Monday, May 10, 2010

ကောင်းကင်ဘုံမှလက်ဆောင်လေးများ


ကောင်းကင်ဘုံမှလက်ဆောင်လေးများ

ကျွန်ုပ်တို့လူသားတိုင်း၌ ချစ်သူခင်သူများထံမှ လက်ဆောင်ပစ္စည်းလေး များရရှိကြဖူးပေမည်။ ခရစ္စမတ်(စ်) လက်ဆောင်၊ မွေးနေ့လက်ဆောင်လေးများကို အမြတ်တနိုးသိမ်းဆည်းတတ်ကြပေသည်။ လူသားအချင်းချင်းပေးသော လက်ဆောင်လေးများကို ဤသို့တန်ဖိုးထားလျှင် ဘုရားသခင်ပေးသော လက်ဆောင်ဆိုလျှင် ကျွန်ုပ်တို့ အဘယ်မျှ တန်ဘိုးထားကြမည်နည်း။

ကျွန်ုပ်တို့ မသိဘဲနှင့် ဘုရားသခင်သည် လက်ဆောင်ပေါင်းမရေတွက်နိုင်အောင် ပေးထားပါသည်။ နေ့စဉ်ကောင်းမွန်စွာ စားသောက်နေထိုင်နိုင်သည်။ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်။ ဘုရားတရားကို တတ်အားသ၍၀ တ်ပြုဆုတောင်းနိုင်သည်။ မိတ်ကောင်း ဆွေကောင်းများ ကျွန်ုပ်တို့ အကူအညီကို လိုအပ်နေသူများနှင့် မကင်းကွာဘဲ စိတ်ချမ်းသာစွာနေထိုင်ခွင့်ရှိကြသည်။ ဒီလို ဆုကျေးဇူးများအပြင် ထူးခြားစွာရရှိသော လက်ဆောင်လေးများအကြောင်းကို ပြောပြလိုပါသည်။ ခရစ္စတူးသခင်၏ "အငယ်ဆုံးသော ညီအစ်ကိုကိုပြုသမျှ ငါကိုယ်တော်ကို ပြုကြပြီ" ဟူသော ကျမ်းစာအတိုင်းပြုမူ ဆောင်ရွက်လျှင် ဘုရားသခင်၏ လက်တွေ့ စောင့်ရှောက်မှုကို အစဉ်အမြဲရတတ်သည်ကိုလည်း သက်သေခံလိုသောကြောင့် ဖြစ်ပါသည်။

ရာသီဥတု အလွန်ချမ်းအေးသော နေ့တစ်နေ့၌ ကျွန်ုပ်သည် အလုပ်သွားရန် အိမ်မှထွက်ခွါလာစဉ် လမ်းတစ်နေရာ၌ အအေးဒဏ်ကို ခံစားနေရသော ကျန်းမာရေးချို့တဲ့နေသည့် အစ်မကြီးတစ်ဦးကို တွေ့ခဲ့ရပါသည်။ သူမသည် အခြားမြို့မှ ဧည့်သည်ဖြစ်သောကြောင့် အနွေးထည် လုံလောက်စွာ ပါမလာပေ။ ထိုနေ့က ဆောင်းဦးကာလမှာ မိုးရွာနေသောကြောင့် အအေးဒဏ်ကလည်း လွန်ကဲလျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်၌ခြုံလာသော သိုးမွှေးတဘက်ကို ထိုအစ်မကြီးအား လွှမ်းခြုံပေး လိုက်မိပါသည်။ (ကျွန်ုပ်၌လည်း သိုးမွှေး တဘက်နှစ်ထည်သာ ရှိပါသည်) သူမကလည်း ကျေးဇူးတင်စကားနှင့် ကျွန်ုပ်အတွက် ဆုတောင်းပေးပါမည့်အကြောင်း ပြောခဲ့ပါသည်။
ထိုနေ့၌ပင် ကျွန်ုပ်လည်း အလုပ်အားနေသောကြောင့် မြို့ထဲရှိ နေမကောင်းနေသော မိတ်ဆွေများထံ အလည်အပတ် သွားရောက်ခဲ့သည်။ ထိုအိမ်ရောက်သောအခါ အလွန်အေးချမ်းသည့် အချိန်၌ ရောက်ရှိလာသောကြောင့် ၀မ်းသာအားရ ကြိုဆိုခဲ့ပြီး ကျွန်ုပ်အတွက် ကော်ဖီပူပူ ဖျော်ပေးသည်။ အိမ်ခန်းထဲသို့ပြန်ဝင်သွားကာ သိုးမွှေးတဘက် (ခြုံထည်)လေးတစ်ထည်ယူလာပြီး ကျွန်ုပ်ကို ခြုံလွှမ်းပေးပါသည်။ ကျွန်ုပ်လည်း ကျေးဇူးတင်ပါကြောင်း ပြောပြပြီး နံနက်ခင်းက အဖြစ်အပျက်ကလေးကို ပြောပြမိပါသည်။ ထိုအိမ်မှ တဖန် ထိုရပ်ကွက် တစ်ကွက်ထဲ (အတိ အကျပြောပြရလျှင် နန်းရှေ့အောင်တော်မူရပ်ကွက်) နေ အစ်မကြီးတစ်ယောက်ထံ အလည်အပတ် သွားခဲ့ပါသည်။ ထိုအစ်မကြီးနှင့် မိနစ်သုံးဆယ်ကြမျှ စကားစမြည် ပြောဆိုကြပြီးသော် သူမက အိမ်ထဲမှ သိုးမွှေး တဘက်ကလေးတစ်ထည် လက်ဆောင်ပေးခဲ့ပါသည်။ နံနက်စောစောက ကျွန်ုပ်ကပေးခဲ့သော တဘက်ကလေးက အပြာရောင်လေး ဖြစ်ပြီး ယခုကျွန်ုပ်ပြန်ရသော သိုးမွှေး တဘက်ကလေး နှစ်ထည်မှာ ပန်းနုရောင်နှင့် အစိမ်းရောင်တဘက်ကလေး နှစ်ထည်ပြန် ရခဲ့ပါသည်။ ပထမအကြိမ် တဘက်ကလေး ရစဉ်က တိုက်ဆိုင်မှုလေးဟု ထင်မြင်ခဲ့သော်လည်း ဒုတိယအကြိမ်ရရှိသောအခါ ထူးခြားသော ဖြစ်ရပ်ကလေးတစ်ခု (သို့) ဘုရားရှင်မှပေးသော လက်ဆောင်ကလေး ဟုယုံကြည်မိပါသည်။

"မိမိနှင့်နီးစပ်သောသူကို ကိုယ်နှင့် အမျှချစ်လော့" ဟူသောကျမ်းစာပိုဒ်လေးကို သတိရမိပါသည်။ ဤအတိုင်းကျင့်ကြံ နေထိုင်ခြင်းဖြင့် ဘုရားရှင်၏မေတ္တာသည် ကျွန်ုပ်တို့တစ်ဦးချင်းဆီသို့ ဖြန့်ဝေလျှက် ရှိသည်ဟုလည်း ခံစားမိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ နေ့စဉ်လှူဒါန်းဖို့ရာ၊ ငွေကြေး မြောက်များစွာ မလိုအပ်ပါ။ မေတ္တာ စေတနာသာလျှင် အဓိကဖြစ်ပါကြောင်း ကျွန်ုပ်၏ အတွေ့အကြုံလေးအားဖြင့် သက်သေခံအပ်ပါသည်။ ချစ်သော ဓမ္မမိတ်ဆွေတို့၌လည်း ဤသို့လက်ဆောင်ကလေးများ မရေမတွက်နိုင်အောင် ရရှိခဲ့ဖူးပေမည်။ သတိမထားမိ၍သာ ဖြစ်ပါလိမ့်မည်။ မေတ္တာ၊ စေတနာများများ ဖြန့်ဝေနိုင်ကြပါစေ။


ကက်သလင်းခင်