Saturday, July 17, 2010

စိန်အန်ထော်နီ


စိန်အန်ထော်နီ


(ယခင်လမှအဆက်)

မယ်တော့်ကိုအထူးသဒ္ဓါကြည်ညိုသူ
စိန်အန်ထော်နီကို အထူးသဒ္ဓါ ကြည်ညိုသူတွေ အတုယူအားကျရမယ့် အချက်ကတော့ စိန်အန်ထော်နီဟာ မယ်တော့်ကို အထူး မြတ်နိုးပြီး ယုံကြည်ကိုးစားသူဆိုတာပဲ ဖြစ်ပါတယ်။ စိန်အန်ထော်နီရဲ့ မိခင်ဟာ သားရတနာလေး လိုချင်လွန်းလို့ အမိမယ်တော်ထံ ကိုးစားခဲ့ပါတယ်၊ သူမ ကိုးစားတဲ့အတိုင်းပဲ သားလေးစိန်အန်ထော်နီကို၊ မယ်တော်ကောင်းကင်ဘုံတက်တဲ့ပွဲနေ့မှာပဲ မွေးဖွားခဲ့ပါတယ်။ သူမဟာ စိန်အန်ထော်နီလေး ပုခက်ထဲရှိစဉ်ကတည်းက နှုတ်ကနေ စကားတတ်အောင် ပထမဦးဆုံး သင်ကြားပေးတဲ့ စကားလေးနှစ်လုံးကတော့ ယေဇူးနဲ့မာရီယားပဲ ဖြစ်ပါတယ်။ စိန်အန်ထော်နီဟာ လမ်းလျှောက်တတ်တယ်ဆိုရင်ပဲ မယ်တော်ရဲ့
ဆင်းတုတော်ခြေရင်းကိုသွား၊ သွားနေတတ်ပါတယ်။

စိန်အန်ထော်နီတို့ အိမ်ဘေးမှာရှိတဲ့ ဘုရားကျောင်းဟာလည်း မယ်တော့်ကိုအပ်နှံထားတဲ့ ဘုရားကျောင်းပဲဖြစ်ပါတယ်။ ဖာဒီနန် (စိန်အန်ထော်နီရဲ့ ဆေးကြောခြင်း နာမည်) ၅-နှစ်လောက်မှာ သူ့မိဘနှစ်ပါးရှေ့၊ ဘုရားကျောင်းထဲမှာ သူဟာ တစ်သက်ပတ်လုံး သန့်ရှင်းဖြူစင်စွာ နေထိုင်သွားပါမယ်လို့ ဘုရားကိုတိုင်တည်ပြီး သစ္စာပြုခဲ့တယ်။ စိန်အန်ထော်နီဟာ သူ့မိခင် သင်ပေးတဲ့ "ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူသော ကောင်းကင်ဘုံ၏ ဘုရင်မ"ဆိုတဲ့ ဓမ္မသီချင်းကို မယ်တော့်ဆင်းတု ရှေ့ဒူးထောက်၊ ဒူးထောက်ပြီးဆိုလေ့ရှိတာကို မကြာ၊ မကြာ ဆိုသလို တွေ့ရတတ်ပါတယ်။ အဲ့ဒီလို ငယ်ငယ်ကတည်းက နှုတ်ကနေ အမြဲ ရွတ်ဆိုနေတဲ့ ဒီဓမ္မသီချင်းကို ကြီးလာတဲ့အထိ နှုတ်ကနေ မချတမ်း၊ နေ့ရောညပါ ဆိုနေလေ့ရှိပါတယ်။ ဒီဓမ္မသီချင်းနဲ့ပဲ ဘ၀ရဲ့ မုန်တိုင်းအလီလီကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူသာသနာပြုလုပ်ငန်း အောင်မြင်နေရတာလည်း ဒီဓမ္မသီချင်းလေးကြောင့် ဆိုတာ လုံးဝ ဥဿုံသူယုံကြည်တယ်။ သူ မပျံလွန်ခင် နောက်ဆုံးထွက်သက်မှာ ရွတ်ဆိုခဲ့တဲ့ ဓမ္မသီချင်းလေးဟာလည်း ဒီ မယ်တော့်ဓမ္မသီချင်းလေးပါပဲ၊ သူဟောပြောခဲ့သမျှ သြ၀ါဒတွေထဲမှာလည်း မယ်တော့်အကြောင်းပါတဲ့ သြ၀ါဒတွေဟာ အပြောင်မြောက်ဆုံး သြ၀ါဒတွေ ဖြစ်နေလေ့ရှိတယ်။ သူ့ရဲ့ မယ်တော့်အပေါ် အထူးသဒ္ဓါ ကြည်ညိုမှုတွေကတော့ စံတင်လောက်ပါတယ်။

မယ်တော်ကောင်းကင်ဘုံတက်တဲ့ပွဲနေ့မှာ မွေးဖွားခဲ့သူ ပီပီ၊ မယ်တော့်ရဲ့ ဘ၀ဖြစ်စဉ်တွေ ပါဝင်နေတဲ့ စိတ်ပုတီးရဲ့ နက်နဲရာအချက်တွေကို ကမ္မဌာန်းတော်ရှုရတာ အင်မတန်မှ အရသာတွေ့လေ့ ရှိပါတယ်။ အထူးသဖြင့် မယ်တော်ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းနဲ့ ပတ်သက်ပြီး လက်မခံနိုင်သူ၊ မယုံကြည်သူတွေရှိရင် သူဝမ်းနည်းပူဆွေး တတ်ပါတယ်။

တစ်နေ့ ပြင်သစ်ပြည်မှာ တရားဒေသနာ ဟောကြားနေတုန်း မယ်တော်ရဲ့ အံ့ဖွယ်ရူပါရုံကို စိန်အန်ထော်နီ မြင်တွေ့ခဲ့ရတယ်။ စိန်အန်ထော်နီဟာ မယ်တော် ကောင်းကင်ဘုံ ပင့်ဆောင်ခံရတဲ့ပွဲနေ့ အကြို ညနေတိုင်း မိမိရဲ့ ကမ္မဌာန်း ကျောင်းဆောင်လေးထဲမှာ ဒီနက်နဲရာအချက်နဲ့ ပတ်သက်ပြီး အမြဲတမ်း ကမ္မဌာန်းတော်ရှုလေ့ရှိတယ်။ မယ်တော်ဟာ အသက်နဲ့ခန္ဓာကိုယ်ပါ ပူးတွဲပြီး ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံခဲ့ရတဲ့ အကြောင်း၊ ကောင်းကင်ဘုံမှာ ဘုရားရဲ့ သားတော် ယေဇူးနဲ့အတူ စံစားလျက်ရှိနေကြောင်း စသဖြင့် ကမ္မဌာန်း ထောက်ရှုလေ့ရှိပါတယ်။

အဲဒီလို ထောက်ရှုနေစဉ် အတွင်းမှာပဲ၊ မယ်တော်ဟာ ကောင်းကင်ဘုံရဲ့ ဘုရင်မအသွင်နဲ့ လှပစွာ ရောင်ခြည်တော်များဖွင့်လျက် စိန်အန်ထော်နီကို ထင်ရှားပြတော်မူ ခဲ့ပါတယ်။ ပြီးတော့ မယ်တော်ဟာ အသက်နဲ့ခန္ဓာပါ အတူတကွ ပူးတွဲပြီး ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံခဲ့ရတာဟာ အမှန်ပဲဖြစ်ကြောင်း ယုံကြည်ရာအချက်နဲ့ ပတ်သက်ပြီး ရဲဝံ့စွာ တရားဒေသနာ ဟောကြားစေလို တော်မူကြောင်း စိန်အန်ထော်နီကို မယ်တော်ဟာ မိန့်ကြား တော်မူခဲ့ပါတယ်။

ဆင်းရဲသားများကို မြတ်နိုးသူ
စိန်အန်ထော်နီဟာ ဆင်းရဲသားတွေကို ချစ်ခင်တဲ့သူတစ်ဦးပါ၊၊ သူ့ရဲ့ သာသနာပြု ဘ၀တစ်လျှောက်လုံး အမြဲပဲ လိုအပ်မှုလေးတွေဟာ ကုန် မကုန်နိုင်လောက်အောင် နေ့စဉ် ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုချို့တဲ့ လိုအပ်ချက်တွေထဲမှာ ဘုရားကို ချစ်ရမယ့် သတ္တိတော့ မပါဘူး။

ပြင်သစ်ပြည် ရီဗ်ရသေ့ကျောင်းမှာ အန်ထော်နီ တရားကျင့်နေတုန်းက ထူးဆန်းအံ့ဖွယ် အဖြစ်အပျက်ကလေးတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ တစ်ရက်မှာတော့ ထမင်းချက် တာဝန်ကျတဲ့ ရသေ့လေးဟာ၊ ရသေ့တွေကို ကျွေးဖို့ ဘာမျှမရှိတာနဲ့ အခက်အခဲကြုံ တွေ့ခဲ့ရသတဲ့၊ အဲဒီလို ဖြစ်ရတာ အန်ထော်နီကြောင့်လို့ စွပ်စွဲပြောခဲ့တယ်။

ဒါနဲ့ စိန်အန်ထော်နီလည်း အမျိုးသမီးကြီးတစ်ဦးကို ကျောင်းက ရသေ့တွေအတွက် စားစရာ တစ်ခုခုလာပေးပါလို့ မှာလိုက်တယ်။ ဒီအချိန်မှာ ရာသီဥတုက ဖောက်ပြန်နေတော့ မိုးဟာ အဆက်မပြတ်အောင်ကို ရွာနေတယ်။ အဲဒီ အမျိုးသမီးကြီးဟာ ရသေ့လေးတွေကို သနားသွားတာပေါ့၊ ဒါနဲ့ မိုးကို တောင်မှု့မနေအားဘဲ သူ့ရဲ့ ထမင်းချက်အမျိုးသမီးကို ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေ ခူးပို့လိုက်ဖို့ မှာလိုက်တယ်။ ထမင်းချက် အမျိုးသမီးဟာလည်း ရသေ့တွေ လိုအပ်မဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးပြီး ရသေ့ကျောင်းကို သွားပို့ခဲ့တယ်၊ ပို့ပြီးတာနဲ့ အိမ်ကို ပြန်လာတာပေါ့။ အဲဒီလို ဟင်းသီးဟင်းရွက်တွေကို ခူးနေတဲ့ အချိန်၊ သွားပို့တဲ့အချိန်၊ ပြန်လာတဲ့အချိန် တစ်လျှောက်လုံး မိုးက မရပ်မနား ရွာနေပေမယ့်လည်းပဲ ထမင်းချက် အမျိုးသမီးရဲ့ အ၀တ်ကို မိုးမရွှဲဘူး၊ ခြေထောက်လည်း ရွှံ့မပေဘူး။ အဲဒါကြောင့်လည်း ထမင်းချက်အမျိုးသမီးကြီးက သူ့သခင်မကို ပြောလိုက်တယ်။ "နောက်တစ်ခါ အဲ့ဒီဘုန်းဘုန်း အန်ထော်နီနဲ့ သူ့ရသေ့တွေအတွက်ဆို ကမ္ဘာ့မြောက်ဝန်ရိုးစွန်းထိပဲ သွားရသွားရ၊ ကျမအကျိုးဆောင် ပေးပါရစေ"လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူမက ဆက်ပြီး ပြောလိုက်ပါသေးတယ်၊ မိုးတွေ ဘယ်လောက်ပဲ သည်းနေပါစေ၊ ကျမ မကြောက်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒါတွေ အားလုံးဟာ ကျမကို အန္တရာယ်ပေးမှာမဟုတ်ဘူး ဆိုတာကို ကျမယုံကြည်နေလို့ပဲ။ အခုကျမရဲ့ အ၀တ်အစားတွေကို ကြည့်လေ၊ မိုးရွာထဲ ထီးမပါဘဲ ကျမသွားလာ လှုပ်ရှားနေတာတောင် ကျမ ခြေထောက်တွေနဲ့ ကျမရဲ့ အင်္ကျီဟာ ခြောက်သွေ့နေတာပဲ၊ မိုးတစ်ပေါက်လောက်တောင် မစိုဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီနေ့ကစပြီး ဒီအမျိုးသမီးကြီးဟာ စိန်အန်ထော်နီနဲ့ သူ့ရသေ့လေးတွေအတွက် နေ့စဉ် ဆွမ်းကပ်ဖို့ တကာအဖြစ် ခံယူခဲ့ပါတယ်။ သူရဲ့ တစ်ဦးတည်းသောသား ပီတာဟာလည်း ဆွေကြီး၊ မျိုးကြီးထဲက ဖြစ်ပေမဲ့ မိခင်စကားကို နားထောင်တတ်သူ ဖြစ်တော့၊ သူ့မိခင်က သားပီတာကိုမှာ ခဲ့ရှာပါတယ်၊ စိန်ဖရန်စစ်ရဲ့ နောက်လိုက် တပည့်တွေဖြစ်တဲ့ စိန်အန်ထော်နီတို့ အုပ်စုလေးကို အမြဲ ဂရုစိုက်ပါ၊ ပစ္စည်းဒါယိကာလေးပါး ကုသိုလ်ပြုပါ။ အဲဒီလို ကုသိုလ်ပြုသူကို ဘုရားသခင်က ပြန်ပေးလိမ့်မယ်ဆိုတာ ယုံကြည်ပါလို့ မှာခဲ့ပါတယ်။ သူမရဲ့သားဟာလည်း သူ့မိခင်မှာကြားတဲ့အတိုင်း ဆောင်ရွက်တဲ့အခါ အံ့ဖွယ် ကျေးဇူးများခံစားခဲ့ရပါတယ်။

(နောက်လဆက်ဖတ်ရန် )

ဘုန်းတော်ကြီး ဂျော့ခ်ျခင်မောင်ထွေး