Monday, September 13, 2010

အပြစ်

အပြစ်

အပြစ်ဆိုတာကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ St. Augustine ကတော့ ဘုရားသခင်ရဲ့ ပညတ်တော်ကို ကာယ၊ ၀စီ၊ မနောနဲ့ ချိုးဖောက်ခြင်းလို့ ဆိုထားပါတယ်။ ဓမ္မသစ်ကျမ်းကတော့ ဘုရားသခင်ကိုချစ်ရန် ပျက်ကွက်ခြင်းနဲ့ နီးစပ်သောသူအား ချစ်ရန် ပျက်ကွက်ခြင်းကို အပြစ်လို့ ဆိုထားပါတယ်။ St. Thomas Aquinas ကတော့ အပြစ် တိုင်းဟာ လူကို သူ့ရဲ့ စစ်မှန်တဲ့ နောက်ဆုံးပန်းတိုင်ကနေ သွေဖယ်သွားစေတယ်။ အဲဒီ အပြစ်ကလည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဆန္ဒကနေလာတယ်။ ဒါကြောင့် အပြစ်တိုင်းဟာ ဘုရားသခင်ရဲ့ မေတ္တာကရုဏာကို ခြေစုံကန်ပြီး မိမိအလိုကိုလိုက်ခြင်း အမှုဖြစ်တယ်လို့ ဆိုပါတယ်။

အပြစ်ကြီး (Martail Sin) ကို သေစေတတ်သော အပြစ်လို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀ိညာဉ်ရဲ့ ဖြောင့်မတ်ခြင်း ကျေးဇူးတော်အသက်ကို ဖျက်ဆီးပစ်လိုက်ပြီး ဘုရားသခင်နဲ့သူစိမ်းဖြစ်သွားစေလို့ပါပဲ။ ဒါကြောင့် အပြစ်ကြီးဟာ ခရစ်ယာန် အသက်တာအတွက် အဆိုးရွားဆုံး ရန်သူဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကျေးဇူးတော်အသက်ကို ဖျက်ဆီး ပစ်လိုက်ခြင်းဖြင့် ဘုရားသခင်ထံကနေ ကွဲကွာစေတဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။ အပြစ်ကြီး တစ်ခုတည်းကတောင် ဒီလောက် အကျိုးယုတ်စေရင် အပြစ်ကြီးထဲမှာ နစ်မွန်းနေတဲ့ ၀ိညာဉ်ရဲ့ ၀မ်းနည်းဖွယ်ရာ အခြေအနေကို ခန့်မှန်းရတာ မခက်ခဲပါဘူး။ အပြစ် ထပ်ခါထပ်ခါ ပြုလုပ်တတ်တဲ့ အကျင့်ဟာ တစ်ခြားအလေ့အကျင့်များလိုပဲ တဖြည်းဖြည်းနဲ့ လူတစ်ယောက်ရဲ့ ဒုတိယသဘာဝအကျင့်လို ဖြစ်လာပြီး ပြောင်းလဲခြင်းရရှိဖို့ အင်မတန် ခက်ခဲပါတော့တယ်။

ယေဘုယျအားဖြင့် အပြစ်သား (၄) မျိုး (၄) စား ခွဲခြားနိုင်ပါတယ်။ သူတို့ရဲ့ ကွာခြားချက်တွေကို လေ့လာပြီး အပြစ်သားတစ်ယောက်ကို နောင်တရ ပြန်လည်လာအောင် ခေါ်ဆောင်ရာမှာ သူတို့နဲ့ အသင့်တော်ဆုံးနည်းလမ်းကို သုံးရမှာဖြစ်ပါတယ်။

ပထမ အမျိုးအစားကတော့ မသိခြင်း၊ အသိပညာမဲ့ခြင်းကြောင့် အပြစ်ပြုကြတဲ့ သူများဖြစ်ပါတယ်။ ဒီနေရာမှာ အရူးကဲ့သို့ လုံးဝ ထုံထိုင်းပြီး သင်ပေးလို့ မရနိုင်တဲ့သူမျိုးကို မဆိုလိုပါဘူး။ ဒီလို လူမျိုးကိုတော့ လုံးဝမသိလို့ လုပ်တာဖြစ်လို့ လုံးဝကို အပြစ်မတင်နိုင်ပါဘူး။ အခုပြောတဲ့ ပထမအမျိုးအစားမှာ ဘယ်လိုလူမျိုးကို ဆိုလိုသလဲဆိုရင် ပညာအရည် အချင်းလုံးဝမရှိခြင်း၊ ဘာသာရေး သွန်သင်ချက်များနဲ့ အလှမ်းဝေးကွာနေတဲ့ ဒေသများမှာ နေထိုင်ရတဲ့အတွက် ဘာသာရေး အသိတရားမဲ့ခြင်းကို ဆိုလိုပါတယ်။ ဒီလိုအခြေအနေမျိုး ရှိသူတွေလည်း အပြစ်ရဲ့မကောင်းမှု၊ ဆိုးယုတ်မှုကို အတိုင်းအတာ တစ်ခုအထိတော့ သိရှိကြပါတယ်။ တချို့သော အပြုအမူများဟာ ကိုယ်ကျင့်တရားအရ မကောင်းဘူးဆိုတာကို သိကြပြီး တစ်ခါတရံမှာဆိုရင် နောင်တ သံဝေဂစိတ်တောင်မှ စွဲတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းပဲ အပြစ်ကြီးကို သိလျက်နဲ့ ပြုနိုင်မိကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုပုဂ္ဂိုလ်တွေဟာ ဘုရားသခင်ရှေ့မှာ အပြစ် ပေါ့ကြပါတယ်။ တကယ်လို့ သူတို့ဟာ စိတ်ထဲမှာ မသိုးမသန့်ဖြစ်ပြီး ဒါမမှန်ကန်ဘူး၊ အပြစ်ရှိတယ်လို့ထင်တဲ့ အရာတွေကို ရှောင်ကြဉ်မယ်။ အပြင်က လွှမ်းမိုးမှုတွေ ရှိနေစေကာမူ အခြေခံကျကျ သမာသမတ်ရှိအောင် ဆက်လက်နေထိုင်မယ်။ အထူးသဖြင့် သေအံ့ဆဲဆဲ အချိန်မှာ ဘုရားသခင်ရဲ့ ကရုဏာတော်ကို ယုံကြည်ပြီး နောင်တသံဝေဂစိတ်များနဲ့ သူတို့ရဲ့ နှလုံးသားကို ဘုရားသခင်ထံ အပ်နှံမယ်ဆိုရင် ဘုရားသခင်ရဲ့ခုံရုံးမှာ သနားခြင်းနဲ့ စစ်ဆေးခံရမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲပါဘဲ။ ခရစ္စတူးသခင်က (ရှင်လုကား- ၁၂း၄၈) မှာ "အကြင်သူသည် များစွာသော ကျေးဇူးကိုခံ၏။ ထိုသူသည် များစွာ ပေးဆပ်ရလိမ့်မည်" လို့ ဆိုထားတော့ ဒီလိုလူတွေဆီက ဘုရားသခင်ဟာ နည်းနည်းပဲ ပြန်တောင်းခံလိမ့်မယ်လို့ စဉ်းစားနိုင်ပါတယ်။ ဒီလို ၀ိညာဉ်များဟာ အခွင့်အရေးရှိရင် အထိုက်အလျောက် လွယ်ကူစွာ ဘုရားဆီသို့ ပြန်လှည့်လာတတ်ပါတယ်။ သူတို့ရဲ့ ပျက်စီးနေတဲ့ ဘ၀ဟာ မကောင်းမှုပြုလုပ်ချင်တဲ့ စိတ်ကြောင့် မဟုတ်ဘဲ မသိနားမလည်ခြင်းကြောင့် ဖြစ်တဲ့အတွက် နှလုံးသားကို ထိမိခံစားစေတဲ့ ဘယ်လို အခြေအနေကမဆို ဘုရားဆီသို့ ပြန်ပို့စေပါတယ်။ ဥပမာ - မိသားစုဝင် တစ်ဦးဦး သေဆုံးခြင်း၊ ကြားနာလိုက်ရတဲ့ သြ၀ါဒတစ်ခု၊ ဘာသာရေး အသိုင်းအ၀ိုင်း တစ်ခုခုနဲ့ သိကျွမ်းခွင့်ရခြင်းတို့လောက်နဲ့ကို လမ်းမှန်သို့ ပြန်ရောက်စေပါတယ်။

ဒုတိယ အုပ်စုကတော့ အားနည်းသော သူများ၊ စိတ်စွမ်းအင် နည်းသောသူများ၊ အာရုံခံစားမှု နောက်အလွယ်တကူ လိုက်ပါတတ်သူများ၊ ဥာဏ်စွမ်းအား နည်းသူများ၊ အာရုံ မ၀င်စားသောသူများ၊ သူရဲဘောနည်းသောသူများ ဖြစ်ကြပါတယ်။ သူတို့ဟာ အပြစ်မှားများအတွက် ကြေကွဲ ၀မ်းနည်းတတ်ကြပါတယ်။ ကောင်းတဲ့သူတွေကို အားကျပြီး သူတို့လို ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့ကျတော့ သူတို့ဟာ ခွန်အားနဲ့သတ္တိ တွေမရှိကြပါဘူး။ ဒီလို စိတ်နေစိတ်ထားမျိုးက သူတို့ကို အပြစ်ကနေ ခွင့်မလွှတ်စေပါဘူး။ သူတို့ဟာ အသိတရား ပိုမို ရှိကြတဲ့အတွက် မသိလို့ လုပ်ကြသူတွေထက် ပိုပြီး အပြစ်ကြီးပါတယ်။ သူတို့ကို ဆိုးယုတ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အားနည်းတယ်လို့ပဲ ဆိုရပါမယ်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချထားကာ စက္ကရမင်တူးများကို မကြာခဏခံယူပြီး အပြစ်သို့ပို့ သော လမ်းများကို ရှောင်ကြဉ်ရပါမယ်။

တတိယအုပ်စုကတော့ သွေးအေးအေးနဲ့ တမင်သက်သက်ကြီး အပြစ်ပြုလုပ်သူတွေ ဖြစ်ပါတယ်။ သြတ္တပ္ပစိတ်မှာလည်း နောင်တ သံဝေဂစိတ်မရှိ၊ အပြစ်ကို ဆက်လက် မကျူးလွန်နိုင်ရလေအောင် သြတ္တပ္ပစိတ်ထဲက သတိပေးသံ တိုးတိုးကလေးကို မကြားရအောင် နားပိတ် ထားတတ်ကြပါတယ်။ သူတို့ရဲ့ အပြုအမူဟာ ဘုရားသခင်ကို စော်ကားနေတယ် ဆိုတာကိုလည်း ကြောင့်ကြပူပန်ခြင်း မရှိကြပါဘူး။ ဒီလို ပုဂ္ဂိုလ်တွေ အကျင့်ပုံစံပြောင်းလဲလာ ဖို့ခက်ခဲတတ်ပါတယ်။ ကျေးဇူးတော်ရဲ့ အလင်းပေးခြင်းကို ကြာရှည်စွာ သစ္စာမဲ့ခြင်း၊ ကိုယ်ကျင့်တရားရဲ့ အခြေခံ စံတွေကို မသိလိုက် မသိဘာသာပြုခြင်း၊ သူတို့ကို ကူညီချင်တဲ့သူတွေက ပေးလာတဲ့ အကြံဥာဏ်တွေကို တမင်သက်သက် မထီမဲ့မြင်ပြုခြင်း စတဲ့ဒီအရာတွေ အားလုံးက သူတို့ရဲ့ နှလုံးသားကို ခိုင်မာစေတဲ့အတွက် သူတို့ လမ်းမှန်ကို ပြန်ရောက်နိုင်ဖို့ကတော့ အမှန်တကယ် အံ့ဖွယ် ကျေးဇူးတော်များ လိုအပ်ပါတယ်။ အထိရောက်ဆုံးသော နည်းလမ်းများကတော့ သူတို့ရဲ့ လုပ်ငန်းတူသူများ (သို့) လူမှုရေး အဆင့်အတန်းတူ သူများနဲ့အတူ ၀ိညာဉ်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အားပေးရမယ်။ ဥပမာအားဖြင့် ၀တ်စောင့်ခြင်း၊ သာသနာအုပ်စုရဲ့ အကျိုးဆောင်လုပ်ငန်းများ စတာတွေမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီအလုပ်တွေကို စူးစမ်း လေ့လာလိုတဲ့ သဘောနဲ့သာ လုပ်ကိုင်တတ်ကြပါတယ်။ အထူးသဖြင့် ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ဖိတ်ခေါ်ချက်အရ ပါဝင် လာတတ်ကြပါတယ်။ အဲဒီလို အချိန်မှာ ဘုရားသခင်ရဲ့ မဟာကျေးဇူးတော်က စောင့်ငံ့ နေတတ်ပါတယ်။ အံ့သြဖွယ်ရာ ပုံစံ ပြောင်းလဲလာမှုတွေ ရှိလာတတ်ပါတယ်။

စတုတ္ထအုပ်စုကတော့ အပြစ်အကြီးဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီလူတွေဟာ နတ်ဆိုးဆန်ဆန် ခေါင်းမာစွာနဲ့အပြစ်ပြုကြပါတယ်။ သူတို့ဟာ အစပထမတော့ ကောင်းတဲ့ ခရစ်ယာန်တွေပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဆိုးယုတ် ညံ့ဖျင်းလာပြီး သူတို့ဝိညာဉ်ဟာ လုံးလုံးလျားလျားကြီးကို ဆုံးရှုံးသွားသည်အထိ မကောင်းမှုဘက်ကို ပိုမို အလျှော့ပေးလာကြပါတယ်။ နောက်ဆုံးမှာတော့ ဘာသာကို စွန့်ပစ် ကြပါတော့တယ်။ နောက်ဆုံး အတားအဆီးတွေလည်း ကျိုးပေါက်သွားပြီး ဖြစ်တဲ့အတွက် ဒီလူတွေဟာ မကောင်းတာ မှန်သမျှကို လွယ်လွယ်လေးနဲ့ ကျူးလွန် ကြတော့တယ်။ သူတို့ဟာ ဘာသာတရားနဲ့ အသင်းတော်ကို ပုတ်ခတ်ပြောဆိုပြီး တချို့ဆိုရင် ကက်သလစ်မဟုတ်တဲ့ ဘာသာထဲကိုဝင်ကာ အဲဒီ ဘာသာအကြောင်းကို ဇွဲနပဲနဲ့ ဖြန့်ဖြူးကြပါတော့တယ်။ ဒီလို မျိုးလူတွေဟာ ဘုရားဆီ ပြန်လှည့်လာနိုင်တဲ့ အခွင့်အရေး တံခါးတွေကို တမင်သက်သက် ပိတ်ထားပြီး သူငယ်ချင်းတွေနဲ့ ဆွေမျိုးသားချင်းတွေကိုတောင် "အကယ်၍သာ ငါသေခါနီးမှာ ကယောင်ချောက်ချားဖြစ်ပြီး အာပတ်ဖြေဖို့ ဘုန်းကြီးကို ခေါ်ခိုင်းမိရင်တောင် မခေါ်ကြနဲ့" ဟု မှာထားတတ်ကြပါတယ်။ ဆွဲဆောင်ခြင်း၊ အကြံဥာဏ်၊ ဆုံးမစကား တွေနဲ့တော့ ဒီလူတွေကို မပြောင်းလဲစေနိုင်ပါဘူး။ သူတို့အတွက် ဒီအရာတွေက စိတ်ဝင်စားစရာ မကောင်းတဲ့အပြင် ပိုပြီး ဆန့်ကျင်စေမဲ့ ရလဒ်များကိုသာ ဖြစ်စေပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ အဆက်မပြက် ဆုတောင်းပေးခြင်း၊ အစာရှောင်ပေးခြင်း၊ မယ်တော်မာရီးယားထံ အပ်နှံပေးခြင်း တို့ဖြစ်ပါတယ်။ သူတို့ ကျင့်အပြောင်းလဲဖို့ကတော့ ဘုရားဆီက တထူးတခြား ကျေးဇူးတော် လိုအပ်ပြီး ဆုတောင်းမေတ္တာများ၊ အသနားခံ တောင်းလျှောက်ခြင်းများ အဆက်မပြတ် ပြုလုပ်ပေးမှသာလျှင် ဒီကျေးဇူးတော်ကို ဘုရားသခင်က ထိုသူများအား ပေးသနားပါလိမ့်မယ်။

ဖေါ်ပြခဲ့တဲ့ အပြစ်သား အမျိုးအစားများကို လေ့လာရင်း မိမိနဲ့ မိမိပတ်ဝန်းကျင်မှာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ဝေဖန် ဆန်းစစ်ကြကာ ဘုရားသခင်ကို အားကိုးလျက် ကြိုးစား နေထိုင်သွားကြပါစို့။


ဘုန်းတော်ကြီး ရစ်ချက်လှမင်းဦး