Saturday, December 10, 2011

ဒီဇင်ဘာညရှုခင်း

ဟိုရှေးရှေးတုန်းကပေါ့
ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အောက် လင်းလက်တဲ့ကြယ်စင်တွေကြားမှာ
ထူးဆန်းတဲ့ကြယ်ကြီးကလည်း အလင်းတန်း တွေဖြာထွက်လို့ပေါ့ . . . ။

ပြီးတော့ဖြူစင်တဲ့တိမ်တိုက်တွေရဲ့အောက်မှာ မွှေးမြတဲ့ပန်းကလေးတွေ
သနားစရာကောင်းတဲ့နွားတင်းကုပ်အတွင်းက နွားကလေးတွေ၊ချစ်စရာသိုးကလေးတွေ။

အဲဒီအချိန်မှာ ကမ္ဘာလောကကြီးထဲမှာရှိတဲ့ လူသားတွေကလည်း
ကိုယ်စီကိုယ်စီမာနတွေနဲ့ ၀ံ့ကြားကြားလို့ပေါ့ ဒါပေမဲ့ဒီညသန်းခေါင်ယံအချိန်မှာ
လူသားတစ်ဦးထူးဆန်းစွာမွေးဖွားလာခဲ့ပါတယ် . . . ။

အဲဒီအချိန်ကစပြီးသဘာဝလောကရဲ့အရာအားလုံးဟာ ပျောက်ကွယ်သွားရတယ်
လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ လည်းပျောက်ဆုံးသွားကြရတယ်။

ဘာဖြစ်လို့လည်းဆိုတော့အရာရာအားလုံးကိုဖုံးလွှမ်းပျောက်ကွယ် သွားစေမယ့်
ချစ်မေတ္တာတန်ခိုးတော်၊ ဣနြေ္ဒ၊ အလှတရား၊ သစ္စာတရားတွေနဲ့ ဖွားမြင်လာခဲ့တဲ့
ဗက်သလင်မြို့၊ နွားစားခွက်အတွင်းမှာ စံနေတော်မူတဲ့
ခမည်းတော်ရဲ့ တစ်ပါးတည်းသောသားတော်ယေဇူးဘုရားရှင်ကြောင့်ပဲပေါ့....။

မောင်စိုး (ခေတ္တ နေပြည်တော်)



Read More...

Saturday, November 19, 2011

ကျွန်ုပ်လွတ်လပ်သွားပါပြီ။ ( I'm free )

လှမ်းကြည့်လိုက်ပါ။ သူ ကျွန်ုပ်တို့ကို နှုတ်ဆက်နေပါပြီ။ ကျွန်ုပ်အတွက် မငိုပါနှင့် တော့ ကျွန်ုပ် လွတ်လပ် သွားပါပြီဟု လှမ်းပြော နေပါသည်။

ဘုရား ရှင်ညွှန်ပြသော လမ်းကလေး အတိုင်း လျှောက်လှမ်းနေပြီဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားရှင်၏ လက်ကို ဆုပ်ကိုင်လျက် နောက်မှာ ကျွန်ုပ်တို့အားလုံးကို ချန်ရစ်ခဲ့ပြီ ဖြစ်သည်။

ဤကမ္ဘာမြေပေါ်မှာ နောက်တစ်နေ့ အထိ ကျွန်ုပ် မနေနိုင်တော့ပါ။ အလုပ်လုပ်ရန် အတွက်သော် လည်းကောင်း၊ ချစ်ခင်စွာ နှင့် ရယ်မောခြင်း၊ ကစားခြင်း စသည်တို့ကို အဆုံး မသတ်နိုင်သေးခင်၊ ကျွန်ုပ်အားလုံးကို ထားရစ်ခဲ့ပြီဖြစ်သည်။ ဤနေ့၏ လှပသော နောက်ဆုံး အချိန်လေးကို နောက်ဆုံးနှုတ်ဆက် ခဲ့ရတော့ မည်ဖြစ်သည်။

ချစ်ခဲ့ရသူများ၊ တွယ်တာခဲ့သော အပြုံးပွင့်များ၊ ဝေမျှခဲ့သောအကြင်နာများ အားလုံးအားလုံးကို အထူး သတိရနေမည် ဖြစ်သည်။ ခံထမ်းခဲ့ရသော ဆင်းရဲဒုက္ခများကို မနက်ဖြန်ရောက်လျှင် လှပသော နေရောင်ခြည်အောက်၌ မေ့ပျောက်ပစ် လိုက်ပါတော့မည်။ ကျွန်ုပ်၏ ဘ၀မှာလည်း အလွန် တန်ဖိုး ထားခဲ့ရသော သူငယ်ချင်းများ၊ ချစ်ခင်ခဲ့ရသူများ၏မေတ္တာတရားများနှင့် ပြည့်စုံခဲ့ပါပြီ။ သတ်မှတ် ထားသောအချိန် လေး ကုန်ဆုံးတော့မည်ဖြစ်၍ သည်အချိန်ကို ကြေကွဲစွာနှင့် မဆွဲဆန့်စေချင်တော့ပါဟု မြည်တမ်းရင်း ထွက်ခွာသွားသော သူကို လောက၏ဝေဒနာများဖြင့် ပင်ပန်းနွမ်းနယ် လှပြီကို သိသော ဘုရားရှင်မှ လက်ကမ်း ကြိုဆို နေပါပြီ။ သူ့ ပခုံးလေးကို ဖက်လျက် ညင်သာစွာနှင့် ချစ်သား ငါနှင့် လိုက်ခဲ့ပါတော့ ဟုခေါ်သွားခဲ့ပါပြီ။ သူ တဖြည်းဖြည်းပျောက်ကွယ် သွားသည်ကို မျက်ရည်ရွှဲနှင့် လှမ်းကြည့်ရင်း၊ ကျွန်ုပ်တို့နှင့် သံယောဇဉ် ကြီးမားခဲ့ပါသော်လည်း ဤလောကထဲနေပါဦးဟု တားမြစ်လို့ မရခဲ့ပါ။

နှလုံးသား လှပစွာနှင့် အနစ်နာခံတတ်သော၊ အလုပ် ကြိုးစားသော သူ့ကို ဘုရားရှင်မှ နားခွင့်ပေးခဲ့ပါပြီ။ သူ့ကို ချစ်သော ကျွန်ုပ်တို့၏နှလုံးသားများ ကွဲအက်ခဲ့ရပါပြီ။


ဘုရားရှင်၏နာမတော်အားဖြင့်
လေးစားစွာဖြင့်
ထရေဇားမြင့်

Read More...

မြန်မာပြည်ကိုချစ်ပါ (Myanmar Christian Song)



မြန်မာပြည်ကို ချစ်ပါ။

Read More...

Friday, November 11, 2011

နည်းမှန်သောအလှူဒါန

လွန်ခဲ့တဲ့ ၁၉၄၉ ခုနှစ်ထုတ် ဗိုလ်တထောင် သတင်းစာထဲက "လှူတတ်လျှင်မြတ် ပါသည်" ဆိုတဲ့ ဆောင်းပါးကို ဖတ်ဖူးပါတယ်။


ဘုရားတစ်ဆူရဲ့ ပရ၀ဏ် တံတိုင်းကြီးမှာ အကန့်တိုင်း အကန့်တိုင်း အလှူရှင်တွေရဲ့ နာမည်၊ ကမ္ဗည်းတွေကို ထိုးတတ် ကြပါတယ်။ တစ်နေရာမှာ ကမ္ဗည်းစာတန်း လုံးဝ မထိုးဘဲ ကွက်လပ် ကျန်နေတဲ့ နေရာကိုတွေ့ရတဲ့ လူတစ်ယောက်က ဒီနာမည် မထိုးတဲ့ အလှူရှင်ကို ပိုပြီး အထင်ကြီး လေးစားသွားခဲ့ပါတယ်။

ဒီအလှူရှင် ကတော့ မဏ္ဍပ်တိုင်တက် မပြလိုတဲ့ အလှူရှင်ပဲ၊ ထင်ပေါ်ကျော်ကြားမှုကို မလိုလားတဲ့ စေတနာရှင် အစစ်ပဲ" လို့ အတွေးနဲ့ သာဓုခေါ်နေမိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာပဲ အုတ်တံတိုင်းအနီးမှာ တခြား လူတစ် ယောက်ကိုတွေ့လို့ သူ့ရဲ့ အတွေးကို အဖော်စပ် လိုတဲ့ သဘောနဲ့ စကားစ လိုက်ပါတယ်။

"ဒီ အုတ်တံတိုင်းနေရာမှာ အလှူရှင် နာမည်ရေးထားတာ မတွေ့ရပါလား" လို့ အပြောမှာ အဲဒီလူက- "ဟုတ်ပါတယ်ဗျ၊ အလှူရှင် ကတော့ ကျွန်တော် ပါပဲ။ တံတိုင်းနေရာက ကျဉ်းနေတော့ ကျွန်တော့် မိသားစုနာမည် အကုန်ပါအောင် ဘယ်လို ကမ္ဗည်းထိုးရမှန်း မသိသေးလို့ကြာနေတာပါ"လို့ ပြန်ဖြေလိုက် ပါတယ်။

"ဒါနသည် လောကီလောကုတ္တရာ ခပ်သိမ်းသော အကျိုးကို ပြီးစီးစေနိုင်သည်လို့ အဆိုရှိတဲ့ အတိုင်း လုပ်ငန်း ကိစ္စတွေကို ဆောင်ရွက်ရာမှာ ပေးကမ်းခြင်းကို ရှေ့သွားပြုရင်း အောင်မြင်မှု ဆုလာဘ်ကို မလွဲမသွေ ရရှိနိုင်ပါတယ်။ လောကမှာပေးနိုင်၊ ကမ်းနိုင်ရင် မျက်နှာပွင့်ပါတယ်။ ပေးကမ်းခြင်းဖြင့် မေတ္တာနှောင်ကြိုး ဖွဲ့ချည်နိုင်ပါတယ်။ ရှိပြီးတဲ့နှောင်ကြိုးကို ပိုပြီး ခိုင်မြဲစေနိုင်ပါတယ်။ မုန်းစိတ်ကို ပျောက်စေပြီး ချစ်စိတ်ရောက်စေနိုင်တယ်။

နောက်တစ်ခါ ကောင်းမှု ကုသိုလ်ပြုရာမှာ "လှူဒါန်းခြင်း"သည် အခြေခံဖြစ်သည် ဆိုတဲ့စကားဟာ ကျွန်တော်တို့ မြန်မာလူမျိုးများနဲ့ အလွန် အင်မတန် ရင်းနှီးနေပါတယ်။ သာမန်အားဖြင့် အလှူဒါနပြုခြင်းဟာ ရဟန်း၊ သံဃာတော်များကို ပစ္စည်းလေးပါး စသည်တို့ကို လှူဒါန်း ဆက်ကပ်ခြင်း၊ အသင်းတော်အား ကူညီ ထောက်ပံ့ခြင်း၊ အလှူပွဲလာ ဧည့်သည် ပရိတ်သတ်အား ဧည့်ခံကျွေးမွေးခြင်း၊ မိမိရဲ့ကုသိုလ် ရဖို့ အမျှ အတန်းဝေခြင်း ဆိုပြီး နားလည် ထားကြပါတယ်။ တကယ်တမ်း လှူဒါန်းတယ်ဆိုတဲ့ နေရာမှာလည်း အပို အလျှံရှိသူ၊ ချမ်းသာကြွယ်ဝ သူတွေက မရှိ ဆင်းရဲသားတွေကို စွန့်ကြဲပေးကမ်းခြင်းဟာလည်း အကျုံးဝင် ပါတယ်။ ပိုသူက လိုသူကို ဖြည့်ဆည်းပေးကမ်းခြင်းဟာလည်း ဘာသာတရားတိုင်းရဲ့ အဆုံးအမနဲ့ ကိုက်ညီ ပါတယ်။ ဒီထဲမှာမှ မပိုလျှံပေမဲ့ မိမိ အသက်ရှင်ဖို့ရှိတာထဲက ရှိသမျှလေးကို ဘုရားအား လှူဒါန်းတာ ကတော့ အမြတ်ဆုံးဖြစ်တဲ့ အကြောင်း ခရစ်တော်က မုဆိုးမရဲ့ အလှူအကြောင်း (လုကာ ၂၁း၁-၄) မှာ မိန့်ကြားထား ခဲ့ပါတယ်။

အထူးသဖြင့် သာသနာ ထွန်းကားရေး၊ လူအများကောင်းစားရေး၊ လူအများ ကျန်းမာချမ်းသာရေး၊ လူအများမေတ္တာပြန့်ပွားရေး တို့ကို ဆောင်ရွက်နေခဲ့တဲ့ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များကို စေတနာ သန့်သန့်နဲ့ ရက်ရောစွာ လှူဒါန်းခြင်း ဟာမြင့်မြတ်တဲ့ အလှူဒါနများပင် ဖြစ်ပါတယ်။

လှူဒါန်းပေးကမ်းတယ် ဆိုတာ မေတ္တာရဲ့ ရုပ်သွင်ဖြစ်ပါတယ်။ ပေးကမ်းခြင်းဟာ မေတ္တာတရားကို ကာယကံ၊ ၀စီကံတို့နဲ့ ပီပီ ပြင်ပြင် ပုံဖော်ခြင်းဖြစ်ပါတယ်။ မေတ္တာတရား ရှိမှပေးနိုင်၊ ကမ်းနိုင်ပါတယ်။ ကျွေးနိုင်၊ မွေးနိုင် ပါတယ်။ သူတစ်ပါးကို ကျွေးလိုမွေးလိုစိတ်၊ ပေးလိုကမ်းလိုစိတ်ဟာ မေတ္တာတရားကို အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်။ ဒါကြောင့် "ထိုင်ပါဦး၊ နားပါဦး၊ စားပါဦး၊ သောက်ပါဦး" စသဖြင့် ပြောဆိုခြင်းဟာ မိမိရဲ့ ၀စီကံမေတ္တာကို သရုပ်ဖော်ခြင်း ဖြစ်ပါတယ်။

လက်တွေ့ပေးကမ်း၊ ထောက်ပံ့၊ကျွေး မွေးခြင်းကတော့ ကာယကံမြောက်မေတ္တာကို သရုပ်ဖော်ခြင်းဖြစ်ပါတယ်။
ဘာသာတရားတိုင်းရဲ့ အဓိက အခြေခံသွန်သင်ချက်ဖြစ်တဲ့ ဘုရားကိုချစ်ခြင်း၊ ရိုသေဆည်းကပ်ခြင်း၊ လူသား အချင်းချင်း မေတ္တာ တရားထားခြင်းဆိုတာဟာ အလွန် အင်မတန် အရေးကြီးလှပါတယ်။ ဒါနပြုဖို့ ပေးကမ်း စွန့်ကြဲဖို့ဆိုတာ တော်တော် ခက်ခဲတတ်ပါတယ်။ လူရဲ့ ပင်ကိုယ် သဘာဝစရိုက်ဟာ ပစ္စည်းဥစ္စာကို ပိုင်ဆိုင် သိမ်းဆည်းထားလိုတယ်။ သူတစ်ပါးကို ပေးဖို့ နှမြောတွန့်တို တတ်ပါတယ်။ နှမြောတွန့်တိုမှုကို အနိုင်ယူပြီးမှသာ အလှူဒါနဟာ အထမြောက် ပါတယ်။

ဒါကြောင့် ရှင်ပေါလူးက လူတိုင်းပင် မိမိ၏ စေတနာ စိတ်ပြဌာန်းသည့် အတိုင်း ပေးလှူရာ ၏။ နှမြောသောစိတ်နှင့်သော် လည်းကောင်း၊ ပေးလှူရန် တာဝန်ဝတ္တရားရှိသည် ဟူသော စိတ်ဖြင့်သော် လည်းကောင်း၊ မပေး လှူအပ်။ ထာဝရဘုရားသည် စေတနာနှင့်ပေးလှူ တတ်သော သူကိုနှစ်သက်တော်မူ၏။ သင်သည် လိုအပ်သမျှသော အရာတို့ကို အစဉ်ပင် ရရှိပြီးလျှင် ကောင်းမှုအမျိုးမျိုးတို့တွင် ကူညီ မစနိုင်ကြစေရန် ထာဝရဘုရားသည် သင်တို့ အလိုရှိသမျှသော အရာတို့ထက် ပို၍ပေးရန် တတ်နိုင်တော်မူ၏။ ကျမ်းစာ တော်တွင် "သူသည် ဆင်းရဲသူတို့ကို ရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏" သူ၏ သနားကြင်နာမှုသည် ထာဝစဉ်တည်၏ ဟူ၍ဖော်ပြပါရှိ၏ လို့ (ဒု-ကော် ရိန်သု - ၉း၇-၉) မှာ တိုက်တွန်းနှိုးဆော် ထား ပါတယ်။

အလှူဒါန တစ်ခု အထမြောက်ဖို့ ဘယ် လောက် ခက်ခဲတဲ့အကြောင်း ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တုန်းက အဖြစ် ကလေးက သင်ခန်း စာ ယူစရာပါပဲ။

မြတ်စွာ ဘုရားလက်ထက် သာဝတ္ထိပြည်မှာ ပုဏ္ဏား လင်မယားနှစ်ယောက်ပေါင်းမှ အပေါ်ရုံခြုံထည်၊ ပုဆိုးလေးသာ ပိုင်ဆိုင်တဲ့ ဆင်းရဲသား ပုဏ္ဏား လင်မယားရှိတယ်လို့ ဆိုပါတယ်။ ပွဲလမ်းတစ်ခုခုရှိလို့ လင်သွား၊ မယားက အိမ်မှာနေခဲ့ရပြီး၊ မယားသွားရင် လင်ကအိမ် မှာနေခဲ့ရတယ်။ ခြုံထည်တစ်ခုကို တစ်လှည့်စီ ခြုံပြီး ပွဲတိုး ရပါတယ်။

တစ်နေ့မှာတော့ ပုဏ္ဏားကြီးက မြတ်စွာဘုရား တရားဟောတာကို သွားရောက် နာယူတဲ့အခါ စေတနာ သဒ္ဒါတရား တဖွားဖွား ပေါ်လာပြီး အပေါ်ရုံပုဆိုးကို မြတ်စွာဘုရားအား လှူဒါန်းဖို့ စိတ်ကူးလိုက်ပါတယ်။ လှူလိုက်ရင်တော့ လင်ရော၊ မယားရော ပွဲတိုးစရာခြုံ ထည်မရှိတော့တာကို ကြိုတင်တွေးမြင်မိလို့ လှူဖို့ စိတ်ကူးကို ဖျက်လိုက်ပါတယ်။ ထပ်လှူချင် စိတ်ပြန်ဖြစ်ပေါ်လာ ခဲ့ပါတယ်။ ဒါပေမယ့် နှမြောစိတ်က တားလို့ အလှူ စိတ်ကူးပျက်သွား ပြန်ပါတယ်။ ဒီလိုနဲ့ ညသုံးယံ ပတ်လုံး တရားပွဲ မပြီးမချင်း လှူဖို့ စိတ်ကူး လိုက်၊ နှမြောစိတ်က နှောင့်ယှက်လိုက်နဲ့ ချီတုံ၊ ချတုံဖြစ်နေခဲ့ပါတယ်။

ဒါနဲ့ တရားပွဲပြီး ခါနီးတဲ့အခါမှာတော့ "မရှိလို့ မလှူ၊ မလှူလို့ မရှိ" ဒီလို ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်နဲ့ ကြုံရခိုက်မှာမှ မလှူလိုက်ရရင် မိုက်ရာ ကျတော့မယ်လို့ ဆင်ခြင်ပြီး အပေါ်ရုံ ပုဆိုးကိုမြတ်စွာဘုရားအား လှူဒါန်းမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်ပြီး မြတ်စွာဘုရား လက်တော်အရောက် ကပ်လှူပြီးတဲ့အခါမှာတော့ "အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ" စစ်ပွဲကြီးကို အောင်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ဦးလို ၀င့်ကြွားတဲ့ အသံနဲ့ သုံးကြိမ်တိုင်တိုင်ကြွေးကြော် လိုက်တယ် လို့ဆိုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အလှူ ဒါနတစ်ခုဖြစ်မြောက်ဖို့ ဘယ်လောက်ခက်ခဲ တယ်ဆိုတာ သိနိုင်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း ခရစ်တော်ညွှန်းခဲ့တဲ့ မုဆိုးမရဲ့အလှူလိုပဲ လှူပြီးတဲ့နောက် မိမိမှာ ဘာမှကို မကျန် တော့လောက်အောင် ရက်ရောလို့ ရှိတာလေးကို ပဲ လှူဒါန်း လိုက်လို့ အလွန် အင်မတန်မြတ်တဲ့ အလှူဖြစ်ပါတယ်။ အတုယူ၊ တရားရစရာပါပဲ။

ဒါကြောင့် ရှင်ပေါလူးက အလှူနဲ့ပါတ် သက်ပြီး နည်းတာ များတာ မလို၊ "သင်တို့၏ စွမ်းအားနှင့် အမျှပေး လှူကြလော့၊ သင်တို့၏ လှူလို သောစေတနာစိတ် ရှိပါလျှင် ထာဝရဘုရားသည် သင်တို့၏ စွမ်းအား အရပေးလှူသော အရာကို လက်ခံတော်မူလိမ့်မည် မဟုတ်၊ သင်တို့ ပေးလှူ နိုင်စွမ်း မရှိသောအရာ ကို တောင်းဆိုတော်မူ လိမ့်မည် မဟုတ်ပါ" လို့ (ဒု-ကော်ရိန်သု -၈း၁၁-၁၂) မှာ မိန့်ကြားထားပါတယ်။

"မိမိရဲ့ ပိုလျှံတဲ့ ချမ်းသာ ကြွယ်ဝမှုဟာ ချို့တဲ့သူ၊ မရှိ၊ ဆင်းရဲတဲ့သူရဲ့ပစ္စည်းဖြစ်တယ်"

"သင် သိုလှောင်ထားတဲ့ ဆန်ရေစပါး (အစားအသောက်သည်) ငတ်မွတ်ခေါင်းပါး သူတို့ ပိုင်ဆိုင်၏။ သေတ္တာ၊ ဘီရိုများထဲတွင် ထည့်ထားသော အ၀တ်အစားတို့သည် အ၀တ်အစား မရှိသူတို့နှင့် သက်ဆိုင်၏။ သင်မြေကြီးထဲတွင် မြှုပ်ထားသောရွှေ ၊ငွေ ၊ကျောက်သံပတ္တမြား တို့သည် ဆင်းရဲ၊ ချို့တဲ့သူတို့၏ ဥစ္စာဖြစ်၏" လို့ ရဟန္တာ Basil က မိန့်ကြားခဲ့ဖူးပါတယ်။

ဒီလို ပေးကမ်း စွန့်ကြဲမှုနဲ့ ပတ်သက်ပြီး ရှင်ပေါလူးက "သင်တို့အား တာဝန်လေးစေ၍၊ သူတစ်ပါးတို့အား သက်သာစေရန် ငါအကြံပြု နေသည် မဟုတ်ပါ။ ညီတူ ညီမျှဖြစ်စေရန် အကြံ ပြုခြင်းဖြစ်၏။ ယခုအခါ သင်တို့၏ ချမ်းသာမှုသည် ထိုသူတို့၏ ချို့တဲ့မှုကို ဖြည့်ဆည်းပေး သကဲ့သို့ နောင်တစ်နေ့၌ ထိုသူတို့၏ ချမ်းသာမှုသည် သင်တို့၏ ချို့တဲ့မှုကို ဖြည့်ဆည်းပေးနိုင်ပါ လိမ့်မည်။

ကျမ်းစာတော်က "များများရသောသူ မပို၊ နည်းနည်းရသောသူ မလို"ဟု ဖော်ပြ သကဲ့သို့ပင် ဖြစ်လိမ့်မည်လို့ (ဒု-ကော်ရန်သု -၈း၁၄-၁၅) မှာ ပေးကမ်း စွန့်ကြဲလှူဒါန်းမှုဟာ ပေးသူရော၊ အပေးခံရသူပါ အပြန်အလှန် အကျိုးပြုတဲ့အကြောင်း အကြံပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နာမည်ကြီး ထင်ရှားခဲ့တဲ့ ဆရာတော်ကြီး အရှင်ဇနကဘိဝံသက "သူ တော်ကောင်း ဓနရှင်တို့သည် လက်ရှိ ဓနများကို ဆင်းရဲသူများအား ဖြန့်ဖြူးနိုင်မှသာ ရှေးဘ၀က ဒါနရှင်၊ ယခု ဘ၀ဓနရှင်၊ နောင်ဘ၀ အဆက်ဆက် ဓနရှင်"ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင် အမြဲဓနရှင်များဖြစ်နိုင်မည်။ ဒါကြောင့် "တစ်ဘ၀မျှခေတ္တ ပိုင်ဆိုင်ရသော ဓနကို ငါပိုင်ဟု သဘောမထားဘဲ ဆင်းရဲသားချို့တဲ့ သူအများ ဆိုင်သော ငါပိုင်ဟု သဘောထား၍ လိုအပ်သူများကို ဝေမျှပေးကမ်း စွန့်ကြဲရမယ်" လို့ မိန့်ကြား ခဲ့ဖူးတာ အမှန်ပင် တရားရ စရာပါပဲ။

ရှင်ပေါလူး မိန့်မြွက်သလို ကျွန်တော်တို့ ဘယ်သူ့ကိုပဲပေးပေး၊ ဘာပဲ လှူလှူ၊ ပေးလှူလိုတဲ့ စေတနာစိတ်ရှိရင်၊ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာအရ ပေးလှူတဲ့ အရာကို ဘုရားသခင်က ကြည်ဖြူနှစ်သက် လက်ခံမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို မျက်မှောက်ခေတ် စီးပွားရေး ကျပ်တည်းပြီး အစစအရာရာ ဈေးတက်နေတဲ့ ခက်ခဲရာကာလမှာ အဆင်ပြေရှာဖွေလို့ လွယ်ကူ နေတဲ့သူတွေက ဝေငှပေးကမ်းကြမယ် ဆိုရင် ရေရှည်မှာ အားလုံးအတွက် အကျိုးကျေးဇူးများ ပါလိမ့်မယ်။

ဝဿန်မိုး

Read More...

Tuesday, November 8, 2011

ပွန်ပေသက်သေ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၉၀၀ တုန်းက အီတလီနိုင်ငံမှာ ဗီဆူးဗီဘူးစ် Vesuvivus ဆိုတဲ့ မီးတောင်ပေါက်ကွဲခဲ့လို့ ပွန်ပေမြို့တော်ဟာ မီးတောင်ချော်ရည်တွေ ရဲ့အောက် ၁၈ပေ မြုပ်သွားခဲ့ပြီးမြေပုံပေါ်ကနေ ပျောက်ကွယ်ခဲ့ရ တယ်။


ကျွန်တော်တို့ ခေတ်သစ်ကာလမှာ ရှေးဟောင်း သုတေသနပညာရှင်များက ပြန်လည် တူးဖော်ကြည့်ကြတဲ့ အခါမှာ တွေ့ရတဲ့အရာတွေက လူတိုင်းကို အံ့သြစေခဲ့ပါတယ်။

မီးတောင်ချော်ရည်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကြောင့် ချော်ရည် ဖုံးသွားတဲ့ပေါင်မုန့် တွေ၊ သစ်သီးတွေဟာ နှစ်ရာပေါင်း များစွာ ကြာခဲ့ပေမယ့် အနံ့အရသာ ကျန်နေသေးပြီး၊ သံလွင်ဆီတွေဟာလည်း ဒီအတိုင်း ရှိနေတုန်းပဲလို့ သိရပါတယ်။

ပိုပြီး ထူးဆန်းတာကတော့ မီးတောင် ပေါက်ကွဲပြီး ချော်ရည်တွေ ဖုံးလွှမ်းတဲ့အခါ လူ တွေ၊ တိရိစ္ဆာန်တွေဟာ အဲဒီ အချိန်တုန်းက ရှိနေ၊ လုပ်နေ၊ ဖြစ်နေတဲ့ ကိုယ်နေ ကိုယ်ဟန် အနေအထား ပုံစံအတိုင်း ရေခဲသလို ဖုံးအုပ်အေးခဲ သွားခဲ့ပါတယ်။

လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အတွင်းက ဆွေးမြေ့သွားပေမယ့် ချော်တွေဟာ ခဲနေပြီး အနေအထား၊ အမူအရာ အတိုင်း ပုံစံခွက် သဖွယ် အခေါင်း (ဟောင်းလောင်း) ကြီးဖြစ်နေပါတယ် ။ရှေးဟောင်း သုတေသနပညာရှင်တွေက အဲဒီ ဟောင်းလောင်းဖြစ်နေတဲ့ ပုံစံခွက်မျိုးထဲကို ပလာစတာရည်လောင်း ထည့်လိုက်တဲ့ အခါမှာ သေဆုံး သွားတဲ့လူသား (သို့) တိရစ္ဆာန်တွေရဲ့ ရုပ်လုံးတွေပေါ်လာပါတယ်။ တစ်ချို့ ပုံတွေဟာ တော်တော်လေးကို စိတ်လှုပ်ရှား စရာကောင်းတယ် လို့ဆိုပါတယ်။

ဥပမာကြည့်ရင်တော့ မိခင်တစ်ဦးဟာ မိမိရဲ့သားငယ်ကို ရင်ခွင်ထဲထည့်ပြီး တင်းကျပ်စွာ ဖက်တွယ်၊ ကာကွယ်နေတဲ့ မိခင်မေတ္တာပြသ နေပုံ၊ ရောမ စစ်သားတစ်ချို့ဟာ မိမိတာဝန်ကျတဲ့ အတိုင်း လက်နက် အပြည့်အစုံနဲ့ မတ်မတ်ရပ်ကာ ရင်ကော့နေတဲ့ အနေအထားကတော့ တည်တည်ငြိမ်ငြိမ်နဲ့ တာဝန်ကို နောက်ဆုံးထိတိုင် သစ္စာရှိစွာ ထမ်းဆောင်သွားတဲ့ ပုံစံ၊ နောက်တစ်ခုတော့ လူတစ်ယောက်ဟာ ဓားရှည်ကို လက်ထဲမှာ ကိုင်ကာ အဖိုးတန်ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားတွေပေါ်မှာ သူ့ရဲ့ခြေထောက်ကို ၀င့် ကြွားစွာတင် ထားပါတယ်။ ပတ်ဝန်းကျင်မှာလည်း သေဆုံးနေတဲ့ လူလေးငါးဦးရဲ့ ကိုယ်ခန္ဓာများ ကိုတွေ့ရပါတယ်။ မီးတောင်ပေါက်ကွဲတဲ့ အချိန်ပြေးလွှားကြရင်း ဥစ္စာ ပစ္စည်းလုယက်မှုကို ရှောရှောရူရူ မပေးလို့ အသတ်ခံထားရတဲ့ ပုံစံမျိုး၊ ပလာစတာ ရုပ်ကြီးများတို့ ပင်ဖြစ်ပါတယ်။ အထက်ကဖော်ပြခဲ့တဲ့ ပလာစတာ ရုပ်ကြီးတွေက စာထဲက အချက် ၂ ချက်ကို မြင်ယောင်စေပါတယ်။

ပထမ အချက်ကတော့ ရုတ်တရက် အမှတ်တမဲ့ဖြစ်ခြင်း၊ ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်းနဲ့ ကမ္ဘာကုန်ခြင်းတို့ဟာ လျှပ်တစ်ပြက်၊ မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာမယ် ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ သေဆုံးတာဟာ ကျွန်တော်တို့အတွက် ကမ္ဘာကုန်တာ ပါပဲ။ (ပ-သက်သာ-၅း၂) မှာ "သခင်ဘုရား ကြွတော်မူရာ နေ့ရက်သည် ညအခါ သူခိုးလာသကဲ့သို့ မမျှော်လင့်ဘဲရောက်ရှိ လာလိမ့်မည်" လို့ဆိုထားပါတယ်။ သခင်ဘုရားကြွလာတဲ့ အချိန်မှာ မျက်နှာလိုက်တယ်ဆိုတာ မရှိ။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ထည့်တွက်မှာ မဟုတ်ဘူး။

ကျွန်တော်တို့ ကြီးသလား၊ ငယ်သလား ဆိုတာလဲ ထည့်သွင်း မစဉ်းစားပါဘူး။ ကျွန်တော် တို့ဟာ လူသိများ ထင်ရှားသလား၊ မထင်ရှားဘူးလား ဆိုတာလဲ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ ဖြူသလား၊ မဲသလား၊ ညိုသလားဆိုတာ မသိပါဘူး။ လူတိုင်းအတွက် နောက်ဆုံးသောအချိန် ကာလဟာ လျှပ်တစ်ပြက် ရုတ်တရက်သာ ဖြစ်ပါ လိမ့်မယ်။

ဒီလို အဖြစ်အခြေအနေမှာ ဒုတိယ အချက် စဉ်းစားဖို့ဖြစ်လာတာ ကတော့ - နောက်ဆုံးသော အချိန်အတွက် ကျွန်တော်တို့ တစ်ဦး တစ်ယောက်စီရဲ့ ပြင်ဆင်ထားမှုများပင် ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ မေးစရာရှိတာက သမ္မာကျမ်းစာထဲမှာဖော်ပြတဲ့ အမြော်အမြင် ပညာရှိတဲ့ သတို့သမီးတွေလို နောက်ဆုံး အချိန်အတွက် သေခြင်းတရားက ကျွန်တော်တို့ကို ပြင်ပြင်ဆင်ဆင်နဲ့ တွေ့မလား၊ ဒါမှမဟုတ် အမြော် အမြင်မရှိတဲ့ သတို့သမီးတွေလို မပြင်မဆင်ဘဲ ပေါ့ပေါ့တန်တန် ရှိနေတဲ့ အချိန် သေခြင်းတရားနဲ့ တွေ့မလား။ သူတို့ တံခါးခေါက်တဲ့ အချိန် "သင်တို့ကို ငါမသိ" ဆိုတဲ့ ထိတ်လန့်စရာ ငြင်းပယ်ခံ ရတဲ့အသံကိုပဲ ကြားရမလား။ ဒါမှ မဟုတ်ရင်လည်း နောက်ဆုံးသော အချိန်မှာ ပွန်ပေမြို့ မီး တောင်ပေါက်ကွဲမှု ခံရတုန်းကလို လက်ထဲမှာ လူသတ်၊ ဓားကိုင်ကာ တမလွန်အတွက် အကျိုးမဲ့ပြီး တန်ဖိုးမရှိတဲ့ ရွှေငွေပုံပေါ်မှာခြေထောက်တင် နေတဲ့ အခြေအနေမျိုးမှာပဲတွေ့ မလား။

တာဝန်ကို အဆုံးအထိ သစ္စာရှိစွာ ထမ်းဆောင်ကျြွေပန်သွားတဲ့ ရောမစစ်သားလို အဆောင်အယာင် အစုံအလင်နဲ့ သတိ အနေအထားမှာ ပဲတွေ့မလား။ ဒီနေ့ စဉ်းစားအဖြေ ရှာကြည့်ရ ပါမယ်။ နောက်ဆုံးသော အချိန်ဟာ လျှပ်တစ်ပြက်၊ ရုက်တရက်ဖြစ်ချင်ဖြစ်လိမ့်မယ်။ အဲဒီနောက်ဆုံးသော အချိန်ကာလ အတွက် ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီ ရဲ့ ပြင်ဆင် ထားရမယ်ဆိုတဲ့ အချက်(၂)ချက်ဟာ ကျွန်တော်တို့ရဲ့ ဘ၀ကို ပြောင်းလဲစေသင့်တဲ့ အချက်များပင်ဖြစ်ပါတယ်။ ကျိုးကြောင်း ဆင်ခြင်မှုပြုစရာ ကောင်းတဲ့ အရေးကြီးတဲ့ တရားများပင်ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကြားနာပြီး မေ့ပစ်လို့ ကောင်းတဲ့အရာ မဟုတ်ပါဘူး။

ဒီအချက်တွေဟာ (ဟေဗြဲ ၄း၁၂-၁၃) မှာ ပြောထားတဲ့ အသွားနှစ်ဖက် စွမ်းအားရှိတဲ့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် စကားသာ ဖြစ်ပါတယ်။

လူ့ရဲ့နောက်ဆုံး နိဂုံး ပုံပမာကို စေ့စေ့ စဉ်းစားကြည့် ပြန်ရင် လူသားတွေ့ရဲ့ နောက်ဆုံး စီရင် စစ်ကြောခံရမယ့်နေ့၊ တစ်ဦး၊ တစ်ယောက်စီရဲ့ သေချိန်၊ နောက်ဆုံး အချိန်မှာ အချိန်ဆိုတာ လုံးဝ မရှိတော့ပါဘူး။ အချိန်ဟာ ဆုံးခန်းတိုင် သွားပါပြီ။ ဒီအချိန်မှာ လူတိုင်းဟာ ပြင်ဆင်ပြီး သား ဖြစ်ရင်လည်းဖြစ်ရမယ်။ ဒါမှမဟုတ် လက်ထဲမှာ ဗလာနတ္တိနဲ့ မပြင် မဆင်ဘဲ ရှိ ကောင်း ရှိနေပါလိမ့်မယ်။ တစ်ခုခုပါပဲ။ လျစ်လျူရှုပေါ့လျော့ ခဲ့တာတွေကို ပြန်လည် ဖာထေးလို့ မရတော့ပါဘူး။ လစ်လပ်၊ ပျက်ကွက်နေတဲ့ အရာတွေ အတွက် အစားသွင်းဖို့ အချိန် မရှိတော့ပါဘူး။

ဒါကြောင့် သင်ခန်းစာက အမြဲတမ်း ပြင်ဆင်ထားပါ။ အဆင်သင့်ဖြစ်နေပါတဲ့။ ဒါမှ မဟုတ်ရင်တော့ လုံးဝနောက်ကျနေမှာ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာမှာ တစ်ချို့သော အရာတွေဟာ တစ်ခါပဲ လုပ်နိုင်ပါတယ်။ တကယ်တမ်း ကြည့်ရင်တော့ အရာတိုင်းကို ကျွန်တော်တို့ တစ်ခါပဲ ပြုလုပ်နိုင်ပါတယ်။ လုပ်သမျှတွေဟာ ဘုရားရဲ့ မျက်စိထဲမှာ အသစ် သော ပြုမူချက်ပင် ဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်ခုခုကို ပြုလုပ်ဆောင်ရွက်တယ်။ အရမ်းကို ကြိုစားပြီး လုပ်ပါတယ် ဆိုတာလဲ မလုံလောက်သေး ပြန်ပါဘူး။ ကျွန်တော်တို့ကို ပေးအပ်ထားတဲ့ တာဝန် ၀တ္တရားကို ကောင်းမွန်စွာပြီးမြောက်အောင် ဆောင်ရွက် ရပါမယ်။ ကျမ်းစာက အတိုင်းဆိုရင် ကညာစင် တွေဟာ သတို့သားကို တစ်ညလုံးစောင့်နေ တာပဲ။ မင်္ဂလာဆောင်ပွဲကိုလည်း သူတို့ အရမ်း တက်ချင်ခဲ့တာ။ ဒါပေမယ့် လုံလောက်အောင် လိုအပ်တဲ့ ဆီကို မယူ ခဲ့မိတာပါလို့ အကြောင်းပြလို့ မရခဲ့ပါဘူး။ သူတို့ရဲ့ အဓိက အလုပ်က သတို့သားနဲ့သတို့သမီးကို ပွဲတော် မီးခွက်နဲ့ လိုက်ပါဖို့ ဖြစ်ပါတယ်။ နောက်မှရောက်လာတယ် ဆိုတာ ကတော့ အဓိက အရာ၊ ရည်ရွယ်ချက်ကို မဖြည့်ဆည်းတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သူတို့ဟာ မလိုအပ်ဘဲ အပယ်ခံဖြစ် သွားရပါတယ်။ ဥပမာ - ကျွန်တော်တို့ဟာ ဆရာ၊ ဆရာမဖြစ်ပြီး စာကိုကောင်းကောင်း မွန်မွန် မရှင်းပြပါက ကျွန် တော်တို့ရဲ့ အဓိက တာဝန် လစ်ဟင်း သွားပါပြီ။ ပညာပေး၊ (Training) ပေးတဲ့သူဖြစ်ပြီး ကိုယ်တိုင်က စည်းကမ်း မလိုက်နိုင်ရင် အဓိက တာဝန် ပျက်ကွက်တာပါပဲ။ ဒါမျိုး မဖြစ်စေ ရပါဘူး။

ဒါကြောင့် ကျွန်တော်တို့ဟာ ကောင်းတဲ့ ရည်ရွယ်ချက် ရှိရုံ၊ ကောင်းတဲ့ စိတ်ထားရှိရုံနဲ့ မလုံလောက်ပါဘူး။ တကယ့် လက်တွေ့ အစစ် အမှန် ဦးတည်ချက် ပြီးရပါမယ်။ ကျမ်းစာအတိုင်း သတို့သားဟာ လာရမယ့် လူထဲက တစ်ဝက်သာ လာတဲ့အတွက် ဘယ်လောက် စိတ်ဓါတ်ကျမလဲ ဆိုတာ စဉ်းစား ကြည့်နိုင်ပါတယ်။ ကျွန်တော် တို့အတွက် အားကိုး ယုံကြည် စိတ်ချရခြင်းဆိုတဲ့ အရည်အချင်းဟာ ဘ၀အသက်တာမှာ အကောင်းဆုံး၊ အမွန်မြတ်ဆုံး အရည်အချင်း ပင်ဖြစ်ပါတယ်။ မိမိရဲ့ လုပ်ဆောင်၊ ဖြည့်ဆည်းရမယ့် တာဝန် ၀တ္တရားများကို ကောင်းမွန်ကျြွေပန်စွာ ဆောင်ရွက်ရင်း ဦးတည်ချက်ကို ပြီးမြောက်အောင် လုပ်ကိုင်ရင်း ပြင်ဆင်နေကြရပါမယ်။

နောက် သင်ခန်းစာ တစ်ခုကတော့ ဒီပုံ ပမာအားဖြင့် ခရစ်တော်က ကျွန်တော်တို့ရဲ့ ၀ိညာဉ်ရေးမှာပဲဖြစ်စေ၊ လုပ်ငန်းတာဝန်မှာပဲ ဖြစ်စေ နောက်ဆုံးအချိန်၊ နောက်ဆုံး မိနစ်ကျမှ ထိုးသိပ်၊ အကြိတ်အနယ် ပြုလုပ်တာမျိုး မလုပ်ဖို့ သတိပေးနေပါတယ်။ ဒီလိုနောက်ဆုံး မိနစ်၊ နောက်ဆုံး အချိန်ကျမှ မလှမပ မဖြစ်ဖို့ ခရစ် တော်က မကြာခဏ ဆိုသလို ဘုရားသခင်ရဲ့ စကားကို ကြားနာ၊ သတိတရားရဖို့ သတိပေးလျက် ရှိပါတယ်။ အမြော်အမြင် ရှိဖို့ သတိပေးပါတယ်။

အမြော်အမြင် ရှိခြင်းဟာ မှန်ကန်တဲ့ ဥာဏ်ပညာရဲ့အစ ဖြစ်တယ်လို့ ဆိုပါတယ်။ ပညာ ရှိရှိ၊ သတိတရားရှိရှိနဲ့ အသက်ရှင်နေထိုင်ခြင်းဟာ ရှေ့ရေးကိုမျှော်ကြည့်ခြင်း ဖြစ်ပါတယ်။ နောက်ဆုံး နိဂုံးကို ကြည့်မျှော်ပြီး နောက်ဆုံး အချိန်ကျမှ မဟုတ်ဘဲ ကြိုတင်ပြင်ဆင်ကာ အမြော်အမြင်နဲ့နေခြင်း ဖြစ်ပါတယ်။ အမြော် အမြင် ဥာဏ်ပညာရှိတဲ့ သူတွေက အမြဲတမ်း အဆင်သင့်ပြင် ထားတယ်။ ဒါဟာ သူတို့ရဲ့ အကျင့်၊ အစဉ်အလာ၊ သူတို့ဘ၀ရဲ့ အပိုင်းအစ တစ်ခုဖြစ်ပါတယ်။

ဘယ်လိုများ ပြင်ဆင်မှုတွေ ပြုလုပ်ကြမလဲ။ ခရစ်တော်က (ရှင်မဿဲ-၆း၂၀) မှာ သံချေးထိုး၍ မပျက်မစီး၊ သူခိုး ဓားပြ မဖောက် မထွင်း၊ မခိုးမယူနိုင်သော ဘဏ္ဍာကိုကောင်းကင်ဘုံ၌ စုဆောင်းကြလော့" လို့ ဆိုခဲ့ပါတယ်။ ဒီနေရာမှာ ဘဏ္ဍာဆိုတာကတော့ အထက်က တင်ပြခဲ့သလို ကျွန်တော်တို့ရဲ့ကောင်းမှု ကုသိုလ်၊ မိမိရဲ့ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ သစ္စာရှိရှိ ပြုလုပ်ခြင်း စတာတွေဖြစ် ပါတယ်။ နောက်တစ်ခါ (ရှင်မဿဲ-၂၅း ၃၁) ကနေ ဖတ်ရတဲ့အတိုင်း နောက်ဆုံးသောနေ့ တရားစီရင်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ တရားမျှတခြင်းနဲ့ မိမိနဲ့ နီးစပ်တဲ့သူတွေ အပေါ် မေတ္တာ ကရုဏာ၊ စေတနာထား ကူညီရိုင်းပင်း ချစ်ခင်မှု အပေါ်စံထားပြီး စစ်ဆေးမှာ ဖြစ်ကြောင်း ခရစ်တော် မိန့်ကြားခဲ့ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး လောကမှာ အသက်ရှင် လှုပ်ရှားနေတဲ့ အချိန်မှာ နောက်ဆုံးအချိန် အတွက်ပေးလာတဲ့ အခွင့်ရေျးားကို အသုံးချကာ အမြော်အမြင်နဲ့ အနာဂတ် ရေးကို ကြည့်ပြီး အမြဲတမ်းပြင်ဆင် ထားကြပါစို့။ အစဉ်အမြဲ အသင့်ဖြစ်နေ ကြပါစို့။

"သို့ဖြစ်၍ သင်တို့သည်လည်း ထိုနေ့၊ ထိုအချိန်ကို မသိကြသဖြင့် သတိနှင့်စောင့်နေကြ လော့" (ရှင်မဿဲ-၂၅း ၁၃)။

ဒီနေ့ ကျွန်တော်တို့ ကိုယ်ကို မေးရမယ့် မေးခွန်းက-"ငါ့ရဲ့ လက်ရှိ အခြေအနေဟာ သတိ ပညာရှိတဲ့ အပျိုရံတွေ လိုလား၊ သတိပညာ မရှိတဲ့ အပျိုရံတွေလိုလား" လို့ဖြစ်ပါတယ်။ သတိပညာ မရှိတဲ့ အပျိုရံတွေလို အခြေအနေမျိုး ဆိုရင် စိတ်ဓါတ် မကျပါနဲ့။ ဒီအခြေအနေကို ပြုပြင်ဖို့ အချိန် ရှိပါသေးတယ်။ အခုစတင် လှုပ်ရှားပါ။ ဒီနေ့ခရစ်တော်က သတိပေးနေ ပါတယ်။ သတိပညာရှိတဲ့ အပျိုရံတွေလိုဆိုရင် တော့ ဥာဏ်အမြာ်အမြင်နဲ့ ကျေးဇူးတော် အတွက် ကျေးဇူးဆပ်တင်ပြီး အဆုံးတိုင် တည်ကြည်ဖို့ ဆုတောင်းရမှာ ဖြစ်ပါသည်။

ဘုန်းဘုန်း ဂါဗြီအဲလ် ဦးထွန်းမြင့်


Read More...

Friday, October 28, 2011

မနုဗေဒ

လူ့ဘ၀ . . . ၌
ဖြူစင် နှလုံးစဉ် ကျင့်သုံးလဲ
ဆူးချက်ခလောက်
ပြင်းထန်စွဲမို့
အဆိုးလဲ ရောက်
တရားလဲ ပျောက်ပေါ့.....

အပြုံးမပန်တဲ့ . . . လမ်း
အမုန်းတွေ အတ္တတွေ
ဒဿနတွေ ဒေါသတွေနဲ့
ထုထုထောင်းထောင်း
ကြမ္မာရိုင်းလို
ဘက်ပြောင်းမယ်လို့
စိတ်ကူးသလား ....

တံတိုင်းကြီးခြားသွားလိမ့်
ကျေးဇူးပြု၍
ကိုယ်တော့်ခြေရင်း
တိုးဝင်ပါ ....

ဝေလီ

Read More...

Sunday, October 23, 2011

အထီးကျန်ခြင်း

လူစည်းကားသော လမ်းမကြီးတစ်ခု၏ အထပ်မြင့် အဆောက်အအုံတစ်ခုပေါ် လူငယ်လေးတစ်ဦး အိတ်ကလေးတစ်လုံး လွယ် ပြီး တက်သွားပါသည်။ လိပ်စာအတိုင်း တံခါး ခေါက်လိုက်သောအခါ အသက်ခြောက်ဆယ် အရွယ် အမျိုးသမီးကြီးတစ်ဦးမှ တံခါးလာဖွင့် ပေးပါသည်။ သူမက လှိုက်လှဲစွာ ကြိုဆိုပြီး လူငယ်လေးကို ကော်ဖီပူပူ တစ်ခွက်ဖျော်တိုက်ရင်း ထိုင်ခိုင်း လိုက်ပါသည်။ ထိုလူငယ်လေးသည် တီဗွီပြင်သော သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးကြီ၏ ဖုန်းဆက်ခေါ်ခြင်းကြောင့် တီဗွီပြင်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ရာသီ ဥတုအကြောင်း၊ အလုပ်အကိုင် စီးပွားရေးအကြောင်း၊ အနည်းငယ်ပြောဆိုကြ ပြီးနောက် ထိုလူငယ်မှ တီဗွီပြင်ရန်ပြောသော အခါ အမျိုးသမီးကြီးမှ မျက်ရည်များ ကျဆင်းလာပြီး သူမ၏ တီဗွီ မပျက်ပါကြောင်း သူမ၌ စကားပြောဆိုရန် အဖော်တစ်ယောက်မှ မရှိသောကြောင့် ယ္ခုကဲ့သို့ ဖုန်းဆက်ခေါ်မိကြောင်း ဟုပြောပြပါသည်။ တီဗွီပြင်ခ အစား စကားပြောခ တစ်နာရီစာ ပေးမည်ဟုပြောပြပါသည်။ လူငယ်လေးလည်း စိတ်မကောင်းကြီး စွာဖြစ်သွား ပါသည်။

တစ်ခါတစ်ရံ လမ်းမပေါ် သွားလာနေရင်း လူအများ ကြီးကြားထဲ ဈေးဝယ်နေရင်း ကျောင်းသွားရင်း၊ ရုပ်ရှင်ရုံထ၊ဲ တစ်ယောက်ထဲ ရုပ်ရှင် ကြည့်နေရင်း အထီးကျန်သော ခံစားချက်ကို တစ်ခါတစ်ရံ ခံစားကြရ မည်ဖြစ်သည်။ ဖျော်ဖြေစရာ များပြားလှသည့် ဤခေတ်ကြီးထဲတွင် အဘယ်ကြောင့် ဤမျှ အထီးကျန် ခံစားနေကြ ရသနည်း။ ဆန်းစစ်ဖွယ်ပင်ဖြစ်သည်။ ဘုရား ကျောင်း နေ့စဉ် တက်နေသူများ၊ သူတော်စင် ဘ၀မှ ပုဂ္ဂိုလ်များစွာလည်း ဤသို့ အထီးကျန်ခြင်းကို ခံစားနေရသူမြောက်မြားစွာ ရှိပါသည်။ ကျောင်းအိပ်ကျောင်းစား ကျောင်းတက်နေသော ကျောင်းသား လူငယ်များ၊ နိုင်ငံရပ်ခြားသို့သွား ရောက် လုပ်ကိုင်နေကြသော လူငယ်၊ လူကြီး အားလုံး၌ ဤခံစားချက်များ တူညီစွာ ရှိကြပါသည်။ အချို့သူများ ဘုရားကျောင်းထဲ ငိုကြေွး နေသူများကိုပင် တွေ့ကြုံဖူးပါသည်။ အဘယ် ကြောင့် ဆိုသော် မိဝေးဖဝေးနေရချိန်တွင်း "ကိုယ့်ကို မည်သူမျှ မသိသော" ဘုရားကျောင်း အသစ်၌ တက်ရသောကြောင့်ဟု သိရပါသည်။ ဓမ္မတေးသီဆိုရင်း မိဘကိုလွမ်းနေသူ၊ ချစ်ခင်ခဲ့ရသူများကို သတိရနေကြသောကြောင့်ပင် ဖြစ်သည်။

သို့သော် အထီးကျန်ဖြစ်နေခြင်း၌ပင် အပြုသဘောဆောင်ခြင်းကိုတွေ့မြင် ရပါသည်။ အဘယ်ကြောင့်ဆိုသော် သခင်ခရစ်တော်သည် ကျွန်ုပ်တို့ ခံစားနေကြရချိန်၌ ကျွန်ုပ်တို့ဘ၀များကို ပိုမိုစောင့်ရှောက်နေခြင်းကို ခံစားတွေ့ရှိလာ ရခြင်းကြောင့်ဖြစ်သည်။ ဒုက္ခရောက်လေ ဘုရားနှင့် နီးလေဖြစ်လာ တတ်ပါသည်။ သင့်ရှေ့ မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့် အတူရှိတော်မူလိမ့်မည်။ သင့်ကို စွန့်ပစ်မထားပါ။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်ဟု အစ္စရေး လူမျိုးတို့အား ဘုရားရှင်မှ ကတိ ထားတော်မူခဲ့ပါသည်။ (ဟေဗြဲ-၁၃း၅) ဤကတိတော်ကို ယုံကြည် ကြရပါမည်။ လူအများပြည့်ကြပ်နေ သော အခန်းတွင်း၊ မီးရထား (သို့) လေယာဉ်ပျံ စီးနေရင်း လူအများကြားထဲ၌ အထီးကျန် ဘ၀ကို ခံစားနေကြရသူ များစွာရှိပါသည်။ အိမ် ထောင်သည်ဘ၀၊ လင်မယား၊ မိသားစုအတွင်း၌ အထီးကျန်နေကြသူများ ကိုတွေ့ကြရသည်။ မိမိနေထိုင် သွားလာရင်းနှီးနေကျ ပတ်ဝန်းကျင်မှ အဝေးသို့ ပြောင်းရွှေ့ကြရသောအခါ အထီးကျန် ဘ၀ကို ခံစားကြရပါသည်။ အလုပ်အကိုင်မှ အနားယူပြီး အငြိမ်းစား ဘ၀၌ရောက်နေကြ သူများသည်လည်း ဤဝေဒနာကို ခံစားကြရပေသည်။ တစ်ဦးတည်းနေထိုင်ပြီး အထီးကျန်ဘ၀ကို ပြင်းပြင်းထန်ထန် ခံစားကြသူများသည် ယင်းဒါဏ်ကို မခံစားနိုင်ကြဘဲ ကိုယ့်ကိုယ်ကို သတ် သေ အဆုံးစီရင်သွားတတ် ကြသည်။ အထီးကျန် ခြင်းကြောင့် စိတ်ဝေဒနာပါ ခံစားသွားရခြင်း ကြောင့်ဖြစ်သည်။

လူတစ်ယောက်သည် ပစ်ပယ်ခံရခြင်း၊ စိတ်ဓါတ်ကျခြင်း၊ နာကျင်ခြင်းများကြောင့်လည်း အထီးကျန်ခြင်းဖြစ် ကြရပါသည်။ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေရပြီး သေဆုံးရ တော့မည်ကို သိနေသော လူမမာများသည် အဆိုးဝါးဆုံး အထီး ကျန်ဘ၀ကို ခံစားနေရသူများဖြစ်ပါသည်။ အကျဉ်းထောင်ထဲ၌ သေဒါဏ် ခံစားရသူများနှင့် အဖြစ်ခြင်း တူညီနေပါသည်။ ခင်မင်သူ၊ ချစ်ခင်ရသူတို့၏ အားပေးမှု၊ ဘုရားရှင်ထံ ကိုယ့်ကိုယ်ကို အပ်နှံထားသူတို့သာ သူတို့ ဘ၀ကို ကိုယ်တိုင်ဖေးမ ကူညီနိုင်ကြမည် ဖြစ်ပါသည်။

ကိုယ့်ဘ၀ကို ဘုရားရှင်ထံ အပ်နှံထားသူတို့သည် ဘ၀၏ မည်သည့် အခြေအနေသို့ ရောက်ရှိနေသော်လည်း အထီးကျန်ခြင်း မဖြစ်ကြပါ။ မိတ်ဆွေကောင်းများရရှိရန် ကိုယ်ကိုယ်တိုင်က မိတ်ဆွေကောင်း တစ်ဦးဖြစ် ရပေမည်။ မိတ်ဆွေ သူငယ်ချင်းကောင်းပေါများသူ၌ အထီးကျန်ဖို့ အချိန် မရှိတော့ပေ။ ဘုရားကျောင်းနှင့် ပတ်သက်သော တာဝန်များ၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင် လှုပ်ရှားနေသူတို့သည် တစ်ကိုယ်တည်း စဉ်စားနေချိန် မရှိပေ။ စိတ်ရင်းစေတနာ ကောင်းသူများ၌ အထီးကျန်ဝေဒနာ မရှိကြပေ။ လူသားတို့၏ အထီးကျန်ဆန်မှု အများဆုံးသော စကားလုံးများမှာ လက်ဝါးကားတိုင်ပေါ်တွင် သခင်ယေဇူး၏နှုတ်ဖျားမှ ထွက်ပေါ် ခဲ့ပါသည်။ "ကျွန်ုပ်၏ ဘုရား အကျွန်ုပ်၏ ဘုရား အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း" ဟူသော ကြေွးေကြာ်တော်မူခြင်းဖြစ် ပါသည်။ ထို့ကြောင့် အထီးကျန်ခြင်း မဖြစ်ကြရ စေရန် ဘုရားရှင်၏ သမ္မာကျမ်းစာကို နေ့စဉ် အနည်းဆုံး တစ်ပိုဒ်နှစ်ပိုဒ် ဖတ်ကြရပါမည်။ အဘယ်ကြောင့် ဆိုသော် ကျမ်းစာသည် ကျွန်ုပ်တို့ကို ဘုရားရှင်ထံမှ ချစ်ခင်သောကြောင့် လူတိုင်းကိုပေးထားသောမေတ္တာစာဖြစ်သည်။ ကျွန်ုပ်တို့ အတွက် ခွန်အားရစေသည်။ ကျမ်းစာ ဖတ်ရှုခြင်းဖြင့် ဘုရားရှင်၏ အနီးနားသို့ရောက် သွားစေရန် ဆွဲဆောင်လိမ့်မည်။ ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ် ဆုတောင်းခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်းတို့ကြောင့် ကျွန်ုပ်တို့အား ကောင်းချီး မင်္ဂလာများစွာ မရေမတွက်နိုင်အောင်ပေးမည် ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ဘ၀များ သည် လုံးဝ အထီးမကျန်ကြတော့ပေ။


ဘုရားရှင်အားထာဝရအစေခံလျှက်
ကက်သလင်းခင်

Read More...

Thursday, October 20, 2011

အရေးကြီးဆုံးသော အရာ

တစ်ခါက အိန္ဒိယပြည်ရဲ့ လွတ်လပ်ရေး ဖခင်ကြီး မဟာဓမ္မဂန္ဒီဟာ သူ့မိတ်ဆွေ သူငယ်ချင်းနေ ထိုင်ရာ အာဖရိကနိုင်ငံကို အလည်အပတ် သွားခဲ့ပါတယ်။ သူငယ်ချင်းနေအိမ်ရောက်သွားတဲ့ အချိန် မှာတော့နေ၀င်ပြီး စဖြစ်လို့ ညနေစောင်းနေပါပြီ။ ကက်သလစ် ခရစ်ယာန်မိသားစုဖြစ်တဲ့ အလျောက် အိမ်ရှေ့က မယ်တော်ဂူလေးရှေ့မှာ စိတ်ပုတီးစိပ် ဆုတောင်း ၀တ်ပြုနေကြတဲ့ သူ့ သူငယ်ချင်းမိသားစုကို ခြံထဲဝင်လိုက်တာနဲ့ လှမ်းမြင်လိုက် ရတယ်။

ဂန္ဒီ၀င်အလာကိုတွေ့လိုက်ရတဲ့ သားငယ်လေးက သူ့အဖေကို လှမ်း
တို့ပြောလိုက် ပါတယ်။ အဖေဖြစ်သူလည်း သူတို့ရဲ့ ဆုတောင်းဝတ်ပြုမှုကို ရပ်ဆိုင်းပြီး ဂန္ဒီကို ဆီးကြို လိုက်ပါတယ်။ ဆက်ဆိုဖို့ ကျန်နေသေးတဲ့ စိတ်ပုတီးနှစ်ဆယ်ကိုလည်း နောက်မှပဲ ဆက်ဆိုဖို့ သဘောတူ ထားကြတယ်။ ဒါကို ရိပ်မိတဲ့ ဂန္ဒီကြီးက "သူငယ်ချင်း မင်းတို့ ဆုတောင်းစရာတွေ ပြီးအောင်တောင်းဆို လိုက်ကြအုံး ... ငါ့ကို ဘာမှ အားနာမနေနဲ့ ... မင်းတို့က ငါ့ထက် အဆပေါင်း များစွာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကို ဂုဏ်ပြု နေကြတာပဲ။ အရေးကြီးဆုံးသော အရာကို ဦးစားပေး ဆက်လုပ်သင့်ပါတယ်" လို့ ပြောလိုက်ပါတယ်။ သူ့သူငယ်ချင်း မိသားစုမှာ ဂန္ဒီရဲ့ စကားကြောင့် အထူးအဆန်းဖြစ်မိ ကြသလို အံ့သြလည်း အံ့သြမိကြပါတယ်။ ဒါနဲ့ သူတို့ မိသားစု အားလုံး မယ်တော်ဂူရှေ့ ဒူးထောက်မေတ္တာ ဆက်ဆိုကြပါတော့တယ်။

အခုခေတ် ကျွန်တော်တို့ ကက်သလစ် ဘာသာဝင်များအတွက် ကက်သလစ် ခရစ်ယာန် မဟုတ်တဲ့ မဟာဓမ္မဂန္ဒီလို ပုဂ္ဂိုလ်မျိုးရဲ့ မွန်မြတ်တဲ့ စကားဟာ အားကျစရာ၊ အတုယူစရာများဖြစ်နေပြီလားလို့ ကျွန်တော်တွေး ကြည့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရာရာထက် ဘုရားသခင်ကို ဦးစားပေးဖို့၊ အလေး အမြတ်ထား ဦးထိပ်ထားဖို့ သတိမေ့ပျောက် တတ်ကြလို့ပါ။ ကျွန်တော်တို့အတွက် အရေးကြီး ဆုံးသော အရာဟာ ဘုရားသခင် အစား အခြားအရာတွေဖြစ်နေတတ်ပါတယ်။နေ့စဉ် လုပ်ရမယ့် တာဝန် ၀တ္တရားတွေ များလွန်းလို့ ဖန်ဆင်းရှင် ဘုရားသခင်ကို ကိုယ့်ဘ၀ထဲ ၀င်ရောက်လာဖို့ နေရာ မပေးကြဘူး။ ဘုရားသခင်ကို ဒုတိယ နေရာမှာပဲ ထားကြတယ်။ ပဌါနပြုသင့်တဲ့ အရာကို သာမညအဖြစ် ထားရှိပြီး သာမညဖြစ် နေတဲ့လောကီရေးရာထွေရာလေးပါးတွေကို ပဌါနအဖြစ် မှတ်ယူထားရှိပြီး တန်းဖိုးထား အလေးပေး ကြတော့တယ်။

ကျမ်းစာထဲက အကြီးမြတ်ဆုံး ပညတ်နှစ်ခုထဲက ပထမပညတ် ဖြစ်တဲ့ "သင်၏ အရှင် ထာဝရဘုရား သခင်ကို သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဥာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့" (မာတေဦး ၂၂း၁၇) ဆိုတဲ့ ကျမ်းပိုဒ်ကို မသိမသာလေးနှင့် သိသိသာသာမေ့လျော့နေ မိကြပါလိမ့်မယ်။ သင်ရဲ့ ဦးထိပ်ထားရဆုံးသော အရာ၊ အရေးကြီး သော အရာဟာ ဘုရားသခင်သာဖြစ် သင့်ပါတယ်။ သတိတရား အမြဲထားပြီး ဆင်ခြင် တတ်ကြပါစို့။
အသက် (ကလေး)

Read More...

Tuesday, October 18, 2011

ချစ်သုဝေနှင့် တွေ့ဆုံမေးမြန်းခြင်း

ကက်သလစ်လူငယ်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် ထရေဇားချစ်သုဝေနှင့် တွေ့ဆုံမေးမြန်းခြင်း
စာဖတ်သူ အပေါင်းတို့ရှင် ဒီလသိုးထိန်း အသံစာစောင်လူငယ်ကဏ္ဍနေရာမှာ ကက်သလစ် လူငယ် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် ထရေဇားချစ်သုဝေနဲ့ တွေ့ဆုံမေးမြန်း ထားတဲ့ အကြောင်းအရာလေးကို ဖော်ပြပေးချင်ပါတယ်။ ဆရာဝန်တစ်ယောက်လဲဖြစ်၊ သရုပ် ဆောင် အဆိုတော်လဲဖြစ်တဲ့ ချစ်သုဝေဟာ "ထရေဇား" လို့ သူမကိုယ်သူမ ပြောတတ်တဲ့ ချစ်စရာမြန်မာ အမျိုးသမီးငယ်လေး တစ်ယောက် ဖြစ်ပါတယ်။ ဇာတ်လမ်းတွေ ရိုက်နေရလို့ မအားလပ်တဲ့ကြားက အချိန်ပေးပြီး သူမရဲ့ လူငယ်ဘ၀ အသက်တာခံယူချက်နဲ့ ဘုရားသခင် အပေါ်မှာထားတဲ့ သူမရဲ့ယုံကြည်ခြင်း အသက်တာ ဘ၀အားဖြင့် ကျမတို့ စာဖတ်သူ ပရိတ်သတ်များအတွက် တစ်ထောင့်တစ်နေရာက ခွန်အားများ ရရှိစေဖို့ရန်အတွက် ရည်ရွယ်ပြီး မှတ်တမ်း တင်ဖော်ပြလိုက်ပါတယ်။
မေး။ ။မင်္ဂလာပါထရေဇား။ ထရေဇားရဲ့ မိသားစုအကြောင်းလေးနဲ့မိတ်ဆက်ပေးပါဦး။
ဖြေ။ ။မင်္ဂလာပါ စစ္စတာရ်။ မိသားစုမှာဆိုရင် ထရေဇားက သမီးအငယ် မေမေကဒေါ်ဒီဒီ၊ ဖေဖေက ဦးဇော်ဝင်း၊ ထရေဇားမမက မမမာရင်းပါ၊ ထရေဇားတို့ မိသားစုလေး မှာ မေမေက ခရစ္စယာန်၊ ဖေဖေက ဗုဒ္ဓဘာသာပါ။ ထရေဇားတို့ ညီမနှစ်ယောက်ကတော့ ခရစ္စယာန် ဘာသာဝင်တွေပါ။
မေး။ ။ထရေဇားက ဘုရားကျောင်းသွားတဲ့ အခါ မိသားစုနဲ့ အတူ သွားတတ်တဲ့ အကျင့်လေး ရှိပါသလား။
ဖြေ။ ။ဟုတ်ကဲ့။ မေမေရယ်၊ ထရေဇားတို့ ညီအမနှစ်ယောက်ကတော့ တနင်္ဂနွေနေ့တိုင်း ဘုရာကျောင်းကို မပျက်မကွက် တက်ပါတယ်၊ ထရေဇားခရီးသွားတဲ့အခါတွေမှာ ကိုယ်ရောက် တဲ့နေရာမှာ ဘုရားကျောင်းကို မဖြစ်မနေတက်ဖို့ မေမေက အလေ့အကျင့်လေး လုပ်ပေးထားတယ်။ ဖေဖေကတော့ ဘုရားကျောင်းလိုက်ပို့ ပါတယ်။
မေး။ ။မိသားစုနဲ့ ဘုရားကျောင်းတက်ရတဲ့ အခါ ထရေဇားရဲ့ ခံစားချက်လေးကိုလဲ သိပါရစေ။
ဖြေ။ ။ဓမ္မသီချင်းတွေဆိုတဲ့ အခါမှာတော့ ထရေဇား အပျော်ဆုံးပါပဲ။ ဘုရားကျောင်းတက်တဲ့ အခါ ဘုရားသခင်နဲ့ ပိုနီးစပ်သွားသလို ခံစား ရတယ်။ စိတ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်တယ်။ ထရေဇား အပြစ်တွေရှိနေရင်လဲ ဘုရား ကျောင်းတက်နေတဲ့ တလျှောက် စိတ်ထဲက တတွတ်တွတ်လေးပြောနေတတ် ပါတယ်။
မေး။ ။ငယ်ငယ်ကတည်းက စပြီး ထရေဇား ဒီအရွယ်ရောက်တဲ့အထိ ထရေဇားမိဘတွေဆီ က ဘယ်လို အတုယူစရာလေးတွေ ရရှိခဲ့ပါသလဲ။
ဖြေ။ ။ အတုယူစရာဆိုရင် အဓိကဘုရားမြဲဖို့ ကတော့ မေမေ့ဆီကရခဲ့တဲ့အရာပါ။ မေမေက ဘုရားကို ချစ်တတ်အောင်၊ ဘုရားကျောင်းကို မပျက်မကွက်တက်ဖြစ်အောင် သေသေချာချာ လေး ပျိုးထောင်ခဲ့ပါတယ်။ ဖေဖေ့ဆီကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ရိုးရိုး သားသား ကြိုးစားဖို့ဆိုတာတွေ ရရှိခဲ့ပါတယ်။
မေး။ ။ထရေဇား ယခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘ၀ အခြေအနေရောက်ဖို့ မိဘတွေဆီက ဘယ်လို အားပေး ကူညီမူ ရရှိခဲ့ပါသလဲ။
ဖြေ။ ။ အဲဒါကတော့ စာတစ်ကြောင်းနဲ့ပြောဖို့ ကတော့ အရမ်းခက်ခဲပါတယ်၊ ဒီနေ့ဒီအချိန်မှာ ဒီလို ရပ်တည်နိုင်ဖို့ဆိုတာ ဘုရားအလိုတော်ရှိခဲ့လို့၊ ထရေဇားဘေးနားမှာ support လုပ် ပေးတဲ့ မေမေရော၊ ဖေဖေရော ရှိခဲ့လို့ပါ။
မေး။ ။ဒီအရွယ်ထိထရေဇား မိဘတွေရဲ့ ပဲ့ပြင် လမ်းညွန်မှုတွေကို ဘယ်လို စိတ်ထားမျိုးနဲ့ ခံယူခဲ့ပါသလဲ။
ဖြေ။ ။အမှန်တိုင်းဝန်ခံရရင် ငယ်ငယ်က တော့ မေမေတို့ ဆုံးမပဲ့ပြင်တဲ့ အရာလေးတွေ ဆိုရင်လိုက်လုပ်တယ်။ ဒါပေမဲ့ စိတ်ထဲမှာငြိုငြင် တာပဲလေ၊ ကလေးဆိုတော့။ နဲနဲသိတတ်လာတဲ့ အခါမှာ လူငယ်နဲ့လူကြီးဆိုတော့ အမြင်မတူ တာတွေဖြစ်လာတယ်။ ကတောက်အဆတွေ ဖြစ်လာတယ်။ ဒါပေမဲ့ ထရေဇားအများအားဖြင့် တော့ လက်ခံလိုက်တယ်။ ညှိနှိုင်းတယ်။ ဘယ်လိုစိတ်နဲ့ ခံယူလဲဆိုတော့ ငါ့မိဘတွေငါ့ကိုချစ်လို့ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ခံယူပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကိုယ်မိဘဖြစ်မှ သိလာမဲ့အရာ တွေမို့ပါ။ မေမေပြောနေတာတွေက ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ပဲ ဆိုပြီး ခံယူလိုက်ပါတယ်။
မေး။ ။ထရေဇားရဲ့ပညာရေးအပေါ်မှာ ခံယူထားတဲ့ သဘောထားလေးကို လဲပြောပြပေးပါဦး။
ဖြေ။ ။လူတစ်ယောက်မှာ ဥာဏ်ပညာက အရေးကြီးဆုံးဆိုတာကို မေမေကက အသိပေးခဲ့တယ်။ ထရေဇားက ဒါကို လက်ခံခဲ့တယ်။ ဥာဏ် ပညာအလင်းမရှိဘဲနဲ့ ဘယ်နယ်ပယ်မှာမှ ဦးဆောင်တဲ့သူ မဖြစ်နိုင်ဘူး။ ဒါကြောင့် ထရေဇား ဥာဏ်ပညာကို လေ့လာဆည်းပူးတဲ့ နေရာမှာလဲ ဇွဲလုံ့လ၊ ၀ိရိယနဲ့ သေသေချာချာ လေးကြိုးစား အားထုတ်ခဲ့တယ်။
မေး။ ။ငယ်ငယ်က ထရေဇားဖြစ်ချင်တဲ့ဘ၀ ပုံစံနဲ့လက်ရှိဖြစ်နေတဲ့ ဘ၀အခြေအနေကရော ကိုက်ညီမှု ရှိတယ်လို့ ပြောနိုင်မလား။
ဖြေ။ ။ ထရေဇား ရှင်သန်တဲ့ဘ၀ပုံစံက ... နေ့တိုင်းကို ဘုရားသခင် အလိုတော်အတိုင်းပဲ ဖြတ်သွားတယ်။ ထရေဇား ယုံကြည်ထားတာ တစ်ခုက ဘုရားသခင်က သူ့သားသမီးတိုင်း အတွက် စီမံကိန်းတွေအားလုံးချထားပြီးသားပါ။ ဘုရားရဲ့အစီအစဉ်တိုင်းပဲ အားလုံးက မလွဲမသေ ဖြစ်လာရမယ်လို့ ထရေဇား ခံယူထားတယ်။ ဘုရားသခင်က အခွင့်အရေးလေးတွေ ချပေးမယ်။ ဒါကို တန်ဖိုးထားရင် ထားတတ်သလို ဘုရားသခင်အလိုရှိတဲ့ အတိုင်းဖြစ်လာမယ်။ တန်ဖိုး မထားတတ်ရင် မထားတတ်သလို စိတ် မကောင်းစရာတွေဖြစ်လာမယ်လို့ ထရေဇား ထင်တယ်။ ဒီလိုဖြတ်သန်း လာတဲ့အတွက် ငယ်ငယ်ကတည်းက ငါဘာကြီးဖြစ်ရမယ်၊ ညာကြီးဖြစ်ရမယ်လို့တော့ မရှိခဲ့ပါဘူး၊ ထရေဇား အနားမှာ ချစ်တဲ့ သူတွေဖြစ်စေချင်တဲ့ အတိုင်း ငယ်ငယ်ကတည်းက လိုက်လုပ်ခဲ့တယ်။မေမေက ဆရာဝန်မကြီးဖြစ်စေ ချင်တယ်။ ဒါကြောင့် ထရေဇား စာကြိုစားတယ်။ လုပ်ခဲ့တယ်။ လုပ်နိုင်ဖို့ အခွင့်အရေးလေးတွေကို ဘုရားသခင်ပေးခဲ့တယ်။ ရတဲ့အခွင့်ရေးကို ရသလိုကြိုးစားတယ်။ တန်းဖိုးထားတယ်။ အဲဒါကြောင့် ထရေဇား ဆရာဝန်မကြီးဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါမှာလည်း တန်းဖိုးထားတတ်အောင် ဘုရား သခင်ကျေးဇူးပေးတဲ့ အတွက် တန်းဖိုးထားတယ်။ နောက်ပြီး ဘုရားသခင်က ထရေဇားကို အနုပညာလမ်းကြောင်းကို ချပေးတယ်။ သီချင်းဆိုတာ ၀ါသနာပါပေမယ့် သရုပ်ဆောင်ဖို့ ၀ါသနာမပါခဲ့ဘူး။ ဒါပေမယ့် ဘုရားသခင် လမ်းကြောင်းပေးတာလေးက အရမ်းသိသာ တယ်။ ဘယ်သူမှ မရတဲ့ အခွင့်အရေးတွေ ထရေဇားကိုပေးတယ်။ ဘုရားသခင်အလိုတော် ရှိတာကိုသိတယ်၊ တန်ဖိုးထားတယ်၊ ကြိုးစားတယ်။ အဲဒီတွက် ဒီနေ့ဒီလိုအခြေအနေလေး ဖြစ်တယ်။ ဘယ်လိုစိတ်နဲ့ ရှင်သန်နေလဲဆိုရင် ပစ္စုပ္ပန်ကိုပဲတန်ဖိုးထားတယ်။ ပစ္စုပ္ပန်မှာ ဘုရား သခင်အလိုရှိတဲ့အတိုင်း တန်းဖိုး ထားကြိုးစား ပြီး အကောင်းဆုံးဖြစ်အောင်နေထိုင်ပါတယ်။
မေး။ ။အခုလုပ်နေတဲ့အနုပညာ လုပ်ငန်းမှာ ရောကျေနပ်မှုရှိရဲ့လား။
ဖြေ။ ။ထရေဇားက ဘ၀ကို မကျေနပ်ရင် ဘာတစ်ခုမှမလုပ်ပါဘူး။
မေး။ ။ထရေဇားအနေနဲ့ ကက်သလစ် သာသနာရဲ့တိုးတက်ရေးအတွက် ဘယ်လိုမျိုး ပါဝင် ကူညီ လုပ်ဆောင်မှုတွေရှိပါသလဲ။
ဖြေ။ ။ဘုရားသီချင်းတွေတော့ အကူအညီ လာတောင်းရင်ဆိုပေးတယ်။ နှစ်ခြင်း အသင်း တော်တွေက အများဆုံး လာကြတယ်။
မေး။ ။ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှု မတူတဲ့ အသိုင်းဝိုင်းကြားမှာလိုက်လျောညီထွေ ရှိဖို့ ဘယ်လို ကြိုးစားနေထိုင် ပါသလဲ။
ဖြေ။ ။ဘုရားသခင်ရဲ့ သားသမီးဆိုတဲ့စိတ် နဲ့ပဲ လိုက်လျော ညီထွေဖြစ်အောင် ထရေဇားနေ တတ်ပါတယ်။ ဘုရားသခင်ပြောထားတဲ့စကား တွေက ထရေဇားအတွက် လုံလောက်ပါတယ်။
မေး။ ။ထရေဇားရဲ့ လူမူရေးအသိုင်းဝိုင်းမှာ အခက်ခဲတွေတွေ့တဲ့အခါ ဘယ်လို ခွန်အားယုပြီး ကျော်ဖြတ်သွားပါသလဲ။
ဖြေ။ ။စာနာ၊ သည်းခံ၊ ခွင့်လွှတ်၊ နားလည် ခြင်းနဲ့ပဲကျော်လွှား ပါတယ်။
မေး။ ။ထရေဇားဘ၀မှာ သခင်ခရစ်တော်ကို လူအများကြားမှာ ဘယ်လိုနေထိုင် သက်သေပြ နေပါသလဲ။
ဖြေ။ ။ထရေဇားနေထိုင်ပြောဆို လှုပ်ရှားပုံ တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ထရေဇားက ငါ ဘာတွေ လုပ်နေတယ်၊ ဘာကြီး လုပ်နေတယ်လို့ ပြောတာထက် ပိုပြီး ထိရောက်ပါတယ်။
မေး။ ။ထရေဇားရဲ့အားသာချက်တွေကို လက်ခံဖို့နဲ့ အားနည်းချက်တွေကိုဘယ်လို ကျော်ဖြတ်သလဲ။
ဖြေ။ ။ထရေဇားရဲ့အားသာချက်တွေကို သူများပြောလို့သတိထားမိရင် Thank You Jesus ပေါ့။ အားနည်းချက်တွေကို အတတ်နိုင်ဆုံး သတိ ထားပြီးပြင်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကတိပေးဖို့ကတော့ ကိုယ့်စိတ်ကို မနိုင်သေးတဲ့ အခြေအနေ တစ်ခုမှာ ရှိနေသေးပါတယ်။
မေး။ ။ရင့်ကျက်တဲ့ လူငယ် တစ်ယောက်ဆိုတာကို ဘယ်လိုမြင်သလဲ။
ဖြေ။ ။ထရေဇား သတ်မှတ်ထားတဲ့ ရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဆိုတာ ဥာဏ်ပညာနဲ့ ပြည့်စုံပြီး စာနာ၊ နားလည်မှု အရင်းခံကာ ရိုးသား ကြိုးစားတဲ့သူ တစ်ယောက်ဖြစ်တယ်။
မေး။ ။ဘ၀ကို တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ အတွက် အားပေး စကားလေးလဲကြားချင်ပါ သေးတယ်။
ဖြေ။ ။တချို့တွေကတော့ ဘ၀ဆိုတာ တိုက်ပွဲလို့ ပြောကြတယ်။ တိုက်ပွဲရယ်လို့တော့ မဟုတ်ပါဘူး။ ဘ၀ဆိုတာ ဘုရားသခင် အလိုရှိသလောက်ကို လျှောက်လှမ်းနေရတဲ့ ခရီးတစ်ခု။ ခရီးဆိုကတည်းက လမ်းမှာ ကြုံတွေ့ရတဲ့၊ လူတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ တစ်ခါ တစ်လေ ကိုယ်တိုင် လုပ်မိလိုက်တဲ့ အခက်အခဲ တွေ၊ အမှားတွေ ဆိုတာလဲရှိနိုင်တယ်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် အမှားနဲ့တော့ ကင်းမှာ မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ အထူးသဖြင့် လူငယ်တွေပေါ့။ ယခုခေတ် ကာလက မှားယွင်းစွာဖြတ်သန်းနေ ကြသော၊ မှားယွင်းစွာ ခံယူနေကြသော သူတွေကိုလဲ လက်ခုတ် တီးနေကြသော ခေတ်ကာလ ဖြစ်နေတယ်။ ဘေးကလူတွေမှာ ကောင်းတာ ဆိုးတာကို လမ်းညွှန်ပြသူတွေက အရမ်းနည်း သွားတယ်။ မကောင်းတာကိုလည်း လက်ခုပ်တီး နေကြတဲ့အခါမှာ ကိုယ်တောင် သံယောင်လိုက်ပြီး မကောင်းတာလုပ်မှပဲ အစဉ်ပြေပြေဖြတ်သန်း နိုင်မယ်ဆိုတဲ့ ခေတ်ကာလကြီးထဲရောက်လာတယ်။ ထရေဇားပြောချင်တာကတော့ လူငယ် တွေကို ဘုရားတရားသိပါ၊ မိဘကိုရိုသေပါ၊ ရိုးသားပါ၊ ဇွဲလုံ့လနဲ့ ကြိုးစားပြီးတော့ ဦးတည်ရာကို ခိုင်မာပြတ်သားစွာလျှောက်လှမ်းပါ။ ကိုယ်ကိုတိုင် ခိုင်မာနေတဲ့ သူတစ်ယောက်ဟာ စိတ်ယိုင် ဖို့လဲ နည်းတယ်။ ကိုယ်တိုင် control လုပ်ပြီး သားဖြစ်မယ်။ အဓိကခေါင်းမာ သင့်တဲ့နေရာမှာ ဒီခေတ်ဒီအခါကတော့ ခေါင်းမာပစ်ပြလိုက်ပါ၊ အဲဒီအတွက် တစ်ယောက်ထဲဖြစ်နေတယ်ဆိုရင် ဘုရားသခင်နဲ့ နေလိုက်ပါလို့ ထရေဇားပြောချင် ပါတယ်။
မေး။ ။နောက်ဆုံးနေနဲ့ ထရေဇားဘ၀မှာ ကျင့်ကြံနေထိုင်တဲ့ ကျမ်းပိုဒ်လေးကိုလဲ သိပါရစေ။
ဖြေ။ ။ကျမ်းချက်ထဲမှာတော့ ထရေဇားက အမြဲတမ်း ပင်ပန်းနေတဲ့သူဆိုတော့ "၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာလော့၊ ငါသည်သင်တို့အား ချမ်းသာပေးမည်" ဆိုတဲ့ ကျမ်းချက်လေးက ထရေဇားအတွက် ခွန်အားရ စေပါတယ်။ ခံစားရတဲ့ကျမ်းပိုဒ်လေးပါ။

အခုလိုအချိန်ပေးပြီး ဖြေကြားပေး သွားတဲ့အတွက်ထရေဇားကို အထူးကျေးဇူး တင်ပါတယ်။ ထရေဇားရဲ့ လူငယ်ဘ၀ အသက်တာ၊ အနုပညာဘ၀အသက်တာမှလဲ ရင့်ကျက်တဲ့ ကက်သလစ် လူငယ်ပီသစွာ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ၊ တွေ့ကြုံရမဲ့အောင်မြင်မှု တွေ၊ အခက်အခဲတွေကိုလဲ ဘုရားရှင်နဲ့အတူ ခံစားပြီး လျှောက်လှမ်းသွားနိုင်ဖို့ ဆုတောင်းပေးပါတယ်။

ထရေဇားကလဲ ကျေးဇူးတင်ပါတယ် စစ္စတာရ်။

Sr. ဧလိဇဘက်ဖြုနှင်းသက်

Read More...

Sunday, October 16, 2011

သင်၏ ယုံကြည်ခြင်းကို အစာကျွေးပါ။

သင်၏ ယုံကြည်ခြင်းကို အစာကျွေးပါ။ သံသယများ ကင်းပျောက်ပါလိမ့်မည်။

  • ၁။ သင် ဝမ်းနည်းသော အခါ (ယောဟန် ၁၄)
  • ၂။ အပြစ်ရှိသည်ဟု ခံစား ရပါက (ဆာလံ ၅၁)
  • ၃။ အန္တရာယ်နှင့် ရင်ဆိုင် ရပါက (ဆာလံ ၉၁)
  • ၄။ ကျရံးသည်ဟု ခံစား ရပါက (ဆာလံ ၂၇)
  • ၅။ ဘုရားရှင်နှင့်ဝေးသည်ဟု ခံစား ရပါက (ဆာလံ ၁၃၉)
  • ၆။ သင်၏ ယုံကြည်ခြင်းတိုးပွားရန် လိုအပ်ပါက (ဟေဗြဲ ၁၁)
  • ၇။ တစ်ယောက်တည်း အထီးကျန်ပြီး၊ ကြောက်ရွံ့ခြင်း ခံစားရပါက (ဆာ ၂၃)
  • ၈။ သင်၌ စိုးရိမ် ပူပန်စိတ် ရှိပါက (မဿဲ ၈း၁၉-၃၄)
  • ၉။ သင်သည် နာကျင်စွာဝေဖန် အပြစ်ရှာ ခံရသောအခါ (၁ကော၁၃)
  • ၁၀။ သင်၏ ဘာသာတရားကို ယုံမှား သံသယ ရှိလာပါက(၂ကော ၅း၁၅-၁၈)
  • ၁၁။ ဆွေမျိုး မိတ်သင်္ဂဟများ၏ စွန့်ပစ်ခြင်း ခံရသည်ဟု ခံစားရပါက (ရော ၈း၃၁-၃၉)
  • ၁၂။ ငြိမ်သက်ခြင်းကို ရှာဖွေသော အခါ (မဿဲ ၁၁း၂၅-၃၀)
  • ၁၃။ လောကကြီးဟာ ဘုရားထက်ကြီးသည်ဟု ခံစားရပါက(ဆာလံ ၉၀)
  • ၁၄။ သင်သည် ခရစ်တော်ကို အာမခံချက်ကဲ့သို့ လိုအပ်ပါက(ရောမ ၈း၁-၃၀)
  • ၁၅။ သင်သည် အိမ်နှင့်ဝေးကွာသော ခရီးတစ်ခုသို့ ထွက်ခွာသွားရလျှင် (ဆာလံ ၁၂၁)
  • ၁၆။ သင့်အတွက် သင် ဆုတောင်းနေပါလျှင် (ဆာလံ ၈၇)
  • ၁၇။ သင်၏ လုပ်ငန်းအတွက် ခွန်အားပေးမှု့ လိုအပ်ပါလျှင်(ယောရှု ၁)
  • ၁၈။ ငွေကြေးဖောင်းပွမှုနှင့် ရင်းနှီးမြုပ်နှံမှု့များ သင်၏ အတွေး၌နေရာယူနေပါက (မာကု ၁၀း၁၇-၃၁)
  •  ၁၉။ စိတ်ဓါတ် ကျနေပါက (ဆာလံ ၂၇)
  • ၂၀။ သင်၏ ဘဏ်ငွေစာရင်း လက်ကျန်မရှိပါက (ဆာလံ ၃၇)
  • ၂၁။ အယုံအကြည် ကင်းမဲ့ခြင်း ခံစားနေရပါက (၁ကော ၁၃)
  • ၂၂။ မိတ်ဆွေများ၏နွေးထွေးမှု့ လျော့နည်းနေပါက (ယော ၁၅)
  • ၂၃။ မျှော်လင့်ချက် ဆုံးရံးနေပါက (ဆာလံ ၁၂၆)
  • ၂၄။ လောကကြီးက သင့်ကိုကြဉ်သည်ဟု ခံစားလျှင် (ဆာ ၁၉)
  • ၂၅။ အသီးသီးသော အသက်တာ လိုချင်လျှင် (ယော ၁၅)
  • ၂၆။ ပေါလု၏ လျှို့ဝှက် ဝမ်းမြောက်ခြင်း (ကော ၃း၁၂-၁၇)
  • ၂၇။ ကြီးမားသော အခွင့်အခါကောင်း ရှာဖွေတွေ့ရှိလျှင် (ဟေရှာ၅၅)
  • ၂၈။ အခြားသူများနှင့် မိဿဟာယဖွဲ့လျှင် (ရော ၁၂) အလှည့်ကျ ဖုန်းခေါ်ရန်မှာ -
  • ကြောက်ရွံ့ခြင်း ရှိလျှင် - (ဆာလံ ၄၇)
  • လုံခြံမှု့ရှိရန် - (ဆာလံ ၁၂၁း၃)
  • စိတ်ချ မှု့ရှိရန် - (မာကု ၈း၃၅)
  • သံသယများ ကင်းပျောက်စေရန် - (ဆာလံ ၁၄၅း၁၈)
 

    Read More...

    Thursday, October 6, 2011

    ခရစ်တော်၌ သည်းခံခြင်း

    ကျွန်တော်တို့သည် ဤလောကကြီးတွင် နေထိုင်စဉ်အတွင်း လူအမျိုးမျိုးနှင့်ဆက်ဆံ ပေါင်းသင်းကြပါသည်။ စကားပုံတစ်ခုပင် ရှိ သည်။ "လူအမျိုးမျိုး စိတ်အထွေထွေ" တဲ့။ ကျွန်တော်တို့သည် လူသားများဖြစ်သောကြောင့် လူအဖွဲ့အစည်းအတွင်း နေထိုင်ကြရသည်။ ထိုကြောင့်လည်း ရုံး၊ ဌာန၊ ကျောင်း၊ တက္ကသိုလ်၊ အသင်းအဖွဲ့၊ အိမ်၊ ဘုရားကျောင်း၊ ဘုန်းကြီး ကျောင်းစသည့် လူ့အဖွဲအစည်းအတွင်း ကျင် လည်နေထိုင်ကြရသည်။ လူ့အဖွဲ့အစည်း အတွင်းတွင် ကောင်းသည့်အရာများ ရှိသလို၊ မကောင်းသည့် အရာများလည်း ရှိကြသည်။ ဘယ်လိုပဲဖြစ်ပါစေ။ ကျွန်တော်တို့သည် ဤလူ့ အဖွဲ့အစည်းများနှင့် ဆက်ဆံသည့် အခါ ပြေလည်သည့်ဆက်ဆံရေး ရှိသလို မကောင်းသည့် အရာများလည်း ရှိကြသည်။ ဘယ်လိုပဲ ဖြစ်ပါစေ။ ကျွန်တော်တို့သည် ဤလူ့အဖွဲ့အစည်းများနှင့် ရှောင်လွှဲ၍မရနိုင်ကြပါ။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့သည် လူသားများပင်ဖြစ်နေသောကြောင့်ဖြစ်သည်။ ဤလူ့ အဖွဲ့အစည်းအတွင်းတွင် ဆက်ဆံကြသည့် အခါ လူအမျိုးမျိုး ပါဝင်နေသောကြောင့် ပြေလည်သည့် ဆက်ဆံရေးများ ၊ မပြေလည်သည့် ဆက်ဆံ ရေးများကို အနည်းနှင့်အများ ကြုံတွေ့ကြရမည်။ ထိုကဲ့သို့ ကြုံတွေ့ကြရသည့် အခါ သည်းခံရမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းဟု ဆိုရာတွင် လူပေါင်းစုံ၊ စရိုက်ပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စသည့် လူမျိုးပေါင်းစုံ ဖွဲ့စည်းထားသည်။ ထိုကဲ့သို့ လူမျိုးပေါင်းစုံ ဖွဲ့စည်းထားမှလည်း လူ့အဖွဲ့ အစည်းသည် လှပမည်ဖြစ်သည်။ ပန်းဥယျာဉ် ကြီးကို ပဲကြည့်ပါ။ အဖြူရောင် ပန်းတစ်မျိုး တည်းသာပွင့်နေသော ဥယျာဉ်ကြီးဖြစ်လျှင် လုံးဝကြည့်ကောင်းသော ပန်းဥယျာဉ်ဖြစ်မည် မဟုတ်ပါ။ရောင်စုံ ဖူးပွင့်နေသော ပန်းဥယျာဉ် ကြီးဖြစ်မှသာ အလွန်လှပကြည့်ကောင်းသော ဥယျာဉ်ကြီးဖြစ်မည်ဖြစ်သည်။ ၀တ္ထုတစ်ပုဒ် ဖတ်ရှုရာတွင်လည်း ရသတစ်ခုတည်း ပါဝင် သောဝတ္ထုကို ဖတ်ရလျှင် လုံးဝ ဆွဲဆောင်မှု မရှိ၊ ဖတ်ရှု၍ မကောင်းသော ၀တ္ထုတစ်ပုဒ်ဖြစ်နေ မည်ဖြစ်သည်။ ရသမျိုးစုံပါဝင်သော ၀တ္ထုက ပင်လူတို့ကို ဆွဲဆောင်နိုင်သော နာမည်ကျော် ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်မည်။ ထိုကဲ့သို့ပင် လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးပေါင်းစုံ ပါဝင် သော အဖွဲ့အစည်းက လူတို့၏စစ်မှန်သော ဆက်ဆံရေးကို ပေါ်ပေါက်နိုင်စေ ပါသည်။ ထိုကဲ့သို့ လှပသော ပန်းဥယျာဉ်ကြီး ကဲ့သို့ပင် လူ့အဖွဲ့အစည်းသည် ဖြစ်သောကြောင့် ဆက်ဆံရေး မပြေလည်မှုများ ရှိတတ်သည်။ ဤဆက်ဆံရေး မပြေလည်မှုများကို ကျွန်တော်တို့သည် သည်းခံခြင်းအားဖြင့် နေထိုင်ပေါင်းသင်း ဆက်ဆံကြရမည်။ သည်းခံခြင်းသည် မသည်းခံ နိုင်သောအရာဖြစ်မှသာလျှင် ကျွန်တော်တို့သည် ကိစ္စရပ်တစ်ခုခုတွင် ဘယ်လောက် သည်းခံနိုင်တယ်၊ မသည်းခံနိုင်ဘူးလဲ ဆိုတာ အဖြေထွက် လာမည်။ သည်းခံခြင်းသည် ခံရစဉ်အခါတွင် ဘယ်လိုမှသည်းမခံနိုင်ပါ။ ဒေါသထွက်ချင်သည်။ လက်တုံ့ပြန်ချင်သည်။ စိတ်ထဲတွင် မခံမရပ်နိုင် နှင့် စိတ်မရှည်မှုများဖြစ်ပေါ်လာသည်။ သို့ရာတွင် သည်းမခံနိုင်မှုများ ဖြစ်ပေါ်လာသောအခါ သည်းခံကြည့်လိုက်ပါ။ သည်းခံလိုက်သည့် အချိန်မှာမူ ခံရခက်သည်။ သို့သော်လည်း သည်းခံ ပြီးချိန်တွင် သည်းခံလိုက်သည့် အကျိုးကျေးဇူးကို ခံရမည်ဖြစ်သည်။ ကျွန်တော်တို့ သည်းခံလိုက်ခြင်း အားဖြင့် တစ်ဖက်လူရော၊ သည်းခံလိုက်သည့် လူပါကောင်းမွန်သော အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်သည်။ ဘာနှင့်တူသလဲဆိုရင် လှေကား တစ်ခုကိုတက်သည်နှင့် တူသည်။ ကျွန်တော်တို့သည် လှေကားကို တက်သည့်အခါတွင် သတိမထားမိပါက တစ်ထစ်ချင်း တက်သည့်အခါ သိပ်ပြီး မသိသာပါ။ တစ်ထစ်ချင်းတက်ပြီး ထိပ်ဆုံးသို့ ရောက်သည့်အခါမှ လှေကားထစ်တွေ အများကြီး ကိုကျော်ဖြတ်ခဲ့ပြီးပါလား ဆိုတာ သိမြင်လာသည်။ ကျွန်တော်တို့ သည်းခံလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရော တစ်ဖက်လူပါဝမ်းမြောက်ခြင်း ခံစားရမည်ဖြစ်သည်။ မသည်းခံလျှင် အမုန်းများသာ ဝေမျှခံစားရမည်ဖြစ်သည်။ ဤလောကကြီးသည် အမုန်းများ မျှဝေခံစားရဖို့ ဖြစ်ပေါ်လာရခြင်း မဟုတ်။ ၀မ်းမြောက်ခြင်း၊ ငြိမ်သက် သာယာခြင်းများကိုသာ မျှဝေ ခံစားဖို့ဖြစ်သည်။ သည်းခံခြင်းသည် ကျွန်တော်တို့အား ဖြင့် လုပ်ယူ၍ မရ။ ကျွန်တော်တို့ အားဖြင့်ဆိုလျှင် သည်းခံခြင်း မဟုတ်၊ ကြိတ်ခံခြင်းသာ ဖြစ်သွားပါလိမ့်မည်။ သည်းခံခြင်းသည် ဘုရားက လုပ်ပေးမှသာ လျှင်ဖြစ်လာသည်။ ဘုရားက ကျွန်တော်တို့ နှလုံးသားမှာ နေရာယူပြီး သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတွေ ကိုဖြစ်ပေါ်စေပြီး ကျွန်တော်တို့အားဖြင့် သူတစ်ပါး၊ လူအများကို ၀မ်းမြောက်ခြင်း ဖြစ်ပေါ်စေသည်။ သခင် ယေဇူး ခရစ်တော်ကို ကျွန်တော်တို့ နှလုံးသားမှာ ယုံကြည် လက်ခံလိုက်တဲ့အခါ အဲဒီအရာ တွေဟာ ကျွန်တော်တို့နှလုံးသားထဲမှာဖြစ်ပေါ် လာပါတယ်။ ဘုရားက ကျွန်တော်တို့ မပါဘဲ ဘာမှမလုပ်ချင်သလို၊ ကျွန်တော်တို့ကလည်း ဘုရားမပါဘဲ ဘယ်အရာတစ်ခုကိုမျှ လုပ်လို့ မရပါဘူး။ ရှင်ပေတရူးက သခင်ယေဇူးကို သူတစ်ပါးအား ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ခွင့်လွှတ်ရမလဲလို့ မေးတဲ့အခါ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်ရမယ်လို့ပြောတယ်။ သခင်ယေဇူးက သူတစ်ပါး ကိုယ့်ပါးတစ်ဖက်ကို ပုတ်လျှင် နောက် ပါးတစ်ဖက်ကို ပြန်လှည့်ပေးပါလို့ပြော ထားတယ်။ ကျွန်တော်တို့လူသားတွေအားလုံး အတွက် လက်ဝါးကားတိုင်မှာ သခင်ယေဇူးပြုခဲ့တဲ့ နောက်ဆုံးအကြီးမားဆုံး လက္ခဏာက ခွင့်လွှတ် ခြင်းပါပဲ။ သူ့ကို အသက်သေအောင် နှိပ်စက်ခဲ့တဲ့ သူတေ၊ွ အသေသတ်ခဲ့သူတွေကို လက်ဝါးကားတိုင်မှာ "အိုအဖ သူတို့ရဲ့မသိလို့ ပြစ်မှားမိခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်တော်မူပါ " လို့ ဘုရားသခင်ဆီမှာ ဆုတောင်းပေးခဲ့တယ်။ အဲဒီ အကြီးမားဆုံး လက္ခဏာအားဖြင့် သခင်ယေဇူးဟာ စာတန်ကို အောင်မြင်ပြီး လူသားတွေကို အပြစ်ငရဲမှ ကယ်တင်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သည်းခံခြင်း အားဖြင့် လောကကြီးကို အလှဆင်ကြပါစို့လို့ ရေးသားတင်ပြ လိုက်ပါတယ်။

    လူသား (ဆားမှော်)

    Read More...

    Sunday, October 2, 2011

    ပျော်ရွှင်ခြင်းသည် မိမိစိတ် ထားပေါ်မူတည်သည်

    မိမိ၏သဘောထား Attitudes သည် မိမိကိုယ်ကို မြင်သော အမြင်နှင့် အခြား လူအမြင်ပေါ်မှာ မူတည်သည်။ မိဘနှင့်သား သမီး ညီအစ်ကိုမောင်နှမချင်း၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နှင့် အခြားလူအပေါ် လွှမ်းမိုး သက်ရောက်မှု ရှိသည်။ ပျော်ရွှင်ခြင်းသည် လူ့အမြင်ဖြင့် ဒုက္ခပြဿနာကို ကြည့်ပါက စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ ၀မ်းနည်း ခြင်းနှင့် ကျရှုံးခြင်းတွေ တွေ့ကြုံရလိမ့်မည်။

    အနန္တတန်ခိုးတော်ရှင် မေတ္တာတော်ရှင်သည် အရာခပ်သိမ်းအပေါ် ထိန်းချုပ်စီရင် ကြောင်း၊ ဘုရားသခင် အမြင်ဖြင့် ကြည့်မြင် တတ်သူသည် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း ခံစားရလိမ့်မည်။ ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်သောကြောင့် လူအားလုံးအဖို့ အကောင်းဆုံးကိုသာ ဘုရားသခင် ရည်ရွယ် အလိုရှိသည်။ ကျွန်ုပ်တို့အသက်တာအတွက် အကျိုးရှိဆုံးနှင့် အဆင့်မြင့်ဆုံးဖြင့် ဘုရား သခင်ကြံစည်စီမံတော်မူ၏။ ဘုရားသခင် အမြင်ဖြင့် ကြည့်မြင်တတ်သူသည် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း ခံစားရလိမ့်မည်။ ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်သော ကြောင့် လူအားလုံးအဖို့ အကောင်းဆုံးကိုသာ ဘုရားသခင် ရည်ရွယ် အလိုရှိသည်။ ပျော်ရွှင်ခြင်း ကို မည်ကဲ့သို့ရရှိသနည်း။

    ဤလောကတွင် ဒုက္ခပြဿနာ အခက် အခဲကြုံတွေ့ရခြင်းသည် ဓမ္မတာဖြစ်သည်။ လူသားအားလုံး ဒုက္ခပြဿနာထဲမှာ မွေးဖွားလာကြသည်။ သင်တို့သည် လောက၌ ဒုက္ခဆင်းရဲ ခံကြရလိမ့်မည် ဟု ယေဇူးဘုရား သတိ ပေး ခဲ့သည်။

    ပျော်ရွှင်မူ၊ ကျေနပ်သာယာ အားရမှု တွေကို လူတွေ အငမ်းမရ ရှာဖွေနေကြသည်။ မျက်ရည်ကျနေတဲ့ သူတွေ ကြည့်ပြီး၊ ဆေးရုံမှာ လူနာတွေပြည့်နေတာ ကြည့်ပြီး၊ လမ်းပေါ်မှာ အသုဘပို့ပြန်လာကြ တာတွေကြည့်ပြီး သူတို့ ရှာမ တွေ့နိုင်ကြဘူး ဆိုတာ သိနိုင်တယ်။ လောကရဲ့ ပျော်ရွှင်ခြင်းနဲ့ ကျေနပ် အားရခြင်းတို့ဟာ လျှပ်တစ်ပြက်မို့ ဘယ်သူကမှ ဆုပ်ကိုင် မထားနိုင်ပါဘူး။ အဲဒါကြောင့် ပျော်ရွှင်ခြင်းက သင်ပြနေတဲ့ တရားက ပျော်ရွှင်ခြင်းကို သက်သက် လိုက်ရှာရင်တွေ့နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအရာက ဆန့်ကျင်ခြင်း သဘော တရားဆောင်လို့ပဲ။ အမှတ်မထင် တွေ့ရတတ်လို့ဖြစ်ပါတယ်။ စိတ်ချမ်းသာချင်လို့ အလှူပေးတာထက် အလှူပေးလိုက်ရတာက မှ ချမ်းမြေ့မှု ခံစားရတတ်ပါတယ်။ ရယ်ချင်လို့ ရယ်စရာရှာတာထက် ရယ်စရာတစ်ခုကို အမှတ် မထင်တွေ့လိုက်ရတာက အားရပါးရ ရယ်ရတတ်ပါတယ်။ နေ့တိုင်း ရယ်စရာပဲ တွေ့နေပြန်ရင်လည်း ရယ်စရာမကောင်း တော့ဘူး။ ပျော်စရာ လိုက်ရှာနေရင်လည်း ပျော်စရာတွေ လက်နဲ့ တစ်ပွေ့တစ်ပိုက် ရလိမ့် မယ်မဟုတ်။

    အနာမခံရင် ပျော်ရွှင်ခြင်းနဲ့ ကျေနပ် အားရခြင်းတွေကို မခံစားနိုင်ဘူး။ အနာမခံရင် အသာ မစံနိုင်ဘူးတဲ့။ တိုက်ပွဲ ဒဏ်ခံနိုင်ပါမှ အောင်ပွဲ အမှန် ခံနိုင်မယ်။ ပျော်ရွှင်ခြင်းဟာ ကိုယ်တိုင်လုပ်ယူ ရတာဖြစ်တယ်။ ဥပမာ -ကလေးတွေဟာ လူကြီးတွေထက် ပျော်နေ နိုင်ကြတယ်။ အသက်ကြီးလာလေ ပို သိလာ လေ။ ပျော်ရွှင်ခြင်းတွေ လျော့ပါးလာလေပဲ။

    အသက် (၇၀)ကျော်၊ (၈၀)ကစ အိုမင်းမစွမ်းဖြစ် လာတဲ့အခါမှာ သူတစ်ပါး အပေါ်မှာ မှီခိုရပါတယ်။ အရင်က ရေတစ်ပုံး ဆွဲနိုင်ခဲ့သော်လည်း အခုချိန်မှာရေတစ်ခွက်ကို မနိုင့်တစ်နိုင် မရပါတယ်။ ဒါ့အပြင် ကိုယ်လိုရာ ခရီးကို ကိုယ်လိုချင်တဲ့ အတိုင်း မသွားနိုင်ဖြစ်ရပါတယ်။ အဲဒီအချိန်မှာ စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ဆင်းရဲခြင်းဖြစ်ပြီး ပျော်ရွှင်ခြင်းတွေပျောက်ဆုံး ရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်က ကိုယ့်ကို သုခပေးတဲ့ စိတ်ထားမျိုး ဖြစ်စေချင်တယ်ဆိုရင် ကိုယ်က စိတ်ကိုကောင်း ကောင်းမွန်မွန် ထိန်းကျောင်းတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။

    ကိုယ့်မှာ မြင့်မြတ်တဲ့ စိတ်ထားတွေ မရှိဘူးဆိုရင် ကိုယ်ဟာပျော်ရွှင်မှုကို ရနိုင်မှာ မဟုတ်ဘူး။ ကိုယ့်မှာမြင့်မြတ်တဲ့ စိတ်ထားတွေ ရှိတဲ့အခါ ကိုယ့်ရဲ့စိတ်ထဲမှာ အလိုလိုပျော်နေတယ်။ ဆိုလိုတာက ကိုယ့်မှာ သူများအပေါ် အကောင်းမမြင်ဘဲ မကောင်းထင်၊ အတ္တစိတ် တွေနဲ့ ဖုံလွှမ်းနေခြင်းမရှိလို့ပဲပျော်တယ်။ ဒါမှ မဟုတ်ရင် ပျော်ရွှင်မှုဆိုတာ တကယ်ဝယ်လို့ မရဘူး။ သူများဆီကလဲ မရနိုင်ပါဘူး။ ကိုယ့်ဟာ ကိုယ်ပေးမှရတဲ့ အရာမျိုးဖြစ်ပါတယ်။ ကိုယ့်ဟာ ကိုယ်ပေးတဲ့ပျော်ရွှင်မှုလောက် တန်ဖိုးရှိတာ ဘာမှ မရှိပါဘူး။ ကိုယ့်ဟာ ကိုယ်ပေးတဲ့ပျော်ရွှင်မှုဟာ ကိုယ့်ဘ၀ရဲ့ အသက်တာမှာ တန်ဖိုး အရှိဆုံး ဖြစ်လာပါတယ်။ ဒီတော့ မိမိရဲ့ဘ၀မှာ မြင့်မြတ်တဲ့ စိတ်ထားရှိအောင် လုပ်နိုင်ပြီဆိုရင် ကိုယ့်ဟာ ကိုယ် ပျော်အောင် လုပ်နိုင်ပြီလို့ ပြောလို့ရပါပြီ။ အဲဒါကြောင့် ပျော်ရွှင်ခြင်းရော၊ မပျော်ရွှင်ခြင်းပါ နှစ်ခုစလုံးဟာ မှတ်ယူတတ်တဲ့ ကိုယ့်စိတ်မှာပဲ မူတည်ပါတယ်။ "ရွှင်လန်းသော စိတ်နှလုံးသည် ချိုသော မျက်နှာကို ဖြစ်စေတတ်၏။ ငြိုငြင်တတ်သော သူ၏ နေ့ရက် ရှိသမျှတို့သည် ငြိုငြင်ဖွယ်ဖြစ်၏။ စိတ်နှလုံး ရွှင်လန်းသော သူသည် အစဉ်အမြဲ ခံရတဲ့ပွဲ ရှိတတ်၏။" (သုတ္တံ ကျမ်း ၁၅း၁၅)

    မိမိကိုယ်ကို စိတ်ထားမြင့်မြတ်တဲ့သူ တစ်ယောက်အဖြစ် လုပ်တဲ့အခါမှာ ကိုယ့်ရဲ့စိတ် နှလုံးသားထဲမှာ အလိုလိုနဲ့ အမြဲတမ်းပျော်နေတယ်။ ထိုပျော်ရွှင်မှုကို ကိုယ်တစ်ယောက်ထဲ မကဘူး၊ ကိုယ်နဲ့ထိတွေ့ ဆက်ဆံတဲ့ သူလည်း ပျော်လာကြတယ်။ ကိုယ်ပြောတဲ့စကားတွေ၊ အပြုမူတွေဟာ မြင်တဲ့သူတွေရဲ့ ဘ၀အတွက် ကောင်းတဲ့ ပုံစံဖြစ်လို့ပဲ။ ကိုယ့်မှာစိတ်ကောင်း ရှိတယ်ဆိုရင် ကိုယ်လည်းပျော်ရွှင်ချမ်းသာတယ်။ ကိုယ်က စိတ်ကောင်း ရှိတဲ့အခါမှာ ကိုယ်နဲ့ထိတွေ့တဲ့သူတိုင်းဟာ ကိုယ့်ဘ၀ထဲမှာ ခရစ်တော်ဘုရားကိုတွေ့ ရှိလာတယ်။ ဒါတင် မကသေးဘူး၊ ကိုယ်က ခရစ်တော်ဘုရားကို သူများဆီသို့ သယ်ဆောင်ရာလည်း ရောက်ပါတယ်။

    လောကလူအများ ပျော်ရွှင်မှုကိုဘယ်လို ရှာကြသလဲဆိုရင် ပိုက်ဆံချမ်းသာမှ၊ အစား ကောင်း၊ အ၀တ်ကောင်းဝတ်မှ၊ တီဗွီ၊ ဗွီဒီယိုရှေ့ ထိုင်ပြီးဇိမ်ခံမှ၊ ဆလွန်းကားလေး စီးပြီး ကိုယ်လိုရာ သွားနိုင်မှ၊ လူငယ်၊ အပျို၊ လူပျိုတွေ အိနြေ္ဒမရှိတဲ့ ဆက်ဆံမှုတေ၊ွ Pleasure တွေရမှ ပျော်ရွှင်မှု ရတယ်လို့ ထင်ကြတယ်။ ပျော်ရွှင် သာယာကြည်နူးမှုဆိုတာ သိပ်ပြီး ဆွဲဆောင်မှု အားကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီပျော်ရွှင်ခြင်းဟာ ထာဝရ ပျော်ရွှင်ခြင်း သုခစစ်ရဲ့ အမြည်း အစမ်းဖြစ်နေလို့ပဲ။ ဒီကမ္ဘာလောကကြီးပေါ်မှာ ထာဝရ ချမ်းသာစစ်မှန်ကို မတွေ့သေးဘူး ဆိုတာပါပဲ။ ဒါကြောင့် စိန်သြဂုတ်စတင်းက ငါ၏၀ိညာဉ်သည် ငါ၏အရှင်ဘုရားသခင်၌ မနားမခို မရမခြင်း ငြိမ်းချမ်းမှု မရနိုင်ပါလားလို့ ငြီးတွားခဲ့တယ်။ ပျော်ရွှင်မှုဆိုတာက သူများ မခိုးယူနိုင်၊ မဖျက်ဆီး နိုင်ဘူး။ ကိုယ်ဖျက်မှ ပျက်မဲ့အရာဖြစ်ပါတယ်။ စိတ်ရဲ့ပျော်ရွှင်မူဟာ တစ်ခုခုရမှမဟုတ်ဘူး။ အောင်မြင်မှုရမှလည်း မဟုတ်ဘူး။ တစ်ခါ တစ်လေဆိုရင် ဒုက္ခတွေခံနေရရင်းနဲ့ ပျော်ရွှင်မှုကို ရယူနိုင်ပါတယ်။ ဒုက္ခကို သုခလို လက်ခံပြီး ဘုရားကို ပူဇော်နိုင်လို့ဖြစ်ပါတယ်။

    ပျော်ရွှင်မှုဆိုတာက သုခလမ်းစဉ်၊ ပါရမီ လမ်းစဉ်လျှောက်လှမ်းတဲ့ လူသားများအတွက်သာ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ပြောရရင် ပျော်ရွှင်မှုဆိုတာ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ရှိမှသာ ရရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့က ဒုက္ခခံနေရတာကိုပဲ ပျော်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဝေဒနာဟာ စေတနာဖြစ်လာလို့ပဲ။ ဒါကြောင့် စိန်ပေါလ်က သူဟာ ခရစ်တော်အတွက် ဒုက္ခတွေခံရလေ ပျော်ရွှင်မှုကို ပိုပြီးတော့ ခံစားရလေလေ ဆိုပြီး ပြောထားပါတယ်။ ပျော်ရွှင်တတ်တဲ့ အကျင့်က ပျော်ရွှင်တဲ့ဘ၀ကိုဖြစ်စေပါတယ်။ ထိုစိတ်ထားနဲ့ အလေ့အကျင့်တွေ ဟာ ပျော်ရွှင်မှု အစစ်မှန် ပေးတတ်တဲ့ လူ့ကျင့်ဝတ်တွေပေါ်မှာ အခြေခံထားဖို့လည်း လိုတယ်။ အဲဒီ အခြေခံလူ့ကျင့် ၀တ်ဆိုတာ စိတ်ကောင်း၊ နှလုံးကောင်းထားခြင်းနဲ့ ထောက်ပံ့ ကူညီခြင်းပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားကျမ်းစကားအရ ရယူခြင်းမှာထက် ပေးဆပ်ရခြင်းမှာ ပိုပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ပြီး အားရစေလို့ပဲ။ (တမန်တော်ဝတ္ထု - ၂၀း၃၅)

    မိမိ၏ ဘ၀၌မြင့်မြတ်တဲ့ စိတ်ထားကို မွေးမြူခြင်း၊ ကောင်းမြတ်သော စိတ်ထားကို ထားရှိ ခြင်းတို့သည် ခရစ်တော်ဘုရား၏ စိတ်ထားကို ခံယူခြင်းပင်ဖြစ်ပေသည်။ (၁ ကော်ရင် - ၂း၁၆ခ) ပျော်ရွှင်ခြင်းသည် မိမိစိတ်ထား ပေါ်မှာမူတည်သည်။

    ဘာကြောင့် မပျော်ရွှင်နိုင်သလဲ။
    ၁။ မိမိ၏ စိတ်သဘောထားကြောင် မပျော်နိုင်ခြင်းဖြစ်သည်။
    ၂။ အခြားလူကို Negative attitude အကောင်းမမြင်၊ အဆိုးမြင်ပြောဆိုတတ်ပါ ကလည်း မှားသည်။ ဤမှားသောစိတ်ထား ၂မျိုးကြောင့် ပျော်ရွှင်မှုမရှိခြင်းဖြစ်သည်။

    ဤစာစောင်ကို "ရှင်သန်နိုင်သော လူ့ ဘ၀" စာအုပ်မှ မှီငြမ်းပြီးရေးသားထားပါသည်။



    စစ္စတာရ် ဖွားဖွား ဒေဗီယားလား
    (S.J.A)

    Read More...

    Sunday, September 25, 2011

    (CBCM)၏ ဒုတိယနှစ်ပတ်လည် အစည်းအဝေးမှတ်တမ်း

    စာဖတ် ပရိတ်သတ်များခင်ဗျား ဒီလထုတ်ဝေတဲ့ သိုးထိန်းအသံစာစောင်တွင် ဘာသာတရားများ အချင်းချင်းနှီးနှော ဖလှယ်ခြင်းအစား မြန်မာပြည် ကက်သလစ်ဆရာတော်ကြီးများ အစည်းအဝေး အကြောင်းကို ဘာသာသူများ သိရှိခွင့်ရအောင် ထည့်သွင်း တင်ပြပေးလိုက်ပါတယ်။

    မြန်မာပြည်ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် (စီဘီစီအမ်)၏ ဒုတိယနှစ်ပတ်လည် အစည်းအဝေးမှတ်တမ်း (စုစည်းတင်ပြသူ ဖါသာရ်မာကုတင်ဝင်း (အမှုဆောင်အတွင်းရေးမှူး)

    မြန်မာပြည် ကက်သလစ်ဆရာတော် ကြီးများ၏ အစည်းအဝေးကို ဇန်န၀ါရီလနှင့် ဇွန်လများတွင် နှစ်စဉ်နှစ်ကြိမ် ကျင်းပလေ့ရှိရာ ယခုနှစ်အတွက် ဒုတိယနှစ်ပတ်လည် အစည်းအဝေးကို ဇွန်လ (ရ -၁၁) ရက်နေ့များတွင် မြန်မာပြည်ဆရာတော်ကြီးများ (၁၈)ပါးရှိသည့်အနက် အားလုံးစုံစုံညီညီ တက်ရောက် ခြဲ့ကပါသည်။

    နှစ်စဉ် ဇွန်လအစည်းအဝေးသည် အထူးသဖြင့် မြန်မာကက်သလစ် ဆရာတော်ကြီးများ၏ လမ်းညွှန်မှုကို ခံယူဖွဲ့စည်းထားသော ကော်မရှင် (၂၅)ခုမှ နှစ်ချုပ်တင်ပြချက်များနှင့် ဆရာတော်ကြီးများ၏ ထပ်ဆင့် လမ်းညွှန်ပေးခြင်း အစီအစဉ်များက အဓိကဖြစ်ပါသည်။ အစည်းအဝေးကို ဆုတောင်းမေတ္တာနှင့် အစပြု ဖွင့်လှစ်ကြကာ၊ အဖွဲ့ချုပ်၏ နာယကဆရာတော် ဂျွန်မန်းဆိန်းဟီးမှ အဖွင့်သြ၀ါဒ မိန့်ကြားခြင်းနှင့် စတင်ခဲ့ပါသည်။ ထို့နောက် ဇန်န၀ါရီလ အစည်းအဝေးမှတ်တမ်းကို ဆရာတော်ကြီးများက အတူတကွ ပြန်လည် ဖတ်ကြား သုံးသပ်ခြဲ့ကပါသည်။ ရှေးဦးစွာ ပြင်ဦးလွင်မြို့ရှိ မြန်မာပြည်လုံးဆိုင်ရာ ကက်သလစ် ရဟန်းဖြစ်တက္ကသိုလ်(ဖီလောဆော်ဖီ)၏ ကျောင်းအုပ်ဘုန်းတော်ကြီး၏ တင်ပြချက်အရ (၂၀၁၁-၂၀၁၂) ခု နှစ်နှစ်တာ ပညာသင်နှစ်အတွက် ဘုန်းကြီးလောင်းအပါး (၁၂၀) ရှိကြောင်း သိရပါသည်။ တောင်ကြီးမြို့မှ မြန်မာပြည်လုံးဆိုင်ရာ ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ် (ပညာ၊ သီလ၊ သမာဓိ ကျင့်စဉ်) ၏ ကျောင်းအုပ်ဘုန်းတော်ကြီးမှ (၂၀၁၁-၂၀၁၂)ခု တစ်နှစ်တာ ပညာသင်နှစ်အတွက် ဘုန်း တော်ကြီးလောင်း (၆၀)ပါး ရှိကြောင်း မှတ်သားရပါသည်။ ထို့နောက် ရန်ကုန်မြို့ရှိ မြန်မာပြည်လုံးဆိုင်ရာ ကက်သလစ် ရဟန်းဖြစ်တက္ကသိုလ် (သီအော် လော်ဂျီ)၏ ကျောင်းအုပ်ဘုန်းတော်ကြီး တင်ပြချက်အရ (၂၀၁၁-၂၀၁၂) ခုနှစ် ပညာသင်နှစ်အတွက် ဘုန်းကြီးလောင်း (၁၆၇) ပါးရှိကြောင်းသိရပါသည်။

    ဤ ရန်ကုန်ရဟန်းဖြစ်တက္ကသိုလ်ကြီးသည် အီတလီနိုင်ငံ၊ ရောမားမြို့ရှိ အူးဘမ်း တက္ကသိုလ်ကြီး ၏ တွဲဘက် တက္ကသိုလ်ဖြစ်တာကြောင့် (၄) နှစ်တာပညာသင်နှစ်ကို ဖြေဆိုအောင်မြင်ပါက အဆိုပါ အူးဘမ်း တက္ကသိုလ်ကြီးမှပေးသော ဘတ်ချလာ (Bachelor) ဘွဲ့ရရှိကြပါသည်။ ထို့နောက် ဆရာတော်ကြီးများမှ လမ်းညွှန် အကြံပြုပေးခဲ့ကြပါသည်။ ထိုအချက်များထဲမှတစ်ချက်မှာ "ကက်သလစ် သာသနာ့ ၀တ်ပြု ကိုးကွယ်ခြင်းများတွင် ကျမ်းစာတော်မြတ်ကို ဖတ်ရှုနှလုံးသွင်းခြင်းနှင့်ဝတ်ပြုခြင်းကို ဦးဆောင်သူ ဘုန်းတော်ကြီးမှ ဖတ်ရှုခဲ့သော ကျမ်းစာတော်ကိုအခြေခံလျှက် သြ၀ါဒတရားဟောဖို့ အရေးကြီးပါကြောင်း၊ ထို့ကြောင့် သြ၀ါဒတရားဟောခြင်းကို ဘုန်းကြီးလောင်း ကိုရင်များကို ဟောခိုင်းခြင်း မပြုလုပ်ကြဖို့" ဖြစ်ပါသည်။ ထို့နောက် ၀တ်ပြုကိုးကွယ်ခြင်းကော်မရှင်၊ သမ္မာကျမ်းစာကော်မရှင်၊ လူငယ်ကော်မရှင်၊ သာမန်လူဝတ်ကြောင်ကော်မရှင်၊ ကက်သလစ်မိသားစုကော်မရှင်၊ ခရစ်ယာန်များ စည်းလုံး ညီညွတ်ရေးကော်မရှင်၊ ဘုရားတရားသင်ကြားခြင်းနှင့် ဓမ္မဆရာသင်တန်း၊ ဂရုဏာ၊ ကိုးကွယ်မှု ဘာသာတရား အချင်းချင်းတွေ့ဆုံနှီးနှော ဖလှယ်ခြင်းကော်မရှင် အစရှိသဖြင့် ကော်မရှင် (၂၅) ခုတို့၏ နှစ်ချုပ် တင်ပြချက်နှင့် ဆရာတော်ကြီးများ၏ မှတ်ချက်ပေးခြင်း၊ အဆုံးအမခံယူခြင်း၊ လမ်းညွှန်ပေးခြင်း၊ အကြံပေးခြင်းများမှ မှတ်သားဖွယ် တချို့ကို အတိုချုပ်ပြီးတင်ပြပါမည်။
    • "ခရစ်ယာန်တို့အားမှိုင်းမတော်မူသော မယ်တော်ပွဲနေ့" ဖြစ်သည့် မေလ (၂၄)ရက်နေ့ကို နှစ်စဉ် နှစ်တိုင်း "တရုတ်ပြည်" အတွက် အထူးဆုတောင်းပေးအပ်သောနေ့ရက်အဖြစ် သာသနာပိုင်ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (၁၆) အရှင်သူမြတ်က သတ်မှတ်ပေးပါသည်။
    • ယခုနှစ် မေလတွင် တစ်ပြည်လုံးမှ ကက်သလစ်ဘုန်းတော်ကြီးအငယ် (၂၂)ပါးအား ရန်ကုန်မြို့၊ ဆလေးရှင်း ဘုန်းတော်ကြီးများကျောင်းတွင် ဘုန်းကြီးများ၏ ၀ိနည်းနှင့် ဘာသာတရားရေးရာများ ပို့ချပေးနိုင် ခဲ့ပါသည်။
    • ကက်သလစ်ဘာသာဝင်များ၏ ၀တ်ပြု ကိုးကွယ်ခြင်းအစီအစဉ် အသီးသီးတွင် သီကျူးကြသော ဘုရားချီးမွမ်းခြင်း၊ ဓမ္မသီချင်းများမှစာလုံး၊ စကားလုံးများဟာ သာသနာ့ သွန်သင်ချက်များနှင့် သွေဖီမသွား စေဖို့၊ ကျမ်းစကား၊ ဘာသာရေးစကားလုံးများဖြစ်စေဖို့၊ သံစဉ်များဟာ လည်း နိုင်ငံ့ ရိုးရာယဉ်ကျေးမှု အရရော တရားသဘောအရပါ ဘုရားဝတ်ပြုခြင်း သံစဉ်ဖြစ်စေဖို့၊ တူရိယာပစ္စည်းများဆိုရင်လည်း ဘာသာရေးနှင့် ကက်သလစ်ဘာသာ ဓလေ့ထုံးများမှသွေဖီ မသွားစေဖို့ ဦးဆောင်ကြီးကြပ်စေလိုကြောင်း" ဆရာတော်ကြီးများမှ မှာကြားပါသည်။
    • ကက်သလစ်ဘာသာဝင်များ သမ္မာကျမ်းစာတော်မြတ်ကိုနေ့စဉ်နေ့တိုင်း ဖတ်ရှုနှလုံးသွင်းဖို့၊ သမ္မာတရားတော် အဆုံးအမများနှင့် အညီ တရားဆောက်တည်ကြဖို့၊
    • သမ္မာကျမ်းစာကော်မရှင်၏ ဆုတောင်းစုစည်းခြင်းအစီအစဉ်ကို တစ်ပြည်လုံးအတိုင်းအတာနှင့် ကျင်းပ နိုင်ရန် အတွက်ပြင်ဦးလွင်မြို့တွင် ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ဖို့၊
    • ကက်သလစ်သာသနာ (ရပ်ကွက်၊ ကျေးရွာ၊ မြို့) အသီးသီးရှိ ကျောင်းထိုင်ဘုန်းတော်ကြီး များအနေနှင့် ဘုရားဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်များနှင့် ဦးဆောင်ဦးရွက်ပြုခြင်း အစရှိသည့်ကဏ္ဍ အသီးသီးမှာ ဘုန်းတော်ကြီးနှင့် သီလရှင်များကသာ ထိပ်ကနေလုပ်ဆောင်မနေကြဘဲ သာမန် ဘာသာဝင် ကြီးငယ် မရွေး၊ ကျားမ မရွေးပါဝင်လုပ်ကိုင်နိုင်ခွင့်ပေးဖို့၊ ပါဝင်လာကြအောင် တိုက်တွန်းသင်ကြားပေးဖို့၊ ရင့်ကျက်သော ယုံကြည်သူ ဘာသာဝင်များဖြစ်လာအောင်သွန်သင်ပေးဖို့၊
    • ကက်သလစ်မိသားစုများသည် မိမိတို့၏ စားဝတ်နေရေး၊ သားသမီးများပညာရေး၊ လူမှုရေး၊ ကျန်းမာ ရေး အစရှိသော အရေးပေါင်းများစွာကို ခက်ခဲပင်ပန်းစွာလုပ်ကိုင်နေကြရကြောင်း၊ ပူပန်မှုနှင့်အဆင် မပြေခြင်း များကို ခါးစည်းရုန်းကန်နေကြရတာကြောင့် ကိုယ်စိတ်နှလုံးဝိညာဉ်နွမ်းနယ်နေမှုကို ဘုန်းတော် ကြီးများနှင့် သူတော်စင်များက သိရှိနားလည်ကြလျှက် ဘုရားတရားတော်၊ သမ္မာကျမ်းလာ အဆုံးအမ များနှင့် ဖေးကူ၊ အားပေး၊ နှစ်သိမ့်၊ အကြံပေးရင်း အတူလျှောက်လှမ်းနိုင်ဖို့ သူတို့တစ်တွေနှင့် နီးနီးကပ်ကပ် ရှိနေကြစေကြောင်း၊
    • ဘုရားစကား/ဘုရားတရား သင်ကြားရာတွင်လည်း ကလေး၊ လူငယ်၊ လူကြီး၊ အိမ်ထောင်သည် အစရှိသလို သူတို့နှင့် သင့်တင့်ကိုက်ညီသော ဘုရားစကားစာပေများ တစ်နိုင်ငံလုံး တစ်ပြေးညီတည်း အသုံးပြုနိုင်ရန်ထုတ်ဝေဖို့၊ ကက်သလစ်သာသနာမှဦးဆောင်သော ပရဟိတဂရုဏာလုပ်ငန်းများ၊ ပညာရေး၊ ခုခံအားကျဆင်းခြင်းရောဂါသည်များ စောင့်ရှောက်ရေးအပါအ၀င် ကျမ်းမာရေးစောင့်ရှောက် ခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြသူများနှင့် ကက်သလစ် ဆရာတော်ကြီးများ အတူတကွ နီးနီးကပ်ကပ် တိုင်တိုင်ပင်ပင် လုပ်ဆောင်ကြစေလိုကြောင်း၊ ထိုကဲ့သို့ လူမှုဖွံ့ဖြိုးရေးပရဟိတလုပ်ငန်းများ တွင်လုပ်ဆောင်နေသူများအနေနှင့်လည်း မိမိတို့ ချမှတ်ရေးဆွဲ ထားသော လုပ်ငန်းအစီအစဉ်များနှင့် ပရောဂျက်များထက် မိမိတို့လုပ်ကိုင်ပေးခြင်းကို အားကိုးတကြီး ခံယူနေကြသူများသည့် လူပုဂ္ဂိုလ် များဖြစ်ကြကြောင်း၊ ဆင်းရဲချို့တြဲ့ကပေသော်လည်း သူတို့တွင် ဘုရားပေးအမွေဖြစ်သည့် မွေးရာပါ လူ့ဂုဏ် နှင့် လူ့သိက္ခာရှိနေကြတာကို မမေ့ကြစေလိုကြောင်း၊
    • ခရစ်ယာန်ဘာသာဝင်တို့သည် မိမိတို့ကိုယ်တိုင်တစ်ဦးစီ၏ နေ့စဉ်အသက်တာမှာ "တရား မျှတခြင်းနှင့် ငြိမ်းချမ်းခြင်း" တရားများမှသွေဖီကာ မနေထိုင် မပြုမူမိကြစေ လိုကြောင်း၊ သည့်အပြင် ဤကော်မရှင်သည် ဂရုဏာမြန်မာကော်မရှင်အောက်မှာ မရှိဘဲ သီးသန့် ကော်မရှင်တစ်ခုဖြစ်ကြောင်း၊
    • ပညာရေးကော်မရှင်သည် ဂရုဏာမြန်မာကော်မရှင်အောက်တွင် မရှိဘဲ သီးသန့် ရပ်တည်စေဖို့၊
    • သာသနာပိုင် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်၏ သာသနာပြုအသင်းအတွက် မြန်မာကက်သလစ် ဘာသာဝင်များ နှစ်စဉ် ထည့်ဝင်လှူဒါန်းကြသောအလှူငွေသည် တစ်နှစ်ထက်တစ်နှစ် တိုးလာကြောင်း၊
    • ကိုးကွယ်မှုဘာသာတရားများ အချင်းချင်းနှီးနှော ဖလှယ်ခြင်းကော်မရှင်၏ တင်ပြချက်များမှ မြန်မာ့ ကက်သလစ်သာသနာတော်ကြီးအနေနှင့် နိုင်ငံအတွင်းရှိ ကိုးကွယ်မှု ဘာသာတရားအသီးသီး၏ မြင့်မြတ် ကြီးကျယ်ခြင်းကို အသိအမှတ်ပြုကာ၊ မတူညီကွဲပြားရာများကို လေးစားစွာအသိအမှတ်ပြုလျှက် တူညီရာများကိုမြတ်နိုးစွာ တန်ဖိုးထားရင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ဖို့လိုအပ်ကြောင်း၊ ဤကော်မရှင် အနေနှင့် ကက်သလစ်ဘာသာဝင်တိုင်း အတွက် သာသနာ၏ရှေးထုံး ကျင့်စဉ်တစ်ခုဖြစ်သည့် တရားထိုင်ခြင်း၊ ကမ္မဌာန်းထိုင်ခြင်း၊ ကိုယ်စိတ်နှလုံး ဆိတ်ဆိတ်ထားကာ ဘုရားရှင်နှင့် အတူရှိခြင်း (Meditation and Contemplation Center) စသည်တို့ ပြုလုပ်နိုင်ရန်အတွက် ဥပုသ် သီလစောင့်ရာ ကျောင်းသင်္ခန်းသီးသန့် တစ်ခုဖြစ်ပေါ်လာရေး ရည်စူးကြောင်း၊
    • မြန်မာကက်သလစ် သာသနာတော်ကြီးတွင် ဘုန်းတော်ကြီး သီလရှင်များအများအပြား ခေါ်တော်မူခြင်း ခံရသည့်အလျောက် တခြားတိုင်းနိုင်ငံများသို့ လည်းကောင်း၊ မြန်မာပြည်ကက်သလစ်သာသနာ နယ်အသီးသီးသို့ လည်းကောင်း သာသနာပြုများစေလွှတ်ကြဖို့လိုအပ်ကြောင်း၊
    • သီအော်လောဂျီ ဘာသာရပ်နှင့်သော်လည်းကောင်း၊ ဖီလောဆော်ဖီ၊ လူမှုဖွံ့ဖြိုးခြင်း၊ စီမံခန့်ခွဲခြင်း အစရှိသဖြင့် အမ်အေပါရဂူဘွဲ့အသီးသီး ယူထားကြသော ကက်သလစ်ဘုန်းတော်ကြီးများအနေနှင့် မိမိတို့သင်ယူခဲ့ကြသော ဘာသာရပ်အလိုက် စာအုပ်စာပေများရေးသား ထုတ်ဝေကြစေလိုကြောင်း၊ လစဉ် သို့မဟုတ် ခြောက်လပတ်စာစောင်များ၊ မဂ္ဂဇင်းများ ထုတ်ဝေကြစေလိုကြောင်း ... အစရှိသဖြင့် ကက်သလစ်ဆရာတော်ကြီးများမှညွှန်ကြားခဲ့ကြပါသည်။
    ထို့အပြင် ကက်သလစ်ဆရာတော်များအစည်းအဝေးဆုံးဖြတ်ချက်များမှ တချို့မှာ . . .
    • မြန်မာ့ကက်သလစ်သာသနာတော်အတွက် ခရစ်နှစ် (၂၀၁၂)ကို ခွန်အားအသစ်နှင့် သာသနာပြုခြင်းနှစ် (Year of New Evangelization:Ad Gentes) အဖြစ် ဆက်ကပ်ဖို့ဆုံးဖြတ်ခဲ့ကြပါသည်။
    • ကက်သလစ်သာသနာ (ဖယ်ခုံ)မှ ဖါသာရ်ဖေလိချေဘထူးကိုရန်ကုန်မြို့ရှိ ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ်အတွက် ၀ိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးအဖြစ်ခန့်အပ်ပေးခြဲ့ကပါသည်။
    • Episcopal Commission for Social Communications/SIGNIS အတွက် လစ်ဟာနေသော ဒါရိုက်တာနေရာအတွက် အနီးစခန်းရှိ ဆလေးရှင်း ဘုန်းတော်ကြီးများအနက်(၂)ပါးက ဇူလိုင်လမှ စတင်ကာ တာဝန်ယူကြပါမည်။
    • လက်ထပ်ထိမ်းမြားခြင်းခံယူကြမည့် ကက်သလစ်သတို့သားသတို့သမီးများသည် ကျောင်းထိုင် ဘုန်းတော်ကြီးထံမှ ကက်သလစ် ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးနှင့်ပတ်သက်သော သွန်သင်ချက်များကို မဖြစ်မနေခံယူဖို့လိုအပ်ကြောင်း (Prenuptial Instruction to be compulsory) လမ်းညွှန်ပါသည်။ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ချားစ်ဘို ဦးစီးထုတ်ဝေ သော "ကက်သလစ် လက်ထပ်ထိမ်းမြားမှုပြင်ဆင်ရေး ရက်တိုသင်တန်း လက်စွဲစာအုပ်" ထုတ်ဝေထား ကြောင်း အသိပေး ပါသည်။
    • ၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် မျိုးကြဲသူစာစောင်ကို ရန်ကုန်မြို့ စိန်မေရီကာသီဒြယ် ဘုရာရှိခိုး ကျောင်းတော်ကြီးရာပြည့်ပွဲနှင့် ပတ်သက်သော သတင်းဆောင်းပါးများကို ဦးစားပေးရေးသား ထုတ်ဝေကြဖို့ စသည်ဖြင့် ဆုံးဖြတ်ခြဲ့ကပါသည်။
    ကျန်းမာချမ်းသာကြပါစေ။ ဘုရားရှင်ကောင်းချီးပေးတော်မူပါစေ။

    ဖါသာရ် မာကုတင်ဝင်း
    (အမှုဆောင်အတွင်းရေးမှုး၊ စီဘီစီအမ်)

    Read More...

    Thursday, September 8, 2011

    "ချစ်ရသော ကျွန်ုပ်၏အမေနှင့် ကျွန်ုပ်၏ အစ်မ" (My Eve,Mary)

    မယ်တော်မာရီယားသည် ကျွန်ုပ်တို့ ချစ်ခင်အားကိုးကြရသော မိခင်အရင်းထက်ပင် ခရစ်ယာန်များ မှလေးစား ရသော၊ ချစ်ခင်စွာ အားကိုးကြသော ဘုရား၏မယ်တော်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ဘုရားရှိခိုးကျောင်း များ၌ လှပသောမယ်တော်၏ပုံတော်များ၊ ဆင်းတုတော်များကို တွေ့မြင်နိုင်ကြပါသည်။ ကျွန်ုပ်သည် ယခင်က ခရစ်ယာန် ဂိုဏ်းကွဲတစ်ဦးဖြစ်သော ကြောင့် သခင်ယေဇူးကိုသာ ရှိခိုးကိုးကွယ် ခဲ့သူဖြစ်သည်။ အထက်တန်းကျောင်းသို့ ပြောင်းတက်ရ သောအခါမှ ကက်သလစ်သူငယ်ချင်းများနှင့် ရင်းနှီးလာပြီး မယ်တော် အကြောင်းကို သိရှိလာခဲ့ သည်။ ကြင်နာခြင်းပြည့်ဝသော မယ်တော်၏ မျက်နှာတော်လေး ကို နေ့စဉ်တွေ့မြင်လာရသော အခါ မိဘများကို အနူးအညွတ်တောင်းပန်၍ ကက်သလစ်ဘာသာ သို့ ပြောင်းလဲသက်ဝင်ခဲ့ သည်။

    လုပ်ငန်းခွင်သို့ဝင်ရောက်ပြီး လူအများ နှင့်ဆက်ဆံလာရသောအခါ အလုပ်ဖိစီးမှု၊ ဆက်ဆံရေး မပြေပြစ်မှု များတွေ့ကြုံလာရသည်။ တခါတရံစိတ်ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုများကြောင့် မခံမရပ်နိုင်အောင်ဖြစ် လာသောကြောင့် "အမေ၊ အမေ ကျွန်ုပ်ကိုကယ်ပါဦး" ဟု အကြိမ်ကြိမ်တမ်းတမိပါသည်။ ပြန်စဉ်းစား ကြည့်သော အခါ "အမေ" ဟု ကျွန်ုပ်တမ်းတ နေသူသည် ကျွန်ုပ်၏ အမေအရင်းမဟုတ်ဘဲ အမိမယ်တော်ကို တမ်းတနေခြင်း သာဖြစ် ကြောင်းသိရှိရသည်။ ငယ်စဉ်အခါက ကျွန်ုပ်၏မိဘများသည် ဂိုဏ်းကွဲခရစ်ယာန် များဖြစ်သောကြောင့် မယ်တော်ကို လုံးဝ မကြားဖူးခဲ့ပါ။ ထိုအချိန်က ဧ၀ (Eve) ကို ကျွန်ုပ်တို့ချစ်ခင်ခဲ့ဖူးသည်။ ဧ၀၏မသိသော အမှားကြောင့်သာ ဤကမ္ဘာမြေမှာလှပသော၊ ချစ်စဖွယ်ကောင်းသော လူသားမျိုးနွယ်သား သ္မီးများမွေးဖွား လာခဲ့ရသည်။ ဧ၀သည် ဘုရားရှင်ဖန်ဆင်းခဲ့သော ပထမဆုံးအမျိုး သ္မီးဖြစ်သည်။ အချို့သောသူများမှာဧ၀ကို ယုတ်ညံ့သော အမျိုးသ္မီးတစ်ဦးအဖြစ် သတ်မှတ်ခဲ့သော်လည်း ကျွန်ုပ်ကတော့ ဤသို့ တခါမှ မတွေးခဲ့ဖူးပါ။ မယ်တော်အကြောင်း မသိရ သေးခင်က ဧ၀ကိုသာချစ်ခင်ခဲ့မိသည်။

    လွန်ခဲ့သော (၁၀) နှစ်ခန့်ကတော့ ဘော့စနီးယားနိုင်ငံ၊ ခရိုအေးရှားတောင်တန်း တစ်နေရာ၊ ခရစ်ယာန်များနေထိုင် သည့် အရှေ့ဘက်ခြမ်း၌ မယ်တော် ထင်ရှားပြခဲ့သည်ကို လူ အမြောက်အမြားတွေ့ရှိခဲ့ကြသည်။ ထိုတောင်တန်း၏ အနောက်ဘက်ခြမ်း၌ ဆားဗီးယား မူဆလင်များနေထိုင် ကြသည်။ ဤ (၂၀) ရာစု သည် မယ်တော်၏ ရာစုနှစ် ဟုခေါ်တွင်ရအောင် ပင်။ ဤနှစ် (၁၀၀) အတွင်း ကမ္ဘာအနှံ့အပြား၌ အကြိမ်ပေါင်း (၄၀၀) ကျော် ထင်ရှားပြ ခဲ့သည်။ မယ်တော်ထင်ရှားပြခဲ့သောနေရာတိုင်း၌ လူမမာများ ၏ရောဂါများ ထူးဆန်းစွာ ပျောက်ကင်းခဲ့ သလို၊ ယုံကြည်သူဘာသာဝင်များလည်း အထူး တိုးပွားလာခဲ့သည်။ ခရိုအေးရှားနိုင်ငံ တစ်နိုင်ငံ ထဲ၌ပင် မယ်တော် ထင်ရှားပြသခဲ့ပြီးနောက် ယနေ့အချိန်ထိဆိုလျှင် ဘုရားဖူး သန်း (၁၀၀) ကျော်မျှရောက်ရှိ ဖူးမြှော်ခဲ့ကြသည်။ ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလူးသည် လူသတ်သမား၏ လုပ်ကြံမှုကြောင့် သေနတ် ဒဏ်ရာများစွာ ပစ်ခတ်ခြင်း ခံခဲ့ရသော်လည်း မယ်တော်၏ ဂုဏ်ကျေးဇူးတော်ကြောင့် အသက် မသေခဲ့ခြင်းဖြစ်သည်ဟု ရဟန်းမင်းကြီးမှ နက်နဲစွာ ယုံကြည်ခဲ့သည်။

    မယ်တော်သည်ချမ်းသာကြွယ်ဝသော ဒေးဗစ်ဘုရင်ကြီး၏မျိုးနွယ်ဖြစ်သော်လည်း ပိုင်ဆိုင်သမျှကို ဆင်းရဲသား များသို့ လှူဒါန်းခဲ့ပြီး ဆင်းရဲနှိမ့်ချစွာကျင့်ကြံနေထိုင်ခဲ့သည်။ လူသား တို့၏ဒုက္ခဟူသမျှကို နားညောင်းတော် မူပြီး တောင်းသမျှဆုများကိုလည်း ထိုက်တန်စွာ ရရှိရန်၊ ဖြည့်ဆည်းပေးရန် သားတော်ထံမှ ဆု တောင်းပေးရှာ သည်။ ဒုက္ခသည်များအတွက် မယ်တော်သည် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း အလင်းရောင်ကို ထာဝစဉ်ပေးလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာအနှံ့အပြားမှ ခရစ်ယာန်များ သာမက ရဟန်းမင်းကြီး ကိုယ်တိုင်မှ မယ်တော်ကို သည်ထက်ကြီးမြတ်သော ဂုဏ်ထူးဘွဲ့ထူး များကို ထပ်မံ၍ပေးရန် စဉ်းစား လျက်ရှိသည်။

    မယ်တော်၏ ချစ်စရာအကောင်းဆုံး စွမ်းဆောင် ချက်များဖြင့်မြတ်သော ဘုရားရှင်နှင့် အပြစ်သားများဖြစ်သော ကျွန်ုပ်တို့ လူသားများကို ထိတွေ့ ဆက်သွယ်ပေးခြင်း ပင်ဖြစ်သည်။ မယ်တော်ကြောင့်ပင် လူသားများသည် ဘုရားရှင်နှင့် ပိုမို နီးကပ်လာကြရသည်။ အီတလီနိုင်ငံ ဖလောရင့်(စ်) (Florence) မြို့ရှိ ဘုရား ကျောင်း အ၀င် တံခါးပေါက်၌ နာမည်ကျော် ပန်းပုပညာရှင် ဂီဘာတီ၏ မယ်တော်မာရီယားနှင့် ဧ၀တို့၏ လှပသော ရုပ်တုနှစ်ခုကို တင့်တယ်စွာတွေ့နိုင်ပါသည်။ ဤရုပ်တုများကို လက်တွဲ လျှက် တွေ့မြင်ရခြင်းကြောင့် အပြစ် ကျူးလွန်ခဲ့ သူနှင့် အပြစ်ကင်းစင်သူ ပုဂ္ဂိုလ် နှစ်ဦးတို့ကို ကောင်းကင်ဘုံသို့ တက်တော့မည့် ဟန် ဖန်တီးထားခြင်းမှာလည်း ထူးခြားချက် တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မယ်တော်ကို ချစ်သကဲ့သို့ ဧ၀ကို လည်း ချစ်ခင် နိုင်ကြောင်း ပြသထားခြင်း ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာဦးက မိခင်ဧ၀ကြောင့် သာလျှင် ဘုရားရှင်ကို ချစ်မြတ်နိုးရန်၊ မကောင်းမှုကို ငြင်းပယ်ရန် စေ့ဆော်ပေးခဲ့ပါသည်။ ဧ၀ မရှိခဲ့ပါလျှင်လည်း သခင်ယေဇူးကို ကျွန်ုပ်တို့ ဖူးတွေ့နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့်ပင် ဤအမေနှစ်ဦး စလုံးကို ကျွန်ုပ်တို့ အမြဲတစေ ချစ်ခင်လေးစားနေကြရမည်ဖြစ်ပါသည်။ ဤလောက ၏ အမေများ အားလုံးကို လည်း ထိုနည်းတူချစ် ခင်လေးစားကြဖို့ လိုအပ်ပါကြောင်း ဆန္ဒပြုမိပါ သည်။

    ဘုရားရှင်နှင့်မယ်တော်ကို ချစ်ခင်လေးစားလျက်
    ကက်သလင်းခင်

    Read More...

    ဆန္ဒလေးများ

    လူ့ဝန်းကျင်မှာ
    အီးမေးလ်၊ အင်တာနက်တွေ
    သွားလာရေး ယာဉ်ကြီး၊ ယာဉ်ငယ်တွေ
    တယ်လီဖုန်းမျိုးစုံ၊ ဆွေးနွေးပွဲ အဖုံဖုံနဲ့
    ကူးလူး ဆက်သွယ်ရေးတွေ၊ လွယ်ကူလာလိုက်တာ၊
    ကမ္ဘာက -- ရွာတစ်ရွာလိုဖြစ်လာပေါ့....

    ခက်နေတာတစ်ခုက
    တိုးတက်ခြင်းနောက်၊ ပျက်ဆီးခြင်းက
    တစ်ကောက်ကောက် လိုက်နေတာမို့
    ခက်ထန်မှုနဲ့ ၊ မတရားမှုတွေကြား
    အချို့လူသားတွေကို ပစ်မထားဘဲ
    နူးညံ့ သိမ်မွေ့တဲ့နှလုံးသားနဲ့
    ချစ်ခြင်းမေတ္တာတရားရှေ့မှာထားကာ
    ဒုက္ခရောက်သူ၊ အားငယ်သူနှင့်
    အကူအညီ လိုနေသူတွေအနား၊ အရောက်သွားပြီး
    ဖေးမပေးဖို့တော့ လိုပါလိမ့်မယ်.....
    ဘာပဲဖြစ်ဖြစ်လေ
    ကမ္ဘာကြီးက
    ရွာကြီးတစ်ရွာနဲ့ တူလာတယ်ဆိုပေမယ့်
    ကမ္ဘာက
    ကဗျာဆန်ရင်တော့ ပိုကောင်းတာပေါ့နော်....

    မေသစ္စာ(င်္F.S.A.G)

    Read More...

    Wednesday, September 7, 2011

    မေတ္တာတရားရှိသော နေရာ၌ ဘုရားရှင်ရှိသည်

    ၁၈၈၅ခုနှစ်ခန့်က ဆိုဗီယက်ရုရှား ပြည်၊ မြို့ငယ်လေးတစ်မြို့၌ ဖိနပ်ချုပ်သမား လေး မာတင်အက်ဒစ် (Martin Audeich) ဆိုသူရှိခဲ့ပါသည်။ အလုပ်ကြိုးစားသော လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဘုရားတရား ရိုသေ ကိုင်းရှိုင်းသူဖြစ်သည်။ လိမ္မာရေးခြားရှိ သော အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး သားလေး တစ်ယောက်မွေးဖွားခဲ့သည်။

    အလွန် ချမ်းအေးလှသော ဆောင်းရာသီ၌ ပြင်းထန်သော အဆုတ် အအေးမိရောဂါနှင့် ဇနီးနှင့် သားလေးတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသည်။ မာတင်လည်း အလွန် စိတ်ထိခိုက်သွားကာ ဘုရားကျောင်းလည်း မတက်နိုင်၊ ဘုရားပင် မရှိခိုးနိုင်လောက် အောင် စိတ်ဓါတ် ကျသွားရှာသည်။

    တစ်နေ့၌ မာတင်၏ ဇာတိရွာမှ အဖိုးအိုတစ်ဦး ဘုရားဖူးရင်း အလည်အပတ် ရောက်ရှိလာသည်။ မာတင်က သူ၏အဖြစ် အပျက်များကို ပြောပြသောအခါ အဖိုးအိုသည် သေချာစွာ နားထောင်ပြီးသောအခါ မာတင် မှားယွင်းနေကြောင်း၊ ပြန်လည်ပြောပြ လိုက်သည်။ မာတင်သည် နေ့စဉ် "ဘုရားရှင် သူ့အား မြန်မြန်ခေါ်တော်မူပါဟု ဆုတောင်းခြင်းသည်လည်း မှားယွင်းနေကြောင်း၊ လူ့လောက ဖြစ်စဉ် များသည် ဘုရားရှင်၏ အလိုတော်သာ ဖြစ် ကြောင်း၊ မာတင်မှာ ပျော်ရွှင်မှုကိုသာ ရှာဖွေနေ သောကြောင့် ဤကဲ့သို့ ခံစားနေရကြောင်း ရှင်းပြသည်။ လူတစ်ယောက်ဖြစ်လာလျှင် ဘုရားရှင်အတွက် အသက်ရှင်ဖို့ လိုအပ်ကြောင်း၊ ကျမ်းစာများ ဖတ်မှသာ အသက်ရှင်နေထိုင်နည်းကို သိလာမည်ဖြစ်ကြောင်းပြောပြသည်။ ထိုနေ့မှ စတင်ပြီး ကျမ်းစာကို နေ့စဉ် ဖတ်ရှုလာသောအခါ မာတင်၏ စိတ်ဓါတ်ပြောင်းလဲလာခဲ့သည်။ ယခင်က အားလျှင်ပျော်ပျော်ပါးပါး စားသောက် နေထိုင်လေ့ရှိသော်လည်း ယ္ခုအခါ ထိုသို့ မဟုတ်ဘဲ အားလပ်လျှင် ကျမ်းစာ ဖတ်နေတတ်ပြီးလျှင် လူသားများအပေါ်လည်း အကောင်း ပိုမြင် လာပါသည်။

    ရှင်လုကာ - ၆ မှာ "သင့်ပါးတဖက်ကို တစ်စုံတစ်ယောက်ရိုက်ခဲ့လျှင် အခြားတဖက်ကို လှည့်ပေးပါ။ နွမ်းပါးသူမှ သင့်ခြုံထည်ကို တောင်းလျှင် ပေးလိုက်ပါ။ သင့်ကိုတစ်ပါးသူ ကောင်းစွာ ပြုမူစေချင်သလို သင့်မှာလည်း တစ်ပါးသူကို ကောင်းစွာဆက်ဆံပါ" ဤကျမ်းပိုဒ်များကို အကြိမ်ကြိမ်ဖတ်မိသည်။ ဘုရားရှင်ကို ဖာရီ ဇေဦးမှ ကောင်းမွန်စွာ မဆက်ဆံဘဲ အပြစ်ရှိ သောအမျိုးသမီးမှ ကောင်းမွန်စွာ ဆက်ဆံ ခဲ့သည်ကိုလည်း သဘောကျမိသည်။ အကယ်၍များ ဘုရားရှင် သူ့ထံ ဆင်းကြွလာလျှင် အဘယ်သို့ ဧည့်ခံရမည်နည်း ဟုတွေးတောရင်း အိပ်ပျော်သွားခဲ့ပါသည်။ ထိုအခိုက် အသံ တစ်သံကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရ သည်။ "မာတင် မနက်ဖြန် သင့်ထံကျွန်ုပ် အလည်လာမည်" ဟူ၍ဖြစ်သည်။ မာတင် လည်း နံနက်စောစောထကာ လက်ဘက်ရည် အိုးနှင့် စွပ်ပြုပ်အိုးတည်၍ ကျမ်းစာဖတ်ပြီးလျှင် ဖိနပ်ချုပ်ရင်း သူ့ပြတင်းပေါက်လေးမှ လမ်းမကို လှမ်း ကြည့်နေမိသည်။

    ထိုအခိုက် လမ်းမပေါ်မှရေခဲများကို ဖယ်ရှားပေးနေသော စစ်သားအိုကြီး စတီးဗင်း သည် မောပန်းစွာနှင့် သူ့အခန်းပြတင်းပေါက် နားလာရပ်လျက် နားနေသည်ကိုတွေ့လိုက်ရ သည်။ မာတင်မှ အခန်းထဲသို့ ဖိတ်ခေါ်၍ စွပ်ပြုပ်နှင့် လက်ဘက်ရည် တိုက်ပြီးသောအခါ သူ့ထံကို ဘုရားရှင်လာမည်ဟု ပြောကြား ကြောင်း ကျမ်းစာထဲမှ ဘုရားရှင်သည် ရိုးရိုး သာမန်လူသားများကို ချစ်ခင်စွာရွေးချယ် တတ်ကြောင်းပြောပြသောအခါ စတီးဗင်းမှ တရားနာရင်း မျက်ရည်များစီးဆင်းလျက် ကျွန်ုပ်အားစိတ် ၀ိညာဉ်သာမက ခန္ဓာကိုယ်ပါ အင်အားပေးသောကြောင့် ကျေးဇူးတင် ကြောင်းပြောလျက် ထွက်ခွာသွားပါသည်။

    ခဏကြာလျှင် သူ့ပြတင်းပေါက်နားသို့ ကလေးချီ လာသောနွမ်းပါးသူ အမျိုးသ္မီးလေးတစ်ယောက် မတ်တတ် ရပ်နေသည်ကို တွေ့သောကြောင့် အခန်းအတွင်းဝင်ပါရန် ဖိတ်ခေါ်လိုက်သည်။ စွပ်ပြုတ်နှင့် လက်ဘက်ရည် တိုက်ကျွေးပြီးသော်၊ သူမ အကြောင်းမေးမြန်းသောအခါ၊ သူမသည် စစ်သားတစ်ဦး၏ ဇနီးဖြစ်ပြီး၊ ခင်ပွန်းသည်မှာ၊ တိုက်ပွဲ၌ ကျဆုံးသွားပြီဖြစ်ကြောင်း၊ သူမ၌လည်း လောလောဆယ် အလုပ် မရှိသေးသောကြောင့် ဒုက္ခရောက်နေ ရကြောင်းပြောပြ ရှာသည်။ မာတင်မှ ကလေးလေးအား ပိုက်ထွေးရန် သူ၏စောင် ပိုင်းလေးတစ်ထည်နှင့် ငွေသား အနည်းငယ်ပေး၍ ဆုတောင်းပေးပါမည့် အကြောင်း ပြောပြလိုက် သည်။ ထိုအမျိုးသမီးမှ မာတင်ကို အထူးပင် ကျေးဇူးတင်ပါကြောင်းပြောလျက် ထွက်ခွာ သွားပါသည်။ မာတင်လည်း ဖိနပ်ချုပ်ရင်း လမ်းမ ပေါ်သို့ လှမ်းကြည့်နေလိုက်သည်။ ထိုအခိုက် အသက်ကြီးလှပြီဖြစ်သော အဖွားအိုတစ် ယောက် ပန်းသီးအိတ်ကြီးကို မနိုင့်တနိုင် မလျက် မာတင်၏ပြတင်းပေါက် အနီးသို့ ရောက်လာပါသည်။ သူမ အိတ်ကြီးကို အောက်သို့ချလျက် အမောဖြေနေခိုက် ဆာလောင်နေ ပုံရသော လူငယ်လေးတစ်ယောက်မှ ပန်းသီးတစ်လုံးကို နှိုက်ယူရန် ကြိုးစားလိုက်ပါသည်။ ထိုအခါ အဖွားကြီးမှာ လူငယ်လေးကို ဖမ်းဆွဲလျက် စစ်သားများထံ အပ်နှံမည်ဟု ဆူပူကြိမ်း မောင်းလျက်ရှိသည်။ ထိုအခါမာတင်မှ လူငယ် လေးလည်း ဆာလောင်လွန်း၍သာ ဤသို့ ပြုမူမိကြောင်း၊ သူ့ကို ခွင့်လွှတ်ပါရန် တောင်းပန် လိုက်ပါသည်။ ထို့နောက် အိမ်ထဲသို့ နှစ်ဦးလုံး ၀င်ရောက်ကြပါရန် ဖိတ်ခေါ်လျက် စွပ်ပြုတ် နှင့် လက်ဘက်ရည်ကို တိုက်ကျွေးလိုက်သည်။ ထို့နောက် ဘုရားရှင်၏ ခွင့်လွှတ်ခြင်း တရား တော်ကို တဆင့်ပြန်လည်ပြောပြ လိုက်ပါသည်။ သူတစ်ပါး၏ အပြစ်ကို ခွင့်လွှတ်မှသာ ကိုယ့်အပြစ်များကိုလည်း ဘုရားရှင်မှ ခွင့်လွှတ် မည်ဖြစ်ကြောင်း၊ အဖွားအို နားလည်စေရန် ရှင်းပြခဲ့သည်။ အဖွားအိုလည်း တိတ်ဆိတ်စွာ နားထောင်ပြီးသော် မာတင်ကိုကျေးဇူးတင် ကြောင်း၊ သူကြောင့် ဘုရားရှင် ထံမှ နောင်တ ကျေးဇူးတော်ကို ရခဲ့ခြင်းဖြစ်ကြောင်း ပြန်ပြောပြခဲ့သည်။ လူငယ်လေးမှာလည်း အဖွားအိုကို ဤအိတ်ကြီးကို သူသယ်ဆောင် ကာ လိုက်လံ ပို့ဆောင်ပေးပါမည့် အကြောင်း ပြောကြား၍ မာတင်ကိုကျေးဇူး တင်ကြောင်း ပြောကာ ထွက်ခွာ သွားကြပါသည်။

    မာတင်လည်း သူ၏အလုပ်ကို ဆက်လုပ်ရန် ထိုင်ခုံ၌ ထိုင်လိုက်သောအခါ ညနေ စောင်းဖြစ်လာပြီး မှောင်လာပြီဖြစ်သောကြောင့် မီးအိမ်လေးထွန်းကာ ကျမ်းစာအုပ်ကို ဖွင့်လျှက် ဖတ်နေ လိုက်ပါသည်။ "အငယ်ဆုံး၊ အနိမ့်ကျဆုံး သော ညီအစ်ကိုကို သင်ကူညီစောင်မလျှင် ကျွန်ုပ်ကို ကူညီခြင်း ပင်ဖြစ်ကြောင်း" ဘုရားရှင်၏ တရားတော်ကို ဖတ်နေမိသည်။ ထိုအခိုက်မှာပင် အခန်းထောင့်မှ လူရိပ် လူယောင်များတွေ့ မိပြီး အသံများပါ ကြားမိသောကြောင့် မော့ကြည့်လိုက်မိရာ စစ်သားအိုကြီး စတီးဗင်းနှင့် နေ့ခင်းက လာသွားသော ဒုက္ခသည် အမျိုးသ္မီးနှင့်ကလေးငယ်တို့ကို မှုန်ဝါးဝါးတွေ့မြင်လိုက်ရပြီး သူ့အား ၀မ်းသာကြည်နူးစွာနှင့် လက်ပြနှုတ်ဆက် သွားကြသည်ကိုတွေ့လိုက် ရပါသည်။

    မာတင်လည်း ထိုနေ့က သူ့အိပ်မက်သည် အမှန်တကယ် အကောင်အထည်ပေါ်ခဲ့ပြီး ဘုရားရှင် ကိုယ်တိုင်ပင် သူ့ထံသို့ ကြွလာခဲ့ကြောင်း ၀မ်းမြောက်စွာ သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ထံသို့ ဘုရားရှင် ကိုယ်တော်တိုင် ကြွမလာပါ သော်လည်း သူ့ကိုယ်စား ဘုရားရှင်မှနေ့စဉ် ဤသို့ အကူအညီလိုသူများကို လွှတ်နေမည် ဖြစ်ပြီး ကျွန်ုပ်တို့မှ တတ်အားသ၍ ကူညီဖေးမဖို့ မာတင်ကဲ့သို့ မမေ့မလျော့ တာဝန်ယူကြရန် ကြိုးစားကြ ရမည်ဖြစ်ပါသည်။

    Ref: Selected Stories From ''Leo Tolstoy (2)''

    ဘုရားရှင်ကို ထာဝရအစေခံလျက်
    ထရေးဇားမြင့်

    Read More...

    Tuesday, August 30, 2011

    သင်္ခါရ အနမ်း

    လိုချင်စိတ်ကို နမ်းသော လောဘ
    လောဘကို နမ်းသော ဒေါသ
    ဒေါသကို နမ်းသော မောဟ
    မောဟမှာ ကပ်ငြိနေတဲ့ မာန
    မာနကို အရောင်ဆိုးသော အတ္တ၊
    အတ္တရဲ့ နောက်က မစ္ဆိရိယ
    မစ္ဆိရိယနဲ့ တည်ဆောက်ထားတဲ့ ဘဝ
    အဲဒါတွေ အားလုံးကို နမ်းရှိုက်နေတာ
    သင်္ခါရ.....။

    စန်းယုပိုင်(ဟင်္သာတ)

    Read More...

    Saturday, August 20, 2011

    ရဟန်းဘောင်သို့ရောက်ဖို့ တက်လှမ်းရတဲ့ဘ၀အဆင့်ဆင့်

    မေး။ ။ ဗုဒ္ဓဘာသာမှာ ရှင်သာမဏေကို အသက် (၂၀) ပြည့်လျှင် ပဇ္ဇင်းခံပြီးမှ ရဟန်းအဖြစ် အသိအမှတ်ပြု ပါတယ်။ ဒါမှလည်း ရဟန်းဘ၀ရောက်ပါတယ်။ ခရစ်ယာန်ဘာသာမှာရော ဒီအတိုင်းပဲလား ဆိုတာ ဖြေကြားပေးပါ။

    ဖြေ။ ။ ကက်သလစ်ခရစ်ယာန် ရဟန်းသံဃာတော်တွေရဲ့ ရဟန်းဘောင်သို့ ရောက်ဖို့ တက်လှမ်းရတဲ့ ဘ၀ အဆင့်ဆင့်ကို ဖော်ပြမပေးခင်မှာ ခရစ်ယာန်ဘာသာဆိုတဲ့ ဝေါဟာရဟာ ကျယ်ပြန့်နေတဲ့ အတွက်ဦးစွာ ပထမ ရှင်းပြချင်ပါတယ်။ ခရစ်ယာန်ဘာသာဆိုတာ ခရစ်တော်ဘုရားရှင်ရဲ့ နောက်လိုက်များကို ခြုံငုံပြီးခေါ်ထားတဲ့ ခရစ်ယာန် ဘာသာပဲဖြစ် ပါတယ်။

    ဗုဒ္ဓဘာသာမှာ မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဟူ၍ ဂိုဏ်းကြီးနှစ်ဂိုဏ်းကွဲ သလို ခရစ်ယာန် ဘာသာမှာလည်း ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများနဲ့ ကက်သလစ် ခရစ်ယာန် သာသနာတော်ကြီးဟူ၍ အချုပ်အားဖြင့် ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲပါတယ်။ ပရိုတက်စတန် ခရစ်ယာန် ဂိုဏ်းကွဲများကို မြန်မာနိုင်ငံ အရပ်ရပ်မှာ နှစ်ခြင်းအသင်းတော်၊ အင်္ဂလီကန်မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်၊ စနေအသင်းတော်၊ ပရက်ဘီတေးရီးယန်း အသင်းတော်၊ အေဂျီ အသင်းတော်၊ ကယ်တင်ခြင်းတပ်၊ မက်သဒစ်အသင်းတော်၊ ယေဟောဝါ-ဘုရားသခင်၏ သက်သေတော်များ၊ ညီအစ်ကိုများ အသင်းတော် စသဖြင့် တွေ့ရှိနိုင်ပါတယ်။ ပရိုတက်စတန် ခရစ်ယာန်များရဲ့ ဓမ္မအမှုတော်ဆောင်များကို သင်းအုပ်ဆရာ၊ သိက္ခာရဆရာတော်လို့ အများအားဖြင့် ခေါ်ဝေါ်ကြပါတယ်။ အချို့ဂိုဏ်းများ၌ ဘုန်းတော်ကြီးများ လို့လည်း ခေါ်ဝေါ်တာတွေ့ ရပါတယ်။ အားလုံးကတော့ အိမ်ထောင်သည် များပဲဖြစ်ကြပါတယ်။

    ရဟန်း သံဃာတော်များရဲ့ကျော်ဖြတ်ရတဲ့ အဆင့်ဆင့်ကတော့ ခရစ်တော်ဘုရားရှင် တည်ထောင်ထားတဲ့ ကက်သလစ် ခရစ်ယာန်သာသနာတော်ကြီးရဲ့ ရဟန်းတော်များရဲ့ ရဟန်းဘ၀များ ပဲဖြစပါတယ်။ ကက်သလစ် ခရစ်ယာန်ဘာသာကို ရှေးမြန်မာ အခေါ်အရ ဘုရင်ဂျီ ဘာသာ၊ ဘုရင်ဂျီ သာသနာလို့ ခေါ်ပါတယ်။ ကက်သလစ် ခရစ်ယာန် သာသနာတော်ကြီးရဲ့ ရဟန်းသံဃာ၊ ကိုရင်၊ သီလရှင်များဟာ ငယ်ဖြူဘ၀နဲ့ ရာသက်ပန် အရိုးထုတ် ကြရပါတယ်။ ၀င်လိုက် ထွက်လိုက် မရပါဘူး။ ရဟန်းသိက္ခာဟာ ထာဝရတည်ပါတယ်။ အခြေအနေ အကြောင်း မလှပါက သာသနာတော်ကြီးရဲ့ အမိန့် အာဏာတော်နဲ့ ရဟန်းတို့ရဲ့ ၀ိနည်းများမှ နားခိုင်းခြင်းမျိုး ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ကက်သလစ်ခရစ်ယာန် သာသနာတော်ကြီးတစ်ခုလုံးကို သာသနာပိုင် ပုပ် ရဟန်းမင်းကြီး အရှင်သူမြတ်မှ ခရစ်တော်ဘုရားရှင်ရဲ့ ကိုယ်စားအဖြစ် အုပ်ချုပ်တော်မူပါတယ်။ ဘုရင်ဂျီ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဆိုတာ ဘုန်းဘုန်းတို့ရဲ့ သာသနာပိုင် အရှင်သူမြတ် ပဲဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ကက်သလစ် ခရစ်ယာန်သာသနာတော်မှာ ရဟန်း နှစ်မျိုးနှစ်စား ရှိပါတယ်။ ရသေ့ ရဟန်း သံဃာများနဲ့ ကျောင်းထိုင်ရဟန်း သံဃာများဟူ၍ ပဲဖြစ်ပါတယ်။ ရသေ့ ရဟန်းသံဃာများဟာ ကျောင်းတိုက်တစ်ခု အတွင်းမှာ စုစည်း သီတင်းသုံးပြီး သီလဆောက်တည်လျက် တက္ကသိုလ် စာသင်ကျောင်းများကို ဖွင့်လှစ်ပြီး ပညာရေးမြှင့်တင်ပေးခြင်း၊ ဆေးရုံများကို ဖွင့်ခြင်း၊ မေတ္တာ ကရုဏာလုပ်ငန်းများကို မိမိတို့ အဖွဲ့အစည်းရဲ့ ၀ိနည်းဘောင် အတွင်းမှ ဆောင်ရွက်လျက် အကြီးအကဲရဲ့ အမိန့်ကိုနာခံခြင်း၊ ကိုယ်ပိုင် မရှိ ဆင်းရဲခြင်း ပါရမီကို ကျင့်လျက် ငယ်ဖြူဘ၀နဲ့ စင်ကြယ်စွာ အရိုး ထုတ်ကြရပါတယ်။ ရသေ့ ရဟန်းများထဲမှာ ရဟန်း သိက္ခာကို မခံယူဘဲ ရာသက်ပန် သာမဏေ ကိုရင်ဘ၀နဲ့ အရိုးထုတ် သူများလည်း ရှိပါတယ်။ ဘုန်းဘုန်းတို့ ကျောင်းထိုင် ရဟန်းတွေကတော့ အဘက်ဘက်ဆိုင်ရာ သာသနာပိုင် ဆရာတော်ဘုရားရဲ့ အမိန့်တော်အတိုင်း ကျရာ ရပ်ရွာဒေသမှာ လူတွေကို အစေခံရင်း ဘုရားအမှုတော်ကို ထမ်းလျက် အရိုးထုတ်ကြရပါတယ်။ ဘုန်းဘုန်းတို့ ကျောင်းထိုင် ရဟန်းတွေဟာ ရာသက်ပန် နေရာတစ်ခုတည်း ကျောင်းထိုင်လို့ မရပါဘူး။ အထက် ဆရာတော်ဘုရားရဲ့ အမိန့်အတိုင်း ရွှေ့ပြောင်းခြင်းပြုကြ ရပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းထိုင် ရဟန်းရော ရသေ့ရဟန်းတွေပါ တစ်သက်လုံး သာမဏေဘ၀နဲ့ အရိုးထုတ်သူ ကိုရင်တွေရော၊ ဆည်းပူးရတဲ့ ပညာရပ်တို့၊ ဖြတ်သန်းရတဲ့ ပါရမီ ခရီးစဉ်ကတော့ အတူတူပါပဲ။ ဦးစွာ ပထမ ရပ်ရွာဒေများမှာ ကျောင်းထိုင်နေတဲ့ ကိုယ်တော်များဟာ မိမိတို့ ရပ်ရွာအတွင်းမှာ ရှိနေတဲ့ ဘုရားတရားရှိတဲ့ လူငယ်လေးများကို မွေးထုတ်ရွေးနှုတ်ပြီး အခြေခံ ရဟန်းဖြစ်သင်ကျောင်းကို ပို့ပေးပါတယ်။ အဲဒီ အခြေခံ ရဟန်းဖြစ်သင်ကျောင်းမှာ (၁၀)တန်းအောင်ပြီးသည် အထိလောကီ စာပေသင်ကြားရင်း ဘာသာရေး ပညာရပ်များကို ဆည်းပူ ကြရပါတယ်။ (၁၀) တန်းအောင်ပြီးလျှင် တက္ကသိုလ်အ၀င် စာမေးပွဲကို ဖြေဆိုရပြီး အောင်မြင်ပါက သာမဏေ ကိုရင်ဘ၀အဖြစ် သင်္ကန်းစီးပေးပြီး မေမြို့ပြင်ဦးလွင်ရှိ ရဟန်းဖြစ် တက္ကသိုလ် ဒဿနိကဗေဒဌာနမှာ (၂) နှစ် ရဟန်းတို့ ပညာရပ်များကို သင်ယူ ဆည်းပူးရပါတယ်။ အောင်မြင်ပါက တောင်ကြီးမြို့ရှိ ရဟန်းဖြစ်တက္ကသိုလ်မှာ တရားစခန်း တစ်နှစ်တိတိ ၀င်ပြီး အောင်မြင် လာပါက ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ် ဓမ္မသင်္ဂြိုဟ်ဌာန မှာလေးနှစ်တိတိ ဓမ္မသီသြလောဂျီ ပညာရပ်များ အားလည်းကောင်း၊ စာချ ရဟန်းသံဃာတော်များရဲ့ ဒီသာမဏေ ကိုရင်ကတော့ ရဟန်းဘောင်တက် လှမ်းဖို့ ရဟန်းသိက္ခာပေးသင့်တယ် ဆိုတဲ့ထောက်ခံချက်များလည်း ရပါမှ မိမိတို့ သက်ဆိုင်ရာ ဆရာတော်ဘုရား အသီးသီးမှ မိမိတို့ သာမဏေ ကိုရင်များကို ရဟန်းသိက္ခာ တင်ပေးပြီး ရဟန်းဘောင်သို့ သွတ်သွင်း လိုက်ပါတယ်။

    ခရစ်ယာန် သာသနာတော်ရဲ့ ရဟန်း သိက္ခာတင်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ဓမ္မဗဟုသုတ အဖြစ် ဆက်လက် ရှင်းပြရမယ်ဆိုရင် ရဟန်းသိက္ခာခံယူခြင်းဆိုတာ ခရစ်တော်ဘုရားရှင်ရဲ့ ရဟန်း အဖြစ်တော်ကို ခံယူခြင်း၊ ခရစ်တော်ဘုရားရှင်ရဲ့ ရဟန်းအဖြစ်တော် သိက္ခာကို တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သိက္ခာတင်ခြင်း သုံးဆင့် ရှိပါတယ်။ ပထမ သိက္ခာတင်ခြင်းအဆင့်က ဦးပÍ္ဇင်းကြီး သိက္ခာတင်ခြင်းဖြစ်ပါတယ်။ ဒုတိယ သိက္ခာတင်ခြင်း အဆင့်ကို ရဟန်းသိက္ခာတင်ခြင်း လို့ခေါ်ပါတယ်။ တတိယမြောက် သိက္ခာတင်ခြင်းကို ဆရာတော် သိက္ခာတင်ခြင်းလို့ ခေါ်ပါတယ်။ ဆရာတော် သိက္ခာတင်ခြင်းကို ခံယူရရှိတဲ့ ဆရာတော်ဘုရား၌ ခရစ်တော် ဘုရားရှင်ရဲ့ ရဟန်း အဖြစ်တော်ကို ပြည့်ဝစွာ ရရှိထားတဲ့အတွက် သာမဏေ ကိုရင် တစ်ပါးပါးကို ပထမ အဆင့်သိက္ခာဖြစ်တဲ့ ဦးပÍ္ဇင်းကြီး သိက္ခာကို တင်ပေးတော့မယ်ဆိုရင် သာသနာပိုင် ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ် ဆရာ တော်ဘုရားများကသာ အောင်မြင်စွာ သိက္ခာတင်ပေးနိုင်ပါတယ်။

    ဒီအတိုင်းပဲ ပထမ အဆင့်သိက္ခာဖြစ်တဲ့ ဦးပÍ္ဇင်းကြီးသိက္ခာကို ခံယူပြီးတဲ့ ဦးပÍ္ဇင်းကြီး တစ်ပါးပါးကို ရဟန်းသိက္ခာ တင်ပေးတော့မယ် ဆိုရင် သာသနာပိုင် ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ် ဆရာတော်ကြီး များကလွဲရင် ရဟန်း သိက္ခာအထိသာ ခံယူထားတဲ့ ရဟန်းတော်များ အနေနှင့် သိက္ခာတင်ပေးပိုင်ခွင့် မရှိပါ။

    ရဟန်းတို့ရဲ့ ဓမ္မပညာရပ်များကို ရဟန်းဖြစ် တက္ကသိုလ်မှာ သင်ကြားရင်း ပါရမီ ကျင့်ဆောက် တည်မှုများ ရင့်ကျက်လာလို့ စာချ ရဟန်းတော်တွေ ကထောက်ခံပါသော်လည်း သာသနာတော်ကြီးရဲ့ ကာနွန်ဥပဒေ ပုဒ်မ ၁၀၃၁ အပိုဒ် ၁ မှာဖော်ပြချက် အတိုင်း သာမဏေ ကိုရင်များသည် အသက် (၂၃) နှစ်ပြည့်ပြီးမှသာ ဦးပဇ္ဇင်းကြီး သိက္ခာကို ခံယူနိုင်ကြပြီး အသက် (၂၅) နှစ်ပြည့်မှသာ ရဟန်းသိက္ခာ တင်မင်္ဂလာကို ခံယူနိုင်ကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

    ဘုန်းဘုန်းဒိုမိနစ်ဦးဂြိုလ်တု

    Read More...

    Wednesday, August 10, 2011

    ကျမ်းစကားများနှင့် အားယူခြင်း (၂)


    “ ငါသည် မွတ်သိပ်သောအခါ၊ သင်တို့သည် ကျွေးကြ၏။ ””(ရှင်မသဲ ၂၅း၃၅)

    တစ်ခါက အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သော ကက်သလစ်ဘုန်းတော်ကြီး တစ်ပါးသည် ဘုရားသခင်ကို မြင်တွေ့လို၍ နှစ်ပေါင်းများစွာ ဆုတောင်းခဲ့သည်။ တစ်နေ့၌ သူ့ လိုအင်ပြည့် ခဲ့သည်။

    ကက်သလစ် ဘုရားကျောင်းဝင်းသို့ နေ့စဉ် လာရောက် စုရုံးလေ့ရှိသည့် ဆင်းရဲသားများကို ဘုန်းတော်ကြီးက နေ့စဉ် အစားအစာ ဝေငှလေ့ရှိ၏။ သူက အစားအစာများ ထွက်မပေးသည့် အခါ၊ ဆင်းရဲသားများက ထိုနေရာမှ ထွက်ခွာ သွားတတ်သည်။ ထိုနေ့၌ သူတို့သည် ဘုရားကျောင်းမှာ မည်သည့် အစားအစာမှ ပေးစရာ မရှိဟု ယူဆလိုက်ကြသည်။

    ဘုန်းတော်ကြီးသည် ဆင်းရဲသားများအား အစားအစာ ပေးသော အလုပ်နှင့် ဘုရားသခင်အား မြင်တွေ့လိုသော ဆန္ဒ နှစ်ခုကြား၌ ဗျာများနေသည်။ နောက်ဆုံး၌ ဘုန်းတော်ကြီးသည် နှလုံး နာကျင်စွာနှင့်ပင် ဆုံးဖြတ်ချက် ချလိုက်၏။ ဆင်းရဲသားများကို အစားအစာပေးရန် ဖြစ်သည်။ တစ်နာရီခန့် အကြာတွင် ဘုန်းတော်ကြီးသည် သူနေထိုင်ရာ အခန်းသို့ ပြန်ရောက်တော့၏။ ဘုရားသခင်ကို သူမြင်နေပြီ ဖြစ်သည်။ ဘုရားသခင်က သူ့ကို စောင့်ဆိုင်းနေသည်ကို တွေ့ရ၏။ ဘုရားသခင်က သူ့ကို ပြုံး၍ ပြောသည်။

    “ငါ့သား ....သင်သာ ဆင်းရဲသားများကို အစားအစာ သွားမကျွေးဘူးဆိုရင် ငါလဲ သင့်ကို စောင့်နေမှာ မဟုတ်ဘူး”။

    အထက်ပါ ဖြစ်ရပ်ကို ကျွန်ုပ်တို့သည် ဘ၀၌ လက်တွေ့ မည်သို့ ကျင့်သုံးရမည်နည်း။
    ဘုရားသခင်ကို ရှာတွေ့လို သူများ ရှာကြပါစေ။ ဘုရားကျောင်းသို့ မသွားမီ အကျဉ်းထောင်သို့ ရှေးဦးစွာ သွားရောက် ကြည့်ရှုအားပေးရမည်။ ဘုရားကျောင်းသို့ မသွားမီ ဆေးရုံသို့ ရှေးဦးစွာ သွားရောက် နှစ်သိမ့်အားပေး ရမည်။ ဧ၀ံဂလိ ကျမ်းစာတော်မြတ်ကို မဖတ်မီ ဆာလောင် မွတ်သိပ်နေသူများကို ရှေးဦးစွာ အစားအစာ ကျွေးရမည်။

    ခရစ်ဂျိုးဇက် (ကန်တော်မြေ)
    REF:MARK LINK,S.J

    Read More...

    Saturday, August 6, 2011

    ကျမ်းစကားများနှင့် အားယူခြင်း (၁)

    သခင်ယေဇူးသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းတော်မူပြီးလျှင် ထိုင်နေသောသူတို့ကို ဝေငှပေးတော်မူ၏။ (ရှင်ယောဟန် - ၆း၁၁)

    ပြင်သစ်နိုင်ငံသို့ သွားနေသည့် ရထားတစ်စင်း ပေါ်တွင် လူနှစ်ဦးသည် မျက်နှာချင်းဆိုင် ထိုင်ကာ ခရီးနှင် နေကြ၏။ ထိုသူနှစ်ဦးမှာ လူငယ်တစ်ယောက်နှင့် အဘိုးအိုတစ်ဦး ဖြစ်ကြပါသည်။ ထိုအဘိုးအိုသည် သမ္မာကျမ်းစာတော်မြတ်ကို ဖွင့်ပြီး မုန့်တစ်လုံးနှင့် ငါးနှစ်ကောင်အကြောင်းကို ဖတ်နေ၏။ လွန်စွာမှ စပ်စုနိုင်တဲ့ လူငယ်လေးက အဖိုးအို ဖတ်နေသည့် သမ္မာကျမ်းစာတော်မြတ်ကို လှမ်းကြည့်ကာ အဖိုးအိုကို မေးလေ၏ "မုန့်တစ်လုံးနှင့် ငါးနှစ်ကောင် သမ္မာကျမ်းချက်ကို ယုံကြည်လို့လား"ဟု မေးလေ၏။" အဖိုးအိုက "ငါ ယုံကြည်ပါတယ်။ လူငယ်လေးကကော မယုံဘူးလား"လို့ မေးခွန်း ထုတ်လိုက်၏။ လူငယ်လေးက "ကျွန်တော်က သိပ္ပံပညာရှင်၊ ဒီကျမ်းချက်က သိပ္ပံပညာ ရှုထောင့်ကကြည့်ရင် အလွန်ကို ရှုပ်ထွေးနေ လို့ပါ"ဟု လူငယ်လေး ဖြေကြားပြီး မကြာခင်ပင် မီးရထားသည် လူငယ်လေး ဆင်းမည့်ဘူတာသို့ အရှိန် တဖြည်းဖြည်း လျှော့၍ ခုတ်မောင်း နေတော့၏။ လူငယ်လေးက အဘိုးအိုကို ဒီဘူတာဟာ ကျွန်တော် ဆင်းရမဲ့ ဘူတာပါ။ အရမ်းကို စကားပြောလို့လဲ ကောင်းတာပဲ။ အဘိုးအိုရဲ့ အမည်လေးကို သိပါရစေဟု မေးလေရာ အဘိုးအိုက ကျွန်တော့်အမည်ဟာ လူးဝစ်ပက်စတီရာ(Louis Pasteur)ဟု ပြောလိုက်ရာ လူငယ်လေးသည် အလွန်ကို အံ့သြတွေဝေ တုန်လှုပ် သွားလေတော့၏။ ဘာဖြစ်လို့လဲ ဆိုတော့ ရထားပေါ်မှာ ကျွန်တော် ဆွေးနွေး ငြင်းခုန် လာသူဟာ ကမ္ဘာကျော် သိပ္ပံပညာရှင် တစ်ယောက် ဖြစ်လို့ပါပဲ။

    စဉ်းစားရန်။သိပ္ပံပညာ၏ ရှုပ်ထွေးနက်နဲခြင်းတွေနဲ့ ရင်ဆိုင်နေရသော အခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွေကို ဘယ်လို ထိန်းကျောင်းကြမလဲ။ အနည်းငယ်သော သိပ္ပံပညာ အသိဟာ ယုံကြည်ခြင်းနှင့် ဝေးလွန်းလှပေ၏။ နက်ရှိုင်းလွန်းသော သိပ္ပံပညာအသိဟာ ယုံကြည်ခြင်းနှင့် နီးစေလှပေ၏။


    ခရစ်ဂျိုးဇက်
    (ကန်တော်မြေ)

    Read More...

    Wednesday, August 3, 2011

    မစ္ဆားတရားတော်

    ယခုဘဝ နောင်ဘဝ သင့်အတွက် အရေးကြီးအကျိုးထူးသည့် မစ္ဆားတရားတော်

    • သင် ပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားသည် သင် သေဆုံးချိန်၌ သင့်အတွက် အကြီးမားဆုံးသော စိတ်ငြိမ်းချမ်းမှုကို ပေးပါ လိမ့်မည်။
    • ဘုရားသခင် သင့်ကို တရားစီရင် စစ်ကြောတော်မူသောနေ့၌ သင်ပါဝင် ပူဇော်ခဲ့သော မစ္ဆားတရားသည် သင့်အတွက် အပြစ်မှ အခွင့်လွှတ်ခြင်း ချမ်းသာကို တောင်းခံ ပေးတော်မူလိမ့်မည်။
    • မစ္ဆားတရား နာယူပူဇော်စဉ် သင် ကြိုးစား၍ ပါဝင်မှု ရှိသလောက် အပြစ်များ အတွက် ခံရမည့် ဒဏ်မှ လျှော့ချ ပေးလိမ့်မည်။
    • သဒ္ဒါကြည်ညိုခြင်း ကြီးစွာ သင်ပါဝင် ပူဇော်သော မစ္ဆားတရားအားဖြင့် သင်သည် ဘုရားသခင်အား အကြီးမြတ်ဆုံးသော ဝတ်ပြုခြင်းဖြင့် ကိုးကွယ်နေခြင်း ဖြစ်သည်။
    • မစ္ဆား ပူဇော်ခြင်းအားဖြင့် ဘုရားသခင်သည် သင်၏ အမှားအယွင်းနှင့် ချို့ယွင်းချက်များကို ပြုပြင်ပေး၍ လိုအပ်ချက်များ ဖြည့်စွက် ပြည့်စုံစေလိမ့်မည်။
    • သင် ရှောင်ကျဉ်ရန် ကြိုးစားနေသော အပြစ်ကလေးများ အားလုံးကို သင်ပါဝင် ပူဇော်သော မစ္ဆားတရားအားဖြင့် ဘုရားသခင်သည် အခွင့်လွှတ် တော်မူလိမ့်မည်။
    • သင် ပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားအားဖြင့် ဘုရားသခင်သည် သင့်အပေါ်၌ သက်ရောက်နေသော နတ်ဆိုး နတ်မစ္ဆာ၏ ပယောဂများကို အင်အားချိနဲ့ သွားစေလိမ့်မည်။
    • အာပတ်ဖြေရာ၌ သင် မေ့လျော့နေသော အပြစ်များ အားလုံးကို သင် ပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားအားဖြင့် ဘုရားသခင်သည် အခွင့် လွှတ်ပေးတော်မူလိမ့်မည်။
    • ငရဲငယ်၌ ရောက်နေသော ဒုက္ခသည် ဝိညာဉ်များကို မစ္ဆားတရား ပါဝင်ပူဇော်ခြင်း အားဖြင့် ကူညီ မစ ပံ့ပိုးမှု ကို ပေးနိုင်ပါသည်။
    • သင် အသက်ရှင်စဉ် တစ်ကြိမ်တစ်ခါ ပါဝင် ပူဇော်ခဲ့သော မစ္ဆားတရားတော်သည် သင့်ကို လွတ်မြောက်စေရန် ဘုရားသခင်သည် သင် ပါဝင် ပူဇော်ခဲ့သော မစ္ဆားတရားအားဖြင့် ကာကွယ် ပေးတော်မူလိမ့်မည်။
    • သင့်အပေါ် ကျရောက်တော့မည့် ဘေးအန္တရာယ်ဆိုး အမျိုးမျိုးမှ သင့်ကို လွတ်မြောက်စေရန် ဘုရားသခင်သည် သင်ပါဝင် ပူဇော်ခဲ့သော မစ္ဆားတရားအားဖြင့် ကာကွယ် ပေးတော်မူလိမ့်မည်။
    • မစ္ဆားတရား၌ သင်ပါဝင် ပူဇော်တိုင်း သင်၏ အပြစ်ကြောင့် သင်ခံထိုက်သော ငရဲငယ်ဒဏ်ကို လွတ်ကင်း သွားစေသည်။
    • မစ္ဆား ပူဇော်ပွဲတိုင်းသည် ကောင်းကင်၌ သင့်အတွက် ကြီးမား အံ့ဘွယ်သော ဆုလဒ်တော်ကို ရရှိပေလိမ့်မည်။
    • မစ္ဆားပူဇော်ခြင်း၌ သင်ပါဝင် ပူဇော်သည့်အခါတိုင်း ဘုရားရှင် ကိုယ်တော်တိုင် အသိအမှတ်ပြု သိက္ခာ တင်ထားသော ရဟန်းတော်၏ ကောင်းချီး မင်္ဂလာတော်ကို ကိုယ်တိုင် ခံစားရသည်။
    • မစ္ဆား ပူဇော်ပွဲ၌ ပါဝင်ခြင်းအားဖြင့် သင်သည် သိကြား ရဟန္တာ သူတော်သူမြတ်တို့ အလယ်၌ ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်နေခြင်း ဖြစ်သည်။
    • မစ္ဆား ပူဇော်ပွဲ၌ ပါဝင်ခြင်အားဖြင့် သင်သည် လောကီရေးရာ ကိစ္စများ၌ ဘုရားသခင် ၏ ကောင်းချီးမင်္ဂလာ ခံစားရရှိပါမည်။
    • မစ္ဆား ပူဇော်ခြင်းအားဖြင့် သင်သည် ဘုရားသခင်နှင့် သိကြား ရဟန္တာ သူတော်သူမြတ်တို့ကို ဂုဏ်ပြု ရိုသေခြင်းကို ပေးဆက်နေခြင်း ဖြစ်သည်။
    • မစ္ဆားပူဇော်ခြင်း၌ သိကြား ရဟန္တာ သူတော်သူမြတ် တစ်ပါးပါးကို ထူးခြားစွာ ဂုဏ်ပြု ရိုသေခြင်း ပြုနိုင်ပါသည်။ 

      Read More...

      Thursday, July 28, 2011

      စာနာစိတ်(သို့) မေတ္တာတရား

      တိုတောင်းလှတဲ့ ဘ၀သက်တာ အချိန်ခဏမှာ မိတ်ဆွေတို့ရဲ့ စိတ်ကို ဘယ်လိုပြုပြင် နေထိုင်ကြမလဲ။ လောကသား အားလုံး အပေါ်မှာလည်း ဘယ်လိုပြုမူ ကျင့်ကြံ နေထိုင်နိုင်မလဲ။ အမုန်းတရား (သို့) အညှိုးတွေကို ဘယ်လို ခြေဖျက် ငြိမ်းအေးတော့မှာလဲ။ အကြောင်းအရာ အားလုံးအတွက် စဉ်းစားကြရအောင်။

      မိတ်ဆွေတို့ ဘ၀မှာ ဘယ်အရာတွေက အထက်ပါ မေးခွန်းများနဲ့ ငြိစွန်းနေသလဲ။ ထိုအရာတွေက ဘယ်လောက် ကြီးမားနေသလဲ။ အရာရာတိုင်းကို ချင့်ချိန် သုံးသပ်ပါ။ မိတ်ဆွေတွေရဲ့ စိတ်ဓာတ်က
      ဘယ်လို ပုံစံ ဖြစ်နေပြီး၊ လောကသားတိုင်းပေါ်မှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ပြန်ပေးနေလဲ ပြန်စဉ်းစား ကြည့်ပါ။ မိတ်ဆွေရဲ့ ဖြစ်ပျက်သမျှ ကိစ္စတိုင်းအတွက် ဆင်ခြင် သုံးသပ်ပါ။ ဤလောက လူသားတွေဟာ အတ္တ လက်နက်ကို ဆွဲကိုင်ပြီး မေတ္တာတရားကို စိန်ခေါ်နေကြတယ်။ အဲဒီ အတ္တ လက်နက်တွေကိုလည်း ဘယ်လို ဖြေရှင်းကြမလဲ စဉ်းစားပါ။

      မိတ်ဆွေတို့ ဤကမ္ဘာလောကကြီးမှာ မေတ္တာတရားကို ဘယ်နေရာ၊ ဘယ်သူ့ဆီက ရှာမှာလဲ။ စဉ်းစားရင် အတော်လေး စဉ်းစားရ ခက်တယ်။ ဤလောက လူသားတွေမှာ စာနာစိတ် (သို့) မေတ္တာတရားများ များသောအားဖြင့် ကင်းမဲ့ နေကြပြီ။ အပြိုင်အဆိုင်၊ အပြန်အလှန်၊ ပြိုင်ဆိုင် တိုက်ခိုက်ကြဖို့ စိတ်ဓာတ်တွေ မွေးမြူနေတဲ့အချိန် ဘယ်ထောင့်မှာ စာနာစိတ် (သို့) မေတ္တာတရား ရှိမလဲလို့ အမှန်တရားကို ယုံကြည် လက်ခံတဲ့သူတွေဟာ လိုက်ရှာ နေကြပေမယ့် ၂၁ရာစု ခေတ်ကြီးထဲမှာ သဲတစ်ပွင့်စာလောက်တောင် မရှိသလောက် ရှားပါး နေပါတယ်။ မဟဓမ္မ ဂန္ဓီ ပြောခဲ့တဲ့ စကားတစ်ခွန်းကို စဉ်းစားကြည့်ရအောင် ““သူကသခင် ခရစ်တော်ရဲ့ တရားကို ယုံကြည် လက်ခံပေမယ့် ခရစ်ယာန် ဘာသာဝင်များကိုတော့ မယုံကြည်ဘူး”” လို့ ပြောခဲ့ပါတယ်။ ဘာဖြစ်လို့ အိန္ဒိယ တော်လှန်ရေး ခေါင်းဆောင်ဟာ ဘုရားကိုလက်ခံပြီး ဘာသာဝင်တွေကို လက်မခံတာလဲ။ စဉ်းစားစရာ တစ်ခုခုများ ရှိနေမလား။ မဟဓမ္မဂန္ဓီ သိရှိ လက်ခံထားတဲ့ ခရစ်ယာန် တရားတော်နဲ့ ဘာသာဝင်တို့ ပြုမူ ပြောဆို ကျင့်ကြံပုံတွေက ကွဲပြားနေတဲ့ အတွက်ကြောင့်ပါ။

      ဘုရားသခင်ဟောတဲ့ တရားတိုင်းမှာ မေတ္တာတရား ထားကြပါ။ တစ်ဦးကိုတစ်ဦး စာနာပြီး ရိုင်းပင်း ကူညီကြပါလို့ ဟောခဲ့တယ်။ ဘာသာဝင်များမှာ ““ငါ”” ဆိုတဲ့ အဆင့်အတန်းတွေနဲ့ပဲ လူတွေကို တုန့်ပြန်၊ ပြောဆို၊ နေထိုင်ကြတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် မဟဓမ္မဂန္ဓီဟာ သခင်ခရစ်တော်ရဲ့ တရားကို ယုံကြည် လက်ခံ ကျင့်ကြံပေမယ့် ခရစ်ယာန်ဘာသာဝင်တော့ မဖြစ်ခဲ့ဘူး။ ဥပမာတစ်ခု ပြောရရင် မဟဓမ္မဂန္ဓီဟာ ခရီးသွားတိုင်း ကားငှါးပြီး စီးတတ်တဲ့အကျင့် ရှိတယ်။ ရထားဆိုလည်း ရိုးရိုးတန်းပဲ စီးလေ့ရှိတယ်။ တစ်နေ့မှာ အမှတ်မထင် အစည်းအဝေးကြာ သွားတဲ့အတွက်
      သူစီးမယ့် ရထားထွက်ဖို့ အချိန်ဟာ နည်းနည်းလေးပဲ လိုတော့တယ်။ ဒီအချိန်မှာ ရထားအချိန်မီဖို့အတွက် ဘူတာကို ရောက်အောင် မြန်မြန် ထွက်သွားခဲ့တယ်။ သူလည်း ဘူတာ အရောက် ရထားလည်း ထွက်နေပြီ။ သူဟာ ရထားကို မီဖို့ ပြေးလိုက်သွားတဲ့ အချိန်မှာ သူစီးတဲ့ ဖိနပ်တစ်ဖက် ကျွတ်နေခဲ့တယ်။ ဒါနဲ့ ရထားပေါ် ရောက်တော့ နောက်တစ်ဖက် ချွတ်ထားခဲ့ပြန်တယ်။ ဘာကြောင့်ထင်လဲ စဉ်းစားကြည့်ပါ။ သူဟာ အာဏာရှိတဲ့ ခေါင်းဆောင်တစ်ဦးပဲ။ ရထားကို ရပ်စောင့် ခိုင်းလို့ရတာပဲ။ ဘာကြောင့် ပြေးလိုက်ရတာလဲလို့ သူ့ရဲ့ အပေါင်းအပါများက ပြောတဲ့ အချိန်မှာ ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို သူ့အတွက်နဲ့ မနှောင့်နှေးစေချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဖိနပ်ကောက်ရတဲ့ သူကလည်း တစ်ဖက်ပဲရရင် အသုံးမ၀င်ဘူး။ နှစ်ဖက်ပြည့်မှ အသုံးဝင်တာလို့ ပြောခဲ့ ပြန်ပါတယ်။ မဟဓမ္မန္ဓီဟာ အဲဒီလောက်ကို လူသားတွေအပေါ်မှာ မေတ္တာတရား (သို့) စာနာ နားလည်ပေးတယ်။

      ခရစ်ယာန် ဘာသာဝင်တို့သာ မဟဓမ္မဂန္ဓီလို စစ်မှန်တဲ့ မေတ္တာတရား၊ စာနာစိတ်ဖြင့်သာ ဆက်ဆံခဲ့မယ်ဆိုရင် သူလည်း ခရစ်ယာန် ဘာသာဝင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ မဆိုနိုင်ပါဘူး။ ဤလောက ကမ္ဘာကြီးထဲမှာလည်း အချင်းချင်း သတ်ဖြတ်ကြ၊ အနိုင်ကျင့်ကြ ၊ အဆင့်အတန်း ခွဲခြားပြီး နေထိုင်ကြတာကို ဘယ်လို အရာမျိုးနဲ့ ဖြေရှင်းကြမှာလဲ။ မိတ်ဆွေတို့မှာ စာနာစိတ် (သို့) မေတ္တာတရား နည်းနည်းလောက်သာ လက်ခံ ကျင့်ကြံ ကြမယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းပေး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
      မိတ်ဆွေတို့မှာ နောင်တစ်ချိန်အတွက် ဘာတွေ ပိုင်ဆိုင်ထားပြီး၊ ဘာတွေ လိုအပ်နေသေးတာလဲ စဉ်းစားကြည့်ပါ။ များသောအားဖြင့် မိတ်ဆွေတို့ ပိုင်ဆိုင်ထားတဲ့အရာဟာ ““ငါ““ ဆိုတဲ့ အတ္တ၊ ပစ္စည်း၊ အဆင့်အတန်း၊ လှပခြင်းများဖြစ်ပြီး၊ တကယ် လိုအပ်နေသေးတဲ့ အရာဟာ မေတ္တာတရား (သို့) စာနာစိတ် ဖြစ်နေပါတယ်။ အဲဒီ လိုအပ်နေတဲ့အရာများက မိတ်ဆွေတို့ကို ““သွား ငါ့အနား မလာနဲ့လို့ “ “ မောင်းထုတ် နေလို့ လား။ ဒါမှမဟုတ် မိတ်ဆွေ ကိုယ်တိုင်က လက်မ ခံချင်တာလား။ ပြန် စဉ်းစားကြည့်ပါ။ လောကသားတွေမှာရှိတဲ့ အသိပညာ အတတ်ပညာတွေဟာ ဘယ်ရှုထောင့်မှာ များ ရောက်နေတာလဲလို့ တွေးလို့ မရအောင် ခက်နေပါတယ်။ လောကသားတွေမှာ စာနာစိတ် (သို့) မေတ္တာတရား အနည်းနဲ့အများ ကင်းမဲ့နေကြတယ်။ ဒါကို ဘယ်လို ပြုပြင်ကြမှာလဲ။ ဘုရားသခင်က ဟောခဲ့ပါတယ် ““သင့်မှာ အ၀တ်နှစ်ထည်ရှိလျှင် တစ်ထည်ကို မရှိတဲ့သူကို ပေးလိုက်ပါလို့ ဟောခဲ့ပါတယ်။ လူတွေကတော့ အ၀တ် နှစ်ထည်ရှိနေရင် သူများဆီကနေ နောက်တစ်ထည် ထပ်တောင်းဖို့် လောဘတွေ တက်နေကြတယ်။ ဘုရားသခင်ကတော့ ဆင်းရဲသားများကို ကူညီကြ၊ ရိုင်းပင်းကြ၊ ဖေးမကြပါလို့ တရားတွေကို အကြိမ်ကြိမ် ဟောခဲ့ပေမယ့် ဘာသာဝင် အများစုမှာတော့ အပေါ် ယံ သဘောလောက်ဘဲ ကျင့်ကြံ အားထုတ် နေကြပါတယ်။ ဘုရားသခင်က သင်၏ လက်ယာ လက်ပြုသည့် အမှုကို လက်ဝဲလက် မသိစေနဲ့လို့ ဟောခဲ့ပေမဲ့ ဘာသာဝင် အများစုမှာတော့ လက်နှစ်ဖက် သိရုံတင်မကဘူး၊ ပတ်ဝန်းကျင်ကိုပါ သိအောင် ပြလိုက်၊ ကြေငြာလိုက်နဲ့ ဒီလိုလုပ်ရတာ ဘာအကျိုးကို မျှော်ကိုး နေရတာလဲ။ စဉ်းစားဖို့တော့ အချိန်တန်ပြီ ထင်တယ်။

      ၂၀ ရာစု ခေတ်ကြီးထဲမှာ ကိုယ့်နိုင်ငံ၊ ကိုယ်လူမျိုး၊ ကိုယ်ဘာသာဆိုပြီး၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာ ခွဲခြားနေတဲ့ အချိန်မှာ လူ ဘယ်နှစ်ယောက်များ၊ စာနာစိတ် (သို့) မေတ္တာတရားတွေ ရင်မှာလွှမ်းခြုံ နေကြသလဲ။ လူနည်းစုသာ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မိတ်ဆွေတို့ကို စာနာစိတ် (သို့) မေတ္တာတရား မကင်းမဲ့ရအောင် နည်းနည်း အကြံပြုချင်ပါတယ်။ ““ဘယ်သူ မပြု မိမိမှု”” ဆိုသလို မိမိကနေစပြီး ပြောင်းလဲ ကြည့်ရအောင်။ မာကုရဲ့ ဒဿနမှာ လူသားတွေဟာ ၈၀ ရာခိုင်နှုန်းလောက် ကောင်းကြပါတယ်။ ဒီတော့ ကျန်သေးတဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ညှိနှိုင်းဖို့ပဲ လိုတယ်လို့ တင်ပြထားပါတယ်။ မိတ်ဆွေ မိမိ၏ အတွင်းစိတ်ဓာတ် ဘယ်လို ရှိသလဲ သိချင်ရင် ကြေးမုံတစ်ချပ်ရဲ့ ရှေ့ မှာ ရပ်ပြီး ပြုံးလိုက် မဲ့လိုက် လုပ်ကြည့်ပါ။ ပြုံးတဲ့အချိန် လိုက်ပြုံးပြီး၊ မဲ့တဲ့အချိန်လည်း လိုက်ပြီး မဲ့နေလိမ့်မယ်။ အတွင်း စိတ်နှလုံးကလည်း ဒီလိုပါပဲ။ လောကသားတွေဟာ ကြေးမုံတစ်ချပ်ကို မိမိတို့ အလှကြည့်ဖို့သာ အသုံးပြုကြပြီး၊ တကယ် လိုအပ်တဲ့ အတွင်းစိတ်နှလုံး ဘယ်လိုရှိတယ် ဆိုတာ ကြည့်ဖို့ဆိုတာ သတိမေ့ နေကြတယ်။

      မိတ်ဆွေတို့ကို နောက်ထပ် ဥပမာ တစ်ခုအနေဖြင့် တင်ပြရရင် အခန်းတစ်ခန်းကို အလုံပိတ်ပြီး ဆီမီးတစ်ခွက် ထွန်းကြည့်ပါ။ အခန်း တစ်ခန်းလုံး ထင်ယောင် ထင်မှားလေး အလင်းရောင် ပေးနေလိမ့်မယ်။ နှစ်ခွက်၊ သုံးခွက် ဆီမီးခွက်တွေ ထွန်းလိုက်တဲ့ အချိန်မှာ အခန်း တစ်ခန်းလုံး အလင်းရောင်တွေ လွှမ်းခြုံ နေလိမ့်မယ်။ အဲဒီလိုပဲ မိမိကစပြီး မေတ္တာတရား (သို့) စာနာစိတ်ကို တန်ဖိုးထားပြီး ကျင့်ကြံရင် အချိန် ကြာလာတာနဲ့အမျှ သူငယ်ချင်း၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း အစရှိတဲ့ အရပ် လေးမျက်နှာတွေမှာ မိမိရဲ့ မေတ္တာတရား (သို့) စာနာစိတ်ဟာ ရောင်ပြန်ဟပ် လာပါလိမ့်မယ်။ ကိုယ်က ပေးလိုက်တဲ့ မေတ္တာတရား (သို့) စာနာစိတ်ဟာ ကုန်ဆုံးသွားတဲ့ အရာ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကို နှစ်ဆ ပြန်ရောက်လာတဲ့ ကြီးမားတဲ့ ခွန်အားတစ်ခုပါ။

      လူတစ်ဦး တစ်ယောက်ကို စတွေ့တဲ့ အချိန်မှာလည်း၊ အဆိုးဘက်က မကြည့်ဘဲ ဘုရားသခင်ပေးတဲ့ မိတ်ဆွေပါလားဆိုပြီး အကောင်းဘက်ကနေ ဆက်ဆံနိုင်ဖို့ ကြိုးစား ကြည့်မယ်ဆိုရင် ကမ္ဘာ လောကကြီးဟာ ပျော်စရာ အပေါင်းနဲ့ ပြည့်ဝနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လောကသားများ အပေါ်မှာလည်း ချစ်ခြင်းမေတ္တာ၊ စာနာစိတ်များထားပြီး ဤလောကကြီးကိုလည်း မေတ္တာတရားရဲ့ ရောင်ခြည်ဖြင့် လွှမ်းခြုံ နိုင်အောင် ကြိုးစားကြရအောင်။

      ဘုရားသခင်ရဲ့ သိုးသူငယ် အပေါင်းတို့ မိမိတို့ ကိုယ်တိုင်က စပြီး ““ငါ““ ဆိုတဲ့ အတ္တလောကကြီး တစ်ခုလုံးကို မေတ္တာတရား (သို့) စာနာစိတ်ရှိတဲ့ နှလုံးသားများနဲ့ အစားထိုးနိုင်ဖို့ ပြုပင် ပြောင်းလဲကြပါလို့ အကြံပြု လိုက်ပါတယ်။

      သုည

      Read More...