Tuesday, August 3, 2010

စိတ်ဒုက္ခမှ --- စိတ်သုခသို့


စိတ်ဒုက္ခမှ --- စိတ်သုခသို့


ကျွန်တော်တို့ ရွာထိပ်တွင် အသက် (၅၀)၀န်းကျင်ရှိ ဦးဒေါမနစ်ဆိုသော လူပျိုကြီးတစ်ယောက် ရှိလေ၏။ သူနှင့် ကျွန်တော်တို့သည် အလွန်ရင်းနှီး၍ ကျွန်တော်တို့၏ဆရာဟုဆိုလျှင်လည်း မမှားပေ။ "လုပ်ချင် စိတ်ရှိတဲ့အခါမျိုးမှာ မလုပ်နိုင်ပါဘူးဆိုတဲ့ အလုပ် မရှိဘူးကွဲ့၊ လူမှာစိတ်က အရေးကြီးဆုံးပဲ။ စိတ်ထားတတ်ရင် ကုသိုလ်လည်း ရတယ်၊ ဘ၀ကလည်း နေပျော်တယ်" ဟူ၍ ကျွန်တော်တို့ကို လောကဒဿနတွေကိုလည်း များစွာ သင်ကြားပေးလေ၏။ လသာသော ညများတွင်၊ သူ၏ အိမ်ရှေ့ ကွပ်ပျစ်၌ ရွာတွင်းရှိလူငယ်များ စုရုံး ရောက်ရှိ လာကြသည်။ ထိုအခါ ဆရာဒေါမနစ်က ရေနွေးကြမ်း၊ ထန်းလျက်၊ ပဲလှော်တို့ဖြင့် ဧည့်ခံကာ သူ၏ အတွေ့အကြုံများကို ပြောပြ တတ်လေ၏။


"စိတ်ထားတတ်ဖို့အတွက် အတွေ့အကြုံလေးတစ်ခု ဦးလေးပြောပြမယ်။ ဦးလေးငယ်ငယ်က ပေါ့ကွာ၊ ဦးလေးတို့ ရွာထိပ်မှာ ဘိုးဘွားရိပ်သာတစ်ခု ရှိတယ်။ တစ်နေ့ ရွာလူကြီးတွေက ဘိုးဘွားရိပ်သာမှာ မြက်သွားရှင်းမယ်။ တစ်အိမ် တစ်ယောက် မလာမနေရတဲ့။ ဦးလေး တော်တော်စိတ် ပျက်သွားတယ်။ အိမ်မှာကလည်း လူငယ်ဆိုလို့ ဦးလေးပဲရှိတယ်။ အဲဒီနေ့ကလည်း ဟိုဘက်ရွာနဲ့ ဘောလုံးကန်ဖို့ ချိန်းထားတာ၊ မြက်ရှင်းဖို့ကလည်း မသွားလို့ မရဘူး။ ဦးလေးလည်း စိတ်စိတ်ပျက်ပျက်နဲ့ သွားပြီး၊ မြက်ရှင်းတော့လည်း စိတ်မပါဘဲနဲ့ ရှင်းတာပေါ့ကွာ။ ဦးလေး ဘေးက မြက်ရှင်းတဲ့ လူတွေကလည်း ပွစိပွိစိနဲ့ အလုပ်ပျက်တယ် ဘာညာပေါ့ကွာ၊ သူတို့ကိုကြည့်ပြီး ဦးလေးတစ်ခု စဉ်းစားမိတယ်။ လက်ရှိ အနေအထားအရ ဦးလေးဟာ မြက်ရှင်းရမဲ့ နေရာကိုလည်း ရောက်နေပြီ။ မရှင်းလို့လည်း မရဘူး။ ဘောလုံးလည်း သွားကန်လို့ မရတော့ဘူး။ အနေအထားက ထွက်ပေါက် မရှိတော့ဘူး။ အဲဒီတော့ ဦးလေးစိတ်ကို ပြောင်းထား ကြည့်လိုက်တယ်။ ဘယ်လို ပြောင်းလိုက်လဲဆိုတော့၊ ငါ ခုမြက်ရှင်းတာဟာ ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုး၊ အဘွားတွေ လမ်းလျှောက်ထွက်လာတဲ့အခါ ခလုတ်မထိ၊ ဆူးမငြိဖို့၊ မြွေပါး၊ ကင်းပါး အန္တရယ်ကင်းဖို့အတွက် ငါမြက်ရှင်း ရမှာပါလား၊ ဒါဟာ ဘုရားသခင်နှစ်သက်တဲ့ မြင့်မြတ်တဲ့ အလုပ်တစ်ခုပဲ။ ဒီလို လုပ်ခွင့်ရတာဟာ ငါကံကောင်းတာပဲ ဆိုပြီး စိတ်ကို ပြောင်းပစ်လိုက်တယ်၊ အဲဒီလို စိတ်ပြောင်း လိုက်တဲ့ အချိန်ကစပြီး မြက်ရှင်းလို့ ကောင်းမှကောင်းပဲ။ စိတ်ထဲ ပေါ့ပါးသွားပြီး မောလို့မောမှန်းတောင် မသိဘူး၊ စိတ်မပါဘဲ ရှင်းနေကြတဲ့ ဘေးက လူတွေကို ကြည့်လိုက်တော့ တော်တော်မောနေတာ တွေ့ရတယ်။ နောက်နေ့မနက် ဘိုးဘွားရိပ်သာဘက် ဦးလေးရောက်တော့ အဘိုး၊ အဘွားတွေက ဦးလေးတို့ ရှင်းခဲ့တဲ့နေရာမှာ လမ်းလျှောက်ရင်း ပုတီးစိတ်သူက စိတ်ပြီး၊ တရားမှတ်သူက မှတ်နေကြတယ်။ ဦးလေး စိတ်ထဲက ပီတိတွေဖော်ပြလို့တောင် မရဘူး။ မင်းတို့လည်း ကြုံးဖူးကြမှာပါ။ လူဆိုတာ ထွက်ပေါက်တွေ ရှာတတ်တာပဲ၊ မတွေ့တဲ့ အဆုံး စိတ်ထားကိုပြောင်းလဲပစ်နိုင်မှ အဆင်ပြေမယ်။ ဖြစ်သင့်တာကတော့ မြက်ရှင်းဖို့ လာပြောကတည်းက ဦးလေးစိတ်ဟာ ပြောင်းလဲပြီးသား ဖြစ်ရမှာ။ ကဲ..ကဲ ရေနွေးတွေ ထန်းလျက်တွေ စားသောက်ကြအုံးလေကွာ"

ကျွန်တော်တို့အဖွဲ့လည်း ထန်းလျက်၊ ပဲလှော်များကိုစားရင်း ရေနွေးကြမ်း သောက်ကြလေ၏။ ထိုစဉ် ကျွန်တော်တို့အဖွဲ့တွင် အသက်အကြီးဆုံး အစ်ကိုကြီးမှ "ဦးလေးကို တစ်ခုထပ်မေးရဦးမယ်။ လောကမှာ ဒုက္ခတွေကို ပြုံးပြနိုင်ဖို့ ဘာတွေ လိုအပ်မလဲဗျာ" ဆရာဦးဒေါမနစ်သည် ထန်းလျက်တစ်ခဲကို ကိုက်လျက်---

" သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ငါ့တူပြောသလို ဒုက္ခတွေကို ပြုံးပြနိုင်ဖို့ အလွန်အရေးကြီးတယ်၊ အချက် သုံးချက် ရှိတယ်။

(၁) မိမိဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်တယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ရမယ်။
(၂) ဘုရားသခင်က အရာရာကို လုပ်ဆောင်ပေးနိုင်တယ် ဆိုတာ ယုံကြည်ရမယ်။
(၃) ဖြစ်နေတဲ့ ဖြစ်ရပ်တွေအတွက် ဘုရားသခင်ဆီမှာ ကောင်းသော အကြောင်းအရာ တစ်ခုခုရှိနေတယ်ဆိုတာ ယုံကြည်ရမယ်။

အဲ့ဒီသုံးချက်ကို နှလုံးသားထဲထည့်နိုင်ခဲ့ရင် ဒုက္ခတွေကို ပြုံးပြ ယုံတင်မဟုတ်ဘူး ဟားတိုက်တိုက် ပစ်နိုင်လိမ့်မယ်။ ဦးလေးလည်း ဒုက္ခအကြီးအကျယ် ရောက်ဖူးတယ်၊ ဦးလေး ပြန်စစ်ကြည့်တယ် ငါတကယ်ပဲ ဒုက္ခရောက်နေပြီလား၊ ငါဟာ ဘုရားသခင်ရဲ့သားသမီး ဖြစ်တယ်၊ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဒုက္ခရောက်စေချင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းတို့ စဉ်းစားကြည့်လေ ဘုရားသခင်က အရာရာကိုဖန်ဆင်းပြီး ပြောင်းလဲပစ်နိုင်တယ်။ ကြုံတွေရတဲ့ ဒုက္ခတွေ ချက်ချင်းပျောက်စေဆိုရင် ဒုက္ခတွေ အားလုံးငြိမ်းအေးသွားမှာပဲ။ ဒါပေမယ့် ဘာကြောင့် ဒုက္ခတွေ ဆက်ဖြစ်ရတာလဲ။ ဘုရားသခင်ဆီမှာ အကြောင်းအရာ တစ်ခုတော့ရှိရမယ်။ အချိန်နည်းနည်းလေး စောင့်ကြည့်လိုက်၊ ဘုရားသခင်ဆီမှာ ဘယ်လို အကြောင်းအရာတွေရှိလဲဆိုတာ ပေါ်လာလိမ့်မယ်။ ဘုရားသခင်ကိုတော့ အပြစ်တင် မစောမိစေနဲ့။ တစ်ချို့ မိဘတွေ သားသမီးတွေ အမှားလုပ်လို့ ဒုက္ခဖြစ်ရင် ချက်ချင်း ဖြေရှင်းပေးကြတယ်။ သားသမီးတွေက နောက်တစ်ခါ အမှားလုပ်ဖို့ ၀န်မလေးတော့ဘူး။ ဦးလေးကတော့ ဒုက္ခကို အဲဒီယုံကြည်ခြင်းများနဲ့ ရယ်မော ပစ်နိုင်ခဲ့တယ်" "ဦးလေးစကားတွေက အရမ်းတန်ဖိုး ရှိတာပဲ။ နောက်တော့ ဦးလေးအတွေ့အကြုံတွေကိုလည်း ထပ်ပြောပြဦးနော်" ဆရာဦးဒေါမနစ်သည် ရေနွေးတစ်ခွက်ကိုမော့ သောက်လိုက်၍ "ပြောပြရမှာပေါ့ ငါ့တူ တို့ရယ် ခုတော့- အချိန်လင့်နေပြီ နောက်တစ်ပတ်မှာ ဦးလေးတွေ့ဖူးတဲ့ ငါးမိနစ်ဆိုတဲ့ လူတစ်ယောက်အကြောင်း ပြောပြမယ်" ထို့နောက် ကျွန်တော်တို့သည် ဆရာဦးဒေါမနစ်အား နှုတ်ဆက်၍ ပြန်မည်အပြုတွင် "ငါ့တူ တို့ကိုပြောဖို့ တစ်ခုကျန်ခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်အားကိုးတာတော့ အားကိုးတာပေါ့ ဒါပေမယ့် ဘုရားသခင်က ငါတို့ကို ဝေဖန် ဆန်းစစ်နိုင်တဲ့၊ ဆုံးဖြတ်ဖြေရှင်းနိုင်တဲ့ ဥာဏ်အလင်းကျေးဇူးနဲ့ စွမ်းအားတွေပေးထားတယ် ဆိုတာလည်း မမေ့ကြနဲ့နော်" ကျွန်တော်တို့ အားလုံး ဆရာဦးဒေါမနစ်အားကြည့်၍ ပြိုင်တူခေါင်းညိတ် လိုက်ကြလေသည်။

စန်းယုပိုင် (ဟသာၤတ)