Tuesday, July 26, 2011

အနည်းစု

"ထိုကာလ၌ ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။ လွတ်သော အီစရာအဲလ် အမျိုးသားတို့အဖို့ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။" (ဟေရှာယ အနာဂတ္တိကျမ်း - ၄း၂)

ပိရမစ်ကြီးကို ကြည့်လိုက်ပါ။ အောက်ခြေမှာ ကြီးမား ကျယ်ပြန့်ပြီးတော့ ထိပ်မှ ချွန်နေတာလေ။ အများ ဗဟုကိန်းကနေ အနည်း တစ်ခုကိန်းသို့ တန်းတန်းမတ်မတ် ရောက်သွားတယ်ဆိုတဲ့ သဘော" လက်ရွေးစင် ဆိုတာ တကယ်ဆို တစ်ယောက်တည်း ဖြစ်ရမယ်ဆိုတဲ့သဘော။ ချန်ပီယံဆိုတာ တစ်ဦးဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်။ အကောင်းဆုံး ဆိုတာ တစ်ယောက်တည်း ရှိတယ်ဆိုတဲ့ လက္ခဏာ။ ဒါဆို သူ ဘယ်သူ ဖြစ်နိုင်လဲ။ ထာဝရဘုရားသခင်ရဲ့ စီမံကိန်းမှာ အညွန့်ဆိုတာ ကယ်တင်ရှင်ကို ရည်ညွှန်းနေတဲ့ သဘောဆောင် ပါတယ်။ ထိပ်ဆုံးမှာ သူ ရှိနေတယ်။ အားလုံး မြင်နေ၊ ကြားနေတယ်၊၊ အားလုံးကို သိနေတယ်။ အားလုံးကို ချစ်တယ်။ ဒါပေမယ့် သူ့အနားမှာ အားလုံးမရှိပါ။ အနည်းစု သာရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထိပ် အမြင့်ကိုတက်နိုင်ဖို့ အားမပါကြလို့ ပါဘဲ။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်လိုက်ပါဦး။ လူအနည်းစုရဲ့ ဦးဆောင်မှု (သို့မဟုတ်) လူအနည်းစုရဲ့ စေစားမှု အောက်မှာ ပြားပြားဝပ်နေတဲ့ လူအများစု ရှိသလို၊ အသီးအနှံတွေ ဖွံ့ထွား ဝေဆာပြီး ဘ၀တိုတိုမှာ အရသာ ချိုချို မြည်းစမ်း နေသူတွေလည်း ရှိပါတယ်။

လောကကြီးကို ပြောင်းလဲနိုင်ဖို့၊ အနည်းစုကပဲ စတဲ့ သဘောတရားတွေ တွေ့နေရတယ်။ ခရစ်တော်နဲ့ တမန်တော် ဆယ့်နှစ်ပါးတည်းသာ ရှိပါတယ်။ အီဂျစ်ပြည်ကနေ အီစရာအဲလ် လူမျိုးတွေကို ကယ်ထုတ်ဖို့ မိုးဇက်တစ်ဦးကိုသာ အဓိက သုံးခဲ့တာပါ။ ကမ္ဘာဦးကို ပြန်ကြည့်ရင်လည်း အာဒံနဲ့ ဧ၀ မိဘနှစ်ဦးတည်းနဲ့ လူသားအနွယ် စတင်ခဲ့တာပါ။ အနည်းတစ်ခုကိန်းမှ အများဗဟုကိန်းသို့ တဖြည်းဖြည်းချင်း ပြောင်းလဲလာတဲ့ သဘောပဲပေါ့။ "လွတ်လပ်သော အီစရာအဲလ် အမျိုးသား" တို့ဆိုတာဟာ ဘုရားသခင်ရဲ့ ရှည်လျားဆန်းပြားသော စီမံကိန်းထဲမှာ - နောက်ဆုံးလက်ကျန်လူ တစ်စုတည်းကိုသာ ပြောနေတာ။ ဒါပေမယ့် အဲဒီ လူတစ်စုက ရာဇ၀င်တွင်လောက်အောင် သစ္စာရှိကြသူတွေပါ။ "လူတွေဟာ တခြားလူတွေ အတွက် ဒီကမ္ဘာမြေကို ရောက်လာကြတယ်" လို့ သိပ္ပံပညာရှင်ကြီး အဲလ်ဘက် အိုင်စတိုင်း ပြောခဲ့သလိုပါပဲ။

ဒီလူနည်းစုဟာ ကယ်တင်ရှင်အတွက် ကြိုတင် လမ်းခင်းပေးခဲ့ကြတဲ့ ဒို့တတွေရဲ့ ယုံကြည်သူ ဘိုးဘေးတွေပါပဲ။ အနည်းစု ဖြစ်နေလို့ အားနည်းသွားတာ မဟုတ်ပါဘူး။ တစ်ယောက်တည်းလာ သော်ငြားလည်းပဲ တစ်သောင်းအား လောက်ရှိပါတယ်၊၊ ခရစ်တော်ရှင်ရဲ့ ဒေသနာတရားတော်ဟာ လူသား အားလုံးဆီသို့ ဖြန့်ဝေဖို့ လိုတယ်။ဒါပေမယ့် ဒီတာဝန်ကို အနည်းစုသော ဓမ္မသူရဲကောင်းများကသာ ထမ်းဆောင် နေကြတာ ဖြစ်ပါတယ်။

စာရေးဆရာတစ်ဦးက ပြောခဲ့ဖူးတယ် "များလေကောင်းလေဟု ထင်နေမိသမျှ လူတစ်ဦးသည် ဘယ်သောအခါမှ ဆန္ဒပြည့်ဝတော့မည် မဟုတ်ပေ။"

အိုး... ဘယ်လောက်ကောင်းတဲ့ စကားလဲ။ များများရှာ၊ များများချမ်းသာ။ ဒါမှ လူပီသီသမယ်ဆိုရင် ဆင်းဆင်းရဲရဲနဲ့သေဆုံးသွားကြတဲ့ ခရစ်တော်ရှင်နှင့်တကွ ရဟန္တာအပေါင်းတို့ကို မြောင်းထဲ လွှင့်ပစ်လိုက်ရမလိုဖြစ်နေပြီ။ လောကစံချိန်နဲ့ ဘုရားစံချိန်က အရမ်းကို ကွာတယ်၊၊ လူအထင်ကြီးတာတွေကို ဘုရားကရွံတယ်။ လူတွေ မက်မောတာကို ဘုရားက စွန့့််ပယ်တယ်။ လူတွေ ထက်မြက်သမျှ၊ ဘုရားစီမံပြီဆိုရိုရင် လူညံ့ တွေက လူတော်တွေဖြစ်လာပြီး လူတော်တွေက လူချော်တွေဖြစ်သွားနိုင်တယ်။ အုပ်များမှ အားရှိမယ်ဆိုရင် တိရိစ္ဆာန်သာသာပဲ ဖြစ်ကုန်ကြမှာပေါ့။ ဒါကြောင့် ဘုရားသခင်ရဲ့ တရားနဲ့ အညီ နေထိုင်ပြီး နှလုံးရည်တိုက် ပွဲဝင်နေသူအတွက် တစ်ဦးတည်းနေသော်လည်း တလောကလုံးကို သွက်သွက်ခါ သွားအောင် လှုပ်ရှားစေနိုင်ပါတယ်။

ဒီလောက်ဆိုရင် အနည်းစုဆိုလိုက်တိုင်း အနုနည်းနဲ့ ပြတ်စဲမယ်လို့ မကြံလိုက်နဲ့နော်။ အများစု ဆိုလာလို့ အမှု စကားတွေမှန်ရမယ် လို့လည်း တထစ်ချယူဆလို့ မရပြန်ဘူး" အများညီ "ဤ" "ကျွဲဖတ်"ဆိုတဲ့ ခေတ်ကြီးက ကုန်သွားပါပြီ။

ခရစ်တော်ရှင်နောက်ကို တကယ်လိုက်မယ်ဆိုရင် နည်းနည်းများများ သစ္စာရှိဖို့သာ အဓိကပါ။

"အကျွန်ုပ် - ကြီးကြီးမားမားတွေ မလုပ်လိုပါဘူး။ သေးငယ်သော အလုပ်လေးတွေမှာ ကြီးမားသော ချစ်ခြင်း မေတ္တာကိုပဲ ထားပြီးလုပ်လိုပါတယ်"တဲ့ ကရုဏာရှင်ကြီး မာသာထရေဇား ပြောခဲ့တာပါနော်။

မိတ်ဆွေတို့လည်း လူနည်းလို့၊ ငွေကြေး ချို့တဲ့လို့၊ အားပေးမယ့် သူမရှိလို့ စသဖြင့် အားငယ်စရာ အဖြာဖြာကို ရှေ့တန်းတင်ပြီး စိတ်ပျက်လက်လျှော့ နေမယ့်အစား မိုင်တစ်ထောင် ခရီးအတွက် ရှေ့ခြေ တစ်လှမ်းတိုး၍ အစပြုနိုင်စေကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

မေတ္တာမွန်ဖြင့်
စိုးဟေမာန်စိုး