Tuesday, June 1, 2010

ဂုဏ်တုယောင်မှာ "စံ" ပုံဆောင်ပါ။


ဂုဏ်တုယောင်မှာ "စံ" ပုံဆောင်ပါ။


လူမှုဝန်းကျင်၌ သုံးလေ့သုံးထရှိသည့် "သူရူး ကိုးဆယ့်ကိုးယောက်က သူကောင်းတစ်ယောက်အား သူရူးပဲဟု ဆိုသည်" ဟူသော စကားတစ်ရပ်ကို ကြားဖူးကြပေမည်။ ဘယ်လောက်ပင် ကောင်းကောင်း အဆိုးက အားသာလွန်းသည့်အတွက် အကောင်းတစ်ခုက အဆိုးဖြစ်၊ အဆိုးပေါင်းများစွာက အကောင်းနေရာ ရောက်သွားရခြင်းကိုဆိုလိုသည်။ သို့သော် တစ်ခါတရံ၌ တစ်ဦးတစ်ယောက်တည်းက လက်ရှိ မိမိပိုင်ဆိုင်ထားသည့် ဂုဏ်ပကာသနဥစ္စာ (သို့) အာဏာတို့ကို အမှီပြု၍ အခြားသောသူအများစုကို အရူးလုပ်၍ စိုးမိုးချယ်လှယ်နေသည်များကို အချို့သော အဖွဲ့အစည်းများနှင့် အသိုင်းအ၀န်းများတွင် တွေ့နေရတတ်ပါသည်။ ဤသည်မှာ တစုံတစ်ဦးသည် လက်ရှိအခြေအနေ၌ မိမိတွင် လက်ဆုပ်လက်ကိုင် ရှိနှင့်ပြီဖြစ်သော ဥစ္စာဓန (သို့) မိမိစိတ်ကြိုက် ဖန်တီးနိုင်သည့် အခွင့်အာဏာများ အပေါ်တွင် တွယ်တာမှု ပိုလျှံကာ မာန်မာနဂုဏ်ဟူသည့် အရာက ၎င်းင်း၏ ငယ်ထိပ်အထိ ရောက်သွားရခြင်း ဖြစ်ပါသည်။

တစ်ခါက ကျွန်ုပ်သည် ဆိုင်ကယ်ဖြင့် သူငယ်ချင်းတစ်ဦးနှင့်အတူ လေးမျက်နှာမြို့သို့သွားခဲ့ပါသည်။ ကျွန်ုပ်သည် ကိုယ်ပိုင်ဆိုင်ကယ် မရှိသောကြောင့် တစ်ခါတရံ ဆိုင်ကယ်ကိုယ်တိုင် မောင်းရသည်ကို အလွန်နှစ်သက်လှပါသည်။ ဤသို့ဖြင့် ရွာအလယ် လမ်းမတစ်ခုကို ဖြတ်၍ လာခဲ့စဉ် လမ်းပျက်နေသည့် နေရာတစ်ခု၌ ဆိုင်ကယ်အား အရှိန်သတ်ရင်း ထိန်းမောင်းရကာ ထိုနေရာလွန်မှ ပုံမှန်အတိုင်း အရှိန်တင်၍ ဆက်လက် မောင်းနှင်လာခဲ့ပါသည်။ အနောက်မှာရှိသည့် သူငယ်ချင်းအား စကားများစွာပြောရင်း မောင်းလာခဲ့ပါသည်။ ကျွန်ုပ် သတိထားမိလိုက်သည်က ဆိုင်ကယ်သံကြားသည်နှင့် တပြိုင်နက် ကလေးများသာမက လူကြီးများပါ အိမ်ရှေ့ပြေးထွက် လာကြသည်။ တချို့က ဆိုင်ကယ်လာရာသို့ လက်ညှိုးတထိုးထိုးနှင့် တချို့က တစ်ခုခုပြောကာ ရယ်နေကြသည်။ ကျွန်ုပ်စိတ်ထဲ၌ "သြော် - တောသားတွေပဲ ဆိုင်ကယ်မှ မမြင်ဖူး၊ မစီးဖူးကြတာကိုး"ဟု တွေးမိခဲ့ပါသည်။ ရွာအပြင်ဖက်သို့ ရောက်လာသည့်အခါ "ဆီက အပြန်တစ်ကြောင်း စာလောက်ပါဦးမလား"ဟု သူငယ်ချင်းအား သုံးကြိမ်လောက် မေးလိုက်မိပါသည်။ သို့သော် အဖြေကိုမကြားရ၍ နောက်သို့ လှည့်ကြည့်လိုက်မှ သူငယ်ချင်းပါမလာကြောင်းကို သိလိုက်ရကာ လမ်းပျက်သည့်နေရာ၌ ဆင်းကျန်ခဲ့ခြင်းဖြစ်မည်ဟူသော အသိက ထိုအခါမှ ၀င်လာတော့သည်။ မိမိ ကိုယ်ကိုယ်လည်း ရှက်မိ၍ နောက်ကြောင်း ပြန်မလှည့်တော့ဘဲ ထိုနေရာမှပင် သူ့အား စောင့်နေခဲ့ပါတော့သည်။

ဤဖြစ်ရပ်လေးသည် ယနေ့ဥစ္စာ ပစ္စည်းအပေါ်၊ အခွင့်အာဏာရပ်တို့ အပေါ် တစ်ဖက်သတ် တပ်မက်စွဲလွန်းမှု ပိုသွားကာ ပတ်ဝန်းကျင်ကို လုံးလုံးမေ့လျော့ သွားတတ်ကြသည့် ပုဂ္ဂိုလ်များ၏ အခြေအနေနှင့် တိုက်ဆိုင်လှပါသည်။ အမှန်စင်စစ် တစ်စုံတစ်ခုသော လောကီအရာတို့၌ တက်မက်မှု ပိုလွန်းသွားခြင်းကြောင့် လောကီဧည့်သည် အာဂန္တုအချင်းချင်းပင် ဥပေက္ခာပြုခြင်း၊ လက်မခံနိုင်ခြင်းတို့ ဖြစ်လာရပေတော့သည်။ မိမိ၏အမြင်၊ အတွေးအခေါ်၊ ဥစ္စာစည်းစိမ်၊ လုပ်ငန်းနှင့်ယုံကြည်မှုများသာလျှင် မှန်ရမည်ဟု ယူဆကာ အခြားသောပုဂ္ဂိုလ်များအဖို့ ဖြန့်ကျက်တွေးတော ဆင်ခြင်ပေးမှု လုံးဝမရှိတော့ချေ။ ထိုအခါ တစ်ဦးတစ်ယောက်တည်း၏ တယူသန် မာန်မာနစွဲကြောင့် အခြားသောသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ဆုံးရှုံးသွားရပါသည်။ အချို့ သောသူများက ငါသာ ဒီအရာကိုရလျှင် (သို့) ဒီနေရာကိုရောက်လျှင် ဒီပုဂ္ဂိုလ်တွေကို ကောင်းကောင်းလေး စိုးမိုးနိုင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကြိုးစားလာခဲ့သူများရှိသည်။

အချို့သောသူများမှာ ဤကဲ့သို့ မူရင်းဆန္ဒမရှိခဲ့ကြသော်လည်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံပေါ်၌ နာကျည်းသွားခြင်း၊ ကြိုးစားမှု၏ ရလဒ်အပေါ်စွဲလမ်းမှု ပိုကာ အောက်ခြေလွတ်သွားခြင်း၊ လေ့လာဆည်းပူးနေချိန်၌ စနစ်တစ်ခု၏ မူဝါဒများရိုက်သွင်းခံရခြင်း တို့ဖြစ်ကြရသည်။ မည်သည့် ဘာသာတရား၌မဆို မိမိတို့ရရှိ ပိုင်ဆိုင်ထားသမျှအရာများသည် တဒင်္ဂအတွက်သာဖြစ်ကြောင်း မိန့်ဆိုထားလေသည်။ သို့သော် လက်ရှိအခြေအနေတွင် လုပ်ရပ်နှင့် ထိုတရားစကား အတော်ပင်အလှမ်းကွာနေကြောင်း သတိပြုမိကြလေမည်။


ကျွန်ုပ်တို့ ခရစ်ယာန်များ၏ အသက်တာ၌လည်း ဤကဲ့သို့ မတည်မြဲသည့် ဥစ္စာစည်းစိမ်နှင့် တန်ခိုးအာဏာအပေါ် ခရစ်တော်၏ တရားတော်နှင့် ဆန့်ကျင်ကာ အလွန်အမင်း တက်မက်မှုများ ရှိနေကြပါသည်။ ရုပ်ဝါဒနှင့် ၎င်းင်းတို့အား စိုးမိုးချုပ်ချယ်နိုင်သည့် အခွင့်အာဏာများကို ပိုင်ဆိုင်လာကြသည့်အခါ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအား အကျိုးပြုဖို့ကို မဆိုထားလေနှင့် လူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိသည့် ဘုရားပေးထားသော သဘာဝအရင်း အမြစ်နှင့်သယံဇာတများအား စိုးမိုးချုပ်ချယ်ကာ လိုရင်သုံး မလိုရင်
ဖျက်ဆီးပစ်တာ မျိုးရှိနေကြပါသည်။ စင်စစ်သော်ကား တစ်ဦးတစ်ယောက်၌ ဥစ္စာဓန၊ အာဏာနှင့် လုပ်ပိုင်ခွင့်များ မည်သို့ပင်ရှိနေစေကာမူ ပတ်ဝန်းကျင်အခြေအနေနှင့် မဆက်စပ်တတ်လျှင် (သို့) လိုက်လျောညီစွာ အသုံးမပြုတတ်လျှင် ဘုရားရှင်ပေးသည့် ကျေးဇူးတော်များအား အလွဲသုံးစားပြုခြင်းပင် ဖြစ်သည်။

"လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွား၍ ကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏"ဟု (၁-ယော ၂း၁၇)မှာ တွေ့ရပါသည်။ ကျွန်ုပ်တို့ပိုင်ဆိုင်ထားသည့် လောကီနှင့် ပတ်သက်သမျှသည် ကျွန်ုပ်တို့ ထာဝရပိုင်ဆိုင်ရမည့်အရာများ မဟုတ်ကြပေ။ ထို့ကြောင့် ၎င်းင်းအရာများအပေါ် စွဲလမ်း မက်မောမှုပိုလွန်းရန် မလိုအပ်ပေ။ ၎င်းင်းအရာများအပေါ် ခုတုံးလုပ်ရင်း အခြားသောသူများအား အထင်အမြင်သေးကာ အထက်စီးမှ မကြည့်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့လက်ဝယ်ရှိနေသည့် ထိုအရာများမှာ မတည်မြဲသော လောကီစည်းစိမ်များသာဖြစ်ပြီး ကောင်းကင်ဘဏ္ဍာနှင့် နှိုင်းစာကြည့်လျှင် အတုအယောင်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်အာရုံ အမြဲရောက်နေရမည့်အရာမှာ သံချေးပိုးရွ မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘဏ္ဍာများသာ ဖြစ်သည်။

လောကီနှင့်ဆိုင်သည့် အရာများမှာ ထိုကောင်းကင်ဘဏ္ဍာနှင့် နှိုင်းလျှင် အတုအယောင်ဟု ဆိုနိုင်သော်လည်း လောက၌ ဘုရားပေးသည့် ကျေးဇူးတော်တစ်ရပ်ပင် ဖြစ်သောကြောင့် မှန်ကန်စွာအသုံးပြုလျှင် များစွာအကျိုးရှိပေသည်။ မိမိပိုင်ဆိုင်ထားသည့် ဥစ္စာစည်းစိမ်နှင့် အခွင့်အာဏာများသည် ဘုရားရှင်ထံမှလာသည့် ကျေးဇူးတော်တစ်ရပ်ဟု လက်ခံကာ အများသောလူတို့၏ အကျိုးအတွက် ပြန်လည်ပေးဆပ် ဝေငှရင်းဖြင့် စံပြုနေထိုင် ကျင့်ကြံသင့်ပါသည်။ "သစ်တစ်ပင်ကောင်း ငှက်တသောင်းနားနိုင်"ဆိုသည့်အတိုင်း တစ်ပါးသော ပုဂ္ဂိုလ်များ၏ အကျိုးအတွက် ခရစ်တော်ကဲ့သို့ နှိမ့်ချခြင်းဖြင့် ပေးဆပ်အသက်ရှင်ရန် လိုအပ်ပါသည်။

မိမိ ပိုင်ဆိုင်ထားသည့် ဥစ္စာစည်းစိမ်၊ အာဏာတို့၏ ဂုဏ်နှင့်ကိုက်ညီသည့် ပုဂ္ဂိုလ်တို့၏ အရည်အချင်းသုံးရပ်ကို စာရေးဆရာအချို့က အောက်ပါအတိုင်း ဖော်ပြထားပါသည်။

၁။ သီလသမာဓိနှင့် ပြည့်စုံလျက် စိုးရိမ် ကြောင့်ကျမှုကင်းခြင်း၊
၂။ ဥာဏ်ပညာရှိလျက် ရှုပ်ထွေးမှု ကင်းခြင်း။
၃။ သတ္တိရှိလျက် ကြောက်ရွံ့မှု ကင်းခြင်းတို့ဖြစ်သည်။

ဤအရည်အချင်းများရှိသူသည် ဂုဏ်သရေရှိ၍ စံပြုထိုက်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခရစ်ယာန်အသက်တာ၌မူ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦး၏ အရည်အသွေးနှစ်ရပ်ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။ ၎င်းင်းတို့မှာ -
၁။ ဘုရားရှင်ရှေ့၌ မျက်နှာရသောသူ၊
၂။ လူအများတို့ရှေ့၌ ပုံစံနမူနာ ကောင်းဖြင့် စံပြုထိုက်သူဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မတည်မြဲသည့် လောကီဥစ္စာများနှင့် အာဏာတန်ခိုးများကို ပိုင်ဆိုင်လာရသည့်အခါတွင် ၎င်းင်းတို့ အပေါ်၌ အလွန်အကျွံ တပ်မက်စွဲလန်း စိတ်များကင်းပြီး ထိုဂုဏ်အတုအယောင်များ၌ သတိတရားအားဖြင့် ကျင့်ကြံ၍ "စံ"အဖြစ် ပုံဆောင်နေထိုင်သွားရန်ပင် အရေးကြီးလှပါတော့သည်။
Align Right

ဂျွန်သွီ (မော်လမြိုင်)