Thursday, August 26, 2010

တွေးကြည့်ပါတော့


တွေးကြည့်ပါတော့

စာဖတ်သူရေ - ကျွန်တော် သတိရခြင်းများစွာနဲ့ သိုးထိန်းအသံမှ တဆင့် စာရေးလိုက်ပါတယ်။ ပထမဦးစွာ စာဖတ်သူတစ်ယောက် ငြိမ်းချမ်း သာယာပြီး ပျော်ရွှင်မှု အပေါင်း ခညောင်းစေရန် တောင်းဆုချွေလျှက် ကိုယ်တော်ရှင်ရဲ့ ကောင်းချီးမင်္ဂလာ အပြည့်အ၀ ခံစား ရပါစေ။

စာဖတ်သူရေ မနက်ဖန်အကြောင်းကို တွေးတောပြီး ကြိုတင် ပြင်ဆင်မှု မပြုလုပ်မိပေမဲ့ မနေ့ကနဲ့ ဒီနေ့အကြောင်း (အတိတ်နဲ့ ပစ္စုပ္ပန်) ကိုတော့ မမေ့ကောင်းစရာ ပါပဲနော်။ အဲဒါကြောင့် စာရေးသူ အတွေးနဲ့ အရေးကို စာဖတ်သူသာ တွေးကြည့်ပါတော့။ ကျွန်တော်ဟာ မအားတာနဲ့ တစ်ပတ်မှ တနင်္ဂနွေ တစ်ရက်လောက်သာ ဘုရားကျောင်း တက်နိုင်တာပါ။ စာဖတ်သူရေ ကျွန်တော့် နာမည်ကတော့ စောဂျူးဒတ်(စ်)က်တဲ့ အဲဒါဆို သိရောပေါ့။ စာရေး သူပြောချင်တာတွေက ကောင်းနိုင်ပါဦးမလား တွေးသာ ကြည့်ပါတော့။ စာဖတ်သူရေ မနေ့က တနင်္ဂနွေ ဘုရားကျောင်းကို ခေါင်းလောင်း သုံးချိန်ထိုးမှ သွားတော့ ချေကုန် တင်ရတော့တာပေါ့။ ကျောင်းထဲဝင် လုပ်စရာလေးတွေ ပေါ့ပျက်ပျက် လုပ်ပြီး ခုံမှာ ၀င်ထိုင် နေထိုက်တာ သတိရလို့ မျက်စိ ဖွင့်ကြည့်လိုက်တော့ ဘေးက လူတွေ ပြေးကုန်ကြရော။ ခုံပြောင်း ထိုင်ကြတယ်လေ။ အဲဒါဆို စာရေးသူ မနေ့က ဘယ်လောက် များသွားသလဲဆိုတာ တွေးသာ ကြည့်ပါတော့။ ဘုန်းကြီး သြ၀ါဒ နားထောင်တာလိုလို ဘာလိုလိုနဲ့ မှိန်းနေလိုက်တာပေါ့။ အမှန်ကတော့ စာရေးသူ ရှပ်မှိန်းမှိန်း နေတာသာ တွေးကြည့်ပါတော့။

ဒီလိုနဲ့ ကိုယ်တော်မြတ် ပင့်ချိန်ရောက်လို့ ကိုယ်တော်မြတ် ပင့်ကြပြီ ပေါ့နော်။ ကျွန်တော်လည်း ထပင့်မယ်လို့ ဆုံးဖြတ်ခါမှ ဘေးနား မလှမ်းမကမ်းက ကိုယ်တော်မြတ်၊ ခရစ္စမားရခါစ ကလေးတစ်ယောက်ကလာပြီး "ဟေ့ ဘဲကြီး ခင်ဗျား အရက်နံ့ကို ထောင်းနေတာပဲ ကိုယ်တော်မြတ် မပင့်နဲ့"လို့ ဒဲ့ကြီး ကောသွားတာ။ မပြီးသေးဘူး "ကိုယ်တော်ရှင်ရဲ့ အသားတော်ကို ခင်ဗျား ၀မ်းထဲက အရက်နဲ့ နှပ်မလို့လား"တဲ့။ ကဲ စာဖတ်သူရေ ပြောတဲ့ ကလေးနဲ့ စောဂျူးဒတ်(စ်) ဘယ်သူဆိုးသလဲ တွေးသာ ကြည့်ပါတော့။ ကိုယ်တိုင်လည်း နောင်တရ ကလေးကိုလည်း ဒေါမပွနိုင်၊ တွေးနေရင်းက ကိုယ်တော်မြတ်ပင့်သူတွေကို မျက်တောင်မခတ် လိုက်ကြည့်နေရာက အမှတ်မထင် ကိုယ်ထင်ပြလာသူကတော့ "မော်ဒယ်မမ" ၀တ်လာတာက ဒူးအထက် လက်နှစ်သစ်တက်သေး ဘေးက အကွဲလေးနဲ့၊ စာရေးသူ စောဂျူး ဒတ်(စ်) ရီဝေတဲ့ မျက်လုံး ပွတ်ခါ သုံးတော့ စာရေးသူအမြင် လှတယ် ထင်နေတုန်း ရှေ့နှစ်ခုံကျော်က "မော်ဒယ်ကိုကို" အကဲပိုပို အသဲချိုက ကိုယ်တော်မြတ်ပင့်ဖို့ ထွက်တဲ့ဟန် လက်ကို သွက်သွက်ရမ်း၊ ခြေလှမ်းနဲ့အတူ သရီးကွာတား၊ ဘောင်းဘီကရမ်း၊ ခြေသလုံးက အဖြောင့် သား၊ ခြေနင်းသံက ဆောင့်ကြွားကြွားနဲ့ ဘယ်သူမှ လူမထင် မှော်ဝင်တဲ့ရုပ်နဲ့ အပြတ် ဟုတ်နေကြတာ။

ကဲစာဖတ်သူ တွေးကြည့်ပါတော့။ ဒီလို ကိုယ်တော်ရှင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နေရာဟာ စာရေးသူ ဂျူးဒတ်(စ်) မှိန်းစရာနေရာလား။ မော်ဒယ်ရှိုး ပြစရာ နေရာလား။ နောင်တရ စရာတွေးရင်း ရင်ထဲက ပူလောင်စွာ မီးတောက်လောင်မိတယ်ဗျာ။ ကျွန်တော်တို့ ၀ိညာဉ် ငရဲကပင် နှင်လေမလား မသိဘူးလို့ တွေးမိတယ်။ စာဖတ်သူရေ တစ်ဆက်ထဲ ရေးလိုက်ရဦးမယ်။ မစ္ဆားတရား ဟောချိန်မှ တရားနာတာလား၊ တရားမှတ်မှတ်တာလား မပြောတတ်တာ စာရေးသူ တွေ့မိပြန်ရော။ ကိုယ်လို သူလို တလွဲတမှားတွေနဲ့ လက်ကြားက ပုတီးအောက်ပြုတ်ကျမှ သွားရည်ကို သုတ်၊ မျက်လုံးကို ပုတ်နဲ့ ပုတီးဖိုးဖိုး၊ ဖွားဖွား စောဂျူးဒတ်(စ်)ကို အားကိုးသလား၊ ပုတီးကို ကုန်းကောက်လို့ ပေးဖို့ မူးနေတဲ့ ကျွန်တော် ဂျွန်းထိုးကျရင် စာဖတ်သူသာ တွေးကြည့်ပါတော့။ စာဖတ်သူရေ ဒီအကြောင်းတွေကို ရေးရင်း အမှားတွေကို ပြင်မယ်လို့ ကြိုးစားတိုင်း အမှောင်တွေပြုနေမိ ပြန်တယ်။ နောင်တမရတဲ့ ဂျူးဒတ်(စ်) မဖြစ်ချင်ပါဘူး။ နောင်တရပြီး ပြောင်းလဲတဲ့ ဂျုးဒတ်(စ်) ဖြစ်အောင်ပဲ ကြိုးစားတော့မယ်။

စာဖတ်သူရေ မနက်ဖန်ဆိုတာ မသေချာပေမယ့် မနေ့က (အတိတ်) ဆိုတာ မေ့လို့ရစရာလားဗျာ။ မှားတဲ့အရာတွေ ပြုပြင်ဖို့ အကောင်းဆုံး ပြင်ဆင်ကြပါစို့လို့ တိုက်တွန်း လိုတာကြောင့် ရေးလိုက်ပါတယ်။


စောဂျူးဒတ်(စ်) (သံဝင်း)