲလို့ အမှန်တရားကို ယုံကြည် လက်ခံတဲ့သူတွေဟာ လိုက်ရှာ နေကြပေမယ့် ၂၁ရာစု ခေတ်ကြီးထဲမှာ သဲတစ်ပွင့်စာလောက်တောင် မရှိသလောက် ရှားပါး နေပါတယ်။ မဟဓမ္မ ဂန္ဓီ ပြောခဲ့တဲ့ စကားတစ်ခွန်းကို စဉ်းစားကြည့်ရအောင် ““သူကသခင် ခရစ်တော်ရဲ့ တရားကို ယုံကြည် လက်ခံပေမယ့် ခရစ်ယာန် ဘာသာဝင်များကိုတော့ မယုံကြည်ဘူး”” လို့ ပြောခဲ့ပါတယ်။ ဘာဖြစ်လို့ အိန္ဒိယ တော်လှန်ရေး ခေါင်းဆောင်ဟာ ဘုရားကိုလက်ခံပြီး ဘာသာဝင်တွေကို လက်မခံတာလဲ။ စဉ်းစားစရာ တစ်ခုခုများ ရှိနေမလား။ မဟဓမ္မဂန္ဓီ သိရှိ လက်ခံထားတဲ့ ခရစ်ယာန် တရားတော်နဲ့ ဘာသာဝင်တို့ ပြုမူ ပြောဆို ကျင့်ကြံပုံတွေက ကွဲပြားနေတဲ့ အတွက်ကြောင့်ပါ။

ဘုရားသခင်ဟောတဲ့ တရားတိုင်းမှာ မေတ္တာတရား ထားကြပါ။ တစ်ဦးကိုတစ်ဦး စာနာပြီး ရိုင်းပင်း ကူညီကြပါလို့ ဟောခဲ့တယ်။ ဘာသာဝင်များမှာ ““ငါ”” ဆိုတဲ့ အဆင့်အတန်းတွေနဲ့ပဲ လူတွေကို တုန့်ပြန်၊ ပြောဆို၊ နေထိုင်ကြတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် မဟဓမ္မဂန္ဓီဟာ သခင်ခရစ်တော်ရဲ့ တရားကို ယုံကြည် လက်ခံ ကျင့်ကြံပေမယ့် ခရစ်ယာန်ဘာသာဝင်တော့ မဖြစ်ခဲ့ဘူး။ ဥပမာတစ်ခု ပြောရရင် မဟဓမ္မဂန္ဓီဟာ ခရီးသွားတိုင်း ကားငှါးပြီး စီးတတ်တဲ့အကျင့် ရှိတယ်။ ရထားဆိုလည်း ရိုးရိုးတန်းပဲ စီးလေ့ရှိတယ်။ တစ်နေ့မှာ အမှတ်မထင် အစည်းအဝေးကြာ သွားတဲ့အတွက်
သူစီးမယ့် ရထားထွက်ဖို့ အချိန်ဟာ နည်းနည်းလေးပဲ လိုတော့တယ်။ ဒီအချိန်မှာ ရထားအချိန်မီဖို့အတွက် ဘူတာကို ရောက်အောင် မြန်မြန် ထွက်သွားခဲ့တယ်။ သူလည်း ဘူတာ အရောက် ရထားလည်း ထွက်နေပြီ။ သူဟာ ရထားကို မီဖို့ ပြေးလိုက်သွားတဲ့ အချိန်မှာ သူစီးတဲ့ ဖိနပ်တစ်ဖက် ကျွတ်နေခဲ့တယ်။ ဒါနဲ့ ရထားပေါ် ရောက်တော့ နောက်တစ်ဖက် ချွတ်ထားခဲ့ပြန်တယ်။ ဘာကြောင့်ထင်လဲ စဉ်းစားကြည့်ပါ။ သူဟာ အာဏာရှိတဲ့ ခေါင်းဆောင်တစ်ဦးပဲ။ ရထားကို ရပ်စောင့် ခိုင်းလို့ရတာပဲ။ ဘာကြောင့် ပြေးလိုက်ရတာလဲလို့ သူ့ရဲ့ အပေါင်းအပါများက ပြောတဲ့ အချိန်မှာ ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို သူ့အတွက်နဲ့ မနှောင့်နှေးစေချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဖိနပ်ကောက်ရတဲ့ သူကလည်း တစ်ဖက်ပဲရရင် အသုံးမ၀င်ဘူး။ နှစ်ဖက်ပြည့်မှ အသုံးဝင်တာလို့ ပြောခဲ့ ပြန်ပါတယ်။ မဟဓမ္မန္ဓီဟာ အဲဒီလောက်ကို လူသားတွေအပေါ်မှာ မေတ္တာတရား (သို့) စာနာ နားလည်ပေးတယ်။

ခရစ်ယာန် ဘာသာဝင်တို့သာ မဟဓမ္မဂန္ဓီလို စစ်မှန်တဲ့ မေတ္တာတရား၊ စာနာစိတ်ဖြင့်သာ ဆက်ဆံခဲ့မယ်ဆိုရင် သူလည်း ခရစ်ယာန် ဘာသာဝင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ မဆိုနိုင်ပါဘူး။ ဤလောက ကမ္ဘာကြီးထဲမှာလည်း အချင်းချင်း သတ်ဖြတ်ကြ၊ အနိုင်ကျင့်ကြ ၊ အဆင့်အတန်း ခွဲခြားပြီး နေထိုင်ကြတာကို ဘယ်လို အရာမျိုးနဲ့ ဖြေရှင်းကြမှာလဲ။ မိတ်ဆွေတို့မှာ စာနာစိတ် (သို့) မေတ္တာတရား နည်းနည်းလောက်သာ လက်ခံ ကျင့်ကြံ ကြမယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းပေး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မိတ်ဆွေတို့မှာ နောင်တစ်ချိန်အတွက် ဘာတွေ ပိုင်ဆိုင်ထားပြီး၊ ဘာတွေ လိုအပ်နေသေးတာလဲ စဉ်းစားကြည့်ပါ။ များသောအားဖြင့် မိတ်ဆွေတို့ ပိုင်ဆိုင်ထားတဲ့အရာဟာ ““ငါ““ ဆိုတဲ့ အတ္တ၊ ပစ္စည်း၊ အဆင့်အတန်း၊ လှပခြင်းများဖြစ်ပြီး၊ တကယ် လိုအပ်နေသေးတဲ့ အရာဟာ မေတ္တာတရား (သို့) စာနာစိတ် ဖြစ်နေပါတယ်။ အဲဒီ လိုအပ်နေတဲ့အရာများက မိတ်ဆွေတို့ကို ““သွား ငါ့အနား မလာနဲ့လို့ “ “ မောင်းထုတ် နေလို့ လား။ ဒါမှမဟုတ် မိတ်ဆွေ ကိုယ်တိုင်က လက်မ ခံချင်တာလား။ ပြန် စဉ်းစားကြည့်ပါ။ လောကသားတွေမှာရှိတဲ့ အသိပညာ အတတ်ပညာတွေဟာ ဘယ်ရှုထောင့်မှာ များ ရောက်နေတာလဲလို့ တွေးလို့ မရအောင် ခက်နေပါတယ်။ လောကသားတွေမှာ စာနာစိတ် (သို့) မေတ္တာတရား အနည်းနဲ့အများ ကင်းမဲ့နေကြတယ်။ ဒါကို ဘယ်လို ပြုပြင်ကြမှာလဲ။ ဘုရားသခင်က ဟောခဲ့ပါတယ် ““သင့်မှာ အ၀တ်နှစ်ထည်ရှိလျှင် တစ်ထည်ကို မရှိတဲ့သူကို ပေးလိုက်ပါလို့ ဟောခဲ့ပါတယ်။ လူတွေကတော့ အ၀တ် နှစ်ထည်ရှိနေရင် သူများဆီကနေ နောက်တစ်ထည် ထပ်တောင်းဖို့် လောဘတွေ တက်နေကြတယ်။ ဘုရားသခင်ကတော့ ဆင်းရဲသားများကို ကူညီကြ၊ ရိုင်းပင်းကြ၊ ဖေးမကြပါလို့ တရားတွေကို အကြိမ်ကြိမ် ဟောခဲ့ပေမယ့် ဘာသာဝင် အများစုမှာတော့ အပေါ် ယံ သဘောလောက်ဘဲ ကျင့်ကြံ အားထုတ် နေကြပါတယ်။ ဘုရားသခင်က သင်၏ လက်ယာ လက်ပြုသည့် အမှုကို လက်ဝဲလက် မသိစေနဲ့လို့ ဟောခဲ့ပေမဲ့ ဘာသာဝင် အများစုမှာတော့ လက်နှစ်ဖက် သိရုံတင်မကဘူး၊ ပတ်ဝန်းကျင်ကိုပါ သိအောင် ပြလိုက်၊ ကြေငြာလိုက်နဲ့ ဒီလိုလုပ်ရတာ ဘာအကျိုးကို မျှော်ကိုး နေရတာလဲ။ စဉ်းစားဖို့တော့ အချိန်တန်ပြီ ထင်တယ်။

၂၀ ရာစု ခေတ်ကြီးထဲမှာ ကိုယ့်နိုင်ငံ၊ ကိုယ်လူမျိုး၊ ကိုယ်ဘာသာဆိုပြီး၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာ ခွဲခြားနေတဲ့ အချိန်မှာ လူ ဘယ်နှစ်ယောက်များ၊ စာနာစိတ် (သို့) မေတ္တာတရားတွေ ရင်မှာလွှမ်းခြုံ နေကြသလဲ။ လူနည်းစုသာ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မိတ်ဆွေတို့ကို စာနာစိတ် (သို့) မေတ္တာတရား မကင်းမဲ့ရအောင် နည်းနည်း အကြံပြုချင်ပါတယ်။ ““ဘယ်သူ မပြု မိမိမှု”” ဆိုသလို မိမိကနေစပြီး ပြောင်းလဲ ကြည့်ရအောင်။ မာကုရဲ့ ဒဿနမှာ လူသားတွေဟာ ၈၀ ရာခိုင်နှုန်းလောက် ကောင်းကြပါတယ်။ ဒီတော့ ကျန်သေးတဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ညှိနှိုင်းဖို့ပဲ လိုတယ်လို့ တင်ပြထားပါတယ်။ မိတ်ဆွေ မိမိ၏ အတွင်းစိတ်ဓာတ် ဘယ်လို ရှိသလဲ သိချင်ရင် ကြေးမုံတစ်ချပ်ရဲ့ ရှေ့ မှာ ရပ်ပြီး ပြုံးလိုက် မဲ့လိုက် လုပ်ကြည့်ပါ။ ပြုံးတဲ့အချိန် လိုက်ပြုံးပြီး၊ မဲ့တဲ့အချိန်လည်း လိုက်ပြီး မဲ့နေလိမ့်မယ်။ အတွင်း စိတ်နှလုံးကလည်း ဒီလိုပါပဲ။ လောကသားတွေဟာ ကြေးမုံတစ်ချပ်ကို မိမိတို့ အလှကြည့်ဖို့သာ အသုံးပြုကြပြီး၊ တကယ် လိုအပ်တဲ့ အတွင်းစိတ်နှလုံး ဘယ်လိုရှိတယ် ဆိုတာ ကြည့်ဖို့ဆိုတာ သတိမေ့ နေကြတယ်။

မိတ်ဆွေတို့ကို နောက်ထပ် ဥပမာ တစ်ခုအနေဖြင့် တင်ပြရရင် အခန်းတစ်ခန်းကို အလုံပိတ်ပြီး ဆီမီးတစ်ခွက် ထွန်းကြည့်ပါ။ အခန်း တစ်ခန်းလုံး ထင်ယောင် ထင်မှားလေး အလင်းရောင် ပေးနေလိမ့်မယ်။ နှစ်ခွက်၊ သုံးခွက် ဆီမီးခွက်တွေ ထွန်းလိုက်တဲ့ အချိန်မှာ အခန်း တစ်ခန်းလုံး အလင်းရောင်တွေ လွှမ်းခြုံ နေလိမ့်မယ်။ အဲဒီလိုပဲ မိမိကစပြီး မေတ္တာတရား (သို့) စာနာစိတ်ကို တန်ဖိုးထားပြီး ကျင့်ကြံရင် အချိန် ကြာလာတာနဲ့အမျှ သူငယ်ချင်း၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း အစရှိတဲ့ အရပ် လေးမျက်နှာတွေမှာ မိမိရဲ့ မေတ္တာတရား (သို့) စာနာစိတ်ဟာ ရောင်ပြန်ဟပ် လာပါလိမ့်မယ်။ ကိုယ်က ပေးလိုက်တဲ့ မေတ္တာတရား (သို့) စာနာစိတ်ဟာ ကုန်ဆုံးသွားတဲ့ အရာ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကို နှစ်ဆ ပြန်ရောက်လာတဲ့ ကြီးမားတဲ့ ခွန်အားတစ်ခုပါ။

လူတစ်ဦး တစ်ယောက်ကို စတွေ့တဲ့ အချိန်မှာလည်း၊ အဆိုးဘက်က မကြည့်ဘဲ ဘုရားသခင်ပေးတဲ့ မိတ်ဆွေပါလားဆိုပြီး အကောင်းဘက်ကနေ ဆက်ဆံနိုင်ဖို့ ကြိုးစား ကြည့်မယ်ဆိုရင် ကမ္ဘာ လောကကြီးဟာ ပျော်စရာ အပေါင်းနဲ့ ပြည့်ဝနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လောကသားများ အပေါ်မှာလည်း ချစ်ခြင်းမေတ္တာ၊ စာနာစိတ်များထားပြီး ဤလောကကြီးကိုလည်း မေတ္တာတရားရဲ့ ရောင်ခြည်ဖြင့် လွှမ်းခြုံ နိုင်အောင် ကြိုးစားကြရအောင်။

ဘုရားသခင်ရဲ့ သိုးသူငယ် အပေါင်းတို့ မိမိတို့ ကိုယ်တိုင်က စပြီး ““ငါ““ ဆိုတဲ့ အတ္တလောကကြီး တစ်ခုလုံးကို မေတ္တာတရား (သို့) စာနာစိတ်ရှိတဲ့ နှလုံးသားများနဲ့ အစားထိုးနိုင်ဖို့ ပြုပင် ပြောင်းလဲကြပါလို့ အကြံပြု လိုက်ပါတယ်။

သုည