Sunday, May 16, 2010

ဆယ်ဖို့တစ်ဖို့အလှူငွေ


ဆယ်ဖို့တစ်ဖို့အလှူငွေ

မေး။ ။ ဆယ်ဖို့တစ်ဖို့ အလှူငွေဆိုသည်မှာ အဘယ်နည်း။ တစ်ဆုပ်ဆန်ဆိုသည်မှာ အဘယ်နည်း။ ကက်သလစ် အသင်းတော်မှာ မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုအရာများကို ကျင့်သုံးနေပါသနည်း။ ကျမ်းပိုဒ်လေးနှင့်ရှင်းပြပေးပါ။

ဖြေ။ ။ "ဆယ်ဖို့တစ်ဖို့"ဆိုသည်မှာ "တစ်နှစ်အတွင်းရှာဖွေ၊ လုပ်ကိုင်စုဆောင်း သောငွေ၊ ပစ္စည်းဥစ္စာ၊ အသီးအနှံ၊ အိမ်မွေးတိရိစ္ဆာန်များမှအစ ဆယ်ပုံတစ်ပုံ (ဆယ်စု ခွဲကာတစ်စု) ကို ဘုရားသခင်အားပြန်လည်ပေးလှူခြင်း" ဖြစ်သည်။

ဥပမာ။ ။ တစ်နှစ်အတွင်းရရှိသောငွေ ၃၀၀၀၀ (သုံးသောင်း) ဆိုရင် ၃၀၀၀ (သုံးထောင်) ဖြစ်သည်။ ကြက်၂၀ ကောင်ရှိရင်-၂ကောင်၊ စပါးတင်း ၁၀၀ ရှိရင် တင်း ၁၀ စသည်ဖြင့်ပေးလှူလေ့ရှိကြသည်။ ဤအလှူငွေသည် သာသနာနှင့်အသင်းတော် အတွက် အဓိကဖြစ်ပြီး သာသနာတော်အတွက် မိမိဘ၀ကိုဆက်ကပ်ကြသော ဘုန်းကြီး သီလရှင်၊ ဓမ္မဆရာများတို့ကလည်း မျှဝေခံစားကြသည်။ ဤအလှူငွေ ကောက်ခံနည်းနှင့် သုံးပုံသုံးနည်းကိုတော့ တစ်နေရာနှင့် တစ်နေရာမတူကြပေ။ တချို့သာသနာတွေမှာ အတတ်နိုင်ဆုံး တိကျစွာကျင့်သုံးနေသလို တချို့သာသနာတွင်မူ မရှိသလောက်ဖြစ်နေတာ မှန်လိမ့်မည်။ ထို့အတူတချို့အတွက် မှန်ကန်တိကျစွာ ပေးလှူ၍ ကောင်းကြီးတော် အဆပေါင်းများစွာ ခံစားရသည်လို့ သက်သေခံနေကြသလို တချို့သောသူများအတွက်မူ "ဆယ်ဖို့ တစ်ဖို့" အကြောင်း ကြားဖူးသည်မှာ ပထမအကြိမ်ပင်ဖြစ်နိုင်သည်။

ဆယ်ဖို့တစ်ဖို့အကြောင်းနှင့် တစ်ဆုပ်ဆန် အကြောင်းကို အဓိပ္ပါယ် ဖွင့်ဆို ရှင်းပြခြင်းသည် ပြည့်စုံမည်မဟုတ်ကြောင်း ၀န်ခံလျက်၊ တချို့သော ဒေသ၊ တချို့သောသူများ အတွက်လည်း အကျိုးထူးချင်မှ ထူးလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဗဟုသုတအနေဖြင့် တင်ပြအပ်ပါသည်။ အမှန်တကယ် လက်တွေ့ကျင့်နိုင်လျှင် ပိုကောင်းမည်။ ပိုအကျိုး ရှိမည်။

"ဆယ်ဖို့တစ်ဖို့"သည် ဘုရားရှင်ကိုယ်တိုင် တောင်းဆိုထားသော အလှူဖြစ်သည်။ စပါးဖြစ်စေ၊ အသီးအနှံ ဆယ်စုသည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏" (၀တ်ပြု ၂၇း၃၀) "နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင်ဆယ်စုတစ်စုသည် ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ (၀တ်ပြု-၂၇း၃၂)

ဤသို့ လှူဒါန်းသမျှသော ဆယ်ဖို့ တစ်ဖို့အားလုံးသည် လေ၀ိသားတို့အတွက် ဖြစ်သည်။


လေ၀ိသားတို့သည် ပရိသတ် စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို ယဇ်ပရော ဟိတ်အားပေးလှူရသည်။
"ထိုအဖို့ကို ဆယ်ဖို့ဖြန့်၍ တစ်ဖို့ကို ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်" (တော-၁၈း၂၆)။

"ထိုပူဇော်သက္ကာကို ယဇ်ပရော ဟိတ်အာရုန်အား လှူရကြမည်" (တော- ၁၈း၂၈)


အာဗြံသည် ဘုရားသခင်၏ ယဇ်ပရောဟိတ် ရှာလင်မင်းကြီးအား ဆယ်ဖို့တစ်ဖို့ ပေးလှူကြောင်းကို (ကမ္ဘာ-၁၄း၂၀) တွင် တွေ့နိုင်သည်။ (ကမ္ဘာ-၂၈း၂၂)တွင် ယာကုပ်သည် ဘုရားသခင် ပေးသနားတော်မူသမျှတို့မှ ဆယ်ဖို့တစ်ဖို့ပူဇော်ရန် သစ္စာပြုခဲ့ကြောင်း တွေ့နိုင်ပါသည်။


ဤအလှူနှင့် ပတ်သက်၍ တိကျစွာကျင့်သုံးသော သာသနာတို့တွင် ဤသို့လုပ်၍ မရပေ။ "ဘုန်းဘုန်းအတွက် သုံးဖို့ ဆယ်ဖို့တစ်ဖို့ဆိုပြီး သွားပေးလျှင် နည်းနည်းများများ ဘုန်းတော်ကြီးက သုံးခွင့်မရှိပါ။ နှစ်ချုပ် အားလုံးပေါင်းပြီးမှ သာသနာ ဗဟိုသို့ ပို့ရသည်။ ထို့ကြောင့် ဘာသာတူများအနေနှင့် သာသနာအတွက်၊ ဘုန်းတော်ကြီးအတွက် ကူညီလှူဒါန်းခြင်းနှင့် ဆယ်ဖို့တစ်ဖို့ပေးခြင်းကို ခွဲခြား၍ သေချာစွာ ပေးလှူတတ်ရန် သိသင့်ပါသည်။ ဘုရားကိုယ်တိုင် တောင်းဆိုထားသော အလှူဖြစ်၍ သူ့အား ကျေးဇူးဆပ်တင် ပူဇော်ရန်မှာ လုပ်ထိုက်ကျင့်ထိုက်သော ကောင်းမှု ပါရမီပင် ဖြစ်သည်။


"တစ်ဆုပ်ဆန်"ဆိုသည်မှာ "မိမိ ချက်တော့မည့် ဆန် (သို့မဟုတ်) မိသားစု တစ်စုအတွက် တစ်ရက်စားရမည့် "တစ်ရက်စာဆန်"ထဲမှ မိမိလက်ဖြင့် တစ်ဆုပ် လေးဆုပ်ကာ ခွက်၊ တောင်းတစ်ခုခုထဲသို့ စုထားခြင်းဖြစ်သည်။ လုပ်လေ့လုပ်ထ မရှိသူများအတွက် ပိုရှင်းစေရန်

ဥပမာ။ ။ တစ်နေ့ ဆန်တစ်ပြည် ချက်ပြုတ်သည့် မိသားစုအတွက် ချက်တော့မည့် ဆန်ထဲမှ လက်တစ်ဆုပ်စာလေး (စတီလ်ဇွန်း တစ်ဇွန်းစာခန့်) ဖယ်ထားစုထားလိုက်ခြင်း ဖြစ်သည်။

ဤသို့ လက်တစ်ဆုပ်ဆန်စုခြင်းကို များသောအားဖြင့် မိသားစုတွင် ချက်ပြုတ်ရေး တာဝန်ယူလေ့ရှိကြသော မိခင်အသင်း (အာနားအသင်း)များက တာဝန်ယူ ဆောင်ရွက်လေ့ရှိကြသည်။ ရရှိသော ဆန်အလှူသည် မရှိဆင်းရဲသားများ၊ မိဘမဲ့ကလေးဂေဟာများ၊ လိုအပ်နေသောသူများအတွက် ပျမ်းမျှပေးဝေရသည်။ ကျွန်တော် ကိုယ်တိုင်လည်း မိခင်အသင်းက စီစဉ် ကူညီခဲ့သော ဤလက်တစ်ဆုပ်ဆန်ဖြင့် ဘော်ဒါနေ၊ ကျောင်းတက်နိုင်ခဲ့သူတစ်ဦးဖြစ်၍ ဘုရားသခင်နှင့် မိခင်အသင်းအား ကျေးဇူးတင်၍ မဆုံးနိုင်ပါ။ ဤလက်တစ်ဆုပ်ဆန်သည် သေးမွှားသောအလုပ် အလှူဟု ထင်ရသော်လည်း ကျွန်တော့်အတွက်မူ ဘ၀တစ်ခုလုံးကို တည်ဆောက် ပြောင်းလဲစေသော ကြီးမားသည့် အရာတစ်ခုဖြစ်ခဲ့သည်။

ကျမ်းစာတော်တွင်-


ရှေးအခါမှစ၍ လယ်ယာ လုပ်ကိုင်စားခြင်း၊ သီးနှံစိုက်ပြီး ခြံမြေလုပ်ကိုင်ခြင်းကို ဘုရားပေးတာဝန် တစ်ခုဖြစ်သကဲ့သို့ အမြတ်တနိုး လုပ်ကိုင်ကြ၏။ (ကမ္ဘာ-၃း၁၇-၁၉၊၄း၂)

"စပါးရိတ်သောအခါ၌ဖြစ်စေ အသီးများ သိမ်းသောအခါ၌ဖြစ်စေ အကုန်မရိတ်မခူးရ၊ ဆင်းရဲသားများနှင့် ဧည့်သည် အဂန္တုများအတွက် ချန်ထားပေးရမည်။ (၀တ်-၁၉း၉)


"ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘ မရှိသောသူ၊ မုဆိုးမတို့ အဖို့ ထားရမည်" (တရား-၂၄း၁၉)၊ (ရု-၂း၂)။


"အဦးထွက်သော အသီးအနှံများကို ဘုရားသခင်အား ကျေးဇူးတင် ပူဇော်ကြသည်" (ထွက်-၂၂း၂၉/၂၃း၁၉/၃၄း၆)။


"စပါးရိတ်သောအခါ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်" (၀တ်ပြု-၂၃း၁၀)။


ဤကျမ်းပိုဒ်များကို ကြည့်ခြင်းအားဖြင့် မိမိသုံးဆောင်မည့် အစားအစာကို သူတစ်ပါးအား အထူးသဖြင့် ဆင်းရဲသားများအား ဝေမျှခြင်းသည် ဘုရားအလိုတော်ရှိပြီး မွန်မြတ်သော ကုသိုလ်ကောင်းမှု ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဆင်းရဲသားများအား စာနာတတ်ခြင်း၊ သူတို့နှင့်အတူ မိသားစုစိတ်ဓါတ်ဖြင့် မျှဝေခံစားခြင်း အစရှိသော စိတ်ကောင်းစိတ်မြတ် တိုးပွါးစေပါလိမ့်မည်။ ဤလက်တစ်ဆုပ်ဆန်ဖြင့် သူတို့နှင့်အတူ မျှဝေခြင်းသည် ဈေးမှဝယ်၍ သွားလှူခြင်းနှင့် မတူပါဘူး။ မျှဝေခြင်းသည် ပိုလျှံ၍ ပေးကမ်းခြင်းထက် ပို၍ မွန်မြတ်ပါသည်။


ထိုကြောင့် ဤလက်တစ်ဆုပ်ဆန်အားဖြင့် ဆင်းရဲသားများကိုကူညီပေးနေသော မိခင်အသင်းများအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ ဆထက်တပိုး လုပ်ဆောင်နိုင်ကြပါစေဟု ဆုတောင်းပေးရင်း အားပေးပါရစေ။ မိမိနေသောသာသနာ၊ ရပ်ကွက်တို့တွင် ဤကဲ့သို့သောအဖွဲ့အသင်း မရှိသေးလျှင်လည်း မိမိမိသားစုတစ်စုအနေနှင့် စလုပ်၍ ရပါသည်။ ကောင်းမှုကုသိုလ် အလုပ်၊ ပေးကမ်းစွန့်ကြဲ မျှဝေခြင်းအမှုမျိုးတွင် ကျမ်းစာအတိအကျရှိမှ လိုက်ခြင်းမျိုး၊ လူကြီးတွေဖွဲ့စည်းပေးမှ စမည်ဆိုတာမျိုး မဖြစ်သင့်ပါ။ ကိုယ့်နည်း ကိုယ့်ဟန်နှင့် အတတ်နိုင်ဆုံး ပါရမီများဆည်းပူး၍ ရပါသည်။ သခင်ခရစ်တော် ကိုယ်တိုင်ထားခဲ့သော ကတိစကားတော် ကျမ်းပိုဒ်လေးကို အမြဲသတိရ ထောက်ရှုကြပါစို့။

"အကြင်သူသည် တပည့်တော်၏ မျက်နှာတော်ကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲ မနေရာ။" (မ-၁၀း၄၂) "ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုသမျှ ငါအားပြုကြပြီ။" (မ၊ ၂၅း၄၀)။

အားလုံးအပေါ်ဘုရားရှင်ကောင်းချီးပေးပါစေ။

ဘုန်းတော်ကြီး Pius ကေလျန်ကျူံး