Thursday, June 30, 2011

မိုက်နောင်တ

မိုက်နောင်တ

ဘုရားသခင် ငါ့အရှင်ကို
ငါပင်ပြစ်မှား အပြစ်များကာ
ရှိထားကြယ်ဝ နေ့ညခါခါ
မှောင်ကမ္ဘာထဲ ယိုင်လဲစိတ်ဓာတ်
ရှိအပ်နောင်တ မရှိလှ၍
လောဘတမူ ဒေါသထူပျော
မောဟတောမှာ သောသောဆူညံ
သွေးသားရန်သူ စာတန်နတ်ဆိုး
လောကစိုးခြယ် သူ့ကျွန်ချယ်သ
ဝိညာဉ်ပဖို့ ငရဲသို့ခေါ်
ငါနော်သတိ စမ်းစစ်းမိ၍
တွေးကြည့်ကြောက်စိုး ရှိခိုးပူဇော်
ခမည်းတော်ရှင် သားတော်သ္ခင်
ဝိညာဉ်ရှင်မြတ် သုံးပါးထပ်တူ
တစ်ဆူဘုရား ဦးခိုက်တွားပြန်
မိုက်မာန်စွယ်ချ နောင်တမျက်ရည်
ထွေထွေနွမ်းလျ သံဝေဂဖြင့်
ရင်နင့်ကြေကွဲ တစ်ယောက်ထဲလေ
မိုက်မဲသိုးလေးပြန်လာပြီ........။

ဆီးလ်ဘတ် (ဆင်လူး)

Read More...

Tuesday, June 28, 2011

အဖေ့နှလုံးသားမှ ....

ကျွန်တော့် အဖေသည် စက်ပစ္စည်းအဟောင်း ၀ယ်ရသည်ကို အင်မတန် ၀ါသနာထုံလေသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က စက်ဘီးအဟောင်းတစ်စီး ၀ယ်လာလေသည်။ ဟီးရိုး (Hero) ယောင်္ကျားစီးဘီး၊ ဂျပန်ဘီးတွေ၊ ပြိုင်ဘီးတွေခေတ်စားနေ တဲ့အချိန်ဖြစ်၏၊ မ၀ယ်နိုင်ရင် မ၀ယ်သေးနဲ့ဟု ပြောလည်း မရပေ။ အမေနှင့် ကျွန်တော်တို့ မောင်နှစ်မ သုံးယောက် မျက်နှာပြိုင်တူ ရှုံ့မိကြလေသည်။ ကျွန်တော်တက္ကသိုလ်တက်ဖို့တဲ့ .....

ကျွန်တော် လွယ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး တက္ကသိုလ်ထဲသို့ အဖေ့ စက်ဘီးကြီးနင်းလို့ပေါ့၊ ဘဲလ်ခေါက်ကြည့်တော့ ဟီးရိုးရဲ့ အောင်မြင်ခံညားတဲ့ အသံကြီးပေါ်ထွက် လာလေ၏။ တက္ကသိုလ်လမ်းချိုး အရောက်တွင် စက်ဘီးမှ "ကလောက် ကလောက်" ဆိုပြီး မူလီ တစ်လုံး ထွက်ကျ လာလေသည်။ ကျွန်တော်လည်း စက်ဘီးပေါ်က ဆင်းပြီး မူလီကို လိုက်ရှာ၏၊

ဘယ်လွင့်သွားလည်း မသိ၊ စိန်ပန်းပင်ကြီးအောက်တွင် ရှိသော ကျောင်းသူလေးတွေက "ဦးလေး မူလီက ဟိုဘက် လိမ့်သွားတယ်" ကျွန်တော်လည်း ကောင်းမလေးတွေ ညွှန်ပြရာ ဘက်သို့ မူလီကို ရှာပြီးပြန်တပ် လိုက်၏၊ ကောင်းမလေးတွေကိုတော့ လှည့်လည်း မကြည့်၊ "ကျေးဇူးတင်ပါတယ်"လည်းမပြောချင်၊ စဉ်းစားကြည့်လေ ပြောချင်စရာလား၊ ဒီနှစ်မှ .. ပထမနှစ် ပထမဆုံး တက္ကသိုလ်မြေကို စနင်းတဲ့ရက်.. လူကိုခေါ်လိုက်တာ ဦးလေး ...တဲ့။ အဖေ့စက်ဘီးကြီးကို စိတ်ပျက်မိတာတော့ အမှန်ပါပဲ။ ရှက်လည်း ရှက်လည်းမိတယ်၊ အဲ့ဒီနေ့ကစပြီး ကျွန်တော်လည်း အဖေ့စက်ဘီးကြီးကို ဘယ်တော့မှ မစီးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

"အဖေ ဆိုင်ကယ်တစ်စီး ၀ယ်လာခဲ့တယ်" အဖေ့စကားဆုံးတော့ ကျွန်တော်တို့တွေ ၀မ်းသာအားရ အိမ်ရှေ့ထွက်ကြည့်ကြ၏။ ဘာဆိုင်ကယ်မှ မတွေ့ "အဖေ ဆိုင်ကယ်ဝယ်ခဲ့တယ်ဆို ဘယ်မှာလဲ" အဖေသည် ပြုံးစိစိဖြင့် "ဆိုင်ကယ်ပြင်တဲ့ ဆိုင်မှာ မင်းတို့ နှစ်ယောက်သွား တွန်းလာခဲ့" "ဗျာ" ကျွန်တော်တို့တွေ မျက်လုံး ပြူးသွားကြလေသည်။ အဟောင်းကြီး ၀ယ်ခဲ့ပြန်ပြီ ထင်တယ်။

အမေကတော့ အဟောင်းဝယ်ခဲ့လို့ ဖျစ်တောက် ဖျစ်တောက်ပြောနေလေရဲ့။ ဆိုင်ကယ်ပြင်တဲ့ ဆိုင်ရောက်လို့ ဆိုင်ကယ်ကိုကြည့်လိုက်တော့ ရှေးတုန်းက ဆိုင်ကယ်ကြီး၊ စက်ကနိုးလို့မရ၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လည်း ရှက်လို့ မှောင်တော့မှ အိမ်ကိုပြန်တွန်း လာခဲ့၏။

အဖေ့ အစီအစဉ်က အင်ဂျင်ပြန်လဲ မလို့တဲ့။ နောက်တစ်နေ့ ကျွန်တော့် ညီနှင့် သူ့သူငယ်ချင်း တစ်ယောက် လျှောက်ကလိကာ စက်နိုးကြည့်၏။ စက်နိုး သွားလေသည်၊ သူတို့ နှစ်ယောက်တော့ တက္ကသိုလ်သို့ မောင်းချသွားလေသည်။ တစ်လမ်းလုံး မီးခိုးတွေ အလိပ်လိုက်၊ အလိပ်လိုက် ပြန်လာတော့နှစ်ယောက်လုံး ချွေးတွေ ရွှဲနေ၏ ဆိုင်ကယ်မှာ စက်သေသွားသောကြောင့် တစ်ယောက် တစ်လှည့် ပြန်တွန်း လာခြင်းဖြစ်၏။ ညီမလေးကတော့ ပြတ်သားသော အမိန့်တစ်ခု ထုတ်လေသည်။ အဲ့ဒီ ဆိုင်ကယ်ကြီးနဲ့ သူ့ကိုကျောင်းလာကြိုခဲ့ရင် အဲ့ဒီနေ့က စပြီး ကျောင်းမတက်တော့ဘူး .. တဲ့၊ အချိန်တွေ တဖြည်းဖြည်းရွေ့လျားသွားလေသည်။

ဆိုင်ကယ်ကြီးကတော့ ပြင်တဲ့ဆိုင်မှာ ငြိမ်သက်စွာ အိပ်ပျော်နေလေရဲ့။

တစ်နေ့ .. ကျွန်တော် အပြင်မှပြန်လာတော့ အိမ်ထဲမှ "ဒုန်း ဒုန်း ဒိုင်း ဒိုင်း" ဆိုတဲ့ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ် နေခြင်းကြောင့် .. "ဟ ဘာတုန်းဟ" ဆိုပြီး အိမ်ပေါ် ပြေးတက်ကြည့်မိ၏။ ကျွန်တော် မျက်လုံးပြူး သွားလေသည်။ တရုတ် လက်ဆွဲမီးစက် အသံ၊ အသံက ကျယ်လှချည်လား။ အဖေ ပုသိမ်ဘက်က ခြောက်သောင်းကျပ်နဲ့ ၀ယ်လာတာတဲ့။ အဟောင်းကြီး၊ အသစ်မှ ရှစ်သောင်းကျော်ကျော်လေးရှိတာ... ဒီတစ်ခါတော့ မရတော့၊ အမေနှင့် ကျွန်တော်တို့ မောင်နှမသုံးယောက်၊ အိမ်ကို အလည်ရောက်နေတဲ့ အဖေ့အမျိုးတွေ အဟောင်းဝယ်လာလို့ ၀ိုင်းပြောကြလေသည်။ အဖေကတော့ တစ်ခွန်းတည်း ပြန်ပြောလေသည်။ "ဒီမီးစက်ကို ငါကြိုက်လို့ ငါဝယ်ချင်လို့ ၀ယ်လာတာ မဟုတ်ဘူးဟေ့" ဟုဆိုကာ မီးစက်အားပိတ်လိုက်၊ ပြန်နိုး လိုက်လုပ်နေလေသည်။ အဲဒီညက ကျွန်တော်တို့ အိမ်မှာရှိတဲ့ ဖန်ချောင်းတွေ၊ မီးသီးတွေ မှိန်သွားလိုက် လင်းလာလိုက်နှင့် သာယာ ငြိမ့်ညောင်းစွာ ကခုန်နေလေတော့သည်။

အချိန်တွေ တဖြည်းဖြည်း ရွှေ့လျား သွားခဲ့လေပြီ၊ မီးစက်မှာတော့ လှေကားခြေရင်းတွင် အပုံလိုက်လေး  ငြိမ်သက်စွာနှင့်.....။

"ငါ့စက်ဘီးကို ခုချိန်မှာ (၅) သိန်းနဲ့ လာတောင်း ၀ယ်တောင် မရောင်းဘူးဆိုတာ မင်းတို့မှတ်ထားကြ" အဖေ၏ ခက်ထန်ထန် ပြောလိုက်သောစကား၊ တစ်မိသားစုလုံးက အဖေ့စက်ဘီးကြီးကို ရသလောက်နှင့်ရောင်းပြီး အသစ် ၀ယ်ခိုင်းသောကြောင့် ဖြစ်သည်။ အဖေ့ညီ ကျွန်တော့် ဦးလေးက ကျွန်တော့်အနားကပ်ကာ "ဟေ့ကောင် အကိုကြီးက သူ့စက်ဘီးကို ငါးသိန်းနဲ့ ဘယ်ရောင်းနိုင် မလဲကွ၊ ၀ယ်တဲ့အချိန်က စပြီး ခုချိန်ထိ သူပြင်ထားတာ ငါးသိန်းမကတော့ ဘူးလေ" ကျွန်တော်လည်း "သြော်" တစ်လုံးသာ ချနိုင်လေ၏။ ထိုအချိန်တွင် တယ်လီဖုန်းဆိုင်မှ ကျွန်တော့် ဖုန်းလာကြောင်း လာပြောသဖြင့် ကျွန်တော် ဖုန်းသွား နားထောင်ပြီး ချက်ချင်း အိမ်ပြန်လာခဲ့လေသည်။

"ပုသိမ်က သူငယ်ချင်း တစ်ယောက်က အလုပ်လျှောက်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ အမြန်ရထားနဲ့ ထည့်ပေး လိုက်တယ်၊ ဘူတာကနေ စောင့်ယူပါတဲ့ ... အဲဒီ စာရွက် စာတမ်းတွေဖြည့်ပြီး မနက်ဖြန် ရန်ကုန်ကို သွားရမယ်တဲ့ အဖေ" အဖေသည် နာရီကို တစ်ချက်ကြည့်ပြီး "သား ရထားဝင်ဖို့ ၁၅ မိနစ်ပဲ လိုတော့တယ် မမီရင် မင်းစာရွက်တွေ ကြံခင်းထိ ရထားနဲ့ ပါသွားလိမ့်မယ်" ကျွန်တော်လည်း တွေဝေ မနေတော့ဘဲ အဖေ့ စက်ဘီးကြီးကို တက်ခွကာ ဘူတာရုံသို့ ခပ်မြန်မြန် ထွက်ခဲ့၏။

ရထားမီ ရုံလေးပင် နှစ်မိနစ် သုံးမိနစ်လောက် နောက်ကျလျှင်.... ကျွန်တော်သည် အဖေ့ စက်ဘီးကြီးအား တောင်းပန်သော မျက်ဝန်းများနှင့် ကြည့်မိသည် ထိုအချိန်တွင်... "ငါ့တူ ဦးလေးကို မှတ်မိလား" ကျွန်တော့်အားနှုတ်ဆက်သူကို ကြည့်ပြီး ခဏတွေဝေသွား၏၊

အတန်ကြာမှ "အော် ဦးလေးက အဖေ့သူငယ်ချင်း မဟုတ်လား ပုသိမ်ဘက်ကပြောင်းသွားတယ်ဆို"...
"အေးကွယ် ဦးလေး ပုသိမ်ရောက်နေတာ မင်း အဖေနေကောင်းလား" ...
"ဟုတ်ကဲ့ ကောင်းပါတယ်"
"မင်းအဖေကို ပြောလိုက်ပါကွာ ဦးလေးတို့ ကျေးဇူး အရမ်းတင်ပါတယ်လို့၊ ဦးလေးတို့ မိသားစု ညတိုင်း မင်းအဖေအတွက် မေတ္တာ ပို့ဆုတောင်းပေးပါတယ်လို့"....
"ဗျာ...ဘာဖြစ်လို့လဲ"
"ဒီလိုကွယ့် . . .ဟိုတစ်လောက မင်းအဖေ မီးစက်တစ်လုံး ပါလာတယ် မဟုတ်လား၊ အဲ့ဒါ ဦးလေး မီးစက်ကွ မင်းအဖေနဲ့ တွေ့တဲ့အချိန် ဦးလေး မိန်းမက ကိုယ်ဝန် အရင့်အမာကြီးနဲ့ကွ၊ ပိုက်ဆံ တစ်အားလိုနေတာ၊ ဘယ်မှာမှလည်း ချေးလို့ မရဘူး၊ အဲ့ဒီအချိန်မှာ မင်းအဖေနဲ့ တွေ့တာပဲ။ ဦးလေးလည်း အကြောင်းစုံပြောပြပြီး အကူအညီ တောင်းတယ်ကွာ။ မင်းအဖေက ငွေခြောက်သောင်း ထုတ်ပေးတယ်။ ပြေလည်မှပဲ ပြန်ပေးပါတဲ့။ ဦလေး အရမ်း အားနာတယ်။ မင်းအဖေက ငါ့ကို တွေ့တိုင်း ကူညီတာ၊ ဒါနဲ့ ငါလည်း အိမ်မှာရှိတဲ့ မီးစက်ကို အတင်းထိုးပေးတယ်၊ ရှိတာကလည်း အဲ့ဒါပဲ ရှိတာလေ။

နောက် ဦးလေး ပိုက်ဆံ ပြန်ဆပ်ပါ့မယ်။ လောလောဆယ်တော့ ဒီမီးစက်လေး ယူသွားပါ ဆိုပြီး ဦးလေး အတင်းပေး ရတယ်။ တန်ရာ တန်ကြေးဖြတ် လိုက်တာ မဟုတ်ဘူး.... အားနာလွန်းလို့ မီစက်ကလည်းကွာ ရောင်းလည်း တစ်သောင်း နှစ်သောင်း တောင်ရမှာ မဟုတ်ဘူး။ ဦးလေးလည်း မင်းအဖေဆီက ပိုက်ဆံရတာနဲ့ မိန်းမကို ချက်ချင်း ဆေးရုံပို့လိုက်တယ် အချိန်မှီရုံ လေးပဲဟေ့။ ဦးလေးတို့ မိသားစုလေ မင်းအဖေရဲ့ ကျေးဇူး တွေ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။

မင်းအဖေက ဦးလေး မိန်မနဲ့ ဦးလေးသားလေး အသက်ကို ကယ်ခဲ့တာ။ ဆက်ဆက် ပြောလိုက်ပါကွာ။ ဦးလေး ကျေးဇူး အရမ်းတင်တယ်လို့ ခုတော့ ကားလာတော့မှာမို့ မ၀င်တော့ဘူး နောက်မှ ဦးလေး လာခဲ့ဦးမယ်"....ဟု ဆိုကာ မျက်ရည် စလေးများသုတ်ကာထွက်သွားလေသည်။

ကျွန်တော် အဖေ့ စက်ဘီးကြီးကို နင်းကာ အိမ်သို့ ပြန်ခဲ့လေသည်။ မီးစက်အိမ်ကို ပါလာတဲ့နေ့က အဖေပြောသော စကားကို ကျွန်တော် ကြားယောင်နေမိ၏။
"ဒီမီးစက်ကို ငါကြိုက်လို့ ငါဝယ်ချင်လို့ ၀ယ်လာတာ မဟုတ်ဘူးဟေ့" နောက်ပိုင်း သိလိုက်ရသည်မှာ ဆိုင်ကယ်ကြီး ပိုင်ရှင်မှာ အင်မတန်မှ ဒုက္ခရောက်ပြီး အခက်အခဲ ရှိနေ သောကြောင့် အဖေ့ကို ဆိုင်ကယ်ကြီးအား အတင်းထိုး ရောင်းလိုက်ခြင်း ဖြစ်သည်။ ဆိုင်ကယ် အစုတ်ကြီးမှန်း သိသိကြီးနှင့် အဖေ ၀ယ်ခဲ့ခြင်း ဖြစ်၏။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖေ ၀ယ်ခဲ့တဲ့ စက်ပစ္စည်း အဟောင်းတွေရဲ့ နောက်မှာ အဖေ့နှလုံးသားရဲ့ ကြင်နာ သနားမှု၊ စာနာ နားလည်ပေးမှု၊ ကူညီ ရိုင်းပင်မှုများသည် ကျွန်တော်တို့ဝိညာဉ်ရေး၊ လူမှုရေးဆိုင်ရာတွေ အတွက် များစွာ အထောက်အကူ ပြုသော တန်ဖိုးမဖြတ်နိုင်သော လမ်းညွှန်မှု တစ်ခု ဖြစ်ကြောင်း လောက လမ်းပေါ် လျှောက်လှမ်းရင်းဖြင့် တဖြည်းဖြည်း သိလာခဲ့ ရလေတော့သည်။

စန်းယုပိုင် (ဟင်္သာတ)

Read More...

Monday, June 27, 2011

ကြာနီကန် ခရစ်ယာန်သုသာန်မှာ ဆုတောင်းပွဲနှင့် သစ်ပင်စိုက်ပွဲ ပြုလုပ်

          မန္တလေး ကက်သလစ်သာသနာ စိန်လာဇရူး နာရေးကူညီမှုနဲ့ သင်းချိုင်း ပြုပြင်ရေးအသင်းက ဦးစီးပြီး ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၂၅ ရက်နေ့က ကြာနီကန် ခရစ်ယာန်သုသာန်မှာ ဆုတောင်းပွဲနှင့် သင်္ချိုင်းတော်အတွင်းမှာ စိမ်းလန်းစိုပြေစေဖို့ သစ်ပင်စိုက်ပွဲ လုပ်ကြသည်။



 ဓာတ်ပုံ- မဇ္ဈိမ

Read More...

Thursday, June 23, 2011

45th World Communications Day Message 2011



45th World Communications Day Message 2011 
(၄၅ ကြိမ်မြောက် ၂၀၁၁ ခုနှစ် ကမ္ဘာဆက်သွယ်ရေးနေ့ သ၀ဏ်လွှာ

Read More...

Wednesday, June 22, 2011

မန္တလေးသာသနာ ဘလော့ မိတ်ဆက်

ခရစ်တော်၌ ချစ်ခင်ရသော ညီအစ်ကို မောင်နှမ အပေါင်းတို့ -

ယခု မန္တလေးသာသနာ ဘလော့သည် မန္တလေးသာသနာ website ၏ feedback မှ တောင်းဆိုမှု့ အရ blog အဖြစ် sub-domain ခွဲပြီး ဘာသာရေးဆိုင်ရာ သတင်း၊ ဆောင်းပါး၊ သက်သေခံချက်များ၊ ကဗျာ၊ သီချင်း၊ ဗီဒီယိုကလစ် စသည့်များကို တစ်ဦးနှင့် တစ်ဦး ပြန်လည်ဝေမျှ သွားနိုင်ရန်အတွက် blog အဖြစ် ဖန်တီးလိုက်ခြင်းဖြစ်ပါသည်။ Blog ၏ အဓိကရည်ရွယ်ချက်မှာ sharing ဖြစ်သည်။  မန္တလေးသာသနာ blog ဟုခေါ်ဆိုသော်လည်း မြန်မာနိုင်ငံသာသနာ အသီးသီးမှ ကက်သလစ် ဘုန်းတော်ကြီး ဘလော့ဂါများ၊ ပြင်ပမှ ပညာသင်ကြားနေကြသော ဘုန်းတော်ကြီးများ၊ ၀ါသနာရှင် လူကြီး/လူငယ်များကိုလည်း ဖိတ်ခေါ်ပြီး ရေးသား တင်ဆက်သွားမည်ဟု မျှော်မှန်းထားပါသည်။

အသစ်သော ဘလော့ရေးသူများ အနေဖြင့်လည်း webmaster@mandalayarchdiocese.com ကို ဆက်သွယ်ခြင်းဖြင့် မိမိတို့၏ account များမှ ပိုစ့်များတင်နိုင်အောင် ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။ ပိုစ့်များတင်ရာတွင်လည်း မြန်မာ(zawgyi)ဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုး တို့ဖြင့် မိမိတို့ ကြိုက်ရာ ရေးသားနိုင်ပါသည်။ မိမိတို့အနေဖြင့် စာမူ/ရေးသားတင်ပြ လိုချင်သည်များ ရှိသော်လည်း ဘလော့ပို့စ်တင်ရန် အခက်အခဲ ဖြစ်နေသူများ၊ မြန်မာစာရိုက်ရာတွင် အခက်အခဲများရှိသူများအနေဖြင့်လည်း webmaster@mandalayarchdiocese.com ကို email ပေးပို့ခြင်းဖြင့် ကူညီပေးသွားမည်ဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာကက်သလစ်များနှင့် ပတ်သက်ပြီး အင်တာနက်ပေါ်တွင် ၀က်ဆိုဒ်များ၊ ဘလော့များနှင့် အခြားသော် လှုပ်ရှားမှု့များမှာ လွန်စွာမှ အားနည်းနေသေးပါသည်။  ထိုကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် အတွက် တထောင့်တနေရာမှ ကြိုးပမ်းခြင်း ဖြစ်ပေလိမ့်မည်ဟု ယုံကြည်မိပါသည်။


Truth, Proclamation and Authenticity of Life in the Digital Age



Read More...