Thursday, July 28, 2011

စာနာစိတ်(သို့) မေတ္တာတရား

တိုတောင်းလှတဲ့ ဘ၀သက်တာ အချိန်ခဏမှာ မိတ်ဆွေတို့ရဲ့ စိတ်ကို ဘယ်လိုပြုပြင် နေထိုင်ကြမလဲ။ လောကသား အားလုံး အပေါ်မှာလည်း ဘယ်လိုပြုမူ ကျင့်ကြံ နေထိုင်နိုင်မလဲ။ အမုန်းတရား (သို့) အညှိုးတွေကို ဘယ်လို ခြေဖျက် ငြိမ်းအေးတော့မှာလဲ။ အကြောင်းအရာ အားလုံးအတွက် စဉ်းစားကြရအောင်။

မိတ်ဆွေတို့ ဘ၀မှာ ဘယ်အရာတွေက အထက်ပါ မေးခွန်းများနဲ့ ငြိစွန်းနေသလဲ။ ထိုအရာတွေက ဘယ်လောက် ကြီးမားနေသလဲ။ အရာရာတိုင်းကို ချင့်ချိန် သုံးသပ်ပါ။ မိတ်ဆွေတွေရဲ့ စိတ်ဓာတ်က
ဘယ်လို ပုံစံ ဖြစ်နေပြီး၊ လောကသားတိုင်းပေါ်မှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ပြန်ပေးနေလဲ ပြန်စဉ်းစား ကြည့်ပါ။ မိတ်ဆွေရဲ့ ဖြစ်ပျက်သမျှ ကိစ္စတိုင်းအတွက် ဆင်ခြင် သုံးသပ်ပါ။ ဤလောက လူသားတွေဟာ အတ္တ လက်နက်ကို ဆွဲကိုင်ပြီး မေတ္တာတရားကို စိန်ခေါ်နေကြတယ်။ အဲဒီ အတ္တ လက်နက်တွေကိုလည်း ဘယ်လို ဖြေရှင်းကြမလဲ စဉ်းစားပါ။

မိတ်ဆွေတို့ ဤကမ္ဘာလောကကြီးမှာ မေတ္တာတရားကို ဘယ်နေရာ၊ ဘယ်သူ့ဆီက ရှာမှာလဲ။ စဉ်းစားရင် အတော်လေး စဉ်းစားရ ခက်တယ်။ ဤလောက လူသားတွေမှာ စာနာစိတ် (သို့) မေတ္တာတရားများ များသောအားဖြင့် ကင်းမဲ့ နေကြပြီ။ အပြိုင်အဆိုင်၊ အပြန်အလှန်၊ ပြိုင်ဆိုင် တိုက်ခိုက်ကြဖို့ စိတ်ဓာတ်တွေ မွေးမြူနေတဲ့အချိန် ဘယ်ထောင့်မှာ စာနာစိတ် (သို့) မေတ္တာတရား ရှိမလဲလို့ အမှန်တရားကို ယုံကြည် လက်ခံတဲ့သူတွေဟာ လိုက်ရှာ နေကြပေမယ့် ၂၁ရာစု ခေတ်ကြီးထဲမှာ သဲတစ်ပွင့်စာလောက်တောင် မရှိသလောက် ရှားပါး နေပါတယ်။ မဟဓမ္မ ဂန္ဓီ ပြောခဲ့တဲ့ စကားတစ်ခွန်းကို စဉ်းစားကြည့်ရအောင် ““သူကသခင် ခရစ်တော်ရဲ့ တရားကို ယုံကြည် လက်ခံပေမယ့် ခရစ်ယာန် ဘာသာဝင်များကိုတော့ မယုံကြည်ဘူး”” လို့ ပြောခဲ့ပါတယ်။ ဘာဖြစ်လို့ အိန္ဒိယ တော်လှန်ရေး ခေါင်းဆောင်ဟာ ဘုရားကိုလက်ခံပြီး ဘာသာဝင်တွေကို လက်မခံတာလဲ။ စဉ်းစားစရာ တစ်ခုခုများ ရှိနေမလား။ မဟဓမ္မဂန္ဓီ သိရှိ လက်ခံထားတဲ့ ခရစ်ယာန် တရားတော်နဲ့ ဘာသာဝင်တို့ ပြုမူ ပြောဆို ကျင့်ကြံပုံတွေက ကွဲပြားနေတဲ့ အတွက်ကြောင့်ပါ။

ဘုရားသခင်ဟောတဲ့ တရားတိုင်းမှာ မေတ္တာတရား ထားကြပါ။ တစ်ဦးကိုတစ်ဦး စာနာပြီး ရိုင်းပင်း ကူညီကြပါလို့ ဟောခဲ့တယ်။ ဘာသာဝင်များမှာ ““ငါ”” ဆိုတဲ့ အဆင့်အတန်းတွေနဲ့ပဲ လူတွေကို တုန့်ပြန်၊ ပြောဆို၊ နေထိုင်ကြတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် မဟဓမ္မဂန္ဓီဟာ သခင်ခရစ်တော်ရဲ့ တရားကို ယုံကြည် လက်ခံ ကျင့်ကြံပေမယ့် ခရစ်ယာန်ဘာသာဝင်တော့ မဖြစ်ခဲ့ဘူး။ ဥပမာတစ်ခု ပြောရရင် မဟဓမ္မဂန္ဓီဟာ ခရီးသွားတိုင်း ကားငှါးပြီး စီးတတ်တဲ့အကျင့် ရှိတယ်။ ရထားဆိုလည်း ရိုးရိုးတန်းပဲ စီးလေ့ရှိတယ်။ တစ်နေ့မှာ အမှတ်မထင် အစည်းအဝေးကြာ သွားတဲ့အတွက်
သူစီးမယ့် ရထားထွက်ဖို့ အချိန်ဟာ နည်းနည်းလေးပဲ လိုတော့တယ်။ ဒီအချိန်မှာ ရထားအချိန်မီဖို့အတွက် ဘူတာကို ရောက်အောင် မြန်မြန် ထွက်သွားခဲ့တယ်။ သူလည်း ဘူတာ အရောက် ရထားလည်း ထွက်နေပြီ။ သူဟာ ရထားကို မီဖို့ ပြေးလိုက်သွားတဲ့ အချိန်မှာ သူစီးတဲ့ ဖိနပ်တစ်ဖက် ကျွတ်နေခဲ့တယ်။ ဒါနဲ့ ရထားပေါ် ရောက်တော့ နောက်တစ်ဖက် ချွတ်ထားခဲ့ပြန်တယ်။ ဘာကြောင့်ထင်လဲ စဉ်းစားကြည့်ပါ။ သူဟာ အာဏာရှိတဲ့ ခေါင်းဆောင်တစ်ဦးပဲ။ ရထားကို ရပ်စောင့် ခိုင်းလို့ရတာပဲ။ ဘာကြောင့် ပြေးလိုက်ရတာလဲလို့ သူ့ရဲ့ အပေါင်းအပါများက ပြောတဲ့ အချိန်မှာ ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို သူ့အတွက်နဲ့ မနှောင့်နှေးစေချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဖိနပ်ကောက်ရတဲ့ သူကလည်း တစ်ဖက်ပဲရရင် အသုံးမ၀င်ဘူး။ နှစ်ဖက်ပြည့်မှ အသုံးဝင်တာလို့ ပြောခဲ့ ပြန်ပါတယ်။ မဟဓမ္မန္ဓီဟာ အဲဒီလောက်ကို လူသားတွေအပေါ်မှာ မေတ္တာတရား (သို့) စာနာ နားလည်ပေးတယ်။

ခရစ်ယာန် ဘာသာဝင်တို့သာ မဟဓမ္မဂန္ဓီလို စစ်မှန်တဲ့ မေတ္တာတရား၊ စာနာစိတ်ဖြင့်သာ ဆက်ဆံခဲ့မယ်ဆိုရင် သူလည်း ခရစ်ယာန် ဘာသာဝင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ မဆိုနိုင်ပါဘူး။ ဤလောက ကမ္ဘာကြီးထဲမှာလည်း အချင်းချင်း သတ်ဖြတ်ကြ၊ အနိုင်ကျင့်ကြ ၊ အဆင့်အတန်း ခွဲခြားပြီး နေထိုင်ကြတာကို ဘယ်လို အရာမျိုးနဲ့ ဖြေရှင်းကြမှာလဲ။ မိတ်ဆွေတို့မှာ စာနာစိတ် (သို့) မေတ္တာတရား နည်းနည်းလောက်သာ လက်ခံ ကျင့်ကြံ ကြမယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းပေး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မိတ်ဆွေတို့မှာ နောင်တစ်ချိန်အတွက် ဘာတွေ ပိုင်ဆိုင်ထားပြီး၊ ဘာတွေ လိုအပ်နေသေးတာလဲ စဉ်းစားကြည့်ပါ။ များသောအားဖြင့် မိတ်ဆွေတို့ ပိုင်ဆိုင်ထားတဲ့အရာဟာ ““ငါ““ ဆိုတဲ့ အတ္တ၊ ပစ္စည်း၊ အဆင့်အတန်း၊ လှပခြင်းများဖြစ်ပြီး၊ တကယ် လိုအပ်နေသေးတဲ့ အရာဟာ မေတ္တာတရား (သို့) စာနာစိတ် ဖြစ်နေပါတယ်။ အဲဒီ လိုအပ်နေတဲ့အရာများက မိတ်ဆွေတို့ကို ““သွား ငါ့အနား မလာနဲ့လို့ “ “ မောင်းထုတ် နေလို့ လား။ ဒါမှမဟုတ် မိတ်ဆွေ ကိုယ်တိုင်က လက်မ ခံချင်တာလား။ ပြန် စဉ်းစားကြည့်ပါ။ လောကသားတွေမှာရှိတဲ့ အသိပညာ အတတ်ပညာတွေဟာ ဘယ်ရှုထောင့်မှာ များ ရောက်နေတာလဲလို့ တွေးလို့ မရအောင် ခက်နေပါတယ်။ လောကသားတွေမှာ စာနာစိတ် (သို့) မေတ္တာတရား အနည်းနဲ့အများ ကင်းမဲ့နေကြတယ်။ ဒါကို ဘယ်လို ပြုပြင်ကြမှာလဲ။ ဘုရားသခင်က ဟောခဲ့ပါတယ် ““သင့်မှာ အ၀တ်နှစ်ထည်ရှိလျှင် တစ်ထည်ကို မရှိတဲ့သူကို ပေးလိုက်ပါလို့ ဟောခဲ့ပါတယ်။ လူတွေကတော့ အ၀တ် နှစ်ထည်ရှိနေရင် သူများဆီကနေ နောက်တစ်ထည် ထပ်တောင်းဖို့် လောဘတွေ တက်နေကြတယ်။ ဘုရားသခင်ကတော့ ဆင်းရဲသားများကို ကူညီကြ၊ ရိုင်းပင်းကြ၊ ဖေးမကြပါလို့ တရားတွေကို အကြိမ်ကြိမ် ဟောခဲ့ပေမယ့် ဘာသာဝင် အများစုမှာတော့ အပေါ် ယံ သဘောလောက်ဘဲ ကျင့်ကြံ အားထုတ် နေကြပါတယ်။ ဘုရားသခင်က သင်၏ လက်ယာ လက်ပြုသည့် အမှုကို လက်ဝဲလက် မသိစေနဲ့လို့ ဟောခဲ့ပေမဲ့ ဘာသာဝင် အများစုမှာတော့ လက်နှစ်ဖက် သိရုံတင်မကဘူး၊ ပတ်ဝန်းကျင်ကိုပါ သိအောင် ပြလိုက်၊ ကြေငြာလိုက်နဲ့ ဒီလိုလုပ်ရတာ ဘာအကျိုးကို မျှော်ကိုး နေရတာလဲ။ စဉ်းစားဖို့တော့ အချိန်တန်ပြီ ထင်တယ်။

၂၀ ရာစု ခေတ်ကြီးထဲမှာ ကိုယ့်နိုင်ငံ၊ ကိုယ်လူမျိုး၊ ကိုယ်ဘာသာဆိုပြီး၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာ ခွဲခြားနေတဲ့ အချိန်မှာ လူ ဘယ်နှစ်ယောက်များ၊ စာနာစိတ် (သို့) မေတ္တာတရားတွေ ရင်မှာလွှမ်းခြုံ နေကြသလဲ။ လူနည်းစုသာ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မိတ်ဆွေတို့ကို စာနာစိတ် (သို့) မေတ္တာတရား မကင်းမဲ့ရအောင် နည်းနည်း အကြံပြုချင်ပါတယ်။ ““ဘယ်သူ မပြု မိမိမှု”” ဆိုသလို မိမိကနေစပြီး ပြောင်းလဲ ကြည့်ရအောင်။ မာကုရဲ့ ဒဿနမှာ လူသားတွေဟာ ၈၀ ရာခိုင်နှုန်းလောက် ကောင်းကြပါတယ်။ ဒီတော့ ကျန်သေးတဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ညှိနှိုင်းဖို့ပဲ လိုတယ်လို့ တင်ပြထားပါတယ်။ မိတ်ဆွေ မိမိ၏ အတွင်းစိတ်ဓာတ် ဘယ်လို ရှိသလဲ သိချင်ရင် ကြေးမုံတစ်ချပ်ရဲ့ ရှေ့ မှာ ရပ်ပြီး ပြုံးလိုက် မဲ့လိုက် လုပ်ကြည့်ပါ။ ပြုံးတဲ့အချိန် လိုက်ပြုံးပြီး၊ မဲ့တဲ့အချိန်လည်း လိုက်ပြီး မဲ့နေလိမ့်မယ်။ အတွင်း စိတ်နှလုံးကလည်း ဒီလိုပါပဲ။ လောကသားတွေဟာ ကြေးမုံတစ်ချပ်ကို မိမိတို့ အလှကြည့်ဖို့သာ အသုံးပြုကြပြီး၊ တကယ် လိုအပ်တဲ့ အတွင်းစိတ်နှလုံး ဘယ်လိုရှိတယ် ဆိုတာ ကြည့်ဖို့ဆိုတာ သတိမေ့ နေကြတယ်။

မိတ်ဆွေတို့ကို နောက်ထပ် ဥပမာ တစ်ခုအနေဖြင့် တင်ပြရရင် အခန်းတစ်ခန်းကို အလုံပိတ်ပြီး ဆီမီးတစ်ခွက် ထွန်းကြည့်ပါ။ အခန်း တစ်ခန်းလုံး ထင်ယောင် ထင်မှားလေး အလင်းရောင် ပေးနေလိမ့်မယ်။ နှစ်ခွက်၊ သုံးခွက် ဆီမီးခွက်တွေ ထွန်းလိုက်တဲ့ အချိန်မှာ အခန်း တစ်ခန်းလုံး အလင်းရောင်တွေ လွှမ်းခြုံ နေလိမ့်မယ်။ အဲဒီလိုပဲ မိမိကစပြီး မေတ္တာတရား (သို့) စာနာစိတ်ကို တန်ဖိုးထားပြီး ကျင့်ကြံရင် အချိန် ကြာလာတာနဲ့အမျှ သူငယ်ချင်း၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း အစရှိတဲ့ အရပ် လေးမျက်နှာတွေမှာ မိမိရဲ့ မေတ္တာတရား (သို့) စာနာစိတ်ဟာ ရောင်ပြန်ဟပ် လာပါလိမ့်မယ်။ ကိုယ်က ပေးလိုက်တဲ့ မေတ္တာတရား (သို့) စာနာစိတ်ဟာ ကုန်ဆုံးသွားတဲ့ အရာ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကို နှစ်ဆ ပြန်ရောက်လာတဲ့ ကြီးမားတဲ့ ခွန်အားတစ်ခုပါ။

လူတစ်ဦး တစ်ယောက်ကို စတွေ့တဲ့ အချိန်မှာလည်း၊ အဆိုးဘက်က မကြည့်ဘဲ ဘုရားသခင်ပေးတဲ့ မိတ်ဆွေပါလားဆိုပြီး အကောင်းဘက်ကနေ ဆက်ဆံနိုင်ဖို့ ကြိုးစား ကြည့်မယ်ဆိုရင် ကမ္ဘာ လောကကြီးဟာ ပျော်စရာ အပေါင်းနဲ့ ပြည့်ဝနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လောကသားများ အပေါ်မှာလည်း ချစ်ခြင်းမေတ္တာ၊ စာနာစိတ်များထားပြီး ဤလောကကြီးကိုလည်း မေတ္တာတရားရဲ့ ရောင်ခြည်ဖြင့် လွှမ်းခြုံ နိုင်အောင် ကြိုးစားကြရအောင်။

ဘုရားသခင်ရဲ့ သိုးသူငယ် အပေါင်းတို့ မိမိတို့ ကိုယ်တိုင်က စပြီး ““ငါ““ ဆိုတဲ့ အတ္တလောကကြီး တစ်ခုလုံးကို မေတ္တာတရား (သို့) စာနာစိတ်ရှိတဲ့ နှလုံးသားများနဲ့ အစားထိုးနိုင်ဖို့ ပြုပင် ပြောင်းလဲကြပါလို့ အကြံပြု လိုက်ပါတယ်။

သုည

Read More...

Tuesday, July 26, 2011

အနည်းစု

"ထိုကာလ၌ ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။ လွတ်သော အီစရာအဲလ် အမျိုးသားတို့အဖို့ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။" (ဟေရှာယ အနာဂတ္တိကျမ်း - ၄း၂)

ပိရမစ်ကြီးကို ကြည့်လိုက်ပါ။ အောက်ခြေမှာ ကြီးမား ကျယ်ပြန့်ပြီးတော့ ထိပ်မှ ချွန်နေတာလေ။ အများ ဗဟုကိန်းကနေ အနည်း တစ်ခုကိန်းသို့ တန်းတန်းမတ်မတ် ရောက်သွားတယ်ဆိုတဲ့ သဘော" လက်ရွေးစင် ဆိုတာ တကယ်ဆို တစ်ယောက်တည်း ဖြစ်ရမယ်ဆိုတဲ့သဘော။ ချန်ပီယံဆိုတာ တစ်ဦးဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်။ အကောင်းဆုံး ဆိုတာ တစ်ယောက်တည်း ရှိတယ်ဆိုတဲ့ လက္ခဏာ။ ဒါဆို သူ ဘယ်သူ ဖြစ်နိုင်လဲ။ ထာဝရဘုရားသခင်ရဲ့ စီမံကိန်းမှာ အညွန့်ဆိုတာ ကယ်တင်ရှင်ကို ရည်ညွှန်းနေတဲ့ သဘောဆောင် ပါတယ်။ ထိပ်ဆုံးမှာ သူ ရှိနေတယ်။ အားလုံး မြင်နေ၊ ကြားနေတယ်၊၊ အားလုံးကို သိနေတယ်။ အားလုံးကို ချစ်တယ်။ ဒါပေမယ့် သူ့အနားမှာ အားလုံးမရှိပါ။ အနည်းစု သာရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထိပ် အမြင့်ကိုတက်နိုင်ဖို့ အားမပါကြလို့ ပါဘဲ။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်လိုက်ပါဦး။ လူအနည်းစုရဲ့ ဦးဆောင်မှု (သို့မဟုတ်) လူအနည်းစုရဲ့ စေစားမှု အောက်မှာ ပြားပြားဝပ်နေတဲ့ လူအများစု ရှိသလို၊ အသီးအနှံတွေ ဖွံ့ထွား ဝေဆာပြီး ဘ၀တိုတိုမှာ အရသာ ချိုချို မြည်းစမ်း နေသူတွေလည်း ရှိပါတယ်။

လောကကြီးကို ပြောင်းလဲနိုင်ဖို့၊ အနည်းစုကပဲ စတဲ့ သဘောတရားတွေ တွေ့နေရတယ်။ ခရစ်တော်နဲ့ တမန်တော် ဆယ့်နှစ်ပါးတည်းသာ ရှိပါတယ်။ အီဂျစ်ပြည်ကနေ အီစရာအဲလ် လူမျိုးတွေကို ကယ်ထုတ်ဖို့ မိုးဇက်တစ်ဦးကိုသာ အဓိက သုံးခဲ့တာပါ။ ကမ္ဘာဦးကို ပြန်ကြည့်ရင်လည်း အာဒံနဲ့ ဧ၀ မိဘနှစ်ဦးတည်းနဲ့ လူသားအနွယ် စတင်ခဲ့တာပါ။ အနည်းတစ်ခုကိန်းမှ အများဗဟုကိန်းသို့ တဖြည်းဖြည်းချင်း ပြောင်းလဲလာတဲ့ သဘောပဲပေါ့။ "လွတ်လပ်သော အီစရာအဲလ် အမျိုးသား" တို့ဆိုတာဟာ ဘုရားသခင်ရဲ့ ရှည်လျားဆန်းပြားသော စီမံကိန်းထဲမှာ - နောက်ဆုံးလက်ကျန်လူ တစ်စုတည်းကိုသာ ပြောနေတာ။ ဒါပေမယ့် အဲဒီ လူတစ်စုက ရာဇ၀င်တွင်လောက်အောင် သစ္စာရှိကြသူတွေပါ။ "လူတွေဟာ တခြားလူတွေ အတွက် ဒီကမ္ဘာမြေကို ရောက်လာကြတယ်" လို့ သိပ္ပံပညာရှင်ကြီး အဲလ်ဘက် အိုင်စတိုင်း ပြောခဲ့သလိုပါပဲ။

ဒီလူနည်းစုဟာ ကယ်တင်ရှင်အတွက် ကြိုတင် လမ်းခင်းပေးခဲ့ကြတဲ့ ဒို့တတွေရဲ့ ယုံကြည်သူ ဘိုးဘေးတွေပါပဲ။ အနည်းစု ဖြစ်နေလို့ အားနည်းသွားတာ မဟုတ်ပါဘူး။ တစ်ယောက်တည်းလာ သော်ငြားလည်းပဲ တစ်သောင်းအား လောက်ရှိပါတယ်၊၊ ခရစ်တော်ရှင်ရဲ့ ဒေသနာတရားတော်ဟာ လူသား အားလုံးဆီသို့ ဖြန့်ဝေဖို့ လိုတယ်။ဒါပေမယ့် ဒီတာဝန်ကို အနည်းစုသော ဓမ္မသူရဲကောင်းများကသာ ထမ်းဆောင် နေကြတာ ဖြစ်ပါတယ်။

စာရေးဆရာတစ်ဦးက ပြောခဲ့ဖူးတယ် "များလေကောင်းလေဟု ထင်နေမိသမျှ လူတစ်ဦးသည် ဘယ်သောအခါမှ ဆန္ဒပြည့်ဝတော့မည် မဟုတ်ပေ။"

အိုး... ဘယ်လောက်ကောင်းတဲ့ စကားလဲ။ များများရှာ၊ များများချမ်းသာ။ ဒါမှ လူပီသီသမယ်ဆိုရင် ဆင်းဆင်းရဲရဲနဲ့သေဆုံးသွားကြတဲ့ ခရစ်တော်ရှင်နှင့်တကွ ရဟန္တာအပေါင်းတို့ကို မြောင်းထဲ လွှင့်ပစ်လိုက်ရမလိုဖြစ်နေပြီ။ လောကစံချိန်နဲ့ ဘုရားစံချိန်က အရမ်းကို ကွာတယ်၊၊ လူအထင်ကြီးတာတွေကို ဘုရားကရွံတယ်။ လူတွေ မက်မောတာကို ဘုရားက စွန့့််ပယ်တယ်။ လူတွေ ထက်မြက်သမျှ၊ ဘုရားစီမံပြီဆိုရိုရင် လူညံ့ တွေက လူတော်တွေဖြစ်လာပြီး လူတော်တွေက လူချော်တွေဖြစ်သွားနိုင်တယ်။ အုပ်များမှ အားရှိမယ်ဆိုရင် တိရိစ္ဆာန်သာသာပဲ ဖြစ်ကုန်ကြမှာပေါ့။ ဒါကြောင့် ဘုရားသခင်ရဲ့ တရားနဲ့ အညီ နေထိုင်ပြီး နှလုံးရည်တိုက် ပွဲဝင်နေသူအတွက် တစ်ဦးတည်းနေသော်လည်း တလောကလုံးကို သွက်သွက်ခါ သွားအောင် လှုပ်ရှားစေနိုင်ပါတယ်။

ဒီလောက်ဆိုရင် အနည်းစုဆိုလိုက်တိုင်း အနုနည်းနဲ့ ပြတ်စဲမယ်လို့ မကြံလိုက်နဲ့နော်။ အများစု ဆိုလာလို့ အမှု စကားတွေမှန်ရမယ် လို့လည်း တထစ်ချယူဆလို့ မရပြန်ဘူး" အများညီ "ဤ" "ကျွဲဖတ်"ဆိုတဲ့ ခေတ်ကြီးက ကုန်သွားပါပြီ။

ခရစ်တော်ရှင်နောက်ကို တကယ်လိုက်မယ်ဆိုရင် နည်းနည်းများများ သစ္စာရှိဖို့သာ အဓိကပါ။

"အကျွန်ုပ် - ကြီးကြီးမားမားတွေ မလုပ်လိုပါဘူး။ သေးငယ်သော အလုပ်လေးတွေမှာ ကြီးမားသော ချစ်ခြင်း မေတ္တာကိုပဲ ထားပြီးလုပ်လိုပါတယ်"တဲ့ ကရုဏာရှင်ကြီး မာသာထရေဇား ပြောခဲ့တာပါနော်။

မိတ်ဆွေတို့လည်း လူနည်းလို့၊ ငွေကြေး ချို့တဲ့လို့၊ အားပေးမယ့် သူမရှိလို့ စသဖြင့် အားငယ်စရာ အဖြာဖြာကို ရှေ့တန်းတင်ပြီး စိတ်ပျက်လက်လျှော့ နေမယ့်အစား မိုင်တစ်ထောင် ခရီးအတွက် ရှေ့ခြေ တစ်လှမ်းတိုး၍ အစပြုနိုင်စေကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

မေတ္တာမွန်ဖြင့်
စိုးဟေမာန်စိုး

Read More...

Wednesday, July 20, 2011

ခံယူချက်နှင့်ရလဒ်

ချမ်းသာပြီး မကျန်းမာခြင်းနှင့် ဆင်းရဲသော်လည်း ကျန်းမာခြင်းကို ရွေးပါဆိုရင် တစ်ချို့လူများက ကျန်းမာတာ မကျန်းမာတာကို ဂရုမစိုက်၊ ချမ်းသာစီးပွားကိုဘဲ ကြည့်ပြီးရွေးကြမှာပါ။ ကျန်းမာခြင်းဟူသည် အဓိကအကျဆုံး အရာ၊ ငွေပေး၍ ၀ယ်ယူလို့မရတဲ့ အရာဖြစ်တယ်။ ကျန်းမာခြင်းဟာ စိတ်အေးချမ်း သာယာမှုနှင့် များသော အားဖြင့် ဒွန်တွဲနေပါတယ်။ အချင်းချင်းအကျိုးပြုတတ်သော်လည်း စိတ်ချမ်းသာခြင်းသည် ကျန်းမာခြင်း၏ အကြောင်း အရင်းဖြစ် ပါတယ်။ ကျန်းမာခြင်းဆိုတာဟာ ကိုယ့်ရဲ့ အစား အသောက်နှင့် နေပုံထိုင်ပုံတို့ အပေါ် မူတည်တယ်။ စိတ်ချမ်းသာခြင်းကိုတော့ ကိုယ်ကျင့်တရားက ဖန်တီးပေး တယ်။ တစ်နည်းအားဖြင့်ဆိုသော် ဘ၀အပေါ် ကိုယ့်ရဲ့ထင်မြင်ယူဆချက်ဟာ ကိုယ့်စိတ်ချမ်းသာမှုကို ဆုံးဖြတ်ပေး ပါတယ်။

ဒီနေရာမှာ "အေးချမ်းသာယာမှုကို ဖြစ်ထွန်းစေသည့် အခြေအနေများ" ဆိုတဲ့ ကဗျာကောင်း တစ်ပုဒ်ကို ပြန်ဆိုပြီးဝေငှ လိုက်ပါတယ်။

  • ကျွန်ုပ်သည် အာဏကို မမက်မောလျှင် ဘယ်အာဏရှင်မှ ကျွန်ုပ်ကို ထိပါးနိုင်မည် မဟုတ်ပါ။
  • ကျွန်ုပ်သည် စည်းစိမ် ချမ်းသာကို မရှာလျှင်၊ ဆင်းရဲမှုသည် ကျွန်ုပ်ကို မခြိမ်းခြောက်နိုင်ပါ။
  • ဂုဏ်ပကာသနတွေနောက် တကောက်ကောက် မလိုက်လျှင်၊ အရှက်ကွဲမှု ဟူသမျှကို နှိမ့်ချခြင်း ပါရမီအဖြစ်သို့ ပြောင်းလဲနိုင်သည်။
  • အခြားသူများနှင့် မနှိုင်းယှဉ်ပါလျှင် ကိုယ်၌ ရှိသော ကောင်းရာများ၌ ကျွန်ုပ်ရောင့်ရဲ တင်းတိမ်မည်။
  • ကျွန်ုပ်သည် အရာရာ၌ အလျင်စလို အလောတကြီး ဖြစ်မနေပါလျှင် တကယ် အရေးကြီးသော ကိစ္စတိုင်း အတွက် အချိန်ရှိလိမ့်မည်။
  • ကျွန်ုပ်သည် ဆောင်ရွက်နိုင်စွမ်း ရှိမှုကိုသာ အထူးအလေးပေး မနေပါလျှင် ကျွန်ုပ်ထံမှ သူများမျှော်လင့်နေကြသော ဖြစ်ထွန်းသည့် အကျိုးဆက်ကို ပေးနိုင်လိမ့်မည်။
  • ကျွန်ုပ်သည် အခြားသူများနှင့် သူ့ထက် ငါအပြိုင်အဆိုင် ယှဉ်ပြိုင် ပွဲကြီး၌ မပါဝင်ပါလျှင် သူတစ်ပါး၌ ရှိသော ကောင်းရာတို့နှင့် စုစည်းပေါင်းသင်းနိုင်မည်။
  • ယခုလတ်တလော ပစ္စုပ္ပန် အချိန်၌လေးလေးနက်နက်နေတတ်ပါလျှင် ကျွန်ုပ်သည် အတိတ်နှင့် အနာဂတ်တို့ကို လုံးဝပိုင်ဆိုင်လို့ရမည်။
  • ကျွန်ုပ်ဘ၀၏ မအောင်မြင်ရှုံးနှိမ့်မှုတို့ကို လက်ခံတတ်ပါလျှင် စိတ်ပျက်ပြားပြီး အချည်းနှီး ဖြစ်ရခြင်းတို့မှ ကျွန်ုပ် လွတ်မြောက်နိုင်မည်။
  • အဆုံး၌ ကျွန်ုပ်သည် မေတ္တာတရားအတွက် အသက်ရှင်ပါလျှင် မေတ္တာတော်ရှင် ပုဂ္ဂိုလ်မြတ်ကြီးသည် ရှားနေမည်။



ဘုန်းတော်ကြီး အက်ဒွပ် ဦးစိန်မြင့်

Read More...

Monday, July 18, 2011

လက်ယှက်ရှိခိုးခြင်း

မှတ်မှတ်ရရ ၂၀၀၈ ခုနှစ်က ဖြစ်ပါသည်။ ဖရန်စစ္စကင် သီလရှင်အသင်းဂိုဏ်း၊ မေမြို့တွင် ကိုးကွယ်မှု ဘာသာတရားများ တွေ့ဆုံနှီးနှောခြင်းနှင့် ကိုးကွယ်မှု ဘာသာတရားတော်ကို ရိုးရာ ယဉ်ကျေးမှုပြုခြင်း ခေါင်းစဉ်နှင့် သင်တန်း ပို့ချစဉ်တုန်းက ဖြစ်ပါသည်။ ထိုသင်တန်းသို့ မန္တလေးမြို့မှ တပည့်တစ်ဦးဖြစ်သည့် မသိင်္ဂီလည်း လိုက်ပါလာခဲ့ပါသည်။ မသိင်္ဂီက ဗုဒ္ဓဘာသာဝင်လေး ဖြစ်ပါသည်။ သင်တန်းအတွင်းမှာ ကက်သလစ် ဘာသာဝင်တို့ ဘုရားရှိခိုးရာမှာ လက်ရှိခိုးဆုတောင်းပါက ရိုးရာ ဖြစ်သလို ဘုရားကြည်ညိုရာမှာ အသင့်တော်ဆုံးဖြစ်ပါကြောင်းပို့ချခဲ့ပါသည်။

အားလပ်ချိန်အတွင်းမှာ မသိင်္ဂီင်္ီသည် ဥယျာဉ်အတွင်း လမ်းလျှောက်ရင်း ကက်သလစ် ဘာသာဝင် အမျိုးသမီးနှစ်ဦး မယ်တော်ဂူရှေ့မှာ လက်ပိုက်ပြီး ဆုတောင်းနေတာ တွေ့ရလေသည်၊၊ သူတို့တစ်တွေ ဆုတောင်းပြီးတာနှင့် အနီးနားကပ်ပြီး ““အန်တီတို့က ဆုတောင်းရင် လက်အုပ်ချီရှိခိုးပြီး ဆုတောင်းမှ ပိုမှန်တယ်”” စသည်ဖြင့် ပြောပြတော့ ထိုအမျိုးသမီးများက မသိင်္ဂီကို ပြန်ပြောလိုက်ကြပုံက ““အန်တီတို့ ခရစ်ယာန် ဘာသာမှာ လက်ယှက်ရှိခိုးတာ မရှိဘူး။ လက်ယှက်ရှိခိုး ဆုတောင်းဖို့လဲ မလိုဘူး။””

သင်တန်းခန်းမမှာ မသိင်္ဂီင်္ီပြန်ပြောပြလို့ ကျွန်တော့်မှာ အံ့သြခြင်း၊ စိတ်မကောင်းခြင်း၊ ၀န်းနည်းခြင်း များ ရောပွန်းစွာ ခံစားခဲ့ရပါသည်။ ခရစ်ယာန်ဘာသာမှာ လက်ရှိခိုးဆုတောင်းခြင်းမရှိဘူး ဆိုတာ လုံးဝ မဟုတ်ပါ။ လုဒ်မယ်တော် ရုပ်ပွားဆင်းတုတော်ကို ကြည့်ပါ။ သိကြားမင်းပုံတော်တွေနှင့် ရဟန္တာပုံတော်များကို ကြည့်ပါ။ လက်ရှိခိုးထားတာ တွေ့နိုင်ပါသည်။ သည်တစ်လ သိုးထိန်းအသံ စာစောင်မှာ မြန်မာ့ယဉ်ကျေးမှုဖြစ်သည့် လက်ယှက်ရှိခိုးခြင်းအကြောင်း ပြောပြလိုပါသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ထုံးဓလေ့များမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ ဆရာသမား၊ သက်ကြီးဝါကြီးများ၊ အကြီးအကဲများ၊ ပညာရှင်များစသည့် မိမိထက် ကြီးမြင့်မြတ် သူတို့ကို သူ့နေရာနှင့် သူ သင့်လျော်အောင် နေရာအရပ်ဒေသအလိုက် အရိုအသေပေးရပါသည်။
၁) ကန်တော့ခြင်း၊
၂) လက်အုပ်ချီဦးညွတ်ခြင်း၊
၃) လေးနက်စွာဦးညွတ်ခြင်း၊
၎) ရိုးရိုးဦးညွတ်ခြင်း၊
၅) သာမန်ဦးညွတ်ခြင်းနှင့်
၆) သတိအနေအထားဖြင့်အရိုအသေပြုခြင်း တို့ဖြစ်ပါသည်။
မြန်မာ့ လက်အုပ်ချီ ဦးညွတ်ခြင်းသည် အိန္ဒိယပြည်၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားတိုင်းပြည် တို့မှ အရိုအသေပြုပုံနှင့် အတော်ဆင်ပါသည်။ အရိုအသေပြုခံသူ တစ်စုံတစ်ယောက်အား ခြေစုံရပ်လျက် လက်အုပ်ချီ၍ လက်မနှစ်ခုနှင့် ရင်ညွန့်အထိအောင် မြှောက်တင် နေစဉ် တစ်ချိန်တည်းမှာ ဦးခေါင်းကို အနည်းငယ်မျှ ရှေ့သို့ ညွတ်လျက် ရိုအသေပြုပါသည်။ လက်အုပ်ချီရာတွင် -
၁) လူသား အချင်းချင်း ရှိခိုးခြင်းနှင့်
၂) လူသားက ဘုရားကို ရှိခိုးခြင်း နှစ်မျိုးရှိပါသည်။

က - လူသူသားအချင်းချင်း

မြန်မာများ အချင်းချင်း တွေ့ဆုံသောအခါ လက်အုပ်ချီ၍ လက်မနှစ်ခုနှင့် ရင်ညွန့်အထိအောင် မြှောက်တင်နေစဉ် တစ်ချိန်တည်းမှာ ဦးခေါင်းကို အနည်းငယ်မျှရှေ့သို့ ညွတ်လျက် အရိုအသေပြုပါသည်။
အဓိပ္ပါယ်မှာ -
၁) ဧည့်ဝတ်ပြူငှါခြင်း (Hospitality)
  • ငြိမ်းချမ်းပါစေ။
  • နှုတ်ဆက်ပါတယ်။
  • ကြိုဆိုပါတယ်။
  • လက်ခံပါတယ်။
၂) လေးစားခြင်း (Respect)
  • လေးစားပါတယ်။
  • ရိုသေပါတယ်။
  • ခင်ဗျားရဲ့ ကြီးမြတ်ခြင်းကို ပွေ့ ပိုက်ပါတယ်။
  • ကျွန်တော့်လို လူသားနွယ်ဝင် ဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်။
၃) ကျေးဇူးတရားကို အသိအမှတ်ပြုခြင်း (Acceptance)
  • ကျေးဇူးတင်ပါတယ်။
  • မှားတာရှိက ၀န္တာမိပါ။
ထိုကဲ့သို့ အရိုအသေပြု ရှိခိုးခြင်းသည် ကိုးကွယ်ခြင်း မမည်ပါ။ ရှိခိုး ကိုးကွယ်ခြင်း အထမမြောက်ပါ။ လက်အုပ်ချီ ဦးညွတ်ရုံဖြင့်လည်းဘုရား၊ တရား၊ သံဃာတော်တို့ကို ရှိခိုးကိုးကွယ်ခြင်း အထ မမြောက်ပါ။ သည့်ထက် ပိုရပါသည်။

ခ - လူသားနှင့်ဘုရား

မြန်မာများက ဘုရားရှိခိုးဝတ်ပြုရာတွင် လက်မပိုက်ကြပါ။ လက်ဝါးနှစ်ဖက်ကို ကြားဖူး ကြာငုံသဏ္ဍာန် ယှက်ထားလျက် ရှိခိုးဝတ်ပြုတတ်ကြပါသည်။ အဓိပ္ပါယ်များက
၁) ကိုးကွယ်ခြင်း (Adoration)
  • အရှင်ဘုရား၏ ကြီးမြင့်မြတ်တော်မူသော ဘုန်းတော်ကို ရှိခိုးပါ၏။
  • အရှင်မြတ်၏ ဂုဏ်တော်အပေါင်းကို ဦးချပါ၏။
  • အရှင်ဘုရား၏ တန်ခိုးအနန္တကို ကန်တော့ပါ၏။
၂) ကျေးဇူးဆပ်တင်ခြင်း (Thanks giving)
  • ခိုလှုံပါသည် အရှင်ဘုရား။
  • ကျေးဇူးပါဘုရား။
  • လှူဒါန်းပူဇော်ပါသည်ဘုရား။
၃) ဆုတောင်းခြင်း (Petition)
  • တောင်းဆုပြုပါသည်ဘုရား။
  • အသနားခံပါသည်ဘုရား။
  • ဒုစရိုက်အပြစ်များကို ခွင့်လွှတ်ပါဘုရား။
မြန်မာ့ထုံးဓလေ့များတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့်ဆရာသမားတို့ ရှေ့တော်သို့ ရောက်သည်နှင့်
၁) ဝေးလွန်းသော အရပ်၊
၂) နီးလွန်းသောအရပ်၊
၃) လေထက် အရပ်၊
၎) မြင့်လွန်းသောအရပ်၊
၅) မျက်နှာချင်းဆိုင် (ရှေ့တည့်တည့်)အရပ်၊
၆) နောက်ကျောအရပ်တို့ကို ရှောင်ရှားကာ သင့်လျော်သော အရပ်ကို ရွေးချယ်ပြီး ယောင်္ကျားဖြစ်လျှင် ဆောင့်ကြောင့်(သို့မဟုတ်) ဒူးနှစ်ဖက်တုပ်လျက်၊ အမျိုးသမီးဖြစ်လျှင် ကျုံ့ကျုံ့ထိုင်ကာ ဦးချကန်တော့ ကြပါသည်။ ဦးချပုံမှာ ထိုင်၍ လက်နှစ်ဖက်ကို ကြာဖူး ကြာငုံပမာယှက်ပြီးလျှင် ဦးထိပ်သို့ တင်လိုက်သည်။ ဦးထိပ်တင်ထားသော လက်နှစ်ဖက်ကို ထိုင်ထားသည့် ကြမ်းပြင်မှာ ထောက်၍ ဒူးနှစ်ဖက်ကိုလည်း ထောက်လိုက်ကာ နဖူးကိုလည်း ကြမ်းပြင်နှင့် ထိအောင်ပြုလိုက်သည်။
ဤသို့ဦးချစဉ်
၁) ခြေနှစ်ဖက်ကလည်းကြမ်းပြင်ပေါ်တည်နေသည်
၂) လက်နှစ်ဖက်၊
၃) ဒူးနှစ်ဖက်၊
၎) တထောင်ဆစ်နှစ်ခုနှင့်
၅) နဖူးလည်း ကြမ်းပြင်မှာ တည်နေသည်။ ထိုသို့ ““ခြေ၊ လက်၊ နဖူး၊ တထောင်၊ ဒူး””အဆို ထူးသည့် ဤငါးဌာနတို့ ကြမ်းပြင်နှင့်ထိအောင် ဦးချပြီးနောက် ဦးခေါင်းကို ဦးစွာမော့လိုက်သည်။ တထောင်ဆစ်ကို ကြွ၍ ဒူးကို ပြန်တင်လိုက်ကာ ပကတိ အနေအထားအတိုင်း ပြန်လာ၍ ဦးတစ်ကြိမ်ချပြီးဖြစ်သည်။ အမျိုးသမီးဖြစ်ပါက ဒူးကို ပြန်တင်ဖို့ မလိုပါ။ အဘယ်ကြောင့်ဆိုသော် မူလကပင် ကျုံ့ကျုံ့ထိုင်နေသောကြောင့် ဖြစ်ပါသည်။ ဤသို့ ဦးသုံး ကြိမ်ချသည်ကို (ပဉ္စပတိဌိတ) တည်ခြင်း ငါးပါး (တည်ခြင်းငါးဖြာ)နှင့် ဦးချကန်တော့သည်ဟု ခေါ်ပါသည်။ ပြားပြား ညွတ်ဝပ်တွားရှိခိုးခြင်း ဖြစ်ပါသည်။ တည်ခြင်း ငါးပါးဖြင့် ဦးချကန်တော့ရာတွင် ရိုးရိုးသာမန် ဒူးတုပ်ကာ ကန်တော့ထိုး ဦးချရှိခိုး ကန်တော့ပုံထက်ပင် မိမိခန္ဓာကိုယ်ကြီးမှာ ကြမ်းပြင် သို့မဟုတ် မြေပြင်ထက်သို့ ပိုမို နိမ့်ကျ၊ ပိုမို ပြားဝပ် ညွတ်တွားလျက်သား ဖြစ်ပါသည်။ မိမိကိုယ်တိုင် စမ်းသပ် ကန်တော့ ကြည့်ခြင်းဖြင့် ခံစားနိုင်ပါသည်။ ဘုရားရှင်ကို ပြားပြား ၀ပ်ညွတ်တွား ရှိခိုးခြင်းဖြစ်တာကြောင့် ခန္ဓာကိုယ် အနေအထားနှင့် ဘုရားရှိခိုး ကန်တော့ခြင်း ပို၍ပင် ဆီလျော်ပါသည်။

ဘုရား၊ တရား၊ သံဃာတော်တို့ကို ခိုလှုံ ကိုးကွယ်ဝတ်ပြုရာတွင် ဤသို့ တည်ခြင်းငါးပါးဖြင့် (တည်ခြင်းငါးဖြာဖြင့်) ဦးချကန်တော့ မှသာလျှင် ရှိခိုးကိုးကွယ်ခြင်း အထမြောက်ပါသည်။ ထို့နည်းတူ တခြားပုဂ္ဂိုလ်များကိုလည်း မိမိအနေဖြင့် အနန္တငါးပါးဝင်ဟု ကျေးဇူးတရားများအရ ခံယူသောသူများကိုလည်း တည်ခြင်းငါးပါးဖြင့် ကန်တော့ကြပါသည်။ ထိုသို့ လက်နှစ်ဖက်ယှက်၍ ကန်တော့သဖွယ် ပြုလုပ်လိုက်တာကို ကန်တော့သည်ဟု ယူကြပါသည်။ ကန်တော့ခြင်းဆိုသည့် ဝေါဟာရစကားတွင် ““ကန်”” သဒ္ဒါမှာ ““ပုန်ကန်ခြင်း၊တော်လှန်ခြင်း၊ ကန်ကျောက်ခြင်း”” စသည်ဖြင့် အဓိပ္ပါယ်ရသည်။ ““တော့”” သဒ္ဒါမှာ ““ရပ်နားခြင်း၊ စွန့်ပစ်ခြင်း၊ မပြုလုပ်ခြင်း”” စသည်ဖြင့် အဓိပ္ပါယ်ရပါသည်။ ထိုသဒ္ဒါနှစ်ရပ် ပေါင်းလိုက်သောအခါ ““ပုန်ကန် တော်လှန်ခြင်းမှ ရပ်ဆိုင်းပါတော့မည်။ မပြစ်မှားတော့ပါ။ မပြုလုပ်တော့ပါ အရှင်မြတ်ကိုသာလျှင် ခိုလှုံပါသည်”” ဟု အဓိပ္ပါယ်ရပါသည်။

ထိုသို့ ကာယ ၀ဇီ မနောချီပြီး အရိုအသေ အလေးအမြတ်ထားကာ၊ လက်ဆယ်ဖြာ အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျော့ကန်တော့ခြင်းကို ကမ္ဘာပတ်ကာ ရှာပါသော်လည်း ဘယ်လူမျိုးမှာမှ ရှာမတွေ့ နိုင်သည့် မြန်မာ့ထုံးမြန်မာ့ဓလေ့ ဘုရားရှိခိုးနည်း ဖြစ်ပါသည်။ အင်မတန် ကြွယ်ဝလှသော ဘုရားကန်တော့ ခြင်းဖြစ်ပါသည်။ ခရစ်ယာန်တို့သည် ဘုရားအရှင်မြတ်ကို ဘုန်းတော်အနန္တ၊ တန်ခိုးတော် အနန္တ၊ အတုမရှိ မြင့်မြတ် သန့်စင်တော်မူ၍ အပြစ် ဒုစရိုက်နှင့် မရဏသေခြင်းတရားတို့ကို ချုပ်ငြိမ်း အောင်မြင်တော်မူသော အရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ လူသား အပေါင်းတို့သည် မိမိတို့ ရိုကျိုး ခိုလှုံ ဆည်းကပ် ကိုးကွယ်နေသည့် အနှိုင်းမဲ့ မေတ္တာတော်ရှင် ဘုရားအရှင်မြတ်၏ အဆုံးအမ တရားတော်နှင့် လျော်ညီစွာ မဆောက်တည် မကျင့်ကြံဘဲ ဖောက်ပြန်တတ်သော လူ့ဇာတိ ပကတိသဘောသကန်အတိုင်း နေ့စဉ်လို ကာယ၊ ၀စီ၊ မနောအစဉ်မှာ ကန်ကျောက်နေကြလေသည်။ ထောင်ထား ပုန်ကန်ကြရလေသည်။ နားမထောင် မဆည်းကပ်ဘဲ တော်လှန်နေကြလေသည်။ (အပြစ်လုပ်နေကြသည်)။

ထိုသို့သော တရားသဘောကို နှလုံးသိမ်း၍ ကျွန်တော်တို့လည်း ထိုမြန်မာ့ထုံးဓလေ့နှင့် လျော်ညီစွာ ဘုရားရှင်ကို ဦးချ ရှိခိုး ကန်တော့နိုင်ကြရန် ယခုလို ရေးသားလိုက်ရပါသည်။ ကျန်းမာကြပါစေ။

မာကု (ဒဿန)

Read More...

Friday, July 15, 2011

မြင့်မြတ်သောကျင့်စဉ်

စိန်ဘဲနဒစ် အသင်းတော်ကို ရဟန်းမင်းကြီးအဖြစ် အုပ်ချုပ်ခဲ့စဉ်ကာလ ရေးသားခဲ့သော မြင့်မြတ်သော ကျင့်စဉ်သည် ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် သာမက လူသားတိုင်း ကျင့်ကြံ အားထုတ်ကြရန် အလွန် ကောင်းမြတ်သော ကျင့်စဉ်များ ဖြစ်ပါသည်။ အဓိက အချက်မှာ ဘုရားသခင်ထံမှ စီးဆင်းလာသော ချစ်ခြင်း မေတ္တာတရားကို ကျွန်ုပ်တို့ ရင်ထဲမှ တစ်ဆင့် ပတ်ဝန်းကျင်ရှိ လူသားများအပေါ် ဖြန့်ဝေပေးရန် တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

ဤမြတ်သော ကျင့်စဉ်သည် တည်မြဲသော ချစ်ခြင်း မေတ္တာ၊ တစ်ဦးနှင့် တစ်ဦး လေးစားမှုရှိခြင်း ပံ့ပိုး ကူညီခြင်း၊ စိတ်ရှည် သည်းခံခြင်းနှင့် အနစ်နာခံခြင်းတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ကော်ရိန်သုကျမ်း(၁း၁) မှ ချစ်ခြင်းမေတ္တာသည် စိတ်ရှည် သည်းခံခြင်း၊ သနားကြင်နာခြင်း စသည့် အချက်များနှင့် တူနေပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင် လူသား အများစုသည် ကိုယ့်အတွက် ပထမ၊ သူများ အတွက် ဒုတိယ ဆိုသောမူအတိုင်း လိုက်နာ ကျင့်သုံးတတ်ကြသည်။ ကိုယ့်အတွက်ဆိုလျှင် အကောင်းဆုံးအရာကိုသာ ရွေးချယ် ရယူတတ်ကြသည်။

စိန်ဘဲနဒစ်၏ အဆိုအမိန့်၌ အထက်ပါ အယူအဆနှင့် ဆန့်ကျင်ဘက် ကျင့်သုံးရန် တိုက်တွန်း ထားပါသည်၊၊ ကိုယ့်အတွက်ကို ဦးစွာ ပထမ မစဉ်းစားရန်နှင့် ကိုယ်နှင့်နီးစပ်သူ(သို့) အများတွက် စဉ်းစားပေးရန် ဖြစ်သည်။ ကိုယ့် မိသားစုထဲမှ အင်အားနည်းပါးသူ (ကိုယ်၊ စိတ်၊ ဓန)ကို ဦးစားပေးရန် ဖြစ်ပါသည်။ သည့်နောက် ကိုယ့်အလုပ်ခွင်တွင်းမှ လုပ်ဖော်ကိုင်ဖက်များ အဆင်ပြေရေးကို စောင့်ရှောက်ကြရန် ဖြစ်ပါသည်၊၊ လက်ထပ်ထိမ်မြားပြီးသော ဇနီးမောင်နှံများ၊ မိဘနှင့် သားသမီးများ လုပ်ငန်းခွင်၌ အတူ လုပ်ကိုင်သူများသည် တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်ထားလျက်၊ မတူညီသော အတွေးအခေါ်များ၊ အမြင် မတူခြင်းများကို ညှိနှိုင်းလျက် ပြေလည်စွာ ဆက်ဆံရမည်ဟု စိန်ဘဲနဒစ်က မိန့်ဆို ခဲ့ပါသည်။ မေတ္တာတရားနှင့် ရိုသားမှုကို ရှေ့တန်းတင် ကျင့်သုံးရန် ရေးသားခဲ့ပါသည်။

လူသားတို့သည် ကိုယ် စိတ်ဝိညာဉ်ထဲ၌ ရှိနေသော ဤကောင်းမြတ်သော ကျင့်စဉ်ကို နေ့စဉ် ကျင့်သုံးနေကြသော်လည်း သတိမထားမိခဲ့ကြပေ၊၊ ဈေးဝယ်သွားစဉ် ဈေးရောင်းသူအား ပြုံးပြခြင်း၊ အကူညီလိုသူကို အနည်းနှင့် အများ လိုက်လျောစွာ ကူညီခြင်းစသည်ဖြင့် ကောင်းမွန်သော အပြုမူလေးများကို ကျင့်သုံး နေတတ်ကြသည်။ တစ်ခါတစ်ရံ တစ်ဦးနှင့်တစ်ဦး လက်ဆောင်လေးများ ပေးကမ်းခြင်း လိုအပ်သည့် နေရာများသို့ လှူဒါန်းခြင်းစသည် တို့သည်လည်း မွန်မြတ်သော စိတ်၏ နှိုးဆော်မှုများကြောင့်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နှလုံးသား ၀ိညာဉ်ထဲသို့ ကောင်းမွန်သော စိတ်ထား ကိန်းအောင်းစေရန်အလို့ငှာ၊ ကရုဏာရှင် ယေဇူးထံ ဆုတောင်းမေတ္တာ တောင်းဆိုကြရမည် ဖြစ်သည်။

ခရစ်ယာန် အများစု နေထိုင်ရာ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်ပြည်၊ ဥရောပတိုက်တို့၌ တနင်္ဂနွေဘုရားကျောင်း ဆင်းလျှင် လမ်းထောင့်များ၊ လမ်းဆုံများ၌ အသင့် စားသုံးနိုင်သော ထုပ်ပိုးပြီး စားသောက်ဖွယ်ရာများကို ဝေငှ လှူဒါန်းလေ့ရှိသည်။ လှူဒါန်းသူများနှင့် လုပ်အားပေးသူများ ကိုယ် စိတ်နှစ်ပါး စွန့်လွှတ် အနစ်နာခံကြရသည်။ စိတ်ကောင်း စေတနာရှိသူများသာ ဤလုပ်ရပ်များကို လုပ်ကိုင်နိုင်ကြသည်၊၊ ပိုလျှံ၍ လှူဒါန်းခြင်းထက် ကိုယ်စားမည့် ဝေစုထဲမှ ခြိုးခြံ၍ လှူဒါန်းခြင်းသည် သာ၍ မွန်မြတ်သည်။ ကျမ်းစာထဲမှ ဆင်းရဲသော မုဆိုးမတစ်ဦး လှူဒါန်းသော အလှူမျိုးကို ဘုရားရှင်က ပိုမို နှစ်သက်ပါသည်။

တစ်ဦးနှင့်တစ်ဦး မေတ္တာ စေတနာ ထားရမည် ဆိုသည်ကပင် တစ်ခါတစ်ရံ ခက်ခဲသော အလုပ် တစ်ခုဖြစ်သည်။ မေတ္တာတရားနှင့် ရိုးသားမှု မရှိလျှင် လူတိုင်းနှင့် အဆင်ပြေစွာ ဆက်ဆံဖို့ ခဲယဉ်း ပေလိမ့်မည်။ ကမ္ဘာတစ်လွှား အငတ်ဘေးအတွက် ရံပုံငွေ ရှာနေသူများသည် ၎င်းင်း၊ မုန်တိုင်းဒဏ် ခံစားနေရသူများ အတွက် ဂီတပွဲတော်များ ပြုလုပ်၍ ရံပုံငွေရှာကြသူများ၊ အိတ်(ခ်ျ)အိုင်ဗီရောဂါသည်များကို ပြုစု စောင့်ရှောက်နေသူများသည်လည်း ဘုရားရှင်၏ ကောင်းမြတ်သော ကျင့်စဉ်ကို လိုက်နာ ကျင့်ကြံနေသူများ ဖြစ်ကြသည်။ ထို့ကြောင့် စိန်ဘဲနဒစ်မှ ဤကျင့်စဉ်ကို ကျင့်သုံးရာ၌ လူမျိုး ဘာသာ၊ အဆင့်အတန်း ခွဲခြားစရာမလိုဟု ဆိုမိန့်ဆိုခဲ့ပါသည်။ လူသားတိုင်းအတွက်ဟု ရည်ညွှန်းခဲ့သည်။

ကျွန်ုပ်တို့အပေါ်မှာ ထားရှိသော ဘုရားရှင်၏ မေတ္တာတရားကို မျှဝေပေးခြင်းထက်ပင် သာလွန်၍ ခက်ခဲသော ဤကျင့်စဉ်ကို အသက်အရွယ်ငယ်စဉ်မှပင် ကျင့်သုံးတတ်ကြစေရန် ကလေးအရွယ်မှပင် သင်ကြားပေးရန် လိုအပ်ပါသည်၊၊ ကလေးငယ်များကို အချင်းချင်း မုန့်ကိုမျှဝေ စားတတ်စေရန်၊ တစ်ဦးနှင့် တစ်ဦးအနိုင်အထက် မပြုကြရန်၊ ချစ်ခင်စွာ နေတတ်ကြစေရန် ပြုပြင် သင်ကြားပေးရမည်မှာ အရွယ်ရောက်သူတိုင်း၏ တာဝန် ဖြစ်ပါသည်။

အများအတွက်ဟု ရည်ရွယ်လိုက်သည်နှင့် မေတ္တာစိတ်၊ ကိုယ်ပိုင်ဆိုင်သော ငွေကြေး၊ အချိန်၊ ကိုယ့်ပစ္စည်း ဥစ္စာတို့ကို ခွဲဝေ ပေးရတော့မည် ဖြစ်သည်။ စွန့်လွှတ်နိုင်သော စိတ်ထားကို အရင်းခံ ပါသည်။ လူဆိုသည်မှာလည်း ကိုယ့် အနီးနားပတ်ဝန်းကျင်၌ ကိုယ့်ကို ခင်မင်လိုလားသူ တို့ကိုသာ မေတ္တာထား ချင်ကြသော်လည်း ကိုယ်မချစ်ခင် မလိုလားသူ တို့ကိုမူ စေတနာလျော့ပါး တတ်ကြသည်။ ဘုရားရှင်မှာ ကိုယ့်ကို ရန်လိုသူများကိုပင် မေတ္တာစိတ်ထားရန် ကိုယ်တိုင် စံပြနမူနာအဖြစ် ပြသခဲ့ပါသည်၊၊ ကျွန်ုပ်တို့သည်လည်း လက်ဝါးကားတိုင်ပေါ်မှာ သခင်ယေဇူးကို ရည်မှန်းပြီး နေ့စဉ် တွေ့ဆုံ နေကြရသူတိုင်း အပေါ် နီးသည်ဖြစ်စေ၊ အဝေးမှဖြစ်စေ မေတ္တာစိတ်ထားပြီး ဆက်ဆံကြလျှင် ဘုရားရှင်ကို ကျွန်ုပ်တို့ အမှန်တကယ် ချစ်ခင်ကြောင်း ပြသရာ ရောက်ပါသည်။

ကက်သလင်းခင်

Read More...

Tuesday, July 12, 2011

ဘုန်းတော်ဂုဏ်တော်ရှိပါစေ။

ကျွန်ုပ်တို့၏ တစ်နေ့တာ၌ ပြောဆိုခဲ့သမျှ စကားများကို အသံဖမ်းပြီး နားထောင်ရပါက အားလုံးဟာ အံ့အား သင့်စရာများ ဖြစ်မည်မှာ အသေအချာပင်။

ကျွန်ုပ်တို့၏ပြစ်တင် ငြူစူမှု၊ ညီတွားမှု၊ မကျေမနပ်မှုများနှင့် တစ်နေ့တာကို အသက်ရှင်နေကြသည်။ ကလေးဆိုလည်း ကလေး၊လူငယ်ဆိုလည်း လူငယ်၊ လူကြီးလည်း လူကြီး သူ့ကိစ္စ နှင့်သ၊ူ ရုံးသမားတွေလည်း အလုပ်ရှင်အလုပ် တာဝန်များနှင့် စပ်လျဉ်း၍ ငြူစူ ငြီးတွား မကျေမနပ်ဖြစ်ကာ တစ်နေ့တာ ကုန်လွန်သွားတတ်ကြသည်။ တချို့သော သူတို့သည် သူတို့၌ ငြီးတွားစရာ အကြောင်းများ ရှိပါက အလွန်စိတ်ပျက် အားလျော့တတ်ကြသည်။ သူတို့၏ ပြဿနာ အသေးအမွှားကို အာရုံ စိုက်လွန်း၍ ကောင်းချီးမင်္ဂလာဖြစ်စေသည့် အမြင်ကို လက်လွှတ် အဆုံး ရှုံးခံခဲ့ရတာမျိုးလည်း ရှိနေသည်။ ဆရာဝန်တစ်ယောက်က ပြောဖူးတယ်။ လူနာတွေကို စမ်းသပ်စစ်ဆေးပြီး ဘာမှမဖြစ်သော်လည်း သူတို့သည် ငြီးငြူမြဲ၊ ဆင်ခြေပေးမြဲ ပါပဲ။ ခါးနာလို့၊ ခေါင်းကိုက်လို့၊ တစ်ကိုယ်လုံးနေလို့ ထိုင်လို့ မကောင်း၊ ဇက်ကြော တက်တယ်ဟုသာ ဆိုမြဲပါ။ ထိုသူတို့သည် အမှန်တကယ် ဒီဝေဒနာတွေ ခံစားနေရရင်ပင် မငြီးငြူဘဲ ဘုရားသခင်ရဲ့ ကောင်းချီး မင်္ဂလာကို ရေတွက်ရင်း ချီးမွမ်းနေကြမယ်ဆိုရင် သူတို့ခံစား ရသမျှ မေ့လျှော့သွားမည်မှာ မလွဲပါ။

စားရေးသူသည် ရွာတစ်ရွာသို့ ရောက်ခဲ့တုန်းက ငွေကြေးမရှိ၊ အလွန် အားနည်းသော ပိန်ပိန်အဖွားအို တစ်ယောက်အား ““အဖွားနေကောင်းရဲ့လား”” လို့မေးလိုက်ရာ ““အိုကျေးဇူးတော် ချီးမွမ်းစရာက အများကြီးပါ မြေးလေးရယ်... အဖွားမှာ သွားနှစ်ချောင်းပဲ ရှိပေမယ့် တော်သေးလို့။ အဲဒီ သွားကအပေါ် အောက်တစ်ချောင်းစီ ဖြစ်နေတာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲကွယ်””ဟု ဖြေကြား ခဲ့ဖူးပါသည်။ အဖွားအိုသည် သူ့မှာ သွားနှစ်ချောင်းသာ ရှိသော်လည်း ဘုရားသခင် အားကျေးဇူး တင်ချီးမွမ်းနေသည့် အထက်ပါ ဖြစ်ရပ်နှစ်ခုသည် အလွန်ခြားနားပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့ရဲ့ တစ်နေ့တာ ငြီးတွား ပြစ်တင် ငြူစူမှုတွေက ဘုရားသခင်ရဲ့ ကောင်းချီးများကို ပိတ်ဆို့နေပြီး ကျွန်ုပ်တို့၏ စိတ်ပျက် အားလျော့မှုကိုလည်း ဖြစ်စေပါသည်။ ဤစိတ်သဘောထားမျိုး အပြစ်တင်ခြင်း၊ ငြူစူငြီးတွားခြင်း၊ ဒေါသအသေးစား ဖြစ်ခြင်းတို့သည် ခရစ်တော်၏ နောက်လိုက် တစ်ယောက်အတွက် မတော်မလျော်ပါဘူး။ မရှိသင့်ပါဘူး။

မြန်မာနိုင်ငံ ရှေးဦး သာသနာပြု ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးရဲ့ စကား ထပ်ဆင့်ကြားရတာက “သင်နှင့်လုပ်ဖော် ကိုင်ဖက်၊ အထက်နှင့် ငယ်သား၊ တစ်နေ့တာ ပြောဆိုဆက်ဆံနေရတဲ့ အဖွဲ့အစည်း သင့် သူငယ်ချင်း၊သင့် မိဘ၊ ညီအစ်ကို မောင်နှမ၊ အိမ်ရှိ ခွေးကြောင်များကအစ သင်၏ ခရစ်ယာန်ဖြစ်ခြင်း အသက်တာကို နှစ်သက်အားရ ရွှင်လန်းမှု မရှိလျှင် သင်သည် ခရစ်ယာန်တစ်ယောက် ဟုတ် မဟုတ် မေးခွန်းထုတ်သင့်တော့၏””ဟု ကြားဖူးပါ၏။ ကျွန်ုပ်တို့သည် လောကီဆုကျေးဇူးများ ပျော်ရွှင်မှုနှင့် အကျိုးများ ရနေလျက်နှင့် ယင်းတို့ကို ကောင်းကင်ဘုံမှချပေးသူအား သတိမေ့ မချီးမွမ်းနိုင်သူ အတွက် ၀မ်းနည်းဖွယ်ဖြစ်နေပါသည်၊၊ မနက် အိပ်ယာမှ နိုးထထချင်း အသက်ပုံမှန် ရှူနိုင်ခြင်း၊ ခြေလက်အစုံ လှုပ်ရှား သွားလာနိုင်ခြင်းသည်ပင် မမေ့လျော့ဘဲ ဘုရားသခင်အား ကျေးဇူးတင် သင့်ပါသည်။ နေ့သစ် တစ်နေ့ကိုအစ မပြုမီ သင့်အခက်အခဲ ပြဿနာများအပေါ် အာရုံစိုက်နေမည့် အစား သင်၏ ကောင်းချီးကို ရေတွက်လိုက်ပါ။ ကျေးဇူးတော် ချီးမွမ်းသီချင်းဖြစ်ဖြစ် သီဆိုလိုက်ပါ။ ဘုရားသခင်ထံမှ ထိုကောင်းချီးများကို သိမှတ်ရေတွက်ရန်နှင့် အသုံးပြုတတ်ရန်မှာ ကျွန်ုပ်တို့ အနေနှင့် သာ၍ ကြီးမြတ်သော လက်ဆောင်ဖြစ်သည်။ ခရစ်တော်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ကိုယ်တော်ကို သိကျွမ်းခြင်းသည် စစ်မှန်သော ကောင်းချီးခံစားရခြင်း၏ အဓိက အနှစ်သာရဖြစ်သည်။ ဘုရားသခင်အား ချီးမွမ်း လွန်သွားခြင်းဟူ၍ မည်သည့် အခါမျှ မရှိပါ။ ပြော၍ မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို မမေ့လျော့ အောက်မေ့၍ ချီးမွမ်းကြပါစို့။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော် ဂုဏ်တော် ရှိပါစေ။ အစကနဦးက ရှိသည့်အတိုင်း ယခုမှစ၍ ကမ္ဘာဆက်ဆက် ရှိပါစေ။ အာမင်။ ။
ဘုရားသခင်အားကျေးဇူးတင်ပါသည်။

ဥယျောဂျာလ
(မိုးကောင်း )

Read More...

Sunday, July 10, 2011

မေမေ့ရဲ့ စာတစ်စောင်

မေမေချစ်တဲ့သား..


မေမေ စာရေး လိုက်ပါတယ်။ သားနေကောင်း ကျန်းမာစေဖို့အစဉ် ရည်မျှော် ဆုတောင်းပေးလျှက်ပါ။ သားရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ ရဟန်းကောင်းတစ်ပါး ဖြစ်လာဖို့ ဆုတောင်းပေးတဲ့ အပြင် သား ရည်မှန်းထားတဲ့ ပန်းတိုင်မှ လွဲဖယ်စေမယ့် အရာ ဟူသမျှကိုရှောင်ဖယ် နိုင်ဖို့ နေ့နေ့ညညမေမေ ဆုတောင်းပေးလျှက်ပါ။ ရဟန်း မည်သောဘ၀ကို တက်လှမ်းဖို့ မေမေ့သား ရက်၊ လ ၊နှစ်များစွာဖြတ်ကျော် ရဦးမယ်။ ခရီးလမ်းရှည်ကိုလျှောက်လှမ်း ရအုံးမယ်။

ဆက်လျှောက်ရမယ့် ခရီးပန်းတိုင်ကို ၀န်ထုပ်ဝန်ပိုး တစ်ခုလို မဟုတ်ဘဲ ““ငါ့ ထမ်းပိုးသည်ချို၏။ ငါ့ဝန် သည်ပေါ့၏ ””လို့ မိန့်မြက်ခဲ့တဲ့ ခရစ်တော်ထံမှာ ခွန်အားရယူပြီး ခရစ်တော်ရဲ့ ကားတိုင်လမ်းကို နှစ်ခြိုက် စွာလျှောက်လှမ်း နိုင်ပါစေ။

အတွေ့အကြုံတွေရှိသမျှ စာတွေ စီပြီး မေမေ့ကို ရင်ဖွင့်တတ်တဲ့သား အခုတ လော မေမေ့ကို အဆက်အသွယ် မလုပ်တာ ကြာပြီနော်။နေ့ရက်တွေ ကြာလာတာနဲ့အမျှ ဘ၀ အတွေ့အကြုံတွေလည်း တစ်မျိုးပြီး တစ်မျိုး တိုးနေမယ်လို့ ထင်မိတယ်။ ၀ိညာဉ် စာတွေ များလာတာနဲ့အမျှ ရင်ဆိုင်တွန်းလှန် ရတဲ့ အခက်အခဲတွေလည်း များပြား လာနေမယ်လို့ မေမေတွေးမိတယ်။ ပင်ပန်း ခက်ခဲ ခြင်းတွေနဲ့ ရင်ဆိုင်ရုန်းကန်နေရပေမယ့် လက်ပန်းကျလှပြီ ဆိုပြီး အားမလျှော့လိုက်ပါနဲ့ သားရယ်။ သားမေမေ့ကို မဆက်သွယ်နိုင်ပေမယ့် မေမေ့ သားလေး ရင်ဆိုင်နေရမယ့် အခက်အခဲတွေကို မေမေ့နှလုံးသားက ထိုးဖောက်ပြီး သားရဲ့ စိတ်အစဉ်ကို မေမေ မျှဝေ ခံစားနေပါတယ်။ အမြင်တွေေ၀၀ါးပြီး သံသယစိတ်တွေနဲ့ သို့လော သို့လောဖြစ်နေပေမယ့် သားယိုင်လဲ မသွားအောင် ခိုင်မြဲတဲ့ ယုံကြည်ခြင်းနဲ့သားရဲ့နောက်မှာ တံတိုင်းကြီးသဖွယ် မားမားမတ်မတ်နဲ့ မေမေ ယုံကြည်ခြင်းကြီးစွာ ဆုတောင်းနေတယ်ဆိုတာ သတိရပါ။ ။ရှေ့ဆက်နေတဲ့ သားရဲ့ခြေလှမ်းတွေကို ယိမ်းယိုင်သွားစေမဲ့ အပြ ချိုချိုတွေထဲမှာ နစ်မွန်းသွားမိရင် တံကျင်ထက်မှာ အသေခံခဲ့တဲ့ ခရစ်တော်ရဲ့ ခြေတော်ရင်းကို အရောက်သွားပြီးသား ကိုယ်ကို ပုံချ အပ်နှံပါ။ ခွန်အား ယူပါသားရယ်။

ကောင်းကင်သွားတဲ့ ခရီးလမ်းဟာ ကျဉ်းမြောင်းတယ်ဆိုတာ သားအသိပါ။ ကျယ်တဲ့လမ်းကို သားလျှောက်မိနေပြီလား။ မာယာတွေများတဲ့ ကျော့ကွင်း အဖုံဖုံထဲမှာ ကျင်လည်နေပြီလား သားရယ်။ ပရိယာယ်နှောင်ကြိုးထဲမှာ ဆုပ်ကိုင် ချုပ်ကိုင် မခံရပါစေနဲ့။ လေလာရာ ယိမ်းနွဲ့ တတ်တဲ့ အပအရာတွေဟာ မတည်မြဲပါဘူး။ ခရစ်တော်ရဲ့ ချစ်ခြင်းက အချည်အနှောင်ကင်း ပြီး လွတ်လပ်ပေါ့ပါးပါတယ်။

ကျဉ်းတဲ့လမ်းနဲ့ ကျယ်တဲ့လမ်းကို ခွဲခြားနိုင်တဲ့ စွမ်းအားတွေ မပျောက်ကွယ် ပါစေနဲ့။ အနှောင်အဖွဲ့တွေ ရစ်ပတ်ပြီး အမှား အမှန်ကို မပိုင်းဖြတ်နိုင်လောက်အောင်ေ၀၀ါးနေတဲ့ သနားစရာ လူကလေးတစ်ယောက် သား မဖြစ်ပါစေနဲ့ကွယ်။ ပတ်ဝန်းကျင်က လက်ညှိုးတွေထိုးပြီး လှောင်ပြောင် ခံနေရမှာကို မေမေ မလိုလားဘူး။ ရှေ့တိုးမလား။ နောက်ဆုတ် မလား ဆိုတဲ့ အရှုံး၊ အနိုင် နှစ်ခုကြားမှာ စည်းတစ်ချောင်းပဲခြားနေတယ်။ ပြတ်သားတဲ့ ရဲစွမ်းသတ္တိတွေကို သားပိုင်ဆိုင် နိုင်ပါစေ။ စားရမှာလည်း သဲတစ်ရှပ်ရှပ်၊ ပြစ်ရမှာလည်း ဆီတ၀င်းဝင်းဖြစ်ပြီး မပူမအေး အခြေအနေနဲ့ စည်းပေါ် ခွထိုင်နေတဲ့ သူတော့ မဖြစ်ပါစေနဲ့။ မေမေ့သား ရင်ဆိုင် နေရမယ့် အခက်အခဲတွေကိုတွေးမိတိုင်း သားအတွက် ဆုတောင်းခြင်း များစွာပြုပေး နေမိတာမေမေ့ချစ်ခြင်းပါ၊၊ သံတာမော်နီကားဟာ သားသြဂုတ်စတင်း အတွက် နှစ်ပေါင်း၂၀ မျက်ရည်ယိုပြီး ဆုတောင်းခဲ့တယ်ဆိုတာ မများပါဘူး၊၊ သားလူကောင်းဖြစ်ရေး အတွက် မိခင်တစ်ယောက်ရဲ့ ဆုတောင်းခြင်းဟာနှစ်ပေါင်း ၂၀ မက ဘ၀ တစ်သက်တာလုံးဖြစ်ရမယ် ဆိုရင်လည်း သားကို ချစ်တဲ့ မိခင်တိုင်းက ရက်ရက်ရောရော ပေးဆက်နေကြမှာပါ။

တပည့်တော်ကြီး သံယောဟန်နဲ့ သံယာကုပ်တို့မိခင်ဟာ ခရစ်တော်ဆီသွား ပြီးတပည့် တော်မရဲ့ သားနှစ်ယောက်ကို လက်ဝဲဘက် တစ်ယောက် လင်္ကျာဘက် တစ်ယောက် နေခွင့်ပေးပါလို့ သွားတောင်းခံ ခဲ့တဲ့ မိခင်ကို ဘေးနားကမြင်သူတွေက ““မတော်လောဘ”” လ့ိုပြောကြမှာပဲ၊၊ မ တော်တာ တော်တာမစဉ်း စားနိုင်ဘူး။ သားကောင်းစားရေးအတွက် ဆိုရင် မိခင်တွေ ရူးသွပ်ကြတာမေမေကိုယ်ချင်းစား နားလည်မိတယ်။ ““ငုတ်မိ သဲတိုင်တက်နိုင် ဖျားရောက်ပါတယ်””သားရယ်။

မေမေ့သား ဘ၀နဲ့ မကိုက်ညီတဲ့ ဆောင်ရန် ၊ရှောင်ရန်တွေကို မှန်ကန်စွာရွေးချယ် နိုင်ဖို့ မေမေ သားအတွက် ဒူးထောက် လက်မြှောက်ပြီး ဆုတောင်းရတဲ့ နာရီတွေကို ကြာတယ်လို့ မထင်မိခဲ့ပါဘူး။ သားအပေါ် ဖြစ်စေချင်တဲ့ မေမေ့ဆန္ဒတွေကို ဖွင့်အံ သွန်မှောက်ပြရရင် ကမ္ဘာမြေကြီး ဆန့်နိုင်မယ် မထင်ပါဘူး။ ဒါကြောင့် တိုတိုနဲ့ လိုရင်းကို ဆုတောင်း ချင်တာကမေမေ့သားအောက်ခြေခိုင်ခိုင်နဲ့ အထက်မြင့်မြင့်ကိုတက် လှမ်းနိုင်တဲ့ ““ရဟန်းကောင်း တစ်ပါးဖြစ်နိုင်ပါစေ”” လို့ပဲ မေမေ့ဆုတောင်းကို အဆုံးသတ်လိုက်ပါတယ် သားရယ် .......... သားရဲ့ဲ့ မေမေ



ဝေလီ

Read More...

Saturday, July 9, 2011

သင်ကံကောင်းသူပါ။

* If you woke up this morningFairly healthy, Congratulations, becauseMillion people will not live to past a week. *
ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့ နေ့သစ်တစ်ခုကို သင်နိုးထနိုင်ခဲ့ပြီလား…ဒါဆိုသင် ၀မ်းမြောက်လိုက် ပါတော့…ဘာဖြစ်လို့လဲဆိုတော့ လူသန်းပေါင်းများစွာဟာ ရက်သတ္တပတ်လေးကျော်အောင်
အသက်မရှင်နိုင် ကြတော့ဘူးလေ။

* If you have never experienced the danger of war,The loneliness of imprisonment,**The agony of torture,Or cold and hunger,Congratulations, you better fate than 5 million people. *
စစ်ပွဲရဲ့ ကြောက်မတ်ဖွယ်တွေ၊ အထီးကျန် အကျဉ်းချ ခံထားရမှုတွေ၊ နာကျင်ငြီးတွားမှုတွေ၊ ချမ်းအေးမှုတွေနဲ့ မွတ်သိပ်မှုတွေ…ဒါတွေကို သင် မတွေ့ကြုံ မခံစားဖူးဘူး မဟုတ်လား၊ ဒါဆိုသင် ၀မ်းမြောက် လိုက်ပါတော့ …ဘာဖြစ်လို့လဲ ဆိုတော့ကမ္ဘာ့လူဦးရေ ၅-သန်းကျော်ဟာ အဲဒီကြမ္မာဆိုးတွေနဲ့ ကြုံတွေ့နေရတယ်လေ။

* If you can participate in religious activitiesWithout fear of harassment, *
* Arrest, torture, or death,Congratulations, you have more freedom than 1.5 billion people . *
ခြိမ်းခြောက် ဟန့်တားမှုတွေ မရှိဘဲ မတရား ဖမ်းဆီးမှုတွေ မရှိဘဲနှိပ်စက် ညှင်းပန်းမှုတွေ မရှိဘဲ သတ်ဖြတ် ညှင်းဆဲမှုတွေ မရှိဘဲ ဘာသာရေး လုပ်ငန်းတွေ လုပ်ဆောင်ခွင့် ရနေသလား၊ ဒါဆို သင် ၀မ်းမြောက်လိုက်ပါတော့ ဘာဖြစ်လို့လဲဆိုတော့ လူဦးရေ ၁သန်းခွဲကျော်ထက် သင် လွတ်လပ်ရေး ရနေပြီလေ။

* If you have food,Have clothes to wear,There is a place to live, congratulations,You are richer than 70% of the world. *
သင့်မှာ စားစရာတွေ ရှိနေတယ်မလား ၀တ်စရာ အ၀တ်တွေလည်း ရှိမဟုတ်လားနေစရာ အိမ်လေးကော ရှိနေတယ်မလား ဒါဆို သင် ၀မ်းမြောက်လိုက်ပါတော့ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့လူဦးရေ ၇၀%နှုန်းထက် သင်က ချမ်းသာနေပြီလေ။

* If you have saving in the bank,Wallet with money, There are some coin left, congratulations,You are among the world's top 10% of the rich. *
ဘဏ်ထဲမှာ ငွေလေး ဘာလေး စုထားတယ်မလား ဒါမှမဟုတ် သင့် ပိုက်ဆံအိတ်ထဲမှာ ငွေအနည်းငယ် ရှိနေတယ်မလား ဒါမှမဟုတ် သုံးစရာ ငွေစလေးတွေ ကျန်နေသေးတယ်မလား ဒါဆိုသင် ၀မ်းမြောက် လိုက်ပါတော့ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ချမ်းသာသူများ ၁၀%နှုန်းထဲမှာ သင် ပါဝင်နေခဲ့ပြီလေ။

* If you often looked up with a smile,And the heart to thank God,You are happy, Because most people can but will not do so.*
လောကကြီးကို အပြုံးပန်းတွေနဲ့ သင် မကြာခဏ ကြည့်နေနိုင်တယ် ဘုရားသခင် (သဘာဝလောကကြီး) ကို ကျေးဇူးတင်ဖို့ နှလုံးသားလည်း ရှိနေတယ် ဒါဆိုသင် ၀မ်းမြောက်ပျော်ရွှင် လိုက်ပါတော့ ဘာဖြစ်လို့လဲဆိုတော့ လူအများစုဟာ အဲဒီလို လုပ်နိုင် စွမ်းရှိပေမယ့် လက်တွေ့ မလုပ်ကြတော့မှာ သေချာနေလို့ပါပဲ။

* If you are able to hold someone's hand,Or give them a hug,Or pat them on the shoulder,Congratulations , because you are with the ability to heal people's hearts.  *
တစ်ယောက်ယောက်ရဲ့ လက်ကို ဆုပ်ကိုင် ထားနိုင်တယ် ဒါမှမဟုတ် ကြင်နာစွာ ထွေးပွေ့နိုင်တယ် ဒါမှမဟုတ် ပုခုံးနှစ်ဘက်ကို ကြင်ကြင်နာနာ ယုယနိုင်တယ် ဒီလိုဆို သင် ၀မ်းမြောက် လိုက်ပါတော့ ဘာဖြစ်လို့လဲ ဆိုတော့ သင်ဟာလူတွေရဲ့ နှလုံးသားဒဏ်ရာကို ကုစားပေးနိုင်စွမ်း ရှိနေလို့ပါပဲ။

* If you can read this article That is double fortunate:Some people think of you as a friend,And there are 1.5 billion people illiterate. *
ဒီစာလေးကို သင် ဖတ်တတ်တယ်မလား ဒါဆိုရင် သင်ဟာ နှစ်ထပ်ကွမ်း ကံထူးရှင်ပေါ့ အချို့သူတွေက သင့်ကို (ဘ၀တူ)သူငယ်ချင်းလို့ ယူဆလိုက်ကြမယ်ပြီးတော့ …ကမ္ဘာ့လူဦးရေ ၁-သန်းခွဲကျော်က စာ မဖတ်တတ် ကြဘူးလေ။

* You probably never think ofHow lucky you are now! ? *
ကဲ… ပြော သင်ဟာလောကမှာ ဒီလောက်တောင် ကံကောင်းနေတယ်ဆိုတာ တစ်ခါမှ မစဉ်းစား မိဘူးမလား….။
* Wellness And Happiness is always with You *
ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းများ သင်နဲ့အတူ ထာဝရ တည်ရှိပါစေ…


ဝန်ခံချက်။ ။ ဖာသာရ် တစ်ပါးပေးပို့ထားသော စာတစ်စောင်ကို ကူးယူဖော်ပြပါသည်။


Read More...

Thursday, July 7, 2011

အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားတော်

ကိုးကွယ်မှု ဘာသာတရားနှင့် လွပ်လပ်ခြင်း စာတမ်းဖတ်ပွဲ တစ်ခုဖြစ်ပါတယ်။ အတူတက်ရောက်လာသည့် တိဗက်ဗုဒ္ဓဆရာတော် ရှင်ဒလိုင်းလားမားအား၊ ဘရာဇီးနိုင်ငံသား သီအော်လောဂျီ ပညာရှင် လေအိုနားဒို ဗော့ဖ်၏ အမေးအဖြေကို သည်လထုတ် သိုးထိန်းအသံ စာစောင်အတွက် ဘာသာပြန်ပေး လိုက်ပါသည်။ စာဖတ်ပရိတ်သတ်များ ကျေနပ်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

လေအိုနားဒိုမေး။ ။အရှင်ဘုရား၊ အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားကို ပြောပြနိုင်မလား ဘုရား။

ကျွန်တော်စိတ်ထဲမှာ သည်ဆရာတော်ကြီးကတော့ ““ တိဗက်ဗုဒ္ဓဘာသာပေါ့။ ““ ဒါမှမဟုတ်““ ခရစ်ဘာသာတရားထက် ရာစုနှစ်အတော်စောပြီး ထွန်းကားခဲ့တဲ့ အာရှတိုက်က ဘာသာတွေ ပေါ့ ””
ဟု ပြောလိမ့်မယ်လို့ ထင်နေခဲ့ပါတယ်။ ဆရာတော်ကြီးက ချက်ချင်းမဖြေဘဲ ကျွန်တော့်ကို စိုက်ကြည့်နေပါတယ်။ ပြီးမှ ...

တိဗက်ဆရာတော်ဖြေ။ ။ အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားဆိုတာ ဘုရားရှင်တော် မြတ်ဆီ နီးသထက်နီးကပ်အောင် ပို့ပေးတဲ့ ဘာသာပဲပေါ့။ သင့်ကို တစ်နေ့တစ်ခြားပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာစေတဲ့ ဘာသာပေါ့။

ဆရာတော်ကြီးရဲ့ အဖြေကြားလိုက်တော့ ခန္ဓာကိုယ်ကို ကျဉ်စက်တို့ခံလိုက်ရသလို ကျွန်တော် တွန့်ခနဲ့ ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော့်မေးခွန်းကိုက မလိုတမာပုံပေါက်နေတာမို့ လိပ်ပြာ မလုံလို့ဖြစ်ပါတယ်။ မျက်စေ့မျက်နှာ ပျက်နေတာကို ဆရာတော် မရိပ်စား မိခင် နောက်ထပ်မေးခွန်းတစ်ခု ကောက်ခါငင်ကာ ထပ်ဆင့်လိုက်ရပါတယ်။

လေအိုနားဒို။ ။တပည့်တော်ကို တစ်နေ့တစ်ခြား ပိုကောင်းလာအောင် ဘယ်တရား တော်တွေက ဘယ်လိုလုပ်ပေးပါသလဲဘုရား။

ဆရာတော်- သင့်ကို
ပိုပိုပြီး မေတ္တာဂရုဏာ ထားတတ်အောင်
ပိုပိုပြီး ကိုယ်ချင်းစာနာတတ်အောင်
ပိုပိုပြီး သံယောဇဉ်ပြတ်စွန့်လွှတ်ရအောင်
ပိုပိုပြီး ချစ်တတ်အောင်
ပိုပိုပြီး လူသားအကျိုးဆောင်ရွက်တတ်အောင်
ပိုပိုပြီး တာဝန်သိတတ်အောင်
ပိုပိုပြီး သီလမြဲအောင် လုပ်ပေးနိုင်တဲ့ တရားတိုင်းလေ။
သင့်ကို အဲလိုဖြစ်လာအောင် လုပ်ပေးတဲ့ ဘာသာတိုင်းဟာ သင့်အတွက် အကောင်းဆုံး ကိုးကွယ်မှု ဘာသာပဲပေါ့။

အချိန်အတော်ကြာ ကျွန်တော်နှုတ်ဆိတ်သွားပါသည်။ ခေါင်းထဲမှာတော့ မှတ်ရှုပွားများစရာ တစ်လှေကြီးနဲ့ပေါ့။ ဘယ်တော့မှ မဟောင်းမပြောင်းတဲ့ အဖြေ၊ လူတိုင်း ကို အံ့အားသင့်စေနိုင်သည့် ဆရာတော်ကြီးအဖြေကို ယနေ့ထိတိုင် နားထဲက မထွက်နိုင်ပါ။ အဲသည်နောက် ဆရာတော်ဘုရားက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။

ဆရာတော်။ ။ မိတ်ဆွေဒကာ၊ သင်ဘယ်ဘာသာကို ကိုးကွယ်တယ်။ သင်ဟာ ဘာသာတရား ကြည်ညိုကိုင်းရှိုင်းသူ ဟုတ်မဟုတ်ဆိုတာကို ကျုပ်စိတ်မ၀င်စားဘူး။ ကျုပ်စိတ်အ၀င်စားဆုံးက ““ဘ၀တူလူသားတိုင်းအပေါ်၊ သင့်မိသားစု၊ သင့်အလုပ် အကိုင်၊ သင့်အသိုင်းအ၀ိုင်း၊ သင့်ကမ္ဘာကြီး ..... တို့ အပေါ်သင်ဘယ်လို ပြုမူဆက်ဆံသလဲဆို တာတစ်ခုတည်းကိုပဲ။““

ကျုပ်တို့ရဲ့အတွေးအကြံတွေ၊ ကျုပ်တို့ရဲ့ နေထိုင်ပြုမူလုပ်ဆောင်ချက်တွေနဲ့ ပဲ့တင် ထပ်သံတွေဟာ သည်လောကစင်္ကြာဝဠာကြီးနဲ့အပြည့်ပဲဆိုတာ မိတ်ဆွေဒကာ ကြီးအမြဲသတိရပါ။ အကြောင်းနှင့် အကျိုးသီအိုရီဟာ ရူပဗေဒဘာသာရပ်တစ်ခုတည်းအတွက်ပဲ မှန်တာ မဟုတ်ဘူး။ (ကံဆိုတာ သင်လုပ်သမျှတိုင်း၏ ပဲ့တင်ထပ်သံ လို့ ဆိုတာကြောင့်) လူသားတို့၏ ပြုမှုလုပ်ဆောင်ချက်များနှင့် အတူနေထိုင်ပေါင်းသင်း နေထိုင်မှုနယ်ပယ်အတွက်လည်း ဖြစ်တယ်။ အကယ်၍ ကျုပ်ကောင်းတာလုပ်ရင် ကျုပ်ကောင်းတာရမယ်။ မကောင်းတာလုပ်ရင် ကျုပ်မကောင်းတာပြန်ရမယ်။

ကျုပ်တို့ရဲ့ ဘိုးဘွားမိဘတွေ ပြောလေ့ရှိသလို ““တစ်ပါးသူတွေကို သင်ပြုမူသမျှအ တိုင်း သင့်မှာဖြစ်လာတတ်တယ်။ သင့်နှလုံးစိတ်ဝမ်း ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာ ကျိန်စာနှင့် မပတ်သက်ဘူးနော်။ အဲဒါဟာ သင်ကိုယ်တိုင် ရွေးချယ်မှုများနဲ့ပဲ ပတ်သက်တယ်။ ”” ကျုပ်တို့ ဘိုးဘွားတွေရဲ့ အဲသည်အဆုံးအမ အမွေစကားတွေက အမှန်တရား စစ်တွေပဲနော်။

ဆရာတော် -
သင့်စိတ်အတွေးများကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေက စကားလုံးတွေဖြစ် လာလို့ပါ။
သင့်စကားလုံးတွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေအတိုင်း ပြုမူ (actions) တတ်လို့ပါ။
သင့်အပြုမူတွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေက အကျင့်တွေ(habits) ဖြစ်လာလို့ပါ။
သင့်အကျင့်တွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေဟာ စရိုက်တွေ (characters)ဖြစ်လာလို့ ပါ။
သင့်စရိုက်တွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေအတိုင်း အကျိုးပေးတရား (destiny) ဖြစ်လာလို့ပါ။
နောက်ဆုံးတော့ . . . . . . အဲဒီအကျိုးပေးတရားသည် သင့်ဘ၀ (life) အသက်ဖြစ်လိမ့်မည်။
. . . . . သည့်ပြင် . . . . .
. . . . . သမ္မာတရား (Truth၊ အမှန်တရား၊ သစ္စာတရား) ထက်ပိုမြင့်မြတ် တဲ့ ကိုးကွယ်မှု ဘာသာ မရှိတော့ပါဘုး။



(၀န်ခံချက် - ကျွန်တော်၏ အီးမေးသေတ္တာထဲရောက်လာသည့် မိတ်ဆွေ တစ်ဦးဆီက ပါဝါပွိုင့် စာတမ်းလေးများကို ဆီလျော်အောင် ဘာသာပြန် ဆိုလိုက်ခြင်းဖြစ်ပါသည်။ ၀က်ဆိုက်လိပ်စာ မပါဝင်တာကြောင့် မဖော်ပြနိုင်တာကို တောင်းပန်အပ်ပါသည်။)

မာကုဒဿန

Read More...

Wednesday, July 6, 2011

အသက်မွေးလောက်သောအစာ

လူသားတွေဟာ နေစဉ်နဲ့အမျှ စားဝတ်နေရးအတွက် ရှာဖွေ လုပ်ကိုင်နေကြတယ်။

"စားဝတ်နေရေး ငွေရှာပေး ကျေးဇူးကြီးပေ တို့ဖေဖေ" ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က သင်ကြားခဲ့ရတဲ့ မူလတန်း ဖတ်စာထဲက အတိုင်းပါပဲ။ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် မိဘတွေက ရှာဖွေ ကျွေးမွေးကြရတယ် "သမုဒ္ဒရာဝမ်းတစ်ထွာ" ဆိုတဲ့ စကားပုံ အတိုင်းပါပဲ။ ၀မ်းကတော့ တစ်ထွာလေးပဲ ဒါပေမယ့် သမုဒ္ဒရာလို အပြောကျယ်တယ်။ ဒါကြောင့် သားသမီး (၃)ယောက် (၄)ယောက် ရှိတဲ့ မိဘတွေဆို သမုဒ္ဒရာ (၃) ၊ (၄) ခုရှိတဲ့အတိုင်း ရှာဖွေ စားသောက်ကြရတယ်။ ၀မ်းတစ်ထွာလေးအတွက် လူသားတွေ ရှာဖွေစားသောက်ရခြင်းဟာ အသက်ရှင်နေထိုင်ကြရဖို့ပါပဲ။ ငွေကြေးမြောက်များစွာ ရှာဖွေနိုင်ရင်လည်း အသက်ရှင် နေထိုင်ရေး အတွက်သာ စားသောက်ကြရတယ်။ ငွေကြေး အနည်းငယ်သာ ရှာဖွေနိုင်ရင်လည်း အသက်ရှင်နေထိုင်ရေး အတွက်သာ ရှာဖွေ စားသောက်ကြရတယ်။

ဒီလို အသက်ရှင် နေထိုင် ရေးအတွက် ရှာဖွေစားသောက်ကြရာမှာ လုပ်ငန်းမျိုးစုံ၊ ရှာဖွေခြင်းမျိုးစုံနဲ့ မိမိတို့ကျွမ်းကျင်တဲ့ လုပ်ငန်းများနဲ့ လုပ်ကိုင်ရှာဖွေကြတယ်။ ဘယ်လိုပဲ သက်ရှင်နေထိုင်ရေးအတွက် ရှာဖွေကြပါစေ။ သူတစ်ပါးကို မထိခိုက်ဘဲ သမ္မာအာဇီဝ ဖြစ်တဲ့ လုပ်ငန်းဖြစ်ဖို့ အရေး ကြီးပါတယ်။ မိမိ အသက်ရှင် နေထိုင်ရေးအတွက် သူတစ်ပါးကို ထိခိုက်ပြီးမှရတဲ့ ၊ သူတစ်ပါး မျက်ရည်ကျပြီးမှရတဲ့ လုပ်ငန်းဖြစ်ရင် အကျိုမရှိဘူး။ တချို့လူတွေက မိမိတို့အသက် ရှင်နေ ထိုင်ရေးအတွက် သူတစ်ပါးကို ထိခိုက်ပြီး ရှာဖွေစားသောက်ကြတယ်။ တချို့ကျတော့လည်း လူကိုအရင်းပြုပြီး စားသောက်ကြတာမျိုး လည်းရှိတယ်။ လောင်းကစားများအားဖြင့်လည်း အချို့က ရင်းနှီး စားသောက်ကြတယ်။ ဘယ်လိုဘဲ ရှာဖွေစားသောက်ကြပါစေ။ သူတစ်ပါးကို မထိခိုက်ဖို့၊ သူတစ်ပါးကို နစ်နာပြီးမှရတဲ့ လုပ်ငန်းမျိုး မဖြစ်ဖို့လိုတယ်။ ကျွန်တော်တို့ဟာ လောကကြီးမှာ နေထိုင်နေတာဟာ ဘုရားသခင်က အခွင့်ပေးထားလို့သာ နေထိုင်ရ ခြင်းဖြစ်တယ်။

ဒီလို ဘုရားသခင်ရဲ့ အခွင့်နဲ့ နေထိုင်တဲ့ လူသား အချင်းချင်းသင့်သင့် မြတ်မြတ်နဲ့ ရှာဖွေစားသောက်ကြဖို့လိုပါတယ်။ ဘယ်လိုပဲစီးပွားရေး မကောင်းသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ အသက်မွေးလောက်တဲ့ အစာအတွက်တော့ အားလုံးကရှာဖွေ စားသောက်လို့ရပါတယ်။ ဘုရားက ကျွန်တော်တို့ ရှာဖွေစားသောက်ဖို့ အခွင့်အရေးများစွာ ပေးထားပါတယ်။ လူသားအားလုံးဟာ မိသားစုကိုယ်စီနဲ့ ဖြစ်တယ်။ မိသားစုအတွက် အားလုံးက နည်းမျိုးစုံနဲ့ ရှာဖွေစားသောက်ရတာချည်းဖြစ်တယ်။ မိမိတို့ကျင်လည်ရာ လုပ်ငန်းများနဲ့ ရှာဖွေစားသောက်ကြတယ်။ တချို့က ကျပန်းလုပ်ငန်း၊ တချို့က ၀န်းထမ်း၊ တချို့က လယ်ယာ လုပ်ငန်း၊ တချို့က အိမ်မှုလုပ်ငန်း စတဲ့ လုပ်ငန်းများစွာနဲ့ ရှာဖွေစားသောက်ကြတယ်။ ရှာဖွေ စားသောက်ကြတဲ့ လုပ်ငန်းတွေ ကွဲလွဲကြပါစေ သမ္မာအာဇီဝ လုပ်ငန်းဖြစ်ဖို့နဲ့ ရိုးသားစွာ ရှာဖွေ စားသောက်ကြဖို့လိုတယ်။ လောကကြီးမှာ လူတွေပဲ ရှာဖွေစားသောက်ကြရတာ မဟုတ်ပါဘူး။ တိရိစ္ဆာန်များလည်း ရှာဖွေ စားသောက်ကြရတယ်။ မနက်မိုးလင်း အိပ်ရာထလျှင် ငှက်ကလေးတွေက တစာစာနှင့် သူတို့ အသက်ရှင် နေထိုင်ရေးအတွက် သူတို့ကိုယ်တိုင် ရှာဖွေစားသောက်ကြရတယ်။ ၀က်တွေကလည်း သူတို့ရဲ့ဝမ်းရေးအတွက် မြေကြီးကို သူတို့ရဲ့ နှုတ်သီးနဲ့ ထိုးလှန်ပြီး စားသောက်ကြရတယ်။ လောကမှာ နေထိုင်ကြတဲ့ သူချင်း မတူညီကြပေမယ့် ၀မ်းရေးအတွက် ရှာဖွေစားသောက်ကြရတာတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့က အသက်ရှင်နေတာကြောင့် အသက်ရှင်နေထိုင်ရေးအတွက် ရှာဖွေစားသောက်ရခြင်းပဲဖြစ်တယ်။

ရှင်မဿဲ ခရစ်ဝင်ကျမ်း ၆း၁၁ မှာ "အသက်မွေး လောက်သော အစာကို ကျွန်ုပ်တို့အား ယနေ့ပေး သနားတော်မှုပါ"....လို့ ဖော်ပြထားတယ်။ သခင်ယေဇူးရဲ့ တပည့်တော်တွေကို သင်ပေးခဲ့တဲ့ ဆုတောင်းမေတ္တာ ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသက်မွေးလောက်တဲ့ အစာအတွက် ဘုရားသခင်ထံမှာ တောင်းလျှောက်တဲ့ ဆုတောင်းချက်ပဲဖြစ်ပါတယ်။ ဘုရားသခင်က အသက်ရှင်တဲ့ လူတွေအတွက်ပဲ မပြောနဲ့ စာ၊ ငှက်တွေကိုတောင် ပစ်မထား ပါဘူး လို့ပြောတယ်။ စာ၊ ငှက်တွေဟာ လယ်ယာလည်းမလုပ်၊ စပါးကျီလည်းမရှိပါဘူး။

ဒါပေမယ့် နေထိုင်အသက်ရှင်ရေးအတွက် ဘုရားကပစ်မထားပါဘူး။ ဘုရားက စာငှက်တွေကို ပစ်မထားသလ၊ို ကျွန်တော်တို့ လူသားတွေကိုလည်း ပစ်မထားပါဘူး။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးလောက်သော အစာကို ပေးတော် မူမှာပဲဖြစ်တယ်။ သူ့ကို အားကိုးခိုလှုံသူ အပေါင်းကို အသက်မွေးလောက်တဲ့ အစာကိုသာမက စားဝတ်နေထိုင်ရေးအတွက်ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ဘ၀ လုံခြုံရေး အတွက် ဘုရားကို အားကိုးခိုလှုံပါလို့ ..... .ရေးသားတင်ပြ လိုက်ပါတယ်။

လူသား (ဆားမှော်)

Read More...