Sunday, May 16, 2010

ကြုံဆုံရသော နေ့တစ်နေ့

ကြုံဆုံရသော နေ့တစ်နေ့

စိမ်းစိုလန်းဆန်းပြီးတော့ ကြည်လင်တောက်ပနေတဲ့ ရေကန်ထဲကို ခဲကြီးကြီးတစ်လုံး ပစ်သွင်းလိုက်သလို ဗွမ်းကနဲ လှိုင်းသံကြီးနဲ့ လေဟုန်ကို တုန်လှုပ်စေတော့တာပါပဲ။ အနည်းနဲ့အများ အနီးနဲ့အဝေးဆိုသလို ဆိတ်ငြိမ်နေတဲ့ရေပြင်ဟာ ထူးခြားမှုကိုခံခဲ့ရတယ်။ ဒီလိုပါပဲ မိတ်ဆွေအပေါင်းတို့ ကျွန်တော်တို့ အမိနိုင်ငံတော်ကြီးမှာလည်း မေလဆန်းပိုင်းလောက်က တိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုံးအမျိုးအစား နာဂစ်အမည်ရှိ မုန်တိုင်းကြီးဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ပင်လယ်ရပ်နီး ပတ်ဝန်းကျင်တ၀ိုက်မှာ ဆက်စပ်တိုက်ခတ် သွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ပြာပြာသလဲနဲ့ပဲ။ ကျွန်တော် ဒီသတင်းကို ကြားတဲ့အချိန်မှာ မုန်တိုင်းတိုက်ပြီး နောက်နေ့မနက် (၉) နာရီလောက်ကပါ။ ပထမတော့ ခပ်ပေါ့ပေါ့နဲ့ နေလိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ မန္တလေးမှာက ခါတိုင်းလည်း ရန်ကုန်မှာ ဘာဖြစ်ပြန်ပြီ၊ ဘယ်မှာတော့ ဘာဖြစ်ပြန်ပြီဆိုပြီး ကြားကြားနေကျမို့လို့ပါ။

ဒါပေမဲ့ ဒီမုန်တိုင်းကြီး တိုက်မယ်ဆိုတာကတော့ ကျွန်တော့်လို ရေဒီယိုတစ်လုံးကို အဖော်ပြုနေသူ တစ်ယောက်အတွက် သိခဲ့ပြီးပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့မတိုင်ခင် တစ်ရက် နေ့ခင်းဘက်နဲ့ညနေဘက်တစ်ပိုင်းလုံး ရေဒီယိုကနေ (၁၅) မိနစ်တစ်ကြိမ် လောက်နီးပါး မုန်တိုင်းလာနေပြီဆိုတာ ထုတ်လွှင့်နေခဲ့တာ ကျွန်တော့်အိမ်က အိမ်သူအိမ်သားတွေကိုတောင် ဒီအချိန်ဆို ရန်ကုန်မှာ မုန်တိုင်းတိုက်နေလောက်ပြီ ဆိုပြီး ပြောနေခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့မီဒီယာပေါ်ကို ကျွန်တော်အစောက ပြောခဲ့သလို ခဲတစ်လုံးပစ်သွင်း လိုက်သလိုတော့ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ မကြုံဘူးသေးတာလည်း ပါတာပေါ့။ ဘယ်လောက်ပဲ လေတိုက်တိုက် လူဆိုတာ မသေနိုင်ဘူးပေါ့။ အမှန်အတိုင်း ၀န်ခံရရင် ဒီလိုပဲ တွေးထင်ခဲ့မိပါတယ်။

ဒါပေမယ့်လည်း... အဲဒီ ဒါပေမယ့်ရဲ့ နောက်ကွယ်မှာ ကောင်းတာ သိပ်မလိုက်ဘူးလို့ လူတွေကဆိုကြတယ်လို့ ဆရာတစ်ယောက်က ပြောဖူးခဲ့တာကို သတိရမိတယ်။

အဲ....ဒါပေမယ့် နောက်ကြားရတဲ့ သတင်းတွေကတော့ ကျွန်တော်ထင်တယ် ခြောက်လခုနှစ်လထိတောင် သတင်းစာ မျက်နှာပေါ်မှာနေရာယူ နေအုံးမှာပါပဲ။ ဒီနာဂစ်မုန်တိုင်းကြီးဟာ လူပေါင်းနှစ်သိန်း နီးပါးရဲ့အသက်တွေကို ဖျက်ဆီးသွားခဲ့ သလို လူပေါင်းများစွာရဲ့ စည်းစိမ်ပိုင်ဆိုင်မှု လယ်ယာကိုင်းကျွန်းများကိုလည်း ကြေမွ ပျက်စီးစေခဲ့ပါတယ်လို့ မီဒီယာများရဲ့ ဖော်ပြချက်အရ ကျွန်တော်သိလာရပါတယ်။ ဒီလိုနဲ့လူတွေ သေသူကသေ၊ မွဲသူကမွဲ၊ ကျွေးသူကကျွေး၊ ပျောက်သူကပျောက်၊ ကြောက်သူကကြောက်၊ ကယ်သူကကယ်၊ ဆယ်သူကဆယ်နဲ့တကယ့်ကိုအမြင် မကောင်းစရာ အနိဌာရုံမြင်ကွင်းများပါပဲ။

မည်သို့ပင်ဆိုစေ သမိုင်းပေး တာဝန်ပဲဖြစ်ဖြစ်၊ လူမှုရေးကြောင့်ဖြစ်ဖြစ်၊ တာဝန်ရှိလို့ပဲဖြစ်ဖြစ်၊ ကျွန်တော့်အနေနဲ့ တွေ့မြင်ရတဲ့ လူသားတို့ရဲ့ ကရုဏာနှလုံးသား လှုပ်ရှားမှုများကိုဗွက်နွံထဲမှ ကျောက်ကောင်းတစ်ပွင့်အနေနဲ့ တွေ့ရှိခဲ့ရပါတယ်။ နေ့စဉ်ဆိုသလို ဆင်းလိုက်တက်လိုက် သယ်ယူပို့ဆောင်နေကြတဲ့ ကုန်တင်ယာဉ်ကြီးများ၊ ခေါက်ချိုးခေါက်ပြန် စုန်ဆန်မောင်းနှင်ပြီး ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်ပေးနေတဲ့ ယာဉ်အမျိုးမျိုး၊ တူညီဝတ်စုံမျိုးစုံ ၀တ်ဆင်ထားကြတဲ့ လူမှုဝန်ထမ်း စေတနာရှင်များ၊ ထို့အတူပဲ အသက် မသေကျန်ရစ်ခဲ့တဲ့ မုန်တိုင်းလွတ်ပြည်သူများရဲ့ အနိဌာရုံများကိုလည်း တွေ့မြင်နေကြရပါတယ်။

တစ်ယောက်တည်း မနေနိုင်တဲ့ လူ့ဘောင်အသိုင်းဝိုင်းရဲ့ လုပ်ဆောင်မှုအရ မွေးရာပါ ကရုဏာမေတ္တာနှလုံးသားအရ တစ်ဦးဒုက္ခရောက်ချိန်မှာ တစ်ဦးက ကူညီကြတာ ဓမ္မတာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေသာမက တစ်ကမ္ဘာလုံးက အကြင်နာနှလုံးသားပိုင်ရှင်များဟာ မိမိတို့တတ်အားသ၍ဖြစ်စေ၊ အများနဲ့ပူးပေါင်းလို့ဖြစ်စေ၊ အသင်းအဖွဲ့ အားဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာကဖြစ်စေ လှူဒါန်းပါဝင် ထမ်းရွက်ကြတာဟာဖြင့် စာဖွဲ့ဖို့ မလိုတော့ပါဘူးလို့ ထင်မိပါတယ်။ အများအတွက် အကျိုးဆောင်တယ်ဆိုတာ တိုက်ပွဲတွေရှိမှ မဟုတ်ပါဘူး။ ဒီလို ဘေးအန္တရာယ်ကြုံလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ လူသားတို့ရဲ့ နှလုံးသားထဲက ဆန္ဒအရ အများအကျိုးသယ်ပိုးခြင်းဟာလည်း ကောင်းမှုတစ်ခုဖြစ်ပါတယ်။ အချို့လည်း တတ်အားသမျှ ပစ္စည်းလေးများနဲ့၊ တချို့လည်း အ၀တ်အစားများနဲ့၊ တချို့လည်း စားသောက်စရာများနဲ့၊ တချို့လည်း လုပ်အားဒါနများနဲ့ တချို့ကျတော့လည်း မေတ္တာပို့ကြ၊ ဆုတောင်းပေးကြ၊ မုန်တိုင်းအတွင်းသေလွန်သူတို့ ကောင်းရာမွန်ရာ ရောက်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ကုသိုလ် ပြုကြတာဟာဖြင့် ကြည်နူးစရာကောင်းလှတာ အမှန်ပါပဲ။ နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းမှာလည်း သူ့လူမျိုး ကိုယ့်လူမျိုး၊ သူ့ဘာသာ ကိုယ့်ဘာသာရယ်လို့ ကန့်သတ်မထားတော့ဘဲ ဆုတောင်းဝတ်ပြုပွဲများကို ကျင်းပပေးကြတာဖြင့် နေ့စဉ်နဲ့ရက်ဆက် ဆိုသလိုပါပဲ။ ဘာသာရေးကူညီလှူဒါန်းမှု များရှိခဲ့သလို တတ်အားသ၍ မိမိတို့ဒါနနဲ့ လေဘေးသင့်ပြည်သူများ အသက်ဆက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အဖက်ဖက်က ကြိုးစားနေကြပါတယ်။ နိုင်ငံကျော် လူရွှင်တော်ကြီးဦးချစ်စရာ ပြောခဲ့တဲ့ နာဂစ်အထိမ်းအမှတ်ကျင်းပသော ကပြဖျော်ဖြေသောပွဲက စကားတစ်ခုကတော့ "လောကကြီးမှာ တန်ဖိုးအရှိဆုံးပစ္စည်းဟာ စာနာစိတ်တစ်ခုပါပဲ" ဒီစာနာစိတ် ကိုယ်နဲ့အမျှ ခံစားပေးစိတ်တွေကြောင့် ဒီလောကကြီးဟာ ဘယ်လိုပင် ပျက်စီးပျက်စီး၊ ဘယ်လိုပဲ အခက်ခဲတွေကျကျ၊ ဘယ်လိုဒုက္ခတွေ ကြုံကြုံ၊ ၀ိုင်းဝန်းကူညီကြတာ ဒီစာနာစိတ်ကြောင့်ပဲဖြစ်ပါတယ်။

ဒီလို စာနာစိတ်တွေကြောင့်ပဲ ကျွန်တော်တို့လည်းပွဲလေး တစ်ခုလုပ်ဖြစ်ခဲ့ပါတယ်။ သေလွန်သူများအတွက် ဆုတောင်းပွဲလေးပေါ့။ ဒီပွဲဖြစ်မြောက်ဖို့အတွက် တာဝန်တွေခွဲ ကိုယ့်တာဝန် ကိုယ်ယူ၊ သူ့တာဝန်သူယူနဲ့ အစီအစဉ်တွေ ဆွဲကြတာပေါ့။ ကျွန်တော်ကတော့ ဧည့်သည်တွေ နေချထားဖို့နဲ့ အခမ်းအနားအလှဆင်ဖို့ တာဝန်ယူခဲ့ပါတယ်။ ဆုတောင်းပွဲနေ့ အရောက်မှာတော့ ကျွန်တော်တို့ တောင့်တတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ အများအတွက် စာနာတဲ့နှလုံးသားများရဲ့ စေခိုင်းချက်အရ ဘာသာမရွေး၊ လူမျိုးမရွေး လာရောက်ဆုတောင်းပေးကြတဲ့ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များဟာ ကိုယ့်သာသနာအလံအသီးသီးမှာ နေရာယူပြီး သာသနာခေါင်းဆောင် အသီးသီးကနေ ဦးဆောင် မေတ္တာပို့ဆုတောင်း ပေးခဲ့ကြပါတယ်။

ဒီလို တစ်ညီတညွတ်ထဲ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဆုတောင်းမှုကလေးဟာ အမှတ်တမဲ့မှ အမှတ်တရကိစ္စလေးတစ်ခု ဖြစ်လာခဲ့တယ်ဆိုရင် မမှားပါဘူး။ ဒီပွဲတော်အတွင်းမှာ ပါဝင်ဆင်နွဲနေတဲ့ ကျွန်တော့်စိတ်ထဲမှာလည်း လူသားတိုင်း လူသားတိုင်းရဲ့ နှလုံးသားတိုင်းမှာ စာနာစိတ်နဲ့ ကိုယ်ချင်းစာတရားများ ထွန်းကားနေသ၍ ဒီကမ္ဘာမြေပြင်တစ်ဝန်း ဘယ်လိုအနှောင့်အယှက်များပဲ ကျကျ ဆက်လက်ပြီး သာယာစိုပြည် စိမ်းလန်းနေအုံးမယ်လို့ တွေးထင်ခဲ့မိပါတော့တယ်။

ကမ္ဘာသူ ကမ္ဘာသား အပေါင်း ကြင်နာသောနှလုံးသားများ ပိုင်ဆိုင်ကြလျှက် ဘေးရန်အသွယ်သွယ်မှ လွတ်ကင်းနိုင်ကြပါစေဗျာ။

ဝေလီ