Monday, July 18, 2011

လက်ယှက်ရှိခိုးခြင်း

မှတ်မှတ်ရရ ၂၀၀၈ ခုနှစ်က ဖြစ်ပါသည်။ ဖရန်စစ္စကင် သီလရှင်အသင်းဂိုဏ်း၊ မေမြို့တွင် ကိုးကွယ်မှု ဘာသာတရားများ တွေ့ဆုံနှီးနှောခြင်းနှင့် ကိုးကွယ်မှု ဘာသာတရားတော်ကို ရိုးရာ ယဉ်ကျေးမှုပြုခြင်း ခေါင်းစဉ်နှင့် သင်တန်း ပို့ချစဉ်တုန်းက ဖြစ်ပါသည်။ ထိုသင်တန်းသို့ မန္တလေးမြို့မှ တပည့်တစ်ဦးဖြစ်သည့် မသိင်္ဂီလည်း လိုက်ပါလာခဲ့ပါသည်။ မသိင်္ဂီက ဗုဒ္ဓဘာသာဝင်လေး ဖြစ်ပါသည်။ သင်တန်းအတွင်းမှာ ကက်သလစ် ဘာသာဝင်တို့ ဘုရားရှိခိုးရာမှာ လက်ရှိခိုးဆုတောင်းပါက ရိုးရာ ဖြစ်သလို ဘုရားကြည်ညိုရာမှာ အသင့်တော်ဆုံးဖြစ်ပါကြောင်းပို့ချခဲ့ပါသည်။

အားလပ်ချိန်အတွင်းမှာ မသိင်္ဂီင်္ီသည် ဥယျာဉ်အတွင်း လမ်းလျှောက်ရင်း ကက်သလစ် ဘာသာဝင် အမျိုးသမီးနှစ်ဦး မယ်တော်ဂူရှေ့မှာ လက်ပိုက်ပြီး ဆုတောင်းနေတာ တွေ့ရလေသည်၊၊ သူတို့တစ်တွေ ဆုတောင်းပြီးတာနှင့် အနီးနားကပ်ပြီး ““အန်တီတို့က ဆုတောင်းရင် လက်အုပ်ချီရှိခိုးပြီး ဆုတောင်းမှ ပိုမှန်တယ်”” စသည်ဖြင့် ပြောပြတော့ ထိုအမျိုးသမီးများက မသိင်္ဂီကို ပြန်ပြောလိုက်ကြပုံက ““အန်တီတို့ ခရစ်ယာန် ဘာသာမှာ လက်ယှက်ရှိခိုးတာ မရှိဘူး။ လက်ယှက်ရှိခိုး ဆုတောင်းဖို့လဲ မလိုဘူး။””

သင်တန်းခန်းမမှာ မသိင်္ဂီင်္ီပြန်ပြောပြလို့ ကျွန်တော့်မှာ အံ့သြခြင်း၊ စိတ်မကောင်းခြင်း၊ ၀န်းနည်းခြင်း များ ရောပွန်းစွာ ခံစားခဲ့ရပါသည်။ ခရစ်ယာန်ဘာသာမှာ လက်ရှိခိုးဆုတောင်းခြင်းမရှိဘူး ဆိုတာ လုံးဝ မဟုတ်ပါ။ လုဒ်မယ်တော် ရုပ်ပွားဆင်းတုတော်ကို ကြည့်ပါ။ သိကြားမင်းပုံတော်တွေနှင့် ရဟန္တာပုံတော်များကို ကြည့်ပါ။ လက်ရှိခိုးထားတာ တွေ့နိုင်ပါသည်။ သည်တစ်လ သိုးထိန်းအသံ စာစောင်မှာ မြန်မာ့ယဉ်ကျေးမှုဖြစ်သည့် လက်ယှက်ရှိခိုးခြင်းအကြောင်း ပြောပြလိုပါသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ထုံးဓလေ့များမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ ဆရာသမား၊ သက်ကြီးဝါကြီးများ၊ အကြီးအကဲများ၊ ပညာရှင်များစသည့် မိမိထက် ကြီးမြင့်မြတ် သူတို့ကို သူ့နေရာနှင့် သူ သင့်လျော်အောင် နေရာအရပ်ဒေသအလိုက် အရိုအသေပေးရပါသည်။
၁) ကန်တော့ခြင်း၊
၂) လက်အုပ်ချီဦးညွတ်ခြင်း၊
၃) လေးနက်စွာဦးညွတ်ခြင်း၊
၎) ရိုးရိုးဦးညွတ်ခြင်း၊
၅) သာမန်ဦးညွတ်ခြင်းနှင့်
၆) သတိအနေအထားဖြင့်အရိုအသေပြုခြင်း တို့ဖြစ်ပါသည်။
မြန်မာ့ လက်အုပ်ချီ ဦးညွတ်ခြင်းသည် အိန္ဒိယပြည်၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားတိုင်းပြည် တို့မှ အရိုအသေပြုပုံနှင့် အတော်ဆင်ပါသည်။ အရိုအသေပြုခံသူ တစ်စုံတစ်ယောက်အား ခြေစုံရပ်လျက် လက်အုပ်ချီ၍ လက်မနှစ်ခုနှင့် ရင်ညွန့်အထိအောင် မြှောက်တင် နေစဉ် တစ်ချိန်တည်းမှာ ဦးခေါင်းကို အနည်းငယ်မျှ ရှေ့သို့ ညွတ်လျက် ရိုအသေပြုပါသည်။ လက်အုပ်ချီရာတွင် -
၁) လူသား အချင်းချင်း ရှိခိုးခြင်းနှင့်
၂) လူသားက ဘုရားကို ရှိခိုးခြင်း နှစ်မျိုးရှိပါသည်။

က - လူသူသားအချင်းချင်း

မြန်မာများ အချင်းချင်း တွေ့ဆုံသောအခါ လက်အုပ်ချီ၍ လက်မနှစ်ခုနှင့် ရင်ညွန့်အထိအောင် မြှောက်တင်နေစဉ် တစ်ချိန်တည်းမှာ ဦးခေါင်းကို အနည်းငယ်မျှရှေ့သို့ ညွတ်လျက် အရိုအသေပြုပါသည်။
အဓိပ္ပါယ်မှာ -
၁) ဧည့်ဝတ်ပြူငှါခြင်း (Hospitality)
  • ငြိမ်းချမ်းပါစေ။
  • နှုတ်ဆက်ပါတယ်။
  • ကြိုဆိုပါတယ်။
  • လက်ခံပါတယ်။
၂) လေးစားခြင်း (Respect)
  • လေးစားပါတယ်။
  • ရိုသေပါတယ်။
  • ခင်ဗျားရဲ့ ကြီးမြတ်ခြင်းကို ပွေ့ ပိုက်ပါတယ်။
  • ကျွန်တော့်လို လူသားနွယ်ဝင် ဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်။
၃) ကျေးဇူးတရားကို အသိအမှတ်ပြုခြင်း (Acceptance)
  • ကျေးဇူးတင်ပါတယ်။
  • မှားတာရှိက ၀န္တာမိပါ။
ထိုကဲ့သို့ အရိုအသေပြု ရှိခိုးခြင်းသည် ကိုးကွယ်ခြင်း မမည်ပါ။ ရှိခိုး ကိုးကွယ်ခြင်း အထမမြောက်ပါ။ လက်အုပ်ချီ ဦးညွတ်ရုံဖြင့်လည်းဘုရား၊ တရား၊ သံဃာတော်တို့ကို ရှိခိုးကိုးကွယ်ခြင်း အထ မမြောက်ပါ။ သည့်ထက် ပိုရပါသည်။

ခ - လူသားနှင့်ဘုရား

မြန်မာများက ဘုရားရှိခိုးဝတ်ပြုရာတွင် လက်မပိုက်ကြပါ။ လက်ဝါးနှစ်ဖက်ကို ကြားဖူး ကြာငုံသဏ္ဍာန် ယှက်ထားလျက် ရှိခိုးဝတ်ပြုတတ်ကြပါသည်။ အဓိပ္ပါယ်များက
၁) ကိုးကွယ်ခြင်း (Adoration)
  • အရှင်ဘုရား၏ ကြီးမြင့်မြတ်တော်မူသော ဘုန်းတော်ကို ရှိခိုးပါ၏။
  • အရှင်မြတ်၏ ဂုဏ်တော်အပေါင်းကို ဦးချပါ၏။
  • အရှင်ဘုရား၏ တန်ခိုးအနန္တကို ကန်တော့ပါ၏။
၂) ကျေးဇူးဆပ်တင်ခြင်း (Thanks giving)
  • ခိုလှုံပါသည် အရှင်ဘုရား။
  • ကျေးဇူးပါဘုရား။
  • လှူဒါန်းပူဇော်ပါသည်ဘုရား။
၃) ဆုတောင်းခြင်း (Petition)
  • တောင်းဆုပြုပါသည်ဘုရား။
  • အသနားခံပါသည်ဘုရား။
  • ဒုစရိုက်အပြစ်များကို ခွင့်လွှတ်ပါဘုရား။
မြန်မာ့ထုံးဓလေ့များတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့်ဆရာသမားတို့ ရှေ့တော်သို့ ရောက်သည်နှင့်
၁) ဝေးလွန်းသော အရပ်၊
၂) နီးလွန်းသောအရပ်၊
၃) လေထက် အရပ်၊
၎) မြင့်လွန်းသောအရပ်၊
၅) မျက်နှာချင်းဆိုင် (ရှေ့တည့်တည့်)အရပ်၊
၆) နောက်ကျောအရပ်တို့ကို ရှောင်ရှားကာ သင့်လျော်သော အရပ်ကို ရွေးချယ်ပြီး ယောင်္ကျားဖြစ်လျှင် ဆောင့်ကြောင့်(သို့မဟုတ်) ဒူးနှစ်ဖက်တုပ်လျက်၊ အမျိုးသမီးဖြစ်လျှင် ကျုံ့ကျုံ့ထိုင်ကာ ဦးချကန်တော့ ကြပါသည်။ ဦးချပုံမှာ ထိုင်၍ လက်နှစ်ဖက်ကို ကြာဖူး ကြာငုံပမာယှက်ပြီးလျှင် ဦးထိပ်သို့ တင်လိုက်သည်။ ဦးထိပ်တင်ထားသော လက်နှစ်ဖက်ကို ထိုင်ထားသည့် ကြမ်းပြင်မှာ ထောက်၍ ဒူးနှစ်ဖက်ကိုလည်း ထောက်လိုက်ကာ နဖူးကိုလည်း ကြမ်းပြင်နှင့် ထိအောင်ပြုလိုက်သည်။
ဤသို့ဦးချစဉ်
၁) ခြေနှစ်ဖက်ကလည်းကြမ်းပြင်ပေါ်တည်နေသည်
၂) လက်နှစ်ဖက်၊
၃) ဒူးနှစ်ဖက်၊
၎) တထောင်ဆစ်နှစ်ခုနှင့်
၅) နဖူးလည်း ကြမ်းပြင်မှာ တည်နေသည်။ ထိုသို့ ““ခြေ၊ လက်၊ နဖူး၊ တထောင်၊ ဒူး””အဆို ထူးသည့် ဤငါးဌာနတို့ ကြမ်းပြင်နှင့်ထိအောင် ဦးချပြီးနောက် ဦးခေါင်းကို ဦးစွာမော့လိုက်သည်။ တထောင်ဆစ်ကို ကြွ၍ ဒူးကို ပြန်တင်လိုက်ကာ ပကတိ အနေအထားအတိုင်း ပြန်လာ၍ ဦးတစ်ကြိမ်ချပြီးဖြစ်သည်။ အမျိုးသမီးဖြစ်ပါက ဒူးကို ပြန်တင်ဖို့ မလိုပါ။ အဘယ်ကြောင့်ဆိုသော် မူလကပင် ကျုံ့ကျုံ့ထိုင်နေသောကြောင့် ဖြစ်ပါသည်။ ဤသို့ ဦးသုံး ကြိမ်ချသည်ကို (ပဉ္စပတိဌိတ) တည်ခြင်း ငါးပါး (တည်ခြင်းငါးဖြာ)နှင့် ဦးချကန်တော့သည်ဟု ခေါ်ပါသည်။ ပြားပြား ညွတ်ဝပ်တွားရှိခိုးခြင်း ဖြစ်ပါသည်။ တည်ခြင်း ငါးပါးဖြင့် ဦးချကန်တော့ရာတွင် ရိုးရိုးသာမန် ဒူးတုပ်ကာ ကန်တော့ထိုး ဦးချရှိခိုး ကန်တော့ပုံထက်ပင် မိမိခန္ဓာကိုယ်ကြီးမှာ ကြမ်းပြင် သို့မဟုတ် မြေပြင်ထက်သို့ ပိုမို နိမ့်ကျ၊ ပိုမို ပြားဝပ် ညွတ်တွားလျက်သား ဖြစ်ပါသည်။ မိမိကိုယ်တိုင် စမ်းသပ် ကန်တော့ ကြည့်ခြင်းဖြင့် ခံစားနိုင်ပါသည်။ ဘုရားရှင်ကို ပြားပြား ၀ပ်ညွတ်တွား ရှိခိုးခြင်းဖြစ်တာကြောင့် ခန္ဓာကိုယ် အနေအထားနှင့် ဘုရားရှိခိုး ကန်တော့ခြင်း ပို၍ပင် ဆီလျော်ပါသည်။

ဘုရား၊ တရား၊ သံဃာတော်တို့ကို ခိုလှုံ ကိုးကွယ်ဝတ်ပြုရာတွင် ဤသို့ တည်ခြင်းငါးပါးဖြင့် (တည်ခြင်းငါးဖြာဖြင့်) ဦးချကန်တော့ မှသာလျှင် ရှိခိုးကိုးကွယ်ခြင်း အထမြောက်ပါသည်။ ထို့နည်းတူ တခြားပုဂ္ဂိုလ်များကိုလည်း မိမိအနေဖြင့် အနန္တငါးပါးဝင်ဟု ကျေးဇူးတရားများအရ ခံယူသောသူများကိုလည်း တည်ခြင်းငါးပါးဖြင့် ကန်တော့ကြပါသည်။ ထိုသို့ လက်နှစ်ဖက်ယှက်၍ ကန်တော့သဖွယ် ပြုလုပ်လိုက်တာကို ကန်တော့သည်ဟု ယူကြပါသည်။ ကန်တော့ခြင်းဆိုသည့် ဝေါဟာရစကားတွင် ““ကန်”” သဒ္ဒါမှာ ““ပုန်ကန်ခြင်း၊တော်လှန်ခြင်း၊ ကန်ကျောက်ခြင်း”” စသည်ဖြင့် အဓိပ္ပါယ်ရသည်။ ““တော့”” သဒ္ဒါမှာ ““ရပ်နားခြင်း၊ စွန့်ပစ်ခြင်း၊ မပြုလုပ်ခြင်း”” စသည်ဖြင့် အဓိပ္ပါယ်ရပါသည်။ ထိုသဒ္ဒါနှစ်ရပ် ပေါင်းလိုက်သောအခါ ““ပုန်ကန် တော်လှန်ခြင်းမှ ရပ်ဆိုင်းပါတော့မည်။ မပြစ်မှားတော့ပါ။ မပြုလုပ်တော့ပါ အရှင်မြတ်ကိုသာလျှင် ခိုလှုံပါသည်”” ဟု အဓိပ္ပါယ်ရပါသည်။

ထိုသို့ ကာယ ၀ဇီ မနောချီပြီး အရိုအသေ အလေးအမြတ်ထားကာ၊ လက်ဆယ်ဖြာ အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျော့ကန်တော့ခြင်းကို ကမ္ဘာပတ်ကာ ရှာပါသော်လည်း ဘယ်လူမျိုးမှာမှ ရှာမတွေ့ နိုင်သည့် မြန်မာ့ထုံးမြန်မာ့ဓလေ့ ဘုရားရှိခိုးနည်း ဖြစ်ပါသည်။ အင်မတန် ကြွယ်ဝလှသော ဘုရားကန်တော့ ခြင်းဖြစ်ပါသည်။ ခရစ်ယာန်တို့သည် ဘုရားအရှင်မြတ်ကို ဘုန်းတော်အနန္တ၊ တန်ခိုးတော် အနန္တ၊ အတုမရှိ မြင့်မြတ် သန့်စင်တော်မူ၍ အပြစ် ဒုစရိုက်နှင့် မရဏသေခြင်းတရားတို့ကို ချုပ်ငြိမ်း အောင်မြင်တော်မူသော အရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ လူသား အပေါင်းတို့သည် မိမိတို့ ရိုကျိုး ခိုလှုံ ဆည်းကပ် ကိုးကွယ်နေသည့် အနှိုင်းမဲ့ မေတ္တာတော်ရှင် ဘုရားအရှင်မြတ်၏ အဆုံးအမ တရားတော်နှင့် လျော်ညီစွာ မဆောက်တည် မကျင့်ကြံဘဲ ဖောက်ပြန်တတ်သော လူ့ဇာတိ ပကတိသဘောသကန်အတိုင်း နေ့စဉ်လို ကာယ၊ ၀စီ၊ မနောအစဉ်မှာ ကန်ကျောက်နေကြလေသည်။ ထောင်ထား ပုန်ကန်ကြရလေသည်။ နားမထောင် မဆည်းကပ်ဘဲ တော်လှန်နေကြလေသည်။ (အပြစ်လုပ်နေကြသည်)။

ထိုသို့သော တရားသဘောကို နှလုံးသိမ်း၍ ကျွန်တော်တို့လည်း ထိုမြန်မာ့ထုံးဓလေ့နှင့် လျော်ညီစွာ ဘုရားရှင်ကို ဦးချ ရှိခိုး ကန်တော့နိုင်ကြရန် ယခုလို ရေးသားလိုက်ရပါသည်။ ကျန်းမာကြပါစေ။

မာကု (ဒဿန)