Thursday, August 26, 2010

တွေးကြည့်ပါတော့


တွေးကြည့်ပါတော့

စာဖတ်သူရေ - ကျွန်တော် သတိရခြင်းများစွာနဲ့ သိုးထိန်းအသံမှ တဆင့် စာရေးလိုက်ပါတယ်။ ပထမဦးစွာ စာဖတ်သူတစ်ယောက် ငြိမ်းချမ်း သာယာပြီး ပျော်ရွှင်မှု အပေါင်း ခညောင်းစေရန် တောင်းဆုချွေလျှက် ကိုယ်တော်ရှင်ရဲ့ ကောင်းချီးမင်္ဂလာ အပြည့်အ၀ ခံစား ရပါစေ။

စာဖတ်သူရေ မနက်ဖန်အကြောင်းကို တွေးတောပြီး ကြိုတင် ပြင်ဆင်မှု မပြုလုပ်မိပေမဲ့ မနေ့ကနဲ့ ဒီနေ့အကြောင်း (အတိတ်နဲ့ ပစ္စုပ္ပန်) ကိုတော့ မမေ့ကောင်းစရာ ပါပဲနော်။ အဲဒါကြောင့် စာရေးသူ အတွေးနဲ့ အရေးကို စာဖတ်သူသာ တွေးကြည့်ပါတော့။ ကျွန်တော်ဟာ မအားတာနဲ့ တစ်ပတ်မှ တနင်္ဂနွေ တစ်ရက်လောက်သာ ဘုရားကျောင်း တက်နိုင်တာပါ။ စာဖတ်သူရေ ကျွန်တော့် နာမည်ကတော့ စောဂျူးဒတ်(စ်)က်တဲ့ အဲဒါဆို သိရောပေါ့။ စာရေး သူပြောချင်တာတွေက ကောင်းနိုင်ပါဦးမလား တွေးသာ ကြည့်ပါတော့။ စာဖတ်သူရေ မနေ့က တနင်္ဂနွေ ဘုရားကျောင်းကို ခေါင်းလောင်း သုံးချိန်ထိုးမှ သွားတော့ ချေကုန် တင်ရတော့တာပေါ့။ ကျောင်းထဲဝင် လုပ်စရာလေးတွေ ပေါ့ပျက်ပျက် လုပ်ပြီး ခုံမှာ ၀င်ထိုင် နေထိုက်တာ သတိရလို့ မျက်စိ ဖွင့်ကြည့်လိုက်တော့ ဘေးက လူတွေ ပြေးကုန်ကြရော။ ခုံပြောင်း ထိုင်ကြတယ်လေ။ အဲဒါဆို စာရေးသူ မနေ့က ဘယ်လောက် များသွားသလဲဆိုတာ တွေးသာ ကြည့်ပါတော့။ ဘုန်းကြီး သြ၀ါဒ နားထောင်တာလိုလို ဘာလိုလိုနဲ့ မှိန်းနေလိုက်တာပေါ့။ အမှန်ကတော့ စာရေးသူ ရှပ်မှိန်းမှိန်း နေတာသာ တွေးကြည့်ပါတော့။

ဒီလိုနဲ့ ကိုယ်တော်မြတ် ပင့်ချိန်ရောက်လို့ ကိုယ်တော်မြတ် ပင့်ကြပြီ ပေါ့နော်။ ကျွန်တော်လည်း ထပင့်မယ်လို့ ဆုံးဖြတ်ခါမှ ဘေးနား မလှမ်းမကမ်းက ကိုယ်တော်မြတ်၊ ခရစ္စမားရခါစ ကလေးတစ်ယောက်ကလာပြီး "ဟေ့ ဘဲကြီး ခင်ဗျား အရက်နံ့ကို ထောင်းနေတာပဲ ကိုယ်တော်မြတ် မပင့်နဲ့"လို့ ဒဲ့ကြီး ကောသွားတာ။ မပြီးသေးဘူး "ကိုယ်တော်ရှင်ရဲ့ အသားတော်ကို ခင်ဗျား ၀မ်းထဲက အရက်နဲ့ နှပ်မလို့လား"တဲ့။ ကဲ စာဖတ်သူရေ ပြောတဲ့ ကလေးနဲ့ စောဂျူးဒတ်(စ်) ဘယ်သူဆိုးသလဲ တွေးသာ ကြည့်ပါတော့။ ကိုယ်တိုင်လည်း နောင်တရ ကလေးကိုလည်း ဒေါမပွနိုင်၊ တွေးနေရင်းက ကိုယ်တော်မြတ်ပင့်သူတွေကို မျက်တောင်မခတ် လိုက်ကြည့်နေရာက အမှတ်မထင် ကိုယ်ထင်ပြလာသူကတော့ "မော်ဒယ်မမ" ၀တ်လာတာက ဒူးအထက် လက်နှစ်သစ်တက်သေး ဘေးက အကွဲလေးနဲ့၊ စာရေးသူ စောဂျူး ဒတ်(စ်) ရီဝေတဲ့ မျက်လုံး ပွတ်ခါ သုံးတော့ စာရေးသူအမြင် လှတယ် ထင်နေတုန်း ရှေ့နှစ်ခုံကျော်က "မော်ဒယ်ကိုကို" အကဲပိုပို အသဲချိုက ကိုယ်တော်မြတ်ပင့်ဖို့ ထွက်တဲ့ဟန် လက်ကို သွက်သွက်ရမ်း၊ ခြေလှမ်းနဲ့အတူ သရီးကွာတား၊ ဘောင်းဘီကရမ်း၊ ခြေသလုံးက အဖြောင့် သား၊ ခြေနင်းသံက ဆောင့်ကြွားကြွားနဲ့ ဘယ်သူမှ လူမထင် မှော်ဝင်တဲ့ရုပ်နဲ့ အပြတ် ဟုတ်နေကြတာ။

ကဲစာဖတ်သူ တွေးကြည့်ပါတော့။ ဒီလို ကိုယ်တော်ရှင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နေရာဟာ စာရေးသူ ဂျူးဒတ်(စ်) မှိန်းစရာနေရာလား။ မော်ဒယ်ရှိုး ပြစရာ နေရာလား။ နောင်တရ စရာတွေးရင်း ရင်ထဲက ပူလောင်စွာ မီးတောက်လောင်မိတယ်ဗျာ။ ကျွန်တော်တို့ ၀ိညာဉ် ငရဲကပင် နှင်လေမလား မသိဘူးလို့ တွေးမိတယ်။ စာဖတ်သူရေ တစ်ဆက်ထဲ ရေးလိုက်ရဦးမယ်။ မစ္ဆားတရား ဟောချိန်မှ တရားနာတာလား၊ တရားမှတ်မှတ်တာလား မပြောတတ်တာ စာရေးသူ တွေ့မိပြန်ရော။ ကိုယ်လို သူလို တလွဲတမှားတွေနဲ့ လက်ကြားက ပုတီးအောက်ပြုတ်ကျမှ သွားရည်ကို သုတ်၊ မျက်လုံးကို ပုတ်နဲ့ ပုတီးဖိုးဖိုး၊ ဖွားဖွား စောဂျူးဒတ်(စ်)ကို အားကိုးသလား၊ ပုတီးကို ကုန်းကောက်လို့ ပေးဖို့ မူးနေတဲ့ ကျွန်တော် ဂျွန်းထိုးကျရင် စာဖတ်သူသာ တွေးကြည့်ပါတော့။ စာဖတ်သူရေ ဒီအကြောင်းတွေကို ရေးရင်း အမှားတွေကို ပြင်မယ်လို့ ကြိုးစားတိုင်း အမှောင်တွေပြုနေမိ ပြန်တယ်။ နောင်တမရတဲ့ ဂျူးဒတ်(စ်) မဖြစ်ချင်ပါဘူး။ နောင်တရပြီး ပြောင်းလဲတဲ့ ဂျုးဒတ်(စ်) ဖြစ်အောင်ပဲ ကြိုးစားတော့မယ်။

စာဖတ်သူရေ မနက်ဖန်ဆိုတာ မသေချာပေမယ့် မနေ့က (အတိတ်) ဆိုတာ မေ့လို့ရစရာလားဗျာ။ မှားတဲ့အရာတွေ ပြုပြင်ဖို့ အကောင်းဆုံး ပြင်ဆင်ကြပါစို့လို့ တိုက်တွန်း လိုတာကြောင့် ရေးလိုက်ပါတယ်။


စောဂျူးဒတ်(စ်) (သံဝင်း)

Read More...

Tuesday, August 24, 2010

မာရီယား၏ ခင်ပွန်းတော် သံဇူဇယ်


မာရီယား၏ ခင်ပွန်းတော် သံဇူဇယ်


ကက်သလစ်အသင်းတော်ရဲ့ ၀တ်ပြုကိုးကွယ်ခြင်း ပြက္ခဒိန်မှာ မတ်လ (၁၉) ရက်နေ့ဟာ "မာရီယား၏ ခင်ပွန်းတော် သံဇူဇယ် "ပွဲနေ့ ဖြစ်ပါတယ်။ (ယခု ၂၀၀၈ ခုနှစ်မှာတော့ မတ်လ (၁၉) ရက်နေ့ဟာ သန့်ရှင်းသော ရက်သတ္တပတ်ရဲ့ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့အတွက် (၁၅) ရက်နေ့ကို ပြောင်းရွှေ့ထားပါတယ်)။ သမ္မာကျမ်းစာမှာ သံဇူဇယ်ပြောခဲ့တဲ့ စကားရယ်လို့ တစ်လုံးမျှ မတွေ့ရပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်တွေက ဘုရားသခင်ရဲ့ အလိုတော်ကို လေးစားလိုက်နာသူ၊ ပါရမီနဲ့ ပြည့်ဝတဲ့သူ ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။
သံဇူဇယ်ကို အင်္ဂလိပ်လို St. JOSEPH လို့ စာလုံးပေါင်းပါတယ်။ ဒီအမည် စာလုံးပေါင်းမှာ ပါဝင်တဲ့ J, O, S, E, P, H ဆိုတဲ့ စာလုံး (၆)လုံးဟာ သံဇူဇယ်ရဲ့ ပါရမီတွေကို ဖော်ပြနေပါတယ်။


J - Joseph the just man ဖြောင့်မတ်သောသူ
(မာတေဦး - ၁း၁၉) "ဇူဇယ်သည်ကား ဖြောင့်မတ်သောသူ ဖြစ်သည်နှင့် မာရီယား၏ အသရေကို မပျက်စေလိုသောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည်ဟု အကြံရှိသည်"။

ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး အရှင်မြတ်က "The Guardian of the Redeemer" ကယ်တင်ရှင်၏ အထိန်းတော်လို့ တင်စားပါတယ်။

သံဇူဇယ်လစ်တာနီမှာလည်း "အလွန်ဖြောင့်မတ်တော်မူသော မြတ်ဇူဇယ်"လို့ တင်စားဂုဏ်ပြုရင်း ဆုတောင်းကြတယ်။ ဖြောင့်မတ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သန့်ရှင်းဖြူစင်တယ်၊ ရိုးသားဖြောင့်မတ်တယ်၊ ပါရမီနဲ့ ပြည့်ဝတယ်လို့ ဆိုလိုက်တာပဲ။ ဆရာယုဒဿန် ဘာသာပြန်ထားတဲ့ ကျမ်းစာအရဆိုရင် "သူတော်ကောင်း" ဖြစ်တယ်လို့ ဆိုလိုပါတယ်။ သံဇူဇယ်ဟာ မယ်တော်မာရီယား ပြီးရင် အမြင့်မြတ်ဆုံးရဟန္တာ၊ အသန့်ရှင်းဆုံး လူသား၊ အသင်းတော်ရဲ့ ကျမ်းတတ်ပုဂ္ဂိုလ် အချို့က "ဘုရားသခင်ဟာ ရဟန္တာတွေကို ကျေးဇူးတော်တွေ ပေးခဲ့တယ်။ သံဇူဇယ်ကိုတော့ အခြားသော ရဟန္တာတွေ ခံစားရတဲ့ ကျေးဇူးတော်တွေ အားလုံးပေးခဲ့တယ်" လို့ တင်စားပြီး ပြောခဲ့ပါတယ်။ "ဘုရားသခင်ဟာ လူတစ်ဦးစီကို သူ့ရဲ့ ဘ၀နဲ့ သင့်လျော်တဲ့၊ တာဝန်ဝတ္တရားနဲ့ ကိုက်ညီတဲ့၊ လိုအပ်တဲ့ ကျေးဇူးတော်တွေ ပေးတယ်"လို့ St. Thomas Aquinas က ပြောခဲ့ပါတယ်။ ခင်ပွန်းသည် တစ်ယောက်၊ ဖခင် တစ်ယောက်ဖြစ်တယ် ဆိုရင်၊ ရဟန်းတစ်ပါး ဖြစ်တယ်ဆိုရင်၊ သူ့ရဲ့ဘ၀၊ သူ့တာဝန်ဝတ္တရားနဲ့ ကိုက်ညီတဲ့၊ လိုအပ်တဲ့ ကျေးဇူးတော်တွေ ဘုရားသခင် ပေးပါတယ်။ ဒါဆိုရင် ခမည်းတော်ဘုရားရဲ့ သားတော်ကို အုပ်ထိန်းရတဲ့ အပြစ်မဲ့ သန္ဓေယူတော်မူတဲ့ မာရီယားကို တာဝန်ယူရတဲ့ သံဇူဇယ် ကျေးဇူးတော်တွေ ဘယ်လောက်ရမယ်ဆိုတာ ရှင်းမပြနိုင် ပေမယ့် ခန့်မှန်းမိကြမှာပါ။ ဒီကျေးဇူးတော်တွေရဲ့ အာနိသင်ကြောင့် သံဇူဇယ်ဟာ အမြင့်မြတ်ဆုံးသော ရဟန္တာ၊ အသန့်ရှင်း၊ အဖြောင့်မတ်ဆုံး လူသားဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။

O = Joseph the obedient one နာခံတတ်သောပုဂ္ဂိုလ်
သံဇူဇယ်ဟာ သူ့ရဲ့ဘ၀မှာ ဘုရားအလိုတော်ကို အမှန်တကယ် နာခံခဲ့ပါတယ်။ မာရီယားမှာ ပဋိသန္ဓေရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်းကင်တမန်က (ရှင်မာတေဦး ၁း၂၀)မှာ "ဒါဝိတ်၏ သားဇူဇယ်၊ သင်၏ ဇနီးမာရီယားကို ထိန်းသိမ်းခြင်းငှါ မကြောက်နှင့် အကြောင်းမူကား သူ၌ စွဲသော ပဋိသန္ဓေသည် သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ဖြစ်သည်" လို့ အိပ်မက်ထဲမှာ ရှင်းပြတယ်။ ဒီတော့ သံဇူဇယ် ဘာလုပ်သလဲ။ (ရှင်မာတေဦး - ၁း၂၄)မှာ "သံဇူဇယ်သည်ကား အိပ်ပျော်ရာမှနိုးလျှင် ကောင်းကင်တမန် မိန့်မှာသည့် အတိုင်းပြု၍ မာရီယားကို ထိန်းသိမ်းလေ၏"လို့ တွေ့ရတယ်။ (ရှင်လုကာ ၂း၎-၅) အရ မာရီယား ကိုယ်ဝန် ရှစ်လကျော်ရှိတဲ့အခါမှာ ဆီဇာသြဂုတ်စတူးဘုရင်က သန်းခေါင်စာရင်း ကောက်တယ်။ ဒါနဲ့ သူတို့နေတဲ့ ဂါလီလေပြည်၊ နာဇရက်မြို့ကနေ သူ့ရဲ့ ဘိုးဘေး ဒါဝိတ်မျိုးနွယ်နေတဲ့ ဂျူဒေယားပြည်၊ ဘက်သလေဟင်မြို့ကို လာခဲ့ကြတယ်။ မာရီယားမှာ ကိုယ်ဝန် အရင့်အမာကြီးနဲ့မို့လို့ မသွားဘူးလို့ သံဇူဇယ် မငြင်းခဲ့ပါ။ ဒီတော့ ဘာဖြစ်လဲ (မိက္ခာ ၅း၂) အရ "အို ဘက်သလေဟင်မြို့ ဣသရေလအမျိုးကို
အုပ်စိုးရသောသခင်သည် ငါတို့အဖို့ သင့်၏ အထဲမှာပေါ်ထွန်းလတ္တံ့"ဆိုတဲ့ ပရောဖက်မိက္ခာ ဟောထားချက် ပြည့်စုံသွားတယ်။ နောက်တစ်ခါ (ရှင်မာတေဦး ၂း၁၅) အရ ဟေရုဒ်မင်းက သူငယ်တော်ကို သတ်ဖို့ ရှာနေတယ်။ အီဂျစ်ပြည်ကိုသွားပါလို့ ကောင်းကင်တမန်က ပြောလာတဲ့အခါမှာ ရက်သားကလေးက တစ်ဖက်၊ မီးနေသည်က တစ်ဖက်နဲ့ "ညတွင်းချင်း" ထွက်ပြေး ရပြန်တယ်။ ဒုက္ခ ပေးလှချည်လားလို့ သံဇူဇယ် မငြီးတွားခဲ့။ ဘုရားသခင်ရဲ့ မျှော်မြင်တော်မူခြင်းကို ဖြေရှင်းချက် မတောင်းခဲ့။ ဘုရားသခင်က "ဒါ"ဆိုရင် နှစ်ခါ ပြန်မပြောခဲ့ရပါဘူး။ သံဇူဇယ်ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို နာခံတတ်တဲ့သူ ဖြစ်ပါတယ်။

S = Joseph the silent one တိတ်ဆိတ်စွာနေတတ်
ဧ၀ံဂေလိကျမ်းလေးစောင်မှာ မာရီယားနဲ့ တမန်တော်တွေ ဘာပြောတယ်၊ ဘာလုပ်တယ်ဆိုတာ တွေ့ရပေမဲ့ သံဇူဇယ်နဲ့ ပတ်သတ်ပြီးတော့ ရှင်မာတေဦး၊ ရှင်မာကု၊ ရှင်လုကာ နဲ့ရှင်ယောဟန်တို့က ဘာလုပ်ခဲ့တယ် ဆိုတာပဲ ဖော်ပြထားတယ်။ သံဇူဇယ် ပြောခဲ့ဖူးတဲ့စကား တစ်ခွန်းရယ်လို့တော့ ဧ၀ံဂေလိကျမ်း (၄) စောင်လုံးမှာ မတွေ့ရပါဘူး။ သူဟာ ဒါဝိတ်အမျိုးအနွယ် ဖြစ်တယ်။ မာရီယားနဲ့ သူငယ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့တယ် ဆိုတာလောက်ပဲ သိရတယ်။ သူဘယ်အချိန်၊ နေရာ၊ အရွယ်မှာ သေဆုံးပြီး ဘယ်မှာမြှပ်နှံတယ် ဆိုတာ မသိကြရဘူး။ သူ့ဘ၀ဟာ တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် အဲဒီတိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ်မှာ သူ့ရဲ့ စိတ်သဘောထား ကြီးမြတ်မှု၊ ယောင်္ကျားပီသမှု၊ အိမ်ထောင်ဦးစီး ပီသမှုဆိုတဲ့ အရည်အချင်းတွေကို ခန့်မှန်းလို့ ရပါတယ်။ လူတွေအမြင်မှာ သူဟာ ရှေ့ကနေ ဦးဆောင်တဲ့သူ တစ်ယောက်မဟုတ်ပါ။ ဘုရားသခင်ဖြစ်စေချင်တာကို ပီပီပြင်ပြင် တိတိကျကျ စိတ်အေးအေးထားပြီး အကောင်အထည်ဖော်တဲ့သူ ဖြစ်ပါတယ်။ သူဟာ တိတ်တဆိတ် နေတတ်တဲ့သူ ဖြစ်တဲ့အတွက် အတွင်းစိတ်ကို ခိုင်မာအောင် တည်ဆောက်နိုင်တဲ့သူလို့ ပြောလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တိတ်ဆိတ်ခြင်းဟာ ဘုရားရှိခိုးခြင်း၊ မေတ္တာပြုခြင်း၊ ကမ္မဌာန်းရှုခြင်းဆိုတဲ့ အတွင်းစိတ် ၀ိညာဉ်ရေး အလုပ်တွေကို အထောက်အကူပြုတာ အားလုံး အသိပါပဲ။ လစ်တာနီမှာ "စိတ်အားတန်ခိုးနှင့် အလွန် ပြည့်စုံတော်မူသော သူတော်မြတ် ဇူဇယ်"လို့ ဆိုလေ့ရှိတယ်။ အဲဒါကြောင့် သံဇူဇယ်ဟာ သြတပ္ပစိတ် အတွင်းမှာ ဘုရားသခင် ပြောတဲ့စကားကို ပိုကြားရမှာ အမှန်ပါပဲ။ သူ့ကို လူရိုး၊ လူအေး၊ စကားနည်းတဲ့ လက်သမား တစ်ယောက် အဖြစ် သိထားကြတယ်။ သူဟာ ဒုက္ခရောက်တဲ့ အချိန်မှာ ညီးညူ ပြစ်တင်ခြင်း၊ ဒေါသထွက်ခြင်း၊ စောဒကတတ်ခြင်း မရှိခဲ့ပါဘူး။ အရာရာကို တိတ်ဆိတ်စွာ ခံထမ်းခဲ့ပါတယ်။

E = Joseph the example စံနမူနာကောင်းပြုတဲ့ပုဂ္ဂိုလ်
ယနေ့ စီးပွားရေး အတန်အသင့်ပြေလည်တဲ့ မြို့ပြ မိသားစုတွေမှာ ကလေးထိန်းဖို့၊ ထမင်းချက်ဖို့ ကူဖော်လောင်ဖက်လိုတဲ့ ပြဿနာကို တွေ့ရတယ်။ ကလေးထိန်းဖို့ ဆွေမျိုး သားချင်းတွေကို အားကိုးကြတယ်။ ယုံကြည်စိတ်ချရတဲ့ ကလေးထိန်း ရှာကြတယ်။ ဒါမှမဟုတ် နာမည်ကြီး "ရင်ခွင်ပိုက် နေ့ကလေးထိန်းကျောင်း" မူကြိုတို့ကို ပို့ကြတယ်။ ကိုယ့်သားသမီးကို သူများ လက်ထဲ ခဏတဖြုတ်အပ်ဖို့အရေး တော်တော်လေး စဉ်းစားပြီးမှ လုပ်ကြတယ်။ ဒီတော့ ခမည်းတော်ဘုရားသည်လည်းပဲ ကယ်တင်ခြင်း စီမံကိန်းအရ သူ့ရဲ့ တစ်ပါးတည်းသော သားတော်ကို လူတစ်ယောက် လက်ထဲအပ်ဖို့ရာ ပြီးစလွယ် လုပ်မှာမဟုတ်ဘူး ဆိုတာ သေချာပါတယ်။ လူသားထု တစ်ရပ်လုံးထဲကမှ သူ့ကိုရွေးပြီး သားတော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးခဲ့တာပါ။
လူ့အဖြစ်ကိုယူတဲ့ သူ့ရဲ့ သားတော် လူသားဘ၀၊ ကလေးဘ၀မှာ စံနမူနာ ယူစရာ ပုဂ္ဂိုလ်အဖြစ် သံဇူဇယ်ကို ရွေးခဲ့တာပါ။ ဒါကြောင့်လည်း "သားတော်ဘုရား၏ မွေးမြူတော်"လို့ သံဇူဇယ်လစ်တာနီမှာ ဖော်ပြထားပါတယ်။ ဘယ်လို မွေးမြူခဲ့သလဲ။ လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင်၊ လက်သမား လုပ်တတ်အောင် သင်ပေးခဲ့မှာ အမှန်ပါပဲ။ ရှင်လုကာ၂း၄၀-၅၂ အရ "သူငယ်တော်သည်လည်း အစဉ်အတိုင်း ကြီးပွား၍ ပညာတိုးတက်လျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာ ရလေ၏"။ "အစဉ်အတိုင်း" ဆိုတဲ့ စကားလုံးကို ထောက်ရင် သူငယ်တော်ဟာ ကလေးဘ၀ကတည်းက ဈာန်ကြွပြီး တန်ခိုးပြနေတာ မဟုတ်ပါဘူး။ အိမ်ထောင်ဦးစီး ပီသတဲ့ သံဇူဇယ်ရဲ့ သွန်သင် လမ်းပြမှုတွေကို နာခံ၊ ပြုမူ ကျင့်ကြံနေထိုင်ပုံတွေကို အတုယူပြီး လူလားမြောက်ခဲ့ရတာပါ။ ဒါကြောင့်လည်း ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး အရှင်မြတ်က သံဇူဇယ်ကို "The Guardian of the Redeemer" ကယ်တင်ရှင်၏ အထိန်းတော်လို့ တင်စားပြီး စာတစ်စောင် ပေတစ်ဖွဲ့ ရေးသားဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

P = Joseph, a man of prayer ဘုရားသခင်ကို အားကိုးဆုတောင်းတတ်သူ
လူတွေဟာ တစုံတရာ ဒုက္ခတွေ့ရင် ကိုယ့်ထက် ပိုပြီး တတ်သိနားလည်တဲ့၊ အဲဒီ ဒုက္ခကို ဖြေရှင်းပေးနိုင်မယ်လို့ ယူဆရတဲ့ အရာသတ္တ၀ါကို သော်လည်းကောင်း၊ လူပုဂ္ဂိုလ် ကိုသော်လည်းကောင်း၊ နတ်သိကြားတွေ ကိုသော်လည်းကောင်း ချည်းကပ်ကိုးကွယ်ပြီး အကူအညီ တောင်းတတ်ကြတာ သဘာဝပါပဲ။ သံဇူဇယ်အနေနဲ့ စေ့စပ်ထားတဲ့ မာရီယား ကိုယ်ဝန်ရှိနေတော့ လက်ထပ်ယူဖိုလည်း ခက်၊ လူသိရှင်ကြားလည်း မကွာရှင်းရက်နဲ့ သံဇူဇယ် ဘာလုပ်မယ် ထင်သလဲ။ ဟေရုဒ်ဘုရင်က ကလေးတွေကို လိုက်သတ်နေတယ်ဆိုတဲ့ သတင်းကြား ရတဲ့အချိန်မှာ သံဇူဇယ် ဘာလုပ်မယ် ထင်သလဲ။ အီဂျစ်ကို ထွက်ပြေးရတဲ့ လမ်းခရီးမှာ သူတို့ မိသားစု ခလုတ်မထိ ဆူးမငြိဖို့ သံဇူဇယ် ဘာလုပ်မယ် ထင်သလဲ။ သံဇူဇယ်ဟာ ဘုရားသခင်ကို ယုံကြည်အားကိုးစွာနဲ့ ဆုတောင်းခဲ့မှာ အမှန်ပါပဲ။ ဒါကြောင့်လည်း ကောင်းကင်တမန်တော်က မကြာခဏ ထင်ရှားပြပြီး ကူညီခဲ့တာပေါ့။ သူတို့ မိသားစု တစ်နှစ်တစ်ခါ ဗိမာန်တော်ကို သွားခဲ့ကြတာ၊ သံဇူဇယ် တစ်ပတ်တစ်ခါ ဥပုသ်နေ့မှာ တရားဇရပ်ကို ၀င်တာတွေကိုထောက်ရင် နာဇရက်မြို့က အိမ်ကလေးမှာ သူတို့ မိသားစု အတူတကွ ဆုတောင်းရင်း နေထိုင်ခဲ့ကြမှာ အမှန်ပါပဲ။ သံဇူဇယ်ဟာ a man of prayer ကိုယ်တိုင် ဆုတောင်းခဲ့တဲ့သူ၊ မိသားစုကို ဘာသာတရား သင်ကြားပေးတဲ့သူ ဖြစ်ပါတယ်။

H = Jose
ph, the helper of the Blessed Mother ဘုရားမယ်တော်၏ ခင်ပွန်းတော်
သံဇူဇယ်ကို ကညာစင်မာရီယားရဲ့ ခင်ပွန်းအဖြစ် ဘုရားသခင်က ရွေးကောက်ခဲ့တယ်။ ဘုရားသခင်ရဲ့ စီမံကိန်းမှာ သူဟာ ဖြောင့်မတ်သူ၊ သန့်ရှင်းစင်ကြယ်သူ၊ ပညာသတိရှိသူ၊ အနွံအတာခံသူ၊ သည်းခံတတ်သူ၊ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မိသားစုရဲ့ စားဝတ်နေရေး၊ လူမှုရေးမှာ သာမက ၀ိညာဉ်ရေးမှာပါ အိမ်ထောင်ဦးစီး ဖြစ်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ မာရီယားဟာ သူ့ထက် ပိုပြီး သန့်ရှင်းဖြူစင်တယ်ဆိုပေမဲ့ ဘုရားသခင်က မိသားစုအရေးအတွက် ဗျာဒိတ်ပေးစရာရှိရင် သံဇူဇယ်ကိုပဲ ပေးခဲ့တာပါ။ သူငယ်တော်ယေဇူးကို ဗိမာန်တော်မှာ ပြန်တွေ့တော့ (ရှင်လုကာ -၂း၄၈) မှာ "သင်၏ အဘနှင့် ငါသည် စိတ်ညှိုးငယ်ခြင်းနှင့် သင့်ကိုရှာပြီ" ဆိုတဲ့ မာရီယားရဲ့စကားကိုထောက်ရင် သံဇူဇယ်ဟာ မာရီယားနဲ့အတူ အေးအတူ ပူအမျှ ခံစားခဲ့တာကို တွေ့နိုင်ပါတယ်။ ဘုရားရဲ့ မယ်တော်ကို ခင်ပွန်းအဖြစ်အနေနဲ့ ချစ်ခြင်း၊ သူငယ်တော် ယေဇူးကို ဖခင်အဖြစ်အနေနဲ့ ချစ်ခြင်းဆိုတဲ့ "မေတ္တာစာသား"တွေကို ထောက်ရင် ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ အိမ်ထောင်ဦးစီးကောင်း ပီသခဲ့တာတွေကို တွေ့နိုင်ပါတယ်။

သံဇူဇယ်ရဲ့ ဒီပါရမီတွေဟာ ကက်သလစ်အိမ်ထောင် ဦးစီးတိုင်း လေးစားလိုက်နာပြီး အတုယူသင့်တဲ့ ပါရမီများ ဖြစ်ကြပါတယ်။ တစ်ချိန်မှာ အိမ်ထောင်ဦးစီးဖြစ်လာကြမယ့် ကက်သလစ်လူငယ်များ အတွက်လည်း အကြုံးဝင်ပါတယ်။ ဒါကြောင့် ကက်သလစ် အမျိုးသားတိုင်း သံဇူဇယ်ရဲ့ ပါရမီတွေကို အတုယူပြီး ဘုရားသခင်ရဲ့အလိုတော်ကို လိုက်နာဆောင် ရွက်နိုင်ကြသူများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။

ခံပွင့်


Read More...

Friday, August 20, 2010

နယ်ပယ်


နယ်ပယ်



မိတ်ဆွေဖြတ်သန်းလာခဲ့တဲ့ ဘ၀လမ်းတစ်လျှောက်မှာ လူပေါင်းများစွာနဲ့ ကြုံတွေ့ ခဲ့ရပါလိမ့်မယ်။ ဒီလို ကြုံတွေ့တဲ့ နေရာမှာ တချို့ကောင်းတဲ့ လူရှိသလို၊ တချို့ ဆိုးတဲ့လူတွေ၊ တချို့ ရင့်ကျက်တဲ့ သူတွေရှိသလို၊ တချို့ ပေါ့ပျက်ပျက် နေတဲ့သူတွေ တွေ့ကြပါလိမ့်မယ်။ တချို့လည်း သူတစ်ပါး နားမ၀င်လောက်အောင် ခေါင်းမာတဲ့သူတွေ တွေ့ကြပါလိမ့်မယ်။ တချို့လူတွေ အထူးသဖြင့် ပညာတတ် အသိုင်းအ၀ိုင်းတွေမှာ အမှန်တရားကို သိနေပါသော်လည်း မိမိရဲ့ မာန၊ မိမိရဲ့ ဂုဏ်စိတ်မာန်တွေကြောင့် အမှန်တရားကို သိသိကြီးနဲ့ ငြင်းခုံကြပါတယ်။ တချို့က အမှန်တရားကို ၁၀၀ မှာ ၉၉ ယောက်က လက်ခံအုံးတောင်မှ တစ်ယောက်ထဲရဲ့ အသိဥာဏ် သေးသေးလေးနဲ့ ခံငြင်း တတ်ကြပါတယ်။

ကျွန်တော် ဒီအကြောင်း ရေးနေစဉ်မှာ အဖြစ်အပျက် ပုံပြင်ကလေးတစ်ပုဒ်ကို အမှတ်ရမိပါတယ်။ ဒီပုံပြင်ကလေးဟာ ဒီအချက်တွေနဲ့ ကိုက်ညီလှပါတယ်။ တစ်ခါက တောင်ပေါ် ရွာကလေးတစ်ရွာမှာ အရူးကြီးတစ်ယောက် ရှိတယ်တဲ့။ ဒီအရူးဟာ နေရောင်ခြည်ဒဏ်ကို လုံးဝ မခံနိုင်ပါဘူး။ သူဟာ အမှောင်ကိုပဲ ကြိုက်တယ်တဲ့။ အလင်းရောင်လာရင် သူဟာ မနေတတ် မထိုင်တတ်အောင် ယောက်ယက်ခတ် နေတယ်ဆိုပဲ။ သူဟာ ခါတိုင်း ရွာပြင်ဘက်က ဂူဟောင်းတစ်ခုမှာ နေခဲ့ပေမယ့် တစ်နေ့တော့ ညဘက်ကို လျှောက်သွားရင်းနဲ့ တောင်ကုန်းထိပ်တစ်ခုမှာ ထိုင်နေသတဲ့။ ဒီလိုနဲ့ အာရုံပျိုးလာလို့နေမင်းကြီးလဲ ထွက်လာရော သူဟာ နေမင်းကို တောင်ကုန်းပေါ်ကနေ "ဟေ့ကောင် ထွက်မလာနဲ့ ထွက်မလာနဲ့"လို့ အော်ဟစ်နေတယ်တဲ့။ နေမင်းက မှန်မှန်ပဲ ထွက်လာနေတာမို့ မတားနိုင်တော့တာနဲ့ သူဟာ အနီးအနားမှာရှိတဲ့ တောင်ယာ တဲတစ်လုံးထဲကို ၀င်နေသတဲ့။ ၀င်ခါစမှာတော့ အလင်းအား မကောင်းသေးလို့ တောင်ယာတဲဟာ မှောင်နေပေမဲ့ နောက်တဖြည်းဖြည်း နေမြင့်လာတာနဲ့ တောင်ယာတဲက ထရံအပေါက်တွေကနေ နေရောင်တွေ ၀င်လာပါတော့တယ်။ ဒါနဲ့ အရူးဟာ ဆောက်တည်ရာမရ ဖြစ်ပြီးတော့ ထရံကြားက၀င်လာတဲ့ နေရောင်တွေကို အ၀တ်စုတ်တွေ၊ အရွက်ခြောက်တွေနဲ့ လိုက်ပြီးတော့ ပိတ်ပါတယ်။ ဒီလိုနဲ့ ဟိုပိတ် ဒီပိတ်လုပ်လိုက်တော့ တစ်ခန်းလုံး ပြန်မှောင်သွားတာမို့ အရူးဟာ ပျော်လို့ကောင်းနေသတဲ့။ ဒါပေမယ့် သူမသိတဲ့ သူ မမြင်နိုင်တဲ့အပြင်မှာတော့ လောကကြီးဟာ နေမင်းရဲ့ အလင်းရောင်နဲ့ ၀င်းဝါထိန်သာလို့ နေပါတယ်။ အရူးဟာ အမှောင်ထဲမှာ သူ့ဟာသူ သီးခြားကမ္ဘာကလေးနဲ့ ပျော်နေသလို အပြင်လောကလူသားတွေဟာလည်း နေမင်းရဲ့ အလင်းရောင်နဲ့ ပျော်ရွှင် နေကြပါတယ်။

ဒီလိုပါပဲ မိတ်ဆွေလောကကြီးမှာ အမှန်တရားကို သိပါလျက်နဲ့ (သို့) မသိပါဘဲလျက် လက်ရှိ ရှိရင်းစွဲ သဘောတရားတွေကို တရားသေ လက်ကိုင်ပြုနေကြတာ မနည်းလှပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာ လောကရဲ့ လမ်းမှန်ကို မစဉ်းစားဘဲနဲ့ တစ်ပါးသူကို ငြင်းခုံ အနိုင်ယူဖို့သာ စဉ်းစားတတ်ကြပါတယ်။ ကိစ္စတစ်ခုကို ဘယ်လိုငြင်းရမလဲ ဆိုတာနဲ့စတင်ပြီးတော့ စဉ်းစားကြပါတယ်။


ယခု ကျွန်တော်တင်ပြခဲ့တဲ့ ပုံဝတ္ထုထဲက အရူးဟာ အပြင်မှာ ဘယ်လိုဖြစ်ဖြစ် သူ့ကမ္ဘာကလေးမှာ အမှောင်ထု ဖုံးလွှမ်းနေတာကိုပဲ ကြိုက်နှစ်သက်နေပါတယ်။ ဒီလိုပဲ အပြင်လောက လူ့သဘာဝထဲ မိမိကိုယ်ကို အမှောင်ချပြီးတော့ အပြင်လောကကို အတင်းဇွတ်မှိတ်ပြီး မေ့ပျောက်နေတဲ့သူတွေ မနည်းလှပါဘူး။ မိမိစိတ်ထဲမှာ မိမိရဲ့ အသိထဲမှာရှိနေတဲ့ အမှန်တရားကို မသိစိတ်ထဲမှာ ချောင်ထိုးထားပြီးတော့ မှိတ်ကြိတ်ပြီး လုပ်ဆောင်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးကတော့ အမှန်တရား ဖုံးလွှမ်းမှုအောက် တစ်နေ့တော့ ရောက်လာမှာပါပဲ။ မိတ်ဆွေကော အရူးကလေးလို အမှန်တရားကို အ၀တ်စုတ်တွေနဲ့ လိုက်လံပြီးတော့ ပိတ်ဆို့နေမှာလား မိတ်ဆွေ။ ထိုကျဉ်းမြောင်းပြီး အယူသည်းတဲ့ ဘ၀ထဲက လွတ်မြောက်နိုင်ကြပါစေ။ အရူးကဲ့သို့ အလင်းကို အံတုမယ့် လူစားမျိုးမဖြစ်ပါစေနဲ့လို့ တောင်းဆုမွန် ချွေလိုက်ပါတယ်။


ဝေလီ


Read More...

Sunday, August 15, 2010

ကျည်ဖြည့်ပါ

ကျည်ဖြည့်ပါ

ယေဇူးရှင်အား စာတန်သွား၍
နှောင့်ယှက်ရာတွင် ငါမဆာဟု
ငြင်းခုံမှုကို မပြုဘဲလျက်
ကျမ်းစာချက်ဖြင့် ထိုးနှက်ရာတွင်
အချင်းစာတန် နောက်ကောက်လန်ခဲ့။

သင့်အားစာတန် နှောင့်ယှက်ပါမူ

ခုခံရာတွင် ယေဇူးရှင်သို့
အစဉ်တုန့် ပြန် ကျမ်းချက်မှန်ဖြင့်
တန်ပြန်တိုက်လျှင် အကြင်စာတန်ရှုံးလိမ့်မည်။

သင့်ဦးနှောက်ထဲ နှလုံးထဲတွင်
စွဲမြဲကျမ်းပိုဒ် မရှိခိုက်တွင်
ပြန်လှန်တိုက်ရန် ကျည်ဆန်ကင်းမဲ့
သေနတ်ကဲ့သို့ မည်သို့ပြန်တိုက်နိုင်မည်နည်း။

နေ့စဉ်ဆက်ကာ ထိုကျမ်းစာအား
ရှုမှတ်ပွား၍ လိုလားနှစ်ခြိုက်
ကျမ်းတစ်ပိုဒ်အား တစ်ပတ်ထား၍
ကြိုးစားကျက်မှတ် ပြုခဲ့ပါလျှင်
အစဉ်အမြဲ ဦးနှောက်ထဲ၌
စွဲမြဲကျမ်းစာ ရှိသောခါတွင်
သင့်မှာကျည်ဆန် ပေါများလျှံကာ
စာတန်နတ်အား လွင့်အားကောင်းစွာပစ်နိုင်မည်။

နတ်ဆိုးတို့အား ခုခံကြလျှင် ယင်းသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်။ (ယာ - ၄း၇)

အုတ်လှ

Read More...

Saturday, August 14, 2010

လူသားတို့၏ မိခင်၊ ဘုရား၏ မိခင်

လူသားတို့၏ မိခင်၊ ဘုရား၏ မိခင်

လူသားတိုင်းတွင် မိခင်ကိုယ်စီ ရှိကြပါသည်။ ကျွန်ုပ်တို့တစ်ဦးစီသည်လည်း မိခင်၏ ချစ်ခြင်းမေတ္တာ၊ ပြုစုစောင့်ရှောက်မှု၊ အုပ်ထိန်းမှုတို့ကြောင့် ကြီးပြင်းလာကြရသည်သာ ဖြစ်ပါသည်။ မိခင်တိုင်းပင် သူတို့ ဘ၀ပြည့်စုံ ပျော်ရွှင်ချမ်းမြေ့ခြင်းထက် သားသမီးတို့၏ ကောင်းစားရေးကိုသာ အစဉ် လိုလားကြသူများလည်း ဖြစ်ပေသည်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှစ၍ ကျွန်ုပ်တို့လိုအပ်သမျှကိုလည်းကောင်း ကျွန်ုပ်တို့ မိခင်များထံသို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖွင့်ဟ တောင်းခံလေ့ရှိကြသည် မဟုက်ပါလား။ အဘယ်ကြောင့်ဆိုသော် ဖခင်များထက် မိခင်များကို ပို၍ လက်ပွန်းတတီး ရင်းနှီး ဆက်ဆံမှု ရှိသောကြောင့်တည်း။ ဤသို့ဆိုလျှင် အမေသည် ကျွန်ုပ်တို့ဘ၀အတွက် ဖြည့်ဆည်း ကူညီပေးသည်သာမက အားကိုး ချစ်ခင်ဖွယ်ရာပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ သို့သော် အချို့တို့မှာ မိမိတို့၏ မိခင်ကိုမမြင်လိုက်ရသူများ၊ မသိသူများလည်း ရှိပေမည်။
ထိုသူများအတွက်မူကား မိခင်မေတ္တာကို အဘယ်မှာ ရနိုင်ပါအံ့နည်း။ သည်အတွက် အားငယ်စရာမလိုပါ၊ ကျွန်ုပ်တို့ကို အမြဲတမ်း ကြည့်ရှု၍ တစ်သက်လုံး စောင့်ရှောက်နေသည့် မိခင်တစ်ဦး ရှိပါသည်။ သူမကား "မယ်တော်မာရီယား"တည်း။ တစ်နည်းအားဖြင့် ဆိုရသော် လူသားတို့၏ ကယ်တင်ရှင် ခရစ်တော်ဘုရား၏ မိခင် ဖြစ်ပေသည်။

ဘုရား၏ မယ်တော် မွန်မြတ်သော ကညာမာရီယားကား၊ လူသားတိုင်း ချီးကျူးဖွယ်ရာ၊ အားကိုးဖွယ်ရာ၊ အတုယူဖွယ်ရာ အလွန်ကောင်းသော သူတော်စင်တစ်ပါး ဖြစ်ပေသည်။ ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသည် သာမက ဘုရားသခင်အား နာခံတော်မူခြင်း၊ ဒုက္ခရောက်သူနေသူများအပေါ် နားလည်ခြင်းနှင့် ကူညီပေးတတ်ခြင်း၊ ဒုက္ခဆင်းရဲများကို သည်းခံတော်မူခြင်းများကား မွန်မြတ်သော ဂုဏ်ပုဒ်များနှင့် ထိုက်တန် လျော်ညီပေသည်။ ကောင်းကင်သိကြား တမန်တော်က မာရီယားအား အမိန့်တော် ပြန်ကြားသောအခါ "အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မ ဖြစ်ပါ၏၊ ကိုယ်တော့် စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေ"(လုကာ ၁း၃၈) ဟူ၍ လူသားအားလုံး မျှော်လင့်နေကြသည့် ကယ်တင်ရှင်ကို မိမိ ၀မ်းတော်၌ ပဋိသန္ဓေစွဲယူကာ ဖွားမြင်ရန် လက်ခံခဲ့ခြင်းဖြင့် ကယ်တင်ခြင်းလမ်းစဉ်ကို ဖွင့်ပေးခဲ့သူ ဟုဆိုလျှင်လည်း မမှားပေ။ လူသားတစ်ဦးပင် ဖြစ်သော်ငြားလည်း အာဒံဧ၀တို့၏ အပြစ်ရင်းမပါရှိဘဲ မွေးဖွားခဲ့သည်သာမက ဘုရား၏ မယ်တော်အဖြစ် ကျေးဇူးတော်ခံရခြင်းကြောင့် မိန်းမတကာတို့ထက် မွန်မြတ်သောသူအဖြစ် ချီးမြင့်ခံရသူ ဖြစ်ရကား ဖန်ဆင်းခံလူသားများတို့တွင် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ပိုမို ထင်ရှားစေသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

အသက်အရွယ်ကြီးရင့်ပါမှ ကိုယ်ဝန်ဆောင်ရသော ဧလိဇဘက်ကိုလည်း စာနာထောက်ထားခြင်းဖြင့် ကူညီ၍ ပြုစုပေးခဲ့သည် သာမက ခရစ်တော်ဘုရားရှင်နှင့်အတူ ကာနန်မြို့ လက်ထပ်ပွဲသို့ တက်ရောက်စဉ်ကလည်း အခက်အခဲဖြစ်နေသော ဇနီးမောင်နှံအား ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကူညီပေးခဲ့ပေသည်။ သားတော်အပေါ် ချစ်စိတ်ကြောင့် မယ်တော်၏ နှလုံး နာကျင်ခံစားရသော်လည်း ထာဝရဘုရားသခင်အား စောဒက မတက်ခဲ့သည်သာမက "အကြောင်းအရာအလုံးစုံတို့ကို မိမိနှလုံး၌သာ မှတ်ကျုံး ယူခဲ့လေသည်" (လုကာ ၂း၅၁)။ ဘုရား၏ မယ်တော်ဖြစ်သော်လည်း သားတော်၏ သွန်သင်တော်မူချက်၊ ကုသ ပျောက်ကင်းစေခြင်း၊ တန်ခိုးအံဖွယ်ရာ ပြတော်မူခြင်းများကို ကြားသိရချိန်တွင်ပင် မာနထောင်လွှားခြင်း မရှိပေ။ ကာလ်ဝါရီတောင်ပေါ်၌ ဒုက္ခစရိယာ ကျင့်ခံရာတွင်လည်း သားတော်နှင့် အတူ ရှိခဲ့သည်သာမက နောက်ဆုံး ကားတိုင်ပေါ်မှာ ခရစ်တော်ဘုရား အသက်တော်စွန့်တော်မူသည်အထိ နှလုံးကြေကွဲခံကာ၊ သားတော်၏ ကယ်တင်ခြင်းလမ်းစဉ်ကို သည်းခံခြင်း ပါရမီဖြင့် ပံ့ပိုးပေးခဲ့ပေသည်။ လူသားတို့၏ အပြစ်ရင်းကြောင့် ပိတ်လျက်ရှိသော ကောင်းကင်တံခါးသည် သခင်ယေဇူး၏ အသေခံတော်မူခြင်းနှင့် မယ်တော်၏ အနစ်နာခံ၍ သည်းခံခြင်းဖြင့် ဖြည်းဆည်းပေးမှုကြောင့် ပြန်၍ ပွင့်လာခဲ့ပေသည်။ လူသားအားလုံး ကယ်တင်ခြင်းရရှိရန် ဘုရားသခင်၏ ရည်ရွယ်ချက်အား အကောင်အထည်ဖော်ရာ၌ စွမ်းစွမ်းတမံ ပါဝင်၍ လူသားများခံစားရမည့် ဒုက္ခဝေဒနာများအား ကျွန်ုပ်တို့သခင်၏ မယ်တော်သည် မိခင်မေတ္တာအပြည့်ဖြင့် မျှဝေခံစားသွားသည် မဟုတ်ပါလား။ မိခင်တိုင်း စံထားရမည့် မိခင်ကောင်းတစ်ဦးဟု ဆိုကလည်း ဆိုထိုက်လှပေသည်။

သို့ဖြစ်သောကြောင့် ခရစ်တော်ဘုရား ကားတိုင်ပေါ်မှာ အသက်တော်စွန့်တော် မမူမီ၊ မယ်တော်မာရီယားအား လူသားအားလုံး၏ မိခင်အဖြစ် အပ်နှင်းကာ ကျွန်ုပ်တို့ကို စောင့်ရှောက်စေခဲ့ပေသည်။

ကျွန်ုပ်တို့၏ ပူပန်ကြောင့်ကြမှုများ၊ အဆင်မပြေမှုများ၊ ၀မ်းနည်းစရာများကား အမေမာရီယား၏ ပူဆွေး နာကျင်မှုတို့နှင့် နှိုင်းစာပါက ဘာမျှမပြော ပလောက်တော့ပေ။ ထိုမျှမက ဤပူဆွေးမှုများကို အမေမာရီယားထံ ပူဇော်၍ တောင်းလျှောက် အကူအညီ တောင်းပါက ကျွန်ုပ်တို့၌ အမှန်တကယ် နှစ်သိမ့်ခြင်း ရရှိမည်သာ။ အဘယ်ကြောင့်ဆိုသော် မာရီယားသည် ကျွန်ုပ်တို့အား သူမ၏ သားသမီးများဟု လက်ခံသောကြောင့်တည်း။ သူမသည် ကျွန်ုပ်တို့၏ မိခင်ဖြစ်သည်သာမက ကျွန်ုပ်တို့၏ အတုယူဖွယ်ရာ ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ စံပြ ခရစ်ယာန်တစ်ဦးလည်း ဖြစ်ပေသည်။ သူမသည် သူတစ်ပါး၏ အခက်အခဲများ၊ ဒုက္ခများ တွေ့ကြုံရချိန်တွင်လည်း မျက်နှာမလွှဲဘဲ အမြဲတမ်း ရှေ့နေရှေ့ရပ်အဖြစ် ရပ်တည်ပေးပြီး သနားကြင်နာတတ်သော စိတ်နှလုံးရှိသည် ဖြစ်ရကား ကျွန်ုပ်တို့ အားလုံးအတွက် အားကိုးထိုက်သော မိခင်တစ်ဦး မဟုတ်ပါလော။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့၌ အဘယ်အရာ လိုပါသေးသနည်း။ အသက်ကြီးငယ် မရွေး၊ ဆင်းရဲချမ်းသာ မရွေးဘဲ လူသားအားလုံး အပေါ် တန်းတူထား၍ ဘုရားသခင် ချစ်သကဲ့ သို့ချစ်နေမည့်၊ စောင့်ရှောက် ကူညီနေမည့် အမေတစ်ယောက် ရှိနေ၍ အရာအားလုံး ပြည့်စုံနေပါပြီ။ ဤကဲ့သို့ လူသားတို့အပေါ် မိခင်စိတ်ဖြင့် စောင့်ရှောက် ချစ်ခင်နေသော်လည်း အချို့တို့ကား မသိနားမလည်ကြ၊ ဂရုမမူမိကြပဲ ရှိနေကြသေး၏။ အမေမာရီယား၏ ဆုတောင်းပေးခြင်းသည် ကျွန်ုပ်တို့ လူသားအချင်းချင်း အပြန်အလှန် ဆုတောင်းပေးခြင်းထက် ဘုရားသခင်၏ နားညောင်းတော်မူခြင်း ကျေးဇူးတော်ခံရမည်ကို ဘယ်သူမျှ မငြင်းနိုင်ပါ။

ထို့အပြင် အမေမာရီယားထံ ချဉ်းကပ်၍ တောင်းလျှောက်သောသူများကို ပစ်ထားသည်ဟူ၍ မရှိကြောင်းကို ရရှိလာသော ကျေးဇူးတော်များအားဖြင့် သိရှိနိုင်ပေသည်။ ထို့ကြောင့် လူသားများအားလုံးတို့၏ မိခင်ဖြစ်သော မယ်တော်မာရီယားထံသို့ ပို၍ တိုးဝင်ချဉ်းကပ် ခိုလှုံကာ ဆုတောင်းခြင်းဖြင့် ၀ိညာဉ်နှင့်ကာယ နှစ်ဖြာသောကျေးဇူးများ ဘုရားရှင်ထံမှ ရရှိကာ၊ အခက်အခဲများကို အောင်မြင်ကျော်လွှားကာ ရင်ဆိုင်နိုင်ဖို့ ခွန်အား ယူကြပါစို့။

မိုက်ကယ်ဝင်း



Read More...

Tuesday, August 10, 2010

ငြိမ်းချမ်းရေးဆုတောင်းသံ


ငြိမ်းချမ်းရေးဆုတောင်းသံ

ကမ္ဘာကြီး ငြိမ်းချမ်းသာယာရေးသည် လူတိုင်းမှာ တာဝန်ရှိသည်။ ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း ဆိုသည်မှာ၊ ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ပြီး ထာဝရဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းငြိမ်သက်ခြင်း မရှိသော၊ စစ်မက်ဖြစ်ပွားနေသော ဒေသများအတွက် စာနာစိတ်ထား၊ သဒ္ဓါတရားနှင့် လူသားအချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဖြင့် ၀ိုင်းဝန်း ကူညီပေး၍ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖြစ်သည်။

တရားမျှတခြင်းသည် ငြိမ်းချမ်းရေးအတွက် အရေးကြီးသောအခန်းမှ ပါဝင်သည်။ တရားမျှတခြင်းမရှိပါက ငြိမ်းချမ်းရေးလည်း ရှိမည် မဟုတ်ပေ။ နိုင်ငံအချင်းချင်း တရားမျှတစွာ ဆက်ဆံရေး၊ လူမျိုး အချင်းချင်းတရား မျှတစွာနေထိုင် အကျိုးပြုရေးတို့သည် ငြိမ်းချမ်းရေးကို ဖော်ဆောင်သော အကြောင်းအရင်းများ ဖြစ်သည်။

လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်ခွင့်ပြုခြင်း၊ လူ့အခွင့်အရေးတို့ကို ဘက်မလိုက်ဘဲ၊ တန်းတူညီမျှစွာ အခွင့်အရေးပေး လုပ်ဆောင်ခွင့်ပြုခြင်းတို့သည် ငြိမ်းချမ်းရေးအတွက် အလွန် အရေးပါလှပေသည်။ တစ်ယောက်နှင့်တစ်ယောက် ရိုင်းပင်းကူညီ၊ စာနာထောက်ထား ခွင့်လွှတ်တတ်ခြင်းတို့သည် မရှိမဖြစ် လိုအပ်သော မေတ္တာရား အခြေခံသော စိတ်ကောင်းများဖြစ်သည်။ ခွင့်လွှတ်ခြင်းမရှိက ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည် မဟုတ်ပေ။ ရာစုနှစ်ပေါင်းများစွာ ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည်စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ လူမျိုးပြုန်းသတ်ဖြစ်မှုများ၊ လိမ်လည်မှုများ၊ အဂတိလိုက်စားမှုများနှင့် နိုင်ငံရေးပြဿနာများကြောင့် သန်းပေါင်းများစွာသော ကျွန်တော်တို့၏ ညီအစ်ကိုမောင်နှမများ အသက်ဆုံးရှုံးခဲ့ရသည်။ တစ်ဦးတစ်ယောက်၏ အာဏာတည်တံ့ရေး၊ တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာရရှိရေးတို့အတွက်ကြောင့် များစွာသော အပြစ်မဲ့ ပြည်သူများ သွေးချောင်းစီး ခံခဲ့ရရှာသည်။

ထိုအဖြစ်အပျက်များကဲ့သို့ ကိုယ်ကျိုးအတွက်သာကြည့်ပြီး အများတကာ ကောင်းစားရေး အတွက် လျစ်လျူပြုမူပါက၊ ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့် ဆက်လက် အလှမ်းဝေးနေမည်။

ရာစုနှစ်များစွာ၏ အမွေအနှစ်သည် စစ်ပွဲ ရန်ပွဲများဖြစ်သည်။ တရားမျှတခြင်း မရှိ။ ဖိနှိပ်ချုပ်ချယ်ခြင်း ပြဿနာများကို မှန်ကန်သောနည်းလမ်းဖြင့် ဖြေရှင်းမည့်အစား လက်နက်ကိုင် မတရား ဖိနှိပ်ချုပ်ချယ်ခြင်းတို့သည် တစ်စတစ်စနှင့် ငြိမ်းချမ်းရေး အလင်းရောင် မှေးမှိန်ပြီး၊ စစ်ပွဲရန်ပွဲများသာ တောက်လောင်စေသည်။ စစ်ပွဲ၊ ရန်ပွဲနှင့် ပြည့်နေသော ကမ္ဘာကြီးသည် လူသားတို့၏ စိတ်ပျက်စရာ၊ စိတ်ညစ်စရာ ကောင်းသောနေအိမ်ကြီး ဖြစ်လာသည်။

ထိုအကြောင်းများကြောင့် မိမိအတွင်း စိတ်နှလုံးငြိမ်းချမ်းခြင်းရှိမှသာ၊ ငြိမ်းချမ်းရေး မြတ်နိုးတတ်မှသာ လူသားအချင်းချင်း စာနာထောက်ထား လေးစားတတ်ပြီး လူ့ကျင့်သိက္ခာ ပါရမီများကို ဆည်းပူး၍ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်သူများ ဖြစ်လာပေလိမ့်မည်။ ကမ္ဘာကြီးကိုချစ်ပါ။ ကမ္ဘာကြီးကို လေးစားပါ။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါ။ တစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင်နေထိုင် စောင့်ရှောက်ခြင်းဖြင့် ကမ္ဘာငြိမ်းချမ်းရေးကို ဆောက်တည်နိုင်ပါလိမ့်မည်ဟု များစွာ မျှော်လင့်မိပါသည်။

မျိုးမျိုး(S.D.B)

Read More...

Thursday, August 5, 2010

ယုံကြည်ရာအချက်များကို နှီးနှောဖလှယ်ခြင်းသည် ဖြစ်နိုင်ပါသလား။

ယုံကြည်ရာအချက်များကို နှီးနှောဖလှယ်ခြင်းသည် ဖြစ်နိုင်ပါသလား။

အခြားဘာသာတွေနဲ့ တွေ့ဆုံနှီးနှောတဲ့အခါမှာ မိမိတို့ဘာသာရဲ့ ကိုယ်ပိုင်ဝိသေသတွေကို ဆက်လက်ပြီး ထိန်းသိမ်းထားဖို့ ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့လို့ အယူဝါဒပိုင်း (doctorines)နဲ့ ယုံကြည်ရာအချက်များ (beliefs)ကို ဆွေးနွေးဖလှယ်ခြင်း (Dialogue of Discourse)ဆိုတာကိုတော့ သံသယတွေ အခုလိုရှိနိုင်တယ်။ ယုံကြည်ရာ အယူဝါဒများ ဖလှယ်ခြင်း (theological exchange) ဆိုတာက တကယ်ပြုလုပ် နိုင်ပါမလား။ ဒီလိုအဆင့်ထိ မလုပ်ဘဲ တခြားနည်းလမ်းတွေနဲ့ပဲ နှီးနှောဆက်သွယ်ကြရင် ပိုမကောင်းဘူးလား။ ဒီမေးခွန်းတွေအတွက် အဖြေဘယ်လိုပေးနိုင်မလဲဆိုတာကို လေ့လာကြရအောင်။

သူ့ဘာသာ မှန်တယ်၊ ငါ့ဘာသာ မှန်တယ်ဆိုပြီး အငြင်းအခုံတွေ ဖြစ်လာနိုင်ပါတယ်။ ဘာသာတရားရဲ့ ယုံကြည်ရာအချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ဖလှယ်ကြပြီ ဆိုတာနဲ့ ဘာသာရေး အငြင်းပွားမှုတွေ ဖြစ်လာဖို့က သေချာနေတဲ့အတွက် တချို့က ဒီလိုမျိုး ဆွေးနွေးရမှာကို သဘောမတူကြဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဘာသာရဲ့ ယုံကြည်ချက်တွေကို ကာကွယ်ပြီး ပြောလိုတဲ့သဘော၊ ကိုယ့်ဘာသာ မှန်တယ်ဆိုတာကို သက်သေပြလိုတဲ့ သဘောတွေရှိကြတာပါပဲ။

တချို့ဆိုရင် မိမိဘာသာရဲ့ ယုံကြည်ချက်တွေက တစ်ခြားဘာသာတွေထက် ပိုပြီး မြင့်မြတ်တယ်လို့တောင် ပြောတတ်ကြတယ်။ သူများဘာသာထဲမှာ အမှားအယွင်း၊ ချွတ်ယွင်းချက်တွေကို မရမက ရှာဖွေတွေ့နိုင်အောင် ကြိုးစားကြတယ်။ ဒီလို အပြောခံရတယ် ဆိုရင် တစ်ဖက်ကလည်း အသာတကြည်နဲ့ ခေါင်းငုံ့ခံပြီး တုန့်ပြန်မှာတော့ မဟုက်ပါဘူး။ ပေါက်ကွဲမှုတွေ၊ ငြင်းခုံမှုတွေ ပြင်းထန်လာမှာပဲ၊ သဘောတူညီမှုဆိုတာတော့ ဘယ်လိုမှ မရနိုင်ဘူး။ အကျိုးတစ်စုံတစ်ရာ မရှိတဲ့အပြင်၊ ခါးသီးမှုတွေပဲ ကျန်ရစ်မှာဖြစ်တယ်။ ဒါကြောင့်လည်းပဲ ဒီလိုအယူဝါဒတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်း မပြုလုပ်တာ ပိုကောင်းလိမ့်မယ်လို့ ထင်ရဖွယ်ပါတယ်။

ဖော်ပြပါ အခက်အခဲတွေရှိတာကတော့
အမှန်ပဲ။ ဒါပေမဲ့ ဒီလိုပြဿနာမျိုးတွေ ဖြစ်မလာရအောင်လို့ ရှောင်ရှားနိုင်တဲ့နည်းလမ်း အဖြေတွေလည်း ရှိပါတယ်။ အယူဝါဒတွေကို ဆွေးနွေးဖလှယ်တယ်ဆိုတာ၊ ဘယ်ဘာသာက အနိုင်ရမလဲဆိုတာကို ယှဉ်ပြိုင်တဲ့ စကားရည်လုပွဲ မဟုက်ပါဘူး။ သူများ ဘာသာကို မှားတယ်။ နိမ့်ကျတယ်ဆိုပြီး သက်သေပြလိုခြင်းက နှီးနှောဖလှယ်လိုသူ တစ်ဦးရှိသင့်တဲ့ စိတ်ထားမျိုး မဟုတ်ဘူး။ ဘာသာရေး အငြင်းအခုံတွေဖြစ်အောင် ဖန်တီးလိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့သဘောနဲ့ နှီးနှောဖလှယ်လိုသူဟာ သူများ ရှင်းပြတာတွေကို နားထောင်လိုတယ်၊ နားလည်သဘောပေါက်လိုစေတဲ့ မျှော်လင့်ချက် ရှိတယ်။ တစ်ခု သတိပြုရမှာက တစ်ဖက် လူပြောတာတွေကို နားလည်သဘောပေါက်တယ် ဆိုတာ သူပြောတာတွေကို လက်ခံရမယ်၊ သဘောတူရမယ်လို့ မဆိုလိုပါဘူး။

ယုံကြည် ကိုးကွယ်မှု မတူညီကြတဲ့ အုပ်စုနှစ်ဖွဲ့ဟာ စတွေ့တွေ့ချင်းပဲ ယုံကြည်ရာအချက်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခြင်း မပြုလုပ်သင့်ဘူး။ ဒါက လူရဲ့ စိတ်သဘာဝကြောင့် ဖြစ်တယ်။ ဘာနဲ့ပဲ အစပြုသင့်သလဲ ဆိုရင် Dialogue of life မိမိတို့ဘ၀နဲ့ အရင် သက်သေခံမယ်။ လူမှုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်း လက်တွဲပြီး အရင်လုပ်ကြရမယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီး သိကျွမ်းလာကြပြီး၊ ယုံကြည် စိတ်ချမှုတွေ တိုးပွားလာပြီဆိုတဲ့အခါ၊ မိမိဘာသာအကြောင်း ပိုင်ပိုင်နိုင်နိုင်၊ ကျွမ်းကျွမ်းကျင်ကျင် လေ့လာတတ်မြောက်ပြီးပြီ ရှိတဲ့အခါကျမှသာလျှင်၊ သူ့ဘာသာနဲ့ ကိုယ့်ဘာသာ ဘယ်သွန်သင်ချက်၊ ဘယ်ယုံကြည်ချက်တွေမှာ ကွာခြားမှုတွေ ရှိနေသလဲဆိုတာကို ဆွေးနွေးကြဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

ဘုန်းတော်ကြီးရစ်ချက်လှမင်းဦး

Read More...

Wednesday, August 4, 2010

သာသနာ (၃) ခုမှ ရဟန်းတော်များစုပေါင်း နှစ်ပတ်လည်ဝတ်စောင့်ခြင်း


သာသနာ (၃) ခုမှ ရဟန်းတော်များစုပေါင်း နှစ်ပတ်လည်ဝတ်စောင့်ခြင်း




ရေနက်ရာ

Read More...

Tuesday, August 3, 2010

စိတ်ဒုက္ခမှ --- စိတ်သုခသို့


စိတ်ဒုက္ခမှ --- စိတ်သုခသို့


ကျွန်တော်တို့ ရွာထိပ်တွင် အသက် (၅၀)၀န်းကျင်ရှိ ဦးဒေါမနစ်ဆိုသော လူပျိုကြီးတစ်ယောက် ရှိလေ၏။ သူနှင့် ကျွန်တော်တို့သည် အလွန်ရင်းနှီး၍ ကျွန်တော်တို့၏ဆရာဟုဆိုလျှင်လည်း မမှားပေ။ "လုပ်ချင် စိတ်ရှိတဲ့အခါမျိုးမှာ မလုပ်နိုင်ပါဘူးဆိုတဲ့ အလုပ် မရှိဘူးကွဲ့၊ လူမှာစိတ်က အရေးကြီးဆုံးပဲ။ စိတ်ထားတတ်ရင် ကုသိုလ်လည်း ရတယ်၊ ဘ၀ကလည်း နေပျော်တယ်" ဟူ၍ ကျွန်တော်တို့ကို လောကဒဿနတွေကိုလည်း များစွာ သင်ကြားပေးလေ၏။ လသာသော ညများတွင်၊ သူ၏ အိမ်ရှေ့ ကွပ်ပျစ်၌ ရွာတွင်းရှိလူငယ်များ စုရုံး ရောက်ရှိ လာကြသည်။ ထိုအခါ ဆရာဒေါမနစ်က ရေနွေးကြမ်း၊ ထန်းလျက်၊ ပဲလှော်တို့ဖြင့် ဧည့်ခံကာ သူ၏ အတွေ့အကြုံများကို ပြောပြ တတ်လေ၏။


"စိတ်ထားတတ်ဖို့အတွက် အတွေ့အကြုံလေးတစ်ခု ဦးလေးပြောပြမယ်။ ဦးလေးငယ်ငယ်က ပေါ့ကွာ၊ ဦးလေးတို့ ရွာထိပ်မှာ ဘိုးဘွားရိပ်သာတစ်ခု ရှိတယ်။ တစ်နေ့ ရွာလူကြီးတွေက ဘိုးဘွားရိပ်သာမှာ မြက်သွားရှင်းမယ်။ တစ်အိမ် တစ်ယောက် မလာမနေရတဲ့။ ဦးလေး တော်တော်စိတ် ပျက်သွားတယ်။ အိမ်မှာကလည်း လူငယ်ဆိုလို့ ဦးလေးပဲရှိတယ်။ အဲဒီနေ့ကလည်း ဟိုဘက်ရွာနဲ့ ဘောလုံးကန်ဖို့ ချိန်းထားတာ၊ မြက်ရှင်းဖို့ကလည်း မသွားလို့ မရဘူး။ ဦးလေးလည်း စိတ်စိတ်ပျက်ပျက်နဲ့ သွားပြီး၊ မြက်ရှင်းတော့လည်း စိတ်မပါဘဲနဲ့ ရှင်းတာပေါ့ကွာ။ ဦးလေး ဘေးက မြက်ရှင်းတဲ့ လူတွေကလည်း ပွစိပွိစိနဲ့ အလုပ်ပျက်တယ် ဘာညာပေါ့ကွာ၊ သူတို့ကိုကြည့်ပြီး ဦးလေးတစ်ခု စဉ်းစားမိတယ်။ လက်ရှိ အနေအထားအရ ဦးလေးဟာ မြက်ရှင်းရမဲ့ နေရာကိုလည်း ရောက်နေပြီ။ မရှင်းလို့လည်း မရဘူး။ ဘောလုံးလည်း သွားကန်လို့ မရတော့ဘူး။ အနေအထားက ထွက်ပေါက် မရှိတော့ဘူး။ အဲဒီတော့ ဦးလေးစိတ်ကို ပြောင်းထား ကြည့်လိုက်တယ်။ ဘယ်လို ပြောင်းလိုက်လဲဆိုတော့၊ ငါ ခုမြက်ရှင်းတာဟာ ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုး၊ အဘွားတွေ လမ်းလျှောက်ထွက်လာတဲ့အခါ ခလုတ်မထိ၊ ဆူးမငြိဖို့၊ မြွေပါး၊ ကင်းပါး အန္တရယ်ကင်းဖို့အတွက် ငါမြက်ရှင်း ရမှာပါလား၊ ဒါဟာ ဘုရားသခင်နှစ်သက်တဲ့ မြင့်မြတ်တဲ့ အလုပ်တစ်ခုပဲ။ ဒီလို လုပ်ခွင့်ရတာဟာ ငါကံကောင်းတာပဲ ဆိုပြီး စိတ်ကို ပြောင်းပစ်လိုက်တယ်၊ အဲဒီလို စိတ်ပြောင်း လိုက်တဲ့ အချိန်ကစပြီး မြက်ရှင်းလို့ ကောင်းမှကောင်းပဲ။ စိတ်ထဲ ပေါ့ပါးသွားပြီး မောလို့မောမှန်းတောင် မသိဘူး၊ စိတ်မပါဘဲ ရှင်းနေကြတဲ့ ဘေးက လူတွေကို ကြည့်လိုက်တော့ တော်တော်မောနေတာ တွေ့ရတယ်။ နောက်နေ့မနက် ဘိုးဘွားရိပ်သာဘက် ဦးလေးရောက်တော့ အဘိုး၊ အဘွားတွေက ဦးလေးတို့ ရှင်းခဲ့တဲ့နေရာမှာ လမ်းလျှောက်ရင်း ပုတီးစိတ်သူက စိတ်ပြီး၊ တရားမှတ်သူက မှတ်နေကြတယ်။ ဦးလေး စိတ်ထဲက ပီတိတွေဖော်ပြလို့တောင် မရဘူး။ မင်းတို့လည်း ကြုံးဖူးကြမှာပါ။ လူဆိုတာ ထွက်ပေါက်တွေ ရှာတတ်တာပဲ၊ မတွေ့တဲ့ အဆုံး စိတ်ထားကိုပြောင်းလဲပစ်နိုင်မှ အဆင်ပြေမယ်။ ဖြစ်သင့်တာကတော့ မြက်ရှင်းဖို့ လာပြောကတည်းက ဦးလေးစိတ်ဟာ ပြောင်းလဲပြီးသား ဖြစ်ရမှာ။ ကဲ..ကဲ ရေနွေးတွေ ထန်းလျက်တွေ စားသောက်ကြအုံးလေကွာ"

ကျွန်တော်တို့အဖွဲ့လည်း ထန်းလျက်၊ ပဲလှော်များကိုစားရင်း ရေနွေးကြမ်း သောက်ကြလေ၏။ ထိုစဉ် ကျွန်တော်တို့အဖွဲ့တွင် အသက်အကြီးဆုံး အစ်ကိုကြီးမှ "ဦးလေးကို တစ်ခုထပ်မေးရဦးမယ်။ လောကမှာ ဒုက္ခတွေကို ပြုံးပြနိုင်ဖို့ ဘာတွေ လိုအပ်မလဲဗျာ" ဆရာဦးဒေါမနစ်သည် ထန်းလျက်တစ်ခဲကို ကိုက်လျက်---

" သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ငါ့တူပြောသလို ဒုက္ခတွေကို ပြုံးပြနိုင်ဖို့ အလွန်အရေးကြီးတယ်၊ အချက် သုံးချက် ရှိတယ်။

(၁) မိမိဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်တယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ရမယ်။
(၂) ဘုရားသခင်က အရာရာကို လုပ်ဆောင်ပေးနိုင်တယ် ဆိုတာ ယုံကြည်ရမယ်။
(၃) ဖြစ်နေတဲ့ ဖြစ်ရပ်တွေအတွက် ဘုရားသခင်ဆီမှာ ကောင်းသော အကြောင်းအရာ တစ်ခုခုရှိနေတယ်ဆိုတာ ယုံကြည်ရမယ်။

အဲ့ဒီသုံးချက်ကို နှလုံးသားထဲထည့်နိုင်ခဲ့ရင် ဒုက္ခတွေကို ပြုံးပြ ယုံတင်မဟုတ်ဘူး ဟားတိုက်တိုက် ပစ်နိုင်လိမ့်မယ်။ ဦးလေးလည်း ဒုက္ခအကြီးအကျယ် ရောက်ဖူးတယ်၊ ဦးလေး ပြန်စစ်ကြည့်တယ် ငါတကယ်ပဲ ဒုက္ခရောက်နေပြီလား၊ ငါဟာ ဘုရားသခင်ရဲ့သားသမီး ဖြစ်တယ်၊ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဒုက္ခရောက်စေချင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းတို့ စဉ်းစားကြည့်လေ ဘုရားသခင်က အရာရာကိုဖန်ဆင်းပြီး ပြောင်းလဲပစ်နိုင်တယ်။ ကြုံတွေရတဲ့ ဒုက္ခတွေ ချက်ချင်းပျောက်စေဆိုရင် ဒုက္ခတွေ အားလုံးငြိမ်းအေးသွားမှာပဲ။ ဒါပေမယ့် ဘာကြောင့် ဒုက္ခတွေ ဆက်ဖြစ်ရတာလဲ။ ဘုရားသခင်ဆီမှာ အကြောင်းအရာ တစ်ခုတော့ရှိရမယ်။ အချိန်နည်းနည်းလေး စောင့်ကြည့်လိုက်၊ ဘုရားသခင်ဆီမှာ ဘယ်လို အကြောင်းအရာတွေရှိလဲဆိုတာ ပေါ်လာလိမ့်မယ်။ ဘုရားသခင်ကိုတော့ အပြစ်တင် မစောမိစေနဲ့။ တစ်ချို့ မိဘတွေ သားသမီးတွေ အမှားလုပ်လို့ ဒုက္ခဖြစ်ရင် ချက်ချင်း ဖြေရှင်းပေးကြတယ်။ သားသမီးတွေက နောက်တစ်ခါ အမှားလုပ်ဖို့ ၀န်မလေးတော့ဘူး။ ဦးလေးကတော့ ဒုက္ခကို အဲဒီယုံကြည်ခြင်းများနဲ့ ရယ်မော ပစ်နိုင်ခဲ့တယ်" "ဦးလေးစကားတွေက အရမ်းတန်ဖိုး ရှိတာပဲ။ နောက်တော့ ဦးလေးအတွေ့အကြုံတွေကိုလည်း ထပ်ပြောပြဦးနော်" ဆရာဦးဒေါမနစ်သည် ရေနွေးတစ်ခွက်ကိုမော့ သောက်လိုက်၍ "ပြောပြရမှာပေါ့ ငါ့တူ တို့ရယ် ခုတော့- အချိန်လင့်နေပြီ နောက်တစ်ပတ်မှာ ဦးလေးတွေ့ဖူးတဲ့ ငါးမိနစ်ဆိုတဲ့ လူတစ်ယောက်အကြောင်း ပြောပြမယ်" ထို့နောက် ကျွန်တော်တို့သည် ဆရာဦးဒေါမနစ်အား နှုတ်ဆက်၍ ပြန်မည်အပြုတွင် "ငါ့တူ တို့ကိုပြောဖို့ တစ်ခုကျန်ခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်အားကိုးတာတော့ အားကိုးတာပေါ့ ဒါပေမယ့် ဘုရားသခင်က ငါတို့ကို ဝေဖန် ဆန်းစစ်နိုင်တဲ့၊ ဆုံးဖြတ်ဖြေရှင်းနိုင်တဲ့ ဥာဏ်အလင်းကျေးဇူးနဲ့ စွမ်းအားတွေပေးထားတယ် ဆိုတာလည်း မမေ့ကြနဲ့နော်" ကျွန်တော်တို့ အားလုံး ဆရာဦးဒေါမနစ်အားကြည့်၍ ပြိုင်တူခေါင်းညိတ် လိုက်ကြလေသည်။

စန်းယုပိုင် (ဟသာၤတ)

Read More...