Monday, April 19, 2010

ပြေးလမ်းမှန်


ပြေးလမ်းမှန်


ကျွန်တော်ကျောင်းတက်နေစဉ်တုန်းက တက္ကသိုလ်တစ်ခုရဲ့စာသင်ခန်းနံရံမှာ ကပ်ထားတဲ့စာတန်းတစ်ခုကို ယခုချိန်ထိ မှတ်မိနေပါ သေးတယ်။ ဒါကတော့ "The Secret of life is to know who you are and where are you going" "ဘ၀ရဲ့ လျှိုဝှက်ချက်ဆိုတာ သင်ဘယ်သူလဲ၊ သင်ဘယ်ကို သွားနေလဲဆိုတာကို သိခြင်းဖြစ်တယ်" တဲ့။ လောကရဲ့ အရေးကြီးဆုံး အချက်ပါပဲ။ လူဘ၀တိုးတက်ဖို့၊ လူဘ၀ရုန်းထွက်နိုင်ဖို့ဆိုတာ ဒီအချက်ပေါ်မှာ မူတည်ပါတယ်။ အချို့က ဒါတွေမစဉ်းစားကြပါဘူး။ ပုံမှန်စာသောက်၊ ပုံမှန်နေရ၊ ထိုင်ရရင်ပြီပြီးလို့ ထင်နေကြပါတယ်။ ယခုခေတ် ရုပ်ဝတ္ထုထွန်းကားတဲ့ ခေတ်မှာပိုလို့တောင်ဆိုးပါသေးတယ်။ များသောအားဖြင့် သူများလုပ်လို့ လိုက်လုပ်ရတာ များပါတယ်။ အချို့ကလည်းအဖေ့သဘောအတိုင်း၊ အမေ့သဘောအတိုင်း၊ ဆရာသဘောအတိုင်း လုပ်ကြတာများပါတယ်။ ဒါပေမဲ့ ဒီအချက် တွေထဲမှအရေးကြီးဆုံးဖြစ်တဲ့ ကိုယ်သဘောကတော့ မပါလာတော့ပါဘူး။

မိမိဘာဖြစ်ချင်တယ်၊ မိမိဘာကောင်းလဲဆိုတာ ကိုမစဉ်းစားကြပါဘူး။ မိမိနဲ့ဒါ ကိုက်ရဲ့လား၊ မိမိနဲ့ဒီလုပ်ငန်းနဲ့ အောင်မြင်နိုင် ပါမလားဆိုတာကို မစဉ်းကြပါဘူး။ အချို့လဲမိဘက အတင်းခိုင်းလို့ ပုံစံခွက်လိုဖြစ်သွားရတာလည်း ရှိပါတယ်။ တကယ်တမ်းတော့ မိမိကိုယ်ကို သိဖို့လိုပါတယ်။ စာရေးဆရာကြီး တစ်ယောက်က ပြောဘူးပါတယ်။ "လောကမှာ သူများ ပြေးတိုင်းလိုက်ပြေးရတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပြေးနေတဲ့လမ်းဟာ ဘာလဲ၊ ကိုယ်နဲ့ကိုက်ရဲ့လား ဆိုတာသိရမယ်တဲ့" သိပ်ကို ထိမိလှပါတယ် မိတ်ဆွေ... မိတ်ဆွေရော ဒါမျိုးရောပြေးဖူးပါသလား။ အထူးသဖြင့် လူငယ်ပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ အလယ်တန်းအောင်လို့ အထက်တန်းရောက်ရင် သိပ္ပံယူရမှာလိုလို၊ ၀ိဇ္ဇာယူရ မှာလိုလို၊ ဆယ်တန်းအောင်ပြီးတော့လဲ ဘယ်လိုင်းလိုက်လို့လိုက်ရမှန်းမသိ နောက်ဆုံးတော့ သူငယ်ချင်းတွေတက်တဲ့ တက္ကသိုလ်လိုက်တက်၊ ဘွဲ့လဲရရော သုံးလို့မရ၊ ပြန်ရောင်းပစ် လို့လဲမရ၊ ဒီအချိန်မှာ ကိုယ်နဲ့မကိုက်တဲ့ ဘွဲကြီးက ကိုယ့်ကို ဒုက္ခပေးပါတော့တယ်။ နောက်ဆုံးတော့ ဘ၀ရဲ့အာမခံချက်တွေ၊ နှစ်ပေါင်းများစွာ ရင်နှီးခဲ့ရတဲ့ အချိန်တွေ၊ သင်ခဲ့ရတဲ့ပညာတွေဟာ ကိုယ်နဲ့မကိုက်ဘဲ ဖြစ်တတ်ပါတယ်။ အမှတ်ကို သူများထက် များအောင်ယူ၊ လိုင်းကောင်းရတော့ ဆေးလိုင်းယူပြီး ဘွဲ့လည်းရ ဆရာဝန်လည်ဖြစ်ရော ဆေးရုံမှာဆေးကုရတာ ၀ါသနာမပါလို့ မိဘရဲ့ဆန်ပွဲရုံမှာ စာရင်းကိုင်နေတဲ့ လူတစ်ဦး တွေ့ခဲ့ဖူးပါတယ်။ သူရခဲ့တဲ့ဆေးတက္တသိုလ်ကဘွဲ့ဟာ မင်္ဂလာ ဆောင်ဖိတ်စာနှင့် နာရေးကြော်ငြာမှာပဲ အသုံးဝင်ပါတော့တယ်။

ဒါမျိုးတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာက ခေတ်နဲ့ ကိုဖြစ်နေတာ မယုံမရှိနဲ့၊ လွတ်လပ်ရေးရ ခါစကတပ်မတော်ခေတ်၊ နောက် ဆရာဝန်တွေခေတ်၊ နောက်သင်္ဘောသားခေတ်၊ နောက်အရေးအခင်းပြီးတော့ စစ်ဗိုလ်ခေတ်၊ ယခုနောက်ဆုံးတော့ ကုမ္မဏီက ဒေါ်လာနဲ့ပေးတဲ့ ဒေါ်လာစားဝန်ထမ်းခေတ် ဒါတွေဟာဗမာတွေ၊ မြန်မာတွေရဲ့ စိတ်ထဲမှာစွဲနေတာ။ သူများလုပ်ရင် လိုက်လုပ်ကြပါတယ်။ သူများအော် ရင်လိုက်အော်၊ သူများကြည့် ရင်လိုက်ကြည့်၊ သူများပြေးတော့ လိုက်ပြေး။ မိမိရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဆိုတာ မရှိပါဘူး။ ဒီလိုခိုင်မာတဲ့ ဆုံးဖြတ်ချက်ဆိုတာ အလယ်တန်း ကျောင်းသားဘ၀ကတည်းက ရှိရမဲ့အချက် ဖြစ်ပါတယ်။ ကိုယ်နဲ့မကိုက်တဲ့ရည်မှန်း ချက်ကိုချဖို့မလိုပါဘူး။ အတန်းစာကို မနိုင်တနိုင်ကျက်နေရတဲ့ကျောင်းသားဟာ ဆရာဝန်ဖြစ်ဖို့မမျှော်မှန်းသင့်ပါဘူး။ တကယ်လို့ မှန်းခဲ့မယ်ဆိုရင်လဲ ဒီကျောင်းသားဟာ မိမိကိုယ်ကိုမသိသေးလို့ ဖြစ်ပါလိမ့်မယ်။ အရင်ဦးဆုံးမိမိ ကိုယ်ကိုသိမှပဲ
ဘ၀ရဲ့ရည်မှန်းချက်ကိုလဲ သိမှာဖြစ်ပါတယ်။ အချုပ်ဆိုရရင်တော့ မိတ်ဆွေ... မိမိဘယ်လမ်းကိုလိုက်နေသလဲ။ သူများ တွေသွားနေလို့ဒီလမ်းမှန်တယ်လို့ မိတ် ဆွေထင်နေသလား။ လူသားတိုင်းမှာ အမှန်တရားဟာ အမှန်ဖြစ်မသွားပါဘူး။ မြန်မာတွေက ဆိုးရိုးတောင်ရှိကြပါတယ်။ "လူညီရင် ဤကိုကျွဲလို့ ဖတ်လို့ရတယ်"တဲ့ ဒါ... ရကောင်းရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဤရောကျွဲရောဟာ လူတွေတီထွင်ထားတဲ့အက္ခရာတွေ ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့မိတ်ဆွေအမှန်တရားဆိုတာ လူကဖန်တီးလို့မရပါဘူး။ အမှန်တရားဟာအမှန် တရားပါပဲ။ ဤကကျွဲဖြစ်ချင်ဖြစ်သွားမယ်။ အမှန်တရားကတော့ အမှားဖြစ်မသွားပါဘူး။

လူငယ်အပေါင်းရော မှန်ကန်တဲ့လမ်းပေါ်လျှောက်နေပြှီလား။ ကြိုးစားမှုဟာ အဓိကဆိုပေမဲ့ လမ်းမှားနေပါက ကြိုးစားလေပိုပြီး မှားလေ ဖြစ်ပါလိမ့်မယ်မိတ်ဆွေ။ သွားလေလေ ပန်းတိုင်နဲ့ ဝေးလေလေဖြစ်ပါလိမ့်မယ်။ ကိုယ်နဲ့ကိုက်ညီလိုက်ဖက်တဲ့ ဘ၀ပြေး လမ်း(သို့) မှန်ကန်တဲ့လမ်းကို ရွေးချယ်လျှောက်လှမ်း၍ အောင်ပန်းဆင်နိုင်ကြပါစေ။

ဝေလီ