Friday, August 20, 2010

နယ်ပယ်


နယ်ပယ်



မိတ်ဆွေဖြတ်သန်းလာခဲ့တဲ့ ဘ၀လမ်းတစ်လျှောက်မှာ လူပေါင်းများစွာနဲ့ ကြုံတွေ့ ခဲ့ရပါလိမ့်မယ်။ ဒီလို ကြုံတွေ့တဲ့ နေရာမှာ တချို့ကောင်းတဲ့ လူရှိသလို၊ တချို့ ဆိုးတဲ့လူတွေ၊ တချို့ ရင့်ကျက်တဲ့ သူတွေရှိသလို၊ တချို့ ပေါ့ပျက်ပျက် နေတဲ့သူတွေ တွေ့ကြပါလိမ့်မယ်။ တချို့လည်း သူတစ်ပါး နားမ၀င်လောက်အောင် ခေါင်းမာတဲ့သူတွေ တွေ့ကြပါလိမ့်မယ်။ တချို့လူတွေ အထူးသဖြင့် ပညာတတ် အသိုင်းအ၀ိုင်းတွေမှာ အမှန်တရားကို သိနေပါသော်လည်း မိမိရဲ့ မာန၊ မိမိရဲ့ ဂုဏ်စိတ်မာန်တွေကြောင့် အမှန်တရားကို သိသိကြီးနဲ့ ငြင်းခုံကြပါတယ်။ တချို့က အမှန်တရားကို ၁၀၀ မှာ ၉၉ ယောက်က လက်ခံအုံးတောင်မှ တစ်ယောက်ထဲရဲ့ အသိဥာဏ် သေးသေးလေးနဲ့ ခံငြင်း တတ်ကြပါတယ်။

ကျွန်တော် ဒီအကြောင်း ရေးနေစဉ်မှာ အဖြစ်အပျက် ပုံပြင်ကလေးတစ်ပုဒ်ကို အမှတ်ရမိပါတယ်။ ဒီပုံပြင်ကလေးဟာ ဒီအချက်တွေနဲ့ ကိုက်ညီလှပါတယ်။ တစ်ခါက တောင်ပေါ် ရွာကလေးတစ်ရွာမှာ အရူးကြီးတစ်ယောက် ရှိတယ်တဲ့။ ဒီအရူးဟာ နေရောင်ခြည်ဒဏ်ကို လုံးဝ မခံနိုင်ပါဘူး။ သူဟာ အမှောင်ကိုပဲ ကြိုက်တယ်တဲ့။ အလင်းရောင်လာရင် သူဟာ မနေတတ် မထိုင်တတ်အောင် ယောက်ယက်ခတ် နေတယ်ဆိုပဲ။ သူဟာ ခါတိုင်း ရွာပြင်ဘက်က ဂူဟောင်းတစ်ခုမှာ နေခဲ့ပေမယ့် တစ်နေ့တော့ ညဘက်ကို လျှောက်သွားရင်းနဲ့ တောင်ကုန်းထိပ်တစ်ခုမှာ ထိုင်နေသတဲ့။ ဒီလိုနဲ့ အာရုံပျိုးလာလို့နေမင်းကြီးလဲ ထွက်လာရော သူဟာ နေမင်းကို တောင်ကုန်းပေါ်ကနေ "ဟေ့ကောင် ထွက်မလာနဲ့ ထွက်မလာနဲ့"လို့ အော်ဟစ်နေတယ်တဲ့။ နေမင်းက မှန်မှန်ပဲ ထွက်လာနေတာမို့ မတားနိုင်တော့တာနဲ့ သူဟာ အနီးအနားမှာရှိတဲ့ တောင်ယာ တဲတစ်လုံးထဲကို ၀င်နေသတဲ့။ ၀င်ခါစမှာတော့ အလင်းအား မကောင်းသေးလို့ တောင်ယာတဲဟာ မှောင်နေပေမဲ့ နောက်တဖြည်းဖြည်း နေမြင့်လာတာနဲ့ တောင်ယာတဲက ထရံအပေါက်တွေကနေ နေရောင်တွေ ၀င်လာပါတော့တယ်။ ဒါနဲ့ အရူးဟာ ဆောက်တည်ရာမရ ဖြစ်ပြီးတော့ ထရံကြားက၀င်လာတဲ့ နေရောင်တွေကို အ၀တ်စုတ်တွေ၊ အရွက်ခြောက်တွေနဲ့ လိုက်ပြီးတော့ ပိတ်ပါတယ်။ ဒီလိုနဲ့ ဟိုပိတ် ဒီပိတ်လုပ်လိုက်တော့ တစ်ခန်းလုံး ပြန်မှောင်သွားတာမို့ အရူးဟာ ပျော်လို့ကောင်းနေသတဲ့။ ဒါပေမယ့် သူမသိတဲ့ သူ မမြင်နိုင်တဲ့အပြင်မှာတော့ လောကကြီးဟာ နေမင်းရဲ့ အလင်းရောင်နဲ့ ၀င်းဝါထိန်သာလို့ နေပါတယ်။ အရူးဟာ အမှောင်ထဲမှာ သူ့ဟာသူ သီးခြားကမ္ဘာကလေးနဲ့ ပျော်နေသလို အပြင်လောကလူသားတွေဟာလည်း နေမင်းရဲ့ အလင်းရောင်နဲ့ ပျော်ရွှင် နေကြပါတယ်။

ဒီလိုပါပဲ မိတ်ဆွေလောကကြီးမှာ အမှန်တရားကို သိပါလျက်နဲ့ (သို့) မသိပါဘဲလျက် လက်ရှိ ရှိရင်းစွဲ သဘောတရားတွေကို တရားသေ လက်ကိုင်ပြုနေကြတာ မနည်းလှပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာ လောကရဲ့ လမ်းမှန်ကို မစဉ်းစားဘဲနဲ့ တစ်ပါးသူကို ငြင်းခုံ အနိုင်ယူဖို့သာ စဉ်းစားတတ်ကြပါတယ်။ ကိစ္စတစ်ခုကို ဘယ်လိုငြင်းရမလဲ ဆိုတာနဲ့စတင်ပြီးတော့ စဉ်းစားကြပါတယ်။


ယခု ကျွန်တော်တင်ပြခဲ့တဲ့ ပုံဝတ္ထုထဲက အရူးဟာ အပြင်မှာ ဘယ်လိုဖြစ်ဖြစ် သူ့ကမ္ဘာကလေးမှာ အမှောင်ထု ဖုံးလွှမ်းနေတာကိုပဲ ကြိုက်နှစ်သက်နေပါတယ်။ ဒီလိုပဲ အပြင်လောက လူ့သဘာဝထဲ မိမိကိုယ်ကို အမှောင်ချပြီးတော့ အပြင်လောကကို အတင်းဇွတ်မှိတ်ပြီး မေ့ပျောက်နေတဲ့သူတွေ မနည်းလှပါဘူး။ မိမိစိတ်ထဲမှာ မိမိရဲ့ အသိထဲမှာရှိနေတဲ့ အမှန်တရားကို မသိစိတ်ထဲမှာ ချောင်ထိုးထားပြီးတော့ မှိတ်ကြိတ်ပြီး လုပ်ဆောင်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးကတော့ အမှန်တရား ဖုံးလွှမ်းမှုအောက် တစ်နေ့တော့ ရောက်လာမှာပါပဲ။ မိတ်ဆွေကော အရူးကလေးလို အမှန်တရားကို အ၀တ်စုတ်တွေနဲ့ လိုက်လံပြီးတော့ ပိတ်ဆို့နေမှာလား မိတ်ဆွေ။ ထိုကျဉ်းမြောင်းပြီး အယူသည်းတဲ့ ဘ၀ထဲက လွတ်မြောက်နိုင်ကြပါစေ။ အရူးကဲ့သို့ အလင်းကို အံတုမယ့် လူစားမျိုးမဖြစ်ပါစေနဲ့လို့ တောင်းဆုမွန် ချွေလိုက်ပါတယ်။


ဝေလီ