Wednesday, June 16, 2010

စိန်အန်ထော်နီ

စိန်အန်ထော်နီ

(ယခင်လမှအဆက်)

စိန်အန်ထော်နီဟာ အဲဒီမြို့ကို ရောက်သွားတော့ တရားဟောဖို့လူတွေကို စုလိုက်တယ်။ အာဘောင်အာရင်းသန်သန်နဲ့ တရားဟောတယ်။ ပြီးနောက် မိမိအပြစ်များအတွက် ဒဏ်ဆပ်ဖြေဖို့အကြောင်း ဟောပြောပါလေရော။ အဲဒီလိုနောင်တရဖို့ အပြစ်ဒဏ်ဆပ်ဖို့လည်းဟောရော လူတွေဟာ စိန်အန်ထော်နီကို အပြတ်ဝိုင်းဟားကြတယ်။ စိန်အန်ထော်နီဟာ စိတ်မကောင်းစွာနဲ့ပဲ "သင်တို့မနာ ယူလိုတဲ့တရားကို ပင်လယ်ထဲက ငါးတွေကို သွားဟောမယ်"လို့ ဆိုပြီး ပင်လယ်ကိုထွက်ခဲ့သတဲ့။ ပင်လယ်ကမ်းစပ် နားရောက်တော့ ငါးတွေကို တရားလာနာကြပါလို့ ခေါ်လိုက်ပါတယ်။ ပင်လယ်ထဲက ငါးတွေဟာလည်း ရေထဲကနေ ကမ်းစပ်ကိုတက်လာပြီး သူ့အုပ်စုလိုက်၊ သူ့အရွယ်လိုက် အုပ်စုဖွဲ့ပြီး စိန်အန်ထော်နီရဲ့တရားကို လာရောက်နာယူကြပါတယ်

ထုံးစံအတိုင်းတော့ စိန်အန်ထော်နီဟာ သမ္မာကျမ်းစာကို အခြေခံပြီး လူတွေကိုတရား ဟောလေ့ရှိပါတယ်။ အထူးသဖြင့်တော့ တရားနာပရိသတ်ကို ဘုရားရှင်ဟာ သတ္တ၀ါတိုင်းကို ချစ်တော်မူကြောင်း၊ သူတို့ အပေါ်မှာလည်း ကောင်းမြတ်တော်မူကြောင်း စသဖြင့် ဟောလေ့ရှိပါတယ်။ ငါးတွေ အသက်ရှင်ဖို့အတွက် ရေပေးထားတယ်။ ဒီရေတွေဟာ ကြည်လင်သန့်ရှင်းနေတဲ့အတွက် ငါးသတ္တ၀ါတွေဟာလည်း ရေထဲမှာတင် အစာရှာဖွေ စားသောက်နိုင်ကြတယ်။

ကုန်းပေါ်က သတ္တ၀ါတွေကိုလည်း ကိုယ်တော်ရှင်ဟာ သူ့နည်းသူ့ဟန်နဲ့ အသက်ရှင်စေခဲ့တယ်။ သူဖန်ဆင်းတဲ့ သတ္တ၀ါတွေကိုလည်း အချိန်အခါအလိုက် အသုံးပြုခဲ့တယ်ဆိုတဲ့ အကြောင်း ဟောပြောခဲ့တယ်။ အထူးသဖြင့် ငါးသတ္တ၀ါတွေနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့အသုံးတော်ခံ တွေဟာ အင်မတန် အားကျစရာကောင်းတဲ့ အကြောင်း ထောက်ပြခဲ့ပါတယ်။


ဓမ္မဟောင်းခေတ်ကာလမှာ ပရောဖက်ယောနကို ငါးသတ္တ၀ါကြီးက ၀မ်းတွင်းမျိုပြီး ဘုရားရှင်ညွှန်ကြားရာ ကုန်းပေါ်မှာ ပြန်ထွေးအန် ပေးခဲ့ပါတယ်။ အဲဒီနေရာမှာ နောင်တနဲ့ ဆိုင်တဲ့တရားတွေကို ပရောဖက်ယောန ဟောကြားခဲ့ပါတယ်။

ဓမ္မသစ်ကာလမှာ ခရစ်တော်နဲ့ တပည့်တော်ကြီးတွေအတွက် ကျသင့်အခွန်ငွေတွေကို ငါးသတ္တ၀ါကပဲ မိမိဝမ်းတွင်းကပင် ထွေးအန်ပြီး ပေးခဲ့ပါတယ်။ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ပြီး တပည့်တော်ကြီးတွေကို သုံးကြိမ်မြောက် ထင်ရှားပြခဲ့တဲ့အခါမှာလည်း ခရစ်တော် ဘုရားသည် မိမိဟာသေခြင်းကနေ ရှင်ပြန်ခဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာကို သက်သေ ပြဖို့အတွက် ငါးတွေကို ကင်ထားခဲ့ပါတယ်။


အဲဒီ ဥပမာတွေနဲ့ ငါးသတ္တ၀ါတွေကို ဘုရားရှင်ချစ်တော်မူကြောင်း၊ ဘုရားရှင် အသုံးချတော်မူကြောင်း စသဖြင့် ငါးသတ္တ၀ါတွေကို ဟောကြားတော်မူခဲ့ပါတယ်။ ငါးသတ္တ၀ါတွေ အားလုံး အကြီး ကစ အငယ်အထိ အန်ထော်နီကို ဦးညွှတ် အလေးပြုတဲ့အခါ အန်ထော်နီက ကောင်းချီးပေးတော်မူခဲ့ပါတယ်။

အပြစ်သည်များကို အကျင့်ပြောင်းလဲ စေသူ
"လေအိုနာဒို"လို့ အမည်ရတဲ့ ပါဒူအားမြို့သား လူငယ်လေးတစ်ဦးဟာ တစ်နေ့မှာ စိန်အန်ထော်နီထံလာပြီး အာပတ်ဖြေသတဲ့။ သူဟာ ဒေါသကြီးပြီး မထိန်းနိုင်လို့ သူ့မိခင်ကို ခြေထောက်နဲ့တအား ပစ်ဆောင့်ကန်လိုက်တဲ့အတွက် မိခင်ကြီးဟာ မြေပေါ်မှာ မှောက်လျက်သား လဲကျသွားပါသတဲ့။ အဲဒီအခါ စိန်အန်ထော်နီဟာ သူ့ကိုဆုံးမပြီး မိခင်ကို ကန်မိတဲ့ ခြေထောက်ဟာ ဖြတ်ပစ်ဖို့ ကောင်းတယ်လို့ ပြောလိုက်မိတယ်။ လေအိုနာဒိုကလည်း အိမ်ပြန်ရောက်တာနဲ့သူ့ခြေ ထောက်ကို ဖြတ်ပစ်လိုက်သတဲ့။

အဲဒီ ထိန့်လန့်စရာကောင်းတဲ့ သတင်းဟာ တမဟုတ်ခြင်းပဲ မြို့ထဲအထိ ပျံ့နှံ့သွားပါလေရော။ ရက်စက်တဲ့ အပြစ်ဒဏ်ပါလားလို့လည်း လူတွေက ကောက်ချက်ချခဲ့ကြတယ်။ နောက်ဆုံးတော့ အဲဒီ သတင်းဟာ စိန်အန်ထော်နီနားထံသို့ ရောက်သွားတာပေါ့။ စိန်အန်ထော်နီဟာ ဒီသတင်းကိုကြားတယ်ဆိုရင်ပဲ ချက်ခြင်း အဲဒီလူငယ်ဆီ အပြေးသွားရောက်ခဲ့တယ်။ သူကြားတဲ့အတိုင်း ဒီလူငယ်ဟာ ခြေထောက်ပြတ်ကြီးနဲ့။ ဒါနဲ့ပဲ စိန်အန်ထော်နီဟာ ဖြတ်ထားတဲ့ ခြေထောက်ကို သူ့နေရာရင်းမှာ ပြန်တပ်လိုက်တယ်။ ပြီးတော့ အဲဒီခြေထောက်တွေပေါ် ခရစ္စတူးအမှတ်သားပြီး ဆုတောင်းလိုက်တဲ့အခါ အကောင်းပကတိပြန် ဖြစ်သွားတယ်တဲ့။ ဒီတော့ အဲ့သည်လူငယ်လည်း ခြေပြတ်ကြီးနဲ့ ထော့နဲ့ ထော့နဲ့ မဖြစ်တော့ဘူးပေါ့။

နောက်လူငယ်လေးတစ်ဦး ကတော့ စိန်အန်ထော်နီ ဟောကြားတဲ့ တရားဒေသနာတွေကို ကြားနာမိပြီး နောင်တရလာတယ်။ ဒါ့ကြောင့် စိန်အန်ထော်နီ ခြေရင်းကိုလာပြီး သူအာပတ်ဖြေလိုကြောင်း လျှောက်ထားခဲ့တယ်။ စိန်အန်ထော်နီဟာ သူ့ကို နွေးထွေးစွာကြိုဆိုပြီး အာပတ်ဖြေ နားထောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူငယ်ဟာ သူ့အပြစ်တွေများလွန်းလို့ တစ်ခုခုများ မေ့ကျန်ခဲ့ရင် ဘုရားရှင်ခွင့်လွှတ်ပါ့မလားလို့လည်း စိတ်ထဲမှာ သံသယ၀င်လာမိတယ်။ ဒါနဲ့ စိန်အန်ထော်နီက သူ့ကို အိမ်ပြန်ခိုင်းပြီး သူ့အပြစ်တွေကို စာရွက်နဲ့ ရေးမှတ်ခဲ့ပါလို့မှာ လိုက်တယ်။ လူငယ်လည်း သူ့အပြစ်တွေကို စာရွက်ပေါ်ချရေးလိုက်တယ်။ ပြီးတော့ စိန်အန်ထော်နီထံ ပြန်လာပြီး ဒီစာရွက်ကိုပြလိုက်တယ်။ စိန်အန်ထော်နီလည်း ဒီအပြစ်တွေရေးထားတဲ့ စာရွက်ကို အစအဆုံးဖတ်ပြီး အခွင့်ချမ်းသာ ပေးတဲ့မေတ္တာ ရွတ်ဆိုပြီး အဲ့သည် စာရွက်ကိုပိုင်ရှင်ထံ ပြန်ပေးလိုက်တယ်။ ပိုင်ရှင်ဖြစ်တဲ့ အဲသည် လူငယ်ရဲ့လက်ထဲကို စာရွက်လည်း ရောက်သွားရော စာရွက်ပေါ် ရေးထားတဲ့ အပြစ်တွေအားလုံး တစ်လုံးမကျန် ပျောက်ကုန်တယ်။ စာရွက်ကြီးဟာ ဗလာ ဖြစ်ကျန်ခဲ့တယ်။ ဒါ့ကြောင့် အာပတ်ဖြေတဲ့အခါ ရဟန်းရွတ်ဆိုတဲ့ အပြစ်အခွင့်ချမ်းပေးတဲ့မေတ္တာဟာ အပြစ်လျှောက်တဲ့ အပြစ်တွေရော၊ မေ့ကျန်နေတဲ့အပြစ်တွေရော စာရွက်ပေါ် ရေးမှတ်ထားတဲ့ အပြစ်တွေ အားလုံးကိုပါ ချေဖျက်ပျောက်ကွယ် သွားစေခဲ့ပါတယ်။ အဲ့သည်အံ့သြစရာ အဖြစ်အပျက်က မှတ်ယူရမယ့် သင်ခန်းစာကတော့ တကယ်စစ်မှန်တဲ့ နောင်တနဲ့ မိမိ အပြစ်တွေကို လျှောက်ထားတယ်ဆိုရင် ဘယ်လောက်ပဲ ပြစ်မှုတွေများများ ဘယ်လောက်ပဲ ပြစ်မှုတွေကြီးကြီး အဲသည် အပြစ်တွေအားလုံးကို ဘုရားရှင်အခွင့် လွှတ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။


(နောက်လဆက်ဖတ်ရန်)

ဘုန်းတော်ကြီးဂျော့ခ်ျ ခင်မောင်ထွေး